Sep 26, 2009
ခင်ဝမ်းရဲ့ Pure Acoustic
ခုလာမယ် (၂၈) ရက်နေ့ကစပြီး မိုင်တထောင်ခရီးကို ကားမောင်းပြီး သွားပါတော့မယ်။ နာရီ (၂၀) နီးပါး မောင်းရမှာဆိုတော့ လမ်းမှာ တည အိပ်ရပါ့မယ်။ (၂၈) ရက်ကစပြီး တပတ် ၂ ပတ်တော့ ပျောက်နေမှာပါ။ ခု (၂၈) ရက်မတိုင်ခင် သည်ရက်ထဲ အွန်လိုင်း လာနိုင်ရင်တော့ ကဗျာလေး တပုဒ် ၂ ပုဒ် လောက်တော့ တင်ဖြစ်မယ် ထင်တယ်။ ခုတော့ ခင်ဝမ်းရဲ့ သီချင်းလေး တပုဒ်တော့ အပျင်းပြေ နားထောင် လိုက်ကြပါဦး။ သီချင်း ဆိုပေမယ့်လည်း ခင်ဝမ်းရဲ့ ထုံးစံအတိုင်း ကဗျာဆန်တဲ့ သီချင်းလေးပါ။ တီးထားတာကလည်း Hollow Guitar ၂ လုံးထဲနဲ့ တီးထားတာဆိုတော့ Unplugged ပေါ့လေ။ ကျနော်ကတော့ Pure Acoustic လို့ အမည်ပေးပါတယ်။
သည်သီချင်းကို လရောင်လေး အပြည့် မရှိ တရှိ၊ လေပြည်လေးတွေ ဖြည်းဖြည်း ညင်သာ တိုက်ခတ်နေတဲ့ ညမျိုးမှာ လရောင်ကို မျက်နှာချင်းဆိုင်ထိုင်ပြီး တယောက်ယောက်က Hollow Guitar လေး တလုံးနဲ့ တယောက်ယောက်ကို ဆိုတီးပြလိုက်ရင် နားထောင်ရတဲ့ တယောက်ယောက်ဟာ တခုခုကို တော်တော်လေး ခံစားသွားရမယ့် သီချင်းမျိုးပါ။ (ကိုယ်ထင်တာ ကိုယ်ပြောတာပါ... ဘာမှ မခံစားရတဲ့ တယောက်ယောက်တွေလည်း အများကြီး ရှိနိုင်ပါတယ်...း) ကဲပါလေ... ကီးဘုတ် ရှည်နေတာနဲ့ သီချင်းဆီကို ရောက်တော့ မှာ မဟုတ်ဘူး။ သီချင်းနံမည်ကတော့ “သက်ထား” တဲ့။ ခင်ဝမ်းရဲ့ “လိပ်ပြာလွင်ပြင်” အယ်လ်ဘမ် ထဲကပါ။ ကျနော်ကတော့ သည် သီချင်းကို တော်တော်ကြိုက်တာပါ။ Hollow Guitar ကို တယောက်က Rhythm တီး၊ နောက် တယောက်က Accompaniment လေးတွေ ထည့်ပေး။ Bass Line လေးလည်း ပါရင်တော့ ပိုကောင်းသပေါ့လေ။ Solo Guitar အတီးပိုဒ်လေးကလည်း တော်တော် အေးမြ လှပပါတယ်။ ကျနော်တို့ လူငယ် ဘ၀တုန်း ကတော့ သူငယ်ချင်းတွေ စုစုပြီး ကောင်မလေးတွေ အိမ်ရှေ့၊ ကျောင်းသူတွေ အဆောင်ရှေ့မှာ ညည သွားသွား အော်ဆိုခဲ့ဖူးတဲ့ သီချင်းတွေထဲက တပုဒ်ပေါ့။ (ကျနော် အော် အဆိုကောင်းလို့ သဇင် ဆိုတဲ့ သူငယ်ချင်းမ တယောက်ကတော့ ကျနော့်ကို တပတ်လောက် မျက်နှာချင်း မဆိုင် စကားမပြောတဲ့အထိ အတော် အသိအမှတ် ပြုသွား အမြင်ကပ်သွားဖူးပါတယ်...- ဤကား စကားချပ်...း)
“သက်ထား”
ကိုယ်လိုရာ ကိုယ့်အတွေး... တချိန်တုန်းအခါ... လေထဲမှာ ဆောက်ခဲ့မိ တိုက်အိမ်...
မဖြိုပဲ... ပြိုကွဲ ပျက်ပြယ်...
တကိုယ်ထဲ... ပိုကဲ မျက်ကွယ်...
မညိုပဲ... ရွာသဲမိုးရယ်...
ကြင်နာစွာ... ချစ်စကား... အချိုဆုံး အချိန်... ပိုက်ထွေးကာ... ယုယ ဖေးကူလို့...
မလွယ်ပဲ... လွယ်ဆဲ မှတ်ထင်...
မပြယ်ပဲ... ထင်မြဲ ရုပ်သွင်...
တကယ်ပဲ... ရယ်ပွဲ ဖွဲ့ဆင်...
အဆုံးတနေ့... မတိုင်သေးခင်... မပိုင်ပေမယ့်... ပိုင်သလို... ရင်မှာထား...
အရှုံးမတွေ့... နိုင်စေ့ချင်... မဆိုင်ပေမယ့်... ဆိုင်သလို... ထင်ယောင်မှား...
ဘယ်ခါ... မမုန်းနိုင်... ဘယ်ခါ... မမုန်းနိုင်... သက်ထား... ...
ကြုံလာမယ်... မထင်ခဲ့ဘူး... မထင်ဘူးလေ... မြတ်နိုးစွာ... တမ်းတမက်မပြေ...
အမြင်လွယ်... ခေါင်ဖျားထက်ဝယ်...
တမင်ကွယ်... ရှောင်ရှားချက်သဖွယ်...
သဇင်ရယ်... လှည့်စားရက်တယ်...
အဆုံးတနေ့... မတိုင်သေးခင်... မပိုင်ပေမယ့်... ပိုင်သလို... ရင်မှာထား...
အရှုံးမတွေ့... နိုင်စေ့ချင်... မဆိုင်ပေမယ့်... ဆိုင်သလို ထင်ယောင်မှား...
ဘယ်ခါ မမုန်းနိုင်... ဘယ်ခါ မမုန်းနိုင်... သက်ထား...
Get this widget | Track details | eSnips Social DNA
16 comments:
  1. အကို အောင်သာငယ် ရေ ... နာရီ ၂၀ေ တာင် မောင်းရမှာဆိုတော့ take care နော်...
    mie nge
    ReplyDelete
  2. မိသားစု တခုလုံး Holiday သွားတာလား။
    ReplyDelete
  3. ဂရုစိုက်မောင်း..
    အကိုတော့ Ticket နဲ့မိတ်ခနခနဆက်နေရတယ်
    ReplyDelete
  4. ဘယ်ပြောင်းကြမှာလဲဗျ။ ကြွေးရှင်ကြောက်လို့ ပြောင်းပြောင်းပြေးနေတာလား :)
    ReplyDelete
  5. ဒီသီချင်းကို ဒါ ပထမဆုံးနားထောင်ဖူးတာ..။
    ReplyDelete
  6. ဒါပထမဆုံးနားထောင်ဖူးတာပဲ..
    ...
    ကိုအောင်သာငယ်..ပျော်ရွှင်သောခရီးဖြစ်ပါစေ..
    ပေါက်
    ReplyDelete
  7. ဒီသီချင်း နားမထောင်ဖူးဘူး အကိုရေ.. စင်စင့်လိုပဲ၊ ဒါ ပထမဆုံးပဲ။ တော်တော်ကောင်းပါတယ်။
    ချိုသင်းကတော့ လွမ်းတယ် ကို ပိုကြိုက်တယ်။
    ReplyDelete
  8. စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အစစ အရာရာ ချောမွေ့အောင်မြင်တဲ့ မိသားစု ခရီးဖြစ်ပါစေ အကို...
    ReplyDelete
  9. ဒီ သီချင်းကို ဒွေး ပြန်ဆိုဖူးတယ်၊ တီဗီမှာ ကြည့်ဖူးတာ ..
    ခင်ဝမ်း သူ့ဖာသာ အကြိုက်ဆုံး သီချင်း "နှင်း"
    အဲဒီနောက်မှာက "မြစ်" နဲ့ "သက်ထား" ထင်တယ်။
    ReplyDelete
  10. ဂရုစိုက်ဗျာ အရာရာအဆင်ပြေပါစေ
    ReplyDelete
  11. မိုင်ထောင်ချီတဲ့ ခရီးအတွက်..
    ကားဘီးတစ်လှိမ့်နဲ့ စခဲ့ပြီ....
    ဘ၀ ဟာ..
    စ ရင်း ဆုံးဆုံးနေရတဲ့...ကရွတ်ပေါ်ကင်းလျှောက်ဖြစ်စဉ်ပါ..
    ဘာတွေစောင့်ကြိုနေဦးမလဲ...
    အဲဒီ့မှာ....
    နေ့တွေဟာ...
    ပြာပြာ..
    ငါ..ဟာ..
    ငါ့ အသွေးအသားကို..
    ကဗျာမီးလင်းဖိုနဲ့..
    လင်းမြနွေးရီနေလိုက်မယ်..။
    ++++++++++++++++++++++++++
    ချစ်ခင်လေးစားရသော..အကို တစ်ယောက်..
    စိတ်၏ကိုယ်၏ ငြိမ်းချမ်းနိုင်ပါစေ
    ReplyDelete
  12. ကိုအောင်သာငယ်ရဲ့ အဆိုကောင်း အတီးကောင်းလို့ ၂ ခေါက်တိတိ နားထောင်သွားပါတယ်။
    မိုင်ထောင်ချီခရီးမှာ အဆင်ပြေချောမွေ့ပါစေရှင်။
    ReplyDelete
  13. ကြိုးကြာငှက်တို့ရဲ့ ~~~~မိုင်ထောင်ချီခရီးစဉ် ~~
ုံဆုံဖြတ်ချက်တစ်ခုချမယ်.. အရှုံးနဲ့အောင်မြင်ခြင်းဟာ.. ရှိသင့်တဲ့ အားနဲ့ မာန် ~~~~
    http://www.myanmarmp3.net/album.aspx?AlbumID=134
    အလွတ်မရလို့.. ဟိ
    ReplyDelete
  14. ကိုခိုင်
    ခင်ဗျားလည်း အခုထက်ထိမခိုင်သေးဘူးနော်
    အေးလေ..ဟိုရောက်လို့ အဆင်ပြေပါစေဗျာ
    ခင်ဝမ်းရဲ့ လမ်းရဲ့သယ်ဆောင်ရာ ပေါ့နော..
    ReplyDelete
  15. သက်ထား ကိုလာရောက် နားဆင်သွားပါတယ်။
    ခင်ဝမ်း အရမ်းကြိုက်တယ်။း)
    ReplyDelete
  16. Guitar Chord လေးတွေပါ ထည့်ပေးရင် ကောင်းမှာ အကိုရယ် တီးကြည့်ချင်တာ :(
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...