Aug 14, 2011
လှိုင်းမမိတဲ့ FM ရေဒီယို... အင်ဒရီယာ... ငါ စိတ်တိုနေတယ်...
(ခြေချော်လက်ချော်ဆိုတဲ့ သစ်ရွက်တရွက်ပဲ... တွယ်ကပ် ငြိကျန်နေတဲ့ အိမ်... )
(လမ်း မလျှောက်ပဲ လမ်းပျောက်နေတဲ့ ကျိန်စာ... )
(ငါ့မြို့ထဲမှာ... လေယာဉ်လက်မှတ်အလကားရလာတဲ့ မျက်နှာပေးနဲ့... အေးအေးဆေးဆေး လာထိုင်နေကြတာကိုလည်း... ကြည့်လိုက်ဦး...)
(ပုဒ်ထီး... ပုဒ်မ... ပုဒ်ဂေး... ပုဒ်ကလေး... ပုဒ်ခွေး... ပုဒ်လက်စဗီးယန်း-ပါ မကျန်... ပုဒ်မှန်မှန်သမျှ... အမြင်ကပ်တဲ့ ပုဒ်မနဲ့... ငါ့ကဗျာတွေမှာ... ဘယ်တော့မှ မသုံးဘူးကွာ...)
(အစား ပျက်... အသောက် ပျက်... အအိပ် ပျက်... စိတ် ပျက်... အလုပ် ပျက်... ၀မ်း ပျက်... ဘ၀ ပျက်... အခင် ပျက်... အမင် ပျက်... မီး ပျက်... မျက်နှာ ပျက်... မြို့ ပျက်... ကမ္ဘာ ပျက်... သစ္စာ ပျက်... နောက်ဆုံးကွာ... အိမ်က ကွန်ပြူတာတွေလည်း ပျက်... နောက်ထပ် ဘာပျက်ချင်သေးသလဲ... ပျက်ချင်တာသာ ပျက်... ဘယ်တော့မှ ပြန် မပြင်ဘူး... လွှင့်ပစ်ပလိုက်မယ်-လို့ သန္နိဌာန်က ချထားပြီးသား-ဆိုတဲ့ စတစ်ကာတွေ... တကိုယ်လုံးမှာ ကပ်ထားတယ်... ပွစိကိုတက်လို့...)
(Here I am! I see. I come. I am the one who never be someone who ever be every one. That's done.)
(တိတ်ဆိတ်မှုကို... ပုလင်းတလုံး ရိုက်ခွဲလိုက်သလို ခွဲပစ်လိုက်တော့... သူ့ ရီမောသံလေးတွေ ထွက်ထွက်ကျလာတဲ့ ငါ့ အိုင်ဖုန်းပြာပြာလေးကိုလည်း ချစ်နေမိပြီ...)
(စိတ်ကူးလို့မရတဲ့ စာမျက်နှာတွေကို... အိမ်တကာရဲ့ တံစက်မြိတ်မှာ... မီးသီး ကျွမ်းနေတဲ့ မီးပုံးတွေလို... ငါ လိုက်ချိတ်ရရင် ကောင်းမလား...)
(ဒေါသထွက်နေတဲ့ လျှပ်စစ်ဂစ်တာ တလုံးလို... သရက်ရှ်မက်တယ်လ်... ဒက်သ်မက်တယ်လ်... ရှိရှိသမျှ လိဒ်-စကေးလ်တွေ သွန်ချ...)
(ရှေ့ဆက်ရမယ့် လမ်းများလည်း ပျောက်ဆုံး.... အဲသလို-ကုန်းကုန်း-အော်နေတဲ့-ကောင်လေးတယောက်ဟာ ငါ့ စိတ်အပျက်ဆုံး အဆိုတော်... )
(ဒီမှာ အင်ဒရီယာ... ခင်မောင်တိုး သီချင်းကိုပဲ ငါ ဆိုမယ်... သည်က ကမ်းလိုက်တဲ့ တို့လက်ကို မင်း ဆုပ် ချင် ဆုပ်... ပုတ်ချင် ပုတ်... ဒါပေမယ့် လှမ်းခဲ့တဲ့ တို့ရဲ့ လက်ကို... မရုပ်...)
atn
Subscribe to:
Post Comments (Atom)

0 ယောက် ဒီလိုပြောခဲ့တယ်:
Post a Comment