Oct 27, 2011
ရှိခြင်း မရှိခြင်းများ
ကျနော့်မှာ အရိပ်လိုပါလာတဲ့ အတိတ်တွေ ရှိတယ်...
ကျနော် ခါချပစ်ခဲ့လို့ မရဘူး...
ကျနော့်မှာ ဂစ်တာ ခွန်နှစ်လက် ရှိတယ်...
ကျနော့် စိတ်ခံစားမှုတွေကို သူတို့ အသံထွက်ပေးလိမ့်မယ်...
ကျနော့်မှာ ခု ရီးစား ၄ယောက် ရှိတယ်...
တယောက်နဲ့ တယောက် ရန်မဖြစ်ကြဘူး... အံ့သြပါ့...
ကျနော့်မှာ ဆက်လျှောက်လှမ်းဖို့ရာ လမ်းကလေးတွေ ရှိတယ်...
ကျနော့် ခြေလှမ်းတွေကိုပဲ သူတို့ စောင့်မျှော်နေကြတာပါ...
ကျနော့်မှာ အရင်း မဟုတ်တဲ့ သမီး ၅ ယောက်ရှိတယ်...
ဒါမယ့် သမီးအရင်းတွေလိုပဲ ကျနော် ချစ်တယ်...
ကျနော့်မှာ သူငယ်ချင်း နှစ်ထောင်ကျော် ရှိတယ်...
တော်တော်များများက မျက်နှာစာအုပ်မှာ ကျနော် ရှိနေတာ မသိကြဘူး...
ကျနော့်ကို မုန်းတီးနေသူ နှစ်ယောက် သုံးယောက် ရှိမယ်...
ကျနော်က ဘယ်သူ့ကိုမှ မမုန်းတီးပါဘူး...
ကျနော့်မှာ ကတုပ်ကျင်းလေးတခုရှိတယ်...
ဘ၀နဲ့ တိုက်တဲ့ စစ်ပွဲတွေမှာ ကျနော် ရှုံးနိမ့်ရတဲ့အခါတိုင်း သူ့ရင်ခွင်ထဲမှာပဲ ကျနော့် ဒဏ်ရာတွေကို ကျနော် ကုသရတယ်...
ကျနော့်မှာ ဘုရားသခင် မရှိဘူး...
ထူးထူးခြားခြားလည်း အဲသည့်အတွက် ၀မ်းနည်းမနေမိတော့ပါဘူး...
ကျနော့်မှာ နွေဦးလေးတခု လောလောဆယ် မရှိဘူး...
လေရူးလေးတခုပဲ တခုပဲ ရှိတယ်...
ကျနော့်မှာ ဘူတာတခု ဆိုက်ကပ်ရပ်နားစရာ မရှိဘူး...
ကျနော်က ရထားတစင်း မဟုတ်လို့ပဲ ဖြစ်မှာပါ...
ကျနော့်မှာ နှင်းဆီပန်း အနီတပွင့် မရှိဘူး...
ဟိုအကိုကြီးရဲ့ မခင်နှင်းဆီ-သီချင်းကို ကျနော် ဆိုခွင့် မရှိတော့ဘူး...
ကျနော့်မှာ မိုးကာတထည် မရှိဘူး...
မနေ့ညက မိုးရွာတော့ မဟင်္သာကို ကျနော် အရမ်း လွမ်းတယ်...
ကျနော့်မှာ မေမေ မရှိတော့ဘူး...
ကျနော့်ကို ဖေဖေလို့ ခေါ်လာသူအားလုံးအတွက် ကျနော့်ဘာသာကျနော် မေမေ ဖြစ်ပလိုက်တယ်...
တကယ်တော့
ကျနော့် ဘ၀ထဲမှာ
ရှိခြင်း မရှိခြင်းများလည်း မရှိပါ...
ကျနော်သာ တယောက်တည်း...
ရှိခြင်း မရှိခြင်းများကို
မသိစိတ်နဲ့ ဆော့ကစားလို့...
atn
on Friday, October 7, 2011 at 12:45am
Subscribe to:
Post Comments (Atom)

0 ယောက် ဒီလိုပြောခဲ့တယ်:
Post a Comment