Mar 10, 2008

ကမ်းဝေးလှေ




















ဒီလိုနဲ့ ...
အမေ့ ချစ်ခြင်းများက
ရေချပေးခဲ့တဲ့
ဟောဒီ လှေကလေးဟာ
သမုဒ္ဒရာ တောနက်နက်တွေထဲ
တိုးရှဲ ဖြတ်သန်းခဲ့တယ်
ရဲ..ရဲ...။

ဒီလိုနဲ့ ...
အစောင့်အကြပ် မထူထပ်ခဲ့တဲ့
ပစ္စလက္ခတ် ရာသီတံခါးများ
တချပ်ပြီးတချပ်
အဆုံးသပ်သွား...။

ဒီလိုနဲ့ ...
တခုခု အမြဲလိုနေတဲ့
ကိန်းဂဏန်း နံပတ်များကို
ချပ်ဝတ်မိန်ညိုအဖြစ်
ချုပ်လုပ်ဝတ်ဆင်ရင်း
လူဆင်းရဲ ဖြစ်ခဲ့...။

ဒီလိုနဲ့ ...
သင်္ချာပုဒ်စာ အဟောင်းအမြင်းများသာ
ငါ့အိမ်ရှေ့မြက်ခင်းမှာ
သူတော်အချင်းချင်း
သတင်းလွေ့လွေ့ပျော်ပါးကြ...။

ဒီလိုနဲ့ ...
ကစဥ့်ကလျားတွေ ပေါများတဲ့
ပြသာဒါးနေ့တွေနဲ့
နေလို့ ထိုင်လို့ မထိတဲ့အထိ
ရောက်ရက်ခတ်အောင် စိတ်ပိန်နေမိတဲ့
အလုပ်လက်မဲ့ ပြက္ခဒိန်တွေက
လေးဆယ့်လေးကြိမ်တိတိ
ပြည့်စုံပြီးမြောက်ခဲ့လေတယ်။

ဒီလိုနဲ့ ...
ကုန်သွယ်မှုလိုငွေ
နှစ်တိုင်းလို ပြနေနေခဲ့တဲ့ ဘ၀ကတော့
အကြိမ်တသိန်းတိုင်
ပြီးမြောက်နိုင်မယ် မထင်လေဘူး။

ဒီလိုနဲ့...
ဘ၀ရဲ့ စာစီစာကုံးထဲ
ဝါကျတကြောင်းစီရဲ့ အဆုံးသတ်ကို
သုံးသပ်ကြည့်နေရတုန်းပါပဲ.....၊

ဒီလိုနဲ့...
အမေ့ ချစ်ခြင်းများက
ရေချခဲ့တဲ့လှေကလေး
လေးဆယ့်လေးကြိမ်တိုင်သည်အထိ
ကမ်းနဲ့ဝေးနေမိသေးတယ်။

ATN

(မွေးနေ့သို့)

7 comments:

  1. အစ်ကိုကြီးရေ ...
    မွေးနေ့မှ စ၍ ကမ်းနဲ့ နီးသထက်နီးပြီး .. အမြန်ဆုံး ကမ်းကပ်နိုင်ပါစေ ...

    ဆယ်စုနှစ် တစ်ခု ကျော်ရုံလေးပဲ ကွာတာပါ အစ်ကိုရေ အများကြီး မဟုတ်ပါဘူး ...

    အားလုံး အဆင်ပြေ ချမ်းမြေ့ပါစေ အစ်ကိုကြီးရေ :D

    ReplyDelete
  2. ဒီလိုနဲ့...
    အမေ့ ချစ်ခြင်းများက
    ရေချခဲ့တဲ့လှေကလေး
    လေးဆယ့်လေးကြိမ်တိုင်သည်အထိ
    ကမ်းနဲ့ဝေးနေမိသေးတယ်။

    လှေကလေး မကြာခင်မှာ ကမ်းကပ်ပါစေဗျာ။ ကဗျာလေး ကြိုက်တယ် အစ်ကို

    ReplyDelete
  3. ဒီလိုနဲ့ ...
    တခုခု အမြဲလိုနေတဲ့
    ကိန်းဂဏန်း နံပတ်များကို
    ချပ်ဝတ်မိန်ညိုအဖြစ်
    ချုပ်လုပ်ဝတ်ဆင်ရင်း
    လူဆင်းရဲ ဖြစ်ခဲ့...။

    ဒီလိုနဲ့ ...
    သင်္ချာပုဒ်စာ အဟောင်းအမြင်းများသာ
    ငါ့အိမ်ရှေ့မြက်ခင်းမှာ
    သူတော်အချင်းချင်း
    သတင်းလွေ့လွေ့ပျော်ပါးကြ...။
    ခေါင်းစဉ်ကစပြီးကြိုက်တာတစ်ပုဒ်လုံးပါဘဲ...
    အပေါ်ကအပိုဒ်လေးကိုဖတ်ရတော့ကျနော့်အိမ်ရှေ့စာတိုက်ပုံးထဲမှာနေ့စဉ်နဲ့အမျှဝင်ဝင်လာတဲ့အကြွေးတောင်းစာတွေကိုပြေးပြီးသတိရမိတယ်ဗျာ..အကိုကတော့ဘယ်လိုအဓိပ္ပာယ်နဲ့ဖွဲ့လည်းမသိဘူး.........မွေးနေ့ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေဗျာ

    ReplyDelete
  4. စာတိုက်ပုံးထဲမှာအကြွေးပေးရမယ့်စာတွေ
    ရောက်ရောက်လာတတ်တာကိုသွားပြီး
    သတိရမိတယ်လို့ရေးလိုက်တာ
    ရှည်သွားလို့ပြတ်ကျန်ခဲ့တာထင်တယ်ဗျ

    ReplyDelete
  5. ကမ်းဝေးလှေကို လာလှော်သွားပါတယ်။

    ReplyDelete
  6. ကမ်းက အမြဲမရွေ့တမ်း စောင့်နေနိုင်ဖို့
    ကမ်းပျောက်မသွားဖို့
    လှေကလေး မုန်တိုင်းမမိဖို့
    လမ်းကြောင်းမပျောက်ဖို့
    လှေကလေးတွေ အမြန်ဆုံး ကိုယ်ဆိုင်တဲ့ကမ်းကို ကပ်နိုင်ပါစေ။

    ReplyDelete
  7. ကမ်းဝေးလှေ ကမ်းကို အမြန်ဆုံး ကပ်နိုင်ပါစေဗျာ။ ခရီးလမ်းမှာ ခလုတ်မထိဆူးမငြိပါစေနဲ့။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...