Jul 31, 2008

လက်ဆင့်ကမ်းတိုက်ပွဲ
















(ဓါတ်ပုံကို ဆောင်းလူ ဘလော့မှ ကူးယူပါသည်)

၈-၈-၈၈ လူထုအရေးတော်ပုံကြီးရဲ့ အနှစ် ၂၀ မြောက်နေ့လည်း နီးကပ်လာနေပါပြီ။ ဘလော့တွေပေါ်မှာလည်း ၀တ္ထုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဓါတ်ပုံတွေ၊ သတင်းတွေ၊ ကြေငြာချက်တွေ၊ တိုက်တွန်းနှိုးဆော်မှုတွေ၊ ဗီဒီယိုတွေ အမျိုးစုံနေအောင် တွေ့နေ၊ မြင်နေ၊ ဖတ်နေ၊ ကြားနေရပါတယ်။

အဲဒီအထဲမှာလည်း စိတ်အားထက်သန်မှုတွေ၊ နာကျည်းမှုတွေ၊ ဒေါသတွေ၊ အားမလိုအားမရဖြစ်မှုတွေ၊ ကိုယ့်ကိုယ်ကို ဝေဘန်မှုတွေ၊ ပြစ်တင်ပြောဆိုမှုတွေ၊ စတဲ့ ခံစားချက်ပေါင်း အမျိုးစုံကို ရောင်စုံခဲတံဗူးတဗူးကို ဖွင့်ကြည့်လိုက်ရသလို မြင်တွေ့နေရပါတယ်။ ကျနော် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်မိတိုင်း တာဝန်မကျေခဲ့တဲ့ လူတယောက်ကို အားမလိုအားမရ ပြန်တွေ့နေမိပါတယ်။

ဆရာမမေငြိမ်း ရဲ့ အနှစ်နှစ်ဆယ်ဒဏ်ရာ မှာတောင် ဆရာမက - သေချာတာကတော့ နှစ် ၂၀မှာ တာဝန်မကျေတဲ့ လူကြီးတွေစာရင်းထဲ ကျမ ပါနေတာ အသေအချာ။ - လို့ အားမလိုအားမရ အဆုံး သပ်ထားခဲ့ပါတယ်။ ကျနော်လည်း ဆရာမရဲ့ ခံစားချက်ကို နားလည်မိပါတယ်။ ဒါကြောင့်လည်း ဆရာမပို့စ်က ကွန်မန့်မှာ -ဆရာမရေ အဲဒီစာရင်းထဲမှာ ကျနော့်ကိုလည်း ထည့်ထားလိုက်ပါ-လို့ ရေးခဲ့ပါသေးတယ်။ ဒါကတော့ ကျနော်တို့ခေတ်မှာ ကျနော်တို့ ပုခုံးပေါ်ကို ရောက်လာခဲ့တဲ့ သမိုင်းတာဝန်တွေကို ကျနော်တို့ ၈-၈-၈၈ မျိုးဆက်ဝင်တွေက ပြီးဆုံးအောင် မထမ်းနိုင်ခဲ့သေးဘူးဆိုတာကို ကိုယ့်ကိုယ်ကို ဝေဘန်ရင်း အရိုးသားဆုံး ၀န်ခံချက်တွေပါ။

ဒီနေရာမှာ ကျနော်တို့ မျိုးဆက်က ပြီးဆုံးအောင် မထမ်းနိုင်ခဲ့တဲ့ သမိုင်းတာဝန်တွေကို ဆက်ထမ်းနေတဲ့ ဆက်ထမ်းနေမယ့် နောက်မျိုးဆက်တွေက ညီညီမငယ်တွေကို သိစေချင်တဲ့ အချက်တချို့ကို ခုလိုအချိန်မှာ ဖော်ပြချင်တာပါပဲ။

လွတ်လပ်ရေး မတိုင်ခင် ခေတ်ကတည်းက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ စတင်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုတွေ အားလုံးဟာ ယနေ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုတွေအထိ မပြီးဆုံးနိုင်သေးတဲ့ လက်ဆင့်ကမ်း တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။ လက်ဆင့်ကမ်း တိုက်ပွဲတွေ ဆိုတာ မျိုးဆက်တခုနဲ့အောင်ပွဲ မရနိုင်တဲ့အခါ နောက်မျိုးဆက်တခုက ဒီတိုက်ပွဲကို ဆက်ပြီး ဆင်နွှဲရတာပါပဲ။ ဒါကို အသိအမှတ်ပြုရမှာ၊ နားလည်ရမှာ ဖြစ်ပါတယ်။ ခုချိန်ဟာ ၈-၈-၈၈ အရေးတော်ပုံ နှစ် ၂၀ ပြည့်ဖြစ်ပေမယ့် မျိုးဆက်တွေ အားလုံး လက်ဆင့်ကမ်းပြီး ပါဝင်တိုက်ခဲ့ရတဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီ ရရှိရေး ဆိုတဲ့ မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲကြီး ၄၆ နှစ်ပြည့်ပြီးခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။ ဒါကိုလည်း သိစေချင်ပါတယ်။

မျိုးဆက်တခုတည်းနဲ့ ဘာကြောင့် အောင်ပွဲမရသလဲ-ဆိုတဲ့ မေးခွန်းကတော့ အချက်အလက်တွေများစွာ စုစည်းပြီးမှ သုံးသပ် ဖြေဆိုရမယ့် မေးခွန်းပါ။ သမိုင်း အဖြစ်အပျက်တွေဆိုတာ တရက်တည်းနဲ့ ပေါ်ပေါက် လာတာ မဟုတ်သလို သမိုင်းနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို မေးမြန်း ဖြေဆိုကြတဲ့အခါမှာလည်း အလွယ်တကူ ဖြေဆိုလို့ အလွယ်တကူ မှတ်ချက်ပေးလို့ မရပါ။ - ခင်ဗျားတို့ မျိုးဆက် အသုံးမကျလို့-ဆိုတဲ့ မှတ်ချက်နဲ့ အဆုံးအဖြတ်ပေးလို့ မရပါဘူး။ သမိုင်း အဖြစ်အပျက်တွေမှာ အချက်အလက်တွေ များစွာရှိပါတယ်။ သမိုင်းဖြစ်ရပ်တွေ အားလုံးကို ကိုယ့် စိတ်ဆန္ဒတခုတည်းနဲ့ ဖြစ်စေချင်သလို ဖြစ်လို့ မရတာ အမှန်ပါ။

ဒီမှာ လက်တွေ့ ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက် ၂ ခုကို ဖော်ပြချင်ပါတယ်။ ဒီအဖြစ်အပျက် ၂ ခုက လက်ဆင့်ကမ်းတိုက်ပွဲတွေကို ဆင်နွှဲကြရတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ မျိုးဆက်ကွာဟမှု ပြသနာကို ဖော်ပြနေလို့လည်း ဖြစ်ပါတယ်။

၈-၈-၈၈ ပြည်သူ့အရေးတော်ပုံကြီးကို ဖြိုခွဲခံရပြီးတဲ့အခါ ရှေ့ဆက်လုပ်ဆောင်ရမယ့် စီမံကိန်းတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေ၊ ဖြေရှင်းရမယ့် ပြသနာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲမှာ ကျနော်တို့ ၈၈ မျိုးဆက်က အများစုဖြစ်ပေမယ့် ကျနော်တို့ရဲ့ နောင်တော်မျိုးဆက်ဖြစ်တဲ့ ၇၄/၇၅ ဦးသန့်/မှိုင်းရာပြည့် မျိုးဆက်တွေလည်း ပါပါတယ်။ ဆွေးနွေးနေကြရင်းက တနေရာ ရောက်တော့ အရေးတော်ပုံ ဖြိုခွဲခံရတာနဲ့ ပတ်သက်ပြီး နောက်တခါ အဖြိုခွဲ မခံရအောင် ဘယ်လို တားဆီးနိုင်မလဲ၊ ဘယ်လို ရှောင်ရှားနိုင်မလဲ ဆွေးနွေးကြပါတယ်။ အဲဒီမှာ အတော်လေး ပူညံပူညံတွေ ဖြစ်လာပါတယ်။ ဘယ်သူက ဘာမလုပ်လို့၊ ဘယ်အဖွဲ့က ဘယ်လိုလုပ်လို့ စတဲ့ ပြစ်တင် ပြောဆိုမှုတွေလည်း ပါလာပါတယ်။ တဖြည်းဖြည်းနဲ့ ဆွေးနွေးပွဲကနေ စကားရည်လုပွဲ ဖြစ်လာပြီး လမ်းကြောင်းတွေ ချော်လာပါတော့တယ်။ အဲဒီမှာ ၇၄/၇၅ မျိုးဆက်က နောင်တော်ကြီး တဦးက -မင်းတို့ကောင်တွေ ငါတို့ ပြောသလိုမှ မလုပ်တာ-လို့ ပြောရင်းနဲ့ - မင်းတို့က ဘာအတွေ့ အကြုံမှ ရှိခဲ့တာမဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီလိုဒီလိုလုပ်ကြပါလို့ ငါတို့တွေ ပြောတာ၊ မင်းတို့တွေကမှ လိုက်မလုပ်တာ၊ မင်းတို့တွေ ဘာအသုံးကျလို့လဲ-လို့လည်း ပြောရော ၈၈ မျိုးဆက်ထဲက တယောက်က ထရပ်ပြီး -ကျုပ်တို့ကို အသုံး မကျဘူးမပြောနဲ့၊ ခင်ဗျားတို့ အသုံး မကျခဲ့လို့ ကျုပ်တို့တွေက လုပ်နေရတာ။ ခင်ဗျားတို့ အသုံးကျခဲ့ရင် ကျုပ်တို့တောင် လုပ်နေစရာမလိုဘူး။ ကျုပ်တို့ မျိုးဆက်က အစိုးရ ၃ ဆက်ဖြုတ်ချခဲ့တာ၊ ခင်ဗျားတို့ မျိုးဆက်က အစိုးရဘယ်နှစ်ဆက် ဖြုတ်ချခဲ့လို့လဲ-လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ဆွဲကြလွဲကြရင်းနဲ့ စကားရည်လုပွဲလည်း ပြီးသွားပါတော့တယ်။ (အမှန်တကယ်ကတော့ သူတို့ ၂ ဦးစလုံး ပြောဆိုတာဟာ မှားပါတယ်၊ လိုရာဆွဲယူပြီး ကိုယ်ချချင်တဲ့ ကောက်ချက်ကို ချနေကြတာပါ။)

နောက်တခုက သိပ်မကြာသေးခင်ကပဲ ကျနော်တို့ နောက်က ညီတော်မျိုးဆက်ဖြစ်တဲ့ ၉၆ မျိုးဆက်က ညီတယောက်က - အကိုတို့ ၈၈ မျိုးဆက်ကလူတွေ တကယ်တမ်း ဘာမှ မလုပ်ကြတော့ဘူး။ ပါးစပ် သေနတ်ပစ်နေတာပဲ ရှိတော့တယ်။ ဒါကြောင့်မို့ ကျနော်တို့တွေ မလွတ်မြောက်တာ-လို့ ပြောလာပါတယ်။ (သူပြောတာလည်း မမှန်ပါဘူး။ ပါးစပ်သေနတ်ပစ်တဲ့လူတွေကတော့ ခေတ်တိုင်း မျိုးဆက်တိုင်းမှာ ရှိခဲ့တာပါ။ ၈၈ မျိုးဆက်ရဲ့ ကိုမင်းကိုနိုင်ဟာ ခုထိ တိုက်ပွဲဝင်နေတုန်းပါ။ တိုက်ပွဲဝင်နေဆဲ ၈၈ မျိုးဆက်တွေ အများကြီး ရှိနေပါသေးတယ်။)

ဒီ အဖြစ်အပျက် ၂ ခုက မျိုးဆက်ကွာဟမှု ပြသနာကို ဖော်ပြနေသလို တိုက်ပွဲရလာဒ်ကို ဆန္ဒစွဲနဲ့ ပုံဖော်ပြီး အားမလိုအားမရ ဖြစ်နေတာကိုလည်း ဖော်ပြနေပါတယ်။

စစ်အာဏာရှင်စနစ် အမိဗမာပြည်မှာ စတင် အမြစ်တွယ်ဖို့ ခြေကုပ်ယူတဲ့ ၁၉၆၂ ကစပြီး ၆၂ မျိုးဆက်၊ ၇၄/၇၅ မျိုးဆက်၊ ၈၈ မျိုးဆက်၊ ၉၆ မျိုးဆက်၊ ခု ၂၀၀၇ မျိုးဆက်တွေထိ တိုက်ခဲ့ကြရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေ အားလုံးဟာ သီးခြားစီ တည်ရှိခဲ့တာ မဟုတ်ပါဘူး။ အားလုံးဟာ တဆက်တစပ်တည်း ဖြစ်တဲ့ လက်ဆင့်ကမ်းတိုက်ပွဲစဉ်တွေသာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ရဲ့ နောက်မျိုးဆက်က ညီ/ညီမတွေအားလုံးကို သိထားစေချင်ပါတယ်။

အကြမ်းဖျင်းပြောရရင် မျိုးဆက်တခုနဲ့ တခုဟာ အသက်အားဖြင့် ဆယ်နှစ်လောက် ကွာခြားနေကြတာကို တွေ့ရမှာပါ။ အဲဒီ ဆယ်နှစ်အတွင်းမှာ မျိုးဆက်ဝင်တွေ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀တွေဟာ ဘယ်လိုမှ မတူနိုင်ကြပါဘူး။ ဒီအခါမှာ ပြသနာတခု၊ ဖြစ်ရပ်တခုကို ရှုမြင်ချဉ်းကပ်တဲ့နေရာမှာ မတူနိုင်ကြတော့ပါဘူး။ ဒါကို မျိုးဆက် ၂ ခုလုံးက နားလည်သဘောမပေါက်တော့ရင် အရှေ့မျိုးဆက်က -ဒီကောင်တွေ နောက်ပေါက်တွေ ပါကွာ၊ ဘာမှ သိတာ မဟုတ်ဘူး၊ ငါတို့က အတွေ့အကြုံတွေ ရှိပြီးသား- ဆိုပြီး ဆရာကြီးဖြစ်ချင်စိတ်တွေ ပေါ်လာနိုင်ပါတယ်။ နောက်မျိုးဆက်ကလည်း -အဖိုးကြီးတွေပါကွာ၊ ဘာမှ သိတော့တာ မဟုတ်ဘူး၊ ခေတ်နောက်ကျနေပြီ- ဆိုပြီး လေးစားမှု မဲ့တာတွေလည်း ရှိလာတတ်ပါတယ်။ ဒါဟာ မျိုးဆက် ကွာဟမှု ပြသနာပါပဲ။ ဒီပြသနာဟာ ကျနော်တို့ရဲ့ တိုက်ပွဲကြီးကို အရှိန်အဟုန် ကျစေနိုင်ပါတယ်။

ဖြစ်သင့်တာကတော့ -
မျိုးဆက်အားလုံး အပြန်အလှန်လေးစား၊ အပြန်အလှန် အသိအမှတ်ပြုကြ။
မျိုးဆက်တိုင်းက အတွေ့အကြုံတွေ အယူအဆတွေကို အပြန်အလှန်ဖလှယ်ကြ။
မျိုးဆက်တိုင်းရဲ့ အားသာချက်တွေ အားနည်းချက်တွေကို ပြန်လည် သုံးသပ် သင်ခန်းစာယူကြ။
မျိုးဆက်အားလုံး လက်ချင်းတွဲပြီး လက်ဆင့်ကမ်းတိုက်ပွဲကြီး ပြီးဆုံးတဲ့အထိ ဆင်နွှဲကြ။
-လို့တိုက်တွန်းပါရစေခင်ဗျား။

Jul 30, 2008

ပြည်မှာဆောင်း















တစ်လောကလုံးမှာ ခရမ်းနုရောင်လေးတွေ
မှိုင်းမှိုင်းဝေနေ…
နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့ နယ်ကျွံမှုတွေ
ရင်ခွင်မှာ တွယ်ငြိလာတဲ့
အတိတ်ဆိုတဲ့ ကမ္ဘာ…

အပေးအယူလေးကို တောင်းဆိုဖို့ရာ
အလှမ်းဝေးနေပြီလား…
နှောင်းနေချိန်မှာ မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ
ရင်ခွင်မှာ ခံစားနေတဲ့ ဘ၀ဆိုတဲ့ကဗျာ…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

အတွေးသံသရာရဲ့ အလင်းနဲ့ အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက် တိုးဝှေ့လာတယ်…

solo

အဆုံးစွန်အထိသာ တွေ့နိုင်ခဲ့ရင်
မဆုံးဖြတ်ခဲ့ပါဘူး…
အမှားဝင်္ကပါမှာ စိတ်နောက်ကိုယ်ပါမိတော့
ရင်ခွင်မှာ နာကျည်းနေတဲ့
နောင်တတွေနဲ့လူ…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

အတွေးသံသရာရဲ့ အလင်းနဲ့ အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက် တိုးဝှေ့လာတယ်…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

ရေး/ဆို-ခင်ဝမ်း


video

အကျဉ်းခံ



အာရုံငါးပါး ထိတွေ့နိုင်သမျှ
လေးထောင့်စပ်စပ်ကျ။

နေ၊ လ
နေ့စဉ် စားနေကျ
ထမင်းများပါ မကျန်ရ။

ATN

Jul 29, 2008

ဝင်္ကဘာ



ထွက်ပြေးခဲ့ပြီ။

မြစ်တွေ
တိမ်တွေနဲ့
ဝေးရာဆီ။

ဒါပေမယ့်
နေညိုသွားတဲ့ မြစ်ကမ်းပါး
တိမ်သားတွေကို ခင်း
ဖျော့တော့နေတဲ့အလင်းကို
အတင်းသိပ်ခဲ့ရပေါ့
မအိပ်မချင်း...

ATN

ပြက္ခဒိန်












နေမထွက်ခင်ကနေ
လမထွက်ခင်ထိ
ပေါင်းပင်ခုတ်ထစ်၊ သစ်ပင်မီးရှို့
ချွေးစို့ ပျိုးကျဲ၊ အမြဲရွှေ့ပြောင်း
ဓါးတချောင်း စောင်တထည်
အိုးငယ်တလုံးနဲ့
မီးခိုးကျပ်စွဲ တဲကလေးလေ
တောင်ကုံးတလုံးကို အရေခွံခွာပြီးမှ
ရွှေ့ပြောင်းသွားပြန်ရ
အခြေမကျနိုင်တာကိုက
ဘ၀ပေလား။

နှစ် ၂၀ ကျော်ကြာ
တောင်ယာစိုက်ခဲ့ရ။
ဒီနေ့ကျတော့လည်း
ငါ
တောင်ယာ ထပ်စိုက်နေပါပေါ့။

ATN

Jul 27, 2008

လွမ်းလင့်လွန်လွန်း


ငါ့ ငယ်ဘ၀ ပြန်သတိရခဲ့တဲ့နေ့တွေကို
လွမ်းတယ်။
ငါ့ အဖြူစင်ခဲ့ဆုံးနေ့တွေကို
လွမ်းတယ်။
ငါ့ စာရွက်တွေပေါ်မှာ ငါ ဘာမှ မရေးခြစ်ခဲ့ဘူးတဲ့ နေ့တွေကို
လွမ်းတယ်။
ငါ့ ဂစ်တာကြိုး ခြောက်ချောင်းက ဘ၀အကြောင်းကို ကောင်းကောင်းနားလည်သွားခဲ့တဲ့နေ့တွေကို
လွမ်းတယ်။
ငါ့အတ္တတွေကို ငါ အသည်းအသန် သယ်ပိုးခဲ့ရတဲ့နေ့တွေကို
လွမ်းတယ်။
ငါ့ အရောင်ကို ငါသိခဲ့တဲ့နေ့ကို
လွမ်းတယ်။
ငါ့ချစ်သူကို ငါတွေ့ခဲ့ရတဲ့နေ့ကို
လွမ်းတယ်။
ငါ့ မိတ်ဆွေသင်္ဂဟများက ငါ့ကို သနားခဲ့တဲ့နေ့တွေကို
လွမ်းတယ်။
ငါ့ဘာသာငါ လူဆိုတာ လူပါပဲလို့ သိခဲ့တဲ့နေ့ကို
လွမ်းတယ်။

အခုတော့လည်း
ငါ့ကိုယ်ငါပဲ
လွမ်းနေရပြန်ပါပေါ့။

ATN

Jul 26, 2008

စည်းအပြင်မှ အော်ဟစ်ခြင်း


အခြေ မကျချင်တဲ့
ကလေက၀ တိမ်တွေတောင်
လေပြေဆောင်ရာ လိုက်မှား
ကိုယ်ခန္ဓာပါးပါးလေးတွေကို
ရွက်တရွက်လိုဖွင့်
အယောင်ဆောင်ချင်ရာ ဆောင်ခွင့်နဲ့
လွှင့်ချင်ရာလွှင့်ခွင့် ရနေသေး။

ငါ့ ပြက္ခဒိန်ကတော့
လေးထောင့်ကျနေတဲ့ စာရွက်တရွက်ထဲ
သတ်ပုံလွဲသွားတဲ့ ကဗျာတပုဒ်လို
လည်ကို စဉ်းပေးနေရတုန်းပေါ့။

ATN

အမှားအယွင်း



နေမြင့် လေလေ
ပို တိုတို လာလေလေပေါ့
ခိုစရာဆိုတဲ့ အရိပ်လေး...

ATN

Jul 24, 2008

ငါ့မြစ်























အနှစ်လေးဆယ်ကျော်
စီးဆင်းခဲ့တယ်။

ဒါဟာ
ခဏတဖြုတ်ပါလို့ပဲ ဆိုစေဦး
ရပ်တန့်နေခဲ့တဲ့အရာတွေကိုတော့
ကျောခိုင်းလာနိုင်ခဲ့တာပေါ့။

အခုတော့
ဆက်လက်ပြီး
စီးဆင်းနေပါရစေဦး....

မုန်တိုင်းထန်နေတဲ့ ပင်လယ်ကို
မျက်နှာချင်းဆိုင်ပြီး
ဝိုင်တခွက် အတူသောက်ခွင့်ရတဲ့အထိပေါ့။

ATN

မီးလျှံ


စကားလုံးတွေ...

ပြီးတော့

အော်သံတခု။

မဖတ်နိုင်သမျှ-
မကြားနိုင်သမျှ-

ဝေးလွင့်ပျောက်ကွယ်
ဆုံးပါးပျက်ပြိုသွားနေလေတော့တယ်။

ကျန်ခဲ့တာကတော့
ကဗျာ တပုဒ်တည်း၊

အထီးကျန်။

ATN

Jul 20, 2008

အချစ်အကြောင်းပြောရမယ်




















အချစ်မပါရင်
ကမ္ဘာပျက်တာ
ကြာလှပေါ့။

အချစ်တွေ---
အချစ်တွေ---
လူဆိုတဲ့ စပီးစီး အသက်ရှည်နေတာ
ဒါကြောင့်ပေါ့ကွယ်။

ညီလေးရေ---
ညီမလေးရေ---
မသေခင်လေးမှာ
ချစ်ကြပါကွယ့်
သေသွားခဲ့ရင်
ချစ်လို့ မရတော့ဘူး။

ဗမာပြည်ကို ချစ်ပါ။
အောင်ဆန်းစုကြည်ကို ချစ်ပါ။
မင်းကိုနိုင်ကို ချစ်ပါ။
ကျောင်းသားတပ်မတော်ကို ချစ်ပါ။
ပြည်သူလူထုကို ချစ်ပါ။
ဒီမိုကရေစီကို ချစ်ပါ။
လူ့အခွင့်အရေးကို ချစ်ပါ။
ကိုယ့်ကိုယ်ကို ချစ်ပါ။
ကိုယ့်ချစ်သူကို ချစ်ပါ။
နေ၀န်းနီနီကို ချစ်ပါ။
မြက်ရိုင်းထူထူကို ချစ်ပါ။
သက်တန့်တွေကို ချစ်ပါ။
ဟင်းလင်းပြင်ကို ချစ်ပါ။
အရှည်ကြာဆုံးနေ့တနေ့ကို ချစ်ပါ။

အချစ်တွေနဲ့
ချစ်နေသမျှ
နှစ်တွေဘယ်လောက်ကြာကြာ
မရိုးသွားပါဘူးကွယ်။

ညီလေးရော-
ညီမလေးရော-
အခုဆို
သိနေရောပေါ့
အချစ်အကြောင်းကို
ပြောကို ပြောရတော့မယ်ဆိုတာ။

ATN

လမ်းတလမ်း၊ ပန်းတဖူးနဲ့ သူရူးတယောက်











(Painting by Sitt Nyein Aye on 8888, MyanmarISP.com)


သည်လမ်းကို သူလျှောက်ခဲ့သည်မှာ အနှစ် ၂၀ နီးပါးရှိတော့မည်။ နေ့တိုင်း မနက်မိုးလင်း ၆ နာရီကနေ ညနေမိုးချုပ် ၆ နာရီ ထိ သည်လမ်းကို အသွား အပြန် သူ လျှောက်နေခဲ့သည်မှာ နှစ်တွေက အနှစ် ၂၀ နီးပါးရှိတော့မည်။ ဆိုတော့ သည်လမ်းပေါ်မှာ ဘယ်နေရာမှာ ဘာရှိသည် ဆိုတာကို အတိအကျ သူ သိနေခဲ့သည်။ သူ့မျက်စေ့ကို မှိတ်ထားဦး ဘယ်နေရာမှာ ဘာ အဆောက်အဦး ရှိသည် ဆိုသည်ကိုပင် သူ ပြောပြ နေနိုင် ပါလေသည်။ သည်လမ်းကို သူ လျှောက်နေခဲ့သည့် အနှစ် ၂၀ အတွင်းမှာ သည်လမ်းရဲ့ ဘေးဘီ ၀ဲယာ တဖက်တချက်မှာ အပြောင်းအလဲတွေလည်း ရှိခဲ့ပါသည်။ ဒါပေသည့် ထို အပြောင်းအလဲများက နေ့ချင်း ညချင်း ပြောင်းလဲ ခဲ့ကြသည် မဟုတ်ပါ။

ဥပမာ ဆိုပါစို့။ သည်လမ်းပေါ်မှာ လဘက်ရည်ဆိုင်တွေ အများကြီး ရှိခဲ့သည်။ တရက်ရက်မှာ လဘက်ရည်ဆိုင် အသစ်တခု သည်လမ်းပေါ်မှာ ပေါ်လာတော့မည် ဆိုပါစို့။ သူကတော့ သည်လမ်းကို နေ့စဉ် လျှောက်နေသူ ပီပီ သည်နေရာမှာ လဘက်ရည်ဆိုင် အသစ် တခု ပေါ်လာလိမ့်မည်ကို သေသေချာချာကို သိနေခဲ့ပါလေသည်။ ဘာလို့လည်းဆို လဘက်ရည်ဆိုင် တခုကို ဖွင့်မည်ဆိုလျင် အရင်ဆုံးကတော့ ဆိုင်းဘုတ် တခု တပ်ရမည် မဟုတ်လား။ ပြီးတော့ လဘက်ရည်ဆိုင် တခု လိုအပ်သမျှကို ဆိုင်မဖွင့်ခင် ကြိုတင် ပြင်ဆင် ရမည် မဟုတ်လား။ ဒါတွေအားလုံးကို ကြိုတင် မြင်နေရပါသည်။ သည်တော့ သူကလည်း ကြိုပြီး ပြောပြနိုင်ပါသည်။ လဘက်ရည်ဆိုင် အသစ်တခု ဖွင့်တော့မယ်။

နောက်တခု ပြောစရာ ရှိနေပါသေးသည်။ သည်လမ်းပေါ်မှာ ရှိသမျှ အဆောက်အဦးတွေကိုလည်း တခုမကျန် သူ သိနေပါသည်။ သူ့ မျက်စေ့ မှိတ်ထားခဲ့သည့်တိုင် သည်လမ်းပေါ်မှာ ဘယ်နေရာမှာ ဘာ အဆောက်အဦး ရှိသည် ဆိုသည်ကို သူက အလွတ်ရနေပြီးသား ဖြစ်ပါသည်။ တခါတခါတော့လည်း သည်လမ်းပေါ်မှာ အဆောက်အဦး အသစ်တွေ ပေါ်လာခဲ့ပါသည်။ ဒါပေသည့် သည်အဆောက်အဦးတွေ အားလုံးက လက်ဖျောက် တချက်တီးပြီး ပေါ်လာကြသည်တော့ မဟုတ်ပါ။ သည်နေရာမှာ အဆောက်အဦးတခု ပေါ်လာတော့မည်ကို ရက်ပေါင်း များစွာကပင် မည်သူမဆို ကြိုသိနိုင်နေပါသည်။ ဥပမာ အဆောက်အဦး တခုကို ဆောက်လုပ်ဖို့ လိုအပ်သည့် အုတ်၊ သဲ၊ ဘိလပ်မြေ- စသည်များကို ထို အဆောက်အဦးကို ဆောက်မည့် နေရာတွင် စတင် နေရာချ နေကတည်းက မည်သူမဆို သည်နေရာမှာ အဆောက်အဦးတခု ဆောက်တော့မည် ဆိုသည်ကို သိနိုင်နေသည် မဟုတ်လား။
-----
သို့သော်လည်း သည်လမ်းကို အပ်ကျသည်ကအစ သိသည်ဟု သူ ထင်နေသော အတွေးများ အဆုံးသပ် သွားသော နေ့တနေ့က ရောက်လာခဲ့ပါသည်။ ထိုနေ့က အနှစ် ၂၀ နီးပါး သူလျှောက်ခဲ့သော လမ်းသည် သူ တခါမှ မလျှောက်ခဲ့ဖူးသော လမ်းတလမ်း အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
-----
ထိုနေ့က သည်လမ်းမှာ ရေကြီးခဲ့သည်။ သည်လမ်းပေါ်မှာ အပြောင်းအလဲတခု ဖြစ်တော့မည်ကို အမြဲတမ်း ကြိုသိနေသော သူသည် ထိုနေ့က သည်လမ်းမှာ ရေကြီးလိမ့်မည်ကို ကြိုမသိနိုင်ခဲ့ပါချေ။ ထိုနေ့က အရှိန်အဟုန် ပြင်းစွာ စီးဆင်းကျလာသော ပင်လယ်ကြီးတခုမှ ရေလှိုင်းများဖြင့် သည်လမ်းပေါ်မှာ ရေလျှံခဲ့ပါ လေသည်။ သည်လမ်းပေါ်မှာ ရှိသမျှ လူအားလုံးကို ထိုရေလှိုင်းက သယ်ဆောင်သွားခဲ့လေသည်။ သည်လမ်းပေါ်မှာ သူမြင်နေကျ အရာများ၊ သူမြင်နေကျ အဆောက်အဦးများ၊ သူမြင်နေကျ လူများကို ဘာတခုမှ သူ မမြင်ရတော့။ သူမြင်နေရသည်က သူတခါမှ မတွေ့ခဲ့ဖူးသော လူတွေရဲ့ မျက်နှာတွေချည်းသာ။ သူ ကြည့်မိလေရာရာ အရပ်တိုင်းမှာ လူစိမ်းတွေ-- လူစိမ်းတွေ---။ ဒါပေသည့် သည်လူတွေအားလုံးက ဦးတည်ရာ တခုတည်း ကိုသာ ညီညီညာညာ စီးဆင်းသွားနေလေသည်။ အလျင်အမြန် စီးဆင်းသွားနေသော သည်ရေလှိုင်းကြီးထဲမှာ သူကိုယ်တိုင် ပါဝင်စီးဆင်းနေရင်း သူ နားလည်သွားမိပါသည်။ - ဒီလမ်းဟာ ငါအနှစ် ၂၀ နီးပါး နေ့စဉ်လျှောက်ခဲ့တဲ့ လမ်းတလမ်း မဟုတ်တော့ဘူး။ ဒါဟာ အသစ်လွင်ဆုံး လမ်းတလမ်းပဲ၊ ဟုတ်တယ်-- ဟောင်းနွမ်း မှေးမှိန်လွန်းတဲ့နေ့တွေကို တောက်ပသွားအောင် ဆေးကျော လတ်ဆတ်ပစ်မယ့် လမ်းပဲ။
-----
နေ့စဉ် မနက်ဆိုလျင် အိမ်ကနေ သူထွက်ပြီး နေရာတခုကို ဦးတည်ကာ သည်လမ်းပေါ် သူလျှောက်ခဲ့သည်။ ညနေ စောင်းလျင် သည်လမ်းကပင် အိမ်သို့ ပြန်လာခဲ့သည်။ ထိုနေ့ကတော့ အရာရာ ပြောင်းလဲသွားခဲ့သည့် သည်လမ်းကို သူ မသိခဲ့သည့် လူစိမ်းများနဲ့ အတူလျှောက်ရင်း ညနေ စောင်းသွားသည့်တိုင် သူ အိမ်မပြန်နိုင်ခဲ့ပါ။ တကယ်တမ်း အပြည့်အစုံပြောရလျင်တော့ ထိုနေ့ကစပြီး ယနေ့အထိ သူ အိမ်မပြန်နိုင်ခဲ့ပါချေ။ သူက အိမ်ပြန်နောက်ကျနေခဲ့သူ တယောက် မဟုတ်ပါလား။
-----
ဒါပေသည့် သူ့လိုပင် အိမ်ပြန်နောက်ကျနေခဲ့သူများကို ညနေဆည်းဆာရီထဲမှာ သူတွေ့ရသည့်အခါ အဖော်စုံသော သည်လမ်းတလမ်းကိုပဲ သူ နှစ်သက် နေမိသေး တော့သည်လေ။

----------

`ဒီလမ်းကိုတော့ ဆုံးအောင်လျှောက်ရမယ်ဗျ` သူက အားတက်သရော ပြောနေမိသည်။
`အေးပါဗျာ။ ကျနော်လည်း ဒါကိုပဲ စဉ်းစားနေတာပါ။ ဒါပေမယ့် ဘယ်ကို သွားရင် ကောင်းမလဲလို့ ကျနော် စဉ်းစားနေတာဗျ` ကိုမောင်မောင်က သူ့ထုံးစံအတိုင်း လေအေးအေးလေးဖြင့် ပြောနေလေသည်။
`မြောက်ပိုင်းကိုတော့ မသွားချင်ဘူးဗျာ။ အရှေ့ဖက်ကို ကျနော် ပို စိတ်ဝင်စားတယ်။ နိုင်ငံတကာနဲ့လည်း အထိအတွေ့ ပိုလွယ်မယ်လို့ ကျနော် ထင်တယ်` သူကတော့ ဖြန့်ကျက် တွေးလေ့ရှိသည့်အတိုင်း လျှောက်စဉ်းစားရင်းက ပိုကောင်းသည် ထင်သော အရှေ့ဖက်ကို ဆန္ဒရှိနေမိသည်။
`အေး ခင်ဗျားပြောမှ ကျနော် သတိရတယ်။ ကရင်ကြီး မှတ်မိတယ် ဟုတ်လား။ သူ ကျနော့်ကို ဆက်ထားဖူးတယ်။ တခုခုဖြစ်ရင် သူ့ဖက်ကိုထွက်လာခဲ့တဲ့` ကိုမောင်မောင်က ပြောရင်း သူ့မျက်မှန် သေးသေးလေးကို ဖုံသုတ်နေပြန်သည်။
`ဒါဆိုလည်း လုပ်ဗျာ။ ကျနော် ကျန်တဲ့ ဘော်ဘော်တွေကို စုလိုက်ဦးမယ်။ မနက်ဖြန် ကိုဇော်ကြီးအိမ်မှာ ကျနော် အားလုံးကို ဆုံဖို့ ချိန်းထားတယ်။ အားလုံးစုံရင် ကျနော် ခင်ဗျားကို ဖုန်းထိုးလိုက်မယ်။ အိုကေ` ပြောရင်း သူ ထိုင်ရာမှ ထထွက်လာခဲ့သည်။

နောက်နေ့ လူအားလုံး စုံတော့ အရှေ့ဖျားသို့ သွားဖို့ကိစ္စကို သူ စတင် ဆွေးနွေးလိုက်သည်။ သဘော တူသူက တူ မတူသူက မတူ။
`အိုကေ၊ မတူတဲ့လူတွေ ပြန်ဗျာ။ တူတဲ့သူတွေပဲ နေခဲ့ကြတော့` သူက စိတ်လည်း သိပ်မရှည်တတ်သူပီပီ အပြတ်ပဲ ပြောလိုက်သည်။
သည်လိုနဲ့ လူ ၆ ယောက် ကျန်နေခဲ့သည်။ `သြော်- ဒါပဲလား။ ၂ လနီးပါး အတူတူ လျှောက်လာခဲ့ကြတာမှာ နောက်ဆုံးတော့ လမ်းတူတာက ဒီ ၆ ယောက်ပဲလား` သူ့ဘာသာသူ တွေးနေမိပြန်သည်။
သည်လိုနဲ့ ကိုမောင်မောင့်ကို သူ ဖုန်းခေါ်လိုက်သည်။ အခြေအနေတွေကို လိုတိုရှင်း သူ ပြောပြလိုက်သည်။
`အေး ကျနော် အဆက်ရပြီဗျ။ မနက်ဖန် ၉ နာရီ ဘားအံကားဂိတ်ကို အားလုံး လာခဲ့ဗျာ။ ကျနော် လက်မှတ် ၀ယ်ထားမယ်။ အနားက လဘက်ရည်ဆိုင်မှာ ဆုံမယ်` ကိုမောင်မောင်က ပြောပြီး ဖုန်းချသွားလေသည်။

တကယ့်တကယ် နောက်နေ့မနက်ကျတော့ ကိုဇော်ကြီးကိုယ်တိုင်က - `ခင်ဗျားလည်း သိပါတယ်ဗျာ။ ကျနော့် အကြောင်းကို။ ဒါပေမယ့် မိန်းမက သဘော မတူဘူးဗျ။ သိတဲ့အတိုင်း ကျနော့် သမီးလေးကလည်း အခုမှ ၅ လ ပဲ ရှိသေးတာ`လို့ပြောတော့ ကျန်သူတွေကလည်း -
`ငါ့အမေက နေမကောင်းဖြစ်နေတာကွ။ ငါ နှုတ်ဆက်တော့ ငိုတယ် ငါလည်း ဘယ်လိုလုပ်ရမလဲ။ ငါ့ကို ခွင့်လွှတ်ကွာ`
`မင်းဟာက ဘာမှလည်း သေသေချာချာ ပြောနိုင်သေးတာမဟုတ်ဘူး။ ညက အဲဒါကို ငါ စဉ်းစားတယ်။ သေချာမှ ငါ့ကို ခေါ်ကွာ။ အခုတော့ ငါ မလိုက်ချင်သေးဘူး`
`----- -------`
`----- ----- ----- ----- ----- ----- -----`
`----- ----- ----- -----`
အကြောင်းပြချက်တွေ အမျိုးမျိုးကို သူကြားနေရသည်။
`အေးပါကွာ၊ အေးပါကွာ၊ မင်းတို့ ငါ့ကို အခုလို လာပြောတာပဲ ငါကျေးဇူးတင်ပါတယ်။ အားလုံးကို ငါ နားလည်ပါတယ်` ဒေါသနဲ့ ပြောရင်း ကိုဇော်ကြီးကို နှုတ်ဆက်ပြီး ဘားအံကားဂိတ်သို့ ထွက်လာခဲ့သည်။
(အခုအချိန်မှာတော့ ကိုယ်တိုင် မိသားစုလေးရှိနေပြီဖြစ်သော သူသည် ကိုဇော်ကြီး ခံစားမှုကို ကောင်းကောင်း နားလည်နိုင်နေတတ်ပါပြီ)

သည်လိုနဲ့ ဘားအံကားဂိတ်နားက လဘက်ရည်ဆိုင်မှာ ဆုံကြတော့ သူနဲ့ လမ်းတူသူက ကိုမောင်မောင် တယောက်တည်းသာ။ (ဒါတောင် အဲသည် အချိန်က ကိုမောင်မောင့် ဇနီးသည်က သမီးလေးတယောက် မီးဖွားပြီးကာစသာ ရှိသေးသည်။ အခုအချိန်မှာ ကိုမောင်မောင့်ကို သူ အရမ်းလေးစားမိပါသည်)

သည်လိုနဲ့ သူတို့နှစ်ယောက် ဘားအံရောက်၊ တညအိပ်။ နောက်နေ့ ကော့ကရိတ်ဆက်ထွက်၊ ကော့ကရိတ် အ၀င်မှာတော့ ကိုမောင်မောင် အဖမ်းခံရသည်။ သူကတော့ စစ်တပ်ဂိတ်က အတင်းထွက်ပြေးရင်း သူ့လိုပင် ထွက်ပြေး လာသည့် ကိုဝင်းထိန်နဲ့အတူ လွတ်လာခဲ့သည်။ အဖြစ်အပျက်များက အိပ်မက်လိုပင်။

ညဖက်ရောက်တော့ ကော့ကရိတ်ကျောင်းသားများက သူတို့ နှစ်ယောက်ကို အိမ်တအိမ်ပြီး တအိမ်၊ ဘုန်းကြီး ကျောင်း တခုပြီးတခု ပို့ပြီး လိုက်ဖွက်နေလေသည်။ စစ်တပ်ကလည်း နောက်က လိုက်ဖမ်းနေသည်။ နောက်ဆုံးတော့ လူသူ မရှိသော အိမ်တအိမ်မှာ ပြေးလွှားခြင်း ဇာတ်လမ်းက ဆုံးခန်းတိုင်သွားနိုင်တော့သည်။

သည်လိုနဲ့ နောက်တနေ့မှာတော့ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ရာ အရပ်ဆီ ဦးတည်နေသည့် လမ်းပေါ်မှာ စီးဆင်းနေကြသူအားလုံးနဲ့အတူ သူလည်း တကိုယ်တည်းစီးဆင်းလျက်။

စက်တင်ဘာလ ၂၇၊ ၁၉၈၈ ခုနှစ်။
ကရင့် အမျိုးသား အစည်းအရုံး အုပ်ချုပ်မှု အောက်မှ ဒူးပလာယာ ခရိုင် ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) ထိန်းချုပ်မှုအောက်ရှိ သေ့ဘောဘိုးစခန်းသို့ သူ ရောက်ရှိခဲ့ပါလေပြီ။
ဒါက သူ လျှောက်ခဲ့သော လမ်း အဆုံးလား။ သူ မသိသေးပါ။
သူ့လိုပင် ရောက်ရှိနေသော ထောင်ပေါင်းများစွာသော မျက်နှာများ။ အားလုံးက သူစိမ်းတွေချည်းသာ။
သူကတော့ တယောက်တည်းပါပေ။ အဆက်အစပ်တွေ အားလုံးကလည်း ကိုမောင်မောင်နဲ့ အတူ ပျောက်ဆုံးခဲ့ပြီ။
ဒါပေသည့် သည်လမ်းကို လျှောက်မိကတည်းက နောက်လှည့်ပြန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိသူပီပီ သူကတော့ ရသလို ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားလေသည်။
-----
နိုဝင်ဘာလ (၁) ရက်၊ ၁၉၈၈ ခုနှစ်။
သည်လိုနဲ့ အလွန်ရင်းနှီးကြသော သူစိမ်းများဖြင့် ဖွဲ့စည်းထားအပ်သည့် သစ်တပင်က သည်မြေမှာ ပေါက်ခဲ့ပါ လေပြီ၊

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (All Burma Students' Democratic Front - ABSDF) ကို သေ့ဘောဘိုး စခန်းမှာ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါလေပြီ၊
















-----
သစ်တပင်ရှိလျင် အနည်းဆုံး ပန်းတဖူးကိုတော့ တွေ့ရမည်ပါ့။ ပွင့်မည့်ရက်ကိုသာ စောင့်ပါလေ။

----------

`ဟိုးဖက်ထောင့်မှာဗျ` ရဲဘော် ကိုကိုလေးက ပြောရင်း သူ့ M-16 သေနတ်ကို ထိုးချိန်ပြနေလေသည်။ ရန်သူ့ဖက်မှ တဒေါင်းဒေါင်းဖြင့် တောက်လျှောက် ပစ်ခတ်နေသည့် ဂျီဖိုးတလက် ရှိရာ ဖက်ကို ကိုကိုလေးက ပြောပြနေခြင်း ဖြစ်လေသည်။ သူကတော့ လျှောက်မြောင်း (Trench) ထဲမှာ ရှိနေသည့် အာရ်ပီဂျီ (RPG-Rocket Propelled Grenade) လောင်ချာ သမား တယောက်ကို လှမ်းခေါ်ရင်း မီးပွင့်လေးတွေ ထွက်နေသည့် နေရာကို ကြည့်လိုက်သေးသည်။ အာပီဂျီ-၅ (RPG-5)ကို ထမ်းထားသည့် ကရင် ရဲဘော်တယောက် အနားကို ရောက်လာတော့ မီးပွင့်တွေ ထွက်လာနေသည့် တောစပ်ကို ပြရင်း `ယောက်ဖရေ မိုဟဲသာ (ငရုတ်သီး) နည်းနည်းလောက်တော့ ကျွေးလိုက်ဦးကွာ`ဟု သူ ပြောရင်း နေရာဖယ်ပေး လိုက်လေသည်။ ထိုရဲဘော်လေးက `အေး ယောက်ဖ`ဟု ပြောရင်း သူ့ဝပ်ကျင်း(Fox-Hole) ထိပ်ပေါ်ကို ခုန်တက်လိုက်ရင်း ဂျီဖိုးသံကြားနေသည့် တောစပ်ကို ချိန်ရွယ်ကာ အာရ်ပီဂျီကို ပစ်လွှတ်လိုက်လေသည်။ မီးခိုးဖုံလုံးတခုနှင့်အတူ ဂျီဖိုးသံလည်း တိတ်သွားတော့သည်။ ဒီကောင် သေပြီလား။ မည်သူမျှ မသိပါ။ အသံကတော့ တိတ်သွားသည်လေ။
-----
သည်လိုမျိုး အဖြစ်အပျက်တွေက နိစ္စဓူဝ။ ဖလူးခံတပ်ထဲကို သူရောက်ကတည်းက။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ ပန်းလို သူ မြင်တွေ့နေခဲ့ရသည်မှာ ခဏခဏ။ အခုလေးပဲ ကိုယ့်ဘေးနားမှာ ရှိနေသည့်သူ တယောက် နောက် တမိနစ်မှာတော့ မရှိတော့။ လူတွေ စုဆုံနေကြသည်။ အပြုံးတွေနဲ့ တယောက်ကို တယောက်နှုတ်ဆက်။ စကားတွေ ထိုင်ပြော။ စကားမှ ဆုံးအောင်မှ မပြောရသေး လက်နက်ကြီးတွေက ကျရောက်ပေါက်ကွဲ။ လူတွေ အားလုံးက ဖရိုဖရဲ။ မီးခိုးတွေစဲသွားတော့ ကိုယ့် အနားက တယောက်ယောက်ကတော့ လောကကြီးမှာ မရှိတော့။
-----
`စိတ် - စိတ်- ညစ်- ညစ်-တယ်ဗျ` ကိုနိုင်က အ ထစ် ထစ်နဲ့ ပြောပြန်ပါလေသည်။ ရဲဘော်တွေက သူ့ကို အ ထစ်-ဟုလည်း ခေါ်ကြသည်။
`ဘာဖြစ် လာပြန်တာတုန်း ကိုနိုင်`
သူကတော့ တပ်စုမှူး တယောက်လည်း ဖြစ်နေတော့ ကိစ္စအားလုံးကို ဖြေရှင်းပေးနေရသည်လေ။
`ဘာ- ဘာ- ဖြစ်ရမှာလဲ - တညတည်း ကျ-ကျ-နော် ကင်း နှစ်-နှစ် ခါ စောင့်- စောင့်ရတယ်`
`ဟုတ်တယ် ကိုနိုင်။ အားလုံးပဲ တညတည်း ၂ ခါစောင့်ရတယ်။ ကိုနိုင် မသိလို့။ ကျနော်တို့ အကွက်ထဲမှာ လူ ၄ ယောက် လျော့သွားတယ်လေ။ ကရင် ရဲဘော် ၂ ယောက် ကျသွားတယ်။ ၂ ယောက်က ဒဏ်ရာရပြီး ဆေးရုံမှာ။ ကျနော်တို့ လူ ၄ ယောက် ထပ်မရတော့။ အလှည့်နဲ့ အားလုံး ကင်းစောင့်နေရတာ` သူရှင်းပြလိုက်တော့ ကိုနိုင်လည်း ငြိမ်သွားပါလေသည်။
-----
ကိုနိုင့်ကိုပြောပြီး သူကိုယ်တိုင်လည်း စိတ်ညစ်နေမိလေတော့သည်။ အစားပျက် အအိပ်ပျက် နိစ္စဓူဝ လက်နက်ကြီး လက်နက်ငယ် မျိုးစုံရဲ့ ပစ်ခတ်သံတွေကြားထဲမှာ ရှင်သန်နေရသည့် ဘ၀က ငရဲကျနေသလိုပင်။ ဒါပေသည့် သည်လမ်းက သူတို့ ရွေးခဲ့သည့် လမ်း မဟုတ်ပါလား။ အဘယ်မျှ ကြမ်းတမ်းကြမ်းတမ်း ဆက်လျှောက်ကြရမည် မဟုတ်လား။


















-----
တခါတခါလည်း သူ့ဘာသာသူ မေးနေမိသေးသည်။ ငါ ဘာတွေလုပ်နေတာလဲ၊ ကျိန်းသေတာ တခုကတော့ သူ အပါအ၀င် ရဲဘော်တွေအားလုံး နေ့တနေ့ကို ရူးသွပ်နေကြခြင်းသာ ဖြစ်ပါသည်။
-----
ဘယ်သူရေးတဲ့ ဘယ်စာအုပ်လဲတော့ သူ မမှတ်မိ။ စာအုပ်တအုပ်ထဲမှာ သူ ဖတ်ရဘူးသည် - ကောင်းမြတ်တဲ့ စိတ်ဆိုတာ ရူးသွပ်တဲ့ စိတ်နဲ့ ကင်းကွာလို့ ရတာ မဟုတ်ဘူး - ဆိုပဲ။ အဲသည်စာ ဖတ်ပြီးသွားချိန်တုန်းက ကောင်းမြတ်တဲ့ စိတ်ဆိုတာ ဘာလဲ။ မကောင်းမြတ်တဲ့ စိတ်ဆိုတာကရော ဘာတဲ့လဲ။ နောက်ပြီး ရူးသွပ်တဲ့ စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ မရူးသွပ်တဲ့ စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ။ သည်မေးခွန်းတွေ အတွက် အဖြေရှာကြည့်ရင်းက သူ ရူးချင်ချင် ဖြစ်သွားခဲ့ဖူးသည်။
-----
အခုချိန်မှာတော့ သည် ဖလူးခံတပ်အတွင်းမှာ ရှိနေသည့် သူအပါအ၀င် သူ့ ရဲဘော်တွေအားလုံးက နေ့သစ်တနေ့ကို မြင်ချင်နေကြသူများချည်း မဟုတ်လား။ အများအကျိုးဆောင်ခြင်း၊ ပြည်သူ့အကျိုး ဆောင်ခြင်းသည် ကောင်းမြတ်သည့် စိတ်ထားနှင့် ဓွန်တွဲနေသည်ဆိုလျင် သူတို့အားလုံးသည် ရူးသွပ်သည့် စိတ် ရှိနေသူများသာ ဖြစ်ပါသည်။ ပြောရလျင် သူတို့အားလုံးက သူရူးတွေသာ ဖြစ်ပါသည်။ သူရူးတွေကြားထဲမှာ သူကလည်း သူရူးတယောက်သာ ဖြစ်ပါသည်။
-----
ဘာပဲဖြစ်ဖြစ် အိမ်ပြန်နောက်ကျနေသည့် လမ်းတလမ်းပေါ်မှာ တနေ့နေ့ ပွင့်လာမည့် ပန်းတဖူးကို သယ်ပိုးရင်း မမောတမ်း ပြေးလွှားနေသည့် သူရူးတယောက်ကို သင်မြင်ခဲ့ဖူးပါလျင် -----

(၈-၈-၈၈ အရေးတော်ပုံ အနှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု ရေးသားပါသည်။)

Jul 18, 2008

အာဇာနည်နေ့မှာ ကျနော် ၀မ်းနည်းပါတယ်ဗျာ


ရေးချင်တာလေးတခု စိတ်ထဲမှာ ပေါ်လာလို့ပါ။ ဘာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း တယောက်က လာပြောနေလို့ပါ။ ခင်ဗျားဗျာ အာဇာနည်နေ့မှာ ဘာပို့စ်မှလည်း မတင်ဘူး၊ ဘာမှလည်း မရေးဘူး-လို့ ပြောလာလို့ပါ။ ဒီကြားထဲ သူငယ်ချင်း တယောက်ကလည်း - ဒီနေ့ အာဇာနည်နေ့လေဗျာ။ လေးစားတဲ့ အနေနဲ့ ဂျီတော့ခ်က ပုံကို ပြောင်းပါ- လို့ ပြောလာတယ်။ သူ့တို့ ပြောတာတွေ အားလုံးကို ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပြောစရာ ဖြစ်အောင်ကလည်း ကျနော်က အာဇာနည်နေ့မှာ ဘာပို့စ်မှ မတင်နိုင်ခဲ့ပါဘူး။ ကျနော့် ဂျီတော့ခ်က ပုံကိုလည်း မပြောင်းခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ပြောတာတွေကို နားထောင်ပြီးတော့ (တကယ်ကတော့ ဖတ်ပြီးတော့) ကျနော့် ဘာသာ ကျနော် စဉ်းစားနေမိတယ်။ ကျနော့် ဘလော့က မဆလခေတ်တုန်းက `မြ၀တီ`တို့ `ငွေတာရီ`တို့လိုမျိုး ရေးနေရတော့ မှာလားလို့ပါ။ တန်ခူးလ ဆိုရင် သင်္ကြန် အကြောင်း ကဗျာတပုဒ်၊ ပိတောက် အကြောင်း စာတပုဒ်၊ တန်ခူးလ ဆိုသည်မှာ အစချီပြီး ဆောင်းပါး တပုဒ်။ ကဆုန်လ ရောက်ရင် ညောင်ရေသွန်း ကဗျာတပုဒ်၊ ညောင်ပင် အကြောင်း စာတပုဒ်၊ ကဆုန်လ အကြောင်း ဆောင်းပါး တပုဒ်။ ဒီလိုနဲ့ ၁၂ ရာသီအတွက် ကျနော့်ဘလော့ပေါ်မှာ ရာသီစာတွေ ရေးနေရတော့ မှာလားလို့ပါ။

ဒါနဲ့ပဲ ကျနော်တို့ရဲ့ ဘလော်ဂိုစဖီးယားထဲ လှည့်လည် သွားလာကြည့်သေးတယ်။ အာဇာနည်နေ့အကြောင်း ရေးတဲ့သူလည်း ရေး၊ မရေးတဲ့သူလည်း မရေး။ မရေးတဲ့ သူတွေထဲမှာ နံမည်ကြီး ဘလော်ဂါတွေလည်း ပါပါတယ်။ မရေးတဲ့သူတွေက အာဇာနည်နေ့ အကြောင်းကို မရေးတဲ့ အကြောင်းတွေ ရှိမှာပါ။ ဥပမာ- ခရီးလွန်နေလို့။ အချိန်မရလို့။ မအားလို့ စသည်ဖြင့်။

နောက်တခု ဘလော်ဂါတွေရဲ့ ဂျီတော့ခ်ပေါ်က ပုံတွေကို ပြောင်းသလား မပြောင်းသလားကတော့ ကျနော်လည်း မသိပါဘူး။ ကျနော်နဲ့ ပြောနေနေကျ ဘလော်ဂါ ရောင်းရင်းတွေကတော့ ပုံတွေ မပြောင်းထားကြပါဘူး။ ကျနော့်မှာလည်း ကျနော် ကြိုက်တဲ့ ပုံ ၂ ပုံပဲ ရှိပါတယ်။ ရှဥ့်ကလေး တကောင် ပုံနဲ့၊ Avatar က ဂစ်တာပုံကလေး တပုံ။ ကျနော် နောက်ဆုံး ပြောင်းခဲ့တာက အဲဒီ ဂစ်တာနဲ့ ပုံကလေးပါ။

ဒါနဲ့ ကျနော်လည်း ဆက်စဉ်းစားမိနေသေးတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

တခုခုတော့ မှားနေပြီလို့ ကျနော် ထင်ပါတယ်။

စာတွေကိုတော့ လူတိုင်းဖတ်လို့ ရပါတယ်။ ဘလော့ပေါ်မှာ ဖြစ်ဖြစ်။ အီးမေးလ်ထဲမှာဖြစ်ဖြစ်။ ဂျီချက်ပေါ်မှာ ဖြစ်ဖြစ်။ စာအုပ်တခုပေါ်မှာ ဖြစ်ဖြစ်။ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ်။

ဒါပေမယ့် ရင်ဘတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရင်ဘတ်ရှိတဲ့သူတွေချင်းပဲ ဖတ်နိုင်ကြတာပါ။

`အောင်သာငယ့်`ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ အာဇာနည်နေ့မှာ ပို့စ်တခု မတင်တာနဲ့၊ အာဇာနည်နေ့မှာ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်-

ကျနော် `အောင်သာငယ်`အနေနဲ့ - ၀မ်းနည်းပါတယ်ဗျာ-လို့ကလွဲရင် -----

ဘာပဲဖြစ်ဖြစ်လေ ဒီပို့စ်ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်နေတဲ့ ပို့စ်တခု ဖြစ်သွားပြီပေါ့ မဟုတ်ဘူးလား။

Jul 14, 2008

ဘော့ဘ်မာလေ သို့မဟုတ် ပန်းပွင့်နှလုံးသား (၁)


Rock တွေကလွဲရင် ကျနော်နှစ်သက်တဲ့ နောက်ဂီတပုံစံတခုက Reggae ပါပဲ။ ရက်ဂေးတွေ ကြားရရင် ခန္ဓာကိုယ်ရဲ့ အစိပ်အပိုင်းတခုခုကတော့ အဲဒီသီချင်းနဲ့အတူ အလိုအလျောက် လိုက်လှုပ်သွားရတာပါပဲ၊ အနည်းဆုံး ရင်ဘတ်ထဲက နှလုံးသားကတော့ လှုပ်သွားတာပါပဲ၊ ရက်ဂေးအဆိုတော်တွေထဲမှာ Bob Marley ကို အကြိုက်ဆုံးပါပဲ။ ကျနော့် အလုပ်ထဲမှာ လူတိုင်းကြိုက်ရာ ဖွင့်နားထောင်ဖို့ အလုပ်ရှင်က iPod တခုကို Sound System နဲ့ ဆက်ပေးထားပါတယ်။ အလုပ်မစခင် ကျနော် အမြဲဖွင့်လေ့ရှိတာကတော့ မာလေရဲ့ ငှက်ကလေး ၃ ကောင် (the Three Little Birds) ပါ။



"Don't worry about a thing,
'Cause every little thing gonna be alright.
Singing': "Don't worry about a thing,
'Cause every little thing gonna be alright!"

Rise up this mornin',
Smiled with the risin' sun,
Three little birds
Pitch by my doorstep
Singin' sweet songs
Of melodies pure and true,
Saying', ("This is my message to you-ou-ou:")

Singing': "Don't worry 'bout a thing,
'Cause every little thing gonna be alright."
Singing': "Don't worry (don't worry) 'bout a thing,
'Cause every little thing gonna be alright!"

Rise up this mornin',
Smiled with the risin' sun,
Three little birds
Pitch by my doorstep
Singin' sweet songs
Of melodies pure and true,
Sayin', "This is my message to you-o-o-o:"

Singin': "Don't worry about a thing, worry about a thing, oh!
Every little thing gonna be alright. Don't worry!"
Singin': "Don't worry about a thing" - I won't worry!
"'Cause every little thing gonna be alright."

Singin': "Don't worry about a thing,
'Cause every little thing gonna be alright" - I won't worry!
Singin': "Don't worry about a thing,
'Cause every little thing gonna be alright."
Singin': "Don't worry about a thing, oh no!
'Cause every little thing gonna be alright!

ပြီးတော့ Jammin'. အဲလိုနဲ့ သူ့အကြောင်းကို သူငယ်ချင်းတွေကိုလည်း ဝေမျှ ခံစားနိုင်အောင် ပြောပြချင်တဲ့ စိတ်က ပေါ်လာတယ်။ ဒါနဲ့ ဒီပို့စ်ကို ရေးမိပါတယ်ပေါ့။ သူ့ အကြောင်းက ပြောပြရမှာ နည်းနည်း ရှည်မှာဆိုတော့ အပိုင်းလေးတွေ ခွဲပြီး ရေးပါရစေ။


ဘော့ဘ်မာလေဟာ သူ့မွေးမြေ ဂျမေကာမှာ နိုင်ငံ့သူရဲကောင်း တယောက် အဖြစ်နဲ့ ကျော်ကြားခဲ့သူပါ။ သူ့ရဲ့ ၀ိုင်းဖြစ်တဲ့ The Wailers (အလွမ်းသည်များ)ဟာ Reggae ဂီတကို တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုယ်စားပြုနိုင်ခဲ့တဲ့ အဖွဲ့တခုပါပဲ။ သူ့ သီချင်းတွေ ထဲက ပုန်ကန်မှုတွေ၊ ယုံကြည်မှုတွေက တကမ္ဘာလုံးက ပရိသတ်တွေရဲ့ နှလုံးသားတွေကို ရိတ်သိမ်းယူခဲ့တာပါ။

မာလေရဲ့ အမည်ရင်းကတော့ Robert Nesta Marley ပါ။ ၁၉၄၅ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဂျမေကာနိုင်ငံက St. Ann မြို့ကလေးက သူ့အဖိုးရဲ့ အိမ်မှာ မနက် ၂ နာရီ ခွဲ သူ့ကို မွေးဖွားခဲ့ပါတယ်။ Cedalla Booker ဆိုတဲ့ ဂျမေကန် မိန်းကလေးတဦးဖြစ်တဲ့ သူမိခင်နဲ့ Captain Norval Marley တို့ရဲ့ ရင်သွေးပေါ့။ သူ့ကိုမွေးပြီး သိပ်မကြာခင်မှာပဲ သူ့ဖခင်က သူ့မိခင်ကို ပစ်ထားခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးထောက်ပံ့မှုကိုတော့ ပေးနေခဲ့ပါတယ်။ မကြာခဏ ဆိုသလိုလည်း သူ့ဖခင်က သူ့ကို လာတွေ့လေ့လည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မာလေ့ ကလေးဘ၀ဟာ မိစုံဖစုံနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းခဲ့ရတာတော့ မဟုတ်ပါဘူး။

၁၉၅၀ ၀န်းကျင်မှာ ဂျမေကာမှာ အလုပ်တွေ ရှားပါးနေတော့ သူ့မိခင်က မြို့ကြီးဖြစ်တဲ့ Trenchtown (West Kingston) ကိုတက်ပြီး အလုပ်သွားရှာတော့ မာလေ ခမျာလည်း အမေ့ နောက်ကို လိုက်ခဲ့ရပါတယ်။ အဲလိုနဲ့ မြို့ကြီးမှာ သူနှစ်သက်တဲ့ ဂီတနဲ့ ထိတွေ့ခွင့် ရသွားခဲ့ပါတော့တယ်။ Trenchtown မှာနေရတဲ့ အချိန်တွေမှာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ Neville Livingstone နဲ့အတူ ဂျမေကာရဲ့ နံမည်ကျော် ပေါ့ပ်အဆိုတော် တယောက်ဖြစ်တဲ့ Joe Higgs က ပို့ချတဲ့ ဂီတ သင်တန်းတွေကို တက်ရောက် လေ့လာ ဆည်းပူးခဲ့ပါတယ်။

အဲဒီအချိန်တွေတုန်းကတော့ ကာရစ်ဘီယန် ကျွန်းစုတွေမှာ ဂျမေကန် ဂီတက စတင် ထင်ရှားလာနေတဲ့ အချိန်ပါ၊ Ska ဂီတပုံစံကို စတင် တီထွင်လာတာနဲ့အတူ ဂျမေကန် ဂီတဟာလည်း တိုးတက်ကြီးထွားလာနေတဲ့ အချိန်ပါပဲ၊ တဆက်ထဲမှာပဲ နေ့စဉ်ဘ၀တွေရဲ့ ကြမ်းတမ်း ခက်ထန်မှုတွေကနေ ထွက်ပြေး တိမ်းရှောင်ဖို့အတွက် ဂျမေကန် လူငယ်တွေမှာ နေရာ တနေရာပဲ ရှိနေပါတယ်၊ အဲဒါကတော့ ဂီတပါပဲ၊ ဒီလိုနဲ့ မာလေဟာ အသက် ၁၄ နှစ်အရွယ်မှာ Kingston ပျံကျရပ်ကွက်က သူ့နေအိမ်ကို အပြီး ကျောခိုင်း ထွက်ခွာခဲ့ပါတယ်။ သူ့ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး Single ဓါတ်ပြားသီချင်းဖြစ်တဲ့ "Judge Not" ကို ထုတ်နိုင်ခဲ့ပါတယ်။



Don't you look at me so smug
And say I'm going bad.
Who are you to judge me
And the life that I live?
I know that I'm not perfect
And that I don't claim to be.
So before you point your fingers,
Be sure your hands are clean.

Judge not
Before you judge yourself.
Judge not
If you're not ready for judgement. Woah oh oh!

The road of life is rocking
And you may stumble too.
So while you talk about me,
Someone else is judging you.

Judge not
Before you judge yourself.
Judge not
If you're not ready for judgement. Woah oh oh!

The road of life is rocky
And you may stumble too.
So while you talk about me
Someone else is judging you,
Someone else is judging you,
Someone else is judging you,
Someone else is judging you,
Someone else is judging you.

အဲဒီဓါတ်ပြားကို ထုတ်ပေးခဲ့တဲ့ Leslie Kong နဲ့ မာလေကို မိတ်ဆက်ပေးခဲ့သူက အသက် ၁၄ နှစ်သားမှာကတည်းက ဟစ်ဖြစ်တဲ့ သီချင်း တွေနဲ့ အဆိုတော်ဖြစ်နေခဲ့တဲ့ Jimmy Cliff ပါ။ ၁၉၆၃ မှာ မာလေဟာ သူ့ဆရာကြီးဖြစ်တဲ့ Joe Higgs ရဲ့ အကူအညီနဲ့ အဆိုသမား ၅ ယောက် (သူရယ်၊ Peter Tosh, Bunny Livingstone, Junior Braitwaite နဲ့ Beverly Kelso) နဲ့ စုစည်းထားတဲ့ "the Wailing Wailers" ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၆၄ မှာ ဂျမေကာမှာ ဟစ်ဖြစ်ခဲ့တဲ့ "Simmer Down" ဟာ သူတို့ရဲ့ ပထမဆုံး Single ဓါတ်ပြားဖြစ်ပါတယ်။



Simmer down, you lickin' too hot, so
Simmer down, soon you'll get dropped, so
Simmer down, can you hear what I say
Simmer down, that why won't you, why won't you, why won't you simmer down
Simmer down.
Long time people dem used to say
What sweet nanny goat a go run him belly, so
Simmer down, oh control your temper
Simmer down, for the battle will be hotter
Simmer down, can you hear what I say
Simmer down, oh that I'm a leaving you today
Simmer down.

Simmer down, oh you hear what I say
Simmer down, a that I'm leaving you today
Simmer down, can you hear what I say
Simmer down.

Chicken Mary, hawk de near and when him de near, you must beware, so
Simmer down, oh control your temper
Simmer down, for the battle will be hotter
Simmer down, and you won't get no supper
Simmer down, and you know you bound to suffer
Simmer down, simmer, simmer, simmer right down
Simmer down, like you never did before
Simmer down, oh, oh, oh
Simmer down, can you hear what I say
Simmer down, you lickin' too hot so
Simmer down, and you know soon you'll get dropped, so
Simmer down, why won't you simmer, simmer down
Simmer down, simmer down, simmer down
Simmer down, simmer, simmer down
Simmer down, oh simmer, simmer down
Simmer down, like you never did before...

ထုတ်ပေးခဲ့တဲ့သူကတော့ Coxsone Dodd ပါ။ ဒီလိုနဲ့ နောက်ထပ် ဟစ် ဖြစ်ခဲ့တဲ့ "Love and Affection" "It Hurts To Be Alone" "Rule The Roadie" အပါအ၀င် Dodd ရဲ့ Studio One ကနေ နောက်ထပ် ၃ နှစ် ကြာတဲ့အထိ Coxsone တံဆိပ်အောက်မှာ သီချင်းတွေ ထုတ်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ မာလေဟာ အဖွဲ့ခေါင်းဆောင် ဖြစ်လာပါတယ်။ သီချင်းတွေ အားလုံးကို သူကပဲ ဒိုင်ခံရေးခဲ့ပါတယ်။

၁၉၆၅ မှာ Braithwaite နဲ့ Kelso အဖွဲ့ကနေ ထွက်သွားတော့ ကျန်ခဲ့တဲ့ ၃ ယောက် (ဘော့ဘ်ရယ်၊ Tosh နဲ့ Livingstone)နဲ့ပဲ အဖွဲ့ကို Trio အနေနဲ့ ဆက်ခဲ့ကြတယ်။ ဒါပေမယ့် "Rude Boy" တပုဒ်ကလွဲလို့ ဈေးကွက်မှာရော ပရိတ်သတ်ကပါ အားမပေးကြတော့ ၁၉၆၆ မှာ အဖွဲ့ကို ဖျက်ခဲ့ကြရပါတယ်။ အဲဒီနှစ်မှာပဲ ဖေဖော်ဝါရီ ၁၀ ရက်မှာ မာလေဟာ သူ့ချစ်သူ Rita Anderson နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မာလေဟာ ၁၉၆၃ ထဲက သူ့အမေ ပြောင်းရွှေ့သွားခဲ့တဲ့ Delware ပြည်နယ်က Newark မြို့ကလေးကို လိုက်သွားခဲ့ပြီး သူ့ ဂီတအလုပ်တွေအတွက် လိုအပ်တဲ့ငွေကို စုဆောင်းဖို့ စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် မာလေဟာ ဂျမေကာကို ပြန်သွားခဲ့ပါတယ်။ သူပြန်ရောက်သွားတော့ the Wailers ကို ပြန်စုစည်းပြီး သီချင်းတွေ ထုတ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အောင်မြင်မှုကတော့ မရှိသလောက်ပါပဲ။

(ဆက်လက်ဖော်ပြပါမည်)

Jul 13, 2008

မျက်ဖြေလင်္ကာ
















`အေးချမ်းတဲ့ တခွက်`ပဲ
ပေးပါလို့
ငါ တောင်းခဲ့ပါတယ်။
ရခဲ့တာကတော့
`ပြာ`သက်သက်----

`နေ့`တွေက
`ည`ဖြစ်၊
`ည`တွေက
`နွံ`ဖြစ်
နစ်ပြီးရင်း နစ်နေပါ့လား။

မီးသီးအကျွမ်းတခုလို ဘ၀မှာ
`လ`ဆိုလို့
ပိုးစာတမျှင်မျှ
မမြင်ရလေ။

ညီမလေးရေ
ငါ့မျက်ရည်တွေကို ငါ့ဘာသာငါ ကဲ့
ဝိုင်ခွက်ထဲ ထည့်သောက်ခဲ့တယ်။

ဘာမှ မရှိတဲ့ဘ၀မှာ
မြည်းစရာဆိုလို့
ဝေဒနာတွေပဲ ရှိပါတယ်ကွယ်။

နင့်ကို ငါ အမြည်းမလုပ်ခဲ့ပါဘူး။

ဆေးကျောလေ
ပိုပေရေလေ ဖြစ်နေတဲ့ ပန်းကန်တချပ်ဟာ
ငါ့ရင်ဘတ် ဖြစ်နေခဲ့ရင်
နင် ခွဲခြေပစ်လိုက်ပါတော့။

(ဆောင်းလွမ်းနေ)

Jul 11, 2008

Fair Warning ရဲ့ Long Gone


ဒီသီချင်းကတော့ လေးဖြူဆိုထားတဲ့ အလွမ်းများရဲ့ Original ပါ။ Fair Warning ရဲ့ Long Gone ပါ။ YouTube မှာ တွေ့တာနဲ့ ပြန်တင်ပေးလိုက်ပါတယ်။



There ain't my land in this city lights..
It's bringin' back your face sometims....
Memories of the thousand nights long gone.....
And there's a feelin' I go by...
I still can see your shinin' eyes..
I can feel my heart's still holdin' on..

We didn't need warnin'..
When we found that love was gone..
We never found the reason..
But that time we buy..
And time's never wrong...
babe.....

Wherever we go..whatever we find..
We never made it till the mornin'..
Whatever we do...we cannot deny......
Believin' in love would've ever strong...
Long gone........

..Now it's gone....
And we find ourselves free world..
The road...the land......
As we're wishin' back the time..........Ooo..Long gone....;


Jul 9, 2008

ဘော့ဘ်မာလေရဲ့ ဂျဲင်မင်း

ဒီနေ့တော့ ဘာရယ်လို့ မဟုတ် ကျနော် ကြိုက်တဲ့ ဘော့ဘ်မာလေရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Jammin' ကို တင်ပေးလိုက်ပါတယ်။

ဒီမှာ တချို့ မသိသေးတဲ့သူတွေကို ရှင်းပြချင်တာက သီချင်းခေါင်းစဉ်ဖြစ်တဲ့ jammning (jam or jam session) ဆိုတာက informal or freestyle performance by a group of rock or jazz musicians ပါ။ ဆိုလိုတာကတော့ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း မဟုတ်ပဲ Rock သို့မဟုတ် Jazz ဂီတသမားတွေ ကိုယ့်စိတ်ကြိုက် တီးခတ်ကြတာကို ပြောတာပါ။ ကြိုတင် ဘောင်ခတ်ထားတဲ့ သတ်မှတ်ချက်တွေ မရှိပဲ စိတ်လွတ်ကိုယ်လွတ် တီးခတ်ကြတာမျိုးပါ။ ကိုယ့် အစွမ်းရှိသမျှကိုလည်း ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ jam ဆိုတာက Rock နဲ့ Jazz အ၀န်းအ၀ိုင်းမှာတင် မကတော့ပါဘူး။ ဂီတပုံစံအားလုံးမှာ အကျုံးဝင်နေပါပြီ။

အဲဒီ jam ဆိုတဲ့ စကားလုံးက Jazz လောက-က လာတာပါ။ Jazz After Midnight ရဲ့ ရှေ့ဆုံးစကားလုံး ၃ ခုကို ပေါင်းထားတာပါ။ ဟိုးတုန်းက Jazz bar တွေမှာ ပုံမှန် သီချင်းတွေ ဆိုကြတီးကြပြီး ညသန်းခေါင် ကျော်လာပြီဆိုရင် မူးတဲ့လူတွေလည်း မူးကုန်ပြီ။ ပြန်တဲ့လူတွေလည်း ပြန်ကုန်ပြီ။ အတီးသမားတွေကတော့ နောက်ဆုံးပိတ်အနေနဲ့ရော practice လုပ်တဲ့အနေနဲ့ရော အပျော်အနေနဲ့ရော အစီအစဉ်မှာ မပါတဲ့ တီးခတ်မှုတခုနဲ့ ဖျော်ဖြေလေ့ရှိပါတယ်။ အဲဒီမှာ အတီးသမားတွေ အားလုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ကြီး တီးမှုတ်ကြလေရဲ့။ အဲဒါကို Jazz After Midnight လို့ ပြောကြပါတယ်။ အတိုကောက် ပြောတော့ Jam ပေါ့။

(ဒီသီချင်းမှာတွေ့ရတဲ့ Jah ကတော့ ယေဟိုဗာ-Jehovah ဆိုတဲ့ ဘုရားရဲ့အမည် အတိုကောက်ပါ။ ဟာလေလုယ- Hallelujah
ရဲ့ အဆုံးက Jah ပါ။ Mount Zion ကတော့ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့ဘေးက ကျမ်းစာမှာ ပါတဲ့ ဇိအုန်တောင်ပေါ့။)

ကျနော့်တဦးတည်းအနေနဲ့ ပြောရရင်တော့ ဘော့ဘ်မာလေရဲ့ ဂျဲင်မင်းက လွတ်လပ်မှု (သို့မဟုတ်) လွတ်မြောက်မှုကို သင်္ကေတပြု (Symbolize) ထားတယ်လို့ ယူဆပါတယ်။ စာသား (Lyrics)တွေကို ဖတ်ကြည့်ကြပေါ့ဗျာ။

ပြောရရင် ကျနော်လည်း jamming ချစ်သူတယောက်ပါ။ ဒါပေမယ့် တကယ့် ဘ၀ထဲမှာတော့ jam session တွေ သိပ်မရှိပါဘူးလေ။



Ooh, yeah! All right!
We're jammin':
I wanna jam it wid you.
We're jammin', jammin',
And I hope you like jammin', too.

Ain't no rules, ain't no vow, we can do it anyhow:
I'n 'I will see you through,
'Cos everyday we pay the price with a little sacrifice,
Jammin' till the jam is through.

We're jammin' -
To think that jammin' was a thing of the past;
We're jammin',
And I hope this jam is gonna last.

No bullet can stop us now, we neither beg nor we won't bow;
Neither can be bought nor sold.
We all defend the right; Jah - Jah children must unite:
Your life is worth much more than gold.

We're jammin' (jammin', jammin', jammin')
And we're jammin' in the name of the Lord;
We're jammin' (jammin', jammin', jammin'),
We're jammin' right straight from Yah.

Yeh! Holy Mount Zion;
Holy Mount Zion:
Jah sitteth in Mount Zion
And rules all creation.

Yeah, we're - we're jammin' (wotcha-wa),
Wotcha-wa-wa-wa, we're jammin' (wotcha-wa),
See, I wanna jam it wid you
We're jammin' (jammin', jammin', jammin')
I'm jammed: I hope you're jammin', too.

Jam's about my pride and truth I cannot hide
To keep you satisfied.
True love that now exist is the love I can't resist,
So jam by my side.

We're Jammin' (jammin', jammin', jammin'), yeah-eah-eah!
I wanna jam it wid you.
We're jammin', we're jammin', we're jammin', we're jammin',
We're jammin', we're jammin', we're jammin', we're jammin';
Hope you like jammin', too.
We're jammin', we're jammin' (jammin'),
We're jammin', we're jammin' (jammin').
I wanna (I wanna jam it wid you) - I wanna -
I wanna jam wid you now.
Jammin', jammin' (hope you like jammin' too).
Eh-eh! I hope you like jammin', I hope you like jammin',
'Cause (I wanna jam it wid you). I wanna ... wid you.
I like - I hope you - I hope you like jammin', too.
I wanna jam it;
I wanna jam it.

Jul 5, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ(၄)

ဆက် မရေးဖြစ်တာ ကြာနေပြီဖြစ်တဲ့ ကျနော့် ဒိုင်ယာရီကို (၄၆)ကြိမ်မြောက် ဇူလိုင် ၇ ရက် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆက်ရေးလိုက်ပါတယ်။ ဒီအတွက် ကျနော့်ကို တွန်းအားတခုပေးခဲ့တဲ့ ဇူလိုင်ဝိညာဉ်ကို ရေးသားခဲ့တဲ့ မကေသွယ်ကို ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောချင်ပါတယ်။
-----
သည်လိုနဲ့ သူ့ အဒေါ် နှစ်ယောက်ရဲ့ ကျေးဇူးနဲ့ သူငယ်တန်း မနေခင်ကပင် သူ စာတွေ ဖတ်တတ်နေနိုင်ခဲ့သည်။ သူ့ လက်ရေးတွေကလည်း ၀ိုင်းစက်လို့ပင်။ သူ့ အကိုကြီးရဲ့ သူငယ်တန်းစာအုပ်တွေက သူ့အတွက် လက်တွေ့ လေ့ကျင့်ရေးကွင်းကြီး ဖြစ်နေလေတော့သည်။ ဒါကြောင့်လည်း သူငယ်တန်းကို သူ တက်ရတော့ အတန်းပိုင် ဆရာမကပင် အံ့သြရလောက်အောင် သူက သူငယ်တန်းစာတွေကို အစအဆုံး အလွတ် ပြန်အံနိုင်နေခဲ့သည်လေ။ သည်လိုနဲ့ ထောင်တွင်းမှ သူ့အမေ ရေးပို့ပေးသော စာများနဲ့ ကဗျာများကို သူ ဖတ်ရှု နားလည်နိုင်နေလေတော့သည်။

ဖေဖေက `နေ`
မေမေက `လ`
`ကြယ်`ကလေးလို လက်ကာပ
သား လူချောလှ - ဆိုသည့် အမေ့ ကဗျာကတော့ ရွတ်ဖတ်လို့လည်း ကောင်းနေလေတော့ သူ့ ကလေးဘ၀မှာ အမြဲတမ်း ရွတ်ဖတ် နေနေမိသည့် ကဗျာ တပုဒ်လည်း ဖြစ်နေလေတော့သည်။

သည်လိုနဲ့ - နှောင်အိမ်တွင်းမှ ကဗျာများ- ဟု အမေက အမည်ပေးထားသော အကျဉ်းထောင်ထဲမှ အမေရေးပို့ပေးသည့် ကဗျာများကို သူ အခါအခွင့် သင့်သလို ဖတ်ရှုနေရလေသည်။ ဒါပေသည့် ကလေးဆိုတော့လည်း အကုန်လုံးကို သူ နားမလည်ပါ။ သူနားလည်သည်ကတော့ တချို့ကဗျာတွေမှာ အမေဆိုလိုတာက...
- သံတံခါးတွေ၊ အုတ်ရိုးတွေ။ သံဆူးကြိုးတွေကို ကျော်လွှားပြီး သားကလေးတွေရှိရာကို ပြေးလာချင်သည်။ တကယ်တမ်းကတော့ လာလို့မရ။ စိတ်ကပဲ လာလို့ရသည်။ သည်တော့ အမေက ငှက်ကလေးတကောင် ဖြစ်ချင်သည်။ ဒါမှလည်း သည်အတားအဆီးတွေကို ဖြတ်ကျော်လာနိုင်မည် မဟုတ်လား။

သည်လိုနဲ့ တနှစ်ပြီးတနှစ် ရာသီတွေ သစ်သစ်လာခဲ့သလို သူ့ ဦးနှောက်တွေလည်း ရင့်ရင့်လာခဲ့လေသည်။ တနေ့မှာ သူ့မိခင်၏မောင် အကြီးဆုံးဖြစ်သော သူ့ဒုတိယဦးလေးကို သူမေးမိသည်။
- မေမေ ဘယ်တော့ ပြန်လာမှာလဲ ထွဋ်ထွဋ်။
သူ့ဦးလေးက ပြန်ဖြေသည့် အဖြေကို အဲသည်တုန်းက သူ ဘ၀င်မကျမိသည်မှာတော့ အမှန်ပါပေ။
- ပြန်လာတော့မှာပါ သားရယ်။ သိပ်မကြာတော့ပါဘူး။ ဒါပေမယ့် ဘယ်နေ့လဲတော့ ဦးဦးလည်း မသိဘူး။ တနေ့နေ့ပေါ့ သားရယ်။
သည်လိုနဲ့ အမေ့စာတွေထဲမှာလည်း သူ ဖတ်နေရသည်။
- သိပ်မကြာတော့ဘူး သားတို့ရေ မေမေ ပြန်လာတော့မယ် သိလား။ မေမေ ပြန်လာရင် သားတို့ဖို့ မုန့်တွေ အများကြီး ၀ယ်လာခဲ့မယ်နော်။ ဖိုးဖိုး၊ ဖွားဖွားနဲ့ မူမူတို့၊ ယုယုတို့ စကားကို နားထောင်ကြ ဟုတ်လား-
ဆိုသည့် အမေ့စာ တစောင်ကို ဖတ်ခဲ့ရပြီးသည့်နောက်မှာ သတိရတိုင်း အမေ့ကို သူ မျှော်နေမိခဲ့သည်။

ကလေးဆိုတော့လည်း ဆော့ကစားရင်း အားလုံးကို မေ့သွားတာမျိုးလည်း ရှိလေသည်ပေါ့။ သို့သော်လည်း အကြောင်း တခုခုကြောင့် (ဥပမာ- အမေဆိုနေကျ - နီးဖို့ရာဆိုရင် ၀ါဆိုတောင်မှ ပြာသို နားတွင် ထားလိုက်ချင်- ဆိုသည့် သီချင်းကို အမှတ်တမဲ့နဲ့ ရေဒီယိုက လာနေတာကို သူ ကြားလိုက်ရရင်) အမေ့ကို သူ တအားလွမ်းရသည့် အချိန်အခါများ ရှိလေသည်။ ထိုအခါ ကလေးပေမင့် သူ အူတွေ လိပ်လိပ်တက်လာတာကိုလည်း သူ ယနေ့ထက်ထိ ခံစားနေရသေးသည်။
- အို- ဘာပဲဖြစ်ဖြစ် အမေ ပြန်လာတော့မှာပါလေ။
ဒီလိုပဲ သူ့ဘာသာသူ ဖြေသိမ့်နေလေသည်။

တနေ့သားတော့ (သူ့စိတ်ထင် ၁၉၇၀ ဖြစ်မည်။ တကယ်ကတော့ တညသား ဖြစ်ပါသည်) အမေ တကယ်ကိုပင် အိမ်ကို ပြန်ရောက်လာခဲ့ပါသည်။ အမေ့ကို ခေါ်သွားသူများက ခေါ်သွားတုန်းက သူရဲဘောကြောင်စွာ ခေါ်သွားခဲ့သလိုပင် ပြန်ပို့ တော့လည်း သူရဲဘော ကြောင်စွာ ညဖက်ကြီးမှ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ပါသည်။ ဒါပေသည့် အမေပြောခဲ့သလို သူတို့အတွက် မုန့်တွေ ပါမလာပါ။ ဘာပဲဖြစ်ဖြစ် မုန့်တွေထက် အမေ့ကို သူ အလိုချင်ဆုံး မဟုတ်လား။ မုန့်တွေကိုလည်း သူ သတိမရပါ။ အမေ့ကိုသာ တင်းတင်း ကျပ်ကျပ်ကြီး ဖက်ထားရင်း သူ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်ကြီး အိပ်ပျော်သွားခဲ့သည်လေ။ ညတိုင်း အိပ်ရာဝင်ချိန်မှာ သူ့ကို ပုံပြောပေးရသည့် သူ့ အဒေါ်နှစ်ယောက်ကိုပင် သူ သတိမရတော့ပါ။ ထိုနေ့က သူ့ဘ၀မှာ အပျော်ရွှင်ရဆုံး နေ့တနေ့ ဖြစ်ခဲ့သည်လေ။ ပျော်လွန်းလို့ အမေ အိမ်ပြန်ရောက်လာသည့်နေ့က သူ ငိုသလား အမေ ငိုသလား ဆိုသည်ကိုပင် သူ မမှတ်မိတော့ချေ။

နောက်တနေ့ သူ ကျောင်းသွားတော့ တွေ့သမျှ သူငယ်ချင်းတွေ အားလုံးကို သူ ကြွားနေမိလေသည်။
- မနေ့ညက ငါ့အမေ အိမ်ပြန်ရောက်လာတယ် သိလား။
သူ့မျက်နှာက ပြုံးပြုံးကြီးလည်း ဖြစ်နေလေသည်။ ဒါပေသည့် သူ့ သူငယ်ချင်းတွေကတော့ သိပ်နားလည်ကြဟန် မတူပါ။ တယောက်က သူ့ကို မေးလေသည်။
- မင်းအမေက ဘယ်သွားနေလို့လဲ။
သူ့ အဖြေကလည်း အူကြောင်ကြောင်ဖြစ်ပါသည်။
- သိဘူးကွ။
တခါတခါ သူကလည်း အူကြောင်ကြောင်ပါပေ။
အတန်းထဲရောက်တော့ သူ့ဆရာမ စားပွဲနားကိုသွားရင်း
- မင်္ဂလာပါဆရာမ။ သားမေမေ မနေ့ညက ပြန်ရောက်လာတယ် သိလား။
ဆရာမကတော့ သူ့မိသားစု အကြောင်းကို သိထားလေသည်လား မသိဘူးလားတော့ သူလည်း မသိပါ။ ဒါပေသည့်
- ဟုတ်လား သား။ အခု သား သိပ်ပျော်သွားပြီပေါ့ ဟုတ်လား -
ဆိုသည့် ဆရာမ၏ စကားလေး တခွန်းနဲ့ပင် သည်ဆရာမကို သူ သိပ်ချစ်သွားသည်လေ။
- သြော် ဆရာမက ငါ့ကို နားလည်သားပဲနော်။
ဆရာမနံမည် ဒေါ်တင်တင်-ဆိုသည်ကို သူ့ အသည်းထဲမှာ စွဲသွားတော့လေသည်။ သူ့ ပထမတန်း အတန်းပိုင် ဆရာမ ဒေါ်တင်တင်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်သူကပဲ မေးမေး Who is your favorite teacher? ဆိုလျင် - ဒေါ်တင်တင် ပါပေ။

-----

အမေ အိမ်ကို ပြန်ရောက်လာကတည်းက အချိန်ရှိသရွေ့ အမေ့နားမှာပဲ သူ ကပ်နေခဲ့သည်။ သည်လိုနဲ့ တနေ့သားတော့ စာအုပ်ဘီရိုတွေ ထားသည့် အခန်းမှာ အမေ ပစ္စည်းတွေ ရှင်းနေတာ သူတွေ့ ရလေသည်။ စာအုပ်တွေ၊ စာရွက်တွေ၊ ဓါတ်ပုံတွေ၊ နောက် ရင်ထိုးတံဆိပ်လေးတွေ၊ အိုး-ပစ္စည်းအမျိုးစုံပါပဲ။ သူလည်း စိတ်ဝင်စားမိသွားပြီး လျှောက်ကြည့်လေသည်။ သည်မှာ သူ ပထမဆုံး စိတ်ဝင်စားသွားသည်က ရင်ထိုးတံဆိပ်လေးတခု။
- မာမာ ဒါဘာလဲ ဟင်...။
တံဆိပ်ကလေးက ရွှေရောင်လေးလက်နေသည်။ ကမ္ဘာလုံးပုံလည်း ပါသည်။ စာအုပ်တခုပုံလည်းပါသည်။ (ဒါပေသည့် အခုအချိန်မှာတော့ အသေးစိပ် သူ မမှတ်မိတော့။ နှစ်တွေက ၄၀ နီးပါးရှိနေပြီ မဟုတ်လား။)
- အဲဒါ နိုင်ငံတကာကျောင်းသားများသမဂ္ဂတံဆိပ် သားရဲ့။
အမေ့ အဖြေကိုလည်း သူ နားမလည်ပါ။ နိုင်ငံတကာ-ကိုလည်း သူမသိ။ သမဂ္ဂ-ကိုလည်း သူ မသိချေ။ ဒါနဲ့ တံဆိပ်လေးကို လက်က သူ ချလိုက်ပြီး နောက်ထပ် သူ စိတ်ဝင်စားမိသည့် စာရွက်တခုကို သူ ကောက်ကိုင်လိုက်မိသည်။ စာရွက်ပေမယ့် ရိုးရိုးစာရွက် မဟုတ်၊ အဖြူရောင်ကတ္ထူပြားတခုဖြစ်ပြီး ဘောင်တခုလုံးမှာ ရွှေရောင် ဖောင်းကြွ ကနုတ်တွေ ခတ်ထားလေသည်။ စာရွက်ပေါ်က စာတွေကို ဖတ်ကြည့်မိတော့ အဖေ့နံမည်နဲ့ အမေ့နံမည်ကို သူတွေ့ရလေသည်။
- မာမာ ဒါက ဘာလဲ ဟင်။
- ဒါ သားဖေဖေနဲ့ မေမေ့ လက်ထပ် စာချုပ်လေ သားရဲ့။
လက်ထပ်တာကိုရော စာချုပ်-ဆိုတာကိုရော ထို အချိန်က သူ မသိသေးပါ။ သူ သိတာကတော့
- အဖေက အိမ်မှာလည်း မရှိဘူး။
သည်မှာ အမေ့ကို မေးဖို့ သူ သတိရသွားလေသည်။
-ဒါနဲ့ ဖေဖေက ဘယ်မှာလဲ မာမာ။ သားလည်း တခါမှ မတွေ့ ရဘူး။
သည်မေးခွန်းနောက်မှာတော့ အမေက သူ ရှင်းနေသည့် ပစ္စည်းပုံထဲမှ ဓါတ်ပုံ တထပ်ကို ဆွဲထုတ်လိုက်ရင်း -
- ဒီမှာ သား ဖေဖေ ဓါတ်ပုံတွေရှိတယ်။
အမေပေးလာသည့် ဓါတ်ပုံများကို လှမ်းယူရင်းက အမေ့ကို သူထပ်မေးလိုက်ပြန်သည်။
- ဖေဖေက အခု ဘယ်မှာလဲ မာမာ။
- တနေရာရာမှာပေါ့ သားရယ်။ ဒီကနေ ဟိုးအဝေးကြီး တနေရာရာမှာပေါ့။ ဒါပေမယ့် သားတို့ကို သူက သိပ်ချစ်ပါတယ်။
အမေ့စကားကို သူ နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေလေသည်။ ဒါကို အမေက သိဟန်တူသည်။
- ဒီမှာ ကြည့်၊ သား ဖေဖေ့ပုံတွေ။
ပြောရင်း အမေက ဓါတ်ပုံတခု ဆွဲယူလာပြသည်။ ဓါတ်ပုံထဲမှာက ခွပ်ဒေါင်း အလံတခုနဲ့အတူ အသက် နှစ်ဆယ်ကျော်ခန့် လူရွယ်တအုပ် လက်သီးလက်မောင်းတွေဆန့်တန်းပြီး အော်ဟစ်နေကြသည်ကို သူတွေ့ရသည်။
- ဖေဖေက ဘယ်မှာလဲ ဟင်။
- ဒီမှာ သားရဲ့။
အမေ ထောက်ပြသည့် ကတုံးဆံတောက်နဲ့ လူတယောက်ရဲ့ ပုံကို ကြည့်ရင်း -
- အော် ဒါ ငါ့အဖေပဲ- လို့ သူ့စိတ်ထဲမှာ တွေးမိသော်လည်း သူ ဆက်တွေးဖြစ်နေမိသည်က
- အဖေနဲ့ သည်လူတွေက ဘာဖြစ်လို့ အော်နေကြတာလဲ။
- ဖေဖေနဲ့ ဒီလူတွေက ဘာလုပ်နေကြတာလဲ မာမာ၊ ဘာဖြစ်လို့ သူတို့ အော်နေကြတာလဲ။
- အော်နေတာ မဟုတ်ဘူး သားရဲ့ ဆန္ဒပြရင်း ကြွေးကြော်သံတွေ တိုင်နေကြတာ။
- အား မေးလေ ရှုပ်လေ ဖြစ်လာပြီ-ဟု
သူ တွေးနေမိသည်။
- ဆန္ဒပြတယ်ဆိုတာ ဘာလဲ။ ကြွေးကြော်သံဆိုတာ ဘာလဲ။
သည်လိုနဲ့ သူ့ရဲ့ မဆုံးနိုင်သော မေးခွန်းများကို အမေက စိတ်ရှည်လက်ရှည် ဖြေဆိုရင်း နေ့တိုင်းနီးပါး သမိုင်းတခု၏ ကြိုးထုံးများကို တဖြည်းဖြည်းချင်း သူ့ကို ဖြည်ပြခဲ့လေသည်။ ဓါတ်ပုံတွေကလည်း အထောက်အကူ ပြုနေတော့ - ဒါက ဦးဗဆွေလေး၊ ဒါက ဦးဘကောင်း၊ ဒါက ဦးအောင်သိမ်းနိုင်၊ ဒါက ဦးလှကြည်၊ ဒါက ဖေဖေ၊ ဒါက မေမေ၊ ဒါက ဦးတင်မောင်ဝင်း၊ ဒါက ဦးညိုဝင်း - စသည်ဖြင့် ဓါတ်ပုံတွေကတဆင့် လူတွေအားလုံးကို သူ ရင်းနှီးနေခဲ့တော့သည်။

သည်လိုနဲ့ ဆဲဗဲင်းဂျူလိုင်၊ ဗကသ၊ တကသ၊ တပ်ဦး၊ ဒီအက်စ်အို၊ သမဂ္ဂ၊ ခွပ်ဒေါင်းအလံ၊ အိုးဝေမဂ္ဂဇင်း၊ စိန်ပန်းပြာ၊ မန္တလေးဆောင်၊ စစ်အစိုးရ၊ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှု၊ ယူနီယံအဆောက်အဦး၊ ဗုံးခွဲမှု၊ ရာကျော်ကျောက်တိုင်၊ နိုင်ငံတော်ပုန်ကန်မှု။ သူ့ရင်ထဲမှာ အုပ်ချပ်တွေ တထပ်ပြီးတထပ် စီထပ်ထားသော အဆောက်အအုံတခုက ဖြစ်တည် လာခဲ့လေတော့သည်။

သမိုင်းတွေကို ပြန်ပြောပြနေချိန်မှာတော့ အမေက သူ့မျက်နှာကို မကြည့်ချေ။ အဝေးတနေရာဆီကို လှမ်းကြည့်ရင်း ပြောနေလေ့ ရှိသည်။ ၁၉၆၂ ခုနှစ်ရဲ့ ဇူလိုင်လ ၈ ရက်နေ့မှာ သမဂ္ဂ အဆောက်အဦးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဖေနဲ့အမေ့ရဲ့ မင်္ဂလာ ဧည့်ခံပွဲ၊ သမဂ္ဂရုံး အပေါ်ထပ်မှာ အဖေနဲ့အမေ့အတွက် စုပုံထားတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေရဲ့ မင်္ဂလာလက်ဖွဲ့ ပစ္စည်းတွေ၊ အခမ်းအနားမှာ ပြောဖို့ ပြင်ဆင်ထားတဲ့ မပြောဖြစ်ခဲ့တဲ့ အဖေနဲ့အမေ့ရဲ့ စကား။ အားလုံးဟာ ဆဲဗဲင်းဂျူလိုင် အရေးတော်ပုံကြီးကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ ရူးသွပ်မိုက်မဲတဲ့ အာဃာတနဲ့ ဖေါက်ခွဲ ဖျက်ဆီး ပစ်လိုက်တဲ့ ယူနီယံအဆောက်အဦးနဲ့အတူ တစစီ ဖြစ်သွားရပုံတွေ။

သည်လိုနဲ့ အိမ်ထောင်ဦးအစမှာကတည်းက စစ်အာဏာရှင်စနစ်ကြောင့် တကွဲတပြားဖြစ်ခဲ့ရတဲ့ အဖေနဲ့ အမေ့ရဲ့ဘ၀က ကြမ်းတမ်းလှသည်ကို သူ သိရှိ ခံစားလာခဲ့ရသည်။ ဆဲဗဲင်းဂျူလိုင်တစ္ဆေက သူ့မိခင်နဲ့ဖခင်ကို ခြောက်ခဲ့သလို သူ့ကိုလည်း ခြောက်ခဲ့ပါလေသည်။ ၇ နှစ်သားမှာ သူ သူပုန် ဖြစ်ခဲ့ပါပြီ။ ဒါပေသည့် ထိုအချိန်ကတော့ သူက ငယ်သေးသည် မဟုတ်လား။ သူက စာအုပ် သူပုန်သာ။

ကမ္ဘာကို ကိုင်လှုပ်သော ထိုဆယ်ရက်၊ သံမဏိ သူရဲကောင်းများ၊ တရုပ်ပြည်သူ့ သူရဲကောင်းများ၊ အလံမလဲစတမ်း - စသည့် သူ့အတွက် ဖတ်ရှုလို့ ကောင်းလွန်းလှသော အများအကျိုးဆောင်ခဲ့သည့် သူရဲကောင်းတို့၏ တကယ့်အဖြစ်အပျက်များ။

ချောအိရဲ့ -
အောင်လံနီ လွှင့်ထူမည်၊
ဇွဲသတ္တိနဲ့ ရဲသွေးနီ၊
ဖက်ဆစ် ဘီလူး ခွေးရူးဆီ၊
အသေသတ်ကြဖို့ ရင်ကော့ ချီလာပြီ။
သေနတ်ကိုဆွဲ တိုက်ခဲ့သည်
အလံမလှဲ နိုင်အောင်ပဲ ဇွဲနဲ့ တိုက်ရမည်၊
သေနတ်မရှိရင် ဓါးနဲ့ခုတ်မည်၊
ဓါးမရှိရင် တုတ်နဲ့ရိုက်မည်၊
တုတ်ကို ချိုးရင် လက်သီးစာ ကြွေးမည်၊
လက်ကို ချုပ်ရင် ခြေနဲ့ ကန်မည်၊
ခြေတွေဖြတ်လည်း ခေါင်းရှိသေးသည်၊
ခေါင်းနဲ့ဝှေ့ရမည်၊
- ဆိုသော
သူ့ကို အမေ ဆိုဆိုပြနေသည့် သီချင်းထဲမှ လှေခွက်ချည်းကျန် အလံမလှဲစတမ်း စိတ်ဓါတ်များ သူ့ သွေးကြောတွေထဲ စီးဝင် လည်ပတ်နေခဲ့ပါပြီ။

-----

အဝေးကို ငေးကြည့်ရင်း သမိုင်းဆက်ထုံးများအား သူ့ကို ဖြည်ပြနေသော သူ့မိခင်ကို နောက်ကျောဖက်မှ သူ အသာ ပွေ့ဖက်ရင်း -
- မာမာ ညောင်းနေပြီ။ မှောက်မှောက် သား နင်းပေးမယ်။- ဆိုတော့
- သားရယ် အခုနေဆို သား ဖေဖေက မာမာ့ထက် ပိုညောင်းနေမှာပါကွယ်။
- ဒါဆို ဖေဖေက ဘယ်မှာလဲ ဟင်။
- သား ဖေဖေကို သား တွေ့ခဲ့ဖူးတာပေါ့။ နှစ်ခါတောင်။ တခါက သားနဲ့ မာမာနဲ့။ နောက်တခါကတော့ သားရော သားကိုကြီးပါ ပါတယ်။ သားက ငယ်လွန်းသေးတော့ မမှတ်မိသေးတာ။
သည်လိုနဲ့ အမေက ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ အဖေ့ကို သူတို့ သွားတွေ့ခဲ့ရပုံတွေကို သူ့ကို ပြန်ပြောပြနေလေသည်။

(ဆက်ရေးပါဦးမယ်)

- အောင်သာငယ် -

Jul 2, 2008

ကြိုးပြတ်ဂစ်တာ











ကာရံမှားကဗျာတပုဒ် -
အသက်ရှူဖို့ အားမထုတ်တော့ဘူး
ပုံလျက်သား မူးလဲနေပေါ့
ဟော့ဒီ အခန်း ထောင့်ထဲမှာ ....

မျက်တွင်း ဟောက်ပက်
ညည်းဆိုခက်သီချင်းတပုဒ်လည်း -
အရုပ်ကြိုးပြတ် ဖြစ်နေခဲ့...

မိုးတိမ်
သက်တန့်နဲ့
လွပ်လပ်စွာ ပျံသန်းသောငှက်
ပွေ့ဖက်ခြင်း ဟင်းလင်းပြင်
အိပ်မက်ထဲက သစ်တပင်
အိပ်ယာဝင်ခက်ခဲလွန်းသော ဦးထုပ်တလုံး
အားလုံး အားလုံး
တုံးလုံးပက်လက်
အသက်မဲ့နေ...။

ခန္ဓာကိုယ်ရဲ့
လှုပ်ခုန်နေတဲ့ တနေရာ
ငါ့ဘာသာငါ
လှီးဖြတ်ထုတ်ယူခဲ့ရ...

နာ...
ကျင်...
လိုက်တာလေ....

ဒီလိုနဲ့
ဝိဥာဉ်မဲ့အခန်းတခုဟာ
ဂစ်တာတလက်ထဲ
မရဲတရဲ တိုးဝင်သွားလေရဲ့။

(ဆောင်းလွမ်းနေ)

အလွမ်းများ

နေညိုချိန်ရဲ့ လေညင်းလေး
သယ်ယူလာတဲ့ အမှောင်ရဲ့ည
သတိရမိတယ် မင်းနဲ့ ငါ့ အတိတ်ဟောင်း

အို ပင်လယ်ပြင်မှာ ရိုက်သောလှိုင်း
ခံနိုင်ရည်နဲ့ ဖြတ်သန်းတိုင်း
ဘ၀ရဲ့ လှိုင်းဒဏ်ကြားထဲ တို့ ပျော်ခဲ့

ရင်မှာဝမ်းနည်း ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း
တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့
ယံကြည်နေရင်းနဲ့ အဝေး-- ဝေးပြီဟေ့---

ဘယ်ဆီကိုရောက်ရောက်----
ဘာတွေကို လုပ်လုပ်-----
အတွေးထဲ အမြတမ်း မင်းဝင်နေတယ်
ဒဏ်ရာတွေနဲ့ည-----
နာကျင်နေတဲ့အချိန်တိုင်း-----
ကိုယ်ဘယ်လိုမှ ဖြတ်သန်း မရနိုင်တဲ့
အလွမ်းများ------

နေညိုချိန်တွေ ငါကျောခိုင်း
အချိန်နာရီတွေ ငါမေ့လိုက်
တို့ရှေ့ဆက်ရမယ့်လမ်းများလည်း ပျောက်ဆုံး

ဒီရာသီတွေဟာ လည်ပတ်ခဲ့
ဘ၀ရဲ့ လှိုင်းဒဏ်တွေ့ရတိုင်း
အို- မင်းမရှိတဲ့အခါ တမ်းတရင်း ကြေကွဲ

ရင်မှာ ၀မ်းနည်း ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း
တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့
ယုံကြည်နေရင်းနဲ့ အဝေး----- ဝေးပြီ ဟေ့ ----

ဘယ်ဆီကိုရောက်ရောက်-----
ဘာတွေကို လုပ်လုပ်-----
အတွေးထဲ အမြတမ်း မင်းဝင်နေတယ်
ဒဏ်ရာတွေနဲ့ည-----
နာကျင်နေတဲ့အချိန်တိုင်း-----
ကိုယ်ဘယ်လိုမှ ဆက်ပြီး မရုန်းနိုင်တော့
ပြေးထွက်ခဲ့
အတူတူလျှောက်ဖူးတဲ့နေရာများ
မင်းရယ် တို့ရယ်
ရင်မှာ ရူးသွပ်တဲ့ ညတိုင်း
အလွမ်းများ-----

Solo

ဘယ်ဆီကို ရောက်ရောက်
ဘာတွေကို လုပ်လုပ်
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်
ဒဏ်ရာတွေနဲ့ည
အို--နာကျင်နေအချိန်တိုင်း
ကိုယ်ဘယ်လိုမှ ဆက်ပြီး မရုန်းနိုင်တော့
ပြေးထွက်ခဲ့
အတူတူ လျှောက်ဖူးတဲ့နေရာများ
မင်းရယ် တို့ရယ်
ရင်မှာ ရူးသွပ်တဲ့ညတိုင်း
အလွမ်းများ-----

အိုး--- အလွမ်းများ

Jul 1, 2008

ဂျစ်ပဆီမိုးတိမ်

ငယ်ငယ်က ချာတိတ်အရွယ်ကျောင်းနေတုန်း
လူတကာလို မဟုတ်ဘူး အရမ်းကိုဆိုး
လူလိမ္မာတော့ မဖြစ်ချင်ခဲ့
ကဲ--- အခုတော့ ဘယ့်နှယ်လဲ

စာသင်ဖို့ဆိုတာ စိတ်တွေပျက်
ဘီးတဲလ်စ် သီချင်းများ ကျက်နေခဲ့
ကမ္ဘာကျော်ကဗျာတွေဖတ်ပြီး အချစ်ကိုတွေး
ငါအသည်းကွဲတတ်ပြီလေ

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ကနေတဲ့ ဇာတ်လမ်း မှားနေပြီ
ဘယ်လိုနေထိုင်ရမလဲ ဘ၀ဆိုတာ
အိုး---ပြဇာတ်တပုဒ်လိုပဲ

ပီကာဆိုဘ၀ ငါလေရခဲ့ချင်ရဲ့
ဝါရင်ဘီတီလိုပဲ ဖြစ်ချင်တယ်
မီလီယံဒေါ်လာတွေထက် အဖိုးတန်တဲ့
စိတ်ကူးတွေ ရှိနေတယ်

ဒါတွေ ဘယ်တော့ ဖြစ်မလဲ ဟေ့--- အချစ်
နေရာ အခွင့်အရေးလေးပဲ ပေးလိုက်စမ်း
ဘယ်လိုဖြစ်မလဲ ကြည့်လေ
အချိန်နဲ့ တိုင်းတာမယ်

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ငါဟာ ဂျစ်ပ်ဆီ-ဟေ့ ခရီးနှင်တယ်
ကြိုတင်ကာ ဇာတ်ညွှန်းဖတ်မလာသူ
မင်းသား တယောက် လိုပဲ

ငါ့ကို ဘာထင်ထင် ဘာဖြစ်လဲ
အို-ကွယ် --- အချစ်လေး ရှိနေတယ်
မီလီယံဒေါ်လာတွေထက် အဖိုးတန်တဲ့
စိတ်ကူးများ ရှိနေတယ်

ဒါတွေ ဘယ်တော့ ဖြစ်မလဲ ဟေ့--- အချစ်
နေရာ အခွင့်အရေးပဲ ပေးလိုက်စမ်း
ဘယ်လိုဖြစ်မလဲ ကြည့်လေ
အချိန်နဲ့ တိုင်းတာမယ်

Solo

ဘယ်လို ထင်-ထင်- ဖြစ်တယ်လေ
ထာဝစဉ် မှန်ကန်မယ့်တရား မရှိနိုင်ပါ
တချပ်မှောက်တဲ့ ကစားပွဲများ
အဖြေဟာ ၀ိုင်းသိမ်းတော့မှ သိမယ်လေ-

ငါ ထာဝစဉ်မတည်ငြိမ် မိုးတိမ်ပဲ
ဂျစ်ပ်စီတွေလို မရပ်မနား ခရီးနှင်တယ်
ဇာမဏီသွေးတွေ အပြည့်နဲ့ လမ်းပေါ်မှာ
ငါလျှောက်ခဲ့မိပြီလေ

ဘ၀က အပြောင်းကြီး ပြောင်းလဲခဲ့
မရည်ရွယ်တာတွေအကုန်လုံးပဲ ဖြစ်လာတယ်
ကြိုတင်ကာ ဇာတ်ညွှန်း ဖတ်မလာသူ
ဘ၀ဟာ မင်းသားတယောက်လိုပဲ

အရာရာဟာ အချစ်ရေ့ မတည်ငြိမ်ဘူး
ငါ နေထိုင်လာခဲ့နှစ်က
မယုံနိုင်ဘူး
ရုပ်ရှင်ကြည့်ရသလို
ဘ၀က ဆန်းကြယ်တယ်