May 31, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ

နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှလွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဘက်သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘာသာ ပေါင်းစုံ ဆုတောင်း မေတ္တာ ပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တွင် ၂၀၀၉ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့က ညနေ ၆ နာရီမှ ၉ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီး တ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစား ကြသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အစ ရှိသည့် ဘာသာဝင်ပေါင်းစုံ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက် စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။














ဒီမိုကရေစီရရှိရေးတိုက်ပွဲစဉ် တလျှောက်လုံးတွင် အသက်ပေးလှူခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား တမိနစ် ငြိမ်သက်ခြင်းဖြင့် ဦးညွှတ် အလေး ပြုကာ အခမ်းအနားကို စတင်ခဲ့ပြီး LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူ တဦး ဖြစ်သည့် ကိုပြေငြိမ်းက ကျေးဇူးတင် စကားနှင့် အမှာ စကား ပြောကြားခဲ့သည်။














ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က ဗုဒ္ဓဘာသာထုံးစံအရ ငါးပါး သီလ ပေးပြီးနောက် ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် မြန်မာပြည်သူပြည်သား တရပ်လုံး ဘေး အန္တရာယ် ကင်းရှင်းစေရေး အတွက် မေတ္တာသုတ်လာ မေတ္တာပွားနည်း (၁၁) နည်းကို သုံးကြိမ် စုပေါင်း ရွတ်ဆိုကြပြီး ဆုတောင်းကြသည်။ ထို့နောက် အစ္စလာမ်ဘာသာ ထုံးစံအရ ဆုတောင်းခြင်းကို ဆရာ ဟာဂျီဇော်မင်းထွန်းက ဦးဆောင် ဆုတောင်းခဲ့ပြီး ခရစ်ယာန်ဘာသာ ထုံးစံအရ သိက္ခာတော်ရဆရာ ဦးသန်းဦးက သမ္မာကျမ်းစာလာ ကျမ်းချက်အချို့ကို ဖတ် ကြားပြီး ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းများ ပြီးဆုံးသည့်အခါ ဒေါ်အောင်ဆန်းစုကြည် အတွက် “မသဒ္ဒါ” ရေးသားခဲ့သည့် “ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟူသည့် ကဗျာကို မလေးနိုင်အိက ခံစားချက်အပြည့်ဖြင့် ရွတ်ဆိုသွားခဲ့သည်။ ထို့နောက် LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူတဦးဖြစ်သည့် ကိုသူရထွန်းမော်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။














စုပေါင်းဆုတောင်းနေကြစဉ်














ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ














Photo Credit: Maung Myo Naing

Garfield (2)

ခုရက်ထဲ သဘောကျနေမိတဲ့ Garfield Cartoon Strip တချို့ပါ။
ဘာလို့လဲ ဆိုတော့ သည်ကာတွန်းလေးတွေက နိုင်ငံရေးပါနေလို့ပါ....း)








၁၉၇၉ ခုနှစ် မတ်လ ၂၃ ရက်။








၁၉၇၉ ခုနှစ် ဧပြီလ ၁၀ ရက်။








၁၉၇၉ ခုနှစ် မေလ ၂၈ ရက်။









၁၉၇၉ ခုနှစ် ဇွန်လ ၉ ရက်။








၁၉၇၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်။









၁၉၇၉ ခုနှစ် အောက်တိုဘာလ ၆ ရက်။








၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်။








၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်။
သည်တခုကိုတော့ သဘောအကျဆုံးပဲ...း)

May 30, 2009

မတရားမှုမှန်သမျှ မုချကျဆုံးရမည်

မိုးမခ မီဒီယာမှာ ဖော်ပြထားပြီးတဲ့ ဆောင်းပါးပါ။


သမိုင်းဆိုင်ရာ အကြောင်း တစုံတရာကို ပြောဆိုမည်ဆိုလျှင် ခိုင်မာသော အချက်အလက် လိုလေသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းသည် ဒဏ္ဍာရီ မဟုတ်။ သမိုင်းသည် နတ်သမီး ပုံပြင်မဟုတ်။ သမိုင်းသည် ယုံတမ်းစကား မဟုတ်။ သမိုင်းသည် တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အချိန်ကာလ အလိုက် အဆင့်ဆင့် မှတ်တမ်း တင်ခြင်းသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ သမိုင်းတွင် ချစ်ခြင်း၊ မုန်းခြင်းများ မပါ။ စိတ်ဆန္ဒများ မပါ။ သမိုင်းတွင် အဖြစ်အပျက်များသာ ပါလေသည်။ စိတ်ကူးယဉ် မဟုတ်သော တကယ်စင်စစ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသာ ပါလေသည်။

သို့သော်လည်း လူသားတို့တကယ် ဖြတ်သန်းခဲ့ကြရသော ရာစုနှစ်နှင့်ချီသည့် အချိန်ကာလများမှာပင် သမိုင်း ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို အနိုင်ရသူများကသာ ဖွင့်ဆိုနိုင်သည်ဟု ဆိုခဲ့သော ကာလများ ရှိခဲ့ဖူး လေသည်။ သည်လိုနှင့် သမိုင်းဆိုသည်မှာ အနိုင်ရခဲ့သူများ၏ မှတ်တမ်း၊ သို့မဟုတ် အနိုင်ရနေသူများ ကသာ သူတို့ တင်ချင်သလို တင်ခဲ့ကြသော မှတ်တမ်းတခုဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြဖူးလေသည်။ သည်လိုနှင့် ရာဇ၀င် ဆိုသည့် စကားလည်း ပေါ်ပေါက်လာဖူးသည်။ သည်လိုနှင့် သမိုင်းဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာလည်း လွဲချော်ခဲ့ရ လေတော့သည်။ သမိုင်းဆိုသည်မှာ နိုင်သူတို့၏ မှတ်တမ်း။ သည်လိုနှင့် သမိုင်းကို နိုင်သူတို့သာ ရေးနိုင်သည်ဟု မှတ်ယူနေသော န၀တ (သို့မဟုတ်) နအဖကလည်း သမိုင်း မှတ်တမ်းအမှန် ပြုစုရေးဆိုသော ခေါင်းစဉ်အောက်တွင် ကိုယ့် နံမည် ကိုယ်ရေးဖို့ ကြိုးစားခဲ့သော ရာဇ၀င် စာအုပ်များကိုလည်း ကျွန်ုပ်တို့ ဖတ်ခဲ့ကြရ လေတော့သည်။

သို့သော်လည်း သမိုင်းသည် သူနေရမည့်နေရာမှာ သူ နေနေလေသည်။ နိုင်သူ ရှုံးသူတို့က ထားရာမှာ သူ မနေ။ အချိန်ကာလတခုမှာ မည်သူက နိုင်သူ၊ မည်သူက ရှုံးသူ ဆိုသည်ကို သမိုင်းက သစ္စာရှိစွာ မှတ်တမ်း တင်လေသည်။ တချိန်ထဲမှာပင် မည်သူက မှန်ကန်သူ၊ မည်သူက မှားယွင်းသူ ဆိုသည်ကိုလည်း သမိုင်းက သစ္စာရှိရှိ မှတ်တမ်းတင်လေသည်။ ထို့အတူ အချိန်ကာလတခု ရောက်သည့်အခါတွင် မှန်ကန်သူကသာ နိုင်သူ ဖြစ်ကြောင်းကိုလည်း သမိုင်းက ရာစုနှစ် ထောင်စုနှစ်ပေါင်းများစွာ ကြာသည်အထိ သက်သေခံကာ မှတ်တမ်းတင်ခဲ့လေသည်။

သည်လိုနှင့် ယဉ်ကျေးသော လူ့သမိုင်းသည် အနိုင် အရှုံးထက် မှန်ကန်မှု၊ မှားယွင်းမှုကိုသာ တင်ခဲ့သော သမိုင်း ဖြစ်ခဲ့လေတော့သည်။ တနည်းအားဖြင့် တရားမှုနှင့် မတရားမှုကို စာရင်းတို့ခဲ့သော သမိုင်းသာ ဖြစ်လေသည်။ အချိန်ကာလတခုတွင် တစုံတယောက် - သို့မဟုတ် - တစုံတရာသည် အမှားအယွင်း လုပ်သူအဖြစ် ရာဇ၀င်တခုတွင် အမည်တို့ ခံရကောင်း ခံရမည်။ သို့သော် အချိန်ကာလတခုတွင် အမှန်တရား ဘက်တော်သား အဖြစ်၊ သူရဲကောင်းအဖြစ် အသိအမှတ်ပြု ခံရမည်မှာလည်း အသေအချာသာ ဖြစ်လေသည်။ သည် အဖြစ်အပျက်များကို သမိုင်းကသာ မှတ်တမ်းတင်နိုင်သည် မဟုတ်လား။

သည်လိုနှင့် ဂျော်ဒန်နိုဘရူနို-သည် သူရဲကောင်း ဖြစ်ခဲ့သည် မဟုတ်လား။

သည်အခါ သမိုင်းဆိုင်ရာ အကြောင်းတစုံတရာကို ပြောဆိုတိုင်း အရှုံး အနိုင် ဆိုသည်ထက် အမှန်တရားကိုသာ ကျွန်ုပ်တို့ ပြောဆိုရမည်မှာ အသေအချာပင်ဖြစ်ပေတော့သည်။

၁၉၈၈ အရေးတော်ပုံသည် တစုံတရာရှုံးနိမ့်ခဲ့သလို တစုံတရာ အောင်မြင်ခဲ့လေသည်။

ရှုံးနိမ့်ခဲ့ခြင်းမှာ ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် အစိုးရတရပ်ကိုရရှိသည်အထိ အရေးတော်ပုံကို မသယ်ဆောင် နိုင်ခဲ့ခြင်းသာ ဖြစ်လေသည်။ ကျွန်ုပ်တို့ အောင်မြင်ခဲ့သည်မှာ ဖိနှိပ်မှု မှန်သမျှကို အုံကြွ တော်လှန်ခြင်းဖြင့် အဆုံး သပ်နိုင်သည်ဆိုသော နိုင်ငံရေးအရ အရေးပါသည့် အသိတရားကို ပြည်သူအားလုံးအား ပေးနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ သည် အောင်မြင်မှုက ယနေ့ထက်ထိတိုင် အကျိုးသက်ရောက်နေပါသေးသည်။ သည်လိုနှင့် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။

ယခုလောလောဆယ် ကျွန်ုပ်တို့ အားနည်းကောင်း အားနည်းနေမည်၊ ကျွန်ုပ်တို့ ရှုံးနိမ့်ကောင်း ရှုံးနိမ့်နေမည်။ သို့သော်လည်း ကျွန်ုပ်တို့သည် မှားယွင်းသူများ မဟုတ်ကြ။ အမှားအယွင်းကို လုပ်နေသူများ မဟုတ်ကြ။

သို့သော်လည်း သမိုင်းဆိုင်ရာ အချက်အများအရ ကျွန်ုပ်တို့ မည်သို့ အားနည်းနေသည်ဖြစ်စေ မတရားမှုကို တရားမှုနှင့် ဆန့်ကျင်နေခဲ့သော သည်အချက်ကပင် နောင် တချိန်တွင် ကျွန်ုပ်တို့သည် အောင်နိုင်သူများ ဖြစ်လာကြလိမ့်မည်ကို သမိုင်းတကာက ပြောပြနေလေသည်။ သည့်အတွက် တနေ့နေ့တွင် ကျွန်ုပ်တို့ ခေတ်အကြောင်း သမိုင်းဆိုင်ရာအရ ပြောဆိုကြသည့်အခါ ကျွန်ုပ်တို့က မှန်ကန်သူများသာ ဖြစ်သည့်အကြောင်းကို သမိုင်းက မှတ်တမ်း ကောင်းကောင်း တင်ပါလိမ့်မည်။

ထို့အတူ လူသား၏ သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါကမျှ မတရားမှုက တရားမှုအပေါ် အနိုင်မရခဲ့ဖူးကြောင်း သမိုင်းနှင့်ချီပြောရင်း မြန်မာပြည်တွင်သာမက တကမ္ဘာလုံးရှိ မတရားမှု မှန်သမျှ သည်လည်း ကျဆုံးရမည်မှာ မုချ အသေအချာပင်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း....။

May 28, 2009

မီးထဲကကြာ ပေး မေတ္တာစာ


















မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီ ဟ။

မောင်လွမ်းဏီ
၂၈-၅-၀၉

May 27, 2009

အလင်းရောင်တံခါးများသို့

ဘာမှတော့ မဟုတ်ပါဘူး... ခုရက်ထဲ နားထောင်လို့ ကောင်းနေတဲ့ သီချင်း တပုဒ်ပါ... ။ ကိုယ် ကြိုက်နေတာနဲ့ သူငယ်ချင်းတွေကို ပြန် share တာပါ...။ အွန်လိုင်းကနေ ဒေါင်းလုပ် ဆွဲထားတာ... ။ ကျော်ဟိန်းရဲ့ တကိုယ်တော်လေလွင့်ခြင်း - ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်း တပုဒ်ပါ။ ရေးတာကတော့ ကိုသစ်မင်း ထင်တာပဲ... မသေချာဘူး...။ သိသူများ ပြောသွားကြပါ...။ သီချင်းကတော့ ကဗျာ တပုဒ်လိုပါပဲ... ။ ဒေါင်းလုပ်ဆွဲချင်ရင် သည်မှာ ဆွဲပါ...။

Get this widget | Track details | eSnips Social DNA

ကြင်နာပါ မေရေ… လုံးဝ မီးမထွန်း အလင်းမဲ့ လျှပ်စစ်မီးမဲ့လားလေ…
ကြင်နာပါ မေရေ… လုံးဝ မီးမထွန်း အလင်းမဲ့ လျှပ်စစ်မီးမဲ့လားလေ…
သမိုင်းဦးည… အမှောင်လိုပဲလား…
မင်းမရှိတဲ့… အလွမ်းကမ္ဘာကြီးဟာ… မဲမှောင်သွားပလား…
မင်းရဲ့ အလင်းရောင်လေးများ…
ထွန်းလင်း လမ်းပြလို့… ပေးလိုက်ဦးတော့… ကိုယ့်အချစ်လေးရေ….
ကြင်နာပါမေရေ… စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောပြဦးလေ…
တံခါးများ ခေါက်လို့… ခေါ်သံကြားလား…
မနားတမ်း မမောတမ်း… ကိုယ့်အချစ်လေးရေ… တံခါးတွေ ဖွင့်ပါ… ပြောကြား…
ရင်ခွင်တံခါးတွေကို ဖွင့်ဦး… အချစ်ရဲ့ တံခါးပေါက်လေးများ…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် ရက်စက်မိတယ်…)
အလင်းများလည်း ပေးဦး…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် စိမ်းကားသူရယ်…)
ကြိုးများ ပူးချည်ထားလား… ရင်ထဲမှာ အဆွေးများ…
အချစ်ရယ် ကြားလား… လွမ်းတယ်… တမ်းတတယ်… အလင်းရောင်ပေးပါ…
အလင်းရောင်ပေးပါ… အချစ်ရယ် ပေးပါ…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် ရက်စက်မိတယ်…)
အလင်းရောင်များ ပေးဦး…
(အားလုံး သုံးဥတု တံခါးပိတ် မီးမှိတ် ရက်စက်မိတယ်…)
တံခါးတွေ ဖွင့်ထားဦး… (တံခါးတွေ ဖွင့်ထားဦး…)
စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောပြဦးလေ…
အလင်းရောင်များ ပေးဦး… (အလင်းရောင်များ ပေးဦး…)
(စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောလိုက်ဦးမယ်…)
အလင်းရောင်များ ပေးဦး… (အလင်းရောင်များ ပေးဦး…)
(စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောလိုက်ဦးမယ်…)
အလင်းရောင်များ ပေးဦး… (အလင်းရောင်များ ပေးဦး…)
(စိမ်းလန်းအေးမြတဲ့စကားများ… အနားက ပြောလိုက်ဦးမယ်…)

May 26, 2009

အသည်းအသန်နေ့ရက်များ


















ငါ့ လက်ဖ၀ါးတွေနဲ့
မင့်နှလုံးသားကို ပွတ်သပ်ခွင့်ပေးပါ...
မင့် လက်ဖ၀ါးတွေလည်း
ငါ့ နှလုံးသားကို ပွတ်သပ်ခွင့်ပေးမယ်...

ဒါမှပဲ
အသည်းအသန်နေ့ရက်တွေမှာ
ချစ်ခြင်းမေတ္တာကို အရောင်တင်တဲ့အခါ
တဦးတယောက်ထဲနဲ့
စွမ်းဆောင်လို့ မရဘူးဆိုတာ
ကမ္ဘာမြေသိမယ်...

သေသွားတဲ့ နေ့တွေကို
မှောင်မိုက်တဲ့ ညထဲက
အသည်းအသန်
ပြန်နှိုက်ယူခဲ့ရ...

ထာဝရ ဘုရားသခင်ကိုလည်း
ဖန်ဆင်းမှုတွေထဲကပဲ
အသည်းအသန်
ပြန်နှိုက်ယူခဲ့ရ...

ကိုယ့်ကိုယ်ကိုလည်း
အတိတ်ထဲကနေ
အသည်းအသန်
ပြန်နှိုက်ယူခဲ့ရ...

ရှင်သန်မှုကိုလည်း
သေခြင်းတရားထဲက
အသည်းအသန်
ပြန်နှိုက်ယူနေရတဲ့အခါ....

မင့် ချစ်ခြင်းမေတ္တာတွေကိုလည်း
အသည်းအသန်
ငါလိုအပ်နေပြန်တော့တယ်...

ATN

Photo Source: http://paintings.name/image-files/abstract-portrait-5.php

May 25, 2009

သန်းထွန်းပြောတဲ့ သမိုင်း

















လူ ၅ ယောက်စု
ဥပဒေအရ ပခြုပ်။

အပြောအဟောတော်
ခေါ်ယူစစ်မေး၊ ထောက်လှမ်းရေးပခြုပ်။

အရေးအသားကောင်း
ထုထောင်းရိုက်သတ်၊ စစ်တပ်ပခြုပ်။

ဧည့်စာရင်းမတိုင်
ဒဏ်ငွေနဲ့  ပုလိပ်ပခြုပ်။

ခရီးထွက်လေ
နေအိမ်အကျယ် ပခြုပ်။

အိမ်ထဲလူရောက်
အိမ်ထဲလူဝင်၊ ရုံးတင်တရားစွဲ
ထောင်ငရဲပခြုပ်။

ဒါ တို့ ပြည်
ဒါ တို့ မြေကွယ်၊ နယ်လှည့်ရာဇ၀င်သစ်။

မောင်လွမ်းဏီ

(သည်ကဗျာကို ကျနော့် ဘလော့ပေါ်မှာ တင်ခွင့် ပေးခဲ့တဲ့ အကိုလွမ်း အား ကျေးဇူး အထူး တင်ရှိပါကြောင်း)

အနှစ် နှစ်ဆယ်၊ မပြယ်သေးတဲ့ ဒဏ်ရာနဲ့ သင်ခန်းစာ တချို့

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ မိုးမခမီဒီယာမှာ ဖော်ပြခဲ့တဲ့ စာတပုဒ်ပါ။ အခြေအနေ အချိန်ကာလကလည်း တိုက်ဆိုင်နေတာနဲ့ မဖတ်ရသေးသူများ ဖတ်ရအောင်၊ ပြန်ဖတ်ချင်တဲ့ မအယ်တို့လို သူငယ်ချင်းတွေရဲ့ စိတ်ဆန္ဒကို လိုက်လျောတဲ့ အနေနဲ့ပါ ဒုတိယအကြိမ် ပြန်လည် ဖော်ပြလိုက်ပါတယ်။

အနှစ် နှစ်ဆယ်

အိမ်က ထွက်လာသည်မှာ ကြာပြီ...။ ကြာပြီဆို အတော့ကို ကြာနေပြီ...။ ဘယ်လောက်တောင် ကြာနေပြီလဲ ဆိုတော့ ထွက်လာခဲ့တဲ့ ရက်ကနေ ပြန် တွက်ရပေ မပေါ့...။ အိမ်က ထွက်လာတဲ့နေ့က ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်...။ ခုဆို ဒီဇင်ဘာလ (၁၈) ရက်၊ ၂၀၀၈ ခုနှစ် ဆိုတော့...။ အနှစ် ၂၀ တောင် မကတော့ဘူး...။ လတောင် စွန်းနေပြီ...။

အနှစ် ၂၀ ဆိုတာ နည်းနောတဲ့ အချိန် ကာလတွေ မဟုတ်...။ လူသားတယောက် မွေးဖွား လာရာကနေ လူ့ဘ၀မှာ အတွေ့ အကြုံတွေ အတတ် ပညာတွေနဲ့ ကိုယ့် ခြေထောက်အပေါ် ကိုယ် ရပ်တည် နိုင် လောက်အောင် ပြီးပြည့်စုံသည် အထိ လုံလောက်တဲ့ အချိန်ကာလ...။ သည်ကာလအတွင်းမှာ ကိုယ် လိုက်စားရာ သို့မဟုတ် ကိုယ် ရူးသွပ်ရာ အတတ် ပညာ တခုခုမှာ တဖက်ကမ်း ခပ်နိုင်လောက် အောင်ကို လုံလောက်တဲ့ အချိန် ကာလပေပဲ...။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်မှာ မွေးတဲ့ ကလေးတယောက်ဟာ ကျားကျား မမ ခုဆို အသက် ၂၀ ပြည့်ပြီးပြီ...။ တနှစ်တတန်း မှန်မှန် အောင်ခဲ့ရင် ဘွဲ့ရတယောက် ဖြစ်နေပြီ...။ လေ့လာ လိုက်စား ခဲ့တဲ့ အတတ် ပညာ တခုကို လိုက်လို့ ခုဆိုရင် ပညာရှင် တယောက် ဖြစ်နေလောက်ပြီ...။ ဘ၀ တခုကို ကိုယ်တိုင် ကိုယ်ကျ စတင် တည်ဆောက် နေသူတယောက် ဖြစ်နေလောက်ပြီ...။ လက်တွဲဖော် တယောက်နဲ့တောင် ဘ၀ တခုကို အတူတကွ တည်ဆောက် နေကြမဲ့ အချိန် ကာလ တောင် ဖြစ်နေပြီ...။

ပြန်စဉ်းစားကြည့်မိတော့ ၁၉၈၈ ခုနှစ် မတ်လ၊ ဖုန်းမော် အရေးအခင်းကနေ စတင်လိုက်တဲ့ ၁၃၅၀ ပြည့် ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ခုဆို အနှစ် ၂၀ ရှိခဲ့ပြီ...။ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုကြီး တခု လုံးရဲ့ သက်တမ်းဟာ ခုဆို အနှစ် ၂၀ ရှိနေခဲ့ပြီးပြီ...။

ဒါဆို ၁၉၈၈ ခုနှစ် မတ်လကတည်းက မွေးဖွားဖို့ကြိုးစားခဲ့ကြတဲ့ ဒီမိုကရေစီ ကလေးလေးဟာ ၂၀၀၈ ခုနှစ်ရဲ့ ခုချိန်ဆို လူလားမြောက်နေပြီပေါ့...။ သူ ကိုယ်တိုင် ကိုယ်ကျ ဒီမိုကရေစီ နိုင်ငံတော် ဘ၀ တခုကို တည်ဆောက် နေပြီပေါ့...။

တကယ့် အဖြစ်အပျက်မတော့ သည်လို မဟုတ်သေး...။ ကလေးလေးက အနှစ် နှစ်ဆယ် သက်တမ်း ရှိခဲ့ပြီး အတွေ့ အကြုံတွေ စုံနေခဲ့သည့်တိုင် ကိုယ့် ခြေထောက်ပေါ် ကိုယ် မရပ်နိုင်သေး...။ ကိုယ်ပိုင် ဘ၀ တခုကို မထူထောင် နိုင်သေး...။ ပြောရရင် လူလား မမြောက်နိုင်သေး....။

ဘယ်သူမှ မငြင်းဆိုနိုင်တဲ့ အချက်အလက်ကတော့ ဒီမိုကရေစီ ကလေးလေးဟာ အနှစ် နှစ်ဆယ် ကြာသည့်တိုင် ကိုယ်တိုင် လမ်းမလျှောက်နိုင်သေးတာပါပဲ...။

ဘာပဲဖြစ်ဖြစ် သည်အနှစ်နှစ်ဆယ် ဆိုတာကို ကျနော်တို့အားလုံး မှတ်မှတ်ရရ နာကျင်နေခဲ့ကြပါပြီ...။

မပြယ်သေးတဲ့ ဒဏ်ရာ

၁၉၈၈ ခုနှစ်ကစပြီး ဗမာပြည်မှာ ရှိရှိသမျှ မိသားစုတွေ အတော်များများရဲ. ဘ၀တွေဟာ ပြောင်းလဲ သွားပါတယ်...။ မိဘတွေက သား သမီးတွေနဲ့ ကွဲ...။ သားသမီးတွေက မိဘတွေနဲ့ ကွဲ...။ တချို့ မိသားစု တွေမှာ မိဘတွေက သား သမီးတွေကို ဆုံးရှုံး...။ တချို့ မိသားစုတွေမှာတော့ သား သမီးတွေက မိဘတွေကို ဆုံးရှုံး....။

ထားပါတော့...။

ကျိန်းသေတာ တခုကတော့ ၁၉၈၈ ဟာ ဗမာပြည်မှာ ရှိရှိသမျှ မိသားစု အတော် များများရဲ့ ဘ၀ကို ပြောင်းပြန် လှန်ပစ်ခဲ့တာပါပဲ...။

မိသားစုဝင်တွေ တချို့ဟာ ငရဲသားတွေရဲ့ အကျဉ်းစခန်းတွေမှာ ကိုယ့်ကိုယ်ကို ရှာဖွေ တွေ့ရှိ သွားတယ်...။ တချို့ကတော့ သုသာန်မှာ စကား တလုံးတလေမှကို မဆိုနိုင်အောင် နှုတ်ပိတ် တိတ်ဆိတ်လို့...။ တချို့ကတော့ တောကြို အုံကြားထဲမှာ လက်နက် တစုံတရာကို အံကြိတ် ကိုင်စွဲရင်း...။ တချို့ ကတော့ အိမ်နဲ့ ဝေးရာမှာ ခြောက်ခြား မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်တခုလုံးကို ကျီးကန်း တောင်းမှောက် ကြည့်လို့...။ တချို့ကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင်း ကိုယ့်နှုတ်ခမ်းတွေကို ကိုယ် တင်းတင်း စေ့လို့...။

သည်လိုနဲ့ အမှန်တရားအတွက် ကိုယ် နိုင်ရာ နိုင်ရာ တာဝန်ကိ ထမ်းရွက် ခဲ့ကြသူတွေ နေရာတိုင်း ၀န်းကျင်တိုင်း မြို့တိုင်း နယ်တိုင်းမှာ တွေ့ခဲ့ကြ တွေ့နေရ တွေ့နေရဦးမှာပါပဲ...။ သမိုင်းက ကိုယ့် ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ တာဝန်ကို ထမ်းရွက် သယ်ပိုးရင်း အချိန်ကာလတွေကို မေ့ထား ခဲ့ကြ ရတယ်...။ တချို့လည်း ဥပဒေဘောင်အတွင်းမှာ ပါတီအဖွဲ့အစည်းတွေထဲ ပါဝင်ဆောင်ရွက်ရင်း...။ တချို့ တော့လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွင်းမှာ... ။ တချို့ တော့လည်း မြေအောက် လုပ်ငန်းတွေ လုပ်ဆောင်လို့...။ တချို့ တလေ တော့လည်း ပြည်ပမှာ...။ အားလုံးဟာ ကလေးငယ်လေး တယောက် လူလား မြောက်ဖို့ ကြိုးစားနေခဲ့ကြ...။

သည်လိုနဲ့ အချိန်ကာလက အနှစ်နှစ်ဆယ် ဆိုတဲ့ အရေအတွက် တခုကို ရောက်လာတဲ့အခါ သည် ကလေးငယ်လေးဟာ လမ်းလျှောက်ဖို့ မပြောနဲ့ ထိုင်တောင် မထိုင်နိုင်သေး ပက်လက်လေး ဖြစ်နေတုံး ဆိုတော့ အားလုံးက ရင်နာနေရတယ်...။

ဘာပဲဖြစ်ဖြစ် အမှန်တရားကို ချစ်တတ်တဲ့သူတွေ အားလုံးဟာ ဒဏ်ရာရခဲ့ပါပြီ...။

ခုတော့ သည်ဒဏ်ရာဟာ အနှစ် နှစ်ဆယ် ကြာခဲ့ပြီ...။ အိုင်းအမာ တခုလို ဗမာပြည်ရဲ့ ရင်ဘတ် ပေါ်မှာ ဖုထစ်နေတဲ့ သည်ဒဏ်ရာဟာ အားလုံး နာကျင်နေရတဲ့ အနာတခုပါပဲ...။ သည်အနာဟာ မပြယ်သေးတဲ့ ဒဏ်ရာ ပါပဲ...။

သင်ခန်းစာ တချို့

ဒဏ်ရာတွေ ရတော့ ကြောင်တွေလို ကျားတွေလို ကိုယ့်ဒဏ်ရာတွေကို ကိုယ့်လျှာနဲ့ ကိုယ် လျက်ရတယ်...။ အနှစ် နှစ်ဆယ် ကြာလာတော့ ဒဏ်ရာတွေက ပြင်းလာတယ်...။ ကျားနာတွေလိုပဲ သည် ဒဏ်ရာတွေကို ထိမိရင် ဘယ်သူမှ မခံနိုင်ဘူး...။ အလိုအလျောက်ကို ပြင်းပြင်းထန်ထန် တုန့်ပြန် တတ်လာ ကြတယ်...။

တချို့က ဥပဒေဘောင်အတွင်းက တိုက်ပွဲဝင်နေသူတွေကို လက်ညှိုးထိုးတယ်...။ တချို့က လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးငေါ့တယ်...။ တချို့က ပြည်ပ ရောက်နေသူတွေကို အပြစ်ဖို့တယ်...။ တချို့က ပြည်သူလူထုကြီးကို မျက်စောင်း ထိုးတယ်...။

ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးဟာ အနှစ်နှစ်ဆယ်ကပေးလိုက်တဲ့ ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ...။ ပြင်းထန်လာတဲ့ ဒဏ်ရာတွေမှာ သင်ခန်းစာတချို့ကို တွေ့ရတယ်...။ အဲ သည်အခါ ကိုယ့်ဘာသာ ကိုယ် လျှာနဲ့ လျက်လို့ မရတော့ဘူး...။

၁၉၈၈ ခုနှစ် လူထုတိုက်ပွဲတွေ အမြင့်ဆုံး အမှတ်ကို ရောက်နေချိန်မှာ အပြင်းထန်ဆုံးသော လူထု တိုက်ပွဲကို လက်နက်ကိုင် တိုက်ပွဲနဲ့ မပေါင်းစပ်နိုင်ခဲ့ကြဘူး။ ဒါဟာ တကယ့် အဖြစ် အပျက်ပါ..။ အဲဒါကြောင့်ပဲ ၁၉၈၈ လူထု အရေးတော်ပုံကြီး အောင်ပွဲနဲ့ ဝေးခဲ့တယ်။

လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ အဲအခြေအနေနဲ့ ပတ်သက်လို့ အကျိုး အကြောင်း အချက် အလက်တွေ ရှိနိုင် ပါတယ်။ ဘာလို့ပြောနိုင်လဲ ဆိုတော့ ကျနော် ကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေး ထဲမှာ ပါဝင်ခဲ့ဖူးတာ ကြောင့်ပါပဲ...။ သို့သော်လည်း လူထုတိုက်ပွဲကို လက်နက်ကိုင် တိုက်ပွဲနဲ့ မပေါင်းစပ် နိုင်ခဲ့တဲ့ ချို့ယွင်းချက်ကြီးကို အနှစ်နှစ်ဆယ်တိုင် မသိချင်ယောင် ဆောင်နေ လို့တော့ မရပါဘူး...။

နောက်တခုကတော့ ဘုံရန်သူကို အားလုံးက သိနေကြသည့်တိုင် လက်တွေ့မှာ အဖွဲ့ အစည်း တိုင်းဟာ ကိုယ့်အဖွဲ့ အစည်း အတွင်းမှာကို ၀ါဒရေးရာ အယူအဆရေးရာ ပုဂ္ဂိုလ်ရေးရာ ဘာသာရေးရာ အတွင်း ပဍိပက္ခတွေနဲ့ နပမ်းလုံးနေခဲ့ကြတယ်...။ စည်းရုံးရေးအရ ပြိုကွဲနေခဲ့ ကြတယ်...။ ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေ မဆလဟောင်းတွေ တပ်ထွက်တွေ ဦးနုလူတွေ ဖဆပလတွေ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာတွေ အကြမ်းမဲ့တိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ သေနတ် တချက်မှ မဖေါက်ဖူးခဲ့တဲ့ကောင် ထောင်မကျခဲ့ဖူးတဲ့ကောင် တောင်ကျော်တွေ သင်္ဘောသားတွေ စာအုပ်သမားတွေ စသည်ဖြင့် စကားလုံးတွေ ထောင်ချီ နေခဲ့တယ်..။ တဖွဲ့ချင်းစီမှာ ပြသနာတွေ အမျိုးစုံနေခဲ့ကြပြီး မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ခဲ့ ကြတဲ့အခါ ဘုံရန်သူ ပျောက်နေခဲ့တာ အမှန်ပါပဲ...။

သည်လိုနဲ့ အဖွဲ့အစည်းတွေဟာ အနှစ်နှစ်ဆယ်အကြာမှ တဖြည်းဖြည်း အားနည်း လာတာပါပဲ...။ အုပ်စုတွေ ကွဲတယ် အဖွဲ့ဝင်တွေ နှုတ်ထွက်တယ် နိုင်ငံရပ်ခြားတွေကို ထွက်သွားတယ် စသည်ဖြင့် အဖွဲ့တွေဟာ အားနည်း လာတာပါပဲ...။ တဖွဲ့ချင်းစီမှာ အားနည်း လာတဲ့အခါ အဲအဖွဲ့တွေ စုစည်း ထားတဲ့ တပ်ပေါင်းစုတွေမှာလည်း အားနည်းမှုတွေ ဖြစ်လာတော့တာပဲ မဟုတ်လား...။ လက်နက်ကိုင် အဖွဲ့တွေ အားနည်း လာတဲ့အခါ ရန်သူ့ဖိအားကို တစုံတရာ ခံစားလာရတာ အမှန်ပါပဲ...။ သည် အခါမှာ ငြိမ်းအဖွဲ့တွေ ပေါ်ပေါက် လာတော့တာပါပဲ...။ သည်အခါ လက်နက်ကိုင် အင်အားစုတွေမှာ ပိုလို့တောင် အခက်အခဲ ကြီးလာကြရတာပါပဲ...။

နောက်တခုကလည်း တလျှောက်လုံးမှာ ငြင်းခုန်နေခဲ့ကြတဲ့ အကြမ်းမဖက် (Non-violence Action) နဲ့ အကြမ်းဖက် (Armed Struggle) ကွဲလွဲ နေမှုကလည်း ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးတခုလုံးကို ရိုက်ခတ်ပါတယ်...။ LA က အမျိုးသားနေ့ စာပေဟောပြောပွဲမှာ ဆရာစွမ်းရည် ပြောသွားခဲ့တဲ့ စကားကို ကျနော် အတော် သဘောကျပါတယ်...။ အကြမ်းဖက်ဖက် အနုဖက်ဖက် အရေးကြီးတာက တခုခုကို ဖက်နေဖို့ပါပဲ ဆိုတဲ့ ဆရာ့စကားက အလွန်တန်ဖိုးရှိတဲ့ စကားပါ...။

ကျိန်းသေတာတခုကတော့ လက်နက်ကိုင် တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မပေါင်းစပ်နိုင်သမျှ...၊ စည်းရုံးရေး ပြိုကွဲနေမှုတွေကို မဖြေရှင်းနိုင်သမျှ... ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ ကျန်တဲ့ တိုက်ပွဲ ပုံသဏ္ဍာန်တွေကို မှန်မှန် ကန်ကန် မပေါင်းစပ်နိုင်သမျှ... ကျနော်တို့ မြင်ချင်တဲ့ ကလေးလေး တယောက် သူ့ ခြေထောက်ပေါ် သူ ရပ်နေတာကို မြင်ရဖို့ ဝေးပါသေးသည် ဟု ယူဆမိပါကြောင်း...။

(အောင်သာငယ်)

မိုးမခမီဒီယာ - မှာ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

May 23, 2009

သေတမ်းစာ















ဟောသည်ကမ္ဘာမြေမှာ
ဘယ်လိုလူတွေမှ မတွေ့ခဲ့ဖူးတဲ့
ပန်းအဖြူရောင်တွေ ပွင့်တဲ့ တနေ့မှာ
မင့်အမည်ကို ငါရေးခဲ့ပါတယ်
အဲသည်နေရာကတော့
ငါ့ နှလုံးသားပေါ့

ခွင့်လွှတ်ပါလေကွယ်
မင့် အမည်မပါတဲ့
အခြားနေရာတွေမှာလည်း
ငါ့နှလုံးသားက
မဖူးပွင့်တတ်လေဘူး

ATN

Photo Source: http://farm3.static.flickr.com/2156/2231600748_f215d6082b.jpg

မျှော်လင့်ခြင်း














တနေ့နေ့ဆိုတာ
ရှိကို ရှိပါတယ်...
ရှိကို ရှိနေသေးတယ်...

မင်းရော ငါရော
ဖျားနာနေဖို့မလိုဘူး...

ဒါပေသည့်
မင်းဖျားနာနေတဲ့အခါ
ငါလည်း ဖျားနာပါရစေကွယ်...
ဒါမှ ငါဟာ မင်း ဖြစ်တဲ့အကြောင်း
ကမ္ဘာမြေကောင်းကောင်း သိသွားမယ်...

နေ့တွေက
သမားရိုးကျ လင်းပလို့...
ညတွေကလည်း
သမားရိုးကျ မဲမှောင်ပြလို့...

သမရိုးကျတွေကို မုန်းတီးနေတာ
ငါတယောက်တည်းမဟုတ်...
သမားရိုးကျနေခဲ့သော လူတွေ
သိန်းပေါင်း သန်းပေါင်းများစွာ...

ဒါသည်ပင်
သမားရိုးကျနေခဲ့ပါပြီလေ...


ATN

Photo Source: http://www.digitalangeldonnadj.com/pics/paintinglovingheart.JPG

အိန္ဒြာနှင့်စကားပြောခြင်း












အိန္ဒြာရဲ့ ဗားတော့ဗရက်နဲ့စကားစမြည် ဆိုတဲ့ ကဗျာကို ဖတ်မိလို့
သည်ကဗျာကို ရေးမိပါတယ်။

အိန္ဒြာနှင့်စကားပြောခြင်း

အချိန်ကာလဆိုတဲ့ အခိုက်အတန့်ကိုက
စက္ကန့်မရွေး ပေါက်ကွဲသွားဖို့ အားယူနေတဲ့
လူမသိသူမသိ တချက်ချက်မြည်နေတဲ့
နာရီပျက်တလုံးကို သယ်ပိုးရင်းနဲ့
ကိုယ့်ကိုယ်ကို ဘာကောင်မှန်း မသိတဲ့
ချိန်ကိုက်ဗုံးတလုံးလည်း ဖြစ်နေခဲ့တာ
ကြာပါပေါ့... ငါ့ ညီမ...

သည်ဗုံး မပေါက်ကွဲခင်မှာကို
ဟောသည်လို ရက်ရက်စက်စက်
ကောက်ကျစ် ပက်စက်နေတဲ့ လောကကြီးမှာ
သင်ယူစရာတွေဆိုတာကလည်း
များကို များလွန်လွန်းနေတယ်...

ပေါက်ကွဲသွားမယ့် အချိန်တွေကို
အမှုမဲ့ အမှတ်မဲ့ ခြောက်ခြားနေရင်းက
ချစ်ခြင်းမေတ္တာတွေ ၀ံ့စားထားတဲ့
ကဗျာတပုဒ်ပုဒ်ကို
ရင်တွေ တဒုတ်ဒုတ်ခုန်ရင်း
နှလုံးသားနဲ့နှိုက်ထုတ်နေခဲ့ရတာကိုကလည်း
သင်ယူနေကြရတာပါပဲလေ...

ဆရာဇော်ဂျီ့ဆီက သင်ယူမယ်...
ဆရာတာရာ့ ဆီက သင်ယူမယ်...
ဆရာဂျမ်း ဆီက သင်ယူမယ်...

ပတ်ဗလိုနီရူဒါ ဆီက သင်ယူမယ်...
အိုမာခိုင်ယမ် ဆီက သင်ယူမယ်...
ယက်ဖ်တူရှင်ကို ဆီက သင်ယူမယ်...

ပျဉ်းမငုတ်တို ရှေ့မှာ သင်ယူမယ်...
ဗေဒါလမ်းမှာ သင်ယူမယ်...
ထင်းရူးပင်ရိပ်အောက်မှာ သင်ယူမယ်...

လူသားတွေအားလုံး
ချစ်ခြင်းမေတ္တာကို သင်ယူခြင်း ပြီးဆုံးတဲ့အခါ
ကမ္ဘာမြေ လှပါလာပါလိမ့်မယ်....

အဲသည်နေ့မှာ
ဗားတော့ဗရက်အကြောင်း
ကောင်းကောင်းကြီးပြောကြသေးတာပေါ့...

ATN

Photo source: http://dianeclancy.com/images/Conundrum-I.jpg

May 22, 2009

အချစ်သီချင်း

အိမ်မှာနေရင်း သီချင်း တပုဒ်လောက် ဆိုချင်စိတ် ပေါက်လာတာနဲ့ keyboard ကို ဖွင့်ပြီး ဘယ်သီချင်းကို ဆိုတီးရပါ့မလည်း လျှောက်စဉ်းစားမိတယ်။ စဉ်းစားရင်းနဲ့ Melody ရော Lyrics တွေရော အရမ်းလှတဲ့ ဆဲလ်ရေးတဲ့ သီချင်းကို ဂျေမောင်မောင် သံစဉ်ရှာပြီး ခိုင်ထူးဆိုထားတဲ့ “အချစ်သီချင်း”ကို သတိရသွားမိတာနဲ့ တေးသွားတွေကို keyboard နဲ့ စမ်းတီး ပြန်ရှာမိတယ်။

စာသားကတော့ ခေါင်းထဲမှာ ရှိနေပြီးသားဆိုတော့ သီချင်း တပုဒ်လုံး အစအဆုံးကို ပြန် စမ်းတီးမိတဲ့အခါ အတော်တော့ အဆင်ပြေသား။ ဒါနဲ့ keyboard နဲ့ သီချင်း တပုဒ်လုံးကို ပြန်တီးလို့ ရသွားတော့ အတော်လေး ၀မ်းသာမိတယ်။ အဆင်ပြေရင် ဘလော့မှာ တင်မယ် ပေါ့လေ။ ဒါနဲ့ အသံမဖမ်းခင် အရင် rehersal အနေနဲ့ အသံကုန် အော်ဆို နေတုန်း ဘေးခန်းက ငတိ နှစ်ကောင်က တဒုန်းဒုန်းနဲ့ ထုတယ်။ မောင်မင်းကြီးသားတွေက ဗမာ စကားကို နားမလည်လို့ ဖြစ်မှာပါ။ သည်လောက် ကောင်းတဲ့ အချစ်သီချင်းကို ဒင်းတို့က မခံစားတတ်တာ အပြစ် ပြောလို့လည်း မရဘူး မဟုတ်လား။ ဒါနဲ့ ဂရုမစိုက်ပဲ ဆက်ဆိုနေတုန်း နောက်ထပ် ထပ်ပြီးတော့ နံရံကို ခပ်ပြင်းပြင်း ထပ်ထုပါတယ်။ အဓိပ္ပါယ်ကတော့ Shut-up ဖြစ်မှာပါ။ ကိုယ်လည်း အချင်း မများချင်ဘူး။ Apartment တွေမှာ နေရတဲ့ အခါ အဲလိုပဲလေ။ ဟိုဖက်သည်ဖက် အသံတွေက ကြားနေရတာကိုး။ ကိုယ်ကသာ ဆက်ဆို တီး လုပ်နေရင် သူက ၉၁၁ နှိပ်ပြီး ရဲခေါ်မယ်။ ရဲလာရင် သူတို့က night shift ဆင်းရတဲ့ အတွက်ကြောင့် အိပ်နေတုန်း ဆူညံတဲ့ ကိုယ်က အပြစ် ဖြစ်တော့မယ်။

ဒါနဲ့ အဆိုကို လက်လျှော့လိုက်တယ်။ ကိုယ့်ဘာသာ တိုးတိုးလေး ဆိုရင်း သီချင်းကို keyboard နဲ့ တီးထားတာလေးကို Record လုပ်လိုက်ပြီး ဝေမျှလိုက်ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံကြီးမှာ ဖြစ်စေဦး Freedom ဆိုတာကလည်း အကန့်အသတ် ရှိသေးတယ် မဟုတ်လား။ သူတပါးကို ထိခိုက်အောင် ကုယ်က လွတ်လပ်နေလို့ မရဘူးလေ။

အချစ်သီချင်း
စာသား - ဆဲလ်
သံစဉ် - ဂျေမောင်မောင်
ဆို - ခိုင်ထူး

အချစ်ရနံ့တွေ မွှေးပျံ့ ထုံအီနေတုန်းက... အချစ်ငှက်ကလေး ဂစ်တာမှာ လာနားရင်း...
သံယောဇဉ် သီချင်းလေးတွေ ကျူးရင့်လို့ ဆိုနေခဲ့တယ်...

ကိုယ့်ချစ်သူ ဆည်းလည်းလေးလို ရီသံချိုတဲ့အခါ... မွန်းတဲ့ချိန်နေလည်း ပူတယ် မထင်ခဲ့မိပါ...
အင်အားမဟာ အချစ်အတွက် ရူးသွပ်ခြင်းလို့ ခေါ်ချင်ခေါ်တော့ကွယ်...

ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ...
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ...
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်...

မုန်တိုင်းထဲမှာ ပွင့်တဲ့ပန်းလို ကြေမွသွားခဲ့စဉ်... အချစ်မျက်နှာလေး ယောင်ကာ အိပ်မက် မက်တယ်...
ပတ်ဝန်းကျင်လှည့်ကြည်မိတော့ တမ်းတတဲ့သူ ကိုယ် တယောက်ထဲကွယ်...

ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ...
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ...
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်...


Get this widget | Track details | eSnips Social DNA

May 20, 2009

လွမ်းလို့ရေးတဲ့စာ

ဟိုးတလောက ဗမာပြည်ပြန်သွားတဲ့ မခင်ဦးမေ က Yangon ဆိုတဲ့ ခေါင်းစဉ်နဲ့ Yangon Series ကို 1 - 10 တင်ထားတာ ဖတ်လိုက်ရပါတယ်။ နံပါတ်ဘယ်လောက်အထိ ရောက်အောင် သူ ရေးနေဦးမလဲတော့ မသိဘူး။ ဒါပေသည့် သူ့ဘလော့မှာ တင်ထားတဲ့ သင်္ကြန်လှုပ်ရှားမှုတွေ၊ အစားအသောက်တွေ၊ နေရာတွေရဲ့ ဓါတ်ပုံတွေကို တွေ့ရတော့ ဗမာပြည်ကို အတော် လွမ်းဆွတ်မိတယ်။ ကိုယ့်ပြည်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို ပြန်ခွင့်ရလို့ ပြန်နိုင်နေတဲ့ သူငယ်ချင်းတွေ ကိုယ်စား ၀မ်းသာမိသလို သူတို့ ရေးသမျှ ပို့စ်တွေတိုင်းကိုလည်း အမိမြေကို အလွမ်းစိတ်နဲ့ လိုက်လိုက် ဖတ်မိပါတယ်။ အဲသည်လို စာတွေကို ဖတ်ရ၊ ဓါတ်ပုံတွေကို တွေ့ရတဲ့ အခါတိုင်း ထမင်း မရှိတဲ့ အရပ်မှာ အေးစက် မာခဲနေတဲ့ ထမင်းကြမ်းခဲလေး တတုံး စားခွင့်ရသလိုပါပဲ ခံစားမိတယ်။ ပူပူနွေးနွေး ဖွေးဖွေးလွလွ ထမင်း တပန်းကန်ကို မစားရပေမယ့် ထမင်းကြမ်းလေး တခဲကို အဆာပြေ စားခွင့်ရသလို အာသာပြေခဲ့တဲ့ အတွက် အဲသည် သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုယ်လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ၊ ကိုယ်ရောက်ခဲ့ဖူးတဲ့ နေရာတွေ၊ ကိုယ်စားခဲ့ဖူးတဲ့ အစား အသောက်တွေ၊ ကိုယ်ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေ - အဲလို အရာတွေအားလုံးနဲ့ ဝေးကွာနေတဲ့ အရပ်တခုကို အကြောင်းကြောင်း တွေကြောင့် ရောက်နေခဲ့ရသူတိုင်းမှာ အလွမ်း ဆိုတာ ရှိနေ တတ်တာပါပဲလေ။ အဲသည် လူတွေထဲမှာ ကျနော်လည်း တယောက် အပါအ၀င်ပေါ့။ တချိန်တုန်းက ကျနော် လျှောက်ဖူးခဲ့တဲ့ အဲသည် လမ်းတွေကို ခုအချိန်မှာ ကျနော့် ခြေအစုံက လွမ်းတယ်၊ တချိန်တုန်းက ကျနော် ရောက်ဖူးခဲ့တဲ့ အဲသည်နေရာတွေကို ခုအချိန်မှာ ကျနော့် စိတ်အာရုံက လွမ်းတယ်၊ တချိန်တုန်းက ကျနော် စားခဲ့ဖူးတဲ့ အဲသည် အစားအသောက်တွေကို ခုအချိန်မှာ ကျနော့် လျှာဖျားက လွမ်းတယ်၊ တချိန်တုန်းက ကျနော် ခင်မင်ရင်းနှီးခဲ့ဖူးတဲ့ ကိုယ်ချစ်ခင်ခဲ့တဲ့ သူငယ်ချင်းတွေကို အခုချိန်မှာ ကျနော့် နှလုံးသားက လွမ်းတယ်။

သူငယ်ချင်း တယောက်ကတော့ ကျနော့်ကို အားမနာ လျှာမကျိုး ပြောဖူးတယ်။ - အားအားရှိ လွမ်းနေတာပဲ... အလွမ်းတွေနဲ့ပဲ ပျော့စိနေတော့တာပဲ... - တဲ့။ တကယ်လည်း ဟုတ်လောက် ပါတယ်။ ဒါပေသည့် ကျနော် ကလည်း ကိုယ် ချစ်မက်ရာ အရာအားလုံးကို ချစ်ခင် မြတ်နိုး စွဲလန်း ပွေ့ဖက်နေတတ်တဲ့ နှလုံးသား တခု ကလည်း ရင်ဘတ်ထဲမှာ ရှိနေခဲ့တာကိုး။ သည်လိုနဲ့ သည်အရာအားလုံးနဲ့ ဝေးကွာနေရချိန်မှာ လွမ်းဆွတ်မှုကို ခံစားနေရတတ်တာဆိုတော့ တစုံတယောက်က အပြစ် ပြောလည်း ခံရရုံပါပဲ။ လွမ်းဆွတ် တတ်တဲ့ နှလုံးသား တစုံနဲ့ မွေးဖွားလာတာ ဆိုတော့လည်း လွမ်းနေတတ်တော့တာပါပဲလေ။














သည်ရက်ထဲ အလွန်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတယောက်ဖြစ်တဲ့ (မကေ)က ကျနော့်အတွက် အလွမ်းပြေ ဆိုပြီး သူ ရိုက်ယူ လာခဲ့တဲ့ ဓါတ်ပုံတချို့ကို ပို့ပေးလာတဲ့အခါ လွမ်းစရာတွေ ပိုဖြစ်လာပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ သူ ပို့ပေးတာက ကျနော် ဘူမိဗေဒနဲ့ ဘွဲ့ရခဲ့တဲ့ ရန်ကုန် တက္ကသိုလ်မှာ အတန်းတွေ တက်ခဲ့ဖူးရာ မန္တလေး ဆောင်ကို သူက ဓါတ်ပုံရိုက်ယူလာတာပါ။ ၁၉၈၅ မှာ ကျနော်က ကျောင်းပြီးခဲ့တာ ဆိုတော့ ခုဆို မန္တလေး ဆောင်ကို ကျနော် မတွေ့ရတော့တာ အနှစ် အစိတ်နီးပါးရှိနေပါပြီ။ ခုတော့ ၂၅ နှစ် နီးပါးကြာမှ ပြန်တွေ့ရတဲ့အခါ ကျနော့်ရဲ့ ရွှေရောင် နေ့ရက်တွေကို ပြန်လွမ်းဆွတ်ပါတယ်။ အပူအပင် မရှိခဲ့သော ပြက္ခဒိန်များကို ပြန်တမ်းတမိပါတယ်။













တကယ်တော့ မန္တလေးဆောင်ကတော့ အတွင်းထဲမှာ သူ့နဂိုရ်အတိုင်းပါပဲ။ ဒါပေသည့် အပြင်မှာတော့ အပြောင်းအလဲတွေ ရှိမှာပေါ့လေ။ ဗမာပြည်ရဲ့ သမိုင်းတခုမှာ မှတ်တမ်းတခု ဖြစ်ခဲ့တဲ့ မန္တလေးဆောင်ဟာ နဂိုရ်တုန်းက စာသင်ဆောင်မဟုတ်ပါဘူး။ အဆောင်နေ ကျောင်းသားတွေအတွက် Hostel ခေါ်တဲ့ အဆောင်ပါ။ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြောရင် မန္တလေးဆောင်ကလည်း တဒေါင့်တနေရာမှာ ပါနေရတာပါပဲ။ မန္တလေးဆောင် ရှေ့တည်တည့်မှာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်မှာ မိုင်းခွဲ ဖြိုဖျက်ခံခဲ့ရတဲ့ တကသရဲ့ Union အဆောက်အဦး ရှိခဲ့ဖူးတဲ့ ကွက်လပ်ကြီးရှိတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်ရှိတယ်။
ကျနော် ကျောင်းတက်တုန်းက အဆောင်ရှေ့မှာ ဘေးမှာ ဘာ အပင်မှ မရှိခဲ့ဖူးဘူး။ ခုတော့ ဘေးမှာ အပင်တွေနဲ့။ ပြီးတော့ ကျနော်တို့ ကျောင်းတက်တုန်းက မန္တလေးဆောင်က ဖြူလွ သပ်ရပ်လို့။ ခုလို ဟောင်းနွမ်း ညစ်ပတ် မနေဘူး။ ရှေ့မှာ ကတော့ တကသ အဆောက်ဦး ရှိခဲ့ဖူးရာ ကွင်းပြင်ပါ။ ခုတော့ ဘယ်တက္ကသိုလ်ကျောင်းသားမှ အားကစား လှုပ်ရှားမှု သွားမလုပ်ရတော့တဲ့ Gym ပဲ ရှိတော့တယ်။













နောက်တခုကတော့ ဗိုလ်အောင်ကျော် ကျောက်တိုင်။














အခုကတော့ ကျနော် လွမ်းတယ်။

သည်ဓါတ်ပုံတွေကြည့်ပြီး ကျနော့် နောင်တော်ကြီးတွေကို ကျနော် လွမ်းတယ်။

ှုဗိုလ်အောင်ကျော်ကို ကျနော်လွမ်းတယ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဌေးမြိုင် - ကျနော် လွမ်းတယ်။
ခင်ဗျားတို့သာ ကျနော့်နေရာမှာ ရှိနေရင် ဆွန်ဇူးကိုလွမ်းမယ်၊ ကွန်ဖျူးရှပ်စ်ကို လွမ်းမယ်၊ ဗုဒ္ဓကို လွမ်းမယ်၊ ဂျီးဆပ်စ်ကို လွမ်းမယ်၊ ကားလ်မာ့က်စ်နဲ့ အိန်ဂယ်လ်ကိုလည်း ခင်ဗျားတို့ လွမ်းမှာပဲ။ ကျနော် ကောင်းကောင်း ယုံကြည်တယ်။

May 17, 2009

ပထမဆုံးကြုံရတဲ့ ကယ်လီဖိုးနီးယားငလျင်

ကျနော် ကယ်လီဖိုးနီးယားကို ရောက်လာတာ ခုဆို ၈ လ ရှိပါပြီ။ ကယ်လီဖိုးနီးယားဟာ ကမ္ဘာကျော် ဆန်အင်ဒရီးစ်ပြတ်ရွေ့ကြီး ရှိနေတဲ့ ပြည်နယ်ပါ။ အဓိပ္ပါယ်ကတော့ ငလျင်တွေ ပေါများတဲ့ ပြည်နယ်ကြီးပေါ့။ သည်မှာ ရောက်နှင့်နေပြီးသား သူငယ်ချင်းတွေကတော့ အဲသည် ငလျင်တွေကို ကြုံဖူးနေကြပါပြီ။ ဥပမာ- မိုးချိုသင်းဆို ရုံးတက်နေတုန်း ငလျင်လှုပ်တာ ကြုံရတဲ့အကြောင်း သူ့ဘလော့မှာတောင် ရေးထားခဲ့သေးတာပဲလေ။

ကျနော် သည်ရောက်တော့ သူငယ်ချင်းတွေကို ငလျင်အကြောင်း မေးဖူးပါတယ်။ အခု ကျနော် နေတဲ့ မြို့မှာတော့ ရှိတဲ့ သူငယ်ချင်းတွေဟာ လူတိုင်းနီးပါး ကြုံဖူးနေကြတာပဲ။ မကြောက်ဖူးလား ကျနော် မေးတော့ - အို... အားလုံးက သိနေတာပဲ။ သေရင်လည်း ကိုယ် တယောက်ထဲမှ မဟုတ်တာ... - လို့ ပြန်ဖြေကြလေရဲ့။ ကျနော်ကတော့ ဟာရီကိန်း မုန်တိုင်း တွေနဲ့ ဝေးရာ ဖလော်ရီဒါကို ကျောခိုင်းပြီး ငလျင်တွေပေါရာ ကယ်လီဖိုးနီးယားကို ပြောင်းလာခဲ့တာပါ။ ဟာရီကိန်းတွေကို စိတ်ညစ်လို့ ငလျင်တွေကို လာပွေ့ဖက်တာပါ...း)

ဒါပေသည့် ကျနော် ရောက်ကတည်းက တခါမှကို မကြုံသေးဘူး။ (အမှန်တော့ တခါမှကို သိသိသာသာ မခံစားရသေးဖူးဘူးလို့ ပြောရမှာပါ။ တကယ်တော့ နေ့တိုင်းလို လှုပ်နေတာပါ။ ကိုယ်က မခံစားရလို့ပါ)

ဟော... သည်နေ့တော့ ကျနော့်ကို ကယ်လီဖိုးနီးယားက ငလျင်တခုနဲ့ နှုတ်ဆက်လိုက် ပါသဗျား...။ ည ၈း၃၉။ ကျနော်တို့ မိသားစု နေထိုင်ရာ အပတ်မန့် အဆောက်အဦး တခုလုံး ပြင်းပြင်းထန်ထန် ယိမ်းထိုး လှုပ်ရှား သွားချိန်မှာ ကျနော့်လက်မှာ ပတ်ထားတဲ့ နာရီကို ကျနော် ကြည့်လိုက်တာပါ။ မီးဖိုချောင်မှာ ပန်းကန်တွေ ဆေးနေတဲ့ ကျနော့် မဟေသီက - ဟဲ့... ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ... - လို့ အသံကုန် အော်နေ ချိန်မှာ ကျနော်နဲ့ ကျနော့် သားကြီးက Game တခုကို အတူ ဆော့နေကြတာပါ။ - ငလျင်လှုပ်တာ... ဟေ့... - လို့ ကျနော် ပြန်အော်ပြောလိုက်တဲ့ အချိန်မှာ သားကြီးကလည်း - It is just an earthquake, Momo... - လို့ ပြန်အော်လိုက်ပါသေးတယ်။ ကျနော့် စိတ်ထဲမတော့ နည်းနည်း ပူပန်သွားပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်ကြောင့် ကျနော် ခေါင်းတွေ ခဏ မူးသွားလို့ပါ။ သည်အချက်က ငလျင်ဟာ ရစ်ချတာစကေးလ်အရ သိပ်မသေးဘူးဆိုတာ နားလည်လိုက်လို့ပါ။ တမိနစ် လောက်တော့ တအိမ်လုံးဟာ တယောက်ယောက်က ကိုင်ပြီး ဆွဲခါနေသလို တဒုန်းဒုန်း လှုပ်နေတော့တာပါပဲ။ သတိရတာနဲ့ အိပ်ပျော်နေတဲ့ သားအငယ်ဆုံးလေးကို သူ့ ပုခက်ထဲက သွားပွေ့လာပြီး ကျနော့်လက်ထဲမှာ ချီထားလိုက်ပါတယ်။ ငလျင်က နောက်တော့ ခဏ ငြိမ်သွားပါတယ်။ ဒါပေမယ့် ၃ ကြိမ် လှုပ်တာဆိုတော့ ငြိမ်သွားတဲ့ အချိန်မှာတောင် နောက် ငလျင် အသေးစားလေးတွေ ဆက်လှုပ်နေကြောင်းတော့ သိနေပါတယ်။

ဒါနဲ့ Local Earthquake Link တွေကို ကျနော် ဖွင့်ကြည့်လိုက်တော့ သည်လို မြင်ရပါတယ်။
VI5.0GREATER LOS ANGELES AREA, CALIFORNIA33.94°N -118.34°W 13Km Deep2009-05-18 03:39:36 UTC2009-05-17 20:39:36 LOCALCI1041033727637

ရစ်ခ်ျတာစကေးလ်မှာ ၅.၀ ရှိတဲ့ ငလျင်ပါ။ သိပ်တော့ မသေးဘူး။ အောက်မှာ ရစ်ခ်ျတာစကေးကို အားလုံး သိနိုင်အောင် ကျနော် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး နံပတ်တွေကတော့ ပြင်းအားပါ။ နောက် အင်္ဂလိပ်စာကတော့ ငလျင် အမျိုးအစားပါ။ သူ့နောက် ကတော့ ငလျင်ရဲ့ သက်ရောက်မှုဖြစ်ပြီးတော့ နောက်ဆုံးကတော့ ဖြစ်ပွားလေ့ရှိတဲ့ အကြိမ်အရေအတွက်ပါ။

၂.၀ အောက် Micro လှုပ်မှန်း မသိရ၊ တနေ့ အကြိမ် ၈,၀၀၀ ခန့်။
၂.၀-၂.၉ ထိ Minor ပုံမှန်အားဖြင့် လှုပ်မှန်း မသိရ၊ တနေ့ အကြိမ် ၁,၀၀၀ ခန့်။
၃.၀-၃.၉ ထိ Often လှုပ်မှန်းသိ၊ ပျက်စီးမှု ဖြစ်ခဲ၊ တနှစ် အကြိမ် ၄၉,၀၀၀ ခန့်။
၎.၀-၄.၉ ထိ Light အဆောက်အဦးများလှုပ်၊ ကြီးမားသောပျက်စီးမှုဖြစ်ခဲ၊ တနှစ် အကြိမ် ၆,၂၀၀ ခန့်။
၅.၀-၅.၉ ထိ Moderate ငလျင်ဒဏ်ခံ မဟုတ်သော အဆောက်အဦးများ ပျက်စီး၊ ငလျင်ဒဏ်ခံ အဆောက် အဦးများ အနည်းငယ်ပျက်စီး၊ တနှစ် အကြိမ် ၈၀၀ ခန့်။
၆.၀-၆.၉ ထိ Strong ငလျင်ဗဟိုမှ မိုင်တရာအတွင်း အဓိက ပျက်စီးမှုများဖြစ်၊ တနှစ် အကြိမ် ၁၂၀ ခန့်။
၇.၀-၇.၉ ထိ Major အလွန်ပြင်းထန်သော ပျက်စီးမှုများဖြစ်၊ တနှစ်လျင် ၁၈ ကြိမ် ခန့်။
၈.၀-၈.၉ ထိ Great မိုင်ရာချီသောဧရိယာအတွင်းတွင် အလွန်ပြင်းထန်သောပျက်စီးမှုများဖြစ်၊ တနှစ်လျင် တကြိမ် ခန့်။
၉.၀-၉.၉ ထိ Devastating မိုင်ထောင်ချီသောဧရိယာအတွင်းတွင် အလွန်ပြင်းထန်သော ပျက်စီးမှုများဖြစ်၊နှစ် ၂၀ လျင် တကြိမ် ခန့်။
၉.၉ အထက် Epic မှတ်တမ်း မတင်နိုင်သေး၊ အလွန်တရာ ဖြစ်ခဲ။

သည် ရစ်ခ်ျတာစကေးအရဆို အခု လှုပ်တဲ့ ငလျင်က ၅.၀ ရှိတာမို့လို့ ကျနော်တို့ နေနေတဲ့ အပတ်မန့် ကသာ ငလျင်ဒဏ် ခံအောင် မဆောက်ထားခဲ့ရင် ပြိုကျပါပြီ။ ဒါပေသည့် ကယ်လီဖိုးနီးယားမှာတော့ Building Code တွေအတိုင်း အဆောက်အဦးတွေကို ဆောက်ထားတာပါ။ သည်တော့ အနည်းဆုံးတော့ သာမန် ငလျင် လောက်နဲ့တော့ ပြိုကျမှာ မဟုတ်ပါဘူး။ ဒါပေသည့် ဘာပဲဖြစ်ဖြစ် Major Earthquake တွေဆိုရင်တော့ ခံနိုင်မှာ မဟုတ်တာတော့ ကျိန်းသေနေတာပါပဲ။

ခုတော့ ကယ်လီဖိုးနီးယားငလျင် အကြောင်း တွေးရင်းကနေ ကိုယ့် ဗမာပြည်က ငလျင်တွေ အကြောင်းပါ ဆက်တွေးမိပါတယ်။

ဗမာပြည်မှာ မြောက်ကနေတောင်အထိ ဖြတ်ပြီး စစ်ကိုင်းကနေ အင်းတော်ကြီး အထိ ၂၆၀ ကီလိုမီတာ ခန့်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ ဗမာပြည်မှာ ငလျင်တွေကို ဖြစ်စေတဲ့ အဓိက လက်သည်ပါ။ သည်ပြတ်ရွေ့ ကြောင့် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့မှာ အင်းဝနဲ့ စစ်ကိုင်းအနီးမှာ ဗဟိုပြု (epicenter) ခဲ့တဲ့ အင်းဝငလျင် ဖြစ်ပွားခဲ့ ပါတယ်။ ရစ်ခ်ျတာစကေး ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့်လည်း ဧရာဝတီ မြစ်ကမ်းမှာ ၅ ပေ မှ ပေ ၂၀ လောက်ထိရှိတဲ့ အက်ကြောင်းတွေ ဖြစ်ပေါ်ပြီး သဲတွေ ရေတွေ ပန်းထွက် ခဲ့တယ်လို့ မျက်မြင် သက်သေတွေရဲ့ ပြောစကားတွေကို မှတ်တမ်း တင်ထားခဲ့တဲ့ စာတွေအရရော၊ အုတ်နဲ့ ဆောက်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေ ပြိုကြလို့ သေဆုံးရတဲ့ ဘုန်းတော်ကြီးတွေ အပါး ၃၀၀ လောက် ရှိတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရတာကြောင့် အနည်းဆုံးတော့ ၈.၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

မှတ်တမ်းတွေအရ ဗမာပြည်မှာ လှုပ်ခဲ့ဘူးတဲ့ ငလျင်ကြီးအချို့ထဲမှာ အောက်ပါ ငလျင်တွေဟာ အပျက်အစီးတွေ အတော်များခဲ့ပါတယ်။
၁။ ၁၈၃၉ ခုနှစ်၊ မတ်လ ၂၃ - အင်းဝငလျင်၊ ဘုန်းတော်ကြီး အပါး ၃၀၀ ခန့် သေကြေ၊ မင်းကွန်း ပုထိုးတော်ကြီး ပျက်စီး။ မင်းကွန်း ပုထိုးတော်ကြီးဟာ အဲသည်အချိန်က တည်ဆောက်နေဆဲပါ။ ငလျင်ကြီး ကြောင့် ပျက်စီးသွားတဲ့အတွက် ဆက်လက် မတည်ဆောက် နိုင်တော့ပဲ အဲသည်အပျက်အတိုင်း သည်နေ့ ထက်ထိ မြင်တွေ့နေကြရတော့တာပါ။
၂။ ၁၉၂၇ ခုနှစ်၊ ဇူလိုင်လ ၅ - ပဲခူးငလျင်၊ ရွှေမော်ဓောစေတီတော် ပျက်စီး။ လူအသေအပျောက် ရှိခဲ့။
၃။ ၁၉၃၀ ပြည့်နှစ်၊ မေလ ၅ - ပဲခူးငလျင်၊ လူ ၅၀၀နှင့် အဆောက်အဦးများ ပျက်စီး။ ရန်ကုန်မြို့၌လည်း အဆောက်အဦးများ ပျက်စီး။
၎။ ၁၉၇၅ ခုနှစ် - ပုဂံငလျင်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးအတော်များများ ပျက်စီး။

သည် ငလျင်တွေထဲမှာတော့ ၁၉၇၅ ပုဂံငလျင်က စစ်ကိုင်းပြတ်ရွေ့ အတိုင်း ဖြစ်တဲ့ အတွက် ရန်ကုန်မှာလည်း လှုပ်ခဲ့ ပါတယ်။ ကျနော့်ဘ၀မှာ ပထမဆုံး ကြုံခဲ့ဖူးတဲ့ ငလျင်ပါပဲ။ ကျနော်တို့ ညီအကို နေနေတဲ့ ၂ ထပ် အဆောက်အဦးနဲ့ အရှေ့က ဆေးဆိုးပန်းရိုက် လုပ်ရာ အဆောက်အဦး အရှည်ကြီးဟာ အဲသည်အချိန်က ထိမ်းထိုး လှုပ်ရမ်းနေခဲ့တာပါ။ ၅ မိနစ်လောက် ကြာမယ်ထင်ပါတယ်။ ကျနော်နဲ့ သူငယ်ချင်းတယောက်က အဲသည် အချိန်က ၂ ထပ်မှာ ရောက်နေတာပါ။ ခေါင်းတွေ မူးကုန်တယ်။ ကိုယ့်ရှေ့က အဆောက်အဦးကြီး တခုလုံး ယိမ်းထိုး လှုပ်ခါနေတာ ဘ၀မှ ပထမဆုံး အကြိမ် မြင်ဖူးခြင်းပါပဲ။

ဘာပဲပြောပြော သဘာဝ ဘေးဒုက္ခ အန္တရာယ်တွေကနေ ကျနော်တို့ လူသားတွေ မလွတ်မြောက်နိုင် သေးပါဘူး။ အန္တရာယ် ရှိနေမှန်း သိသိကြီးနဲ့ အန္တရာယ်ရှိရာ နေရာမှာ ရှင်သန်နေရတာကိုကလည်း လူသားတွေရဲ့ ဘ၀လေလား ကျနော် တွေးနေမိပါသေးတယ်။

May 15, 2009

တစိမ့်စိမ့်ကြည့်

(မအယ် ရဲ့ ဘလာဘလာယဉ်ကျေးမှုကို ဖတ်ပြီး သူ့ ပို့စ်ကို ထောက်ခံသည့် အနေဖြင့် သည်စာကို ရေးပါသည်)

ဘယ်နားသွားသွား တိုးတိုး တိုးတိုးနဲ့ ကြားနေရသည်။

- ဟဲ့... သိလား... ဘယ်သူ့ကိုလေ... ဘယ်ဝါက... အ၀ှာအမှု လုပ်လိုက်ပြီတဲ့... အခု ဟိုနေရာကို ပို့လိုက်ပြီတဲ့... ဟိုလောက်တော့ အပြစ်ချမယ်လို့ ပြောနေကြတယ်... သိလား... -

အလွန်တရာ လျှို့ဝှက်အပ်သော အနှီနိုင်ငံကြီးမှာ လင်မယားချင်း စကားပြောလည်း တီးတိုး ပြောရလေသည်။ သည်လိုနဲ့ ဈေးဝယ်ဖို့ သွားသွား၊ ဘတ်စကား တိုးစီးစီး၊ ခရီးပဲ ထွက်ထွက်၊ လဘက်ရည်ဆိုင်ပဲ ထိုင်ထိုင်၊ ဘီယာဆိုင်မှာပဲ နှပ်နှပ် တီးတိုးတီးတိုး ပြောဆိုနေသံတွေ ကတော့ အဆက်မပြတ်ကို ကြားနေရလေသည်။ လူတွေလူတွေ နှစ်ယောက် ရှိနေလို့ကတော့ တီးတိုး တီးတိုး လုပ်၊ တွတ်တီး တွတ်တာ ပြော နေကြတော့သည်။ အထက်မှ တီးတိုးစကားနဲ့ အတူ နောက်ဆက်တွဲ အမြဲကြားနေရသည်ကတော့...

- စိတ်ညစ်ဖို့ ကောင်းလိုက်တာ... -

စိတ်ညစ်ဖို့ပါဆိုမှ ဘယ်လိုလုပ် ကောင်းတော့မလဲ။ ဒီလူတွေဟာ မဟုတ်သေးပါဘူး။ စိတ် မညစ်ဖို့ ကသာ ကောင်းတာ မဟုတ်ဘူးလား။ အတော် ခက်တဲ့လူတွေ။ စိတ်ညစ်ဖို့ဆိုတာကို ကောင်းတယ်လို့ သူတို့ ယူဆနေလို့ အနှစ် နှစ်ဆယ်ကျော်အောင် ထိုင် စိတ်ညစ်နေ ကြတာဖြစ်မယ်။ စိတ်မညစ်ဖို့ကသာ ကောင်းတဲ့ အကြောင်းကို ဒီလူတွေ နည်းနည်းလေးမှ စဉ်းစားမိကြပုံ မပေါ်ဘူး။ ဒီလိုမျိုး ဘာမှ မစဉ်းစားတဲ့ လူတွေ အကြောင်းကို စဉ်းစားရတာလည်း အတော်ကို စိတ် ညစ်ဖို့ ကောင်းတာပဲ။ ဒုက္ခော... အာ.... ကိုယ်ပါ သူတို့ စကားတွေ ခဏခဏ နားထောင်မိပြီး ရောယောင်ပြီး စိတ်ညစ်ဖို့ ကောင်းနေမိပြီ။ ဒုက္ခပါပဲ။

- ဘယ်လို လုပ်ရင် ကောင်းမလဲ မသိတော့ပါဘူး... -

ဟော ကြားရပြန်ပြီ။ စိတ်ညစ်ဖို့ ကောင်းလိုက်တာ ဆိုတဲ့ စကားလိုပဲ။ ဒီစကားကလည်း မဟုတ်သေးပါဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ မသိရင် - ဘယ်လို မလုပ်ရင် ကောင်းမလဲ - အဲဒါကို တွေးကြရမှာ။ ဒီလူတွေ အဲဒါကို စဉ်းစဉ်းစားစား စဉ်းစားကြပါတော့လား။ ဘယ်လို မလုပ်ရင် ကောင်းမယ့်ဟာတွေကို စဉ်းစားနိုင်ကြရင် ကျန်တာတွေက ဘယ်လိုလုပ်လုပ် လုပ်လို့ ကောင်းမယ့်ဟာတွေပဲပေါ့။ ဒီလောက် လွယ်တာလေးကို။ ဒီလူတွေ မစဉ်းစားနိုင်ကြတာ အံ့ပါရဲ့။ ဒီလူတွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ မသိတော့ပါဘူး။ ဟဲ့... ပလုပ်တုပ်... စဉ်းစားရင်းနဲ့ ကိုယ်ပါ ဘယ်လိုလုပ်ရင် ကောင်းမလဲ မသိတဲ့ ဂိုဏ်းဝင် ဖြစ်နေပါပေါ့လား။ မဖြစ်သေးပါဘူး ဖောက်ထွက်ပြီး တွေးဦးမှပဲ။ out of the box လို့ ပြောပြောနေကြတာ အဓိပ္ပါယ်ရှိတယ်။ ဖြန့်ကျက်တွေးတာတို့၊ ဖောက်ထွက်တွေးတာတို့... အဲလိုမျိုးပေါ့။ နေဦး ခုလောလောဆယ် အိပ်ငိုက်နေတော့ ဖြန့်ကျက် မတွေးနိုင်သေးဘူး။ ဖောက်ထွက်ပဲ တွေးတော့မယ်။ ဖောက်ထွက်တွေးဖို့ ခုံပေါ်မှာ မှောက်လျက်လေး ... အဟဲ...း)

- ဒီလိုပဲ ထိုင်ကြည့်နေကြတော့မှာလား... -

ဟော... ကြားရပြန်ပြီ။ ခက်တဲ့လူတွေပဲ။
ဒီလိုပဲ ထိုင်မကြည့်ချင်ရင် ကြည့်နေလို့ရတဲ့ နည်းတွေ အများကြီး ရှိနေတဲ့ဟာကို။
ထိုင်မကြည့်ချင်ရင်
ဖောက်ထွက်တွေးဖို့ မှောက်လျက်ကလေး ကြည့်၊
ဒါမှမဟုတ် နက်နက်တွေးဖို့ ပက်လက်ကလေး ကြည့်၊
ဒါမှမဟုတ် စိတ်လက်အေးဖို့ အိပ်လျက်ကလေး ကြည့်၊
ဒါမှမဟုတ် အရေးအကြောင်းရှိပြေးဖို့ ဘေးစောင်းကလေးကြည့်။

ထိုင် မကြည့်ချင်ရင်တော့ ကြည့်ချင်တဲ့ နည်းနဲ့သာ ကြည့်ကြပေတော့ဗျာ။
ကြည့်ဖို့ပဲ ဆုံး ဖြတ်ထားကြရင်တော့ စိတ်ချမ်းသာသလိုသာ ကြည့်နေကြ ပေတော့။
အကောင်းဆုံးကတော့ အဆိုတော် ဖိုးကာရဲ့ သီချင်းလေးတပုဒ်ရဲ့ ခေါင်းစဉ်လို
တစိမ့်စိမ့်ကြည့် နေကြပေတော့ဗျား...

ဝန်ခံချက်။ ။ ကျနော့် အားနည်းချက် တခုရှိတယ်။ ရွဲ့တတ်တာပါ။ ဘလော့တွေပေါ်မှာ ကွန်မန့်တွေ ကိုလည်း ရွဲ့ပြီး ကျနော် ရေးတတ်တယ်...း) တကယ် စိတ်ထဲက ရေးချင်လို့ မဟုတ်ပါ။ ခုစာကလည်း တကယ် ရီစရာ စာမဟုတ်ပါဘူး။ ရွဲ့ချင်စိတ် ပေါ်လာတာနဲ့ ရေးလိုက်တာပါလို့ အရိုးသားဆုံး ၀န်ခံအပ်ပါတယ်။

(အောင်သာငယ်)

May 13, 2009

ရေးမထားတဲ့စာ

















ငါ့ကောင်းကင်က
ကြယ်တွေကြွေကျတဲ့ညတခုမှာ
ဆုတောင်းဖို့ ငါ မေ့နေခဲ့ပါတယ်...

မေ့လက်စနဲ့
အမေ့ကိုပါ ငါ မေ့ထားခဲ့တယ်။
ကင်းပုံသီးတွေ အပြည့်နဲ့
ငါကြီးပြင်းခဲ့ရာ ခြံဝင်းတခုကို မေ့ထားခဲ့တယ်။
ငယ်စဉ်က နေ့တိုင်းလျှောက်ခဲ့ရတဲ့
နွေအခါ ခြောက်သွားတတ်တဲ့ ရေကြည်စမ်းချောင်းငယ်လေးရှိရာ
ရွာလယ်လမ်းကို ငါ မေ့ထားခဲ့တယ်။
ဆယ်နှစ်ကျော် ပွေ့ဖက်ခဲ့တဲ့
ဂစ်တာလေးတလက်ကို ငါ မေ့ထားခဲ့တယ်။
အပြစ်မသိသေးတဲ့
ညီမလေးတယောက်ကို ငါ မေ့ထားခဲ့တယ်။
မွန်းတည့်ချိန်မှာ သိပ်တိုတောင်းနေတဲ့
ငါ့အရိပ်ဟောင်းကိုလည်း ငါ မေ့ထားခဲ့တယ်။
ငါ့အပေါ်သိပ်ကောင်းခဲ့တဲ့
သူငယ်ချင်းအပေါင်းကိုလည်း ငါ မေ့ထားခဲ့တယ်။
ငါ့ကို နေရာတကာပို့ပေးခဲ့တဲ့
စက်ဘီးလေးကိုလည်း ငါ မေ့ထားခဲ့တယ်။

ငါဟာ မေ့လျော့ခြင်းခရီးကို
အပြီး ထွက်ခဲ့သူပါကွယ်...

ညတညမတော့
ငါ့ လတစင်းပါ
ထပ်မံကြွေကျသွားတဲ့အခါ
ခရီးကို ငါ ရပ်နားမိပါပေါ့...

သည်အခါ
အမေ့မျက်ရည်တွေ ငါ့နှလုံးသားကို စွတ်စို...
ဟောင်းနွမ်းဆွေးမြေ့လာတဲ့ ခြံဝင်းလေး င့ါအပေါ် ပိပြို...
ရွာလယ်လမ်းလေးကတော့ ငါ့ရှေ့မှာ ဖြောင့်တန်းနေဆဲ...
ဂစ်တာတလက်က ငါ့အပွေ့အဖက်ကို လွမ်းဆွတ်နေမြဲ...
ညီမလေးတယောက်ကတော့ ငါ့ကို တမ်းတရှာ...
ဆည်းဆာထဲက ငါ့အရိပ်တွေကတော့ ရှည်လျားလာ...
သူငယ်ချင်းတွေကလည်း ငါ့အကြောင်း ပြောနေကြချိန်မှာ...
စက်ဘီးလေး တစင်းခမျာမတော့
ငါ့ကို သယ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေတော့တယ်၊

မေ့လျော့ခြင်းခရီးသွားတယောက်သည်လည်း
မရေမတွက်နိုင်သော အကြိမ်မြောက်အဖြစ်
သေကောင်ပေါင်းလဲ
လွမ်းဆွတ်နေတတ်မြဲဖြစ်ကြောင်း
ကမ္ဘာမြေ ကောင်းကောင်း သိပါတယ်.... ...

ATN

May 12, 2009

တိတ္ထိတဦး၏မှတ်တမ်း (၁)

သူ မယုံကြည်သော အရာအတော်များများ ရှိလေသည်။ ဥပမာ - သရဲ တစ္ဆေ ဥစ္စာစောင့် နတ် စသည် တို့ကို သူ မယုံပါ။ သည်လို အရာတွေနှင့် ပတ်သက်ပြီး ဖတ်ခဲ့ဖူးသော စာတွေ ဇာတ်လမ်းတွေလည်း များလှပြီ။ သူရဲကြောက်တတ်သော သူငယ်ချင်းများကိုလည်း သူ ဆဲခဲ့ ဖူးလှပြီ။ ငယ်စဉ်တုန်းက စာအုပ်ဆိုင်မှ ငှားဖတ်ခဲ့သော ဆရာကြီး မြစကြာ၏ သူရဲ တစ္ဆေ သိုက် စုန်း ကဝေနှင့် ဥစ္စာစောင့် ဇာတ်လမ်းများက ဖတ်ကောင်းရုံမျှသာ။ သည်စာအုပ်များကို ဖတ်ပြီး ညဖက် အိမ်သာ မသွားရဲသော သူ့သူငယ်ချင်းများကိုလည်း သူ လှောင်ပြောင် ဟားတိုက်ဖူး လေသည်။ သူကတော့ သရဲ တစ္ဆေကို လုံးဝ အယုံအကြည် မရှိ။ သည်လို သူ့ မယုံကြည်မှုကို ပိုပြီး ခိုင်မာစေသော အကြောင်းများကလည်း ရှိလာသေးသည်။ သူ့ မိသားစု နေထိုင်ရာ ခြံဝင်းအတွင်း သူတို့ ညီအကို နေထိုင်သော အိမ်နှင့် ကပ်လျက် ထန်းပင်တွင် နေ့တိုင်း ထန်းတက်နေကြဖြစ်သော ထန်းတက်သမားကြီး မတော်တဆ ထန်းပင်မှ ပြုတ်ကျကာ သေဆုံး သွားပြီး နောက်ပိုင်း သရဲခြောက်သည်ဟု ရပ်ကွက်ထဲတွင် နံမည်ကြီးလာသော သည်ထန်းပင်ကို ညသန်းခေါင် များတွင်လည်း သူ သွားကြည့်ဖူးသည်။ မည်သည့် သရဲကမျှ သူ့ကို မခြောက်။ သူကလည်း မည်သည့် အခါကမျှ ထိုသရဲကို မတွေ့ခဲ့ဖူးပါ။

တနေ့ လဘက်ရည်ဆိုင်သို့ သူရောက်သွားချိန်တွင် ရောက်နှင့်နေသော သူငယ်ချင်းများက သရဲ တစ္ဆေ အကြောင်းများ ပြောနေကြလေသည်။ သူက စားပွဲတွင် ၀င်ထိုင်ရင်း သူငယ်ချင်းများ ပြောနေကြသည့် အကြောင်းကို ခေတ္တခဏ နားစွင့်လိုက်သည်။ ရန်ကုန် တက္ကသိုလ် မန္တလေး ဆောင်မှ ကျောပေါက်ကြီးတို့၊ တံတားဖြူ အနားတွင် မျက်လုံး လိုက်ရှာနေသော သူတို့၊ တက္ကစီသမား တယောက် ညဖက် အိမ်အပြန်တွင် ကားနောက်ခန်းမှာ မည်သည့် အချိန်က ပါလာမှန်း မသိသော မိန်းမကြီးတဦးတို့ စသည်စသည် ကြားဖူး နေကြဖြစ်သော တစ္ဆေ ပုံပြင် များသာ ဖြစ်နေလေသည်။ - မင်းတို့ကလည်းကွာ အဓိပ္ပါယ် မရှိတာတွေပဲ လျှောက်ပြောနေတာ။ အဲဒါတွေက တကယ်ရော ဟုတ်လို့လား - သူ ၀င်ပြောသည့်အခါ - ဟုတ်လို့ ဒီအကြောင်းတွေ ကြုံခဲ့တဲ့လူတွေက ပြောလာကြလို့ လူတွေ သိလာတာပေါ့ ဟ... - မျိုးကြီးက ပြန်ပြောလေသည်။ - ဟုတ်တယ်လို့ မင်းတို့ ဘယ်လိုနည်းနဲ့ သက်သေ ပြမတုန်း... ။ ဥပမာကွာ - ကျောပေါက်ကြီး ဇာတ်လမ်း ဆိုရင် ငါ့ အဒေါ်တွေ တက္ကသိုလ် တက်ကတည်းက ငါကြားဖူးခဲ့တာ...။ ခုထိလည်း ကြားနေရတုန်း...။ မန္တလေး ဆောင်မှာဆို ငါကိုယ်တိုင်လည်း ညအိပ်ခဲ့ဖူးပါတယ်... ။ မင်းတို့ ပြောသလိုသာဆို ငါလည်း အဲသည် ကျောပေါက်ကြီးကို တွေ့ရမှာပေါ့... ။ လူတွေက ဇာတ်လမ်း လုပ်ပြီး လျှောက်ပြောနေတာပါကွာ... ။ ငါတော့ သရဲဆိုတာကို ယုံကို မယုံဘူး... - သူ ပြောတော့ - မင်းကတော့ သရဲက မင်းကို လည်ပင်းညှစ်တာ ကိုယ်တိုင်ခံရမှ ယုံမယ့် ကောင်စားမျိုးပါကွာ ... - ထွန်းလှက ၀င်ပြော လေတော့သည်။ - ဟီး... ဟီး... ငါ့ လာ လည်ပင်း ညှစ်ရင် သရဲကိုလည်း ငါ ပြန်ညှစ်မှာပေါ့... ဟ... သူညှစ် ကိုယ်ညှစ်ပေါ့... - သူ ပြန်ပြောတော့ ကျန်သည့် သူငယ်ချင်း များက ၀ိုင်းရီကြလေသည်။ - ဟေ့ရောင်... မင်း တကယ် သတ္တိရှိတယ် ဆိုရင် သရဲ ရှိတယ် ဆိုတာ မယုံဘူး ဆိုရင် လောင်းကြေး စားကြေး လုပ်မလား... - ဒေါကန် နေသည့် ထွန်းလှက ပြောလာ လေတော့သည်။ - အာ... အလောင်းအစားတွေ ငါ ၀ါသနာ မပါဘူး... ဒါပေမယ့် သတ္တိ ရှိတာ မရှိတာနဲ့ သရဲရှိတာ မရှိတာနဲ့ ဘာဆိုင်လို့လဲ... - သူ ပြန်မေးသည့်အခါ - အေးလေ... ဆိုင်လို့ ပြောနေတာပေါ့... သရဲဆိုတာ သင်္ချိုင်းတိုင်းမှာ ရှိတယ်... ။ မင်းမယုံဘူးဆိုရင် အခု ည သန်းခေါင်မှာ ကျိုက္ကဆံသင်္ချိုင်းမှာ သရဲတွေ သွားခေါ်ရဲမလား....။ ဒါပေမယ့် မင်း တယောက်တည်း သွားရမှာ... သတ္တိရှိမှ လုပ်...- ထွန်းလှက ပြောလာသည့်အခါ - နေပါဦး အဲတာ သွားလုပ်တာနဲ့ လောင်းကြေးစားကြေးက ဘယ်လို ပတ်သက်နေလို့လဲ... - သူ ပြန် မေးမိလေသည်။ - မဟုတ်ဘူးလေ ... သရဲရှိတယ်ဆိုတာကို မင်းမယုံဘူး မဟုတ်လား...။ ငါတော့ ယုံတယ်...။ အဲတော့ အခု ငါပြောသလို မင်းသွားလုပ်ကြည့်... မင်းကိုယ်တိုင် သရဲကို တွေ့ကို တွေ့ရလိမ့်မယ်...။ အဲသည်အခါကျမှ ထွက်မပြေးနဲ့... ။ အဲဒါကို ငါလောင်းမှာ... - ထွန်းလှက ပြန်ပြောလေသည်။ - အော... အဲလိုလား... ။ ဟုတ်ပြီ...။ ဒါဆို ငါ သရဲ မတွေ့ရင် မင်းရှုံးပြီးပေါ့...။ ဒါနဲ့ ဘာကြေး လောင်းမှာလဲ...။ ဒါပေမယ့် မင်းက စပြီး လောင်းတာနော်... ။ ငါက ဘာမှ ကြေးထပ် စရာ မလိုဘူး...။ မင်းရှုံးရင်သာ ငါ့ကို ဘာ အလျော်ပေးမလဲ... - သူ မေးလိုက် လေသည်။ - မင်းဘာလိုချင်လဲ ပြော... - ထွန်းလှက ခပ်မာမာမေးလေသည်။ - အိုကေ... မင်းရှုံးရင် မင်း အခု စီးနေတဲ့ ပြိုင်စက်ဘီးကို ငါ့ကို ပေးမလား... - သူက ထွန်းလှ၏ အသည်းစွဲ စက်ဘီးကို ဈေးခေါ်လိုက်ပါသည်။ - အေး... ပေးမယ်...။ ဒါပေမယ့် သင်္ချိုင်းထဲမှာ မင်း အကျယ်ကြီး အော်ပြောရမှာနော်... ငါတို့က နားထောင်နေမှာ... - ထွန်းလှက ပြောလေသည်။ - ကောင်းပြီလေ... - သူ ပြောပြီးသည့်အခါ - ဟေ့ရောင်တွေ ဒါက နောက်စရာ လောင်းစရာ မဟုတ်ဘူးနော်... ။ မလုပ်နဲ့ ဟေ့ရောင်... - စိုးလင်းအောင်က သူ့ကို ၀င်တားလေသည်။ - နေပါကွာ... လက်တွေ့ စမ်းသပ်ကြည့်မှ သိမှာပေါ့... မဟုတ်ဘူးလား... - သူ ပြောရင်း - ကဲ ... ငါက သင်္ချိုင်းထဲရောက်ရင် ဘာကို အကျယ်ကြီး အော်ပြောရမှာလဲ... - ထွန်းလှကို မေးလိုက်လေသည်။ - မင်း ပြောရမှာက... ဤအရပ်တွင် မှီတင်းနေထိုင်နေသည့် ရှိရှိသမျှသော အသူရကာယ် ပြိတ္တာ မှင်စာ သရဲ တစ္ဆေနှင့် စုန်း ကဝေများပါမကျန် သင်တို့ရှိနေကြောင်း ငါမယုံပါ... သင်တို့ ရှိနေကြောင်း သက်သေပြသည့် အနေဖြင့် ငါ့အား ကိုယ်ထင်ပြကြပါ... လို့ မင်း... ၃ ခါ အော်ရမယ်... - ဟု သူ့ကို ပြောလေသည်။ - ဟုတ်ပြီ... - သူပြောရင်း လဘက်ရည်ဆိုင် ပိတ်သည်အထိ ထိုင်ရင်း ညသန်းခေါင်ကို စောင့်နေကြလေသည်။ သန်းခေါင် ရောက်သောအခါ သူငယ်ချင်း တစုလုံး ကျိုက္ကဆံသင်္ချိုင်းကုန်းရှိရာသို့ ချီတက်ခဲ့ကြလေသည်။

ထိုည သန်းခေါင်မှာ အပုပ်နံ့တချို့ လွင့်မျောနေသော ကျိုက္ကဆံသင်္ချိုင်းမှာ တစ္ဆေသရဲများကို ခေါ်ခဲ့သော သူ့ အော်သံကို သူငယ်ချင်း အားလုံး ကြားခဲ့ကြပါသည်။ သူ့ကို မည်သည့် တစ္ဆေသရဲကမျှ ကိုယ်ထင် မပြခဲ့ပါ။ သူကလည်း ထွန်းလှ၏ ပြိုင်စက်ဘီးကို လောင်းကြေးအဖြစ် မယူခဲ့ပါ။

-----------------------------------------------------------------------------------

သူ ဘွဲ့ရပြီးသည့်အခါ ရှမ်းပြည်နယ်ရှိ မြို့တမြို့တွင် ကျောင်းဆရာအဖြစ် အလုပ်ရလေသည်။ သည်လိုနှင့် ထိုမြို့ ကလေးသို့ ကျောင်းဆရာ တယောက်အဖြစ် ရောက်လာသည့် သူ့ကို နယ်ခံအားလုံးက ၀မ်းပမ်းတသာ လေးလေးစားစား ကြိုဆိုကြလေသည်။ သူ့ကို အိမ်တအိမ်တွင် တာဝန်ရှိသူများက နေရာချထားပေး လေသည်။ သို့သော်လည်း သူက တကိုယ်ရေ တကာယသမား ဖြစ်သည်နှင့် အညီ တဦးတည်းသာ သီးသန့်နေချင်လေတော့သည်။ သည့် အတွက် သူ တဦးတည်း အေးအေးဆေးဆေး နေနိုင်မည့် နေရာတခုကိုသာ ဖြည့်ဆည်းပေးဖို့ တောင်းခံမိလေသည်။

- ဆရာလေးရဲ့... သည်မှာကတော့ အားလုံးက မိသားစုတွေချည်းပဲဆိုတော့ တယောက်တည်း နေတဲ့သူက လုံးဝကို မရှိဘူးဗျ... - သူ တာဝန်ကျရာ ကျောင်းရှိသည့် အရပ်မှ ရပ်ကွက်လူကြီးက ပြောနေခြင်း ဖြစ်ပါသည်။ - ကျနော် ကတော့ ကျနော့် အတွက် ဘယ်သူမှ တာဝန် မကြီးစေချင် လို့ပါ...။ ကျနော့်ဘာသာ ကျနော် ချက်ပြုတ် စားလို့လည်း ဖြစ်ပါတယ်... ။ အဲလို နေရာ တခုလေးသာ ကျနော့်ကို ရှာပေးပါ... - သူက ထပ် ပြောလိုက် ပါသည်။ - အင်း... ဒါဆို တနေရာတော့ ရှိတယ် ဆရာလေးရဲ့... ဒါပေမယ့် ဆရာလေးကိုလည်း အဲသည်မှာ မနေစေချင်ဘူး... - ဟု ရပ်ကွက်လူကြီးက ဆက်ပြောလေသည်။ - ဟာ... တနေရာ ရှိရင် ရပြီလေ... ကျနော်နေပါ့မယ်... ကိစ္စမရှိဘူး... - သူက အားတက်သရော ပြောမိသည့်အခါ - မဟုတ်ဘူး ဆရာလေးရဲ့ .. အဲသည် နေရာက သရဲခြောက်လို့ပါ... ဒါကြောင့် ဘယ်သူမှ မနေဘူး... - ဟု သည်လူကြီးက ပြောလာလေသည်။ - ကျနော်က သရဲကို အယုံအကြည် မရှိပါဘူး... ရပါတယ် ကျနော် နေပါ့မယ်... - သူပြောသည့်အခါ - အင်း... ဆရာလေးလိုပဲ ဆရာလေးတချို့ အဲသည်မှာ နေခဲ့ဖူးပါတယ်... ၃ -၄ ယောက်ပေါ့...။ နောက်တော့ သူတို့အားလုံး ပြောင်းပြေးသွားကြတာပါပဲ... - ဟု လူကြီးက ပြောလေသည်။ - အား... ကျနော်ကတော့ ပြောင်း မပြေးပါဘူး... တကယ်ပါ... အဲသည်မှာပဲ ကျနော် နေပါ့မယ်... - သူက ဇွတ်အတင်း ပြောလေသည်။

သည်လိုနှင့် တောင်ခြေအစပ်တခုရှိ ခြံဝင်းတခုအတွင်းမှ အုတ်ခံ အိမ်ကလေး တလုံးသို့ သူ ရောက်ရှိ သွားလေ တော့သည်။ ခြံဝင်းအတွင်းမှာ စံပယ်ပင်များသာ ရှိသည်။ အခြား ဘာမျှ မရှိ။ အိမ်ကလေးကလည်း အခန်း ၂ ခန်းသာ ရှိလေသည်။ ဧည့်ခန်းနှင့် အိပ်ခန်း။

- ဒါနဲ့ နေပါဦး ဒီလောက် အေးဆေးတဲ့ နေရာမှာ သရဲက ဘယ်လို ခြောက်တာတုန်း... - သူ မေးမိ သည့်အခါ - သည်လို ဆရာလေးရဲ့ ... သည် အိမ်ရှင်ကလည်း ကျောင်းဆရာ တယောက်ပါ... ရှမ်းအမျိုးသားပေါ့... မန္တလေးမှာ တက္ကသိုလ်တက်ရင်း ဗမာ အမျိုးသမီး တယောက်နဲ့ အကြောင်းပါတယ်...။ နောက်တော့ သည်မှာပဲ သူက ကျောင်းဆရာ လာပြန်လုပ်တာ...။ သူ့အမျိုးသမီးကလည်း ယောင်နောက် ဆံထုံးပါ ပါလာတာ ပေါ့လေ...။ သည်အမျိုးသမီး ကတော့ အခု ဆရာလေး မြင်နေတဲ့ စံပယ်တွေပဲ စိုက်တယ်... ။ စံပယ်တွေကို သူ ရောင်းတာပေါ့လေ...။ တရက်တော့ သည် ကျောင်းဆရာက သူ့ ပညာရေးကိစ္စနဲ့ မြို့ကို သွားရတယ်။ လမ်းမှာ ကားမှောက်ပြီး သေရော...။ အဲသည်နောက်မှာတော့ သည်အမျိုးသမီး ခမျာ စိတ်နောက် သလို ဖြစ်သွားတာပဲ...။ ဘယ်သူ့ကိုမှ စကား မပြောတော့ဘူး...။ လူတွေ တွေ့တာကတော့ တချိန်လုံး အခန်းထဲမှာ လမ်းလျှောက်နေတာပဲ တွေ့တယ်...။ တရက်မတော့ သည် အိပ်ခန်းထဲမှာ ကြိုးဆွဲချပြီး သေနေတာ တွေ့ရတယ် ဆရာလေးရဲ့...။ ဆွေမျိုးသားချင်းတွေကလည်း မရှိ အိမ်ကလည်း သူတို့ ပိုင်တာဆိုတော့ သည်အတိုင်းပဲ ရပ်ကွက်က ထားထားတာပါ...။ နောက်တော့ ကျောင်းဆရာတချို့ ရောက်လာတော့ သည်မှာ ကျနော်တို့ နေရာ ချပေးတယ်...။ သရဲခြောက်တယ်ဆိုပြီး ဆရာလေးတွေလည်း ထွက်ပြေးကြတာပဲ... - ရပ်ကွက်လူကြီးက အသေးစိပ် စိတ်ရှည် လက်ရှည် ရှင်းပြနေလေသည်။

သူ့အတွက် လိုအပ်သော စားနပ်ရိက္ခာများနှင့် မီးဖိုချောင် ပစ္စည်းများကို အစစ စီစဉ်ပေးပြီးသည့်အခါ ရပ်ကွက် လူကြီးနှင့် သူ့လူများ ပြန်သွားကြလေသည်။ သိပ်မများလှသော သူ့ပစ္စည်းများကို နေရာ ချထားပြီးသည့် အခါ စားသောက်ဖို့အတွက် သူ စီစဉ်ရင်း ခြံဝင်းနှင့် အိမ်ကလေးကို လှည့်ပတ်ကြည့်မိ လေသည်။ ခြံဝင်းအတွင်းရှိ စံပယ်ပင် များကတော့ အတော့ကို ကြီးမား ထူထပ်နေလေသည်။ အိမ်ထဲသို့ သူ ပြန်ဝင်လာရင်း သူ့အတွက် သယ်လာပေးသော ခေါက်စားပွဲကို ဧည့်ခန်းတွင် ဖြန့်ခင်းလိုက်သည်။ စာအုပ်တချို့ကို စားပွဲပေါ်သို့ တင်ထားလိုက်သည်။ သည့်နောက် အိပ်ခန်းထဲသို့ ပြန်ဝင်ရင်း ကွပ်ပျစ်ပေါ်ရှိ သူ့ အိပ်ယာကို ပြင်လိုက်လေသည်။ သည်လိုနှင့် ညရောက်လာသည်။ နောက်တနေ့ စာသင်ဖို့ အတွက် လိုအပ်သည်များကို ပြင်ဆင်ရင်း သူ့ဖာသာ ချက်ပြုတ်ပြင်ဆင်ထားသော ညစာကို စားလိုက်သည်။ သည့်နောက် မတော့ ဥတ္တရလေ အေးအေးမှာ စောင်ခြုံရင်း သူ ကွေးလိုက်မိ ပါတော့သည်။

ရာသီဥတု အေးအေးမှာ မှေးကနဲ အိပ်ပျော် သွားသော သူသည် အသံ တသံကြောင့် နိုးလာမိလေသည်။ သူ နိုးလာတော့ ပထမဆုံး မြင်ရသည်က ခေါင်းရင်းရှိ ပြတင်းပေါက်မှ ၀င်လာနေသော လရောင်သာ ဖြစ်ပါသည်။ သူ့မျက်လုံးများက လရောင်ကို ကျက်မိသွားချိန်မှာ သူ့နားများက ခြေသံ တဖြတ်ဖြတ်ကို အသေအချာ ကြားနေရ လေသည်။ သည် ခြေသံက ဧည့်ခန်းထဲမှ ထွက်ပေါ်လာနေခြင်း ဖြစ်လေသည်။ သူ့ဘ၀မှာ ပထမဆုံး အကြိမ် သူ့တကိုယ်လုံး အေးခဲသွားသည်ကို သူခံစားလိုက်ရလေသည်။ - အိမ်ထဲမှာ လူတယောက် ရောက်နေပြီ... - သူ့ဘာသာ စဉ်းစားမိလိုက်သည်။ ကြိမ်းသေတာတခုကတော့ သည်အိမ်မှာ ခိုးဝှက်ယူစရာ အဖိုးတန် ပစ္စည်း ဘာမျှကို မရှိ။ သူကိုယ်တိုင်ကလည်း သည်နေ့မှ သည်အိမ်ကို ရောက်လာသူ။ သည် အိမ်မှာ သူကလွဲလို့ တခြားသူလည်း မည်သူမျှ မနေ...။ ဒါဆို ဘယ်သူလဲ...။ ပထမဆုံး အကြိမ် သူ့ ရင်တွေ တဒုတ်ဒုတ် ခုန်သွားလေသည်။ - ဒါဟာ... သူတို့ ပြောနေတဲ့ သရဲလား... ။ အာ... ဟေ့ကောင်... မင်း ဘာတွေ တွေးနေတာလဲ... - သူ့ကိုယ်သူ ပြောရင်း ခေါင်းရင်းမှ လက်နှိပ် ဓါတ်မီးကို သူ ဆွဲယူလိုက်သည်။ သည့်နောက် မတော့ လက်နှိပ် ဓါတ်မီးကို ထိုးချလိုက်ရင်း ဧည့်ခန်းထဲသို့ သူ ထွက်ကြည့်လိုက်လေသည်။ ထိုအခါ တဖြတ်ဖြတ် ခြေသံက ရုတ်တရက် ပျောက်သွား လေတော့သည်။ ဓါတ်မီးနှင့် ဧည့်ခန်း တခုလုံးကို သူ ထိုးကြည့် သော်လည်း ဘာတခုမျှ မတွေ့ပါ။ သူခင်းထားသည့် ခေါက်စားပွဲနှင့် စားပွဲပေါ်မှ စာအုပ် တချို့ကလွဲ၍ ဘာမျှ မရှိသော ဧည့်ခန်းကို သူ အသေအချာ ကြည့်နေဆဲမှာပင် တဖြတ်ဖြတ် ခြေသံကို သူ ထွက်လာရာ အိပ်ခန်းဆီမှ သူ့နားနှင့် ဆတ်ဆတ် ကြားလိုက်ရလေတော့သည်။ ဓါတ်မီးကို ထိုးရင်း အိပ်ခန်းထဲသို့ သူ အလျင်အမြန် ၀င်လိုက်လေသည်။ အိပ်ခန်းထဲမှာ သူ့အိပ်ယာခင်းထားသော ကွပ်ပျစ်မှ လွဲ၍ ဘာတခုမျှ မရှိပါ။ ထို့အတူ သူကြားခဲ့သော ခြေသံကိုလည်း ထပ်မကြားရတော့ပါ။ ကွပ်ပျစ် နံဘေးတွင် သူ တွေဝေ နေမိစဉ်မှာပင် နောက်ထပ် တဖြတ်ဖြတ် ခြေသံကို ဧည့်ခန်းဆီမှ သူ ပြန်ကြားနေရပါ လေတော့သည်။ ဓါတ်မီးကို ထိုးထားရင်း ဧည့်ခန်းသို့ သူ ပြေးထွက်လာခဲ့သည်။ သူပြေးထွက်လာခဲ့သလိုပင် တဖြတ်ဖြတ် ပြေးသွားသော ခြေသံကို သူ့နားနှင့် ဆတ်ဆတ် ကြားလိုက်ရပါလေသည်။ ခြေသံက အိမ်အပြင် ဖက်သို့ ဦးတည်သွားနေခဲ့သည်။ သူ့လက်မှာ ပတ်ထားသော နာရီကို ကြည့်မိတော့ မနက် ၃ နာရီ ထိုးတော့မည်။ လတ်တလောမှာတော့ သူ အတော် တွေဝေသွားလေသည်။ - ဒါဟာ သရဲလား...။ သရဲဆိုတာ တကယ် ရှိတာမှ မဟုတ်တာ...။ တယောက်ယောက် ငါ့ကို လာ နှောက်ယှက်နေတာလား...။ ဒါဆို ခြေသံတွေက ဘယ်ကနေ လာနေတာလဲ...။ ကြိမ်းသေတာကတော့ ခြေသံတွေက တကယ့် ခြေသံစစ်စစ်ပဲ... ငါ ပြေးထွက်လာတဲ့ ခြေသံလိုပဲ... - သူ့ အတွေးများ ရှုပ်ထွေးသွားနေပါပြီ။ သရဲ မယုံသောသူ သရဲနဲ့ တွေ့နေပြီလား။ သူ့ဘာသာ ပြန်မေးနေမိလေသည်။ သည်လိုနှင့် သူ ပြန်မအိပ်နိုင်တော့ပဲ မိုးလင်းခဲ့ရ လေတော့သည်။

သည်အိမ်မှ သူ့ ပထမဆုံးည အတွေ့အကြုံကို မည်သူ့ကိုမျှ နောက်တနေ့မှာ သူ မပြောပြဖြစ်ပါ။ သူ လုပ်စရာ ရှိသည်များ အားလုံးကို လုပ်ပြီးသည့်အခါ ဒုတိယမြောက် ညအတွက် သူ ပြင်ဆင်ဖို့ စဉ်းပါလေ တော့သည်။ - အခန်း ၂ ခန်းလုံးကို မီးတွေ ဖွင့်ထားမယ်... - သည်လို သူတွေးပြီး ၂ ခန်းလုံးကို မီးဖွင့်ထားကာ သူ အိပ်ယာ ၀င်ခဲ့လေသည်။ ပြီးခဲ့သည့် ညက အိပ်ရေး မ၀ခဲ့သည့် အတွက်လည်း အိပ်ယာ ၀င်လိုက်သည်နှင့် သူ အိပ်မောကျသွားခဲ့လေသည်။

ဖြတ်ဖြတ် ဖြတ်ဖြတ် မြည်နေသည့် အသံတခုက သူ့ကို အိပ်မောကျနေရာမှ လှုပ်နှိုး လိုက်လေသည်။ သူ့ မျက်လုံး ၂ လုံး ပွင့်သွားချိန်မှာ အိပ်ခန်း အလယ်တည့်တည့်မှ မီးလုံးကို သူ အရင်ဆုံး မြင်ရလေသည်။ သည့်နောက် မှာတော့ ဧည့်ခန်းဆီမှ ထွက်ပေါ်လာနေသည့် တဖြတ်ဖြတ် ခြေသံများကို သေသေချာချာ သူ ကြားလိုက်ရလေသည်။ အခန်း ၂ ခုလုံးမှာ မီးဖွင့်ထားသည်မို့ ဓါတ်မီးကို သူမလိုပါ။ အိပ်ခန်းမှ သူ ထွက်လာလာချင်းပင် ဧည့်ခန်းထဲမှ သူကြားနေရသော ခြေသံ တဖြတ်ဖြတ်က ရုတ်တရက် ပျောက်သွား လေတော့သည်။ ဧည့်ခန်းထဲတွင် ဘာမျှ မရှိပါ။ ဧည့်ခန်းထဲတွင် သူ ဟိုသည် ကြည့်နေဆဲမှာပင် တဖြတ်ဖြတ် ခြေသံများက အိပ်ခန်းထဲမှ ပြန်ထွက်ပေါ်လာနေသည်ကို သူ ကြားလိုက်ရလေတော့သည်။ အိပ်ခန်းထဲသို့ သူ ပြေးဝင်ကြည့်လိုက်သည်။ ထိုအခါ ခြေသံကလည်း ပြန် ပျောက်သွားလေတော့သည်။ သည့်နောက်မတော့ ဧည့်ခန်းဆီမှ တဖြတ်ဖြတ် ခြေသံကို သူ ကြားရပြန်ပါတော့သည်။

ကြိမ်းသေပါသည်။ သူ့ကို သရဲခြောက်နေပြီ။ သည်အိမ်မှာ သရဲရှိနေပြီ။ - ဟင်... သရဲ မယုံတဲ့ကောင်... အခုတော့ သရဲနဲ့ တွေ့နေပြီပေါ့.... - သူ့ဘာသာ သူ ပြန်ပြောရင်း - ဒါက တကယ်ရော ဟုတ်လို့လား... စိတ်က လှည့်စားနေတာ မဟုတ်လား... - သူ ဆောက်တည်ရာမရ ဖြစ်နေပါလေပြီ။

အိပ်ခန်းထဲတွင် သူ ငိုင်တွေစဉ်းစားနေရင်း ဧည့်ခန်းထဲမှ ကြားနေရသည့် ခြေသံတဖြတ်ဖြတ်က ပိုပြီး ကျယ်လောင် လာသည်ဟု သူ ခံစားနေရလေသည်။

ရုတ်တရက် သူ့ စိတ်ထဲမှာ ပေါ်လာသည့် ခံစားမှုအတိုင်း သူ့ပါးစပ်မှ စကားလုံးတချို့ ထွက်ကျသွား လေတော့သည် - ဟေ့... ဒ်ီမှာ... ခင်ဗျား ဘာလဲဆိုတာ ကျနော် မသိဘူး...။ ကျနော် ဒီမှာ လာနေတာကတော့ ကလေးတွေကို စာသင်ပေးဖို့ပဲ...။ ခင်ဗျားကို ဒုက္ခပေးဖို့ နှောက်ယှက်ဖို့ မဟုတ်ဘူး...။ တခြားမှာ နေစရာ မရှိလို့ ကျနော် ဒီမှာ လာနေတာပါ...။ ခင်ဗျား မကြိုက်ရင် ကျနော် ဒီမှာ မနေတော့ပါဘူး... ။ ခင်ဗျား အကြောင်းကိုလည်း ကျနော့်ကို ဒီကလူတွေ ပြောပြထားပါတယ်...။ ကျနော် စိတ်မကောင်းပါဘူး...။ တခုပဲ ကျနော့်ကို ဒီမှာ ဆက်မနေစေချင်ရင် ခင်ဗျားခြေသံတွေနဲ့ ကျနော့်ကို ပြောပါ...။ တကယ်လို့ ကျနော့်ကို ဆက်နေစေချင်တယ်ဆိုရင် ခင်ဗျားခြေသံတွေကို ကျနော် ထပ်မကြားပါရစေနဲ့တော့... -

အရူးတယောက်လို သူပြောနေသည့် စကားအဆုံးမှာ မည်သည့် ခြေသံကိုမျှ သူ ထပ်မကြားရတော့ပါ။ ထို အချိန်ကစပြီး ထိုအိမ်တွင် မည်သည့် ခြေသံကိုမျှ သူ ထပ် မကြားရတော့ပါ။

-------------------------------------------------------------------------------------

သို့သော်လည်း တိတ္ထိတဦးက သရဲရှိကြောင်း ယုံကြည်သွားပါသည်ဟု ဆိုလျှင် သင်တို့ ရီမော ကြလေမည်လား။ ဟက်ဟက် ပက်ပက် ရီမောကြပါကုန်...

May 10, 2009

တိတ္ထိတဦး၏မှတ်တမ်း (နိဒါန်း)

အသက်တရာ မရှည်ပေမယ့် အခက်တရာ ပွေနိုင်သေးတယ်...
သည့်ထက်မကရင်လည်း တွေ့ရမယ် မရေနိုင်တော့ပြီပဲ...

ခင်မောင်တိုး၏ “အရွယ်လွန်ရွေ့လျား” သီချင်းသံက သူ့အခန်းထဲမှာ ခပ်တိုးတိုး လွင့်ပျံ့နေ လေသည်။ အပျင်းပြေ တွေ့ရာ ကောက်ဖတ်မိသော စာအုပ်ထဲသို့ နစ်မ၀င်သွားနိုင်သော သူ့စိတ်က သီချင်းသံဆီသို့ ရောက်သွားလေသည်။ ဘာအကြောင်းအရာမှန်း မသိသော သူ ဖတ်လက်စစာအုပ်ကို စားပွဲပေါ်သို့ ပစ်ချ လိုက်ရင်း ခင်မောင်တိုး သီချင်းကို အာရုံ စိုက်လိုက် မိသည်။ သီချင်းကို နားထောင် နေရင်းမှာပင် သူ့နားထဲမှာ သီချင်းသံကလည်း တိုးတိတ်ကာ ပျောက်ဆုံး သွားလေသည်။ သူ့အာရုံက သီချင်းသံမှာလည်း မရှိတော့ပါ။ သူ့အာရုံက အတွေး တခုထဲသို့ ရောက်သွားနေလေသည်။ သို့သော်လည်း သူ တွေးမိ နေသည်က အခက် တရာလည်း မဟုတ်ပါ။ အခက်အခဲတွေလည်း မဟုတ်ပါ။ သူကိုယ်တိုင် သော်၎င်း၊ သူ့လို ထပ်တူ ယုံကြည်ချက်ရှိသော သူ့သူငယ်ချင်းများ သော်၎င်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်တွေးနေမိခြင်းသာ ဖြစ်ပါသည်။

--------------------------------------------------------------------

သူက သာမန်လူများနှင့် အနည်း ငယ် ကွဲပြားခြားနားနေလေသည်။ ဆိုလိုသည်မှာ သာမန် လူတွေလို သူ မကြီးပြင်းခဲ့ရ။ လူတိုင်းနီးပါး မိဘ လက်ပေါ်မှာ ကြီးပြင်းလာကြရသည့် အချိန်မှာ သူက အဖိုးအဖွားနှင့် ဦးလေး အဒေါ်တွေ လက်မှာ ကြီးပြင်းလာခဲ့ရလေသည်။ သာမန် ကလေးများ သားချော့တေး၊ အိပ်ယာဝင် ပုံပြင်များနှင့် အိပ်စက်သွားကြချိန်မှာ သူက အဖေနှင့် အမေ ဆိုသော စကား နှစ်လုံးကို တီးတိုး ရွတ်ဆိုရင်း အိပ်ပျော်ခဲ့ရဖူးသည်။ စာဖတ်တတ်သော အရွယ်မှာ အခြားကလေးများ ဆော့ကစား နေချိန်မှာ သူ့အိမ်ရှိ ဘီရို လေးလုံးစာ အပြည့်ရှိသည့် စာအုပ်ပုံထဲ ခေါင်းထိုးထားခဲ့သော သူသည် သူငယ်ချင်း အပေါင်းအသင်းလည်း နည်းခဲ့လေ သည်။ သူ့ အတန်းထဲတွင် အကောင် အသေးဆုံး ဖြစ်သလောက် အမေးအမြန်း အထူဆုံး ဖြစ်သော သူ့ကို အချို့ ဆရာ ဆရာမများက နှစ်သက်ပုံ မပြကြ။ သို့သော်လည်း သူ တက်ရ သမျှသော အတန်းတိုင်းတွင် ရှေ့ဆုံးခုံမှာ သူထိုင်ခွင့် ရနေခြင်းကလည်း သူ့ အရည်အချင်းကို ဖော်ပြနေခြင်းလည်း ဖြစ်လေသည်။ သည်လိုနှင့် သူ စိတ်ဝင်စားသော အရာရာတိုင်းကို အသေးစိတ် လေ့လာ စူးစမ်း တတ်ပြီး အကြောင်းအရာ အချက်အလက် တခုခုကို သူကိုယ်တိုင် စိတ်တိုင်းကျမှသာ လက်ခံချင်လာသော အလေ့အထ တခုက သူ့မှာ စွဲကပ်လာလေ တော့သည်။ သည်လိုနှင့် အသက် ၁၈ နှစ် ပြည့်ပြီးချိန်မှာ သူသည် လွတ်လပ်စွာ တွေးခေါ်သူ တယောက် ဖြစ်လာ လေတော့သည်။ ထို့အတူ သာမန်လူများနှင့် ဆန့်ကျင်ဖက် သို့လည်း အလိုအလျောက် ရောက်သွားလေ တော့သည်။ ဥပမာ- မိဘမျိုးရိုးစဉ်ဆက် တခုလုံး ကိုးကွယ် ယုံကြည်ခဲ့သော ဗုဒ္ဓဘာသာကို သူကိုယ်တိုင် လုံးစေ့ပတ်စေ့ နားမလည် နိုင်သေးသောကြောင့် သူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင် အဖြစ်မှ နှုတ်ထွက်ခဲ့လေသည်။ သူ့ ယုံကြည်ချက်ကတော့ သူကိုယ်တိုင် နားမလည်နိုင် သေးသည့် အရာတခုကို ဘာကြောင့် ကိုယ့်ယုံကြည်ချက်အဖြစ် လက်ခံရမလဲ။ သည်လိုနှင့် လူအချို့က သူ့ကို တိတ္ထိဟု ခေါ်ကြလေသည်။ ထိုအခါ သူက - တိတ္ထိဆိုတာ ဘာလဲ ။ တိတ္ထိရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် အတိုင်း ဆိုရင် ပုပ်ရဟန်းမင်းကြီးကို တိတ္ထိလို့ ခေါ်ကြမလား - ဟု မေးခွန်း ပြန်ထုတ်ခဲ့ဖူးလေသည်။ သူ့ အတွက်တော့ အရာရာတိုင်းက ဂျီသြမေတြီမှ သီအိုရမ် တပုဒ်လို အဆိုပြုချက် မှန်ကန်ကြောင်း သက်သေပြစရာများ လိုအပ်နေလေ တော့သည်။ သည်လိုနှင့် လူ့ဂွစာ တယောက် အဖြစ်သို့လည်း သူရောက်ရှိ သွားလေတော့သည်။

--------------------------------------------------------------------

တနေ့တွင် သူငယ်ချင်းများနှင့်အတူ လဘက်ရည်ဆိုင် ထိုင်ရင်း သူငယ်ချင်း တယောက်နှင့် အတူ ပါလာသည့် လူ တယောက်နှင့် သူ တွေ့လေသည်။ သည်လူကလည်း သူ့လိုမျိုး လူ့ဂွစာ တယောက် ဖြစ်မည်။ သူပြောသမျှ သည်လူကလည်း အချက်အလက်တွေနှင့် ပြန်ငြင်းသည်။ သည်လူပြောသမျှတွေကိုလည်း သူက အချက်အလက်နှင့် ပြန်ငြင်းသည်။ သူတို့ နှစ်ယောက် ပြောနေသည်ကို နားကြားပျင်း ကပ်လာပုံရသည့် ဘေးခုံမှ အဖိုးကြီး တယောက်က ၀င်ပြောလေသည် - သည်မှာ ငါ့တူတို့ မင်းတို့ နှစ်ယောက်ဟာ စာတွေလည်း အတော် ဖတ်ခဲ့ကြပုံရပါတယ်။ ဉာဏ်လည်း အတော် ကောင်းကြပုံရပါတယ်။ အဘ တခုပြောမယ်။ အခု အဘ အသက် ၈၀ နား နီးနေပြီ။ အတွေ့အကြုံတွေ စုံခဲ့ပြီ။ အဲသည်တော့ ဒီ အတွေ့အကြုံတွေအရ အမှန်တရား ဆိုတာ ဘာလဲဆိုတာလည်း သိနေပြီ။ အခု မင်းတို့ ငြင်းနေကြသလိုမျိုးနဲ့ကတော့ အမှန်တရားဆိုတာ မင်းတို့ တွေ့ကြမှာ မဟုတ်ဘူး။ အမှန်တရားဆိုတာ အချက်အလက်တွေအပေါ်မှာ မူမတည် ပါဘူး။ အမှန်တရားဟာ သူ့ဘာသာသူ မှန်နေတာပါပဲ။ မင်းတို့တွေ သက်သေပြမှ မှန်တာ မဟုတ်ဘူး။ တခုပဲ ရှိတယ်။ မှန်တယ် မမှန်ဘူးဆိုတာကို မင်းတို့ကိုယ်တိုင် တွေ့ကြုံတဲ့အခါမှပဲ သိလိမ့်မယ်။ ဒါက အဘကိုယ်တွေ့မို့လို့ ပြောပြတာပါ။ လက်ခံတာ လက်မခံတာကတော့ မင်းတို့ နှစ်ယောက်ရဲ့ အပိုင်းပေါ့။ - ပြောရင်း ထိုင်ရာမှ ထထွက်သွားသည့် သည်အဖိုးကြီးကို သူတို့ နှစ်ယောက် ဘာမျှ ပြန်ပြောခွင့် မရလိုက်ပါ။ အဖိုးအိုက သူတို့ နှစ်ယောက်ကို အနိုင်ပိုင်းသွားခြင်းသာ ဖြစ်သည်ဟု သူခံစားနေမိလေသည်။

--------------------------------------------------------------------

သို့သော်လည်း အရာရာတိုင်းကို အချက်အလက်များနှင့်သာ အမှန်တရား ဖြစ်သည် မဖြစ် သည်ဟု သူ တိုင်းတာ နိုင်ခဲ့သော နေ့ရက်များကို သူ ကိုယ်တိုင် လက်လွှတ်ခဲ့ရသော အချိန် ကာလများက သူ့ဘ၀ထဲမှာ ရှိလာခဲ့ပါ လေတော့သည်။ သည်အချိန်ကာလများက အဖိုးအို ပြောခဲ့သော အချိန်ကာလများသာ ဖြစ်ပါသည်။ အခုတော့ သည်အချိန်ကာလများတွင် ဖြစ်ပျက် ခဲ့သည့် သူ့ အတွေ့အကြုံများကို သည်နေရာတွင် သူက မှတ်တမ်းတင်ခြင်းမျှသာ ဖြစ်ပါသည်။

ဤစာသည် သူ တင်မည့် မှတ်တမ်း၏ နိဒါန်းသာ ဖြစ်ပါကြောင်း။

(ဆက်လက်ဖော်ပြပါမည်)


လေးသလား၊ ပေါ့သလား

ကမ္ဘာပေါ်တွင် သက်ရှိသတ္တ၀ါ အမျိုးမျိုး ရှင်သန် နေထိုင်နေကြပေသည်။ သည်သတ္တ၀ါများ အနက် ဦးနှောက်၏ အလေးချိန်နှင့် ခန္ဓာကိုယ်၏ အလေးချိန်တို့ကို အချိုးချလိုက်လျှင် ရရှိလာသည့် ကိန်းဂဏန်းတခု ပမာဏအားဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိ သတ္တ၀ါများ၏ အသိဥာဏ် ရှိမှု မရှိမှု စွမ်းအားကို တိုင်းတာနိုင်ပါသည်ဟု လေ့လာတွေ့ရှိချက်တရပ်က ဆိုလေသည်။ ဥပမာ- ခန္ဓာကိုယ်အရ တန်ချိန် အချို့ ရှိသည်အထိ လေးလံနေသော ဆင်တကောင်တွင် ပေါင်ချိန် တချို့စာမျှသာ ရှိသော ဦးနှောက်ကို တွေ့ခဲ့ကြလေသည်။ သည်အခါ ဆင်တကောင် (သို့မဟုတ်) ဆင်အားလုံးသည် အသိဥာဏ်ဇယားတွင် အနိမ့်ဆုံးသို့ အလို အလျောက် ရောက်ရှိ သွားလေတော့သည်။ သို့သော်လည်း ဆင်ထက် ခန္ဓာကိုယ်အားဖြင့် ငယ်ရွယ် ပေါ့ပါးပြီး ဆင့် ဦးနှောက်ထက် အလေးချိန်အားဖြင့် ကြီးမားလေးလံသော ဦးနှောက်ကို ပိုင်ဆိုင်သည့် လူသား ဆိုသော သတ္တ၀ါက မြေပြင်ရှိ သက်ရှိ အားလုံးတွင် အကြီးဆုံးသော ဆင်ကို သူ့လိုအပ်ချက်များအတွက် ခိုင်းစေ အသုံးချနိုင်နေသည့် အချက်ကို ကြည့်ခြင်းအားဖြင့် သည် အဆိုက မှန်သည်-ဟု ယူဆ လက်ခံရမည် မဟုတ်လော။ သည် အချက်အလက်ကို အကြောင်းပြုပြီး လူသားများက သတ္တလောက (သို့မဟုတ်) သက်ရှိ လောကတွင် စွမ်းအား အကြီးဆုံး ဥာဏ်ပညာ အမြင့်မားဆုံး သတ္တ၀ါများ ဖြစ်သည် ဟု၎င်း၊ လူသားသည် သည်ကမ္ဘာကို အစိုးရသည် ဟူ၍၄င်း အဆိုအမိန့်များစွာ ရှိနေလေတော့သည်။
-------------------------------------------------------------------

အပေါ်က စာတွေက ကျနော် ပြောတာ မဟုတ်ပါ။ ပညာရှင်တွေ ပြောခဲ့သမျှ စကားတွေကို ဖတ်ထားခဲ့ဖူးသမျှတွေထဲက ကိုယ်နားလည် သလောက် အနှစ်ချုပ်ကြည့်တာပါ။ ဒါတောင် ဘာသာရေးအရတွေ ဘာမှ မပါသေးပါဘူး။ ကျနော် ပြောချင်တာကတော့ အဲသည်လို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့တဲ့ အချက် အလက်တွေက တကယ်ရော မှန်ကန်ရဲ့လား။ ကျနော်ကတော့ အဲသည် အချက်အလက်ဆိုတာတွေကို မယုံပါဘူး။

တကယ့် ဘ၀မှာ လူတယောက် ထက် သစ္စာပိုရှိတဲ့ ခွေး။ ခွေးလောက်တောင် သစ္စာမရှိတဲ့လူ။ ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ မယုံစရာ၊ နားမလည်စရာ အဖြစ်အပျက်တွေကိုပဲ စဉ်းစားမိတယ်။ အဲဒါတွေကလည်း ကိုယ်တွေ့တွေပေါ့။ ပြန်စဉ်းစားမိတိုင်း တချို့ အဖြစ်အပျက်တွေ ဆိုတာက ကိုယ်တွေ့ ကြုံမှပဲ သိမယ်လို့ ခံစားမိတာပါ။

အထက်က အဆိုအမိန့်တွေ၊ တွေ့ရှိချက်တွေအရဆိုရင် ဦးနှောက်ချင်း အလေးချိန် တူရင် ကိုယ်ခန္ဓာအရ လေးလံတဲ့သူတွေက ဆင်တွေ ဖြစ်နေလေမလား။
ဆင်တွေကို ကျနော် သနားတယ်...း)

May 9, 2009

More than words

အခုရက်ထဲ The Love Guru ဆိုတဲ့ Comedy ရုပ်ရှင် တကားကို ကြည့်မိပါတယ်။ တချို့လည်း သည်ကားကို ကြည့်ဖူးကြမှာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ အိန္ဒိယက Guru Pitkta အဖြစ် Austin Power ဟာသ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Mike Myers က သရုပ်ဆောင် ပါတယ်။ မင်းသမီးကတော့ Jessica Alba ပါ။ ရုပ်ရှင်ထဲမှာ ပါတဲ့ သီချင်းတပုဒ်ကို သူတို့ ဆိုနေပုံကို ကြည့်ရတာ ရီရလွန်းလို့ ဂီတ ကြိုက်တဲ့ ဦးဂင်ကြီးတို့လို သူငယ်ချင်းတွေနဲ့ ကျန်သူတွေအတွက် မျှဝေပေးလိုက်တာပါ။ ကြည့်ဖူးသူတွေအတွက်တော့ ရီရမယ် မထင် တော့ဘူး။ သည်သီချင်းရဲ့ မူရင်းကတော့ Extreme ရဲ့ More Than Words ဖြစ်ပါတယ်။ (ကြည့်လို့ မရီရရင်တော့ ဒါရိုက်တာကိုပဲ အပြစ်ဖို့ကြပါ...း)



video

May 6, 2009

Garfield

ခုရက်ထဲ ဘာစာမှလည်း မရေးဖြစ်။ ကဗျာဟောင်းတချို့ပဲ တင်ဖြစ်ပါတယ်။ စာရေးချင်စိတ် ကလည်း မပေါ်လာဘူး ဖြစ်နေတယ်။ သည်နေ့တော့ အိမ်မှာ ရှုပ်ပွနေတဲ့ စာရွက် စာတမ်းတွေ ပြန်ရှင်းရင်းနဲ့ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက သိမ်းထားမိခဲ့တဲ့ ကာတွန်းဖြတ်ပိုင်းလေးတွေ ပြန်တွေ့တာနဲ့ ထိုင်ဖတ်ရင်း ရီနေရသေးတယ်။ အဲသည်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်တုန်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ပါတဲ့ ကာတွန်းတွေထဲမှာ Garfield, Beetle, the Wizard of Id, B.C. စတဲ့ ကာတွန်းတွေ ဆိုရင် ကိုယ် သဘောကျ တာလေးတွေ တွေ့ရင် ဖြတ်ဖြတ်ပြီး သိမ်းထားမိတယ်။ နောက်ပိုင်း ကျတော့လည်း မသိမ်းဖြစ်တော့ပါဘူး။ အခု စာရွက်တွေ စာအုပ်တွေ ရှင်းရင်း ပြန်တွေ့ရတဲ့ ကာတွန်း ဖြတ်ပိုင်းလေးတွေ ကတော့ စာအုပ်ကြီး တအုပ် ကြားထဲ ညှပ်ထားမိလို့ သည်အထိ ပါလာတာပါ။ သည်ဖြတ်ပိုင်းတွေထဲက လောလောဆယ် ကိုယ့် အဖြစ်နဲ့ လာတိုက်ဆိုင်နေတဲ့ Garfield ကာတွန်းကို တွေ့တော့ ပြုံးမိလို့ သူငယ်ချင်း တွေကို ပြန်မျှဝေပေးလိုက်ပါတယ်။ ၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က ကာတွန်းပါ။ ဆားချက်တာ လို့လည်း ပြောလို့ရပါတယ်...း)

May 5, 2009

အတ္ထုပ္ပတ္တိ


















ငှက်မွှေး တစကတောင်
ကျောက်ခဲ တလုံးလို လေးလံပြရင်း
ပိပိရိရိ ဟန်ဆောင်နေနိုင်တဲ့ ည...
အဲသည်ညမှာ
ပေါ့ပါးနေတဲ့ ငှက်မွှေးတစကို
ကျောက်ခဲတွေက ဘာပြောရပါ့...

အစိုးမရတဲ့ တိမ် တအုပ်က
တောင်တန်း တခုလို မျက်လွှာတွေချ
တည်တည်ငြိမ်ငြိမ် အိနြေ္ဒရနေတဲ့ နေ့...
အဲသည်နေ့မှာ
လွင့်ချင်ရာလွင့်နေတဲ့ တိမ် တအုပ်ကို
ကျောက်ချထားတဲ့ တောအုပ် တအုပ်က ဘာပြောရပါ့...

သဲပွင့်တွေကလွဲလို့ ဘာမှ မရှိတဲ့ ကန္တာရ
အမြဲစိမ်းတော တအုပ်လို အေးအေးမြမြ
အလွန်တရာ စိုစွတ်ပြနေတဲ့ ဒေသ...
အဲသည် ဒေသမှာ
ပူလောင် ခြောက်သွေ့နေတဲ့ ကန္တာရကို
မြက်ခင်းစိမ်းနဲ့ တဲငယ်လေးက ဘာပြောရပါ့...

သွေးအေးတဲ့ လူသတ်သမား တယောက်က
မေတ္တာတရားကို ချပ်ဝတ်တန်ဆာလို ၀တ်ဆင်ရပါမယ့်အကြောင်း
အကြိမ်ပေါင်း ထောင်သောင်း ဟောပြောနေတဲ့ နိုင်ငံ...
အဲသည်နိုင်ငံမှာ
သွေးဆာနေတဲ့ လူသတ်သမားကို
အပြစ်မဲ့ အသတ်ခံလိုက်ရသူက ဘာပြောရပါ့...

သစ်ရွက်ခြောက် တရွက်က
လေအတိုက်မှာ အပင်က ကြွေကျခဲ့ရတာကို
အနစ်နာခံလိုက်တာပါလို့ အဓိပ္ပါယ်ဖွင့်နေတဲ့ စာမျက်နှာ...
အဲသည်စာမျက်နှာမှာ
အချိန်တန်လို့ ကြွေကျတဲ့ သစ်ရွက်ခြောက်ကို
ရွက်နုသစ်တွေနဲ့ စိမ်းစိုနေတဲ့သစ်ပင်က ဘာပြောရပါ့...

အလင်းတွေကို ခိုးဝှက်လုယူရင်း
တစမကျန် စားသောက်ပစ်ပြီး အောင်ပွဲခံနေတဲ့ညက
နေ့တနေ့ဟာ သူ့ အလုပ် သူ မလုပ်ဘူးလို့ စွပ်စွဲနေတဲ့ ကာလ...
သည်ကာလမှာ
စဉ်းလဲနေတဲ့ညကို
အချိန်ကာလက ဘာပြောရပါ့...

ကြက်တကောင်က
အမည်သာကွဲတာပါ
ငှက်ချင်းအတူတူပါပဲလို့ လင်းယုန်တကောင်ကို တန်းညှိလိုက်တဲ့ အခါ...
သည်အခါမှာ
တိမ်တွေထဲ မပျံသန်းနိုင်တဲ့ ကြက်ကို
သိန်းစွန်ငှက်တကောင်က ဘာပြောရပါ့...

ဘယ်မှာပဲ အညှာကို စစ မစစ
အရှိန်အဟုန် ကြီးကြီး မကြီးကြီး
ရေတံခွန်လို ဇောက်ထိုး ဆင်းဆင်း မဆင်းဆင်း
သောင်ထွန်းထွန်း မထွန်းထွန်း
ကျွန်း ခံခံ မခံခံ
ချောင်းမှန်ရင် မြစ်ထဲ စီးဆင်းရ...
မြစ်မှန်ရင် ပင်လယ်ထဲစီးဆင်းရ...
သည်ဓမ္မမှာ
ချောင်းဟာ မြစ် မဟုတ်တာ
အသေအချာပေါ့...

ATN

Photo Source:http://abstractart.blogdrive.com/

May 4, 2009

အသေမွေးခဲ့တဲ့နေ့












အခန်းတွေတိုင်းမှာ ဘာတခုမှမရှိတဲ့ အိမ်တွေက
အရိပ်တွေနဲ့သာ ပြည့်ကျပ်နေတဲ့အခါ...
ဖန်ခွက် ဟောင်းလောင်းတွေနဲ့ပဲ
ပြည့်နှက်နေရှာတဲ့ အခန်းလွတ်တွေကလည်း
တခြားအရာတွေအတွက် နေရာမပေးနိုင်တော့တဲ့အခါ...
နေ့တွေကို မျိုမျိုချပစ်ခဲ့တဲ့ ညတွေဆိုတာကလည်း
ပက်ပက်စက်စက်ကို လင်းလက်နေတဲ့အခါ...
ရင်ဘတ်ထဲမှာ တိုးတိုးတိတ်တိတ် ကျိတ်မှိတ် သိမ်းဆည်းထားခဲ့ရတဲ့ အသံတွေသာ
ဘယ်သူမှ မကြားရအောင် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲရရှာ...

သူ့ပန်းတိုင်ရှိရာ ဒုံးစိုင်းပြေးသွားတဲ့
ငါ့အိမ်ရှေ့က လမ်းကလေးက ဖြောင့်တန်းနေဆဲမှာ...
အမူးသမားတယောက်က ကွေ့ကောက် ယိုင်ထိုးရင်း
မျဉ်းဖြောင့်တကြောင်းကို တွန့်လိမ်သွားအောင် ရေးဆွဲခဲ့တာ...

သည်လိုနဲ့
တစ်နဲ့ တစ် ပေါင်းလို့ နှစ် မရခဲ့တဲ့အကြောင်း
ဂဏန်းပေါင်းစက်တခုက ကောင်းကောင်း သိသွားတဲ့အခါ
သိင်္ဂါရအလင်္ကာတွေ သေသွားပါပြီ...

သည်လိုနဲ့
စာတအုပ်ရဲ့ စာမျက်နှာတွေကို
စိတ်မပါ လက်မပါ တရွက်စီ တရွက်စီ အပျင်းပြေ လှန်သလိုမျိုး
ညတွေကို တညစီ တညစီ ဆွဲယူလို့
သစ်ရွက်တွေလို တညပြီး တည ထပ်ကြည့်လိုက်တဲ့အခါ
ည နှစ်ည အကြား အညှပ်ခံထားခဲ့ရတဲ့ နေ့ရက်တရက်
ထွက်ကျလာပါပြီ...

ငုံ့ကြည့်လိုက်တော့...
အဲသည်နေ့မှာ
နေရောင်ဆိုတာ
ပါကို ပါမလာခဲ့ဘူး...

ATN

May 3, 2009

နာဂစ်တနှစ်ပြည့်ဆုတောင်းမေတ္တာပို့ပွဲ

၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့ပြီး လူပေါင်း တသိန်းခွဲကျော် အသက် ဆုံးရှုံးစေရုံမျှမက လူဦးရေတသန်းနီးပါးကို အိုးအိမ်မဲ့ဖြစ်စေခဲ့သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်ခဲ့ကြရသော မြန်မာပြည်သူပြည်သားများနှင့် အသက်ဆုံးရှုံးခဲ့ရသူများ အတွက် တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆုတောင်း မေတ္တာပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွင် ၂၀၀၉ ခုနှစ် မေလ ၂-ရက် စနေနေ့က ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီးတ၀ိုက်ရှိမြို့များမှ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက်စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့ခဲ့ကြသည်။
















ဆုတောင်းပွဲသို့တက်ရောက်လာကြသော မြန်မာမိသားစုဝင်အချို့












ဆုတောင်းမေတ္တာပို့နေစဉ်















တရားနာယူနေကြသော မြန်မာမိသားစုဝင်အချို့

Photo Credit: Maung Myo Naing

May 2, 2009

အဖြူရောင်အပေါ် အိပ်စက်ခြင်း







ငါ့သစ်ရွက်တွေက အစိမ်းရောင်ရင့်ရင့်…
ငါစီးထားတဲ့ ဖိနပ်က အနက်ရောင်…
ငါ့အင်္ကျီကတော့ အပြာရောင်…
ငါ့နေ့တွေက လိမ္မော်ရောင် သမ်းနေ…
ငါ့မှနှ်တွေ ခမျာမတော့ အရောင်မဲ့…
ငါ့နှလုံးသား ကတော့ မိုးသားလို ပြာရင်း…
ငါ့ပြတင်းပေါက်ကလေးက အစိမ်းရောင် ဖျော့ဖျော့…
ငါ့လမ်းကလေးကတော့ သဲနုနုတွေ ဖြူမွလို့…
ငါ့အိမ်ကလေးက အ၀ါရောင်ရင့်တယ်…
ငါ့ကောင်းကင်က လောလောဆယ်ဆယ် ခရမ်းရောင်…
ငါ့အရိပ်တွေ ခမျာမတော့ မီးခိုးရောင်တွေ အူထလို့…
ငါ့မနက်ဖန်ကို လှမ်းကြည့်တဲ့အခါ ပုဇွန်ဆီရောင်တွေ တောက်ပနေ…
ငါ့ချစ်သူကို လှည့်ကြည့်မိတော့ ပါးမို့မို့မှာ ပန်းရောင်ကလေး ပြေးလွှား…
ငါ့ရင်ဘတ်ငါ ငုံကြည့်လိုက်တဲ့အခါ အပြာရောင်ရင့်ရင့်တွေ စီးဆင်း…
ငါ့လက်ထဲက ဂစ်တာလေးကတော့ အဖြူရောင်တွေနဲ့ စေးပျစ်လို့…
ငါ့ အနီးက ကမ္ဘာကြီးကို ကြည့်လိုက်တော့ အနီရောင်တွေ တောက်လောင်နေ…
ငါ့ သူငယ်ချင်းတွေကတော့ ရောင်စဉ် ခုနှစ်သွယ် လက်ဖြာလို့…
ကြာလာတော့ အရောင်တွေကို ငါ စိတ်ညစ်တယ်…
တညတာ အိပ်စက်ဖို့ ငါ ဆွဲယူလိုက်မိတဲ့ ခေါင်းအုံးကလေးကတော့
အဖြူရောင်နဲ့ သန့်ရှင်းလို့…
“သည်တညတော့ မင့်ရင်ခွင်မှာ အိပ်ဖို့ရောက်လာပြီ… ”
ခင်မောင်တိုး သီချင်းတပုဒ်ကို တီးတိုးဆိုငြည်းရင်း
နှစ်နှစ်ခြိုက်ခြိုက် ခေါင်းအုံးလေးအပေါ် အိပ်စက်လိုက်ပါတယ်…
နောက်တနေ့မှ
ငါ့ဘ၀ရဲ့ အရောင်တွေကို
စာရင်းပြုစုပါရစေကွယ်…

ATN