Jul 11, 2009

မှတ်စု (၁)

တလောကလုံးမှာ ခရမ်းနုရောင်ကလေးတွေ မှိုင်းမှိုင်းဝေနေ...
နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့ နယ်ကျွံမှုတွေ...
ရင်ခွင်မှာ တွယ်ငြိလာတဲ့ အတိတ်ဆိုတဲ့ ကမ္ဘာ...

“နှင်း”ရေ ကိုယ့်ဘ၀ထဲမှာတော့ မြူတွေက ကျနေဆဲပဲ။
ဘာတခုမှ သဲသဲကွဲကွဲ မမြင်ရသေးဘူး။
ညဥ့်နက်လာသည့်တိုင် အိပ်စက်ချင်စိတ်က
ကိုယ့်ခန္ဓာကိုယ်ထဲကို ရောက်မလာခဲ့သေးဘူး။
သောကတွေ လောင်မြိုက် ပူလောင်နေတာလည်း ဖြစ်ကောင်းဖြစ်မပေါ့လေ။
ဒါမှ မဟုတ်၊ မင့်ကို သတိရ တမ်းတနေမိတာလည်း ဖြစ်ချင်ဖြစ်မယ်။

အိပ်မရတဲ့ညမှာ “ခင်ဝမ်း”ရဲ့ “ပြည်မှာဆောင်း”ကို ဖွင့်ပြီး
Repeat လုပ်ပြီး အခေါက်ခေါက် အခါခါ နားထောင်နေမိတယ်။
သည်သီချင်းကို “နှင်း”လည်း ကြိုက်တယ် မဟုတ်လား။
သီချင်းနားထောင်ရင်း မင့်ကို ပိုသတိရတယ် “နှင်း”ရေ့။
သီချင်းစာသားတလုံးချင်းရဲ့ အဓိပ္ပါယ်ကို ခံစားနေမိသလို
“ခင်ဝမ်း”ရဲ့ ထူးခြားအေးဆေးတဲ့ ပင်ကိုယ်အသံကိုလည်း
နှစ်သက် သဘောကျနေမိတယ်။

တလောကလုံးမှာ ခရမ်းနုရောင်လေးတွေ မှိုင်းမှိုင်းဝေနေ-သတဲ့။
ခရမ်းရောင်ဆိုတာ အနီနဲ့ အပြာ ပေါင်းထားတာလေ။
အနီက ပူလောင်ခြင်း၊ အပြာက အေးချမ်းခြင်း။
သည်နှစ်ရောင်ကို ပေါင်းလိုက်တော့ ခရမ်းရောင်။
မျှတတဲ့သဘော။ ငြိမ်းချမ်းတဲ့သဘော။
မှိုင်းမှိုင်းဝေနေတဲ့ ခရမ်းနုရောင်လေးတွေဆိုတာ တကယ်တော့ “နှင်း”တွေပေါ့။
သူ့သီချင်းထဲမှာ တလောကလုံးမှာ ခရမ်းနုရောင်လေးတွေ မှိုင်းမှိုင်းဝေနေ-သတဲ့။

ကိုယ့်တလောကလုံးမှာလည်း ငြိမ်းချမ်းမှုကိုပေးတဲ့ ခရမ်းနုရောင်လေးတွေ
မှိုင်းမှိုင်းဝေစေချင်ပါဘိတော့တယ် “နှင်း”ရယ်။

12 ယောက် ဒီလိုပြောခဲ့တယ်:

Anonymous,  July 11, 2009 2:32 AM  

ကူလွမ်းမိပါရဲ့

ကိုလူထွေး July 11, 2009 2:34 AM  

ပန်းခရမ်းပြာ ဗေဒါနဲ့ ကမ်းစပ်နားမှာငြိတွယ်
လမ်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်...

ငြိမ်းအေးရာ ဖွေရှာရင်း မိန်းမော ငေးကာကြည့်နေ
ပိန်းပိတ်အောင် မှောင်ချိန်လေး ဆည်းဆာ အလှဖြာဝေ...

လား..လား..လာ.. လာ..လာ့...လာ
လားးးးလားးးလာ လာလာ့လာ

အိန္ဒြာ,  July 11, 2009 2:38 AM  

ခရမ်းရောင်ဆိုတာ အလွမ်းတွေကိုကိုယ်စားပြုသလို
တော်ဝင်ခမ်းနားမှုကိုလည်းပြသတဲ့...

အကို့ ဘ၀ရဲ့ တော်ဝင်အလွမ်းတွေကို..
မြင်လိုက်ရပါတယ်..

ခမ်းနားလိုက်တာ

ဖုန်းမြင့် July 11, 2009 2:55 AM  

ခရမ်းရောင်က ရိုမန့်တစ်ဖြစ်တာ.....
ကျနော့် ခရေဇီကလဲ ခရမ်းရောင်ပဲ......
ခိုက်တယ်ဗျာ.... ရေးတတ်လိုက်တာ..

sin dan lar July 11, 2009 3:04 AM  

ပြန်သင့် မပြန်သင့်.. ဆုံးဖြတ်ခွင့်မ၇ှိတော့တဲ့...
ပြည်မှာ..............ဆောင်း....။

tin min htet July 11, 2009 5:25 AM  

တောင်ကုန်းလေး တခုကို တက်လှမ်းတော့
လမ်းခရီးမှာ ကျေးငှက်တွေကို အဖော်ပြုခဲ့တယ်
ရေတွင်းလေး တခုကို တွေ့တော့
ရေငင်လို့သောက်ရင်း တွင်းထဲကိုငုံ့ပြီး
နှင်း ရေလို့ ခေါ်ခဲ့တယ် ..

(ခင်ဝမ်း ရဲ့ နှင်း)

tin min htet July 11, 2009 5:30 AM  

နှင်း .. နှင်း .. လို့ မခေါ်ရက်နိုင်
တို့ .. စိတ်လှုပ်ရှားနေ
မှတ် .. မှတ်မိပါ့မလား ..တွေးလို့ပူဆဲ

(သားထွေး ရဲ့ နှင်း)

tin min htet July 11, 2009 5:31 AM  

နှင်း .. ဘယ်လောက်တောင် ချစ်ခဲ့ရတယ်
စကားနဲ့ဆို ပြောပြမစွမ်းနိုင်ဘူး
ယုံလိုယုံ အို မင်းမို့မမြင်ရင်
အို .. နှင်း သက်ဝေနှင်းရယ် ..

(ခိုင်ထူး ရဲ့ နှင်း)

သက်ပိုင်သူ July 11, 2009 6:29 AM  

နှင်းဆိုတဲ့ နာမည်လေးနဲ့တင် လွမ်းစရာကောင်းနေပြီ

Anonymous,  July 11, 2009 9:11 AM  

အော်...နှင်းတဲ့လား........

စိတ်ကူးကောင်း...စာအရေးအသား ကောင်းတဲ့ အကို့ရဲ့ 
နှင်းအတွက် မှတ်စုနှစ်ကို မျှော်နေမယ်....

mie nge

ဆောင်းယွန်းလ July 11, 2009 11:41 AM  

ပြန်သင့်မပြန်သင့်တော့ ဆုံးဖြတ်ခွင့်ရှိပါရစေတော့လားနှင်းရေ..ဓာတ်ကူးသွားမိလို့ပါအကိုရေ

မီယာ July 12, 2009 1:01 AM  

နှင်းအတွက် မှတ်စုများ ရှိသေးလားဆိုပြီး လိုက်ရှာမိသေးတယ်။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP