Aug 25, 2009

ငါနှင့်ငါသာပါသော ငါ့ကဗျာ














ငါ ရေးခဲ့တဲ့ ဇာတ်ပါပဲ...
အော်စကာတော့ မမျှော်ပါဘူး...
ဒါပေမယ့် ငါကိုယ်တိုင် ဒါရိုက်တာ လုပ်တယ်...
ငါ့ဘာသာ ငါပဲ ကိုယ်တွေခွဲလို့...
ငါ ကိုယ်တိုင်ပဲ သရုပ်ဆောင်တယ်...
ဇာတ်လိုက်ဆိုတဲ့ အကောင်တိုင်းကလည်း ငါဖြစ်လို့...
ငါ ချစ်တဲ့ မင်းသမီးတွေနဲ့ ငါတွဲပစ်လိုက်ပါတယ်...
ဂျက်ဆီကာအယ်လ်ဘာတို့...
ဂျနီဖာလဗ်ဟျူးဝစ်တို့...
ချစ်စရာလေးတွေနဲ့ပေါ့...
နောက်တော့
ငါ့ရုံမှာပဲ ငါ့ဇာတ်ကို ငါတင်ခဲ့တယ်...
ဘာလို့ဆို
တခြားရုံတွေကို ငါက အထင်မကြီးဘူးလေ...
ငါ့ဇာတ်ကို ငါကြည့်ဖို့လည်း
ငါ့ ကိုယ်ငါပဲ တိုက်တွန်း သွေးဆောင် ဖျားယောင်းခဲ့တယ်...
ငါ့ကိုယ်ငါ ဂုဏ်ယူနေမိတာကတော့
ငါ့ဇာတ်ကိုကြည့်ဖို့ ဘယ်သူတစုံတယောက်ကိုမျှ
ငါ မတိုက်တွန်းခဲ့မိတာပါပဲ...
ငါ့ ရုံဝင်ခအတွက်တော့
ငါ့ ဘ၀ကို ငါကိုယ်တိုင် ထိုးချေပြီး ပေးခဲ့ရတာပေါ့လေ...
“ကြေးကြီးလိုက်တာ-”လို့ငါ့ဘာသာငါ စိတ်ထဲမှာ ထင်နေသေးရဲ့...
ပြန်စဉ်းစားမိတိုင်းလည်း...
ငါ့ဘာသာငါ ပြုံးနေမိသေးတယ်...
ငါ့ဇာတ်ရုံကလည်း ဈေးကြီးလွန်းလှချည်လားလို့ စဉ်းစားမိရင်းနဲ့ပါ...
နောက်တော့လည်း
ငါ့ဇာတ်ကို ငါကြည့်ဖို့ ငါ့ကိုယ်ငါ တိုက်တွန်းရင်း ငါ့ရုံရှေ့မှာ ငါကိုယ်တိုင်ရောက်ခဲ့တာပေါ့...
ငါ့ရုံရှေ့ငါရောက်တော့
ငါဘာလျှောက်လုပ်တယ်ထင်လဲ...
ငါ့ရုံဝင် လက်မှတ်ကို
ငါ့ဘာသာငါ တစစီ တစစီ ဆုတ်ဖြဲပစ်လိုက်မိတာပေါ့...
ခုတော့ ငါ့ရုံထဲကို ငါ ၀င်လို့ မရတော့ဘူး....
ငါဟာ ရုပ်ရှင်ကားကောင်းကောင်းတခုအတွက် ရုံဝင်ခွင့် လက်မှတ်ပျောက်နေတဲ့ ကလေးတယောက်လို
ငိုနေမိတာပေါ့...
တကယ်တော့လည်း ငါဟာ ငါ့အရှေ့မှာပဲ
ငါ့ဘာသာငါ ထိုင်ငိုနေမိတာပါ...
ငါ့ကိုယ်ငါလည်း ချော့လို့ မရဘူး...
ငါ့အတွက် ဘယ်သူမှ မငိုကြစေလိုပါ...
ငါ့ဘာသာပဲ ငါ့အတွက်ငါ ငိုပါရစေ...
သည်ကဗျာကိုလည်း
ငါ့ဘာသာငါ ငိုနေရင်း ရေးလိုက်ပါတယ်ဆိုတာ
ငါ့ဘာသာ ငါ သိပါစေ...

ATN

10 comments:

  1. ငါ တကောကော နဲ့  ..
    မောလိုက်တာ နော် ။
    ဟဲ ဟဲ ။။
    ငါကွ .. ငါ ။။
    တယ်တော်တဲ့  ငါပါလား ။

    မိုက်တယ် ကိုအောင်သာငါ ရယ် ။

    ReplyDelete
  2. မရ စဖူး အရထူးပြီ .
    1 .1 .1. 1 ပါလား
    ငါကွ ... တယ်တော်တဲ့  ငါ ပါလား ။။ဟားဟား

    ReplyDelete
  3. ကဗျာဆရာ့ အတ္တ က ငိုချင်စရာ

    ဂျက်ဆီကာအယ်လ်ဘာနဲ့
    တွဲမဲ့စိတ်ကူးလေးကတော့မိုက်တယ် ..း)

    (mama)

    ReplyDelete
  4. "..တကယ်တော့လည်း ငါဟာ ငါ့အရှေ့မှာပဲ
    ငါ့ဘာသာငါ ထိုင်ငိုနေမိတာပါ...
    ငါ့ကိုယ်ငါလည်း ချော့လို့ မရဘူး...
    ငါ့အတွက် ဘယ်သူမှ မငိုကြစေလိုပါ...
    ငါ့ဘာသာပဲ ငါ့အတွက်ငါ ငိုပါရစေ..."

    ဟုတ်တယ်အစ်ကိုရေ့.. တခါတခါတော့လည်း အဲဒီလိုသာ ထိုင်ငိုချင်တော့တာပါပဲ..

    ReplyDelete
  5. ငါနဲ့ငါကြား ဗျာများနေဆဲ ငါ..

    ReplyDelete
  6. အပေါ်ပိုင်းလေးကိုဖတ်ပြီးမိုက်လိုက်တဲ့
    အိုင်ဒီယာကွပျော်စရာကြီးတွေးတုန်း..
    နောက်ဆုံးကျ ထိုင်ငိုလိုက်တယ်ဆိုတော့ စိတ်မကောင်းစရာကြီးဖြစ်သွားရော

    အနှစ်ချုပ်လိုက်တော့ဒီကဗျာက ရသ၂မျိုးပေးသွားတယ်....အပြင်မှာလဲလူ့ဘ၀ဇာတ်ခုံဆိုတာဒီလိုပါပဲလေ....ရီလိုက်ကြ ငိုလိုက်ကြ..ကဗျာလေးဖတ်..ကိုယ့်အဖြစ်နဲ့တိုက်ဆိုင်..သံဝေဂ ရ ပြန်သွားပြီအကိုအောင်သာငယ်ရေ..

    ReplyDelete
  7. ငါတွေနဲ့ လန်းနေတာလား လွမ်းနေတာလား မသိတဲ့ ကဗျာ ... မိုက်တယ်။ တကယ်.. သုံးရာသီ နဲ့ တခြားစီပဲ။း)

    ငါတိုင်းကလည်း..ငါတို့ဟာ..ငါတွေပဲ ဖြစ်တယ်ဆိုတာ.. သိကြမှာပါပဲ။ ငါလည်း..ငါ့ဖာသာငါ..ရေးချင်တာ ရေးခဲ့တယ်။း)

    ReplyDelete
  8. ကဗျာလေးက လန်းလွန်းတယ်...လှလွန်းရဲ့ =)

    ReplyDelete
  9. ခေါင်းစဉ်ကိုတည်းက ဆွဲသိမ်းပိုက်သွားတာ အဆုံးထိပါပဲ။ ကဗျာဖတ်အားနည်းပေမယ့် ခေါင်းစဉ်က အစဆွဲယူသွားနိုင်တာ ရှားတယ်လို့ ထင်ပါတယ်။ ယူကျူံးမရတဲ့ အရာတွေအတွက် ငါနှင့်ငါသာ ..။

    ReplyDelete
  10. ငါတို့ကတော့ မှောင်ခို လက်မှတ်ရောင်းတယ်ဗျာ..
    ငါ့လက်မှတ်ငါရောင်းတာ..
    ငါ့ကိုယ်ငါ..ဖမ်းဖို့မလိုပါဘူး

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...