Jul 28, 2011

အင်ဒရီယာနှင့် အချေအတင်...



















သည်စကားတွေကိုပဲ ခဏခဏ ပြောနေရပါလား အင်ဒရီယာ...
ဂရိ ဘာသာ-အရ... ခွန်အားရှိသော ဆိုတဲ့ နင့် အမည်လေးကပဲ ငါ့ကို ခွန်အားရှိနေစေတော့တယ် အင်ဒရီယာ...
ငါက အားငယ်တတ်တယ်... ချစ်တတ်တယ်... အင်ဒရီယာ...
ဟိုးလွန်ခဲ့တဲ့ ၂၃ နှစ်မှာ ငါတို့ ဘာလို့ မတွေ့ခဲ့ကြတာပါလိမ့် အင်ဒရီယာ...
ဇင်ယော်တွေတောင် မလာတော့တဲ့ ကမ်းခြေမှာ ငါရပ်နေခဲ့တယ်...
ရေနဲ့ မျောပါလာတဲ့ ပုလင်းတလုံးတလေများ တွေ့ရမလားလို့...
အဲသည့် ကမ်းခြေတလျောက်မှာ ငါ ဟာ အခေါက်ခေါက် အခါ ခါ
လမ်းသလားမိနေပါပေါ့... အင်ဒရီယာ...
ခြေပစ်လက်ပစ် ထိုင်ချမိလိုက်တဲ့ သဲသောင်ပေါ်မှာ ကဗျာတွေ ကျဲပြန့်သွားသလား...
ငါ့ အနားက အုန်း ဂဏန်းတွေက သူတို့ ထုံးတမ်း စဉ်လာအတိုင်း ဘေးတိုက်လျှောက်လို့နေကြ...
အရာရာကို ဘာသာပြန်နေရတာ ငါ စိတ်ဓါတ်ကျလာပြီ အင်ဒရီယာ...
ငါ့ကို အရက် နည်းနည်း တိုက်ပါ...
ငါ အိပ်ငိုက်လာတဲ့အခါ... Romanza တီးလုံးကလေး ဖွင့်ပေးပါ...
နင့်ကို ငါ ချစ်တယ် အင်ဒရီယာ...
သက်တံကို ငါ့ မျက်ရည်ရယ်... နင့် အလင်းရယ်နဲ့... ရောင်စဉ် ခွန်နှစ်သွယ်ရမလား...
လောလောဆယ်မှာ ဖြစ်နိုင်သမျှလေးတွေနဲ့ပဲ ချစ်နိုင်အောင် ကြိုးစားကြပါစို့ အင်ဒရီယာ...
နှစ်ယောက် အတူ တွေ့တဲ့နေ့မှာ စကားတွေ ငါ အများကြီး ပြောမှာ မဟုတ်ဘူး သေချာတယ်...
နင့် နှလုံးသားမှာ ငါ့ပါးကို အပ်ထားမယ်...
နင် ရင်ခုန်ပါ အင်ဒရီယာ...
နေ အလင်းရောင်တွေ ကုန်သွားမှ လရောင်က ရောက်လာသလိုမျိုး...
နင့် ရီးစားဟောင်းတွေ အရောင်မှိန်သွားမှ ငါက လင်းထိန်ခဲ့ရတဲ့ မီးသီး တလုံးပါ အင်ဒရီယာ...
သို့်သော်လည်း ငါ့ကိုငါ ကျေနပ်ပါတယ်... နင့် ချစ်ခြင်းမေတ္တာကို ငါ့လက်ထဲ ၀ကွက်အပ်ထားသမျှပေါ့လေ...
နင် လွမ်းချင်တဲ့သူကို နင်လွမ်းနိုင်တယ်
နင် တမ်းတချင်တဲ့သူကို နင်တမ်းတနိုင်တယ်
စိတ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်လိုနည်းနဲ့မှ တားဆီးထားလို့ မရတဲ့အရာ...
ဒါကို ငါနားလည်တယ် အင်ဒရီယာ...
နင်လွမ်းပါ...
နင် တမ်းတပါ...
ငါ့အသည်းကို နှစ်ခြမ်း မခွဲသွားရင် တော်ပါပြီ အင်ဒရီယာ...

atn

0 ယောက် ဒီလိုပြောခဲ့တယ်: