Jan 31, 2009

ဝံပုလွေ

လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ဒေါင်းအိုးဝေမှာ ဖတ်ခဲ့ရတဲ့ ကဗျာ တပုဒ်ပါ။ အခု ပြန်ဖတ်မိ တော့လည်း ခံစားချက် တွေက လန်းဆန်း လတ်ဆတ် နေသေးတယ်။ ဒါနဲ့ မဖတ်ခဲ့ ဖူးသေးတဲ့ ညီအကို မောင်နှမတွေ ကို ပြန်ပြီး ဝေငှ လိုက်တာပါ။

ကဗျာကို နားလည် ခံစားဖို့ တချို့အချက် အလက်လေးတွေတော့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ အဲအတွက် တချို့ အချက်အလက်လေးတွေကို ကျနော်ကပဲ ဖော်ပြ ပေးလိုက်ပါတယ်။ သို့သော်လည်း အဲသည် အချက် အလက် လေးတွေက ကဗျာ ရေးသူက ပြောခဲ့တာ မဟုတ်ပါဘူး။ ကျနော်က ရှာဖွေကြည့်မိတာပါ။ တစုံတရာ မှားယွင်း ခဲ့ရင် ကျနော့် ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီကဗျာအတွက် အရေးပါတဲ့ အချက် တခု - ၀ံပုလွေတွေဟာ အချင်းချင်း ဘယ်တော့မှ မကိုက်ကြဘူး-လို့ ဖတ်ဖူး ပါတယ်။ ၀ံပုလွေ တွေဟာ တကောင်တည်း မနေဘူး။ အုပ်လိုက် နေတယ်။ ဟုတ် မဟုတ် ကတော့ Discovery လို Channel တွေမှာ ကြည့်ကြည့် ပေါ့လေ။

အဖော်နဲ့ ကွဲသွားတဲ့ ၀ံပုလွေတကောင်ဟာ ဘယ်လိုမျိုး ခံစားရလေမလဲ။ ကိုယ် ကိုယ် တိုင်က ၀ံပုလွေ တကောင် ဖြစ်ခဲ့ပြီး ၀ံပုလွေ အုပ်နဲ့ ကွဲသွားခဲ့ဖူးရင် သိလိမ့်မယ်လို့ ထင်ပါတယ်။

(ရထား) ဆိုတာက ကျနော်တို့ စစ်သုံးစကားပါ... RT ခေါ်တဲ့ Walkie Talkie တွေနဲ့ တယောက်နဲ့ တယောက် ပြောတဲ့ အခါ ပြောတဲ့ စကားကို အားလုံးကြားလား (ရ-ထားလား) လို့ မေးလေ့ရှိပါတယ်။

သော်လဲထ -ဆိုတာကတော့ ထိုင်းနိုင်ငံဖက်က ဈေးတန်းလေး တခုပါ။ မာနယ်ပလော ဌာနချုပ် မကျခင်တုန်းက ပြင်ပ ကမ္ဘာနဲ့ ကျနော်တို့တွေ ထိတွေ့ရတဲ့ တခုတည်းသော ထွက်ပေါက်လေးပါပဲ။

ခုတော့ ကျနော်ကိုယ်တိုင် ကယ်လီဖိုးနီးယားရဲ့ အုံ့မှိုင်းမှိုင်း ကောင်းကင် အောက်မှာ ရောက်နေခဲ့တော့ အဖော်တွေကို လွမ်းတယ်...။

ကျနော်လည်း ၀ံပုလွေတကောင်ပါ။
အရှည်လျားဆုံး အူမိတယ်။

ကိုယောဟန်အောင် ကလည်း ကဗျာနဲ့ ပတ်သက်လို့ လိုအပ်တဲ့ နောက်ခံသမိုင်းကို ခုလို ဖြည့်စွက် ပေးသွား ပါတယ်၊

ကိုအောင်သာငယ်ရေ...
နည်းနည်း နောက်ခံလေးကို ထပ်ဖြည့်စွက်ပါရစေ။ အဲသည်အချိန်က ကိုမိုးသီးဇွန်က အမေရိကန်ကို ခရီးစဉ် တခု အလာမှာ ထိုင်း အာဏာပိုင်တွေက ပြန်လာခွင့်ကို ပိတ်လိုက်ပါတယ်။ အလားတူပါပဲ NCGUB က ဒေါက်တာ စိန်ဝင်းတို့ အပါအ၀င် အချို့ အမတ်တွေလည်း ပိတ်ပင်ခံရပါတယ်။ အဲသည် အချိန်က ခံစားချက်နဲ့ ရေးထားတဲ့ စာပါ။ အဲသည် အချိန်က မဲစရိယန်း၊ မဲဟောင်ဆောင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ကိုမိုးသီးဇွန် ဓါတ်ပုံနဲ့ ဖမ်းဝရမ်း တောင် ထုတ်ထားခံရသေးတယ်။

နောက်တော့ ကမ်ဘောဒီးယား နယ်စပ်ကတဆင့် ပြန်ခိုးဝင်လာခဲ့တယ်။ ထိုင်း အာဏာပိုင် တွေကလည်း နောက်တော့ သူတို့ ၀ရမ်းကို ပြန်လျှောချ သွားခဲ့ပါတယ်။




ဝံပုလွေ


ဒါ
အဖေါ်တွေနဲ့ ကွဲသွားတဲ့
ဝံပုလွေတကောင်ရဲ့ စူးစူးရဲရဲ အော်သံပဲ
ရိုလန်ဟိုက်
တောင်ကြားအတိုင်း
ဒုံးစိုင်းခုန်ပေါက်
သားရဲ တွင်းသို့ အရောက်ပြန်
လမ်းစကိုအနံ့ခံလိုက်
နဂါးနဲ့ ကြုံ
ဂဠုံနဲ့တွေ့
ခြင်္သေ့နဲ့ တိုက်ပ။

မိုင်ပေါင်း ရာထောင်ရှည်က
အဖေါ်တွေကြားအောင်
အရှည်လျားဆုံး အူလိုက်မိတယ်။

ဒေါနရေ
ငါ့ အသံ ကြားလား
ရထား... ဖြစ်လား
သံလွင်... သံလွင်... ရထား... ဖြစ်လား
အသံ ဘယ်လောက်ကြားရသလဲ
ကြားရင် အကြောင်းပြန်ပါကွယ်။

ကာလီဖိုးနီးယား တစ္ဆေလို နေ့ခင်းပ
အထီးကျန်လှချည်ရဲ့ 
သော်လဲထ လှေဆိပ်က ဈေးခင်းလေးလို
ခင်ဖို့ မကောင်းပေဘူး
အုံ့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ
နေရော ညပါ
တခါးပိတ် ၊ အိပ်မောကျ
တစပြင်ပမာ
တမြန်မနေ့ က ဆောင်းမင်းသမီး နှင်းဟာ
ဖြူလွလွ ပုဝါတစနဲ့  က တယ်။
နယ်ခံတွေကြားမှာ အလွမ်းများများနေတဲ့
အားပေးနေတဲ့ ၀ံပုလွေရဲ့ အသံဟာ
ပစိဖိတ် သမုဒ္ဒရာ ပေါ်မှာ လွင့်ပျံ
ဒို့ ပြန်ချင်လှပါပြီ --- နှင်းရယ်။

ဟိုးအဝေးက လှမ်းလို့ မြင်ရတဲ့
ဝက်ဝံတောင်တန်းကြီး ရဲ့  ပတ်ဖန်ဒါ လမ်းနဘေးက
အရိုးခံပန်းကလေး ဆွေးပြီးကျန်ရစ်လိမ့်။
နီဗားဒါး
သဲကန္တရကြီးခမျာ
ဥတ္တရ ရာသီရဲ့ 
ဟိန်းဟောက်မှုအောက်မှာ
ပူလိုက်အေးလိုက်
ငန်းဖြားရိုက်၊ ခိုက်ခိုက်တုန်နေ
ဝံပုလွေတကောင်ရဲ့ ကာလီဖိုးနားသွား တောလား
ခြိမ်းခြောက်မှုတွေကြားမှာ သွေးခဲလို့ မသွားပေဘူး

အလို
ပျံလွား ငှက် လေးတွေတောင်
တောင်ဝန်ရိုးစွန်းက ပြန်လာကြပြီပဲ
ဆန်တီရေးဂိုးက ဘုရားကျောင်းအိုကြီးထဲမှာ
ဒေသခံတွေက သူတို့ အပြန်ကို
ခေါင်းလောင်းထိုး ကြိုဆိုကြ
တောင်ဖက်က ပြန်လာတဲ့
မိတ်ဆွေတို့ ရယ်။

ငါ့အတွက် စာပါလား
ငါ့ကို ဘာမှာလိုက်ကြသလဲ
သားပျောက်ရှာနေတဲ့ အမေတွေနဲ့
စစ်ပြေးဒုက္ခသည်တွေ အခြေအနေ ဘယ်လိုရှိပါစ။

ခုချိန်ဆို
ဒေါနမှာ
တောမီးတွေ လောင်စပြုပြီပဲ
ပေါက်လဲနဲ့  ပဒတ်စာတွေလည်း
နေထဲ မီးထဲမှာ ရဲရဲပွင့်
အနာဂတ်ကို မျှော်လင့်ကြရော့မယ်။
ဒါကိုပဲ
သေကောင်ပေါင်းလဲ ငါချစ်ခဲ့။

သားရဲဟောက်သံတွေ ဆူဆူညံ
သွေးသံရဲရဲ
လေးသံမစဲ ၊ မြားသံမစဲ
သဲသဲမဲမဲ ထိုးနက်တိုက်ခိုက်နေကြ
အစွယ်တွေဖွေးဖွေးလှုပ်
ဝံပုလွေတအုပ်လဲ
မီးတောက်ထဲမှာ ၀ုန်းဒိုင်းကြဲချီတက်သွား
တိုက်ပွဲခေါ်သံကြားမိတယ်။

ယူဇနာပေါင်းများစွာက နာနာကျည်းကျည်းနဲ့ 
ကျွဲချို မှုတ်သံ
ငါ့သွေးမှာ ပွက်ပွက်ညံပေါ့
ဒီတခါ
ဒဏ်ရာပလပွ
စာလောင်ငတ်မှုတွေ အန္တနဲ့ 
ခေါင်းမာလှတဲ့ ၀ံပုလွေဟာ
ရီဝေေ၀၀ိုင်ခွက်ကို
မီးလင်းဖိုနံရံမှာ ပေါက်ခွဲ
ဝုန်းကနဲ ခုန်ထ
မီးတောက်ထဲကို ခုန်ချသွားတယ်
ရဲရဲ။

မိုးသီးဇွန်
( ၁၉၉၅ - ခုနစ်ကရေးစပ်ခဲ့တဲ့ကဗျာတပုဒ်ပါ။)

Jan 30, 2009

သိလား

ဒီသီချင်းကတော့ ကျနော် အရမ်းကို ကြိုက်ခဲ့တဲ့ ခိုင်ထူးရဲ့ သီချင်း တပုဒ်ပါ။ ဒီနေ့ တနေ့လုံး ဒီသီချင်းကို Record လုပ်နေခဲ့တာ။ သီချင်းကတော့ ၅ မိနစ်စာ လောက်ပါပဲ။ ဒါမယ့် တနေ့လုံးပဲ ၈ နာရီ ကျော်တယ်.. record လုပ်ရတာ။ parts အများစုကိုတော့ ကျနော့် Yamaha Keyboard နဲ့ပဲ တီးထားပါတယ်။ ဂစ်တာတွေနဲ့ တီးကြည့်သေးတယ်။ မှားလိုက် ဖျက်လိုက်နဲ့ အသံဖမ်းရတာ အဆင် မပြေလို့ Keyboard ပဲ သုံးလိုက်တယ်။ ခု သီချင်းမှာ ဂစ်တာ တလက်မှ မပါပါဘူး။ Drums ကို လည်း Keyboard က Synth ကိုပဲ သုံးလိုက်တယ်။

သီချင်းကိုတော့ ကျနော် ကြိုက်နှစ်သက်သလို Percussion လေးနဲ့ Intro ကို စလိုက်ပြီး ကျနော် ကြိုက်နှစ် သက်သလို အဆုံးသပ်ထားပါတယ်။ ATN Version ပါ...

အဆိုကတော့ သိပ်မကောင်းတော့ သည်းခံခွင့်လွှတ် နားဆင်ကြပါပေါ့လေ...း)
သူငယ်ချင်းတွေ ညီအကို မောင်နှမတွေကို ဖျော်ဖြေချင်တဲ့ စေတနာက အရင်းခံ မဟုတ်လား။
အားလုံးပဲ ချမ်းမြေ့ကြပါစေ... ။


သိလား

နေ့ရက် အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်ချိန်ထဲမှာ တွေ့ပေမယ့်
တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမျောမိတယ် သိလား...
ချစ်ရတဲ့ သူ့ကို ဒါတွေသာ ပြောခွင့်ရရင်
အကြင်နာရမလား ရင်အနာရမလားကွယ် သိလား...

သူ့ရဲ့ အသံလေးတွေ ကြားနေဆဲ နားထဲမှာ
အချစ်ဆုံးကို ဘယ်လိုမှ မဖျောက်နိုင် သိလား...
အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လည်း သူ့စိတ်ထဲမှာ
ဘယ်လိုရှိမယ် ကြိုတင်မတွေးရဲပါ သိလား ...
သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ
သူသိသားနဲ့ နေနိုင်လား အချစ်ရယ် သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်း အဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူ... မြန်မြန်သိပါစေ... သူ... မြန်မြန်ကြားပါစေ...

အကြင်နာရမလား... ရင်အနာရမလား... သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်းအဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူ... မြန်မြန်သိပါစေ... သူ... မြန်မြန်ကြားပါစေ

နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်အချိန်ထဲမှာ တွေ့ပေမယ့်
တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမြောမိတယ် သိလား...
ချစ်ရတဲ့ သူ့ဆီ... လိုချင်တာ... တောင်းခွင့်ရရင်...
အကြင်နာသစ်ဆု... အကြင်နာသစ်ဆုကို... တောင်းမယ်...


video

Jan 27, 2009

အလုပ်သစ်လျှောက်ထားခြင်း

အိုဗားမားလည်း သမတဖြစ်ပါပြီ။ လူတွေအားလုံးလည်း ပျော်နေကြသည်။ ဘာ့ ကြောင့်မှန်း တော့ မသိပါ။ တချို့ ပြောတာ အကြားအရတော့ သူက လူဖြူ မဟုတ်လို့ ဆိုလား။ လူဖြူ မဟုတ်သူ သမတ ဖြစ်တာနဲ့ လူ အားလုံး ပျော်နေကြရ သည်လား။ စဉ်းစားစရာ ကောင်းလှ သည့် အချက်ပါပေ။ လူဖြူ ဟုတ်သူ သမတဖြစ်လျှင် လူအားလုံး မပျော်ကြ ဟု အဓိပ္ပါယ် ပြန်ကောက်နိုင်လေ မည်လား။ သို့သော်လည်း စဉ်းစားစရာ ရှိသည်က အိုဗားမား သမတ ဖြစ်သည့်အတွက် လူတွေ အားလုံး ပျော်နေကြသည် ဆိုတော့ လူဖြူတွေပါ ပျော်နေကြ လေသည်ပေါ့။ ကောင်း၏... ကောင်း၏...။

အိုဗားမား၏အစိုးရသစ်လည်း အလုပ်စ၀င်နေပေပြီ။ အလုပ်အကိုင်နေရာသစ် ၄ သန်း ကျော် ဖန်တီးပေးမည်ဟု ပြောသံကြားရသည်။ ဟေလာရီ ကလင်တန်ပင် နိုင်ငံခြား ရေး ၀န်ကြီး အလုပ် ရရှိသွားချေပြီ။ အောင်သာငယ်နှင့် သူငယ်ချင်း ၈ ယောက်မှာ မူကား အလုပ် မရသေးပါ။ အိုဗားမားနှင့် တွေ့မှ သည်အကြောင်း ပြောပြရချေ ဦးမည်။ ၀န်ကြီးရာထူး တောင်းရန် မဟုတ်ပါ။ အလုပ်ရှာရ ခက်ခဲ နေကြောင်း အသိ ပေးရန်သာ ဖြစ်ပါသည်။ ထို့အပြင်တ၀လည်း ဂွာတာနာမို နှိပ်စက်ရေး အကျဉ်းစခန်းကို ဖျက်သိမ်းကြောင်း၊ တရားဝင် လူသတ်သည့် ကိုယ်ဝန် ဖျက်ချသည့် ရန်ပုံငွေ အစီစဉ်ကို ဖျက်သိမ်းကြောင်း ဥပဒေတွေ ထုတ်သည် ဟုလည်း ကြားရပါသည်။ သာဓု... သာဓု... သာဓု...

- အတိုက်အခံတွေရဲ့ အသံတွေကို တိတ်အောင် လုပ်ထားပြီး အဂတိ လိုက်စားမှုတွေ၊ လိမ်ညာမှု တွေနဲ့ အာဏာကို ဖက်တွယ်ထားတဲ့သူတွေ၊ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားယွင်းနေတဲ့ ဘက်မှာ ရှိနေကြတယ် ဆိုတာ သိရမယ် - လို့ အိုဗားမား ပြောနေသည် ကိုလည်း နားထောင် လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် တကယ်လုပ်တာ မလုပ်တာ အသာ ထားဦး အကြားနဲ့တင် အားရှိပါသည်။

အိုဗားမား အစိုးရသစ်အကြောင်း ပြောမိတော့မှ ဟို အစိုးရ အကြောင်းကို သတိရမိ သွားသည်။ သူတို့လည်း ဒီမိုကရေစီ နည်းကျကျ ရွေးချယ် တင်မြှောက်ကြပြီး အစိုးရ အဖွဲ့ကို ပြန်လည် တိုးချဲ့ ဖွဲ့စည်း လိုက်သည်ဟု ကြားရသည်။ CNN မှတော့ မဟုတ်ပါ။ အင်တာနက်ပေါ်ရှိ ဘလော့များမှ တဆင့် ဖတ်ရခြင်းပါ။ သို့သော်လည်း အိုဗားမား အစိုးရသစ်လို အလုပ်အကိုင် နေရာသစ် ၄ သန်းကျော် ဖန်တီးပေးဖို့ ခမျာများ အခက် အခဲ ရှိပုံ ပေါ်နေသည်။ ၀န်ကြီးနေရာ ၃ ခုသာ ဖန်တီး ပေးနိုင်သည်ဟု ဖတ်ရှုရ လေသည်။ သနားစဖွယ် ကောင်းလေစွ။

ဟို အစိုးရဆီမှာတော့ အောင်သာငယ်တို့ သူငယ်ချင်းတွေ အလုပ်မရသေးကြောင်း သွားပြော လို့ အကျိုး ထူးမည် မထင်။ သူတို့တောင် အစိုးရ အလုပ်ကလွဲ၍ အခြား အလုပ် မရှိလို့ ငတ်နေသဖြင့် တနေ့ ထမင်း ၃ နပ်ပဲ စားနိုင်ရှာသည် ဆိုလား သတင်း သဲ့သဲ့ ကြားရသည်။ ဟုတ် မဟုတ်တော့ မသိပါ။ အင်တာနက်ပေါ်မှာက ပြောချင်တာ ပြောလို့ ရနေကြသည် မဟုတ်လား။ သို့သော်လည်း အိုဗားမား ပြောသလို - ဘာလုပ်မည်၊ ညာလုပ်မည်၊ ဘာတွေ ညာတွေ စီစဉ်မည် - အစ ရှိသည်ဖြင့် ဟို အစိုးရ ထံမှ ပြောသံ ဆိုသံ မကြားရပါ။ ထို့ပြင်တ၀လည်း အိုဗားမားပြောသလို - အာဏာကို ဖက်တွယ်ထားတဲ့သူတွေ ခင်ဗျားတို့ကို ဘာ... ဘာ... ညာ... ညာ... လုပ်မယ် - အစ ရှိသည်လည်း ဟို အစိုးရက ပြောသည်ကို မကြားရ ပြန်ချေ။ - အာဏာကို ဖက်တွယ် ထားတဲ့သူတွေ ခင်ဗျားတို့ အာဏာကို ဖက်တွယ် ထားသမျှ၊ ကျုပ်တို့ အိမ်ပြန်လို့ မရဘူး။ ကျုပ်တို့ အိမ်ပြန်လို့ မရသမျှ ကျုပ်တို့ မိသားစုတွေ နိုင်ငံရပ်ခြားမှာ ကောင်းစား နေကြတော့မှာပဲ - အစ ရှိသည်ဖြင့် ပြောသံများ ကိုလည်း မကြားကြရပါပေ။ (မကြားရတဲ့ အကြောင်းလေး ပြောတာပါ၊ မကြားရတဲ့ အတူတူ ဘာမှ မကြားရတာက အားလုံး အတွက် ပိုကောင်းလေသလားလို့ပါ...း)

ဟို အစိုးရက ပြောသည်ကို ဘာမျှ မကြားရသော်လည်း ဟိုအစိုးရ၏ ဟိုလူနဲ့ ဟို အုပ်စု၏ ဟိုလူတို့... တယောက်နဲ့ တယောက် အပြန်အလှန် ဆဲရေးနေ... အဲ... အဲ.. ပြောဆိုနေ... သည်ကိုတော့ ဟိုမှာ သည်မှာ ကြားရ... အဲလေ... ဖတ်ရပါသည်။ စိတ်ဝင်စားဖွယ် ကောင်း လေစွ...။ အလုပ် ပြုတ်နေတုန်း အလုပ် မရှိသဖြင့် အားလျား နေသော အောင်သာငယ်တို့ သူငယ်ချင်း တစု အတွက်တော့ ဖတ်စရာများ ရချေပြီ။ ဗဟုသုတလည်း ရချေသည်။ ဝေါဟာရ အသစ်များလည်း တွေ့ကြရချေသည် ။ ဖတ်ရှုရသူ အားလုံး အတွက် အကျိုးအမြတ်ကား ကြီးမား များပြားလှချေသည် တကား။ အားလုံး ကိုယ်စား... ကျေးဇူးပါ...။ မောင်မင်းကြီးသားများ... ကျန်းမာ ချမ်းသာ ကြပါစေ... မေတ္တာ ပို့ရမည် မဟုတ်တုံလော...။

သို့သော်လည်း သူတပါး အကြောင်း လေဖောင်း ရုံမျှဖြင့် လူ မပီသသေး...။ သမုဒ္ဒရာ ၀မ်းတမိုင်အတွက် အသက် မသေနိုင်မချင်း ရှာဖွေကာ သွတ်သွင်း နေရဦးမည့် တလုပ်သော ထမင်း အတွက် ဟင်းတခွက် ချက်... အဲလေ... အလုပ် တခု... ရှာရပေ ဦးမည် တကား။ အလုပ် ရှာရသည်မှာကလည်း စီးပွား ပျက်ကပ် ဆိုက်နေသည့် အမှောင် တိုက်ကြီးထဲ မီးသွေးခဲ ရှာရသလို ဖြစ်နေ ချေသည်။ နီးစပ်ရာ သူငယ်ချင်းများကို အားကိုး မရနိုင်တော့သည့် သည်လို အချိန်မှာ အဝေးရောက် စင်ပြိုင် အစိုးရ... အဲ... အဲ... အဝေးမှ ညီအကို မောင်နှမ သူငယ်ချင်းများကိုသာ အားကိုး ရချေ တော့မည်။

သည်လိုနဲ့ အနီးဆုံးမှ ညီမအရင်း ခေါက်ခေါက်ကြီး ဖြစ်သော မိုးချိုသင်း ထံမှ လဘက် တထုပ် တောင်းစား ပြီးသည့်အခါ အဝေးဆုံးမှ သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး များထံ အလုပ် တောင်းစား... အဲ... အဲ.. အလုပ် တောင်းရန် စိတ်ကူး ပေါက်ခဲ့ပြီး သကာလ အရင်းနှီးဆုံး ညီအကိုတော် ရဲဘော်ကြီး ဦးဂင်ကြီး ထံ ချဉ်းကပ် ကြည့်ရာ - ကျနော်လည်း မနေ့ကပဲ Lay Off ထိသွားပြီ - ဆိုသည့် သူ့အသံက သေနတ်မှန်သလို နောက်လန် ကျသွားစေ ပါတော့သည်။ - ခုမှပဲ သတိရတော့တယ်... သည်နိုင်ငံထဲ ရှာနေလို့တော့ မဖြစ်ချေဘူး။ အားလုံးက အလုပ်ပြုတ် နေတာ ဆိုတော့ နိုင်ငံရပ်ခြားမှာ သွားရှာမှ... ဟ... - သူငယ်ချင်းတွေကို ပြောမိတော့ - ဟကောင်... ငကြောင်ရဲ့... ဒီနေရာကရော... နိုင်ငံရပ်ခြား... မဟုတ်လို့လား... လခွီး... - လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရတော့မှ - အေးလေ... ဟုတ်သား... - ဆိုပြီး ကမ္ဘာ့ အင်အား အကြီးဆုံး နိုင်ငံကြီးကို ခဏထားပြီး ကမ္ဘာ့ အင်အား မကြီးသော နိုင်ငံတွေဖက် လှည့်စဉ်းစားမိ လေသည်။

အနီးဆုံးက လင်းထက် ကို သွားသတိရသည်။ သည်ကောင်တော့ ဟိုး နှစ်သစ်ကူး ကတောင် ၂ သန်းကျော် အကုန်ခံပြီး ဂျာမဏီမှာ ပါတီ ပေးထားသည် ကြားရသည်။ သည်လိုနဲ့ ဂျီတော့ ဖွင့်ပြီး ရှာလိုက်သည့် ခဏ ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာနဲ့ အနီလုံး တလုံး တွေ့လိုက်ရ သည်။ - busy ချင်ယောင် ဆောင်ပြီး ကောင်မလေးတွေနဲ့ ဒင်း... လေဖြီးနေတာ... - ဟေ့ရောင်... - ဆိုတော့ - အကိုကြီး... နေကောင်းလား... ကျနော် မအားသေးဘူး... - ဆိုပဲ - အေး... အေး... ရတယ်... မင့်မိန်းမကို ငါ ခု ဖုန်းခေါ်ပြီး ပြောလိုက်မယ်... လင်းထက် မအား သေးဘူး ပြောတယ်လို့... - ဆိုမှ - ဟီး... ဟီး... - တဲ့ ။ သည်လိုနဲ့ အလုပ် အကြောင်း ပြောတော့ - ဟို... ဟိုလေ... ဂျာမဏီမှာ ပါတီပေးတဲ့ ၂ သန်းက... Credit Card နဲ့ သုံးထားတာ အကိုရ... ခု အနော်လည်း အလုပ် ပြုတ်လို့... ငုတ်တုတ်ထိုင်နေတာ... ကွန်ပြူတာ ရှေ့မှာ... - တဲ့... - တိန်... သေလို့ ရပြီ... - ဒါပဲ ပြောဖြစ်တော့သည်။

သည်လိုနဲ့ ဥရောပတကြောမှ ကိုသက်ဦး၊ ကိုအောင်၊ သစ်နက်ဆူး စတဲ့ ဘော်ဘော် အားလုံး သတင်းတွေ ကြားရတာ ရင်မော ရသည်။ အာရှတိုက် ပြန်လှည့်လိုက်ဦးမှ စဉ်းစားရင်း ကိုရီးယား၊ ဂျပန် ဘော်ဘော်တွေ အသံ နားထောင် လိုက်သည်။ ကမာနီလာ ဆို - အလုပ် မရှိလို့ ဂျပန်မှာ ဆူရှီတောင် ၀ယ်မစားနိုင်တော့ဘူး... - ဟု ညည်း လိုက်သည့် ဖြစ်ခြင်း၊ ခိုတွေတောင် နံမည် ပြောင်းသွားသည် ကမာနီလာ ဆိုပဲ။ သည်လိုနဲ့ ဂျပန်ကနေ သြစတြေးလျဖက် သွားကြည့်တော့ မကေ ကလည်း သူ့ဘိုးတော် တယောက်တည်း အလုပ် ရှိတော့သည်... သူ အလုပ် မရှိတော့လို့... ခုဆို တနှစ်ကို ဒေါ်လာ ၃ သိန်းကျော် ၀င်ငွေလျော့သွားကြောင်း ညည်းနေလေသည်။ အဲမှာတော့ အလုပ် မလွယ်ပြီ။ လက်စနဲ့ စလုံးကို ပြန်လှည့်လာကာ မပန် တယောက် ကတော့ အဆင်ပြေ မှာပါလို့ ယုံကြည်နေတုန်း - Bonus တွေ မရတော့ဘူး... လခလည်း လျှော့လိုက်ပြီး... ဟီး... ဟီး... - ဆိုလို့ ရီနေတာလား ထင်တာ။ ဘယ်... ငိုနေတာဗျာ...။ ဒါနဲ့ ကိုယ်ကပဲ သူ့ကို မုန့်ဝယ် ကျွေးခဲ့ရသည်။ အဲတော့မှ အငို တိတ်သွားတာဗျား... ကောင်းရော...။ ဒါနဲ့ စလုံးကနေ မ ဖက် ကူးခဲ့ပြီး ပထမံ မောင်ဖုန်း ကတော့ ပထမံဆြာ ဆိုတော့ အဆောင် ကောင်းတွေ ဘာတွေနဲ့ အစီအရင် ပြုပြီး အလုပ် ကောင်း လောက်ပါတယ်လို့ တွေးမိရင်း ကေအယ်လ်ဘက် ခြေချခဲ့သည်။ - အလုပ်ရှိဖို့ နေနေ သာသာ အကိုရာ... သည်မှာ... အော်ပရာစီနေလို့... တော်ရာ ဆီတွေမှာ... အိမ်တွင်း ပုန်း ကုလားမ လုပ်နေရတယ်... - လို့ စိတ် မသက်သာ စဖွယ် ကြားရပါ တော့သဗျား။

နောက်ဆုံးမတော့ ဒုံရင်းက ဒုံရင်း လာရာလမ်းဖက် ပြန်ရင်း ယ ပလက်ကိုပဲ ခြေပြန် နင်းရပါ တော့မည်။ ဟုတ်ပေပြီ... သူငယ်ချင်း အရင်း ခေါက်ခေါက်ကြီး ကိုဂျက်လီ ၀န်ကြီးချုပ် ဖြစ်နေတာပဲ... ခုမှ သတိရသည်။ ဟိုး တလောကပဲ ကိုယ့်ကို အသိ ပေးသွားသည်။ ဖုန်း ကောက်ဆက်ရင်း အလုပ်ပေးဖို့ ပြောမိသည်။ ၀န်ကြီးချုပ် ကား အတွက် ဒရိုင်ဘာ ရာထူးတော့ လွတ်သည် ဆိုပဲ။ - ဒါဆို လုပ်မယ်ဗျာ- ပြောတော့ - ဒရိုင်ဘာက ၀န်ကြီးချုပ်ကို ကိုယ့်ကားနဲ့ကိုယ် မောင်းပို့ရမည်- ဟု ဆိုလေသည်။ - ကျနော့်ကားက မီနီဗန်ကြီးဗျ... ၀န်ကြီးချုပ်နဲ့ မလိုက်ဘူး... - ဆိုတော့ - Hummer H2 အသစ် တစီး ၀ယ်ခဲ့... - ဟု မိန့်မှာလေသည်။ - အာ... အလုပ် မရှိလို့ အလုပ်သစ် ရှာပါတယ်ဆိုမှ... ဘယ်လိုလုပ် ကား အသစ် ၀ယ်နိုင်မှာလဲ... - ပြောမိသည့်အခါ - အလုပ် မရှိပေမယ့်... Credit Card တော့... ရှိတယ် ဟုတ်လား... အကြွေးဝယ်ခဲ့ ပြီးတာပဲ... ဒါလေးများ... ခက်ခက် ခဲခဲ လုပ်လို့ - ဟု သြ၀ါဒ ပေးလေသည်။ - ဟုတ်သားပဲ... ၀န်ကြီးချုပ်တို့များ... ပညာ ရှိလိုက်တာ... ဒါကြောင့်လည်း... ၀န်ကြီးချုပ် ဖြစ်ပေတာကိုး... -လို့ စဉ်းစားမိကြောင်းပါ။

သို့သော်လည်း ကိုယ့်ကား ကိုယ်စိုက် လှေထိုးလိုက်... အဲလေ... ဒရိုင်ဘာ လုပ်လိုက် မိလို့ကတော့ မဟေသီက ဓါးနဲ့ ထိုးမှာ မြင်ယောင်သေး။ စဉ်းစားရင်းတောင် ကျောချမ်းသည်။ ၀န်ကြီးချုပ် ဒရိုင်ဘာတော့ မလုပ်တော့ပြီ။ နေဦး ၀န်ကြီးချုပ်ထက် တာဝန် ပိုကြီးတာ တယောက် ရှိသေးတယ်။ ညီမ အရင်း ခေါက်ခေါက်ကြီး မတူး က အဲမှာ နာယက မဟုတ်လား။ အဘတို့လိုပဲ ကိုယ့်ဆွေမျိုးချင်း အလုပ် ရှာပေးမှာပါ။ သူ့ကို ချဉ်းကပ်ရမှာ။ ဟုတ်ပြီ... ကိုယ်ကလည်း ငယ်ငယ်တုန်းက လမ်းထိပ်မှာ ပေသီးတွေ ဗျောက်အိုးတွေ ဖောက်ခဲ့ဖူးတယ်၊ နောက်ပြီး သူငယ်ချင်းတွေ ရန်ဖြစ်ရင် ဟိုဖက် သည်ဖက်က အကြောင်းတွေ လျှောက်စုံစမ်းပြီး ကြားထဲကနေ ပွဲပိုဆူအောင် ရန်တိုက်ပေးခဲ့ဖူးတာ ဆိုတော့ သည်အရည်အချင်းနဲ့ဆို ဗမာပြည်က ဆီတိုင်ကီ... အဲ.. မှားလို့... CID လိုမျိုး... ၊ အမေရိကားက ဆီတွေအိုင်... အာ... မဟုတ်သေးပါဘူး... ဆီအိုင်တွေ ... အဲ.. CIA လိုမျိုး ကိုယ်နဲ့ သင့်တော်တယ်လေ။ ညွှန်မှူးချုပ်ကြီးချုပ်ပေါ့။ ဒါမှ မဟုတ် ၀န်ကြီး ရာထူး တောင်းရင် ကောင်းမလား...။ ကာကွယ်ရေး ၀န်ကြီးဆို ကိုယ်နဲ့ သင့်တော်မယ် ထင်တယ်လေ။ ဘာလို့ဆို ကိုယ်က ငယ်ငယ်တုန်းက လေသေနတ်နဲ့ ညောင်ပင်ကြီးကို ပစ်ခဲ့ဖူးတယ်လေ... ။
တချက် ထဲပါ... ဒါပေမယ့်... မထိဘူး... .... ။

ဒါနဲ့ နာယကကြီးကို ကိုယ့်ကို သင့်တော်ရာ ၀န်ကြီး တနေရာ ခန့်ထားဖို့ အလုပ်လျှောက် လိုက်တယ်။ E-mail ပို့တယ်၊ text message ရိုက်တယ်၊ fax ထိုးတယ်၊ Voice Mail လည်း ထားခဲ့တယ်။ Ground Mail လည်း ပို့တယ်။ ခိုတကောင်ကို ဖမ်းပြီးတော့လည်း ခြေထောက်မှာ စာတစောင် ချည်ပြီး လွှတ်ပေးလိုက်သေးတယ်။ ခိုက အနီး အနားက စေတီ တဆူဘက် ပျံသွားတာတော့ တွေ့လိုက်ပါရဲ့။ ဒါနဲ့ ပိုပြီး သေခြာသွားအောင် ချင်းမိုင်က Doi Suthep တောင်ပေါ်ကို တက်ပြီး Red Indian တွေလို မီးခိုးနဲ့လည်း အချက်ပြခဲ့ ပါသေးတယ်... ....

လျှောက်လွှာကို လက်ခံရရှိပြီဆိုရင်တော့ နာယကြီးရေ့... သိတယ်မဟုတ်လား... ဟဲ... ဟဲ...

(ဘာရယ် မဟုတ်ပါဘူးဗျာ... သူငယ်ချင်းတွေလည်း အလုပ်တွေ ပြုတ်နေကြတော့ စိတ်ညစ် နေကြမှာ စိုးတာနဲ့ ပျော်ရွှင် ရီမောရအောင် စာလေး တစောင် ရေးပေးတာပါ...။ ခဏတာ ဖြစ်ဖြစ် ရီမောဖြစ်ရင် ရေးရကျိုး နပ်ပါတယ်...။ နံမည် ပါတဲ့ သူငယ်ချင်းတွေရော နံမည် မပါတဲ့ သူငယ်ချင်းတွေရော စိတ်မဆိုးကြဘူးလို့ ယုံကြည်ပါတယ်...)

Jan 26, 2009

လေးမြားတလက်နဲ့သီချင်းသည်

ဒီသီချင်းကို တင်ထားခဲ့တာ ကြာပါပြီ။ ဘလော့ စလုပ်ကာစက တင်ထားခဲ့တာပါ။ တနှစ် ကျော်ပြီ။ အဲတုန်းက Vid ကို playback လုပ်ပြီး WebCam နဲ့ ရိုက်ထားတာ။ အရုပ်နဲ့ အသံက လွဲနေလို့ ပြန်ဖြုတ်ထားတာပါ။ သူငယ်ချင်း တယောက်က ပြန်တင်ပေးပါဆိုလို့ ပြန်တင် လိုက်တာပါ။

Instrument အားလုံးကို 4-Track Recorder နဲ့ ဖမ်းထား ပါတယ်။ Rythm Guitar က Fender Stratocaster ပါ။ Boss PH-3 Phase Shifter တပ်ပြီး တီးပါတယ်။ Lead Guitar ကတော့ Jackson Dinky II ပါ၊ Boss DS-2 Turbo Distortion နဲ့ တီးထားတာပါ။ Bass Guitar ကတော့ Fender Precision ပါ။ Boss GEB-7 Bass Equalizer တပ်ထားပါတယ်။ Drums ကတော့ လုံးဝ မတီးတတ်လို့ Alesis SR-16 Drums Machine ကို သုံးထားတာပါ။ Keyboard ကတော့ Yamaha PSR ပါ။ သိပ်မတီးတတ်လို့ Chord လောက်ပဲ Backing တီးထားပါတယ်။ အားလုံး တီးပြီးသွားတော့ Vocal ကို PC ပေါ်မှာ Record လုပ်ပြီး MixDown လုပ်ထားတာပါ။ Vocal ကတော့ သိပ်မကောင်းပါ။

ကျနော်တို.ခေတ်မှာ ခိုင်ထူးဆိုတာ အလွှမ်းမိုးဆုံး အဆိုတော် တဦးပါပဲ၊ သူ့သီချင်းတွေ များစွာ ထဲမှာ ဒီသီချင်းက ကျနော့်တို့ ဘ၀တွေနဲ့ တူနေတယ်လို့ ခံစားရပါတယ်၊ ဒါကြောင့် ဒီ သီချင်း ကို ကိုယ်တိုင် ပြန်ဆို တီးခတ်မိတာပါ၊ သီချင်းရေး ဆရာက ကိုမောင်မောင်ပါ။

သီချင်းတပုဒ်လုံးရဲ. အစီအစဉ်တွေကို ကျနော် မမှတ်မိတော့ပါ။ ဒါကြောင့်မို့ မှတ်မိတဲ့ အဓိက နှစ်ပိုဒ်ကိုပဲ ပြန်တီးခတ် ထားပါတယ်။

လေးမြားတလက်နဲ့ သီချင်းသည်

အိပ်မရတဲ့အတူ မထူးတော့တဲ့ညမို့ ... တံခါးကို... ဖွင့်ကာ...
တိတ်ဆိတ်တဲ့ခြေလှမ်းရဲ.လျှပ်တိုက်သံ... နားကို... စွင့်ကာ...

ရောင်နီ မလာခင်... ကျေးငှက်တို့ရဲ့...

တေးသွားလေးကို... စည်းချက်တွက်ကြည့်ကာ...

ကြားမှာ... သံစဉ်ဖြည့်လိုက်တယ်...

သာယာတဲ့ နေ့သစ်ရဲ့အစ... တည်ငြိမ်ဆဲ... အခိုက်အတန့်မှာ...

တေးသံကို... ရှာဖွေရေးမှတ်ရင်းနဲ့... သီချင်းပုံစံ... သီကာ... ငြည်းမိတယ်။


စိတ်ချတဲ့လူရင်းမို့... ဖွင့်ဟကာ... မေးမယ်... ပြောလေ...

အားသစ်နဲ့ ခြေလှမ်းရဲ့ တက်ကြွသံ... ကြားရင်... သိမယ်...

တောင်စဉ်ခွန်နှစ်သွယ်... လှမ်းတက်ဖို့အတွက်...

ခရီးကြမ်းလမ်းကို... ထိုးဖောက်ရောက်ခဲ့ရင်...

သင့်ကို... ရှေ.မှာ ကြိုဆိုကြလိမ့်မယ်...

ရင်ဆိုင်မယ့် နေ့မရှိတဲ့ည... ငြိမ်သက်ဆဲ... အခိုက်အတန်.မှာ...

ဘေးရန်ကို... တင်ကြိုမှန်းဆရင်းနဲ့... မြားအိမ်ကို... လွယ်ကာ... ထွက်ခဲ့တယ်။



video

I'll Be There

အပြင်းပြေ YouTube မှာ သီချင်းတွေ လိုက်ပြီး ရှာနားထောင်ရင်း မိုက်ကယ် ဂျက်ဆင်တို့ ညီအကိုတွေ ငယ်ငယ်တုန်းက စုဆိုထားတဲ့ Jackson 5 ရဲ့ သီချင်းတပုဒ် သွားတွေ့တယ်။ မိုက်ကယ် ဂျက်ဆင်လည်း တကယ့် ကလေးသံလေးနဲ့ ဆိုထားတာ သဘောကျလွန်းလို့ မကြားဖူးတဲ့သူတွေ ကြားဖူး မြင်ဖူးအောင် တင်ပေး လိုက်ပါတယ်။ ဆားလည်း ချက်ရင်း ပေါ့လေ...။


I'll Be There (Michael Jackson)

You and I must make a pact
We must bring salvation back
Where there is love, I'll be there

I'll reach out my hand to you,
I'll have faith in all you do
Just call my name and I'll be there

Chorus:
And oh - I'll be there to comfort you,
Build my world of dreams around you
I'm so glad that I found you
I'll be there with a love that's strong
I'll be your strength, I'll keep holding on
Yes I will, yes I will

Let me fill your heart with joy and laughter
Togetherness, well that's all I'm after
Whenever you need me, I'll be there
I'll be there to protect you
With an unselfish love I respect you
Just call my name and I'll be there

(Chorus)

If you should ever find someone new
I know he'd better be good to you
'Cos if he doesn't, I'll be there

Don't you know, baby, yeah yeah
I'll be there, I'll be there, just call my name, I'll be there

(Just look over your shoulders, honey - ooh)

I'll be there, I'll be there, whenever you need me, I'll be there

Don't you know, baby, yeah yeah
I'll be there, I'll be there, just call my name, I'll be there...

Jan 25, 2009

ရွှေနားတော်သွင်း ဧချင်း


ကုန်းနှီးတခုနဲ့ ကကြိုးတစုံလို
ချစ်ခြင်းမေတ္တာကို
ကျောမှာ သယ်ပိုး ချပ်ရပ်ရင်း
ယူဇနာ ထောင်ချီ ဒုန်းစိုင်း ချဉ်းနင်းခဲ့တဲ့
မြင်းရိုင်းကြီးတကောင်ပါကွယ် ...

အလွမ်း ဇက်ခွံ့လို့...
တမ်းတခြင်း ဖဲကြိုး ချုပ်နှောင် လူးလွန့် လှုပ်နိုးတဲ့အခါ...
အိပ်မက်ကို ရပ်တန့်ခဲ့ပါပြီ...

ဟောသည်မှာ...
ပျားရည် လိမ်းကျံ စိုစွတ် စိမ်းမြ
မနက်ခင်း ဖြူလွ နိုးထ ခုံမင်
တေးသံ ချိုလွင် နူးညံ့ ငှက်ငယ်များနဲ့
အရိုးသားဆုံး ရှင်းသန့် လှပ ဖြူစင် နေတဲ့
ချစ်မက် ခင်မင်ရာ လွင်ပြင်လေးတခု တွေ့တယ်...

အဲသည်မှာ
အပြာရောင်တွေနဲ့ ထုပ်ပိုး သိမ်းဆည်းထားတဲ့
မိုးသားတွေ ပြည့်နှက်နေပေါ့ ...

ခြောက်အိပ်မက်တွေက
တရေးနိုးထလေတိုင်းမှာ
မိုးသားတွေကို
နှင်းပွင့်တွေလို သောက်မိ...
တဘ၀စာ လောင်မြိုက်သောကတွေ
မိုးသီးတွေလို ပါးလျ ပျော်ကျ ပျောက်ရှ သွားတဲ့ အထိ...

ကြည့်ဦး...ကွဲ့....
မုန်တိုင်းနဲ့ မျက်ရည် အက်ဆစ်
ပန်းပွင့်တွေဖြစ်အောင် ပုံသွင်း
ချစ်ခြင်းမေတ္တာကို
နှင်းမိုးလို ရွာချ
အရိုးသားဆုံး ချစ်ပြဖို့ ... ...

သို့သော်လည်း
မြင်းကောင်း ခွာလိပ်ခဲ့သော နေ့ရက် တချို့
အိပ်မက်တို့ ကျိုးပဲ့ တွန့်လိမ် နှိပ်စက်...
အိပ်ပျက်ညများ ဂယောက်ဂယက်နဲ့ ...
တောခြောက်ခဲ့တဲ့ လက်တွေ...
မမြင်ရလေတဲ့ အနီအောက် ရောင်ခြည်တွေ...
တိမ်နီတွေ တိမ်ဝါတွေ တိမ်ပြာတွေ...
ဒါပေသည့်
လှလှပပ ဆင်ခြေတွေတော့ မဟုတ်လေဘူး...

သည်လိုနဲ့
ချစ်ခြင်းအားဖြင့်
ဗျာများနေခဲ့တဲ့ ပြက္ခဒိန်တခုသာ
အရိုးသားဆုံး
နှလုံးသားမဲ့ပြုံး ဖြစ်ခဲ့တယ်
ခွင့်လွှတ်ပါလေကွယ်...

ATN

Jan 23, 2009

တနှစ်ပြည့်ပြီ

သားသား တနှစ်ပြည့်ပါပြီ။
ဦးဦး ဒေါ်ဒေါ်တို့ အားလုံး မင်္ဂလာပါခင်ဗျာ။


ဒီပုံကတော့ အန်တီ သီရိ ဆွဲပေးထားတဲ့ မွေးနေ့လက်ဆောင်ပါ။
ကျေးဇူးကမ္ဘာပါနော် အန်တီရေ့...


အနော့ကို ပါပါးက စန်တာကလော့စ် လုပ်ခိုင်းထားတယ်။


စန်တာကလော့စ် လုပ်ရတာ စိတ်ညစ်လာပြီ။


စန်တာကလော့စ် မောလို့ အိပ်ပီဗျာ...။

Jan 22, 2009

မီးအိမ်ရှင်သို့ အမှတ်တရ

လကွေးပက်လက်
ညပုခက်လည်း

မျက်တောင်စင်းလျက်

အုန်းခင်းထဲမှာ အိပ်ပျော်သတည်း.....


ကျနော် ငယ်စဉ်က အလွတ်ရနေခဲ့တဲ့ ကဗျာတွေထဲက အပိုင်းအစလေးတခုပါ...။ ဆရာဂျမ်း (ဆရာတင်မိုး) ရဲ့ နံမည်ကျော် နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာ စာအုပ်မှာ ပါတဲ့ ကဗျာအပိုဒ်လေး တခုပါ။

ကျနော့် အဖိုးအဖွားတွေက မြစ်ဝကျွန်းပေါ်ကဆိုတော့ ကျနော် ငယ်စဉ်က မြစ် အတွင်းမှာ သင်္ဘောနဲ့ ခရီးတွေ ခဏခဏ သွားခဲ့ဖူးပါတယ်။ တခါတခါ သင်္ဘော ဦးခန်းမှာ နေရာ ရတဲ့ အခါမျိုးမှာ ညဖက် ရောက်ရင် မအိပ်တော့ပဲ လရောင် အောက်မှာ မြင်နေရတဲ့ မြစ်ရဲ့ အလှ အပတွေကို သင်္ဘော ဦးခန်းရဲ့ ပြတင်းဝက ရပ်ကြည့် ခံစားရင်း ကြည်နူးခဲ့ ဖူးပါတယ်။ မြစ်ကမ်း တဖက်တချက်မှာ ပေါက်နေတဲ့ ဓနိတော၊ ခရာတော၊ လမုတော၊ အုန်းတောတွေ ညရဲ့ လရောင်ပြာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေတာကို ကြည့်ရင်း တဖြူးဖြူး တိုက်နေတဲ့ ညလေ အေးအေးမှာ လရောင်ကို ထွေးပွေ့ရတာ အတော် ကြည်နူးစရာ ကောင်းတဲ့ အခိုက်အတန့်ပါပဲ။

အဲလိုမျိုး အခိုက် အတန့်တွေကို မကြာခဏ ကြုံတွေ့ရတဲ့အခါ အထက်မှာ ကျနော် ဖော်ပြခဲ့တဲ့ ဆရာတင်မိုးရဲ့ ကဗျာ ပိုဒ်ကလေးဟာ နှလုံးသားထဲကို အလိုအလျောက် ရောက်သွားတာပါ။ ကြည့်ပါဦး - လပြည့်မဟုတ်လို့ ပုခက် တလုံးလို ကွေးကွေးလေး ဖြစ်နေတဲ့ လကို ညပုခက်လို့ တင်စားထားတာ၊ ဘယ်လောက် လှပလိုက် ပါသလဲ။ ပြီး မျက်တောင်စင်းလို့ တိတ်ဆိတ်ငြိမ်သက် အုန်းခင်းထက်မှာ အိပ်ပျော်သွားတယ်လို့ ဖွဲ့ထားတာ - ဘယ့်လောက် လှပလိုက်ပါသလဲ။

သည်လို နူးညံ့လှပတဲ့ ကဗျာတွေရဲ့ ပိုင်ရှင် ဖန်မီးအိမ်ရဲ့ သခင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က သည်နေ့ မှာ သူ ချစ်မက် မြတ်နိုးရာ အမိမြေရဲ့ အဝေးမှာ ထာဝရ အိပ်စက် အနားယူသွားခဲ့ပါပြီ။ မီးအိမ်ရှင်ကို ချစ်ကြတဲ့ သူတွေအားလုံး နှလုံးသားတွေ ကြေကွဲ၊ မျက်ရည်တွေ ၀ဲခဲ့ကြရတယ်။ တချို့ကလည်း ဖန်မီးအိမ်ကလေး ကွဲခဲ့ပြီ...တဲ့...။ မဟုတ်ပါဘူး... မဟုတ်ပါဘူး... သည်ဖန်မီးအိမ်လေး မကွဲခဲ့ပါဘူးဗျာ... သည်ဖန်မီးအိမ် လေးဟာ ကျနော်တို့တွေ အားလုံးရဲ့ နှလုံးသားမှာ ထာဝရ သိမ်းထားခဲ့ပြီးပြီပဲ။ ဘယ်တော့မှ မကွဲနိုင်တော့ပါဘူး...။ ဖန်မီးအိမ်လေးဟာ အနားယူသွားခဲ့တာပါ...။ မီးဇာကုန် ဆီခမ်းသွားတာလည်း မဟုတ်ပါဘူး...။ သူ့ အစွမ်းရှိသမျှထက်ကို အစွမ်းကုန် အလင်းရောင် ပြရင်း တာဝန်ကျေသွားခဲ့တဲ့ တနေ့မှာ ထမ်းပိုးခဲ့သမျှတွေကို ပုံချ... အနားယူသွား ခဲ့ရတာပါ...။

သည် ဖန်မီးအိမ်ရှင်ကို ချစ်ခင်လေးစား သတိရတမ်းတသောအားဖြင့် သူ အိပ်စက် အနားယူသွားခဲ့တဲ့ ၂ နှစ် မြောက်တဲ့နေ့မှာ သူ အလင်းပြခဲ့တဲ့ ဖန်မီးအိမ်လေးကို သူ့ကိုယ်စား ဖော်ပြပေးလိုက်ပါတယ်။ ဆရာတင်မိုး ထာဝရ ငြိမ်းချမ်းပါစေ....။

(အောင်သာငယ်)
ဖန်မီးအိမ်

ဖန်မီးအိမ်သည်
ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည်မဟုတ်ပါ။

ဖန်မီးအိမ်သည်
တိမ်လွှာကိုစား၊ လရထားဖြင့်
ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့်
သခင်တို့ဖြန်း၊ ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းမျက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း။

သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား
မ၀င့်ငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို
အလှဆင်လိုဟန်တကား......။

တင်မိုး

Jan 19, 2009

ဓါးတချောင်းရဲ့ ပြက္ခဒိန် (အစအဆုံး)

ဘာလိုလိုနဲ့ နောက် နှစ်သစ် တနှစ်ကို ကူးတော့မည်။ အလုပ်ကလည်း ခရစ်စမတ်နဲ့ နှစ်သစ်ကူးအတွက် တပတ် တိတိ ပိတ်ပေးထားတော့ အိမ်မှာ မိသားစုတွေ အားလုံး အတူတကွ ရှိနေကြသည်။ ပုံမှန်ဆို အားလုံး ကိုယ့် အလုပ်နဲ့ ကိုယ် ဆိုတော့ မိသားစုဝင် အားလုံး အချိန်ပြည့် အတူတကွ မဆုံနိုင်ကြ။

သားကြီးက ကောလိပ် တက်နေသူဆိုတော့ အဆောင်မှာ နေနေသည်။ သမီးငယ်ကတော့ မူလတန်း ကျောင်းသူ ဆိုတော့ အိမ်မှာ ရှိသည်။ သားလတ်ကတော့ အထက်တန်းကျောင်း တက်ရင်း နောင်သူတက်ရမည့် ကောလိပ် အတွက် ကြိုတင်ကာ ငွေစုဆောင်းသည့် အနေနဲ့ ညဖက်တွေဆို အချိန်ပိုင်း အလုပ်သွားလုပ်နေသည်။ မဟေသီနဲ့ သူကလည်း အလုပ် တယောက် တခုစီ။ လူတိုင်း အလုပ်လုပ်ပြီး အလုပ် လုပ်မှလည်း အရာအားလုံး အတွက် လောက်ငရုံ ရှိသည့် သည်နိုင်ငံမှာ သာမန် အောက်ခြေ လူတန်းစားဖြစ်သည့် သည်မိသားစုဝင်တွေ အားလုံး တချိန်တည်း စုဆုံကြဖို့ ဆိုသည်မှာ သိပ်မလွယ်လှ။ ခုတော့လည်း ခရစ်စမတ်အိ(ဗ်) ကနေ နယူးရီးယားအိ(ဗ်) အထိ မိသားစု အားလုံး အတူတကွ ရှိနေကြသည်။ မိသားစုအတွက် ကွာလတီတိုင်းမ်လေး တခုပေါ့လေ။

အားလပ်ရက်လေးရနေတုန်း အိမ်ကို သန့်ရှင်းရေး ၀ိုင်းလုပ်ကြသည်။ ဖုန်သုတ် တံမြက်လှည်း အလုပ်ကို မဟေသီနဲ့ သမီးလေးက လုပ်ကြသည်။ သားနှစ်ယောက် နဲ့အတူ ကျန်သည့် ပြန်လည်နေရာချထားရေး အလုပ်ကို အတူတကွ လုပ်ကြသည်။ မီးဖိုချောင်က ပန်းကန် ခွက်ယောက်တွေ အပါအ၀င် ပစ္စည်းတွေ အားလုံးကို ဆေးကြောရင်း နေရာတကျ ပြန်ထားသည်၊ ဧည့်ခန်းက ဆိုဖာတွေ ပရိဘောဂတွေကို အနည်းငယ် ကြည့်ကောင်း သွားအောင် နေရာ ပြန်ရွှေ့ကြသည်။ ရေချိုးခန်း ၃ ခုကို သန့်ရှင်းရေး လုပ်ကြသည်။

ပြီး မိသားစုတွေ အတူတကွ တီးကြ ဆိုကြ လုပ်ကြသည့် စတူဒီယိုလေး မှာလည်း ကွန်ပြူတာတွေ၊ လျှပ်စစ် စန္ဒယား၊ ခီးဘို့ဒ်တွေ၊ ဂစ်တာတွေ၊ မစ်က်ဆာတွေ၊ အဲမ်ပလီဖိုင်ယာတွေ၊ တခြား စက်ပစ္စည်းတွေကို ပြန်လည် နေရာချရင်း သန့်ရှင်းရေး လုပ်ကြသည်။ အိပ်ခန်း ၃ ခန်းနှင့် ၀ရန်တာပါ မကျန် သန့်ရှင်းရေးလုပ်ပြီး ပြန်လည် နေရာချထားကြသည်။ နောက်တော့ closet တွေထဲက အ၀တ်အစားတွေ အားလုံးကို ထုတ်လျှော်ပစ်ပြီး မီးပူ ပြန်တိုက်၊ နေရာတကျ ပြန်သိမ်းဆည်းလိုက်ပြီး တအိမ်လုံးကို အသစ်နီးပါး ဖြစ်အောင် ရှင်းလင်း ပြီးချိန်မတော့ နှစ်သစ်ကို စိတ်သစ် လူသစ် အားလုံး အသစ်နဲ့ ကြိုဆိုဖို့ အသင့် ဖြစ်နေပါပြီ။

သည်နှစ်တော့ မည်သူ့အိမ်ကိုမှလည်း မသွား၊ ကိုယ့်အိမ်ကိုလည်း မည်သည့် သူငယ်ချင်း တွေကိုမှ မဖိတ်တော့ပဲ မိသားစုဝင်တွေ ချည်းသာ နှစ်သစ်ကို ကြိုကြဖို့ ဆုံးဖြတ်လိုက်သည်။ ရှိသမျှ မိတ်ဆွေ သူငယ်ချင်းတွေကို ဖုန်းခေါ်၊ အီးမေးလ်ပို့ပြီး အကြောင်းကြား လိုက်သည်။ သည်နှစ်တော့ အိမ်မှာပဲ celebrate လုပ်တော့မည်- ဟု။ ပြီးတော့ မိသားစုအတွက် နှစ်ကူးညစာ ပြင်ဆင်ဖို့ မဟေသီကို လိုအပ်သည်များ စာရင်း လုပ်ပေးလိုက်သည်။ မဟေသီနဲ့ သမီးလေး ဈေးဝယ်ထွက်သွားချိန်မှာ သားနှစ်ယောက်နဲ့ ချက်ပြုတ်ခြင်း လုပ်ငန်းကို စတင်ဖြစ်သည်။

သားကြီးကတော့ ထမင်းကောင်းကောင်း ချက်တတ်နေပြီ။ ဗမာဟင်း တချို့ကိုလည်း အတော် အသင့် ချက်တတ် နေပြီ။ သားလတ်ကိုတော့ သင်ပေးရဦးမည်။ သားကြီးက ထမင်း တအိုးကို ပြင်ဆင် လိုက်ပြီး အခြား အကျော် အလှော်တွေကို ပြင်ဆင်နေချိန်မှာ သားလတ်ကို လှမ်းခေါ်လိုက်သည် - ကိုလတ်... လာ... သည်မှာ ကြက်သွန်နီ လာလှီး... အပါး... သင်ပေးမယ်... - သားလတ်က စိတ်တော့ သိပ်ပါပုံမရ။ ဒါပေသည့် အဖေကိုတော့ ဘယ်တုန်း ကမှ မလွန်ဆန်ခဲ့သူပီပီ မလာချင့် လာချင်နဲ့ အနား ရောက်လာလေသည်။

ကြက်သွန်နီ အကြီး တလုံးကို ထိပ်နဲ့အောက်ဖက်ကို ဓါးနဲ့ ဖြတ်ရင်း ထက်ခြမ်း ခွဲလိုက်သည်။ ပြီး တခြမ်းကို ကတ်တင်းဘို့ဒ်ပေါ်မှာ မှောက်ရင်း - လက်ကို ဒီလိုထား... ကြက်သွန်နီကို... ဒီလိုကိုင်... ဓါးကို... ဒီလိုကိုင်... ပြီးရင်... ဒီလို... လှီး... - ပြောရင်း လှီးပြလိုက်သည်။ - ရော့... နောက်တခြမ်းကို... လှီးကြည့် - သားလတ်က ကြက်သွန်နီကို ကိုင်ပြီး ဖြည်းဖြည်းချင်း လှီးနေသည်။ ဓါးက အမှန်တော့ အနည်းငယ် အပြား သေးနေသည်။ ကြက်သွန်နီလိုမျိုး ဟင်းသီး ဟင်းရွက်လှီးဖို့ သုံးသည့် အပြားကြီးကြီး ဒါးကို သွား သတိရလိုက်မိသည်။ - နေဦး... သား.. အပါး... ဓါးနောက်တချောင်း... ယူပေးမယ်... အဲဒါက... ပိုပြီး... လှီးရတာ... အဆင်ပြေတယ်... professional... ပေါ့ကွာ... - ပြောရင်း မီးဖိုချောင် အံဆွဲတွေထဲက ဓါးတွေ ထားသည့် အံဆွဲတခုကို ဆွဲဖွင့်ရင်း ထို ဓါးကို ရှာလိုက်သည်။ ဓါးကိုတွေ့တော့ လှမ်းနှိုက် လိုက်ရင်း သားလတ်ကို ကြည့်ရင်း လှမ်းပြော လိုက်သေးသည် - မလှီးနဲ့ဦး... သား... ဒီဓါးနဲ့မှ.. လှီး.. - သားလတ်ကို ပြောရင်း နှိုက်ရင်းနဲ့ မကြည့်မိတော့ ဓါးကို အသွားဖက်မှ လှမ်းဆုပ်မိသည့်အခါ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်းလုံးကို ဓါးရှ သွားပါလေသည်။ - အား... ရှပြီ... ဟ...- အော်မိသည့် အခါ သားကြီးက အပြေး ရောက်လာသည်။ - ဘာဖြစ်လဲ... ပါပါး... - သားကြီးကတော့ သူ့ကို အတော် ချစ်သူပီပီ သူ တခုခု ဖြစ်လျင် မျက်နှာ ပျက်နေ တတ်သည်။ - ဘာမှ မဖြစ်ဘူး... ဓါး ရှသွားတာ... နည်းနည်းလေးပါ... - သွေးတွေ ထွက်နေ သည့် လက်သုံးချောင်းကို ဘယ်ဖက်လက်နဲ့ ဖိအုပ်ရင်း ရေချိုးခန်းက ကြွေဇလုံမှာ လက်ကို ရေနဲ့ ဆေးချလိုက်သည်။

လက်နှစ်ဖက်လုံးကို ဓါးရှခဲ့သော အကြိမ်ပေါင်း မရေမတွက် နိုင်အောင် များလှပြီမို့ သူ့ အတွက်တော့ မထူးဆန်း လှပါ။ သားကြီးက နောက်က လိုက်လာသည် - နည်းနည်း လေးပါကွာ...- သူပြောရင်း ရေချိုးခန်းက နံရံကပ် ဘီရိုလေးတွေမှာ ထားသည့် First Aid Kit ကို ဖွင့်လိုက်ပြီး BandAid ၃ ခုကို ခွာပြီး ဒဏ်ရာတွေမှာ ကပ်လိုက်သည်။ ပြီးပြီ။

သားကြီးကတော့ - ပါပါးက... ဓါးတွေ အားလုံးကို... ရှုပ်ရှက်ခတ်အောင်... အဲမှာပဲ... အားလုံး စုထည့်ထားတာကိုး...၊ ကျနော်... ပြန်ရှင်းပေးမယ်... - ပြောရင်း ဓါးတွေ ထည့်ထား သည့် အံဆွဲကို အံမှ လုံးဝ ဆွဲထုတ်ကာ ထမင်းစား စားပွဲပေါ် မှောက်ချရင်း ဓါးတွေကို သူ့ ဓါးအိမ်နဲ့သူ ပြန်ထည့်နေလေသည်။ အမှန်တော့ သူ့ဓါးတွေ အားလုံးက သူ့သက်ဆိုင်ရာ ဓါးဗူးတွေ (case) ဓါးအိမ်တွေ (Sheath) တွေနဲ့သာ ဖြစ်ပါသည်။ သူကတော့ ဓါးတချောင်း ထုတ်သုံးတိုင်း သုံးပြီးတိုင်း သူ့ သက်ဆိုင်ရာ ဗူးတွေ ဓါးအိမ်တွေထဲ ပြန်မထည့်ပဲ သည် အံဆွဲထဲသာ ထိုးထည့် ထားမိသည်လေ။ ခုတော့ စားပွဲပေါ်မှာ ဗူးမရှိ ဓါးအိမ် မရှိသော ဓါးလေး တလက်သာ ကျန်နေပါသည်။ ဓါးဦးထိပ်က ကျိုးနေပြီး ဓါးသွားတခုလုံးမှာ အပဲ့ရာတချို့ အတွန့်အလိပ် တချို့နဲ့ ပလပ်စတစ် လက်ကိုင်ရိုး အပြာလေးနဲ့ ဓါး အသေးလေး တချောင်းသာ စားပွဲပေါ်မှာ...။ သည်ဓါးကို ကြည့်ပြီး သားကြီးက - ပါပါး... ဒီဓါး အစုတ်က... ဘာလဲ... ဓါးအိမ်လည်း... မရှိဘူး... ဓါးကလည်း... လွှ... ကျနေတာပဲ... ဘာသွား သုံးရမလဲ... လွှင့်ပစ် လိုက်ရမလား... - လှမ်းပြောတာကို ကြားလိုက်ရသည်။

ထမင်းစားစားပွဲနားကို ရောက်သွားတော့ ဓါးအားလုံးကို သူ့ဗူးနဲ့သူ သူ့ဓါးအိမ်နဲ့သူ သားကြီးထည့်ထားတာ တွေ့ရသည်။ အပြာရောင် ပလတ်စတစ် လက်ကိုင်ရိုးနဲ့ အသွားတွေ တွန့်လိပ်နေသည့် ဓါးလေးတချောင်းကို ထမင်းစားစားပွဲပေါ်မှာ တွေ့ရ သည့်အခါ - ဟေး... ဟေး... လွှင့် မပစ်နဲ့... အဲဒီဓါးက.. မင့်ထက်... အသက် ကြီးတယ်... သားရဲ့... ဒီဓါးက... မင့်... မိုးမိုးနဲ့... ပါပါးရဲ့... ဘ၀ အစပဲလေ... - ပြောရင်း လွန်ခဲ့သော အနှစ် နှစ်ဆယ်ဆီသို့ သူ့ စိတ်က ပြန်လည် ရောက်ရှိ သွားပါ လေတော့သည်။

---------------------------------------------------------------------------

ဘန်ကောက်မြို့သည် အတော် စိတ်ပျက်ဖို့ကောင်းလှသည့် မြို့တမြို့ ဖြစ်လေသည်။ တနေရာရာကို သွားဖို့ အချိန်တွေ အများကြီးကုန်သည်။ traffic jam က အချိန်တွေကို အမြဲစားပစ်နေသည်။ သွားလိုသည့် နေရာက နီးလျင်တော့ အကြောင်း မဟုတ် ဆိုင်ကယ် ငှားစီးသွားရုံသာ။ သွားရမည့် နေရာက အရမ်းဝေးသည့်အခါ taxi လည်း ငှားမစီးနိုင် ဆိုတော့ Bus တွေကို ပဲ ၂ ဆင့် ၃ ဆင့် ပြောင်းစီးပြီး သွားရသည်။ ကိစ္စတခုအတွက် ကားပေါ်မှာ အချိန် ကုန်ရသည်က ၄ နာရီလောက်ကြာသည်။ ခုလည်း အလုပ်သွားဖို့ အစောကြီး ထလာရသည်။ အလုပ်ကို ရောက်ဖို့ ၂ နာရီလောက် ကားစီးရသည် မဟုတ်လား။

ဘန်ကောက်ရောက်ကတည်းက ပုံမှန် အတည်တကျ အလုပ် မရှိသည့် လူ တယောက် အတွက် ထမင်းက နပ်မှန် ရုံသာ။ ကိုယ့် ဘာသာ ကိုယ် လေ့လာ ဖတ်ရှု ထားသမျှသော စာတွေ့ အားကိုးနဲ့ ကွန်ပြူတာ အရောင်းဆိုင် တခုမှာ အလုပ် သွား လျှောက်တော့ အချိန်ပိုင်း အလုပ်တခု ရသည်။ ဘန်ကောက် မြို့လည်ကောင်ရှိ Panthip Plaza ဆိုသည့် ကွန်ပြူတာ ဈေးကြီးမှာ ဖြစ်သည်။ အလုပ်က ခက်ခက်ခဲခဲတော့ မဟုတ်ပါ။ ကွန်ပြူတာ လာဝယ် သူများ အတွက် ကွန်ပြူတာကို အလုံးလိုက် ဆင်ပေးရခြင်းဖြစ်သည်။ အလုပ်လုပ်နေသည့် ဆိုင်မှာ အသင့် ဆင်ပြီး ပြသထားသော အမျိုးအစား မတူသည့် ကွန်ပြူတာ ၄-၅ လုံးကို လာဝယ်သူက ကြိုက်လျင် အဲသည် setting တွေအတိုင်း ဆင်ပေးလိုက်ရုံသာ။ တချို့ကလည်း ကွန်ပြူတာ အကြောင်း နည်းနည်း ပါးပါး သိတော့ - ဒါမလိုချင်ဘူး- ဒါပြောင်းထည့်ပေးပါ- စသည်ဖြင့် customize လုပ်လာလျင်လည်း ပြောင်းပြီး ဆင်ပေးရသည်။

တချို့ကတော့ သူတို့ဆင်ချင်ရာကို စာရင်းနဲ့ ယူလာပြီး ပြသည်။ သည်အခါ ဆိုင်မှာ မရှိသော ပစ္စည်းများကို အခြားဆိုင်များမှ သွားဆွဲကာ ဆင်ပေးရသည်။ အခြေခံကတော့ CPU ကို (ထိုခေတ်ကတော့ Intel 086, 286 စသည် - 386, 486 processor များပင် မပေါ်သေး) အရင်ရွေးကြသည်၊ ပြီး MotherBoard ရွေး၊ ပြီးလျင် RAM (Memory Card) ဘယ်လောက် ထည့်မည်၊ Hard Disk က ဘာအမျိုးအစား MB ဘယ်လောက် (ထိုခေတ်က 20 MB ဆို အတော်ကြီးနေပြီ... ခုပြန်တွေးတော့ ရီချင်စရာ)၊ ပြီးလျင် ဘာ Drive ယူမည် ရွေးရသေးသည်၊ Drive ၂ မျိုး ရှိသည် - 5.25-in နှင့် 3.5-in Floppy Drive၊ (CD Drive တွေ မပေါ်သေး)။ Graphic Card က ဘာယူမည်၊ နောက် Sound Card၊ ထိုအရာတွေပြီးလျှင် Case ကို ရွေးကြသည်၊ လှသည့် Case တွေက ပို အရောင်းသွက်သည်။

လိုအပ်သည်များကို အားလုံး ရပြီဆိုလျင် စက်ကို စဆင်ပြီ၊ ပြီးလျင် စက်ပေါ်မှာ ဘာတွေ install လုပ်ချင်လဲ မေးရသည်။ ထိုခေတ်က MS-DOS ခေတ်၊ Mouse နှင့် MS Windows တောင် ပေါ်ကာစခေတ်။ စက်ပေါ်မှာ DOS ကို အရင် သွင်းရသည်၊ ပြီးမှ Windows ကို တင်ရသည် (ထိုစဉ်က Windows က version 1.0)။ ပြီး လာဝယ်သူ လိုချင်သည့် Program တွေ သွင်းပေးရသည်၊ လူငယ်တွေကတော့ PC-Man လို Game တွေ သွင်းခိုင်းသည်။ လူကြီးတွေကတော့ အမျိုးစုံ - AutoCAD လို program တွေကအစ Strip Poker လို Game မျိုးတွေ အလယ် Font မျိုးစုံ အဆုံး ရှုပ်ရှက်ကို ခတ်နေသည်။ ဒါပေသည့် တောင်းဆိုသမျှ program အားလုံး အတွက် စာရင်းနှင့်တကွ သည်ဆိုင်မှာ သက်ဆိုင်ရာ Master Hard Disk တွေထဲမှာ အားလုံး ရှိပါသည်။ အားလုံးကတော့ Pirate တွေချည်းသာ။

စက်ဆင်သည်ရော၊ software install လုပ်သည်ရော အားလုံးဆိုလျင် ကွန်ပြူတာ တလုံးကို စပြီးဆင်သည်မှ နောက်ဆုံး လာဝယ်သူက ပုံးထဲထည့်ပြီး သယ်သွားသည့် အထိ ၂ နာရီ လောက်တော့ အနည်းဆုံး ကြာသည်လေ။ ဒါပေသည့် သူ့လို စက်ဆင်ပေးသည့် လူချည်း ဆိုင်မှာ ၅ ယောက်ရှိသည်။ လာဝယ်သူ အလိုက် သူတို့ ၅ ယောက်က တယောက် တလှည့် စနစ်ဖြင့် အလှည့်ကျ ဆင်ပေးရသည်။ တလုံး ဆင်ပြီးလျင် လုပ်အားခ ဘတ် ၃၀၀ ရသည်။ တခါတလေ အသင့် ဆင်ပြီးသားတွေချည်း လာဝယ်သူက ၀ယ်သွားသည့်အခါ ထိုနေ့အဖို့ ကားခနဲ့ ထမင်းဖိုး သူတို့ ရှုံးသည်။ တခါတခါလည်း တနေ့တည်း ၃ လုံး ဆင်ရသည်မျိုးလည်း ရှိသည်။ ထိုနေ့မျိုးမှာတော့ အိမ် အပြန်မှာ Singha Beer လေး တလုံးတလေလောက် သောက်နိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် ထမင်းကတော့ နပ်မှန်နေသေးသည်။ ငွေပိုငွေလျှံတော့ မစုဆောင်းမိ။ ဘာလို့ဆို ရသမျှ ပိုက်ပိုက်များဖြင့် သီချင်းစာအုပ်၊ ကွန်ပြူတာ စာအုပ်များသာ ၀ယ်ဖြစ်နေသောကြောင့်ပင်။ တအိမ်လုံးမှာ Yamaha Acoustic Guitar တလုံး၊ သီချင်း စာအုပ်များနဲ့ ကွန်ပြူတာ စာအုပ်များက လွဲ၍ အခြား ဘာမျှမရှိ။

တနေ့သားတော့ သူငယ်ချင်းဖြစ်သူ ကိုတိုးက ဖုန်းဆက်လာသည် - ဟေ့ရောင်... ငါ့ကို... တခု... ကူညီစမ်းကွာ - ပြောလာသည်။ - ဘာလဲဟ... ပိုက်ဆံချေးမယ်တော့... မကြံနဲ့ မောင်... ငါတောင်... မာမား ပြုတ်စား နေတာ... ၄ ရက် ရှိနေပြီ...- ပြန်ပြောမိတော့ - အား... မဟုတ်ပါဘူးဟ... သည်မှာ... ငါ့ သူငယ်ချင်း တယောက်... ကွန်ပြူတာနဲ့... ပတ်သက်ပြီး... အကူ အညီ လိုလို့... အဲတာ... မင်း... ကူညီပေးပါလား... - ပြောလေသည်။ - အံမာ... မင်းလည်း... ဆရာကြီးပဲဟာ... ဟိုကောင့် ဆရာ လုပ်လိုက်... သည်ကောင့် ဆရာ လုပ်လိုက်နဲ့... ခု... မင်း မနိုင်တော့မှ... ငါ့လာ... ဆွဲစေ့နေတာ... မဟုတ်လား... ဟိုး ABAC က... မင့် ဆရာတွေဆီ... သွား အကူ အညီ တောင်းပါလား ဟ... သူတို့က... ကျောင်းမှာ... စနစ်တကျ... သင်ရိုး ညွှန်းတမ်းနဲ့... သင်လာတဲ့ဟာ... ငါ့လို... ဟိုဖတ်.. သည်ဖတ်နဲ့... ကွန်ပြူတာ ၃-၄ လုံး ဖျက်ပြီးမှ... တတ်လာတဲ့ကောင်ထက်... ပိုတတ်တာပေါ့... ဟ... - ပြန်ပြော မိတော့ ကိုတိုး ဆဲပါလေသည်။ - လခွီး... အဲကောင်တွေက... သောက်ကြီး ကျယ်နေလို့ဟေ့... မင်း မကူလည်း နေကွာ... ငါ့တော့... စကားနာ မထိုးနဲ့... - ပြန်ပြော နေသေးသည်။ အမှန်တော့ ကိုတိုးကို ခင်လို့ စ, နေ မိခြင်းသာ။ - အေးပါကွာ... ငါ... ဘာလုပ်ပေးရမှာလဲ... - မေးတော့ - မသိဘူးကွ... မင်း... စနေ၊ တနင်္ဂနွေ အားတယ် ဟုတ်လား... သူ့ကို... ငါ... မင့်ဆီ... ခေါ်လာခဲ့မယ်... အဲကျမှ... မင့်ကို... သူပြောပြမယ်... - ကိုတိုး ပြောတော့ - အိုကေလေ... မနက် အစောကြီးတော့ မလာနဲ့... ငါ ခွအိပ်ဦးမှာ... နေ့လည်မှ လာခဲ့.. ဟုတ်လား... အေး... ဥာဏ်ပူဇော်ခ လည်း... ဘတ်မီဟဲင့်မ် တထုပ်နဲ့... ဘီယာဆင့်ဟ် တလုံးလည်း... ဆွဲလာခဲ့...- သူ ပြောတော့ ကိုတိုး သူ့ကို ဆဲပြီး ဖုန်းချသွားသည်။

သည်လိုနဲ့ week-end ရောက်လာတော့ ၁၂ နာရီကျော်လောက်မှ အိပ်ယာက ထဖြစ်သည်။ ရေချိုးပြီးနောက် ဘောင်းဘီတိုနဲ့ IBC TV ထိုင်ကြည့်နေဆဲ တံခါးခေါက်သံ ကြားလိုက်ရသည်။ တံခါးဖွင့်တော့ ကိုတိုးနဲ့ အမျိုးသမီး တယောက်။ - အော... စိတ်ထဲ ထင်နေတာ... အကူ အညီ ပေးရမှာက... ကိုတိုး သူငယ်ချင်း ဆိုတော့... ယောက်ျားလေး... ထင်နေတာ... ဆောရီးဗျာ... - ပြောမိရင်း နီးရာ တွေ့ရာ ဘောင်းဘီရှည် တထည် အမြန် ကောက်စွပ် မိသေးသည်။ ဘောင်းဘီ ၀တ်ရင်း အလစ်မှာ ကိုတိုးကို ကြို မပြောရ ကောင်းလား မျက်နှာ ရှုံ့ပြ လိုက်မိ သေးသည်။ ကိုတိုး ကလည်း မျက်လုံး ပြန်ပြူးပြသည် - မင်းကွာ... - ဆိုသည့် သဘော။

- ထိုင်ဗျာ... ထိုင်စရာတော့ ခုံမရှိဘူး... အားလည်းနာတယ်... ကြမ်းပေါ်ပဲ... ထိုင်ရမှာ... - ပြောမိတော့ - နေဦးလေ... အရင်မိတ်ဆက်ပေးရဦးမယ်... မင့် အကြောင်းတော့... သူ့... ပြောပြထား ပြီးပြီ... ကွန်ပြူတာ... ဆရာကြီး... - ကိုတိုး ပြောတော့ - အား... မဟုတ်ဘူး... ကျနော်က... လေ့လာ နေတုန်းပါ... သူ ပြောတာ... မယုံနဲ့... - ပြန်ပြော မိသည်။ - ကိုတိုး... ပြောပြထားလို့... သိပြီးပါပြီ... ကျမ နံမည်... ဟန်နာပါ... ဒီလိုပါ... ခု ဒီ ဘန်ကောက်က... နိုင်ငံတကာ မူလတန်းကျောင်း တခုမှာ... ကျမက... ဆရာမပါ...။ အင်္ဂလိပ်စာနဲ့... ကွန်ပြူတာ... သင်ပေးရပါတယ်။ ခု... စာသင်နှစ်... အစ ဆိုတော့... ကွန်ပြူတာနဲ့ ပတ်သက်လို့... ကျမ မသိတာတွေ... မေးချင်လို့ပါ...။ ဗမာပြည်မှာ တုန်းကတော့... တမျိုးလေ... ခုကတော့... Windows အပြင်... တခြား Program တွေပါ... ပါလာတော့... ကျမလည်း... အခက်အခဲ ဖြစ်နေလို့ပါ... အထဲမှာ Windows ကို မသုံးခဲ့ဖူးဘူး - ပြောနေလေသည်။

- အိုကေလေ... ဒါဆိုလည်း... ကျနော်... သိသလောက်တော့... ပြပေးပါ့မယ်...။ ဒါနဲ့... အိမ်မှာ... ကွန်ပြူတာ ရှိလား... - မေးမိတော့ - မရှိဘူး... - ပြန်ဖြေသည်။ - အား... ဒါဆို... ဘယ်လို လုပ်မလဲ... ကျနော် ကလည်း... အလုပ်နဲ့... ညမှ... ပြန် ရောက်တာ... ဒါဆို... စာအုပ်တွေ... ဖတ်မှ... ရမယ်... ကျနော့်... စာအုပ်တွေ... ယူသွားလေ... ဖတ်ပြီးမှ... ပြန်ပေးပေါ့... - ပြောရင်း ဖတ်သင့်သည် ထင်သော ကွန်ပြူတာ စာအုပ်များကို ရွေးထုတ် ပေးလိုက်သည်။ - အဓိက ကတော့... ဒီ DOS စာအုပ်ကို... အရင်ဖတ်ဗျာ... ပြီးမှ... Windows ကို... ဖတ်ပေါ့... ကျန်တာတွေ ကတော့... သိပ်မခက်ပါဘူး... - ပြောရင်း - ဟေ့ရောင်... ဘယ်မှာလဲ... ဘတ်မီဟဲင့်မ်နဲ့ ဆင်ဟာ... - ကိုတိုးကို သူ လှမ်းနောက်လိုက်သည်။

ကိုတိုးက - အား... - ဆိုကာ ခေါင်းကုတ်နေဆဲ - ဘာလဲ... ခေါက်ဆွဲ ပြောတာ မဟုတ်လား... ကျမ... ၀ယ်ကြွေး ပါ့မယ်... - ပြောနေသော ဟန်နာကို - ဟား... မဟုတ်ဘူး... ကျနော်... နောက်နေတာ... မ၀ယ်ပါနဲ့... - ပြောမိတော့ - မဟုတ်ပါဘူး... မိတ်ဖြစ် ဆွေဖြစ်ပေါ့... lunch သွားစားမယ်လေ... ကျမ... ရှင်းပါ့မယ်... - ပြော လေသည်။ သည်လိုနဲ့ အပတ်မန့် အနီးအနားက စားသောက်ဆိုင် တခုမှာ နေ့လည်စာ ထိုင်စား ဖြစ်ကြ လေသည်။ သည့်နောက်မတော့ ပေးလိုက်သည့် ကွန်ပြူတာ စာအုပ်တွေ ရင်ခွင်မှာ ပိုက်ရင်း ပြန်သွားသည့် ဆရာမလေး တယောက်က သူ့ မျက်လုံးထဲမှ မထွက်တော့ပေ။

---------------------------------------------------------------------------

နောက်တပတ် ရောက်တော့ ဆရာမလေးက ဖုန်းဆက်လာသည် ကွန်ပြူတာ စာအုပ်များထဲမှ တချို့ နားမလည် သည်များကို ရှင်းပြ ပေးဖို့ အကူ အညီ တောင်းနေသည်။ သည် စနေနေ့ လာမည် ပြောထားသည်။ သူ နေသည်က ဘန့်ကပိမှာ ဆိုတော့ ဆူခါဖိဘန့် နဲ့ကလည်း သိပ် မဝေးတော့ နေ့လည် လာဖို့ ပြောလိုက် မိသည်။ နေ့လည်၂ နာရီလောက် ကျတော့ ဆရာမလေး ရောက်လာသည်။ နားမလည်သည့် အရာတွေကို ရှင်းပြဖို့ကျတော့ ပါးစပ်နဲ့ ပြောနေရသည်က ခရီး မပေါက် ကွန်ပြူတာမှာ ဖွင့်ပြမှသာ ဖြစ်မည်။ ခက်နေသည်က သူ ကလည်း ကိုယ်ပိုင် ကွန်ပြူတာက မရှိ။ တသောင်းခွဲ-နှစ်သောင်းလောက် ဈေးပေါက်သည့် ကွန်ပြူတာကို သူ့လို ငမွဲကလည်း မ၀ယ်နိုင်ပေ။ ဆရာမလေး ကလည်း အိမ်မှာ ကွန်ပြူတာက မရှိ။ အဲသည် အချိန်က ခု ခေတ်လို အင်တာနက် ကဖေးတွေ ဘာတွေ မပေါ်သေး။ ခက်တော့နေပြီ။

- သည်လို လုပ်ဗျာ...။ မြို့ထဲမှာ... ကျနော့် သူငယ်ချင်း လင်မယား... ရှိတယ်။ သူတို့မှာ... ကွန်ပြူတာ တလုံး... ရှိတယ်... ကျနော် ကိုယ်တိုင်ပဲ... ဆင်ပေးထားတာ...။ သူတို့ကို အကူအညီ တောင်းကြည့်မယ်လေ...။ - ပြောရင်း သူငယ်ချင်းဆီ ဖုန်းလှမ်း ဆက်ကြည့်တော့ သည်နေ့တော့ သူတို့ လင်မယား ဆူခိုထိုင်း သွားမည်၊ တနင်္ဂနွေနေ့ ညနေမှ ပြန်ရောက်မည် ဆိုသည်။ နောက်တပတ်မှ လာပါဆိုတော့ ဆရာမလေးကို ပြောမိသည့်အခါ - ဒီတပတ်ပဲ ကလေးတွေကို assignment တွေ စပေးရမှာ... အင်္ဂါနေ့ဆို စရမှာ... ကျမကိုယ်တိုင်... ကောင်းကောင်း မသိတော့... ဘယ်လိုလုပ်ရမလဲ မသိဘူး... ဒုက္ခပါပဲ... - မျက်စေ့ မျက်နှာ ပျက်နေသည့် ဆရာမလေးကို ကြည့်ပြီး အတော် သနားသွားမိသည်။ - နေဦးဗျ... တခုတော့ ရှိတယ်... တနင်္ဂနွေနဲ့ တနင်္လာ ညဖက် သူတို့ အိမ်သွားနိုင်ရင်တော့... ၂ ညလောက်... လက်တွေ့ စမ်းကြည့်လိုက်ရင်... ရမယ် ထင်တယ်...။ ဆရာမ... သွားနိုင်လား... - မေးတော့ - ရပါတယ်... ကျောင်းက ညနေ ၅ နာရီ ဆင်းတာလေ... ကျောင်းဆင်းပြီး... သွားရင် ရတာပေါ့... - ပြန်ဖြေသည်။ - အိုကေလေ... ကျနော့် သူငယ်ချင်းကို... ထပ်မေးကြည့်လိုက်ဦးမယ်... - ပြောရင်း သူငယ်ချင်းကို အကျိုး အကြောင်း ပြောပြတော့ ရပါသည်၊ ညဖက် လာနိုင်ကြောင်း ပြောသည်။

သည်လိုနဲ့ တနင်္ဂနွေနေ့ ညနေမှာ ဘန့်ကပိ မောလ်က မက်ဒေါ်နယ်လ်ဆိုင်မှာ ချိန်းထားသည့် အတိုင်း သူ စောင့် နေသည်။ နာရီဝက်လောက် ကြာတော့ သူ့စားပွဲရှေ့ လာရပ်သည့် အမျိုးသမီးကို မော့ကြည့်မိတော့မှ ဆရာမလေးမှန်း သိတော့သည်။ သည့်အရင် နှစ်ကြိမ်လုံး သူတွေ့ခဲ့သည်က အင်္ကျီအဖြူ၊ စကပ်အပြာ ကျောင်း ဆရာမ ၀တ်စုံနဲ့သာ။ ခုလို အရပ်ဝတ်နဲ့ဆိုတော့ မမှတ်မိ။ ဘာပဲဖြစ်ဖြစ် ကျက်သရေရှိပြီး ကြည့်ကောင်းသူ တယောက် အဖြစ်တော့ စိတ်ထဲမှာ အသိအမှတ်ပြုဖြစ်သည်။ - တခုခု စားလေဗျာ... ဘာစားမလဲ... ကျနော် သွားယူ ပေးမယ်.. - ဆိုတော့ - စားပြီးပြီလေ... မိုးမချုပ်ခင် သွားပြီး... မြန်မြန် ပြန်ချင်တယ်... ကျမ နေတဲ့ နေရာက... ညဖက်ဆို လူပြတ်တယ်... စောစော ပြန်ချင်လို့ပါ... - ဆိုတော့ သူ စားလက်စတွေ လက်စသပ်ပြီး ထွက်လာ ခဲ့သည်။

ဆူသီးဆန် ရပ်ကွက်က အိမ်တအိမ်မှာနေသည့် သူငယ်ချင်းဆီ အမှတ်(၁၁၄) Bus စီးပြီးသွားရသည်။ မြို့ထဲဖက် ဆိုတော့ ညဖက် သိပ် အကြာကြီး မစီးရ၊ နာရီဝက်လောက်နဲ့ ရောက်သွားသည်။ သူငယ်ချင်း လင်မယား ကတော့ ဖော်ဖော် ရွေရွေ ကြိုဆိုသည်။ သူတို့ကလည်း သူနှင့် လိုက်လာမည့်သူမှာ ယောက်ျားလေးလို့သာ ထင်နေကြ သည်။ ဆရာမ ဖြစ်နေတော့ သူငယ်ချင်း၏ အမျိုးသမီးကလည်း ပျော်နေသည်။ အမျိုးသမီး အဖော် မရှိတာရော၊ အင်္ဂလိပ် စကားပြော သိပ် မကျွမ်းကျင်လို့ သင်ချင်တာရော ခုတော့ အဖော်နဲ့ ဆရာ ရပြီလို့ ပြောနေတာ ကြားတော့ သူ ၀မ်းသာမိပါသည်။ သူငယ်ချင်းက သူ့ကို မီးဖိုချောင်ထဲ ဆွဲခေါ်လာပြီး - ဟေ့ရောင်... မင့် ကောင်မလေး မဟုတ်လား... - မေးနေသေးသည် - အား... ဘယ်ကလာ... ကိုတိုး... သူငယ်ချင်းပါ... သူ အကူ အညီ လာ တောင်းလို့... ငါ လိုက်ကူညီပေးတာပါ... - ပြောတော့ - အော... ဇော်ဇော်တို့... ခုတော့... ထီပေါက် နေပြီပေါ့... - နောက်နေ သေးသည်။

ထို့နောက်တော့ လက်တွေ့ လုပ်ကြည့်ရန်လိုသည့် အပိုင်းများကို ကွန်ပြူတာပေါ်မှာ လုပ်ကိုင်ပြရင်း ည ၉ နာရီ လောက်မှာ သူငယ်ချင်း အိမ်မှ ပြန်လာခဲ့သည်။ - ကျနော်... လိုက်ပို့ပေးရမလား... - မေးတော့ - ပို့ပေးရင် တော့... ကောင်းတာပေါ့... - ဆိုသည်နှင့် လိုက်ပို့ပေးဖြစ်သည်။ တကယ်လည်း နေသည့် အပတ်မန့်က လမ်းထိပ်မှ ၁၅ မိနစ်လောက် လျှောက်ရသည်။ မီးမှိန်မှိန်နှင့် လူပြတ်သော လမ်းလည်း ဖြစ်သည်လေ။ သည်လိုနဲ့ နောက် ညနေတွေ မှာလည်း ဆရာမလေးကို ကျောင်းထိပ်မှ သွားကြို၊ သူငယ်ချင်း အိမ်ကိုသွား၊ ပြီး အိမ်ပြန် လိုက်ပို့နဲ့ ၂ ည မက ဆက်သွားဖြစ် နေကြသည်။ တချို့ ညတွေမှာတော့ စုပြီး စားသောက် စကား ပြောကြရင်း အိမ်ပြန်ဖြစ် ကြသည်။ နောက်တော့ သူငယ်ချင်း လင်မယားအိမ်မှာ စနေ၊ တနင်္ဂနွေနဲ့ အားလပ် ရက်တွေတိုင်း အတူ ဆုံဖြစ် နေတော့သည်။ သူနဲ့ ဆရာမလေးလည်း တဖြည်းဖြည်းချင်း သူ့ အကြောင်း ကိုယ့် အကြောင်း မေးမြန်း စပ်စုရင်း ပိုမို ရင်းနှီးလာကြသည်။

သည်လိုနဲ့ ခရစ်စမတ်ရက်မှာ သူငယ်ချင်းလင်မယားနဲ့ သူတို့၂ ယောက် စီယမ်ပါ့ခ် ကို သွားလည် ဖြစ်ကြ လေသည်။ မှတ်မှတ်ရရ ထိုင်းနိုင်ငံ ရောက်ပြီးမှ သည်တခါသာ လွတ်လပ် ပေါ့ပါးစွာ သူ ပျော်ဖူးသေးသည်။ သူငယ်ချင်းက သူ အလုပ်လုပ်ရာ NGO ရုံးမှာ New Year Eve Party ရှိကြောင်း၊ သူငယ်ချင်းက နန်းကြီးသုတ် လုပ်ကျွေးဖို့ စီစဉ် ထားကြောင်းနဲ့ သူတို့ ၂ ယောက်လုံးကို လာခဲ့ဖို့ ဖိတ်လေသည်။ ည ၁၂ နာရီကျော်မှ ပြန်ရမည် ဆိုတော့ - ဖြစ်ပါ့မလား... - ဆရာမလေးကို မေးမိတော့ - ယူ... ရှိတာပဲ... ပြန်လိုက်ပို့ပေါ့... - ပြောရင်း ရီနေ သေးသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ရောက်တော့ ဆရာမလေးကို သူ့ လမ်းထိပ်မှ သွားကြိုလာပြီး Party လုပ်မည့် အနုစာဝါလီ ဖက်ကို ထွက်လာခဲ့သည်။ NGO ရုံးရောက်တော့ သူငယ်ချင်း လင်မယားက သူတို့ ၂ ယောက်ကို စောင့်နေ သည်။ ရုံးမှ ၀န်ထမ်းများနဲ့ မိတ်ဆက်ပေးသည်။ အများစု ကတော့ ထိုင်းနိုင်ငံသားများ၊ မျက်နာဖြူ ၄-၅ ယောက်နဲ့ ကျန်သည်ကတော့ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှားမှ ဖြစ်ကြသည်။ ရုံးဘေးက မြက်ခင်းပြင်မှာ ခုံတွေ ခင်းထားသည်။ စားပွဲ ၃ လုံးပေါ်မှာတော့ စားစာရာတွေ အမျိုးစုံ၊ နောက် စားပွဲ တလုံး မှာတော့ သောက်စရာတွေ အမျိုးစုံ။ ဗော့ဒ်ဂါတွေ၊ ဂျင်တွေ၊ ၀ီစကီတွေကို တွေ့ရသည်။ ၀ိုင်ပုလင်း တွေလည်း တော်တော် များများ တွေ့လိုက်သည်။ ရေခဲပုံးတွေ ထဲမှာတော့ ဟိုင်နီကဲန် ဘီယာတွေ၊ ဆင်ဟ်ဟာ ဘီယာတွေ တွေ့နေရသည်။

သူငယ်ချင်းက နန်းကြီးသုတ်အတွက် ချက်ပြုတ်ကြမည် ဆိုတော့ သူတို့ ၂ ယောက်လုံး သည်ရုံးက မီးဖိုချောင်ထဲ လိုက်သွားကြသည်။ တကယ်တမ်းတော့ မီးဖိုချောင်သာရှိသည်၊ သည်ရုံးမှာက မည်သူကမျှ ချက်ပြုတ် စားသောက်ကြပုံ မပေါ်။ ဘာလို့ သည်လို ပြောနိုင်သလဲ ဆိုတော့ မီးဖိုချောင်မှာ လှီးစရာ ဓါးတချောင်းမျှ မရှိခြင်းက သက်သေ ခံနေသည် မဟုတ်လား။ - ကဲ... ဓါးမရှိပဲ... ဘယ်လိုလုပ်မလဲ... - သူငယ်ချင်းက ခေါင်းကုပ် နေတော့ ဆရာမလေးက - ယူ... ဓါးတချောင်း... သွားဝယ် လိုက်ပါလား... ဒီမှာ... ပိုက်ဆံယူသွား... - ဆိုကာ ရာတန် တရွက် သူ့ကို ထုတ်ပေးလေသည်။ သူလည်း ဘာမှ စဉ်းစား မနေပဲ လမ်းထိပ်သို့ ဆိုင်ကယ် ငှားစီးပြီး ထွက်လာ ခဲ့သည်။ နှစ်သစ်ကူးညဆိုတော့ အားလုံးက ဆူညံ ရှုပ်ရှက်ခတ်နေသည်။ ဆိုင် အတော် များများ ကလည်း ပိတ်နေပြီ။ အနီး ပတ်လည်မှာ ရှာကြည့်သည်၊ ဓါးနဲ့တူသည့်အရာ ဘာတခုမျှ မတွေ့ရ။ သည်လိုနဲ့ ကားလမ်း သည်ဖက်ခြမ်းမှ နေ၍ အနုစာဝါလီ အ၀ိုင်းဖက်ကို လျှောက်ရင်း ဆိုင်တွေကို ပြူးပြဲ ကြည့်နေရသည်။ ကံအား လျော်စွာ ဆိုင် တဆိုင်မှာ ဓါးတွေ လှမ်းတွေ့လိုက်သည်။ ဆိုင်ကလည်း စပြီး ပိတ်နေ သည်။ ဓါးတွေ ကတော့ အကြီးတွေ မပါ၊ ဓါးပါးလေးတွေ ချည့်သာ။ ပလပ်စတစ် လက်ကိုင်ရိုး အပြာရောင် တပ်ထားသည့် ဓါးပါးလေး တချောင်းကို ကိုင်ရင်း ဈေး မေးလိုက်မိသည်။ - ယိဆစ် - ဆိုင်ရှင် အဖိုးကြီးက တိုတို ပြတ်ပြတ် ပြောသည်။ သူလည်း ဈေး ဆစ် မနေ တော့ပဲ ၀ယ်လာခဲ့လိုက်လေသည်။

ရုံးကို ပြန်ရောက်တော့ နန်းကြီးသုတ်အတွက် ခေါက်ဆွဲက အဆင်သင့်ဖြစ်နေပြီ။ သူငယ်ချင်း ဇနီး အဆင်သင့် ချက်ယူ လာသည့် ကြက်သားဟင်းကို ပြန်နွှေးပြီးပြီ။ လုပ်စရာက ကြက်သွန်နီ တချို့နှင့် နံနံပင်နည်းနည်း လှီးရန်သာ ကျန်တော့သည်။ သူလည်း ကြုံတုန်းလေး ကျွမ်းကျင်မှုတွေ ပြချင်သည်နှင့် - ကျနော် လှီးပေးမယ်... - ပြောရင်း ကြက်သွန်နီ တချို့ကို လှီးပေးလိုက်သည်။ ဆရာမလေးက လှီးပြီးသား ကြက်သွန်နီတွေကို ဇလုံတခုထဲ ရေထည့်ဆေးရင်း အငွေ့နည်းအောင် လုပ်နေသည်။ သူလည်း နံနံပင်လှီးရင်း ဆရာမလေးကို လှမ်းကြည့်နေမိ ဆဲမှာ လက်မထိပ်မှာ ဆစ်ကနဲ ဖြစ်သွားသည်။ - အား... - လန့်အော်မိတော့ ဆရာမလေးက လှည့်ကြည့် သည် - ဘာဖြစ်တာလဲ... - မေးတော့ - ဓါးထိသွားတာ... - ပြောရင်း လက်မကို ဖိကာ ရေပိုက်ခေါင်းမှာ သွေးတွေ ကို ရေနဲ့ ဆေးချ လိုက်သည်။ - နည်းနည်းတော့ များသွားသဟ... - ကိုယ့်ဘာသာ စိတ်ထဲ ပြောရင်း တစ်ရှူး စက္ကူနဲ့ လက်မ ထိပ်ကို ပိတ်ထားမိသည်။ သွေးတွေက ဆက်ထွက်နေဆဲ၊ - တော်တော် များသွားလား... ယူက... ကောင်မလေးတွေ သွားငမ်းနေတယ် ထင်တယ်... - အနားမှ ထိုင်းမလေးများအား မေးငေါ့ပြရင်း နောက်နေ သေးသည်။ - ဟုတ်ဘူးဗျ... ဆရာမကို... ငမ်းနေတာ... - စိတ်ထဲက ပြောနေခြင်းပါ။ - လာ... ကျမဆီမှာ Handy Plaster ပါတယ်... အဲတာ ကပ်ထားလိုက်... - ပြောရင်း သူ့ ဆလင်းဘက်ထဲမှ ပလပ်စတာ ၂ ခုကို ထုတ်ရင်း သူ့ လက်ကို ဆွဲယူကာ လက်မထိပ်က ဒဏ်ရာကို ကြက်ခြေခတ် အုပ်ပေးလိုက်သည်။ သူငယ်ချင်း ဇနီးက နံနံပင် တွေကို ဆက်လှီးနေရာက - ကိုဇော်တော့... ဆရာမကို ငမ်းပြီး... လှီးလိုက်ပြီနဲ့တူတယ်... ဟိ... ဟိ... - ပြောတော့ သူလည်း မျက်နှာတွေ ထူပူကုန်သည်။ - အား... ဟုတ်ပါဘူး... - ကမန်းကတမ်း ပြောရင်း - မေ့လို့... ဒီမှာ... ဓါးဝယ်လို့ ပိုတဲ့ငွေ... ပြန်ပေးဖို့... မေ့သွားတယ်... - ကျန်သည့် ဘတ်ငွေ ၈၀ ကို ထုတ်ပေးရင်း စကား လမ်းကြောင်း လွှဲလိုက်မိလေသည်။

နန်းကြီးသုတ်တွေ အဆင်သင့် ဖြစ်သွားတော့ ပန်းကန်ပြားတွေထဲ ထည့်ရင်း မီးဖိုချောင်မှာ အားလုံး ရှင်းလင်းကာ မြက်ခင်းဖက်သို့ ထွက်လာကြသည်။ သူငယ်ချင်းက သူ ၀ယ်လာသည့် ဓါးပြားလေးကို ပလပ်စတစ်ဘူးထဲ ပြန် ထည့်ယူလာကာ - ဓါးက... ဆရာမ ၀ယ်ထားတော့... ဆရာမပဲ ပြန်ယူသွားတော့... ဒီမှာတော့ ဘယ်သူမှ သုံးမှာ မဟုတ်ဘူး... - ပြောရင်း ပေးလိုက်သည်။ ဆရာမလေးကလည်း ဘာမှ ပြောမနေပဲ ဓါးပါးလေးကို လှမ်းယူကာ ဆလင်းဘက်ထဲ ထည့်လိုက်တာ မြင်လိုက်ရသည်။

သည့်နောက်တော့ စားကြ သောက်ကြနဲ့ ည သန်းခေါင်မှာတော့ Happy New Year!!! အော်ပြီး ပွဲသိမ်း လိုက်ကြသည်။ လူကတော့ ဘီယာ ၂ လုံး သောက်ထားတော့ နည်းနည်း ရီတီတီတော့ ဖြစ်နေသည်၊ မူးတော့ မမူးချေ။ ဆရာမလေးကို ပြန်လိုက်ပို့တော့ တလမ်းလုံး မည်သည့် စကားမျှ မပြောဖြစ်ကြချေ။ ဆရာမလေး နေထိုင်ရာ အပတ်မန့်ဆီ ဦးတည် လျှောက်လာချိန်မှာတော့ - ယူ... နံနံပင်... လှီးနေတုန်းက... တယောက် ယောက်ကို... ကြည့်နေလို့... လက်ကို.. လှီးမိတာ... သေချာတယ်... တို့ကို တကယ်... ကြည့်နေ တာလား...- ဗြောင်ဖွင့်မေးလေသည်။ - ဟုတ်တယ်... - မစဉ်းစားပဲ ပါးစပ်က အလိုအလျောက် ထွက်သွား မိပြီးမှ - ဟိုက်... သွားပြီ... - ဟု စဉ်းစားမိလေသည်။ - ဘာလို့... ကြည့်တာလဲ... - သူ့မျက်နှာကို ကြည့်ပြီး မေးနေတော့ - ဟို... ဟိုလေ... ဘာမှ မဟုတ်ပါဘူး... - သူ အယောင်ယောင် အမှားမှားတွေ ပြောနေမိသည်။ - မဖြေချင် လည်း... နေလေ... Happy New Year နော်... - ပြောရင်း အပတ်မန့်ထဲ ၀င်သွားသည့် ဆရာမလေးကို သူ လှမ်းကြည့်ရင်း ငိုင်ပြီး ကျန်နေရစ်ခဲ့သည်။

သည်လိုနဲ့ နောက် နှစ်သစ်မှာတော့ စိတ်သစ် လူသစ်နဲ့ ဘ၀သစ်လေးတခု သူ ရရှိခဲ့ပါသည်။... ... ...

---------------------------------------------------------------------------

- ကို... ဒီဒယ်အိုးလေးကို... ဘာလို့... လွှင့်ပစ်လိုက်တာလဲ... - တနှစ် ခွဲကျော်ပြီမို့ တောက်တောက် တောက်တောက်နဲ့ လျှောက်သွားရင်း တွေ့ရာ ပစ္စည်းတွေကို ဆွဲယူ ဆော့ကစားနေသည့် သားကြီးနောက်မှ လိုက်ထိန်းရင်း အမှိုက်ပုန်းထဲ သူ ပစ်ထားခဲ့သည့် လျှပ်စစ် ဒယ်အိုးလေးကို တွေ့သဖြင့် ပြန်ကောက်ယူလာသည့် ဇနီးသည်က လှမ်းမေး နေခြင်း ဖြစ်ပါသည်။ - အာ... ပျက်နေပြီးပဲ... ဟန်နာရဲ့... ကိုယ်လည်း... ဖြုတ်ပြီး ပြန်ပြင် ကြည့်ပြီးပြီ...။ မရတော့ဘူးလေ... လုံးဝ ပျက်သွားတာမို့... လွှင့်ပစ်လိုက် တာလေ... - သူပြန်ပြောတော့ - မဟုတ်ဘူးလေ... ဒီဒယ်အိုးလေးက... တို့ အိမ်ထောင်ဦးက ပစ္စည်းလေးလေ... ဒါကြောင့်မို့... တို့ ပြန်သိမ်း ထားတာ... လွှင့်မပစ်ပါနဲ့... - ဟု သူ့ကို ပြန်ပြောနေလေသည်။ - သဘောပဲကွာ... - ပြန်ပြောရင်း ရေခြား မြေခြားမှာ တည်ထောင် ခဲ့ရသော တူနှစ်ကိုယ် တိုင်းပြည်လေး၏ အစကို ပြန်သတိရမိသွားသည်။
----------------------------------------------------
ကိုယ်ကလည်း အကြောင်းကြောင်းကြောင့် ကိုယ့်နိုင်ငံကို ပြန်မသွားနိုင်သည့်သူ။ ဟန်နာ ကလည်း မိဘနှစ်ပါးလုံး ဆုံးသွားပြီး နောက် တကောင်ကြွက် ဘ၀နှင့်မို့ ကိုယ့်နိုင်ငံကို မပြန်ချင်တော့သည့်သူ။ ရင်းနှီးခဲ့ကြသည့် တနှစ်တာ အတွင်းမှာ တယောက်အကြောင်း တယောက် သိလာပြီးနောက် နှစ်ဦး သဘောတူ ဘုရား ကျောင်းမှာ လက်ထပ် ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ လက်ထပ်ကြတော့ ဟန်နာ့ သူငယ်ချင်း ထိုင်းနိုင်ငံသူ ဆရာမ အပျိုကြီး ဖိမူက သူမ ဖက်မှ သက်သေ၊ သူ့ သူငယ်ချင်း လူပျိုကြီး ကိုတိုးက သူ့ဖက်က သက်သေ၊ ပရိသတ်အဖြစ် သူ့သူငယ်ချင်း လင်မယား ၂ယောက် ၊ အနုစာဝါလီ ဘုရားကျောင်းမှ သူတို့ကို လက်ထပ်ပေးသော ဖာသာ စတီဗင်နှင့် သူတို့ ၂ ဦးပါ အပါအ၀င် လူ ၇ ယောက်သာ တက်ရောက်သည့် လက်ထပ်ပွဲလည်း ဖြစ်သည်။

မင်္ဂလာလက်ဖွဲ့ အဖြစ် ဖိမူ ပေးသည့် ဇွန်း ၂ ချောင်း၊ ခက်ရင်း ၂ ချောင်း၊ ပန်းကန်ပြား ၂ ချပ်၊ ဖန်ခွက် ၂ လုံး ပါဝင်သည့် ဒင်နာဆက် ကလေး တစုံ၊ သူငယ်ချင်း လင်မယား လက်ဖွဲ့သည့် ရိုက်စ်ကွတ်ကာလေး တလုံး၊ ကိုတိုး လက်ဖွဲ့သည့် လျှပ်စစ် စားပွဲတင်နာရီကလေး - စသည်တို့ကို မှတ်မှတ်ရရ ရှိနေမိသည်။

နောက်တနေ့ မနက် ရောက်တော့ လင်မယားနှစ်ယောက် လက်ချင်းတွဲပြီး ဘန့်ကပိ ဈေးထဲ သွားကာ ၀ယ်လာ သည့် ပလတ်စတစ် စဥ့်တီတုံးကလေး တတုံး၊ ပလတ်စတစ် ဇလုံကြီးတလုံး၊ ဟင်းထည့်ဖို့ ဇလုံကလေး ၂ လုံး၊ ငရုတ်ဆုံ တလုံးနှင့် ချက်ပြုတ် ကျော်လှော်စားဖို့ ၀ယ်လာသည့် သည်လျှပ်စစ် ဒယ်အိုးကလေးကိုလည်း ပြန်လည် မှတ်မိ နေသေးသည်။ အိမ်ပြန်ရောက်တော့ ၂ ဦးအတူ ပထမဆုံး ချက်ပြုတ်ကြသည့် မနက်စာမှာ ဇာတ်လိုက်ကတော့ လွန်ခဲ့သည့် နှစ်သစ်ကူးညမှာ သံယောဇဉ် စာမျက်နှာတချပ်ကို ဖွင့်ဖတ်ပေးခဲ့သည့် အပြာရောင် ပလပ်စတစ် လက်ကိုင်ရိုးနဲ့ ဓါးကလေးပါပေ။

- ကို... မှတ်မိလား... ဒီဓါးလေးကို... - ဓါးကလေးကို ထောင်ပြရင်း ဟန်နာ မေးတော့ - မမှတ်မိပဲ နေမလား... အဲရုံးက... လူတွေ ကိုတောင်... ကျေးဇူး တင်နေသေးတယ်... - သူ ပြောတော့ - ဘာလို့လဲ... - မေးလေသည်။ - အော်... သူတို့... ရုံးမှာ... ချက်ပြုတ် မစားကြလို့... ဒီ ဓါး ဇာတ်လမ်းက... စလာတာကိုး... - သူ ပြောတော့ မျက်စောင်း တချက် ရပါသည်။

အတူတူ စနေကြချိန်မတော့ ဘာပစ္စည်းမှ မရှိပါ။ သူ့မှာက အ၀တ်အစား ၄-၅ စုံ၊ ဟဲင်းဘက်အိတ်တလုံး၊ ဂစ်တာ တလုံး၊ သမ္မာ ကျမ်းစာ တအုပ်၊ ကွန်ပြူတာ စာအုပ် တချို့၊ ခေါင်းအုံး တလုံး၊ ဖျာ တချပ်၊ စောင် တထည် - ဒါပဲ။ ဟန်နာ ကလည်း ဘက်ဂေ့ဂ်ျ အိတ်တလုံးစာ အ၀တ်အစားများ၊ ဒစ်က်ရှင်နရီများ၊ ခေါင်းအုံး တလုံး၊ စောင် တထည်၊ မွေ့ရာ အပါးလေး တခု၊ အ၀တ်ဘီရို တလုံး - သည်မျှသာ။

သည်လိုနဲ့ တူနှစ်ကိုယ် ဘ၀အစမှာတော့ မနက်ဆိုရင် သူက ၆ နာရီလောက် ထပြီး လမ်းထိပ်မှာ ၂ ယောက်စာ မနက်စာ သွားဝယ် (များသောအားဖြင့် ကောက်ညှင်းပေါင်းနဲ့ ကြက်သားကင်၊ ၀က်သားကင်)။ ပြီး ထမင်း တအိုး တည်၊ ရေချိုးပြီး မနက်စာစား၊ ဟန်နာ့ကို ကျောင်းလိုက်ပို့ပြီး သူ့ အလုပ်ကိုသွား။ ညနေ ၃ နာရီဆို အလုပ်က ပြန်၊ ဟန်နာကို ကျောင်းထိပ်မှာ သွားကြို။ အိမ်အပြန်လမ်းမှာ ရှိသည့် ဈေးတန်းလေးမှာ အသင့်ချက်ပြီးသား ဟင်း ၂ ထုပ် ၃ ထုပ်ဝယ်။ ကိုယ့်ဘာသာကိုယ် ညနေစာချက်စားဖို့ စဉ်းစားထားရင်တော့ ဘန့်ကပိဈေးကို လင်မယား ၂ ယောက် အတူ သွား၊ ဟင်းသီးဟင်းရွက်၊ အသားငါး စသည်များ ၀ယ်ပြီး ချက်ပြုတ်စား၊ IBC TV ကြည့်။ ဒါက နေ့စဉ်လုပ်နေကြ။ စနေ၊ တနင်္ဂနွေများမှာတော့ အများအားဖြင့် မြို့ထဲသွား။ ပရသူနမ်ရှိ World Trade Center မှာ ရုပ်ရှင်ကြည့်၊ ဗီဒီယိုဂိမ်းတွေ အတူကစား။ ဒါမှ မဟုတ် ဆုသီးဆန်ရှိ သူငယ်ချင်း လင်မယား အိမ် သွားလည်။ သူငယ်ချင်းကတောင် - ဇော်ဇော်တို့များ... မိန်းမလည်း ရရော... ငါတို့ လင်မယားကို... သတိ တောင်.. မရတော့ဘူး... - စကားနာ ထိုးလေသည် အထိ သူတို့ဆီ အရောက် အပေါက် နည်းသွားလေသည်။

တခါတခါလည်း တပတ်လုံးလုံး ဘယ်ကိုမှ မသွား။ လင်မယား ၂ ယောက် လှည့်သာရုံ အပတ်မန့် အခန်းလေး မှာပဲ ပက်ပ်စီ (သို့မဟုတ်) ကိုကာကိုလာ တဗူးနဲ့ ရေခဲ တထုပ်ဝယ်ပြီး သူက ဂစ်တာတီး၊ ဟန်နာက သီချင်းဆို၊ တခါတခါလည်း ဂျေညီညီရဲ့ - ကိုယ့်ရဲ့ဘ၀မှာ... မင်းရှိနေရင်... အရာအားလုံး... ပြီးပြည့်စုံတယ်... ခန္ဓာကိုယ် အသက်နဲ့ ထပ်တူ... ကိုယ် မြတ်နိုးရပါတယ်... အဲသည်လောက်အထိ ချစ်ရတယ်... ယောင်လို့များ... သူ မမုန်း လိုက်ပါနဲ့... အချစ်ဆုံး... အသည်း ပေါက်မတတ်... ချစ်တယ်... အချစ်ဆုံး... အသည်း ပေါက်မတတ်... ချစ်တယ်... တသက်လုံး... ကိုယ်အမြဲချစ်နေချင်တယ်... - ဆိုတဲ့ သီချင်းကို ပြိုင်တူ ပြုံးရင်းဆို ... ။ ဒါမှ မဟုတ် - နှစ်ကိုယ်တူ ချစ်သမျှတွေ... အလိုတူ လှစ်ဟကဲစေ... ကြည်သာပြုံး... မမုန်းတမ်း... စိတ်မှာလေ... ဒီပါလုံး တမိုးအောက်... တယောက်ထင်နေ... မောင့်ချစ်ပန်းတွေ... တမျိုး... လန်းနေ... မညှိုးနွမ်းချေ... - သူက စဆိုလိုက်လျင် - အသည်းနင့်အောင်... သစ္စာ ဆိုစကားတွေ... ချစ်ကမ္ဘာ တိုင်စေ... မေတ္တာ မယိုင်ပေ... ချစ်သူတို့ လျှောက်သောနယ်မြေ... ရာသက်လုံး သည်းဆိုင် စွဲခိုင်နေ အမြဲတစေ... - စသည်ဖြင့် ဟန်နာက သီဆိုပါမည်။

ကြာတော့လည်း နှစ်ကိုယ်တူ တိုင်းပြည်လေးက ပျင်းစရာကောင်းလာသည်။ သည်ကြားထဲ သူကလည်း ကွန်ပြူတာ ကုမ္ပဏီတခုမှာ CAD (Computer Aided Design) Operator အလုပ် ရလာသည်။ တလ ၇၅၀၀ ရသော သည်အလုပ်က သူတို့ လင်မယားအတွက် ပိုမိုကျယ်ပြန့်သော အပတ်မန့်တခုကို ငှားရမ်း နေထိုင်နိုင်စေခဲ့ သည်လေ။ သည်လိုနဲ့ ဘဏ္ဍာရေးအရ အစစ အဆင်ပြေလာတော့ အိမ့်ဆည်းလည်းလေး တခု ယူဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်မိသည်။ သည်လိုနဲ့ သားကြီးက သူတို့ နှစ်ကိုယ်တူ တိုင်းပြည်ကလေး၏ ပထမဆုံးသော အိမ်ရှေ့စံ မင်းသားကလေး ဖြစ်လာသည်။ သားကြီးမွေးလာတော့ အလုပ်တွေက များလာသည်။ ဟန်နာနဲ့ သူ့အကြားက အချိန်တွေက သားကြီးအတွက် ဖြစ်လာသည်။ သားကြီးမွေးပြီးမှ ဟန်နာလည်း ကျောင်း ဆရာမ အလုပ်မှ လုံးဝ ထွက်လိုက်ရသည်။ မထွက်လို့လည်း မဖြစ်ချေ။ သားကြီးကို ကျွေးမွေး ပြုစုရဦးမည် မဟုတ်လား။ ပြီး သူ့ အလုပ်ကလည်း ကောင်းနေသည်ဆိုတော့ ဟန်နာလည်း အလုပ်လုပ်နေစရာ မလိုပါပေ။

သည်လိုနဲ့ တရက်သားမှာ ပထမဆုံး အကြိမ် လင်မယားနှစ်ယောက် ကတောက် ကဆ ဖြစ်ကြရသည်။ အပြာရောင် ဓါးကလေးကြောင့်ပါပဲ။ ထိုနေ့က သားကြီးအတွက် နို့မှုန့်ဗူး အသစ်တလုံးကို သူဖွင့်သည်။ နီးရာမှာ တွေ့သော သည် အပြာရောင် ဓါးကလေးနဲ့ နို့မှုန့်ဗူး အဖုံးကို သူ ကော်ဖွင့်လိုက်သည်။ နို့မှုန့်ဗူးအဖုံး ပွင့်သွားသလို ဓါးကလေးလည်း ဓါးဦး ပဲ့သွားသည်။ သူတွေ့သော်လည်း စိတ်ထဲ ဘာမျှ မဖြစ်ပါ။ ဓါးဦး ပဲ့သွားသည်- ဒါပဲလေ။ သို့သော်လည်း ညနေရောက်တော့ ဟန်နာက ညနေစာ ချက်ရင်း - ကို... ဓါးကလေးက... ထိပ်မှာ ပဲ့နေပါလား... - လှမ်းပြောသည်။ - အေး.. ဟုတ်တယ်... နို့မှုန့်ဗူးကို.. ကို... ကလော် ဖွင့်လိုက်တာ... ထိပ် ကျိုးသွားတယ်... - သူပြောတော့ - တခြား ဟာတွေနဲ့ ဖွင့်လို့ ရလျက်သားနဲ့ ဘာလို့ သည်ဓါးကလေးနဲ့မှ သွားဖွင့် တာလဲ... ကျိုးသွားနိုင်တာ.. မစဉ်းစားမိဘူးလား... - လေသံမာမာနဲ့ ပြောတော့ သူလည်း နည်းနည်း တော့ စိတ်တိုသွားသည်။ - နို့ဖျော်ဖို့ပဲ... စဉ်းစားမိတာလေ... ကျိုးမယ်မှန်း သိရင်တော့... ဘယ် ဖွင့်မလဲ... မတော် တဆ ကျိုးသွားတာပဲ ဟာ... ဒါလေးပဲ... ဘာလို့... ရေးကြီးခွင်ကျယ်... ပြောနေ ရတာလဲ... ထိပ်ကလေးပဲ... ကျိုးသွားတာ... လှီးလို့လည်း... ရနေတာပဲ...။ လှီးလို့ မရတော့ရင်လည်း... သူ့ထက် ကောင်းတဲ့... ဓါးနောက် အသစ် တချောင်း... ၀ယ်လို့ရတာပဲဟာ... - ပြန်ပြောလိုက်မိသည်။ ဟန်နာ ပြန်ပြောသော စကားကို သူ ကြားရချိန်မတော့ ဘာတခွန်းမှ သူ ပြန်မပြောနိုင်တော့ပါ။

- အသစ် ၀ယ်လို့ ရမှန်းတော့... သိတာပေါ့... ဒီ ဓါးလေးက... တို့ ဘ၀အစလေ... ဒါကြောင့်... တယုတယ... သိမ်းထားတာ... ယူက... ဘာလို့... တို့တွေရဲ့ ဘ၀ အစလေးကို... ကျိုးသွားအောင်... လုပ်လိုက်တာလဲ... ကိုက... ဘာကိုမှ... အလေးအနက်လည်း... မထားပါလား...-

သူ သူရဲခြောက်ခံရသလို ဖြစ်သွားလေသည်။

---------------------------------------------------------------------------

လျှပ်စစ်ပစ္စည်းများမှာ တခါတခါ အတော် စိတ်ပျက်ဖို့ ကောင်းလေသည်။ ကိုယ်တိုင် ကလည်း လျှပ်စစ် အင်ဂျင်နီယာ မဟုတ်တော့ လျှပ်စစ် ပစ္စည်း တခုခု ပျက်သွားရင် ဖွင့်ဖြုတ်ကြည့်တာက လွဲလို့ ဘာမှ မပြင်တတ်။ ပြီးခဲ့သည့် လကလည်း လျှပ်စစ် ဒယ်အိုးလေး ပျက်သွားသည်။ ဒယ်အိုး အောက်က မူလီတွေကို ၀က်အူလှည့်နဲ့ ဖြုတ်ကြည့်ကာ မြင်ရသည့် ကြိုးတွေကို လျှောက်ကြည့်ပြီး ပြန်ကောင်းလို ကောင်းငြား ကြိုးစား ကြည့်ခဲ့ဖူးသည်။ ပြန်ကို ကောင်း မလာတော့။

ခုလည်း သူငယ်ချင်း လင်မယား လက်ဖွဲ့ ပေးထားခဲ့သည့် ထမင်းအိုးက ဇာတ်လမ်း စလာ ပြန်သည်။ ဆန်ဆေးပြီး ထမင်း အိုးထဲ ထည့်ကာ ခလုပ် နှိပ်တော့ နှိပ်မရ။ ဘာမီးမှလည်း မပေါ်လာ။ ထမင်းအိုး အောက်ကို ကြည့်တော့လည်း မူလီ သေးသေးလေးတွေ မြင်ရသည်။ ဖွင့်စရာ ၀က်အူလှည့်ကလည်း အကြီး ၂ ချောင်းလား ရှိသည်။ နေတော့ကွာ - ဆိုပြီး အသစ် ၀ယ်ထားသည့် လျှပ်စစ် ဒယ်အိုးနဲ့ပဲ ထမင်းကို ရေခမ်း ချက်ပစ်လိုက်သည်။ ဟင်းချက် ဖို့တော့ အဆာပလာတွေကိုပဲ ခုတ်ထစ် လှီးဖြတ်ပြီး ထမင်း အကျက်ကို စောင့်ရင်း - ထမင်းအိုး ကတော့ အသစ် တလုံး ၀ယ်ရတော့မယ် - ဟု စဉ်းစားနေမိသည်။

ထမင်းဟင်းအားလုံး ချက်ပြီး တနာရီလောက် နေတော့ သားကြီး နိုးလာသည်။ သားကြီးနဲ့ အတူ ရေချိုးပြီး သူ့ကို ထမင်း ကျွေးနေချိန်မှာ ဘုရားကျောင်း သွားတက်သော ဟန်နာ ပြန်ရောက်လာသည်။ ထမင်းအိုးပျက်သည့်အကြောင်း ပြောရင်းက - ဒါကြောင့်... ပြောတာ... ထမင်းအိုးကို... ရေဆေးပြီးရင်... အမြဲ... ရေစင်အောင်သုတ်ပြီးမှ... ချက်ပါ ဆိုတာ...။ ယူက... သေချာ မသုတ်ပဲ... ဒီအတိုင်း... ထည့်ထည့် ချက်တာလေ... ။ ခု ... အဲတာ ကြောင့်... ပျက်သွားတာနေမှာပဲ... - ဟန်နာ ပြောလာတော့ လင်မယား နှစ်ယောက် စကားများဖို့က ဖြစ်လာ တော့သည်။

ဘာရယ်တော့ မဟုတ်။ လျှပ်စစ်ဒယ်အိုး ပျက်တုန်းကလည်း ဟန်နာက အိမ်မှာ မရှိ။ ခု ထမင်းအိုး ပျက်ပြန် တော့လည်း အိမ်မှာ မရှိ။ သူ တခုတ်တရ သိမ်းထားသော ဓါးကလည်း ကိုယ့်ကြောင့် ဓါးဦးကျိုးသွားသည် ဆိုတော့။ အမှတ်တရ ဖြစ်စရာ ပစ္စည်းတွေ အားလုံးက ကိုယ့်ကြောင့် ပျက်သလိုလို၊ ကိုယ်ကပဲ ဘာတခုမှ အလေးမထား ဂရုမစိုက်သလိုလို လေသံကို ကြားရတော့ စိတ်ထဲက သိပ် မကျေနပ်ချင်။ ကိုယ့်ဘာသာတော့ ကိုယ် သိသည် တကယ်တော့ ကိုယ်ကလည်း အစွဲအလမ်း ကြီးတတ်သည့် ကောင်ပေပဲ။ ဒါပေသည့် ကိုယ်က ထုတ်မပြော တတ်တာလည်း ဖြစ်ချင်ဖြစ်မည်။

ဟန်နာ ဆက်ပြောနေသော စကားတွေကို နားမခံနိုင် ဖြစ်လာတော့ ဒေါသလား သို့မဟုတ် ခံရခက်သည်လား မသိသော စိတ်ခံစားမှုကြောင့် - မဟုတ်ဘူး... ဟန်နာ... ကိုယ့်ကို... အဲလို မပြောနဲ့လေ...။ ကိုယ်က... မင့် ထက်တောင်... အစွဲအလမ်း ကြီးသေးတယ်။ အလေး အနက်... အမှတ်တရ... သိမ်းထားတတ်သေးတယ်...။ ဒီမှာ... ကြည့်... - ပြောရင်း သူ့ ပိုက်ဆံအိတ် အတွင်းက အိတ်ကလေးထဲမှာ ယနေ့ထက်ထိ သိမ်းထားခဲ့သော အနည်းငယ် ဟောင်းနွမ်းစ ပြုနေပြီ ဖြစ်သည့် လက်မှတ်ကလေးတွေကို သူ ဆွဲယူ ထုတ်ပြလိုက်သည်။

သည်လက်မှတ်ကလေးတွေက ဟန်နာ့ကို ပထမဆုံး အကြိမ် သူငယ်ချင်း လင်မယားအိမ် လိုက်ပို့စဉ်က အသွားအပြန် စီးခဲ့သည့် အမှတ် (၁၁၄) ဘတ်စ်ကား လက်မှတ်ကလေး ၄ စောင်၊ ဟန်နာနှင့်သူ သမီးရည်းစား မဖြစ်မီ သူငယ်ချင်းလင်မယားနှင့်အတူ ခရစ်စမတ်နေ့မှာ သွားလည်ခဲ့သည့် စီယမ်ပါ့ခ် ၀င်ခွင့် ဘတ် (၁၀၀) တန် လက်မှတ်ကလေး ၂ စောင်နှင့် သမီးရည်းစား ဖြစ်ပြီးနောက် ဘန့်ကပိမောလ်ရှိ အမှတ် (၈) ရုပ်ရှင်ရုံမှာ ပထမဆုံး အကြိမ် အတူ ကြည့်ဖြစ်ခဲ့သည့် Matilda ရုပ်ရှင်ကားရဲ့ လက်မှတ်ကလေး ၂ စောင်ပင် ဖြစ်သည်။

သူ ထုတ်ပြသော လက်မှတ်ကလေးတွေကို ကြည့်ရင်း ၀မ်းသာ ၀မ်းနည်း ဖြစ်သွားပုံဖြင့် - ဆောရီးနော်... ကို... - လို့ ပြောရင်း သူ့ကို လှမ်းဖက်လာသည့် ဟန်နာ့ ကိုယ်လေးကို အသာ အယာ ပြန်ထွေးပွေ့ထားရင်း နှစ်ယောက်သား ငြိမ်သက်နေမိသည်။ ခုမှပဲ တယောက် နှလုံး ခုန်သံကို တယောက် ကြားကြတော့ သည်လား။ ခုမှပဲ တယောက် နှလုံးသားကို တယောက် နားလည်ကြတော့ သည်လား။

ဟန်နာ ၀ယ်လာသည့် မုန့်တွေကို ထိုင်စားရင်း အဖေနဲ့ အမေ ဘာတွေ ဖြစ်နေမှန်း သိပုံ မရသော ၂ နှစ်သား အရွယ် သားကြီးကတော့ - သည်နှစ်ယောက် ဘာတွေ ဖြစ်နေပါလိမ့် - လို့ သူတို့ကို ကြည့်ကာ စဉ်းစားနေပုံ ရလေသည်။
----------------------------------------
သည်လိုနဲ့ တရက်သားမတော့ အိမ်ပြောင်းရဖို့ အကြောင်းက ပေါ်လာသည်။ သူ အလုပ် လုပ်နေရာ ကွန်ပြူတာ ကုမ္ပဏီက လုပ်ငန်းများ ချဲ့ထွင်လာသည်နှင့်အမျှ ၀န်ဆောင်မှုတွေ များပြားလာတော့ နေရာအသစ် တခုသို့ တရုံးလုံးကို ပြောင်းရွှေ့ သွားသည်။ အလုပ်နဲ့ နီးရာမှာ နေမှလည်း ကိုယ့်အတွက် ကားစီးချိန် နည်းပြီး နားချိန် ပိုရမည်မို့ အိမ်က ပြောင်းမှပဲ ဖြစ်မည်လေ။ သည်လိုနဲ့ အလုပ်နဲ့ အနီးဆုံး ရပ်ကွက် တခုမှာ အိမ်ခန်း လိုက်ရှာ ရသည်။ သင့်တော်သည့် လခနဲ့ အပါတ်မန့်တခု ရတော့ အိမ်ပြောင်းရသည်။

ခုတော့ အိမ်ရှိ ပစ္စည်းတွေက အိမ်ထောင်ဦးကလို မဟုတ်တော့။ မိသားစုက ၃ ယောက် ဖြစ်နေပြီဆိုတော့ အ၀တ် အစားတွေ ကလည်း များလာသည်၊ တိုလီမုတ်စ ပစ္စည်းလေးတွေနဲ့ စာအုပ်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ ကလည်း တပုံတပင်။ သည်တော့ အိမ် ပြောင်းသည့် နေရာမှာ တချို့ ပစ္စည်းတွေကိုတော့ ၀ဲမှ ဖြစ်တော့မည်။ အသုံး မလိုသည်များ၊ ပိုနေသည့် ပစ္စည်းများကို အိမ်နီးချင်း တချို့အား ပေးပစ်လိုက်သည်။ ကိုယ့် အတွက် မလိုအပ်သော၊ အိမ်နီးချင်းတွေလည်း မလိုချင်သော ပစ္စည်းများကိုတော့ ၀ဲပစ်လိုက်ရသည်။

အိမ်ရွှေ့သည့်အခါ ပစ္စည်းတွေ ကများ၊ ဟန်နာကလည်း သားကြီးကို ကြည့်နေရတာဆိုတော့ ဘာမျှ မကူနိုင်။ သည်တော့ သိမ်းတော့လည်း သူ၊ သယ်တော့လည်း သူ ဖြစ်နေသည့် အခါ လူက စိတ်တိုလာသည်။ သည်မှာ ဟန်နာနဲ့ သူနဲ့ စကား တခါ ထပ်များ ရပြန်သည်။ ထုံးစံ အတိုင်း ပျက်နေသော လျှပ်စစ်ဒယ်အိုးနဲ့ လျှပ်စစ် ထမင်း အိုးကို သူက ၀ဲမည်၊ ဟန်နာက မ၀ဲချင်။ အတိုက်အခံ ပြောဆိုပြီး နောက်မှာတော့ အောင်မြင်စွာ သူ လက်လျော့ပေး လိုက်ရ သည်။ သည်အိုးလေး ၂ လုံးကိုလည်း အိမ်သစ်ကို သယ်လာရတာပါပဲလေ။

သည်မှာလည်း ပစ္စည်းနည်းချင်သည့် သူ့အတွက် နောက်ထပ် ပစ္စည်းတွေ ထပ်ပြီး လိုလာ ပြန်သည်။ အပတ်မန့် အသစ်က အိမ်လခ သက်သာသော်လည်း ရေခဲ သေတ္တာနဲ့ တီဗီ မပါ။ သည့်အတွက် ရေခဲ သေတ္တာ အဟောင်း တလုံးနဲ့ ရောင်စုံ တီဗီ အဟောင်းလေး တလုံးကို ရှာဝယ် လိုက်ရပြန်သည်။ သည်ကြားထဲ တချောင်းထဲသာ ရှိသော ဓါးကလေး ကလည်း သွေးလိုက် သုံးလိုက်နဲ့ဆိုတော့ တဖြည်းဖြည်းချင်း အသွားတွေ ပါးလိုက်လာသည်။ ဒါ့အပြင် ဓါးသွေး ကျောက်လည်း သီးသန့် ၀ယ် မသုံးချင်တော့ ၀ယ်ထားပြီး ဖြစ်သည့် ငရုတ်ဆုံလေး ကိုသာ ပြောင်းပြန် လှန်ပြီး ငရုတ်ဆုံ အောက်ပိုင်း ပေါ်မှာ တင်သွေးခဲ့သည့် အတွက်ကြောင့် လည်း နှစ်တွေ ကြာလာ သည့် အခါ အသွား တွေလည်း လွှသွားလို ဖြစ်လာနေ လေသည်။ သို့သော်လည်း ဓါး အသစ်တချောင်း ၀ယ် မသုံးဖြစ်ခဲ့ချေ။
----------------------------------------
တခါတခါတော့လည်း ဘ၀ဆိုသည်က အတော်ထူးဆန်းလေသည်။ ကိုယ့်မြို့ ကိုယ့်ရွာ၊ ကိုယ့် နေရာမှ မခွဲခွာ ချင်သည့် သူ၊ အကြောင်းကြောင်းနဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး မိသားစု တခုပင် ထူထောင် တည်ဆောက် ဖြစ်လာသည် အထိ ဘ၀မှာ မမျှော်လင့်ခဲ့သော အပြောင်း အလဲတွေ ရှိခဲ့သည်။ အခု တခါလည်း အားလုံး အခြေကျ နေပြီးမှ နိုင်ငံ ရပ်ခြားကို ရွှေ့ပြောင်း အခြေချဖို့ ဖြစ်လာပြန်လေသည်။ သည်တခါတော့ အိမ်ပြောင်း သလို မဟုတ်တော့။ မိသားစု ဘ၀တခုလုံးကိုပါ ပြောင်းရွှေ့ရမည် ဖြစ်လေတော့ အစစ အရာရာကို ကြိုတင် စဉ်းစားရ တော့သည်။

သည်လိုနဲ့ နှစ်တနှစ်၏ အစမှာပဲ ပြောင်းရွှေ့ရဖို့ ဖြစ်လာသည်။ ရှိသမျှ ပစ္စည်းတွေကို ရောင်းတန်တာ ရောင်း၊ ပေး တန် တာပေး၊ လွှင့်ပစ်တန်တာ လွှင့်ပစ်နဲ့ လုပ်ရသည်။ သူ အလွန်နှစ်သက်သော ဘတ် (၄၀၀၀) ကျော် ပေးဝယ် ထားခဲ့ရသည့် Yamaha Acoustic Guitar ကို သူငယ်ချင်းတယောက်ကို ဘတ် တထောင်နဲ့ ပြန်ရောင်း လိုက်ရသည်။ ကွန်ပြူတာ စာအုပ်တွေ အားလုံး ကိုလည်း သူငယ်ချင်း တယောက်ကို အကုန် ပေးပစ် လိုက်ရသည်။ အဆုံးမှာ သီချင်း စာအုပ်တွေ အားလုံးကိုပင် နိုက်ကလပ်တခုမှာ ဂစ်တာတီးနေသည့် သူငယ်ချင်း တယောက်ကို ပေးပစ်လိုက်သည်။

သည်မှာ နောက်ထပ်တကြိမ် ဟန်နာနဲ့သူ အကြိတ်အနယ် ငြင်းခုန်ရပြန်ပါသေးသည်။ ထုံးစံ အတိုင်း ဒယ်အိုးနဲ့ ထမင်း အိုးကို ၀ဲ-မ၀ဲ ဆွေးနွေးပွဲကြီးပါပေ။ ယခုသွားရမည်က မိုင်ပေါင်း ထောင်ချီဝေးသည့် နိုင်ငံရပ်ခြား။ ထိုင်း နိုင်ငံမှာ အိမ်ပြောင်း သလို ကားနဲ့ သွားရမည် မဟုတ်။ လေယာဉ်နဲ့ သွားရမည့် ခရီး။ ပြီး သတ်မှတ် အလေးချိန် ထက် ပိုသမျှ ပစ္စည်းတွေကို ကိုယ့်ဘာသာ ပေးဆောင်ရမည့် ခရီး။ ပြောရရင် ပေးဖို့ငွေထက် သည်နိုင်ငံ ရောက် ရောက်ချင်း သုံညကနေ စတင်ရမည့် ဘ၀အတွက် လိုအပ်မည့် ငွေကပင် လက်ထဲမှာ ဒေါ်လာ ၃၀၀ မပြည့်ချင်။

သည်တော့ ဘာမျှ အသုံး မ၀င်တော့သော ပစ္စည်းတွေကို သူ သယ်ဆောင် မသွားချင်တော့။ ဟန်နာက သယ်သွား ချင်သည်။ သည်တခါတော့ သူအလျှော့ မပေးနိုင်တော့။ သူကိုယ်တိုင် သယ်သွားချင်သော်လည်း ခုက မတတ် နိုင်တော့ လွှင့်ပစ်ခဲ့ရမည့် အခြေအနေ။ အတိုက်အခံ ငြင်းခုန်ကြပြီးသည့် နောက်မှာတော့ ဟန်နာလည်း လက်လျှော့ သွားသည်။ သည်လိုနဲ့ အမှတ်တရ ပစ္စည်း နှစ်ခုကတော့ အ၀ဲခံရသည့် ဘ၀သို့ ရောက်ခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် ဓါးကလေးကတော့ ရှိနေသေးသည် မဟုတ်လား။
----------------------------------------
နှစ်တွေကြာလာတော့လည်း အိမ့်ဆည်းလည်းလေးတွေက တိုးပွားလာသည်။ သည်လိုနဲ့ နောက်ထပ် သားလေး တယောက် သမီးလေး တယောက်ဖြင့် မိသားစုက ၅ ယောက်ဖြစ်လာသည်။ ဘ၀ကလည်း ပိုပြီး ရုန်းကန်ဖို့ လိုအပ် လာသည်။ သူလည်း အလုပ် တခုတည်းနဲ့ မလုံလောက်တော့သော အခြေအနေမှာ အလုပ် ၂ ခုကို တပတ် (၇) ရက်လုံး လုပ်လာရသည်။ မိသားစု ဘ၀ထဲမှာ အာရုံစိုက်စရာတွေ လုပ်စရာတွေက များလာသည့် အခါ လင်မယား နှစ် ယောက် တယောက်ကို တယောက် အချိန် ပေးဖို့ကိုပင် အစီအစဉ် ဆွဲနေရသည် အထိ ဖြစ်လာသည်။

မိသားစုဝင်အားလုံး အမိုးတခုအောက်မှာ လုံလုံခြုံခြုံ စုစုစည်းစည်း နွေးနွေးထွေးထွေး နေနိုင်ဖို့ အားထုတ် နေရသည့် ကာလတွေမှာ ဟန်နာနဲ့ သူ့အကြားမှာ ကိစ္စအတော်များများမှာ ကွဲလွဲလာသည်။ မကြာခဏ စကား များကြရသည်။ လင်နဲ့ မယား လျှာနဲ့သွား မဟုတ်လား။ သို့သော်လည်း တခါတခါ အချိန်အတော်ကြာ တယောက်နဲ့ တယောက် စကား မပြောသည် အထိ ဖြစ်လာကြသည်။ တခါတခါ စဉ်းစား ကြည့်တော့လည်း သူတို့ နှစ်ယောက် အကြားက ဆက်ဆံရေးသည် ဓါးသွေးကျောက်မ၀ယ်ပဲ ငရုတ်ဆုံကလေးပေါ် တင်သွေး ခံရသော ဓါးကလေးလို အသွားတွေ ပဲ့ထွက်လာလေသည်လား။
----------------------------------------
ဘာပဲဖြစ်ဖြစ် သည်နှစ်သစ်မှာတော့ သူ အတွေးသစ် တခု ရခဲ့ပါသည်။

အသုံးပြုခံရသော ဓါးတချောင်းသည် ထက်မြက် ပြတ်ရှနေဖို့အတွက်တော့ အသွေး ခံနေရမည် မဟုတ်လား။ သည့်အတွက် အသွားကိုတော့ ကျောက်တုံး တခုခုက အနည်း အကျဉ်းတော့ တိုက်စား နေမည်သာ။ အရေးကြီးသည်က သည်ဓါးကလေး ထက်မြ ပြတ်ရှနေဖို့သာ ဖြစ်သည် မဟုတ်လား။

နောက်ထပ် လှန်လှော ဖတ်ရှုနေရဦးမည့် ဓါးတချောင်းရဲ့ ပြက္ခဒိန်မှာ စာမျက်နှာ တိုင်း အတွက် သည် ဓါးရဲ့ အသွားကလေးက ပြတ်ရှနေရမည်လေ။

စဉ်းစားရင်း သည်ဓါးကလေး၏ အပြာရောင်လက်ကိုင်ရိုးကို ကိုင်ရင်း လွှသွားလို ဖြစ်နေသည့် အသွားလေးကို ပြန်လည် ညီညွတ်ကာ ထက်ရှလာအောင် သွေးနေမိ ပါတော့သည်။

(အောင်သာငယ်)

Jan 17, 2009

သက်တမ်းရှည်ပဋိပက္ခ

ဒီဆောင်းပါးကတော့ မိုးမခမှာ ဖေါ်ပြထားခဲ့ပြီးသားပါ။ ဆောင်းပါးက ရှည်တော့ အပိုင်းလိုက် ခွဲပြီး ဖော်ပြခဲ့တာပါ။ ခုတော့ အားလုံးကို တစု တစည်းတည်း တထိုင်တည်း ဖတ်နိုင်အောင်လို့ ပြန်တင်ပေး လိုက်တာပါ။ အချက် အလက် တစုံတရာ ချွတ်ချော် တိမ်းပါးမှုများ ရှိခဲ့ရင်ဖြင့် စာရေးသူ ကျနော့် အပြစ်သာ ဖြစ်ပါကြောင်း ကြိုတင် ၀န်ခံအပ်ပါတယ်။

နိဒါန်း

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ အာရပ်-အစ္စရေး ပဋိပက္ခဟာ ရာစုနှစ်ပေါင်းများစွာ တောက်လောင်နေခဲ့တဲ့ မီးပုံ တခုပါပဲ။ ယခု လက်ရှိ ခေတ်ကာလမှာလည်း ဒီမီးပုံကြီးဟာ ငြိမ်းမလိုလိုနဲ့ ပြန်လည် ကြီးထွားလာတာကို စိတ် မချမ်းမြေ့စရာ မြင်တွေ့ ကြားသိနေရပါတယ်။ ကိုယ်နဲ့ အဝေးကြီးလို့ ပြောလို့ ရပေမယ့် အနည်းဆုံး အဆင့် ကတော့ တီဗွီ မျက်နှာပြင်ပေါ်မှာ တောက်လောင်နေတဲ့ မီးတွေကို တွေ့မြင်ရတိုင်း ကိုယ့်ကိုလည်း အပူ တွေ လာဟပ်တာပါပဲ။ ကမ္ဘာ့ အဝေးဆုံး ထောင့်ကြားမှာ နေခဲ့ရင်တောင် တီဗွီ ဖွင့်ကြည့်မိရင် အပူတွေ ဟပ် တယ်။ တကယ်တော့လည်း မီးပုံကြီးတခုဟာ အလိုအလျောက် မကြီးထွားလာပါဘူး။ မီးပွားလေးတွေကနေ စလာရတာ ပါပဲ။ ဒီတော့လည်း ဒီမီးပုံကြီးကို မငြိမ်းသတ်နိုင်သေးခင်မှာ ငြိမ်းသတ်ဖို့ နည်းလမ်းရှာတဲ့ အနေနဲ့ မီးပွားလေးကနေ မီးတောက်ကြီး၊ မီးတောက်ကြီးကနေ မီးပုံကြီးအထိ အဆင့်ဆင့် ရောက်သွားအောင် အစ ပြုခဲ့တဲ့ နဂိုမူလ မီးပွားလေးတွေကို ပြန်ကြည့်မိပါတယ်။

ဒီအခါမှာ အလွန်ရှုပ်ထွေးလှတဲ့ တကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွေကို သတိပြုမိပါတယ်။ အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ ခရစ်ယာန်နဲ့ မွတ်ဆလင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်း တရား၊ နိုင်ငံ တွေရဲ့ ကိုယ်ကျိုးစီးပွား အားလုံးဟာ ခွဲခြားလို့ မရနိုင်အောင် စုပြုံရောပြွမ်းနေတာကို တွေ့မြင်မိတဲ့အခါမှာ ဒီ ဆောင်းပါးကို ရေးမိပါတယ်။ ဘာလို့ဆို အမိဗမာပြည်ရဲ့ အရေးကိစ္စတိုင်းကလည်း ဒီလိုပဲ ရောပြွမ်း ရှုပ်ထွေး နေတာကို သတိပြုမိလို့ပါပဲ။ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောလို့မရတဲ့ တကမ္ဘာလုံးရဲ့ ပတ်သက် ဆက်စပ်နေတဲ့ အခင်း အကျင်းတွေဟာ သတိမပြုလို့ မရနိုင်အောင် ဖြစ်နေတာကြောင့်ပါပဲ။

အာဆီယံနိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ ပါဝင် ပတ်သက်နေတဲ့၊ ပြီးရင် အထက်မှာ ပြောခဲ့သလို အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်းတရား၊ နိုင်ငံတွေရဲ့ ကိုယ်ကျိုး စီးပွား ဒါတွေအားလုံး စုရုံးရှုပ်ထွေးနေတဲ့ ကျနော်တို့ နိုင်ငံ အတွက် အာရပ်-အစ္စရေး ပဋိပက္ခဟာ လေ့လာ စရာ (Case Study) တခု ဖြစ်ခဲ့မယ်ဆိုရင် ဒီဆောင်းပါးအတွက် အားထုတ်ရကျိုး နပ်ပါပြီ။

ပြဿနာ စတော့မယ်

အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို ကြည့်မယ်ဆိုရင် ဆွဲယူ ထုတ်နှုတ်စရာတွေက များပြား လွန်းလှပါတယ်။ သို့သော်လည်း လက်ရှိ အနီးကပ်ဆုံး ကျနော်တို့ ရှင်သန်နေကြတဲ့ ကာလကိုပဲ အာရုံ ပြုမယ် ဆိုရင် ဒုတိယ ကမ္ဘာစစ်အပြီး ကာလတွေကနေပဲ အစပြုကြရမှာပါ။

သို့သော်လည်း အခြေခံကျတဲ့ အချက်အလက် တချို့ကိုလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒီတော့ ပထမ ကမ္ဘာစစ် အပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) က အတည် ပြုခဲ့ပြီး စစ်နိုင်ခဲ့တဲ့ မဟာမိတ် နိုင်ငံတွေနဲ့ သူတို့ရဲ့ ပတ်သက်စပ်ဆိုင်ရာ နိုင်ငံတွေက အဆိုပြုခဲ့တဲ့ British Mandate of Palestine ဆိုတဲ့ ပါလက်စတိုင်း ဒေသ အဆိုပြုချက်ကနေ စတင်ရမှာပါပဲ။

ပါလက်စတိုင်းဒေသ အဆိုပြုချက်ဟာ ၁၉၂၂ ခုနှစ်မှာ ပေါ်ပေါက်လာပါခဲ့တယ်။ ဒီအဆိုပြုချက်ရဲ့ ရည်ရွယ်ချက် ထဲမှာလည်း ဂျူး လူမျိုးများ အတွက် နေထိုင်စရာ အိမ်ယာနိုင်ငံတခု ဖြစ်လာရေး ဆိုတာလည်း ပါဝင် ပါတယ်။ ဒီ အဆို ပြုချက်မှာ ပါတဲ့ ပထ၀ီဆိုင်ရာ နယ်နိမိတ် သတ်မှတ်မှုတွေကလည်း သမိုင်းတွင်အောင်ကို အငြင်းပွားမှုတွေ ဖြစ်ခဲ့ တာပါပဲ။


ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၇ နိုဝင်ဘာ ၂၉ မှာ United Nations Partition Plan for Palestine (United Nations General Assembly Resolution 181) ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည် ပြုလိုက်ပါတယ်။


၁၉၄၇ နိုဝင်ဘာ ၂၉ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည် ပြုခဲ့တဲ့ ပါလက်စတိုင်း-အစ္စရေး မြေပုံ။

ပြဿနာ စပြီ

ဒီဆုံးဖြတ်ချက်အရ British Mandate of Palestine ကို ၁၉၄၈ သြဂုတ် ၁ ရက်နေ့မှာ တရားဝင် ရပ်စဲ ရမှာ ဖြစ်ပြီး ဂျူးနဲ့ အာရပ်ဒေသ ၂ ခုအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အာရပ်နိုင်ငံတွေက လက်မခံဘဲ ပယ်ချခဲ့ကြပါတယ်။

ဒီကြားထဲမှာမှ မေလ ၁၄ ရက်မှာ အစ္စရေးက လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ သူ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အာရပ် နိုင်ငံတွေက ဒီ ကြေညာချက်ကို လက်မခံတဲ့အခါ စစ်ပွဲတခု စတင် ဖြစ်ပွားခဲ့ပါတော့တယ်။



















ပထမ အာရပ်-အစ္စရေးစစ်ပွဲ (၁၉၄၈)

ဒီစစ်ပွဲဟာ အာရပ်ပြည်နဲ့ ဂျူးပြည် ၂ ခု အတူတွဲ ရှိရမယ် ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြု လိုက်တဲ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ်(၁၈၁) ကို အာရပ်ကမ္ဘာက ငြင်းပယ်ခဲ့တာကနေ စတင်ခဲ့တာပါပဲ။

ဒီအခါမှာ အစ္စရေး ၀န်ကြီးချုပ် ဒေးဗစ်ဘန်ဂူရီယမ်က အစ္စရေးနိုင်ငံဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိတဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်ကြောင်း မေလ ၁၄ ရက်မှာ ကြေညာပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အာရပ်နိုင်ငံတွေက အစ္စရေးကို စတင် ၀င်ရောက် တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။

အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ အာရပ်-အစ္စရေးပဋိပက္ခ တလျှောက် ဖြစ်ပွားခဲ့သမျှ စစ်ပွဲတွေ အားလုံးရဲ့ ပထမဆုံးသော စစ်ပွဲလည်း ဖြစ်ပါတယ်။ အစ္စရေးကတော့ လွတ်မြောက်ရေး စစ်ပွဲလို့ အမည် ပေးခဲ့ပါတယ်။

အစ္စရေးကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီ

အစ္စရေးနိုင်ငံက လွတ်လပ်ရေး ကြေညာလိုက်တာနဲ့ အမေရိကန်ပြည်ထောင်စု၊ အီရန်၊ ဆိုဗီယက် ပြည်ထောင်စု အပါအ၀င် အခြားနိုင်ငံ အတော်များများရဲ့ အသိအမှတ်ပြုခြင်းကို ချက်ချင်းဆိုသလို ရရှိခဲ့ ပါတယ်။

ရက် အနည်းငယ် အကြာမှာတော့ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အီရတ် နိုင်ငံတွေက တပ်တွေ အလုံး အရင်းနဲ့ အစ္စရေးနိုင်ငံကို ၀င်တိုက်ခဲ့ကြပါတော့တယ်။ ဆော်ဒီအာရေးဘီးယား၊ လစ်ဗျားနဲ့ ယီမင် နိုင်ငံတွေ ကလည်း အပျော်ထမ်း တပ်တွေ ပေးပို့ပြီး ပါဝင် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဒီလိုနဲ့ ကုလသမဂ္ဂရဲ့ ၀င်ရောက်စေ့စပ်မှုနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ကြပြီး ၁၉၄၉ ခုနှစ်မှာ အစ္စရေးက အီဂျစ်၊ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယားနိုင်ငံတွေနဲ့ သီးခြား စစ်ရေး သဘောတူညီချက်တွေကို ချုပ်ဆိုခဲ့တယ်။ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ ရန်လိုမှုတွေကတော့ မပြီးဆုံးသေးပါဘူး။



စစ်ပွဲရလဒ်အဖြစ် အစ္စရေးဘက်က စစ်သားနဲ့အရပ်သား စုစုပေါင်း ၆၀၀၀ ကျော် သေဆုံးတယ်။ အာရပ်တွေဘက် တသောင်းကျော် သေဆုံးတယ်။

လတ်တလော စစ်ပွဲများ

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အနီးကပ်ဆုံး သမိုင်း စာမျက်နှာပေါ်က ၂၀ ရာစုရဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ အငြင်းပွားမှုမှာ “အာရပ်-အစ္စရေး ၆-ရက် စစ်ပွဲ” ကို လူသိအများဆုံး စစ်ပွဲအဖြစ် တွေ့ကြရမှာပါ။ ဒီတော့ အဲဒီ စစ်ပွဲရဲ့ အရင်းအမြစ်တွေကနေ စတင်ကြည့်ရမှာပါ။ အခြေခံ အကျဆုံးကတော့ စူးအက်တူးမြောင်း ပါပဲ။ စူးအက် တူးမြောင်း အရေးအခင်းကပဲ ၆-ရက်စစ်ပွဲကို မွေးဖွားပေးခဲ့ပါတယ်။ ဒီတူးမြောင်းမှာ အားလုံးရဲ့ အကျိုး စီးပွားတွေ ပါဝင်နေတယ်။ ဒီတော့လည်း ပဋိပက္ခတခုဟာ အလွယ်တကူ ဖြေရှင်းလို့ မရနိုင်တာ ဘာမှ မထူးဆန်း တော့ပါဘူး။

စူးအက်တူးမြောင်း

ပြသနာတွေ အားလုံးရဲ့ အစဟာ စူးအက်တူးမြောင်းလို့ ပြောရင် မလွန်ဘူးလို့ ထင်ပါတယ်။ စူးအက် တူးမြောင်းဟာ အာဖရိကတိုက်ကို ကွေ့ပတ်ပြီး သွားစရာ မလိုဘဲ ဥရောပနဲ့ အာရှကို တိုက်ရိုက် ကူးသန်း နိုင်အောင် ဆက်သွယ်ပေးထားတဲ့ တူးမြောင်းဖြစ်ပါတယ်။



ပင်လယ် ၂ခုကို ဆက်သွယ်ထားတဲ့ စူးအက်တူးမြောင်း (မြေပုံ - wikimedia.org)

အာရှနဲ့ အာဖရိကကြားမှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာရဲ့ လက်ခွဲတခုဖြစ်တဲ့ ပင်လယ်နီနဲ့ ဥရောပတိုက်၊ အာရှ တိုက်နဲ့ အာဖရိကတိုက်ကို ပိုင်းခြားထားတဲ့ မြေထဲပင်လယ်တို့ အကြားက ကုန်းမြေကို ဖြတ်သန်းပြီး ဖောက်လုပ် ထားတာလည်း ဖြစ်ပါတယ်။ ၁၈၅၉ နဲ့ ၁၈၆၉ နှစ်များအကြားမှာ ပြင်သစ် ကော်ပိုရေးရှင်း တခုဖြစ်တဲ့ Universal Suez Ship Canal Company က တူးဖော် ဆောက်လုပ်ခဲ့ပြီး ရှယ်ယာအများစုကို ပိုင်ဆိုင် ခဲ့တဲ့အပြင် စူးအက်တူးမြောင်း အရေးအခင်းကို ဖြစ်ပွားတဲ့ ၁၉၅၆ ခုနှစ် အထိ တူးမြောင်းကိစ္စအ၀၀ကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယ အာရပ်-အစ္စရေးစစ်ပွဲ (စူးအက်ဇ်တူးမြောင်းအရေးအခင်း - ၁၉၅၆)

ဒီအရေးအခင်းဟာ အီဂျစ်နိုင်ငံက စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းရာကနေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ပွဲကို ဖြစ်ပွားစေတဲ့ အကြောင်း ၂ချက်ရှိပါတယ်။

အာရပ်-အစ္စရေးပဋိပက္ခများကို ဖြေရှင်းရာမှာ အီဂျစ်က ဦးစီး ဦးဆောင်ပြု ဖြေရှင်းပေးဖို့ သဘော တူညီ ချက် တခု ရှိခဲ့တယ်။ အပြန်အလှန်အားဖြင့် အီဂျစ်နိုင်ငံမှာ ရေကာတာတခု တည်ဆောက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန် နိုင်ငံတို့က ဒေါ်လာ သန်း ၂၇၀ ထုတ်ချေးခဲ့တယ်။

သို့သော်လည်း စစ်လက်နက် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေကို မှီခိုနေရတဲ့ အဖြစ်ကနေ အီဂျစ် နိုင်ငံကို လွတ်မြောက် သွားစေခဲ့တဲ့ လျှို့ဝှက် စစ်ရေး သဘောတူညီချက် တခုကို အီဂျစ်နဲ့ ချက်ကို ဆလိုဗက် နှစ်နိုင်ငံ အကြား ၁၉၅၅မှာ ပြုလုပ်ခဲ့ပါတယ်။

ချက်ကိုဆလိုဗက်ကီးယားနဲ့ အီဂျစ် သဘောတူညီချက် ရခဲ့တာကလည်း အရှေ့ အလယ်ပိုင်း ဒေသမှာ သူ့ရဲ့ သြဇာ လွှမ်းမိုး စေချင်တဲ့ ဆိုဗွီယက် ပြည်ထောင်စုက အရှေ့ အုပ်စုလို့ ခေါ်တဲ့ ၀ါဆော စာချုပ်အဖွဲ့ဝင် အရှေ့ ဥရောပ ကွန်မြူနစ် နိုင်ငံတွေကို မီးစိမ်းပြခဲ့တာ ကြောင့်ပါပဲ။ ဒါ့ကြောင့်လည်း တင့်ကားတွေ၊ တိုက် လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေကအစ ခေတ်မှီ လက်နက်ကြီးငယ် မျိုးစုံ အထိ ချက်ကိုဆလိုဗက်ကီးယားက အီဂျစ်ကို အကြွေးနဲ့ ရောင်းချ ပေးခဲ့ ပါတယ်။ အာရပ်တွေ မမြင်ခဲ့ဖူးတဲ့ ခေတ်မီလက်နက်တွေကို အီဂျစ်မှာ အစုလိုက် အပုံလိုက် ရောက်သွားတဲ့အခါ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံ ကလည်း လက်ပိုက်ကြည့် မနေတော့ပါဘူး။

ဒါ့အပြင် နောက်တချက်ကတော့ မေလ ၁၆ ရက်နေ့မှာ တရုပ် ပြည်သူ့သမတနိုင်ငံကို အီဂျစ်အစိုးရက တရားဝင် အသိ အမှတ် ပြုလိုက်တာကလည်း ထိုင်ဝမ်နိုင်ငံကို ကျောထောက် နောက်ခံ ပေးတဲ့ အမေရိကန် ပြည်ထောင်စုကို အကြီးအကျယ် ဒေါသူပုန် ထစေခဲ့တာ ဖြစ်ပါတယ်။

လက်တုံ့ပြန်တဲ့အနေနဲ့ နဂိုက သဘောတူညီထားတဲ့ ရေကာတာ တည်ဆောက်ရေး ရန်ပုံငွေကို ဇူလိုင် ၁၉ ရက်နေ့မှာ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုက လုံးဝ ဖျက်သိမ်း ပစ်ခဲ့ ပါတယ်။

တပတ်အကြာမှာတော့ အီဂျစ်က စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းကြောင်း ကြေညာခဲ့ပါတော့တယ်။

အီဂျစ်ရဲ့ ကြေညာချက်အပြီးမှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေး နိုင်ငံ များက အီဂျစ်ကို ၀င်တိုက်ကြပါတယ်။ တူးမြောင်းကို ထိန်းချုပ် နိုင်ဖို့နဲ့ တူးမြောင်း အရေးအခင်းကို လက်ဦးမှု ရယူပြီး ဖြေရှင်း နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အစ္စရေးက မြေပြင်တပ်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ကာ ဆိုင်းနိုင်း ကျွန်းဆွယ်ကို သိမ်းယူထားခဲ့ပြီး ဗြိတိန်၊ ပြင်သစ်တို့က လေကြောင်း စိုးမိုးမှုနဲ့ ထောက်ပံ့ရေးကို တာဝန် ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေကြောင့် နိုဝင်ဘာလ ၄ ရက်နေ့မှာ အီဂျစ်နဲ့ အစ္စရေး နှစ်နိုင်ငံလုံးက ဆုတ်ခွာပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီ အရေး အခင်းကို ပြီးဆုံးသွားအောင် ကနေဒါ နိုင်ငံက အဆိုပြုခဲ့တဲ့ ပထမဆုံးသော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ် ပေါ်ပေါက်လာခဲ့တယ်။ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ စူးအက်တူးမြောင်းကို ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေက ထိန်းချုပ် လိုက်ပြီး စစ်ပွဲ ပြီးစီးသွားခဲ့ပါတယ်။

တတိယ အာရပ်-အစ္စရေး စစ်ပွဲ ( ၆ ရက် စစ်ပွဲ - ၁၉၆၇)

၁၉၆၄ ခုနှစ်မှာ အစ္စရေးက ဂျော်ဒန်မြစ်ရေကို သူရဲ့ နိုင်ငံတော် ရေပေးဝေရေး အစီအစဉ် အတွက် စတင် ထုတ်ယူ သုံးစွဲခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ အာရပ်နိုင်ငံတွေက စုပေါင်းပြီး Headwater Diversion Plan ခေါ်တဲ့ ရေလွှဲယူရေး စီမံကိန်း တခုကို အကောင် အထည် ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းသာ အပြည့် အ၀ အကောင် အထည် ပေါ်ခဲ့ရင် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်မှာရှိတဲ့ Banias စမ်းချောင်းက ရေတွေ အစ္စရေးနိုင်ငံနဲ့ အစ္စရေးရဲ့ ဂါလိလဲ (Galilee) ပင်လယ်ကို မရောက်ခင်မှာ လမ်းလွှဲယူပြီး ဂျော်ဒန်နဲ့ဆီးရီးယားရဲ့ Mukhaiba ရေကာတာထဲ ထည့်မှာ ဖြစ်သလို၊ ဂျော်ဒန်မြစ်ထဲ စီးဝင်နေတဲ့ မြစ်ခွဲတခုဖြစ်တဲ့ Hasbani မြစ်ရဲ့ ရေတွေကို လက်ဘနွန်မှာရှိတဲ့ Litani မြစ်ထဲကို လွှဲယူမှာ လည်း ဖြစ်ပါတယ်။ ရလဒ်အဖြစ် အစ္စရေးရဲ့ နိုင်ငံတော် ရေပေး ဝေရေး အစီအစဉ် အတွက် ရယူနိုင်မယ့် ရေပမာဏဟာ ၃၅% ကို ကျသွားမှာ ဖြစ်သလို တနိုင်ငံလုံးရဲ့ ရေပေးဝေနိုင်မှု ပမာဏဟာလည်း ၁၁% အထိ ထိုးကျသွားမှာ ဖြစ်ပါတယ်။

ဒါကို လက်မခံနိုင်တဲ့ အစ္စရေးနိုင်ငံဟာ အစ္စရေး ကာကွယ်ရေးတပ် (Israel Defense Forces – IDF) တွေကို ပို့လွှတ်ပြီး ၁၉၆၅ ခုနှစ် မတ်လ၊ မေလနဲ့ သြဂုတ်လတွေထဲမှာ ရေလွှဲယူရေး လုပ်ငန်းတွေ တည်ဆောက် အကောင် အထည် ဖော်နေတဲ့ ဒေသတွေ အားလုံးကို ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးလိုက်ပါတယ်။ ဒီ အဖြစ် အပျက် တွေဟာ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို ဦးတည်သွားစေတဲ့ တိုက်ရိုက် အကျိုး သက်ရောက်မှု ဖြစ်စေတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။



၆ ရက် စစ်ပွဲ - ၁၉၆၇တွင် ကျဆုံးခဲ့သူတဦး (ဓာတ်ပုံ- TopFoto)

၁၉၆၇ ခုနှစ် မေလမှာတော့ အီဂျစ် သမတ နတ်ဆာက စူးအက်တူးမြောင်း ဒေသ အပါအ၀င် ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ရှိနေတဲ့ ၁၉၅၇ ခုနှစ် ကတည်းက တပ်စွဲထားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်တွေကို ရုတ်သိမ်းဖို့ ရာဇသံပေးလိုက်ပါတယ်။ ဒါ့အပြင် ဆိုင်းနိုင်း ကျွန်းဆွယ်နဲ့ ဆော်ဒီအာရေးဘီးယား အကြားက Tiran ရေလက်ကြားကိုပါ ပိတ်ခဲ့ပါတယ်။ အစ္စရေးအလံ တင်လာသမျှ သင်္ဘောတွေအားလုံးကို ပိတ်ဆို့ခဲ့ပါတယ်။ Tiran ရေလက်ကြားဟာ ဂျော်ဒန်ရဲ့ တခုတည်းသော ဆိပ်ကမ်း ဖြစ်တဲ့ Aqaba နဲ့ အစ္စရေးရဲ့ အိန္ဒိယ သမုဒ္ဒရာဘက်ခြမ်းမှာ ရှိတဲ့ တခုတည်းသော ဆိပ်ကမ်းဖြစ်တဲ့ Eilat တို့ကို ၀င်ထွက်ရာ ရေလမ်းကြောင်းဖြစ်ပါတယ်။ အစ္စရေး နိုင်ငံက ကန့်ကွက်နေတဲ့ ကြားမှာပဲ ကုလသမဂ္ဂ တပ်တွေကို ရုပ်သိမ်း ခိုင်းပြီး အီဂျစ်တပ်မတော်နဲ့ အစားထိုးခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကပဲ ဇွန်လ (၅) ရက်မှာ စတင် ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို မွေးဖွား ပေးခဲ့ တာပါပဲ။ သည်စစ်ပွဲမှာတော့ အစ္စရေးနဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား နိုင်ငံတွေအပြင် အီရတ်၊ ဆော်ဒီ အာရေးဘီးယား၊ ဆူဒန်၊ တျူနီးရှား၊ မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေကပါ တပ်တွေရော လက်နက် အင်အား တွေရော ထည့်ဝင် ပူးပေါင်းပြီး အစ္စရေး နိုင်ငံကို ၀ိုင်းပြီး တိုက်ခိုက် ခဲ့ကြတာပါ။

အဲသည်အချိန်ကတော့ ကျနော်တို့ နိုင်ငံရဲ့ ဦးသန့်က ကုလသမဂ္ဂအဖွဲ့ကြီးမှာ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အချိန်ပါ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သူကိုယ်တိုင် သွားရောက်ပြီး ပဋိပက္ခ အဆုံး သတ် နိုင်ဖို့အတွက် အဆိုပြုချက် ၃ ခုကို အကြံပြု ခဲ့တာပါ။ အီဂျစ်က သဘောတူသော်လည်း အစ္စရေးက ပယ်ချ ခဲ့တဲ့အတွက် ဆုံးဖြတ်ချက် မကျနိုင်ခဲ့ပါဘူး။

သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ပဲ ဇွန်လ (၁၀)ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ (၆) ရက်ကြာ စစ်ပွဲ ပြီးဆုံးခဲ့ ပါတယ်။ သို့သော်လည်း ဒီအဖြစ်အပျက်ဟာ ယွန်ကစ်ပူးစစ်ပွဲ-လို့ ခေါ်တဲ့ နောက် (၆)နှစ် အကြာမှာ ဖြစ်မဲ့ ၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲရဲ့ အစလည်း ဖြစ်ခဲ့ပါတော့တယ်။

စစ်ပွဲ အပြီးမှာတော့ အစ္စရေးဟာ အီဂျစ်ရဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာ ကမ်းမြှောင်ဒေသ၊ ဆီးရီးယားရဲ့ ဂိုလန် ကုန်းမြင့်၊ ဂျော်ဒန်ရဲ့ ဂျော်ဒန်မြစ် အနောက် ကမ်းပါးဖြစ်တဲ့ West Bank ၊ အရှေ့ ဂျေရုဆလင် စတဲ့ ဒေသ တွေကို ထိန်းချုပ် နိုင်စွမ်း ရှိသွားတာပါပဲ။ ပြီးတော့ geopolitics ခေါ်တဲ့ ပထ၀ီ နိုင်ငံရေးမှာ ကြီးမားတဲ့ ရိုက်ခတ်မှု တွေကို ဖြစ်ပေါ်စေခဲ့တော့တာပါပဲ။ အစ္စရေး နိုင်ငံဟာ ၃ ဆ ပိုပြီး ကြီးသွားခဲ့ပြီး အာရပ် လူဦးရေ တသန်း ကျော်ဟာ အစ္စရေး နိုင်ငံ ထိန်းသိမ်းထားရာ ဒေသတွေမှာ ရောက်နေခဲ့ပါတော့တယ်။

ဒီစစ်ပွဲက နိုင်ငံရေး အရ အရေးပါတဲ့ အချက်အလက်အချို့ကိုလည်း သက်သေပြခဲ့ပါတယ်။ အစ္စရေး နိုင်ငံဟာ ဒေသ တခုလုံးမှာ အင်အား ချိန်ခွင်လျှာ ညီမျှနေအောင် အချိန်မရွေး ပြုနိုင်စွမ်း ရှိနေတဲ့အပြင် အချိန်မရွေး တိုက်ခိုက်ဖို့လည်း အဆင်သင့် ဖြစ်နေတယ် ဆိုတဲ့ အချက်ပါပဲ။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့

အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွေကို ပြောရင် PLO – Palestine Liberation Organization က အရေးကြီးတဲ့ နေရာမှာ ပါနေပါတယ်။ PLO ဟာ ၁၉၆၄ ခုနှစ် မေလအတွင်း ဂျေရု ဆလင် မြို့မှာ ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်း အမျိုးသား ခေါင်းဆောင် ၄၄၂ ဦးရဲ့ အစည်းအဝေးအပြီး မေလ ၂၈ ရက် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ကြေညာစာတမ်းနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်ပါတယ်။ ဇီယွန်ဝါဒ တည်ရှိမှုနဲ့ လှုပ်ရှားမှုကို ပိတ်ပင် တားဆီးရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ပေါ်ထွက် လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အကြမ်းဖက် လုပ်ရပ်တွေနဲ့အတူ အကြမ်းဖက် အဖွဲ့အစည်း တခု အဖြစ် နိုင်ငံတကာ စာမျက်နှာတွေမှာ ထင်ရှားလာတော့တာပါပဲ။ ၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲ မတိုင်မီ ကာလ တွေ ကတော့ အစ္စရေး စစ်တပ်နဲ့ အီဂျစ် စစ်တပ်၊ အစ္စရေး စစ်တပ်နဲ့ PLO တိုက်ခိုက် နေခဲ့ကြတဲ့ ကန့်သတ် စစ်ပွဲ တွေနဲ့ ပြည့်နှက်နေတဲ့ ကာလတွေပါပဲ။


အဖွဲ့ခေါင်းဆောင် ယာဆာအာရာဖတ်

စတုတ္ထ အာရပ်-အစ္စရေးစစ်ပွဲ (ယွန်ကစ်ပူးစစ်ပွဲ - ၁၉၇၃)

ဒီစစ်ပွဲကတော့ ယွန်ကစ်ပူး (Yom Kippur War) စစ်ပွဲလို့လည်း နံမည် ကြီးပါတယ်။ ယွန်ကစ်ပူး ဆိုတာ အရေးကြီးတဲ့ ဂျူးဘာသာရေး ပွဲတော်ရက်ဖြစ်ပြီး ၂၅-နာရီကြာ ဥပုသ်စောင့်ခြင်းနဲ့၊ ဆုတောင်း ၀တ်ပြုခြင်း တွေကို ပြုလုပ်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။ လူအများစုဟာ ဘုရားကျောင်းနဲ့ ၀တ်ပြု ဆုတောင်းရာ နေရာ ဒေသ တွေမှာ ရောက်ရှိ နေကြတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီနေ့မှာ အလစ်အငိုက် ယူပြီး အီဂျစ်နဲ့ ဆီးရီးယား နိုင်ငံ တွေက ဦးဆောင်တဲ့ အာရပ် နိုင်ငံတွေရဲ့ တပ်တွေက အာရပ်-အစ္စရေး (၆) ရက် စစ်ပွဲမှာ သိမ်းပိုက် ခံထားခဲ့ ရတဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂိုလန်ကုန်းမြင့်တွေမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲရေး မျဉ်းကြောင်းကို တိတ်တဆိတ် ကျော်ဖြတ်ပြီး အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၆ ရက် ကနေ ၂၆ ရက်နေ့ အထိ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။

နိုင်ငံကြီးတို့၏ အဆင်း ဘီးတပ်ပေးမှု

ဒီစစ်ပွဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းတွေအနက် အဓိကကျတဲ့ အကြောင်းကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆိုင်ပါ တယ်၊ ခေတ်သစ် စစ်ပွဲတွေမှာ တခါမှ အသုံးမချခဲ့ဘူးသေးတဲ့ သူတို့ရဲ့လက်နက်တွေကို လက်တွေ့ စစ်မြေပြင်မှာ အမေရိကန် လက်နက် တွေနဲ့ ယှဉ်ပြိုင် အစမ်းသပ်ခံဖို့ မော်စကိုက ခေါင်းဆောင်များက စဉ်းစားရာ ကနေ စတင်လာတာ ဖြစ်တယ် စသဖြင့် ထောက်လှမ်းရေး သတင်း ရပ်ကွက်တွေက သုံးသပ်ကြ ပါတယ်။

ဒီလိုနဲ့ ၁၉၇၂ ခုနှစ်မှာ အီဂျစ်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကနေ မစ်ဂ်-၂၁ ဂျက်တိုက်လေယာဉ်တွေ၊ အက်စ်အေ-၂၊ -၃၊ -၄၊ -၆၊ -၇၊ စတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ၊ တီ-၅၅ နဲ့ -၆၂ တင့်ကားတွေကို လက်ခံ ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ အီဂျစ် သမတ အန်ဝါဆဒတ်က အီဂျစ်နိုင်ငံဟာ အစ္စရေးနိုင်ငံကို စစ်ခင်းမှာ ဖြစ်ကြောင်း၊ အီဂျစ် စစ်သည်တော် တသန်း အထိ အသက်တွေ စွန့်လွှတ် တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောခဲ့ ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာတော့ အာရပ်နိုင်ငံများက ပစ်ခတ်တိုက်ခိုက်မှုများနဲ့ အတူ စတုတ္ထမြောက် အာရပ်-အစ္စရေး စစ်ပွဲ စတင်ခဲ့ပါတော့တယ်။ စစ်ပွဲစတင်ပြီး နောက် ၃ ရက်အကြာ အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး အီဂျစ်နဲ့ ဆီးရီးယားကို ဆိုဗီယက်ပြည်ထောင်စုက ရေကြောင်း၊ လေကြောင်းကနေ ထောက်ပံ့ရေး ပစ္စည်းတွေ မျိုးစုံ ပေးပို့ခဲ့ပါတယ်။ စစ်ပွဲမှာ အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီရတ် နိုင်ငံတွေ တိုက်ရိုက် ပါဝင်ကြပါတယ်။ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ မော်ရိုကို၊ ဆော်ဒီအာရေးဘီးယားနဲ့ ကူဝိတ်တို့်က စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးခဲ့ကြသလို၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ ကတောင် လေယာဉ်မှူးတွေ၊ ဆေးကုသရေး အဖွဲ့တွေ လွှတ်ပေးပြီး ကူညီခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဘက်ကိုတော့ အမေရိကန် ပြည်ထောင်စုက စစ်ရေး အကူအညီတွေ အစွမ်းကုန် ဖြည့်ဆည်း ပေးခဲ့ တော့တာပါပဲ။

သို့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့ အရောက်မှာတော့ ဆိုင်းနိုင်း ကျွန်းဆွယ်ထဲမှာ အီဂျစ်ရဲ့ အမှတ် (၃) တပ်တော်ဟာ အစ္စရေး စစ်တပ်ရဲ့ ၀ိုင်းပတ် ချေမှုန်းမှုကို လည်စင်းခံရဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေ အထားကို ရောက်သွားတဲ့ အခါမှာတော့ အမေရိကန် ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု အကြား အထပ်ထပ် စေ့စပ် ညှိနှိုင်းမှု နောက်မှာ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် (၃၃၈) နဲ့ အပစ်အခတ် ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

နောက် ၂ ရက်အကြာမှာ ဆုံးဖြတ်ချက် အမှတ် (၃၃၉) ကို ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ပြီး တိုက်ခိုက်မှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ စစ်ပွဲလည်း ပြီးဆုံး ခဲ့ပါတယ်။



၁၉၄၆ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ပါလက်စတိုင်းနယ်မြေ ဆုံးရှုံးမှု။
အစိမ်းရောင်မှာ ပါလက်စတိုင်းနယ်မြေဖြစ်ပြီး၊ အဖြူရောင်မှာ အစ္စရေးနယ်မြေဖြစ်သည်။

လက်ဘနွန် ပဋိပက္ခ (၁၉၇၈)

ဒီပြသနာရဲ့ အစကတော့ PLO ကနေ ခွဲထွက်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ဖာတာ (Fatah) အဖွဲ့က အဖွဲ့ဝင် ၁၁ ယောက်ဟာ ၁၉၇၈ မတ်လ ၁၁ ရက်မှာ အမေရိကန် ကမ္ဘာလှည့် ခရီးသည် တယောက်ကို သတ်ဖြတ် ခဲ့ပါတယ်၊ အဲဒီနောက် သူတို့ဟာ အစ္စရေးနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Haifa မြို့အနီးက ကမ်းရိုးတမ်း လမ်းပေါ်မှာ ခရီးသည်တင် ကားတစီးကို စီးနင်းခဲ့တယ်၊ အစ္စရေး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Tel Aviv ကို နောက်ထပ် ခရီးသည်တင် ကားတစီးနဲ့ မောင်းချ လာခဲ့တဲ့ လမ်းတလျှောက် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ အစ္စရေး နိုင်ငံသား ၃၆ ယောက် သေကြေခဲ့ပြီး ၇၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်တွေကို နောက်ထပ် မဖြစ်အောင် လုပ်ဆောင်တဲ့ အနေနဲ့ Litani စစ်ဆင်ရေးလို့ အမည် ပေးပြီး အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဆင်နွှဲခဲ့တဲ့ စစ်ပွဲတခုပဲဖြစ်ပါတယ်။ စစ်ဆင်ရေးရဲ့ ရည်မှန်းချက် ကတော့ လက်ဘနွန် တောင်ပိုင်းဒေသကို ခြေကုပ်ယူပြီး အစ္စရေး နိုင်ငံထဲကို ၀င်ရောက် တိုက်ခိုက်နေတဲ့ PLO အပါ အ၀င် တခြား ပါးလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ်ရဲ့ မြောက်ဖက်ခြမ်းကို ရောက်သည် အထိ တိုက်ထုတ်ဖို့ပါပဲ။ လက်ဘနွန် နိုင်ငံထဲကို မတ်လ ၁၄ ရက်နေ့မှာ ၀င်ရောက် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီ စစ်ဆင်ရေးဟာ စစ်ရေးအရ အောင်မြင်ခဲ့ပြီး PLO နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ် မြောက်ဖက်ခြမ်း ရောက်အောင် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ လက်ဘနွန် အစိုးရရဲ့ ကန့်ကွက်မှုကြောင့် ကုလ သမဂ္ဂ ငြိမ်းချမ်းရေးထိန်သိမ်းမှုတပ် က မတ်လ ၂၃ ရက်နေ့ကနေ စတင်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ တပ်စွဲ လိုက်ပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ကို တစိပ်တပိုင်း တပ်ရုတ်သိမ်းစေခဲ့ပါတယ်။

ပထမ လက်ဘနွန်စစ်ပွဲ (၁၉၈၂)

ပထမလက်ဘနွန်စစ်ပွဲလို့ အစ္စရေးနိုင်ငံက ခေါ်ဆိုလေ့ရှိတဲ့ ဒီစစ်ပွဲဟာ ဇွန်လ ၆ ရက်နေ့မှာ အစ္စရေး ကာကွယ်ရေး တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို ၀င်ရောက် တိုက်ခိုက်ရာကနေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးက ဒီစစ်ဆင်ရေးကို Operation Peace of the Galillee လို့ အမည်ပေးပါတယ်။

ဒီစစ်ပွဲရဲ့ အကြောင်းခံကတော့ ဇွန်လ ၃ ရက်နေ့မှာ သေနတ်သမား ၃ ယောက်က အစ္စရေးသံအမတ် Shlomo Argov ကို လန်ဒန်မြို့ပေါ်မှာ ဦးခေါင်းကို ပစ်ခတ်ပြီး လုပ်ကြံခဲ့မှုဖြစ်ပါတယ်။ လုပ်ကြံသူ ၃ ဦးလုံးကို ဖမ်းဆီး ရမိပြီး Abu Nidal Organization (ANO) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြောင်း သိရှိရပါတယ်။ Abu Nidal ဟာ တော်လှန်ရေးကောင်စီလို့ ခေါ်တဲ့ Fatah အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ပါလက်စတိုင်း နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို လက်တုန့်ပြန်တဲ့အနေနဲ့ PLO တပ်ဖွဲ့တွေ တည်ရှိနေတဲ့ လက်ဘနွန်တောင်ပိုင်းဒေသကို အစ္စရေး နယ်စပ်ကနေ ကီလိုမီတာ ၄၀ အကွာ အထိ ရှင်းလင်းမယ်လို့ တရားဝင် ထုတ်ဖော်ပြောပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်ပဲ စက်တင်ဘာလထဲမှာတော့ လက်ဘနွန်မှာ ရှိနေတဲ့ တိုက်ခိုက်ရေး အင်အား ၆၅၀၀ အထိ ရှိတဲ့ PLO တပ်တွေဟာ ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ ဆူဒန်၊ တောင်ယီမင်၊ မြောက်ယီမင်၊ ဂရိ၊ တူနီးရှား စတဲ့ နိုင်ငံတွေကို တရားဝင် ဆုတ်ခွာခဲ့ရပါတော့တယ်။ Multinational Force in Lebanon (MNF) ခေါ်တဲ့ နိုင်ငံစုံ တပ်တွေ ဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိသျှ တပ်တွေက PLO ဆုတ်ခွာမှုကို ကြီးကြပ် ကွပ်ကဲခဲ့ကြပါတယ်။ ၁၉၈၃ ခုနှစ် မေလမှာတော့ အစ္စရေးတပ် အချို့ လက်ဘနွန်တောင်ပိုင်းကနေ စတင် ဆုတ်ခွာ ပေးခဲ့ပြီး စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ သို့သော်လည်း ၁၉၈၅ ခုနှစ် ဇွန်လ အထိ အစ္စရေးတပ်များ လက်ဘနွန် တပ်မတော်နဲ့အတူ လက်ဘနွန်တောင်ပိုင်းမှာ ရှိနေခဲ့ပါတယ်။

ဟစ်ဇဘိုလာ

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ လက်ဘနွန်တောင်ပိုင်းကို ၀င်ရောက် သိမ်းပိုက်ချိန်ကနေ စတင် ပေါ်ပေါက် လာပြီး ယနေ့အချိန်အထိ အစ္စရေးတပ်တွေကို ပျောက်ကျားစစ် ဆင်နွှဲနေခဲ့တဲ့ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့ ကိုလည်း အာရပ်-အစ္စရေး ပဋိပက္ခထဲမှာ ထည့်သွင်း ပြောဆိုရမှာ ဖြစ်ပါတယ်။ ဟစ်ဇဘိုလာဟာ လက်ဘနွန် တောင်ပိုင်းဒေသမှာ ယနေ့အချိန်ထိ ထိန်းချုပ်ထားနိုင်နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရှီယာ မွတ်ဆလင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်ကမ္ဘာက အသိအမှတ်ပြုထားတဲ့ တော်လှန်ရေး အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။


ဟစ်ဇဘိုလာ တပ်ဖွဲ့ဝင် ၂ဦး (ဓာတ်ပုံ-AP)

အမေရိကန် ပြည်ထောင်စု၊ အစ္စရေး၊ ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေကတော့ ဟစ်ဇဘိုလာကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားပါတယ်။ ၁၉၈၂ လက်ဘနွန် စစ်ပွဲ အချိန်ကနေ စတင်ပြီး ယနေ့ထက်ထိ အသေခံ ဗုံးခွဲမှုများ၊ ပြန်ပေးဆွဲမှုများ၊ ချောင်းမြောင်း ပစ်ခတ်မှုများ၊ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုများနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ဟစ်ဇဘိုလာ တပ်ဖွဲ့တွေက ဆက်တိုက် တိုက်ခိုက်နေခဲ့ပါတယ်။

တခု အံ့သြစရာ ကောင်းတာကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ World Trade Center ကို Al Qaeda က တိုက်ခိုက်မှုကို ဟစ်ဇဘိုလာတွေက အရပ်သားများကို တိုက်ခိုက်မှုအဖြစ် ရှုံ့ချခဲ့တာပဲ ဖြစ်ပါ တယ်။ ပင်တဂွန် စစ်ဌာနချုပ်အပေါ် တိုက်ခိုက်မှုကိုတော့ ထောက်ခံခြင်းလည်း မပြု၊ ရှုံ့ချခြင်းလည်း မရှိဘဲ ဟစ်ဇဘိုလာက နှုတ်ပိတ်နေခဲ့ပါတယ်။

ပထမ အင်တီဖာဒါ လှုပ်ရှားမှု (၁၉၈၇)

Intifada ဒါမှမဟုတ် war of stones လို့ ခေါ်တဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ကျောက်တုံး ကျောက်ခဲ တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်တဲ့ ပါလက်စတိုင်း ပြည်သူ လူထုရဲ့ အစ္စရေး အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဟာ Jabalia ဒုက္ခသည် စခန်းကနေ စတင် ပေါ်ပေါက်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုအတွင်းမှာ ပါလက်စတိုင်းပြည်သူ ၁၀၀၀ လောက်ကို ပါလက်စတိုင်းတွေကပဲ သစ္စာဖောက်တယ်လို့ ယူဆပြီး သတ်ဖြတ်ခဲ့ ပါတယ်။ တကယ့် တကယ် ကတော့ သတ်ဖြတ် ခံရသူတွေရဲ့ အနည်းစုကိုသာ အစ္စရေး အာဏာပိုင် တွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သက်သေပြနိုင်ခဲ့တာပါ။

ဒီလှုပ်ရှားမှုဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်ထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ အစ္စရေး တပ်တွေ လက်ချက်နဲ့ ပါလက်စတိုင်း ပြည်သူတွေ ၁၂၀၀ လောက် သေကြေခဲ့ပြီး ပါလက်စတိုင်း လူထု လက်ချက်နဲ့ အစ္စရေးစစ်သား ၁၆၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။ ပါလက်စတိုင်းပြည်သူ ၁၂၀,၀၀၀ ကျော် လည်း အဖမ်း အဆီး ခံခဲ့ရပါတယ်။< ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀) ဒီစစ်ပွဲကတော့ အီရတ်နိုင်ငံက သူ့လိုပဲ အာရပ်နိုင်ငံတခုဖြစ်တဲ့ ကူဝိတ်ကို ကျူးကျော် သိမ်းပိုက်ရာကနေ ဖြစ်ခဲ့ ပါတယ်။ ၁၉၉၀ သြဂုတ် ၂ ရက်နေ့ကနေ ၁၉၉၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲမှာလည်း အစ္စရေးနိုင်ငံဟာ ပါဝင် ပတ်သက်ခဲ့ရပြန်ပါတယ်။ သြဂုတ်လမှာ ကူဝိတ်နိုင်ငံကို ၀င်ရောက်သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်ချက် အဖြစ် ကုလ သမဂ္ဂရဲ့ အတည် ပြုချက်နဲ့အတူ နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့ တွေက ကူဝိတ်ကို ကျူးကျော်ထားတဲ့ အီရတ် တပ်တွေကို တိုက်ထုတ် ရာကနေ ပင်လယ်ကွေ့စစ်ပွဲ စတင်ခဲ့ ပါတယ်။ ပင်လယ်ကွေ့စစ်ပွဲမှာ အီရတ်က အစ္စရေးနိုင်ငံကို စစ်ထဲပါဝင်လာအောင် စကဒ်ဒုံးကျည်တွေ ပစ်ခတ်ပြီး ရန်စ ခဲ့ပါတယ်။ အီရတ်ရဲ့ တွက်ကိန်းမှာတော့ ညွန့်ပေါင်းတပ်ဖွဲ့ထဲမှာ အစ္စရေးနိုင်ငံ ပါဝင်လာခဲ့ရင် အမေရိကန်နဲ့ ညွန့်ပေါင်း အဖြစ် တွဲနေတဲ့ အာရပ်နိုင်ငံတွေ ထွက်သွားလိမ့်မယ်လို့ ယူဆခဲ့တာပါပဲ၊ ဒါ့အပြင် ဘာသာရေး စစ်ပွဲ အသွင် ဆောင်အောင်လည်း အားထုတ်ခဲ့တာပါပဲ။ ဒီလိုနဲ့ အစ္စရေးနိုင်ငံပေါ် စကဒ်ဒုံးကျည် စုစုပေါင်း ၃၉ လုံး ပစ်ခတ်ပြီး ရန်စခဲ့ပါတယ်။ ဘယ်တုန်းကမှ နားရွက် တံတွေး ဆွတ်တာကို ငြိမ် မခံခဲ့တဲ့ အစ္စရေး နိုင်ငံက ဒီတခါတော့ ငြိမ်ခံခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဖိအား ပေးမှုကြောင့်သာ ငြိမ်ခံနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ကလည်း အစ္စရေးကို စစ်ရေး အရ ၀င်ရောက် မစွက်ဖက်အောင် သံတမန် နည်းအရ အစွမ်းကုန် ဖိအား ပေးခဲ့တဲ့ အပြင် Patriot ခေါ်တဲ့ ဒုံးခွင်းဒုံး Anti-Missile System တွေ ပေးပို့ပြီး စကဒ် ဒုံးကျည်တွေ ရန်က ကာကွယ် နိုင်အောင် ဖြည့်ဆည်း ပေးခဲ့ ပါတယ်။ အကယ်၍သာ အစ္စရေး လေတပ်က အီရတ်ကို လာရောက် ဗုံးကြဲခဲ့ရင် ဂျော်ဒန်နဲ့ ဆီးရီးယား နိုင်ငံ တွေကို ဖြတ်ကျော်လာရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ဒီနိုင်ငံတွေ ကလည်း စစ်ပွဲထဲကို အီရတ် ဘက်ကနေ ပါဝင် တိုက်ခိုက် လာနိုင်ခြေ ရှိတာကြောင့် ပိုမို ရှုပ်ထွေးမှု ဖြစ်လာစေမှာပါပဲ။ သူ့ကို ထိလာရင် အမြဲတမ်း လက်တုန့်ပြန်လေ့ရှိတဲ့ အစ္စရေးနိုင်ငံကိုတော့ ဒီစစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုက နားချနိုင်ခဲ့ပါတယ်။


မိုင်းနင်းမိသော ကလေးငယ်တဦး

အော်စလို သဘောတူညီချက် (၁၉၉၃)

အမေရိကန်သမတ ကလင်တန် ရှေ့မှောက်မှာ ဆိုဗီယက် ပြည်ထောင်စုက အဲန်ဒရီကော့ဇီယက်ဗ်၊ အမေရိကန် ပြည်ထောင်စုက ၀ါရဲန်ခရစ္စတိုဖာတို့ကို သက်သေထားပြီး အစ္စရေး ၀န်ကြီးချုပ် ယစ်ဇက်ရာဘင်နဲ့ PLO ရဲ့ ခေါင်းဆောင် ယာဆာရာရာဖတ်တို့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ သြဂုတ်လ ၂၀ ရက်နေ့က တရားဝင် လက်မှတ် ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်ဒေသနဲ့ West bank ခေါ်တဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသ တွေ ကနေ အစ္စရေး ကာကွယ်ရေး တပ်တွေကို ဆုတ်ခွာပေးမှာ ဖြစ်ပြီး Palestinian Authority ခေါ်တဲ့ ပါလက်စတိုင်း အစိုးရကို ဖွဲ့စည်းပြီး ဒီဒေသတွေကို အုပ်ချုပ်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ ပါလက်စတိုင်း အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာပါတယ်။


ဒုတိယ အင်တီဖာဒါ လှုပ်ရှားမှု (၂၀၀၀)

၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ပါလက်စတိုင်းပြည်သူလူထုရဲ့ ဒုတိယ အကြိမ် မြောက် လူထု အုံကြွမှုပဲ ဖြစ်ပါ တယ်။ ယနေ့ထက်ထိ ဒီအုံကြွမှုရဲ့ အကျိုးဆက်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

ဂျူဒစ်ဇဲမ်နဲ့ အစ္စလာမ် ဘာသာတွေမှာ ဘာသာရေးအရ အရေးပါတဲ့ ဂျေရုဆလင် မြို့ဟောင်းမှာရှိတဲ့ Temple Mount ဆိုတဲ့ ဘုရား ကျောင်းကို စက်တင်ဘာလ ၂၈ ရက်မှာ အစ္စရေး အတိုက်အခံ ခေါင်းဆောင် အေရီယယ်လ် ရှရွန် နဲ့ လီကွတ်ပါတီက ကိုယ်စားလှယ်တချို့ သွားရောက် လည်ပတ်ခဲ့တဲ့ အပေါ် အာရပ် ကမ္ဘာက မခံမရပ်နိုင် ဖြစ်ရာ ကနေ အုံကြွမှုတွေ ဖြစ်လာတဲ့ ဖြစ်စဉ်အပြင် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက် ကနေ ၂၅ ရက်ထိ ကျင်းပ ခဲ့တဲ့ အရှေ့ အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး ဒေးဗစ်စခန်း ထိပ်သီး ဆွေးနွေးပွဲကနေ PLO ရဲ့ခေါင်းဆောင် ယာဆာ ရာဖတ် ကျောခိုင်း ထွက်လာတဲ့ ဖြစ်စဉ်ကလည်း ဒီ အဖြစ်အပျက်ကြီးကို ဖြစ်ပွား စေခဲ့တာ ဖြစ်ပါတယ်။

ဒီအုံကြွမှုမှာ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ပြည်သူလူထု ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပါလက် စတိုင်း ပြည်သူ လူထု ၅၀၀၀ နီးပါးလည်း အသက် ဆုံးရှုံးခဲ့ရပါတယ်။



ဒုတိယ လက်ဘနွန်စစ်ပွဲ (၂၀၀၆)

ဒီစစ်ပွဲကို ဖြစ်စေခဲ့တဲ့ ဘက် နှစ်ဖက်ကတော့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့နဲ့ ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေပဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ အစ္စရေး နယ်စပ်မြို့တွေမှာရှိတဲ့ စစ်စခန်းတွေကို ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေက ဒုံးကျည် တွေနဲ့ တိုက်ခိုက်မှု ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး ပျောက်ကျား တပ် တွေနဲ့ အစ္စရေး တပ်ဖွဲ့တွေကို ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေက စတင် တိုက်ခိုက်ခဲ့ပါတယ်။

မကြာခင်မှာပဲ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံအတွင်းက စစ်ရေးအရ အချက် အချာ ကျတဲ့ တံတားတွေ အဆောက်အဦးတွေကို အမြောက်နဲ့ပစ် ဗုံးကြဲပြီး တိုက်ခိုက် ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက် မှာတော့ - ဆီးရီးယားနဲ့ အီရန်နိုင်ငံတွေက ကျောထောက် နောက်ခံ ပြုပေး ထားပြီး လက်ဘနွန် နိုင်ငံက ဧည့်ခံ ပေးထားတဲ့ အကြမ်းဖက် သမားတွေကို အစ္စရေး နိုင်ငံက တိုက် ထုတ်မှာ ဖြစ်ပါတယ်၊ လက်ဘနွန် အစိုးရ ကိုတော့ တိုက်နေတာတော့ မဟုတ်ပါဘူး- လို့ အစ္စရေး အစိုးရက တရားဝင် ကြေငြာချက် ထုတ်ခဲ့ပါတယ်။ - အကြမ်းဖက် သမားတွေကို လက်ခံထားတဲ့ လက်ဘနွန် အစိုးရသာ အရာရာ ကိစ္စအားလုံး အတွက် တာဝန် ရှိပါ တယ် - လို့လည်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ ပါသေးတယ်။

စစ်ပွဲအတွင်း အပြစ်မဲ့ ပြည်သူလူထု များစွာ သေကြေခဲ့ရပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က သြဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၇၀၁) ထွက်ရှိလာပါတယ်။ နောက်တနေ့မှာ လက်ဘနွန်အစိုးရနဲ့ ဟစ်ဇ်ဘိုလာက ဆုံးဖြတ်ချက်ကို လက်ခံ ခဲ့ပြီး အစ္စရေးက ၁၃ ရက်နေ့မှာ လက်ခံခဲ့ပြီးတဲ့အခါ သြဂုတ်လ ၁၄ ၇က်နေ့မှာ အပစ်အခတ် ရပ်စဲရေး စတင်ခဲ့ ပါတယ်။ ဒီလိုနဲ့ စစ်ပွဲလည်း ပြီးဆုံးခဲ့ပါတယ်။


ဟားမတ်ဇ်


ဟားမတ်ဇ်ရဲ့ အဓိပ္ပာယ်ကတော့ အစ္စလာမ်ခုခံရေးလှုပ်ရှားမှု (Islamic Resistance Movement) လို့ ဆိုပါ တယ်။ ဟားမတ်ဇ်တွေဟာ ပါလက်စတိုင်း-ဆွန်နီ မွတ်ဆလင် ပြည်သူ့စစ်တွေ ဖြစ်ပါတယ်။ လက်ရှိမှာ ပါလက် စတိုင်း အစိုးရ အဖွဲ့မှာ နေရာ အများဆုံး ရရှိ ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဟားမတ်ဇ်ဟာ ၁၉၈၇ ခုနှစ် ပထမ အင်တီ ဖာဒါး လှုပ်ရှားမှုမှာ စတင် ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။ အသေခံ ဗုံးခွဲမှုတွေ အရပ်သားတွေကို ပစ်မှတ် ထား တိုက်ခိုက် ခဲ့မှုတွေကြောင့် နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။

ဟားမတ်ဇ်ရဲ့ ကြေညာချက်ကတော့ အစ္စရေးနိုင်ငံကို သိမ်းယူပြီး အစ္စရေးလို့ အမည်ရနေတဲ့ ဒေသမှာ ပါလက် စတိုင်း အစ္စလာမ်နိုင်ငံနဲ့ အစားထိုးရေးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂါဇာပဋိပက္ခ (၂၀၀၈-၂၀၀၉)

၂၀၀၈ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကုန်ဆုံးသွားတဲ့ ၆ လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ Operation Cast Lead လို့ ခေါ်တဲ့ စစ်ဆင်ရေးနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ တွေက ဟားမတ်ဇ် တပ်ဖွဲ့တွေရှိရာ ဂါဇာဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲ ထားစဉ် ကာလတွေ အတွင်းမှာ အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ မြို့တွေကို ဟားမတ်ဇ် တပ်တွေက ဒုံးကျည် တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် နောင်ကို ဒီလို တိုက်ခိုက်မှုမျိုးတွေ နောက်ထပ် မဖြစ်အောင် ကာကွယ် ဖို့အတွက် ရည်ရွယ်တာလို့လည်း အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

စစ်ဆင်ရေးစတင်ပြီး ၄ မိနစ်အတွင်းမှာ အစ္စရေးလေတပ်က ဟားမတ်ဇ် အခြေခံစခန်းတွေ၊ လေ့ကျင့်ရေး ဌာနတွေ၊ ကွပ်ကဲရေးရုံးတွေ အပါအ၀င် ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လက်တွေ့မှာ ကလေးငယ်ပေါင်း ၄၀၀ ခန့်၊ အမျိုးသမီး တရာကျော် အပါအ၀င် အရပ်သား ၁၃၀၀ ကျော် သေဆုံးခဲ့ရတာပါပဲ။

ဗုံးကြဲတိုက်ခိုက်မှုများ အပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စရေး ကာကွယ်ရေး တပ်မတော်ရဲ့ မြေပြင် စစ်ဆင်ရေးက ဂါဇာဒေသကို ၃ ပိုင်းပိုင်းပြီး ထိန်းချုပ်ထားပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့မှာ ကမ္ဘာ့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် (၁၈၆၀)ကို ထုတ်ပြန်ပြီး အပစ်အခတ်ရပ်စဲဖို့နဲ့ အစ္စရေး တပ်တွေ ဂါဇာဒေသကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပါတယ်။ သို့သော်လည်း နှစ်ဖက်လုံးက ချက်ချင်း မလိုက်နာပါဘူး။ ၃ ပတ်အကြာမှာမှ အပစ်အခတ် ရပ်စဲရေးကြေညာကြပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လူပေါင်းများစွာ သေကြေခဲ့ပြီးကြောင်းနဲ့ အများစုဟာ အပြစ်မဲ့ အရပ်သားတွေသာ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော်ပြောသွားခဲ့ပါပြီ။


ကုလသမဂ္ဂ၏ စာသင်ကျောင်းများလည်း အတိုက်ခိုက်ခံခဲ့ရပြီး အများအပြား သေဆုံးခဲ့သည်။

နိဂုံး

စစ်ပွဲတခုမှာ အသေအပျောက်ဆိုတာကတော့ ရှိကြစမြဲပါပဲ။ သို့သော်လည်း တိုက်ခိုက် နေကြတဲ့ နှစ်ဖက်က စစ်သည် တွေ အစား စစ်ပွဲ ခင်းကျင်းရာ ဒေသမှာ နေထိုင်နေတဲ့ အပြစ်မဲ့တဲ့ ကလေးတွေ သေကြေနေကြ တာက တော့ ကြေကွဲစရာကောင်းတဲ့ အဖြစ် အပျက်ပါပဲ။

အာရပ်-အစ္စရေးစစ်ပွဲကနေတဆင့် ဆက်စပ်စဉ်းစားမိတဲ့အခါ ကျနော်တို့ တိုင်းပြည်မှာလည်း အပြစ်မဲ့တဲ့ ကလေးတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ ဘယ်လောက် သေကြေခဲ့ကြပြီလည်း ဆိုတာ စဉ်းစားမိပါတယ်။ ဒီလို အဖြစ်အပျက်တွေကို ရပ်တန်းကရပ်အောင် ဘယ်လို လုပ်ဆောင်နိုင်ကြမလဲ။

အာရပ်-အစ္စရေး ပဋိပက္ခလို အားလုံး ဆက်စပ် ပတ်သက် ယှက်နွယ် ရှုပ်ထွေးနေတဲ့ ဖြစ်စဉ်တွေကို လေ့လာ သုံးသပ်ကြည့်ပြီးတဲ့အခါ ကျနော်တို့ နိုင်ငံအတွက် သင်ခန်းစာယူစရာ တခုခု ရှိမှာ သေချာပါတယ်။ ။