May 29, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး... (၂)
















အပိုင်း (၁)

တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲဖျက်ဆီးနိုင်သည်မှာ အသံများသာဖြစ်လေသည်။ အော်သံ တခုခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ နာရီသံတခုခုလည်း ဖြစ်နိုင်သည်။ မီးရထားတစီး ခုတ်မောင်းသွားသော အသံလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ငှက်ကလေးများ၏ တေးဆိုသံနှင့် တူရိယာတခုခုထံမှ ထွက်ပေါ်လာသော အသံများကသာ တိတ်ဆိတ်ငြိမ်သက်မှုကို ဖျက်ဆီးလိုက်သည့်တိုင် လက်သင့်ခံဖွယ်ရာ သာယာနာပျော်ဖွယ်အသံများ ဖြစ်သည် မဟုတ်လား။ တိတ်ဆိတ် ငြိမ်သက်မှုနှင့် သာယာနာပျော်ဖွယ် အသံများ။ အော်ဟစ်ငြည်းငြူသံနှင့် တိတ်ဆိတ်ငြိမ်သက်မှုများ။ သဘာဝပတ်ဝန်းကျင်၏ အသံများ။ လူတို့၏ ရွေးချယ် ဖန်တီးမှုများ။ တကယ်တော့ အသံများသည် အသံများသာ ဖြစ်ပြီး စိတ်ခံစားမှုများသည် စိတ်ခံစားမှုများသာ ဖြစ်သည် မဟုတ်လား။ ဆိတ်ဆိတ်ငြိမ်သက်မှုထဲမှ ဆူညံပေါက်ကွဲနေသော အသံများကို ကြားရသူတချို့ ရှိနေပြီး ဆူပွက်ကျယ်လောင်နေမှုများထဲမှ တိတ်ဆိတ်သော အသံများကို ကြားနေရသူများလည်း ရှိနေသေးသည် မဟုတ်လား။ စစ်အာဏာရှင်တို့၏ စစ်ကြောရေးစခန်းများထဲမှ ဆူကျယ်အူလောင်နေသော အသံများကြားမှ ယုံကြည်ချက်ဖြင့် အသက်ရှင်နေကြသော တိတ်ဆိတ်မှု အသံများ။ အသံများသည် တိတ်ဆိတ်မှုများကို ကျယ်လောင်စွာ သယ်ဆောင်လာကြသည်။ တိတ်ဆိတ်မှုများကြောင့် အသံများကို ကျယ်လောင်စွာ ကြားနေကြရသည်။ ဘုရားကျောင်း၏ ခေါင်းလောင်းသံကို နံနက်ခင်း၏ တိတ်ဆိတ်မှုကြားထဲမှာ ကျယ်လောင်စွာ ကြားလိုက်ပါသည်။ နေ့ခင်း၏ သက်ပျင်းချသံကို ညနေခင်း လေပြေအေးထဲမှာ ကျယ်လောင်စွာ ကြားလိုက်ပါသည်။ နားရှိသောသူမည်သည်ကား အသံများကို ကြားပါစေ... အာမင်... ။ ဆုတောင်းဝတ်ပြုသံများ... တိတ်ဆိတ်နေသော ပတ်ဝန်းကျင် ထင်ရှူးပင်တန်းများကြားမှာ ကျယ်လောင်စွာ ကြားမိပါသည်။ ကမ္ဘာမြေသည် တိတ်ဆိတ်ခြင်းဖြင့် ငြိမ်းအေးခြင်း ရှိပါစေသတည်း... ဟု ဆူညံကျယ်လောင်စွာ ဆုမွန်ကောင်းများ တောင်းကြပါရန် တိတ်ဆိတ်စွာ ပြောကြားလိုက်ရပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၁) အစ

- အကို့ အတွက် ဆုတောင်းပေးနေတယ်... -
- အမ်... ဘာအတွက်လဲ.... -
- သြော်... အကို့ ဘ၀မှာ ငြိမ်သက်ခြင်းရစေဖို့ပါ... -
- ကျေးဇူးတင်တယ်... ဒါမယ့် အကို့အတွက်တော့ ဆုမတောင်းပါနဲ့လေ... ညီမလေးအတွက်သာ ဆုတောင်းပါ... -
- အေးရဲ့ ဘ၀အတွက်က ဘာမှ ဆုတောင်းနေစရာ မလိုဘူးလေ... အားလုံး ပြီးပြည့်စုံနေပြီးသား... အကို့ရဲ့ ပူလောင်ကျွမ်းမြိုက်နေတဲ့ ဘ၀အတွက်ပဲ ဆုတောင်းပေးချင်တာပါ... အေးချမ်းငြိမ်သက်ခြင်း ရှိပါစေ-လို့... -
- Tranquility လား... -
- အင်း... အဲဒါရော... calmness... peacefulness... -
- အင်း... အိုကေ... အဲလို ဆုတောင်းပေးတော့ အကိုက ရသွားရောလား... -
- အယ်... ရမှာပေါ့... ဆုတောင်းပေးတာပဲ... -
- အင်း... အဲလို ဆုတောင်းပေးလို့သာ ရမယ်ဆိုရင်... တခုပဲ ဆုတောင်းပေးပါ... ခု သန်း ၈၀ ဖလော်ရီဒါ လော်တို ပေါက်ပါစေ-လို့... -
- အာ... အကိုက လုပ်ပြီ... -
- ဟုတ်တယ်လေ... အဲလိုဆုတွေပဲ တောင်းပေးလေ... -
- တောင်းပေးမယ်... ဖလော်ရီဒါ လော်တို အကို ပေါက်ပါစေ... -
- မပေါက်ရင်ကော... -
- အာ... သိတော့ဝူး... -
- အင်း... ရှိပါစေတော့... -
- ဘာလဲ... အေး... ဆုတောင်းပေးတာ မယုံဘူးပေါ့... -
- ညီမလေး ဆုတောင်းပေးတာကို ယုံပါတယ်... ဆုတောင်းပေးတိုင်း ရမယ်ဆိုတာကို မယုံကြည်တာပါ... -
- အကိုက သိပ်ခက်တာပဲ... စကားလည်း ကပ်တယ်... တခါတခါလည်း အေးကို ပြန်ပြန် အော်တယ်... -
- အဲ... ဘယ်တုန်းက စကားကပ်မိလို့လဲ... အကြောင်းအရာတခုကို အခြေတင် ပြောကြတာကို ညီမလေးက အကို ပြောတာကို ပြန်မပြောနိုင်တော့ အကိုက စကား ကပ်တယ်လို့ ပြောချင်တာလား... -
- အကို့ အတွက် အေး ဆုတောင်းပေးတဲ့ အသံကို အကို မကြားတာလား... ဒါမှ မဟုတ် မကြားချင်ယောင် ဆောင်နေတာလား....-
- ညီမလေးရဲ့ ဆုတောင်းသံက.. ဒက်ဆီဘယ် ၁၈၀ ကျော်ရင်တော့ အကို ကြားမှာ မဟုတ်တော့ဘူး...း) -
- အမ်... ဘာလဲ အဲဒါ... -
- အသံကို တိုင်းတဲ့ ယူနစ်လေ... -
- သိဘူး... ဒက်ဆီဘယ်တွေ... အေးသိတာက အကို့ကို ချစ်တာပဲ သိတယ်... အကို့ကို တည်ငြိမ်အေးဆေးတဲ့ ဘ၀လေးမှာ ငြိမ်သက်အေးချမ်းနေစေချင်တယ်... အဲဒါပဲ ... အဲဒါ... အေး စေတနာ... အကို့ အပေါ် ထားတဲ့ စေတနာ... ဒက်ဆီဘယ် ဘယ့်လောက်ရှိသလဲတော့ မသိဘူး... ၁၅၀၀ ထက်တော့ မနည်းလောက်ဘူးထင်တယ်... -
- အင်း ... အဲဆို အကို့နားတွေလည်း ကန်းပြီ... နားကွဲပြီး သေလောက်ပြီ...း)) -
-း)) ... အေးကြောင့်တော့ အကို မသေရပါဘူး... ဗော်လျူန်းတွေ လျှော့လိုက်မှာပေါ့...း)) -
- အင်း... အန်ဒါ ၁၂၀ အထိ လျှော့မှဖြစ်မယ် ညီမလေး...း)) -
-း)) အိုကေ... -
- ဒါဆို ခု အသံနဲ့ ပြောချင်တယ်လေ... -
- အာ... ခုတိုင်း ပြောနေလည်း ရတာပဲဟာ... -
- ဟုတ်ဖူးလေ... ညီမလေး... စကားသံက ဒက်ဆီဘယ် ၁၂၀ အောက် ရှိမရှိသိချင်လို့... -
- ဟင်း... အလကား... လူလည်ကြီး... အေး အသံကို ကြားချင်နေတာမို့လား... -
- ဟုတ်တယ်... ဟုတ်တယ်... အသံနဲ့ မပြောချင်ရင်လည်း နေလေ... နောက်လည်း ဘယ်တော့မှ စကား မပြောတော့ဘူး.. -
- အာ... ဘာမှ မဆိုင်ဘူး... အကျပ်ကိုင်လှချည်လား... အိုကေ... အိုကေ... အေး... ခေါ်ရမလား... အကို ခေါ်မှာလား... -
- အကို ခု ခေါ်နေပြီ... ပြန်ထူးဦး... -

++++++++++++++++++++++++++++++++++++++++++++++++++++++++

အပိုင်း (၁) အဆုံး

အသံတချို့သည် ဆူညံသံ ဖြစ်သည်။ အသံတချို့သည် တိတ်ဆိတ်သော အသံများဖြစ်သည်။ တချို့ အသံများကို လူသားတို့ မကြားရ။ ပုဇင်းရင်ကွဲတို့၏အသံများကား စိတ်ညစ်စရာကောင်းသည်။ သို့သော်လည်း ချစ်သူတို့အဖို့မှာ ချစ်သူ့အသံသာ အချိုမြိန်ဆုံး... ။ အမှန်တရားကလည်း ရှိနေသေးသည်။ သာယာနာပျော်ဖွယ် အသံနှင့် စိတ်ညစ်ညူးဖွယ် အသံများ... ။ သီချင်းသံတိုင်းပင် သာယာနာပျော်ဖွယ် မရှိသော ဤကမ္ဘာကြီးမှာ အသံများကို ခွဲခြမ်းစိတ်ဖြာ စားသုံးနေရသည်မှာလည်း အလုပ်တခုပင် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မမြင် မတွေ့ရနိုင်သည့် အချိန်မှာ ချစ်သူ့အသံကို ကြားချင်ကြမည်မှာ လူ့ ဓမ္မတာ... ။ အသံများ ချိုသာပါစေ...။ အသံကြားရသောဘ၀များ ချိုမြပါစေ... ၊ ဟု တိုးတိတ်စွာ တစုံ ၂ ယောက်၏ ဆုတောင်းသံများကို လူအများ ကျယ်လောင်စွာ ကြားပါစေ... အာမင်... ။

(ဆက်လက်ဖော်ပြပါမည်)

May 28, 2011

လေလွင့်နှလုံးသား၊ ရထားတစင်း၊ နှင်းကျခဲ့သောအရှေ့မြို့ရိုး...
















 
နိဒါန်း

နေ့နှင့် ည ဆိုကာ အချိန် ၂ မျိုးသာ ရှိသော ဤကမ္ဘာပေါ်မှာ ညဆိုသည်မှာ အိပ်စက် အနားယူဖို့ မဟုတ်လား။ အိပ်စက်၍ မပျော်နိုင်သော ညများသည် အလွန် မုန်းတီးစရာ ကောင်းသည်။ ထို့အတူ အိပ်မပျော်နိုင်ခြင်းသည်လည်း အလွန် မုန်းတီးစရာ ကောင်းလေသည်။ သိုးများကို ရေတွက်ဖူးသည်။ စာမျက်နှာပေါင်း မြောက်များစွာကို ဖတ်ခဲ့ဖူးသည်။ ငှက်ပျောသီးများ စားဖူးသည်။ နွားနို့ ပူ့ပူများကိုလည်း သောက်ဖူးသည်။ တရားထိုင်ဖူးသည် (ကြီးကြီးကျယ်ကျယ်တော့မဟုတ်)။ (ဂုဏ်တော် ၉ ပါး ကို) ပုတီးစိတ်ဖူးသည်။ ရှိသမျှ မီးများ ပိတ်ကာ ကြိတ်မှိတ် အိပ်ဖူးသည်။ စိတ်ပျက်စရာ ညများ နှိပ်စက်သမျှ နောက်တနေ့ အလုပ်ထဲမှာ အဆင်မပြေ ဖြစ်ရသည်။ နောက်ဆုံးတော့ ဘီယာ တကဒ် ၀ယ်ကာ သောက်ပစ်လိုက်သော ညမှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ နောက်တနေ့ အလုပ်ကို ၃ နာရီ နောက်ကျပြီးမှ ရောက်သွားသည်။ အလုပ်ရှင် သဘောကောင်းသဖြင့်သာ အလုပ် မပြုတ်။ နောက်ဆုံးအကြိမ် သတိပေးခြင်းကိုတော့ အိပ်ကပ်ထဲ ထည့်ပြီး ပြန်လာခဲ့ရသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++

နိဒါန်း (အစ)

နှစ်သက် သဘောကျရာ ပန်းချီကား တချို့ကို စာကြည့်တိုက်မှ ငှားလာသော ပန်းချီစာအုပ်များထဲမှ ကာလာကော်ပီ ကူးလိုက်သည်။ ကာလာပရင့်အောက် ထုတ်ပြီးသောအခါ အသင့် ၀ယ်ထားသည့် သစ်သားမှန်ဘောင်များကြားမှာ ထည့်သွင်းရင်း ဂစ်တာတွေ ချိတ်ထားသည့် နံရံတွေကြားမှာ ခံစားချင်သလို သံနှင့် ရိုက်ကာ ချိတ်ထားပြီးနောက် ပန်းချီကားများကို လက်ပိုက်ကြည့်နေမိသည်။

- ဒီ ပန်းချီကားတွေကို ဘာလို့ သည်မှာ ချိတ်ထားရတာလဲ... -
- ဟေ... ဒါ ငါ့ စတူဒီယို အခန်းပဲ ... ငါ ချိတ်ချင်သလို ချိတ်မှာပေါ့... ငါ စိတ်ချမ်းသာသလို ချိတ်မှာပေါ့... -
- နင့် ဂစ်တာတွေနဲ့ တင် နံရံတခုလုံး ပြည့်နေပြီ... ပန်းချီကားတွေပါ ဂစ်တာတွေကြား လျှောက် ချိတ်တော့ မျက်စေ့ မနောက်ဘူးလား... ဘယ်လိုမှ ကြည့်မကောင်းဘူး... ဖြုတ်လိုက်ပါ... ဧည့်ခန်းမှာပဲ ချိတ်... -
- ဟ... ဧည့်ခန်းမှာ နင့် ဘွဲ့ရ ဓါတ်ပုံ... နင့် မိဘ ဓါတ်ပုံ... ငါ့မိဘ ဓါတ်ပုံ... မိသားစု ဓါတ်ပုံတွေနဲ့တင် ပြည့်နေပြီ.... ပန်းချီတွေပါ ထပ်ချိတ်ရင်... ရှုပ်ကုန်တော့မပေါ့... -
- ပတ်လည်မှာ နေရာတွေ အများကြီး ရှိနေတာပဲ... အဲမှာ ချိတ်မှာပေါ့... ကဲပါ... ပန်းချီတွေကို ဖြုတ်လိုက်ပါ... (ပြောပြောဆိုဆို သူချိတ်ထားသည့် ပန်းချီများအားလုံး နံရံမှာ မရှိကြတော့...)
- ဟေ့... ဒါတော့ တဆိတ်လောက် လွန်နေပြီ... ဧည့်ခန်းထဲက ပုံတွေကို ချိတ်တော့လည်း... ငါပဲ စ ချိတ်တာ... နင်ဘာမှ စလုပ်တာ မဟုတ်ဘူး... ငါ အမြဲ ပြောခဲ့တယ်... ဧည့်ခန်းမှာ ၂ ဖက် မိဘ ပုံတွေ ချိတ်ထားမယ်... အလည်မှာ နင့် ဘွဲရ ဓါတ်ပုံ ချိတ်ထားမယ်... အဲတုန်းကတော့ နင် ဘာမှလည်း ပြန်မပြောဘူး... နင်ကိုယ်တိုင်လည်း ဘာမှ မလုပ်ဘူး... ငါပဲ မှန်ဘောင်တွေ ၀ယ်... ပုံတွေ အကြီးချဲ့ကူး... မှန်ဘောင်သွင်းပြီး နံရံပေါ် ချိတ်တော့... နင် ဆရာလုပ်တယ်... ဟိုလို ချိတ် သည်လိုချိတ်... အိုကေ နင့်ဘာသာ နင် စိတ်ကြိုက် ချိတ်လို့ ငါ ထားပေးခဲ့တယ်... ဧည့်ခန်းမှာ နင် စိတ်ချမ်းသာသလို ချိတ်တယ် မဟုတ်လား... -
- ငါက ဒီဇိုင်းသဘောအရ ကြည့်ကောင်းအောင် စီစဉ်ပေးတာပါ... -
- ဟေ... အဲဒါဆို... စကတည်းက နင်က ငါ့ထက် ဒီဇိုင်းသဘော သိရင် တတ်ရင် နင့်ဘာသာ နင် လုပ်လိုက်ပါလား... ငါ လုပ်မှ ဘာလို့ လာပြီး ဆရာ လုပ်ရတာလဲ... -
- ငါ ဆရာ လုပ်တာ မဟုတ်ပါဘူး... ကြည့်ကောင်းအောင်လို့ ပြောပြတာပဲ... -
- အာ... ခက်တော့နေပြီ... ငါ ကြိုပြောထားပြီးသားပဲ... နင့်ဘာသာ နင် လုပ်ချင်တာလုပ်... နင်စိတ်ချမ်းသာရင်ပြီးရော... ငါဘာမှ... ၀င်မပြောဘူး... နင့်ဘာသာနင်တော့ ဘာမှ မလုပ်ဘူး... ငါလုပ်မှ... ဟိုဟာ ၀င်ပြော သည်ဟာ ၀င်ပြော... ငါမကြိုက်ဘူး ပြောထားပြီးသားပဲ... -
- နင့်ကို ငါက အကြံပေးလို့တောင် မရဘူးလား... -
- မရဘူး... ငါ မလုပ်ခင်ကတည်းက နင့်ကို ပြောသားပဲ... ငါ့ဘာသာငါ စိတ်ချမ်းသာသလို လုပ်မယ်... ငါ့ကို လာ အကြံ မပေးနဲ့ မကန့်ကွက်နဲ့... အဲဒါကို နင်မကြိုက်ရင်... နင်ကြိုက်သလို စိတ်ချမ်းသာသလိုလုပ်... ငါ ဘာမှ မကန့်ကွက်ဘူး... အကြံမပေးဘူး... နင်စိတ်ချမ်းသာရင် ပြီးရော... နင်စိတ်ချမ်းသာရင် ငါ စိတ်ချမ်းသာတယ်...
- နင် ဟာ ပြောလေ ခက်လေပဲ... -
- ငါက ခက်တာ မဟုတ်ဘူး... နင်က ခက်နေတာ... နင် လုပ်တာပဲ မှန်တယ်... နင်လုပ်တာပဲ ကောင်းတယ်... နင့် chapel လေးကို ငါက စေတနာနဲ့ လုပ်ပေးတယ်... လှလှပပလေး ပြင်ဆင်ပေးတယ်... ငါ ပြင်ဆင်ပေးထားတာတွေ နင်လက်မခံဘူး... တကယ်ဆို ငါက အဲသည် ဘာသာကို မကိုးကွယ်သည့်တိုင်အောင်... နင့်ကို ငါ ချစ်လို့ ငါ့ ချစ်ခြင်း မေတ္တာတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ငါ လှလှပပ ပြင်ဆင်ပေးခဲ့တာပဲ... ဒါမယ့် နင် လက်မခံဘူး... နင့် စိတ်တိုင်းကျပဲ နင်လိုချင်နေတာကိုး... -
- ဟာ... ခက်တာပဲ... - 
- ဘာမှ မခက်ဘူး... နင်နဲ့ ငါနဲ့ အမြဲ သဘောထားက ကွဲလွဲနေတော့ ငါ့မှာ ရွေးစရာ လမ်းက ဒါပဲ ရှိတယ်... ဆိုဖာတွေ အရောင်ရွေးတာကအစ... ဈေးရွေးတာက အစ... သဘောထားက ကွဲလွဲနေရတယ်... မီးဖိုချောင်သုံး ပန်းကန်တွေ ၀ယ်မလား... ခန်းဆီးတွေ ၀ယ်မလား... နောက်ဆုံး အမှိုက်ပုံး အရွယ်အစားနဲ့ အရောင်အဆုံး... နင်နဲ့ငါ ကွဲလွဲနေတော့... ငါ လက်လျှော့လိုက်ပြီ... သည်တော့ နင်ကြိုက်တာ စိတ်ချမ်းသာတာကိုပဲ ၀ယ်ပါ လုပ်ပါ... ပြောထားပြီးပြီ... ခုတော့ တအိမ်လုံး... နင်ကြိုက်တာ နင် စိတ်ချမ်းသာတာတွေချည့်ပဲ... ငါကြိုက်တာ ငါစိတ်ချမ်းသာတာ ဘာတခု ရှိလဲ... နောက်ဆုံး... ငါ့စတူဒီယို အခန်းလေးထဲ ငါ့ ဂစ်တာတွေ ချိတ်တာ အဆုံး နင့် စိတ်ကြိုက် လိုက်ချိတ်ပေးထားရတာ... ခုတော့ သည် ပန်းချီကားတွေတောင် ငါ့စိတ်ကြိုက် မချိတ်ရရင်တော့ အေး... နင့် စိတ်ကြိုက်လည်း မချိတ်စေရဘူး... OK? We are even. ပေး ငါ့ကို အဲဒီ ပန်းချီကားတွေ... -
(ပန်းချီကားများအားလုံး ရိုက်ခွဲခံရပြီး အိမ်ရှေ့ အမှိုက်ပုံးကြီးထဲသို့ အားလုံး ရောက်သွားကြလေသည်။)

++++++++++++++++++++++++++++++++++++++++++++++++++++++

နိဒါန်း (အဆုံး)

အိပ်မပျော်သော ညမှာ အဝေးမှ အရေးပေါ် မောင်းသွားနေသော မီးသတ်ကား (သို့မဟုတ်) ရဲကား တစီးစီး၏ အရေးပေါ် အချက်ပေးသံ Siren များကို ကြားနေရလေသည်။ ထို အသံများကို မည်သို့ အသံဖလှယ်ရမည်မသိပါ။ ဥပမာ... ကြက်ဖတကောင် နံနက်ခင်း တွန်သံကို လူတိုင်းလိုလို ကြားဖူးကြမည်။ သို့သော်လည်း လူမျိုး အလိုက် ထိုကြက်ဖတွန်သံကို အသံဖလှယ်ကြရာမှာ ကွဲပြားကြလေသည်။ ဘာကြောင့် ကွဲပြားကြလေသည်လည်း မသိပါ။ ဥပမာ... ဗမာတို့က အောက်အီးအီးအွတ်-ဟု ကြားသည့် ကြက်ဖတွန်သံကို ဂျပန်တို့က အီးအော့အော့အော့-အဖြစ် ကြားသည်ကို ဖတ်ရဖူးသည်။ အင်္ဂလိပ်လူမျိုးတို့ကတော့ cock-a-doodle-doo ဟု ကြားကြလေသည်။ လူမျိုး ကွဲပြားခြင်းကြောင့်လား - ဘာသာစကား ကွဲပြားခြင်းကြောင့်လား - နေရာဒေသ ကွဲပြားခြင်းကြောင့်လား။ မသိပါ။ ယခုအခါတော့ နားထဲမှာ အရေးပေါ် အချက်ပေးသံများကို မကြားရပါ။ သို့သော်လည်း နှလုံးသားထဲမှာတော့ အရေးပေါ် အချက်ပေးသံများကို စူးရှကျယ်လောင်စွာ ကြားနေရလေပြီ။

သို့သော်လည်း ထိုနေ့ညက တအိမ်လုံး ထူးဆန်းစွာ တိတ်ဆိတ် ငြိမ်သက်နေလေသည်။

(ဆက်လက်ဖော်ပြပါမည်)

May 25, 2011

နာတာလျာနှင့် စကားပြောခြင်း (၂)
















ဟောသည့် ညမှာတော့...
စီးယူ...ဆိုတဲ့...
အသံသာသာလေးတခုက
ငါ့... သောတ အာရုံမှာ.... ပဲ့တင်ထပ်... ခဲ့... ပါ...  ပေါ့...
နာတာလျာ...

ညည်းကို
ငါက ဆည်းယူရမလား...
နာတာလျာ...

တနေ့တာအတွက် နှုတ်ဆက်စကား...
ရက်ပေါင်း ဘယ်လောက်များစွာ...
ဆူကျယ် အူလောင် နေဦးမှာလဲ...
နာတာလျာ...

ငါ့အား...
နင်...
နှုတ်မဆက်စေချင်ပါ...
နာတာလျာ...

ငါကလည်း
ရိုးသားပွင့်လင်းတယ်...
နင်ကလည်း
ရိုးသားပွင့်လင်းတယ်...
သူငယ်ချင်းလို့လည်း
နင်နဲ့ငါ အချင်းချင်း ခေါ်ကြပါတယ်....
နာတာလျာ...

နင့် မျက်နှာစာအုပ်ထဲမှာ...
ငါ... မရှိဘူး...
ငါ့မျက်နှာစာအုပ်ထဲမှာ...
နင်... မရှိဘူး...
ဒါမယ့်...
နင်နဲ့ငါက သူငယ်ချင်းလေ...
နာတာလျာ...

မျက်နှာစာအုပ်မှာ
စာမျက်နှာကိုယ်စီရှိပေမယ့်...
သူငယ်ချင်းဖြစ်ကြဖို့...
ငါတို့ ၂ ယောက်ဟာ
တယောက်ကို တယောက် Add ဖို့ မလိုဘူး...
Accept ဖို့ မလိုဘူး...
နာတာလျာ...

တခုခုကတော့
တခုခုပါပဲ...
နာတာလျာ...

စီးယူ အရောင်း...
နာတာလျာ...
ငါ့ကဗျာတွေကိုပဲ ကောင်းကောင်းဖတ်ပေါ့....
သူငယ်ချင်းလေး...

ATN

May 24, 2011

နာတာလျာနှင့် စကားပြောခြင်း (၁)




















အော်ရီဂွန်ရဲ့ ပို့လန်း နံနက်ခင်းဟာ
လင်း ကျင်း ဖြူ လွလို့ပါလား...
နာတာလျာ...

ငါ့ အလုပ်ကို လာတဲ့ လမ်းမှာ
ပန်းတွေ မပွင့်ဘူး...

မင့် အပြုံးလေး တပွင့်သာ
သစ်ခွပန်းတပွင့်လို စွင့်ကားလို့ပါ...
နာတာလျာ...

ကောင်းသော နံနက်ခင်းပါ-တဲ့
မင်းက... ငါ့ကို ပြောသွား....

အလန့်တကြား....
ငါက... တွေးတောသွားမိ...
ငါ့မှာ... နံနက်ခင်း ကောင်းကောင်းတွေ ရှိသလား...

သူငယ်ချင်းလေးရယ်....
ငါက အူကြောင်ကျားတွေ မေးမိရင်...
နင် မရီနဲ့..

ငါထင်တာကတော့...
ငါ့မှာ နံနက်ခင်းဆိုတာ ရှိကို မရှိတော့ဘူး...
ငါ့မှာက ညတွေပဲ ရှိတယ်...

အေးစက်စက်.... ညတွေ...
နှလုံးသားတွေ... သေနေ...
အပြုံးတွေ... သေနေ...
အမည်နာမတွေလည်း... သေကြတာပေါ့...

သေတဲ့အထဲမှာ...
ငါက ထိပ်ဆုံးကပေါ့...

ငါ့နောက်မှာ....
ကြောင်တကောင်သေတယ်...
နှစ်ယောက်အတူ ဖူးပွင့်မယ်ဆိုတဲ့ မနက်ခင်းလေး တခုပါ အဆစ် ပါသွားတယ်...
နာတာလျာ....

ငါ ငိုဖူးတယ်...
နာတာလျာ....

အမေ့အတွက် ငါ ငိုဖူးတယ်...
ကြောင်ကလေး တကောင်အတွက် ငါငိုဖူးတယ်...
ငါးကလေး တကောင်အတွက် ငါငိုဖူးတယ်...

ငါ့ ဘ၀ကိုက
ငိုနေရတာပါပဲ.... နာတာလျာ...

ကောင်းသော နံနက်ခင်းပါ-လို့
မင်းပြောသွားတဲ့ နံန့က်ခင်းမှာ...

ငါဟာ
.... ငါဟာ....
နာတာလျာရယ်....
....

နာတာလျာရယ်....

မင့်အပြုံးလေးကို ကြည့်မိပြီး...
ငါဟာ...
ဆွံ့အနေမိပေါ့...
နာတာလျာ.... ... ...

သည်ကဗျာကိုလည်း
နံနက်ခင်း တခုမှာ ရေးမိပါတယ်... နာတာလျာ...

ATN

May 14, 2011

ဘူတာပျောက် ရထား



















မောင်းနှင်ခဲ့တယ်...
အရှေ့ရဲ့အရပ်ဆီ...
အဲသည်မှာက... နေမင်း... ရှိတယ်...
အလင်း အောက်ခြေက..
သဲမြေလွလွအပေါ် ကျဲဖြန့်ခင်းကျင်းထားသော
နှင်းဆီပန်းဖြူဖြူများ...
စိမ်းလို့ လန်းလို့...
ချစ်သူ့ အနမ်းများကိုသာ
ရထားတစီး ဆိုက်ချလာသလို...
ဘူတာတခုမှာ
ကိုယ်လိုအပ်နေခဲ့တယ်...

ရထားကို ငါရပ်တယ်...
ဖြတ်ခဲ့ရတဲ့ မြို့တိုင်းမှာ
ရပ်နားခဲ့တဲ့ အကြိမ်များ အားလုံး
ဘူတာအမှားတွေနဲ့သာ အဆုံးသပ်ပေါ့....

မိုင်ပေါင်းထောင်ချီခဲ့တဲ့ ငါ့ခရီးဟာ
အချီးအနှီးသက်သက်ပေပဲလား...

ဘူတာပျောက်သွားတဲ့
ရထားတစီးဟာ...
ငါပေါ့... ကွယ်...

ATN

May 1, 2011

မသေသေးတာဆိုလို့ အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...























နေ့တွေ သေတယ်...
ညတွေ သေတယ်...
ချစ်တဲ့သူတွေ သေတယ်...
မုန်းတဲ့သူတွေ သေတယ်...

နောက်ဆုံး
နှိုင်းရတရားတွေ သေတယ်...

ဗုဒ္ဒဘာသာလည်း သေတယ်....
အစိပ်စိပ်အမွှာမွှာကိုသေတာ....
ဟိနယန... မဟာယန...
ထေရ၀ါဒ... ဇင်... တာအို...
ဘာဂိုဏ်း... ညာဂိုဏ်း...

ခရစ်ယာန်တွေလည်း သေတာပဲ...
ရိုမန်ကက်သလစ်...
ပရိုတက်စတင့်...
အင်ဂလီကန်... ဘက်ပတစ်စ်...
အိုး... ယူ... နိမ်းမစ်...
ဆန်းဒေး တူ မန်းဒေး အသင်းများ....

ကွန်မြူနစ်တွေလည်း သေတာပဲ...
ဆိုဗီယက်မှာသေတယ်...
ဘာလင်တံတိုင်းမှာသေတယ်...
တရုပ်-ဗီယက်နမ် နယ်စပ်မှာသေတယ်...
ကျူးဘားမှာသေတယ်...
ယူနန်-မြန်မာနယ်စပ်မှာသေတယ်...

သေကြ... သေကြ...
အားလုံး သေကြတာ ကောင်းတယ်...

ကမ္ဘာမြေမှာ
အားလုံး သေကြ...

မသေသေးတာဆိုလို့...
အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...

ATN