Jun 12, 2009

အေးခဲနေတဲ့နေ့










အရှေ့အရပ်မှာ နေသာတယ်...
အနောက်ရပ်က ငါ့ဥယာဉ်ခမျာမတော့
ညှိုးနွမ်းနေတဲ့ ပန်းတွေနဲ့သာ...

လမင်းကတော့
တောင်စွယ်အဆုံးမှာ
ပုန်းအောင်းရင်း
ချစ်ခြင်းမေတ္တာအကြောင်း
ညကို ပြောကြားကောင်း ပြောကြားမလို့ ထင်ရဲ့...

ပုဇင်းရင်ကွဲတွေ အော်နေကြတယ်-ဆိုတဲ့
ဖိုးချိုရဲ့ သီချင်း
တီးတိုးဆိုငြည်းရင်း
နေမင်းဟာ ညရင်ခွင်ထဲ
တိုးဝင်ရောက်ရှိသွားပါပေါ့...

နေ့က ညထဲ တိုးဝင်သွား...
ညက နေ့ထဲ ပျော်ဝင်သွား...
ကမ္ဘာရထားကြီးကတော့
သူ့ကို ထမ်းထားတဲ့
နေ့ညဆိုတဲ့ သံလမ်း နှစ်ခုပေါ်မှာ
ခရီးကြမ်းတွေ ဆက်လို့ ...

ငါကသာ ရပ်တန့်လို့နေလေရဲ့...
အေးခဲနေရတာ
ညောင်းညာလှပါပြီ “နှင်း”ရေ...

ငါ့ရဲ့ ငှက်ကလေး သုံးကောင်
အတောင်တွေ ၀ှက်
အိပ်စက်နေတဲ့ အသိုက်ဘေးမှာ
ငါ ငေးရီနေမိတယ်...
ငါ့နေကြာပန်းလေးတွေကလည်း
ငါ့နံဘေးမှာ မှေးစက်လို့လေ...

ATN

9 comments:

  1. ရင်ကွဲသံ ပါနေတဲ့
    ကဗျာလှလှလေးပါလား....
    ဂန္တ၀င် နှင်း ..
    ကဗျာဆရာ ရဲ့ နှင်း
    နှင်း .. ရေ.. လို့
    ကူ ခေါ် ပေးသွားပါတယ်..
    (mama)

    ReplyDelete
  2. နောက်ဆုံးအပိုဒ်လေးက ချစ်စရာကောင်းတယ်...
    mie nge

    ReplyDelete
  3. ခက်တော့တာပဲ...
    "ဘုတ်ကျီးမြှောက်.. ကျီးဘုတ်မြှောက်" တဲ့
    ပြောကုန်ကြပြီ...

    "ငါကသာ ရပ်တန့်လို့နေလေရဲ့...
    အေးခဲနေရတာ
    ညောင်းညာလှပါပြီ “နှင်း”ရေ..."


    ဒီစာပိုဒ်လေးဖတ်ပြီး 'မြှောက်' သွားတယ်လို့ မှတ်ပေးပါ...

    ခင်မင်လေးစားတဲ့
    ကိုလူထွေး

    ReplyDelete
  4. ငှက်ကလေး သုံးကောင်ရဲ့ ဘဝလေးတွေ ဆက်ရှင်သန်ဖို့ ရယ် ။
    နေကြာပန်းလေး နောက်တနေ့ နေမင်းကြီးအလာ ပြန်လည် ပွင့်လန်းဖို့ ရယ် ။
    အေးခဲ နေရတဲ့ ဘဝ လေး ..
    နေ့ ရယ် ညရယ် သံသရာလည်နေရတဲ့  စက်ဝိုင်းလေး ..လက်ရှိ အတိုင်း ဆက်လက် လှုပ်ရှား နေရတာ ...ကောင်းပါသေးရဲ့ 

    ခင်မင်စွာဖြင့်
    ကိကီ

    ReplyDelete
  5. အတောင်လေးဝှက် ကိုယ့်အသိုက်မှာ အိပ်နေတဲ့ ငှက်ကလေး သုံးကောင် အချိန်တန်ရင် အတောင်ဖျန့် လို့ အဝေးကို ပျံကြမယ် ကိုယ့်လိုပေါ့။

    ကဗျာဖတ်ရင်း ရင်ထဲ ဘလောင်ဆူသွားလို့ မအေးခဲသွားဘူး အကိုရေ။

    မအယ်

    ReplyDelete
  6. ငါ့ရဲ့ ငှက်ကလေး သုံးကောင်
    အတောင်တွေ ၀ှက်
    အိပ်စက်နေတဲ့ အသိုက်ဘေးမှာ
    ငါ ငေးရီနေမိတယ်...

    ကိုယ့်အတွေးကိုယ် ကြေကွဲသွားပါတယ်။

    ReplyDelete
  7. အစ်ကိုရေ
    အေးခဲနေတဲ့ နေ့တွေ ကျော်လွန်ပါစေလို့ ဆုတောင်းတယ်
    ငှက်ကလေးသုံးကောင်ကိုလည်း ဂရုစိုက်ပါနော်
    ပန်းကလေးကိုလည်း ချစ်မေတ္တာတွေနဲ့ ရွှင်လန်းပါစေ

    ReplyDelete
  8. အကိုရေးတဲ့ ကဗျာ၊ဆောင်းပါး၊အက်ဆေးလေးတွေနဲ့
    အထူးသဖြင့်သီချင်းတွေတွေကိုအမြဲနားထောင်ဖတ်ဖြစ်တဲ့
    blogger ဖတ်သူတယောက်ပါ။ အခုတလောရေးတဲ့အ
    ကို့စာတချို့မှာ ” ဒါပေသိ ” ဆိုတာခဏခဏပါတတ်
    တော့အဲဒီစကားလုံးကို ” ဒါပေမဲ့ ” အစားကြိုက်လို့သုံး
    တာလား? ဒါမှမဟုတ်အကိုက ” အညာသားမို့ ” ဒီစကားလုံးသုံးသလား? သိချင်လို့ပါခဗျ။ ( အကို့စာတွေ
    ဖတ်သမျှတော့အညာသားမဟုတ်တာတော့သေချာပါရဲ့။
    ဒါပေသိပေါ့ခင်ဗျား... ဟီး)) )

    ReplyDelete
  9. ကဗျာနဲ့ ထပ်တူ နစ်မျောအေးခဲသွားတယ်…

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...