Sep 23, 2009

အပြင်မှာမိုးတွေစွေနေတုန်းပဲလား ကိုအောင်သာ




















ဟင်းလင်းပွင့် ကောင်းကင်ကြီး
ရင်ကွဲပက်လက် ငိုချလိုက်တဲ့နောက်
သွေးတွေတဒိတ်ဒိတ်တိုးနေလား
နှလုံးခုန်သံ မြန်နှုန်းမြင့်နေလား
မြို့လေးထဲမှာ ခြောက်ကပ် တိတ်ဆိတ်သွားပြီလား
မီးလောင်နေတဲ့ရင်ပြင်ပေါ်မှာ ပျော်ရွှင်စွာ တယောထိုးလိုက်ပါ
မေရီအင်တွိုင်းနက် ဟာ
ပေါင်မုန့်အကြောင်း ကောင်းကောင်း မသိရှာပါဘူးဗျာ
နာရီပျက်တလုံးဟာ တရက်မှာ ၂ ကြိမ်မှန်တဲ့ သစ္စာတည်ပါတယ်
အိပ်မက်ကို ဈေးကောင်းပေးဝယ်တုန်း ရောင်းထုတ်လိုက်ပါ
စိတ်ခိုးတွေ ဝေနေရင် တိမ်တွေကို ပန်းချီရေးလိုက်ပါ
မိုးလေထန်နေတုန်း
ရင်ငွေ့နွေးနွေးလှုံပါ
အဖျားသွေးတက်လာရင် ကဗျာဆေးကြမ်းသောက်ပါ
အလွမ်းတွေကို ဝတ်စုံမှာ ချုပ်ရိုးသီလိုက်ပါ
စပိန်ဂစ်တာတလက်ရဲ့ကျန်းမာရေးဟာ
သူ့ကြိုးကို လှုပ်လိုက်တဲ့လက်တွေအပေါ်မှာ
ပြုတင်းတံခါးလေးကို တွန်းဖွင့်လိုက်ပါ
စိတ်ခလုတ်လေးကို နှိပ်ချလိုက်ပါ
ဒုက္ခရဲ့တေးသီချင်းကို
ငြင်သာစွာ လိုက်ဆိုငြီးကြည့်လိုက်ပါ
အပြင်ဘက်မှာ မိုးတွေစွေနေတုန်း
နှင်းတွေ ဝေလာတာမြင်ရင်
အလင်းတံခါးဝပေါက်ကို သင်ရောက်ရှိနေတာ
တွေ့ရှိရလိမ့်မယ် ။

ဖုန်းမြင့်
20.9.2009

4 comments:

  1. အဓိပ္ပါယ်ကောင်းကောင်းနားလည်လို့
    ကြိုက်တယ်..
    အဲလိုရေးတတ်ချင်လိုက်တာ... အားပေးချင်လို့


    sdl

    ReplyDelete
  2. အောက်ဆုံးက စာကြောင်းလေး ၆ ကြောင်းကို ၃ ခါလောက် ဖတ်ဖြစ်တယ်း) တော်တော်လေး ကြိုက်တယ် အကိုရေ.. ကျနော့်ကိုလဲ ရေးပုံရေးနည်း သင်ပေးပါ့လားး)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. ကဗျာကောင်းတစ်ပုဒ်ကို ထပ်မံ ခံစားသွားပါတယ်

    ReplyDelete
  4. ကဗျာလေးကိုခံစားသွားပါတယ်
    ဒါပေမဲ့ မီးလောင်နေတဲ့ရင်ပြင်မှာ တယောထိုးချင်ပါဘူး

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...