May 26, 2009

အသည်းအသန်နေ့ရက်များ


















ငါ့ လက်ဖ၀ါးတွေနဲ့
မင့်နှလုံးသားကို ပွတ်သပ်ခွင့်ပေးပါ...
မင့် လက်ဖ၀ါးတွေလည်း
ငါ့ နှလုံးသားကို ပွတ်သပ်ခွင့်ပေးမယ်...

ဒါမှပဲ
အသည်းအသန်နေ့ရက်တွေမှာ
ချစ်ခြင်းမေတ္တာကို အရောင်တင်တဲ့အခါ
တဦးတယောက်ထဲနဲ့
စွမ်းဆောင်လို့ မရဘူးဆိုတာ
ကမ္ဘာမြေသိမယ်...

သေသွားတဲ့ နေ့တွေကို
မှောင်မိုက်တဲ့ ညထဲက
အသည်းအသန်
ပြန်နှိုက်ယူခဲ့ရ...

ထာဝရ ဘုရားသခင်ကိုလည်း
ဖန်ဆင်းမှုတွေထဲကပဲ
အသည်းအသန်
ပြန်နှိုက်ယူခဲ့ရ...

ကိုယ့်ကိုယ်ကိုလည်း
အတိတ်ထဲကနေ
အသည်းအသန်
ပြန်နှိုက်ယူခဲ့ရ...

ရှင်သန်မှုကိုလည်း
သေခြင်းတရားထဲက
အသည်းအသန်
ပြန်နှိုက်ယူနေရတဲ့အခါ....

မင့် ချစ်ခြင်းမေတ္တာတွေကိုလည်း
အသည်းအသန်
ငါလိုအပ်နေပြန်တော့တယ်...

ATN

Photo Source: http://paintings.name/image-files/abstract-portrait-5.php

8 comments:

  1. "အချစ်တဲ့"
    အာဏာသိမ်းဖို့ကောင်းတဲ့အရာမဟုတ်သလို
    ခွဲထွက်ခွင့်လည်းမတောင်းဆိုအပ်ဘူး
    အနည်းဆုံးတော့...၂ ဦးညီဖို့လိုတယ်။ ။
    (အဲဒါ tis ကဗျာတစ်ပုဒ်ရဲ့ အဆုံးသတ်လေးပါ)

    ReplyDelete
  2. မင်းရဲ့ တုံ့ပြန်မှူကိုငါလိုအပ်တယ။်

    ReplyDelete
  3. အသည်းအသန် လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာတွေ ရနိုင်ပါစေသတည်း......။

    ( M.N )

    ReplyDelete
  4. အသည်းအသန်နေ့ရက်တွေမှာ
    ချစ်ခြင်းမေတ္တာကို အရောင်တင်တဲ့အခါ
    တဦးတယောက်ထဲနဲ့
    စွမ်းဆောင်လို့ မရဘူးဆိုတာ
    ကမ္ဘာမြေသိမယ်...

    အဲဒါ အမှန်ဆုံးပဲ။

    ReplyDelete
  5. ဒဏ်ရာဗလဗွ ရင်ဟက်တက်ကွဲ သွေးအလူးလူးနဲ့ ကားစင်ပေါ်ကနေ ဗွေမယူပါဘူး ပြောနေရသလိုပဲ။

    အယ်ဇီ

    ReplyDelete
  6. ရှင်သန်မှုကို
    သေခြင်းတရားထဲက
    နှိုက်ယူ
    ချစ်သူ့လက်မှာ ဝကွက်အပ်
    မြင့်မြတ်ခဲ့တယ် ဆိုတာမျိုးထက်
    မြင့်မြတ် နိုင်ပါစေ ..။

    ReplyDelete
  7. အသဲအသန် လိုအပ်နေတော့တာပါပဲဗျာ ။ အားလုံးက ။ ကဗျာကောင်းတစ်ပုဒ်ဖတ်ရတဲ့ အတွက်ကျေးဇူး ။

    ReplyDelete
  8. ညမိုက်တွေထဲက နေ့အသေလေးတွေ အသည်းအသန်နှိုက်ပြီးရင် ဘာဆက်လုပ်မှာလဲ သိချင်လို့ပါ။

    အသက်ပြန်သွင်းလို့ရရဲ့လား..ဒါမှမဟုတ် ကလီစာတွေထုတ်ပြီး ရုပ်လုံးသွင်းထားမှာလား။

    အဲဒါလေးတော့ “အသည်းအသန်” ကိုပဲ သိချင်တယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...