May 23, 2009

အိန္ဒြာနှင့်စကားပြောခြင်း












အိန္ဒြာရဲ့ ဗားတော့ဗရက်နဲ့စကားစမြည် ဆိုတဲ့ ကဗျာကို ဖတ်မိလို့
သည်ကဗျာကို ရေးမိပါတယ်။

အိန္ဒြာနှင့်စကားပြောခြင်း

အချိန်ကာလဆိုတဲ့ အခိုက်အတန့်ကိုက
စက္ကန့်မရွေး ပေါက်ကွဲသွားဖို့ အားယူနေတဲ့
လူမသိသူမသိ တချက်ချက်မြည်နေတဲ့
နာရီပျက်တလုံးကို သယ်ပိုးရင်းနဲ့
ကိုယ့်ကိုယ်ကို ဘာကောင်မှန်း မသိတဲ့
ချိန်ကိုက်ဗုံးတလုံးလည်း ဖြစ်နေခဲ့တာ
ကြာပါပေါ့... ငါ့ ညီမ...

သည်ဗုံး မပေါက်ကွဲခင်မှာကို
ဟောသည်လို ရက်ရက်စက်စက်
ကောက်ကျစ် ပက်စက်နေတဲ့ လောကကြီးမှာ
သင်ယူစရာတွေဆိုတာကလည်း
များကို များလွန်လွန်းနေတယ်...

ပေါက်ကွဲသွားမယ့် အချိန်တွေကို
အမှုမဲ့ အမှတ်မဲ့ ခြောက်ခြားနေရင်းက
ချစ်ခြင်းမေတ္တာတွေ ၀ံ့စားထားတဲ့
ကဗျာတပုဒ်ပုဒ်ကို
ရင်တွေ တဒုတ်ဒုတ်ခုန်ရင်း
နှလုံးသားနဲ့နှိုက်ထုတ်နေခဲ့ရတာကိုကလည်း
သင်ယူနေကြရတာပါပဲလေ...

ဆရာဇော်ဂျီ့ဆီက သင်ယူမယ်...
ဆရာတာရာ့ ဆီက သင်ယူမယ်...
ဆရာဂျမ်း ဆီက သင်ယူမယ်...

ပတ်ဗလိုနီရူဒါ ဆီက သင်ယူမယ်...
အိုမာခိုင်ယမ် ဆီက သင်ယူမယ်...
ယက်ဖ်တူရှင်ကို ဆီက သင်ယူမယ်...

ပျဉ်းမငုတ်တို ရှေ့မှာ သင်ယူမယ်...
ဗေဒါလမ်းမှာ သင်ယူမယ်...
ထင်းရူးပင်ရိပ်အောက်မှာ သင်ယူမယ်...

လူသားတွေအားလုံး
ချစ်ခြင်းမေတ္တာကို သင်ယူခြင်း ပြီးဆုံးတဲ့အခါ
ကမ္ဘာမြေ လှပါလာပါလိမ့်မယ်....

အဲသည်နေ့မှာ
ဗားတော့ဗရက်အကြောင်း
ကောင်းကောင်းကြီးပြောကြသေးတာပေါ့...

ATN

Photo source: http://dianeclancy.com/images/Conundrum-I.jpg

5 comments:

  1. အိန္ဒြာMay 23, 2009 at 6:59 AM

    အကို....

    ကျွန်မတို့တတွေက ကဗျာဆရာတွေ...လေ...

    ဗရက်...ရှင်က ကဗျာဆရာလေ..
    ရှင်က.. ကဗျာဆရာလေ.. ဗရက်...

    လူသားတစ်ယောက်ရဲ့သေခြင်းတရားကို..
    ဘယ်လိုနားနဲ့မှ မနာပျော်နိုင်သူ...
    အမှားအယွင်းနဲ့ အကြောက်တရားထဲကဘ၀တွေကို
    ကလောင်နဲ့စိုက်ပြီးကယ်ချင်သူ..
    ခေတ်တစ်ခေတ်နဲ့..
    စနစ်ဆိုးတစ်ခုကိုပဲ..ရွံရှာမုန်းတီးခဲ့သူလေ..

    ReplyDelete
  2. စကားစမြည်သံတွေကို လာနားထောင်သွားရဲ့

    ReplyDelete
  3. လာနားထောင်သွားပါတယ်။

    ReplyDelete
  4. ကဗျာတပုဒ်ပုဒ်
    ရင်တွေတဒုတ်ဒုတ်
    နှလုံးသားနဲ့ နှိုက်ထုပ်.....

    ReplyDelete
  5. ကိုအောင်သာငယ့်ဆီကလည်း
    သင်ယူသွားပါတယ် .....

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...