May 15, 2009

တစိမ့်စိမ့်ကြည့်

(မအယ် ရဲ့ ဘလာဘလာယဉ်ကျေးမှုကို ဖတ်ပြီး သူ့ ပို့စ်ကို ထောက်ခံသည့် အနေဖြင့် သည်စာကို ရေးပါသည်)

ဘယ်နားသွားသွား တိုးတိုး တိုးတိုးနဲ့ ကြားနေရသည်။

- ဟဲ့... သိလား... ဘယ်သူ့ကိုလေ... ဘယ်ဝါက... အ၀ှာအမှု လုပ်လိုက်ပြီတဲ့... အခု ဟိုနေရာကို ပို့လိုက်ပြီတဲ့... ဟိုလောက်တော့ အပြစ်ချမယ်လို့ ပြောနေကြတယ်... သိလား... -

အလွန်တရာ လျှို့ဝှက်အပ်သော အနှီနိုင်ငံကြီးမှာ လင်မယားချင်း စကားပြောလည်း တီးတိုး ပြောရလေသည်။ သည်လိုနဲ့ ဈေးဝယ်ဖို့ သွားသွား၊ ဘတ်စကား တိုးစီးစီး၊ ခရီးပဲ ထွက်ထွက်၊ လဘက်ရည်ဆိုင်ပဲ ထိုင်ထိုင်၊ ဘီယာဆိုင်မှာပဲ နှပ်နှပ် တီးတိုးတီးတိုး ပြောဆိုနေသံတွေ ကတော့ အဆက်မပြတ်ကို ကြားနေရလေသည်။ လူတွေလူတွေ နှစ်ယောက် ရှိနေလို့ကတော့ တီးတိုး တီးတိုး လုပ်၊ တွတ်တီး တွတ်တာ ပြော နေကြတော့သည်။ အထက်မှ တီးတိုးစကားနဲ့ အတူ နောက်ဆက်တွဲ အမြဲကြားနေရသည်ကတော့...

- စိတ်ညစ်ဖို့ ကောင်းလိုက်တာ... -

စိတ်ညစ်ဖို့ပါဆိုမှ ဘယ်လိုလုပ် ကောင်းတော့မလဲ။ ဒီလူတွေဟာ မဟုတ်သေးပါဘူး။ စိတ် မညစ်ဖို့ ကသာ ကောင်းတာ မဟုတ်ဘူးလား။ အတော် ခက်တဲ့လူတွေ။ စိတ်ညစ်ဖို့ဆိုတာကို ကောင်းတယ်လို့ သူတို့ ယူဆနေလို့ အနှစ် နှစ်ဆယ်ကျော်အောင် ထိုင် စိတ်ညစ်နေ ကြတာဖြစ်မယ်။ စိတ်မညစ်ဖို့ကသာ ကောင်းတဲ့ အကြောင်းကို ဒီလူတွေ နည်းနည်းလေးမှ စဉ်းစားမိကြပုံ မပေါ်ဘူး။ ဒီလိုမျိုး ဘာမှ မစဉ်းစားတဲ့ လူတွေ အကြောင်းကို စဉ်းစားရတာလည်း အတော်ကို စိတ် ညစ်ဖို့ ကောင်းတာပဲ။ ဒုက္ခော... အာ.... ကိုယ်ပါ သူတို့ စကားတွေ ခဏခဏ နားထောင်မိပြီး ရောယောင်ပြီး စိတ်ညစ်ဖို့ ကောင်းနေမိပြီ။ ဒုက္ခပါပဲ။

- ဘယ်လို လုပ်ရင် ကောင်းမလဲ မသိတော့ပါဘူး... -

ဟော ကြားရပြန်ပြီ။ စိတ်ညစ်ဖို့ ကောင်းလိုက်တာ ဆိုတဲ့ စကားလိုပဲ။ ဒီစကားကလည်း မဟုတ်သေးပါဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ မသိရင် - ဘယ်လို မလုပ်ရင် ကောင်းမလဲ - အဲဒါကို တွေးကြရမှာ။ ဒီလူတွေ အဲဒါကို စဉ်းစဉ်းစားစား စဉ်းစားကြပါတော့လား။ ဘယ်လို မလုပ်ရင် ကောင်းမယ့်ဟာတွေကို စဉ်းစားနိုင်ကြရင် ကျန်တာတွေက ဘယ်လိုလုပ်လုပ် လုပ်လို့ ကောင်းမယ့်ဟာတွေပဲပေါ့။ ဒီလောက် လွယ်တာလေးကို။ ဒီလူတွေ မစဉ်းစားနိုင်ကြတာ အံ့ပါရဲ့။ ဒီလူတွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ မသိတော့ပါဘူး။ ဟဲ့... ပလုပ်တုပ်... စဉ်းစားရင်းနဲ့ ကိုယ်ပါ ဘယ်လိုလုပ်ရင် ကောင်းမလဲ မသိတဲ့ ဂိုဏ်းဝင် ဖြစ်နေပါပေါ့လား။ မဖြစ်သေးပါဘူး ဖောက်ထွက်ပြီး တွေးဦးမှပဲ။ out of the box လို့ ပြောပြောနေကြတာ အဓိပ္ပါယ်ရှိတယ်။ ဖြန့်ကျက်တွေးတာတို့၊ ဖောက်ထွက်တွေးတာတို့... အဲလိုမျိုးပေါ့။ နေဦး ခုလောလောဆယ် အိပ်ငိုက်နေတော့ ဖြန့်ကျက် မတွေးနိုင်သေးဘူး။ ဖောက်ထွက်ပဲ တွေးတော့မယ်။ ဖောက်ထွက်တွေးဖို့ ခုံပေါ်မှာ မှောက်လျက်လေး ... အဟဲ...း)

- ဒီလိုပဲ ထိုင်ကြည့်နေကြတော့မှာလား... -

ဟော... ကြားရပြန်ပြီ။ ခက်တဲ့လူတွေပဲ။
ဒီလိုပဲ ထိုင်မကြည့်ချင်ရင် ကြည့်နေလို့ရတဲ့ နည်းတွေ အများကြီး ရှိနေတဲ့ဟာကို။
ထိုင်မကြည့်ချင်ရင်
ဖောက်ထွက်တွေးဖို့ မှောက်လျက်ကလေး ကြည့်၊
ဒါမှမဟုတ် နက်နက်တွေးဖို့ ပက်လက်ကလေး ကြည့်၊
ဒါမှမဟုတ် စိတ်လက်အေးဖို့ အိပ်လျက်ကလေး ကြည့်၊
ဒါမှမဟုတ် အရေးအကြောင်းရှိပြေးဖို့ ဘေးစောင်းကလေးကြည့်။

ထိုင် မကြည့်ချင်ရင်တော့ ကြည့်ချင်တဲ့ နည်းနဲ့သာ ကြည့်ကြပေတော့ဗျာ။
ကြည့်ဖို့ပဲ ဆုံး ဖြတ်ထားကြရင်တော့ စိတ်ချမ်းသာသလိုသာ ကြည့်နေကြ ပေတော့။
အကောင်းဆုံးကတော့ အဆိုတော် ဖိုးကာရဲ့ သီချင်းလေးတပုဒ်ရဲ့ ခေါင်းစဉ်လို
တစိမ့်စိမ့်ကြည့် နေကြပေတော့ဗျား...

ဝန်ခံချက်။ ။ ကျနော့် အားနည်းချက် တခုရှိတယ်။ ရွဲ့တတ်တာပါ။ ဘလော့တွေပေါ်မှာ ကွန်မန့်တွေ ကိုလည်း ရွဲ့ပြီး ကျနော် ရေးတတ်တယ်...း) တကယ် စိတ်ထဲက ရေးချင်လို့ မဟုတ်ပါ။ ခုစာကလည်း တကယ် ရီစရာ စာမဟုတ်ပါဘူး။ ရွဲ့ချင်စိတ် ပေါ်လာတာနဲ့ ရေးလိုက်တာပါလို့ အရိုးသားဆုံး ၀န်ခံအပ်ပါတယ်။

(အောင်သာငယ်)

16 comments:

  1. ထင်သား အစ်ကိုအောင်သာငယ်ကြည့်ရတာ ခပ်စောင်းစောင်းဖြစ်နေပါတယ်လို့
    လက်စသတ်တော့ အရွဲ့လွန်သွားတာကိုး...

    အစ်ကိုရေ စပြီးပြန်သွားပါပြီ

    ReplyDelete
  2. လူပါ ခပ်စောင်းစောင်းလေးနေကြည့်လိုက်ပါလား :)

    ReplyDelete
  3. ကျွန်တော်လဲ ရွဲ့တတ်တယ် အကို...
    ရွဲ့တတ်တာမှ ရွဲ့တယ်ပြောလေ ပိုရွဲ့ပြလေပဲ...
    အခု Comment ကိုလဲ ရွဲ့ပြီး ရေးသွာတာပါ...

    ReplyDelete
  4. ရွဲ့သောသူ အသက်ရှည်၏ တဲ့ ...
    ပို့သတဲ့ မေတ္တာတွေကြောင့်ပါ .. ။

    သက်တော် ရာကျော် ရှည်ပါစေသတည်း ...း)

    ReplyDelete
  5. တစ်သက်လုံးပဲ တီးတိုး သဖန်းပိုးထိုးခဲ့ရလို့ 
    ခုလိုလေး ဘလော့ပေါ်ကနေ နည်းနည်း အာပြဲ ကြည့်တာပါ။

    ဟိုလူက ဟိုလူတွေကို မိုက်ကရိုဖုန်းနဲ့ နီးလို့ အသံကျယ်တယ်တဲ့။

    မအယ်လည်း ဘယ်လောက်ကြောက်ကြောက် အွန်လိုင်းနိုင်ငံရေးတော့ စွာစိလန်အောင် ဘလာဘလာလုပ်ချင်တာပေါ့။

    အမျိုးသားက ပြောတယ်။ အမှတ်တရလို့ ပြောမနေနဲ့ တော့တဲ့ စောင်းမြောင်းထွေလာ ဘလော့လို့ နာမည်ပြောင်းတော့တဲ့။
    ဘယ်တတ်နိုင်မှာ လည်း စောင်းမြောင်းစရာတွေကို ပဲ အမှတ်တရ ဖြစ်နေတာကိုး။
    အကုသိုလ်ကြီးတယ်ပဲ မှတ်ရတော့မှာပဲ။

    ReplyDelete
  6. 16 May 09, 11:32
    အောင်သာငယ်: မအယ် - ဆိုင်တဲ့ အကြောင်းကို မဆိုင်တဲ့ ပို့စ်တခုမှ ကွန်မန့် ထားခဲ့တယ် ဖတ်ကြည့်လိုက်ဦး... အထင်တွေ လွဲနေမှာစိုးလို့...
    16 May 09, 11:35
    အောင်သာငယ်: အရေး မတတ်တော့ ပြန်ရှင်းပြနေရတယ်။ ဘလော့ ပို့စ်အစမှာ ထောက်ခံပြီး ရေးထားတာပါလို့ ပြန်ပြင်ရေးထားပါတယ် ဗျား...
    အောင်သာငယ်: ကျနော့် ဘလော့က ပို့စ်မှာလည်း မအယ် ရေးထားတာကို ထောက်ခဲ့တဲ့ အနေနဲ့ ရေးပါသည်လို့ ပြန်ပြင်ရေးထားပါတယ်... အရေးမတတ်တော့ အထင်လွဲစရာ ဖြစ်နေလို့...

    ReplyDelete
  7. ဘာခုမှာကြောက်ပါပြီလည်း ဌဲ..ဌဲ...ချစ်ကိုကြီး
    ရွဲ့တုန်းကတော့ရွဲ့ပြီးတော့ ဘာခုမှာလာပြီး ရှင်းပြမနေနဲ့

    ReplyDelete
  8. ကိုအောင်သာငယ်
    မအယ်က ဘာမှ အထင်မလွဲဘုး။
    ပို့ စ် ဖတ်ပြီး သဘောကျနေတာ။
    ကိုအောင်သာငယ် ဖောက်ထွက်တွေးတာ ဒီတစ်ခါတော့ လွဲသွားပြီ။

    ReplyDelete
  9. မအယ် - မှောက်လျက်တွေးတာ မှားတွားဘီ...း)

    ReplyDelete
  10. “သူ့ထက်သာ”

    သူပြောင်ရင် ခေါင်ကွန့်လို့
    ကြောင်ဝံ့တဲ့သူပါ
    ရှောင်မတွန့်ကျောက်သော်မာရင်
    နောက်တော်ပါ သံချောင်း။

    အိုးတော်က မဲ့ပိန်ရင်
    ရွဲ့လိမ်လိမ်စလောင်း။

    ပျော့ကြစို့ညီလွယ်ရင်
    ရွှေဆီဝယ် ချက်တဲ့ဖုရောင်း။

    .......(ဒီတနေရာမှာ မေ့သွားတယ်)
    ဉာဏ်စောင်း၍ခါးမူ
    တမာပင် ထိပ်ဖျားက ကြက်ဟင်းခါး သီးနိုင်တဲ့သူ။

    သူမည်းက မှောင်ကူမယ်။
    သူဖြူရင်ဖြူချင်းပ။

    ကြင်ချင်း ကြင်မယ်ဆို
    ရှစ်ဆလောက်ပို။

    ဆိုးကြစို့တကယ်ဆိုရင်
    ဓမြဗိုလ်လုပ်နိုင်ငဲ့လေး။

    (ဦးပုည)

    ReplyDelete
  11. ဦးပုညတေးထပ်ကို ခုလို မှတ်ခဲ့ဖူးတာပဲ။

    သူပြောင်လျှင် ခေါင်ကွန့်လို့
    ကြောင်ဝံ့တဲ့လူပါ။
    ရှောင်မ၀ံ့ ကျောက်တော်မာလျှင်
    နောက်တော်ပါ သံချောင်း။
    ပျော့မယ်ပါ့ ညီလွယ်လျှင်
    ရွှေဆီဝယ် ချက်တဲ့ ဖယောင်း။ ။

    အိုးတော်က မဲ့ပိန်ပိန်
    ရွဲ့လိန်လိန်စလောင်း။
    သူချိုလျှင် ကြံချောင်းပ
    ဥာဏ်တစောင်းခါးမူ
    တမာပင် ထိပ်ဖျားက
    ကြက်ဟင်းခါး သီးနိုင်တဲ့လူ။ ။

    သူ မဲက မှောင်ကူမယ်
    သူဖြူလျှင် ဖြူချင်းပ
    ကြင်ချင်း ကြင်မယ်ဆို
    ကိုးဆလောက်ပို။
    ဆိုးကြစို့ တကယ်ဆိုလျှင်
    ဓမြဗိုလ် လုပ်နိုင်ငဲ့လေး ။ ။

    ဒါနဲ့ စကားမစပ် နောက်ဆုံးပိုဒ်ကတော့ ဦးမင်းဒင်ကြီးရဲ့ ဆောင်းပါးကို စောင်းပါးရိပ်ခြေ ရေးထားသလိုပဲ။

    ReplyDelete
  12. အစ်ကိုကြီးရေ..

    ဟုတ်လိုက်လေ တိုးတိုး တိုးတိုးနဲ့.. ရင်ဘတ်ထဲမှာ အသံတွေ ကျယ်ကျယ်လာတာ နေရ ခက်လိုက်တာ..

    ဒီလို ရေးဘူးသေးတယ်..း)

    ကိုရင်နော်

    ReplyDelete
  13. 16 May 09, 01:50
    ဘလာ ဘလာ သားထူး: အဟား..အဟား..ချစ်ကိုကြီးက အကြံဦးသွားတာကို ညီလည်းနောက်တခုပြန်ရေးလိုက်အုံးမယ်မျှော်တော့နော့

    ReplyDelete
  14. 16 May 09, 10:59
    YoungGun: တစိမ့်စိမ့်မကြည့်နိုင်တဲ့အတွက် တစ်ခုခုရေးလိုက်ပါတယ် နေမင်းရဲ့ သမီးတော်..လို့။ အစ်ကို့ကို ဖိတ်ခေါ်ပါရစေ။

    ReplyDelete
  15. 16 May 09, 14:16
    လူရိုင်းလေး: လူရိုင်းလေးလဲ တစိမ့်စိမ့်ကြည့်ရင်း ရွဲ့ချင်လာသလိုဖြစ်လာတယ်။

    ReplyDelete
  16. မောင်မျိုးMay 17, 2009 at 6:51 PM

    ကျနော်ဖတ်ပြီးတာကြာပြီး =) ကြိုက်တယ် အော်...အန်ကယ်လည်း ဒါမျိုးလေးတွေဖြစ်တာပဲလို့ ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...