Sep 11, 2008

ညောင်းညာသွားတဲ့ကောင်းကင်





















နိမိတ်ပုံ
ရင်ခုန်သံ သင်္ကေတ
ဘ၀အဓိပ္ပါယ်စင်စစ်
ဖြစ်တည်မှု တေးတပုဒ်
အရေပြားကိုခြစ်ထုတ်မှ
သီဆိုလို့ရမတဲ့လား …..

လူ ဆိုတာက
နဂိုရ်အတိုင်းပါပဲ
အပြောင်းအလဲမရှိ။

ဘ၀ဆိုတာကြီးကသာ
ဆာလောင်တယ်၊ အာခြောက်တယ်၊
ပေါက်ထွက်တယ်၊ မီးလောင်တယ်၊
ချောင်ပိတ်တယ်၊ ကြေကွဲတယ်၊
ရေခဲတယ်၊ ခြောက်သွေ့တယ်၊
မေ့လျော့တယ်၊ ရပ်နားတယ်၊
ခါးသီးတယ်၊ ပါးလှပ်တယ်၊

ကျေနပ်စရာဆိုလို့
မကြာမကြာ သေဆုံးခွင့်ရတာနဲ့
ခဏခဏ ပြန်မွေးဖွားခွင့်ရတာရယ်၊

ဘာပဲဖြစ်ဖြစ်
ငါဟာ
ညောင်းညာလှပါပြီကွယ်။

အကြွေးတွေအားလုံးကို
တရက်တည်း အပြီးဆပ်ခဲ့ရသူတယောက်ဟာ
လွန်မြောက်သွားတာလား -
လွတ်မြောက်သွားတာလား -

တခါတခါလည်း
သတ်ပုံအမှားက
တစုံလုံးကို ဆုံးဖြတ်သွားတယ်။

ငါ ချစ်တဲ့သူက
ငါ့ကို မုန်းဖို့ ကြိုးစားပြီး
ငါ သတိရနေတဲ့သူက
ငါ့ကို မေ့လျော့ဖို့ ကြိုးစားနေတဲ့အခါ
ဘ၀ဆိုတာ
ဒဏ္ဏာရီ-

အနီးဆုံးက အဝေးနိုင်ဆုံး နီးတဲ့အခါ
အဝေးဆုံးက အနီးနိုင်ဆုံး ဝေးတဲ့အခါ
ကမ္ဘာကြီးဟာ
တုန်လှုပ် ခြောက်ခြား သွားလေတယ်။

ခုတော့
ငါ ရပ်နားခဲ့ပါပြီ
လေဟာနယ်တခုဆီ၊

အဲသည်မှာ
ရာသီဥတု မရှိဘူး
ပူမှု အေးမှု မရှိဘူး
ချစ်ခြင်းမေတ္တာနဲ့
အယောင်ဆောင်မှုတွေတောင် မရှိဘူး
ငါ့အတောင်တွေကို
အပြာရောင်စွန်းထင်းစေတဲ့
ဟင်းလင်းပြင် တခုပဲ ရှိတယ်။

ATN

6 comments:

  1. ညောင်းညာနေတဲ့ ကောင်းကင်အတွက်
    စိတ်ပြေလက်ပျောက် လမ်းလျှောက် ထွက်ရအောင်ဗျာ......
    စိတ်အချဉ်ပေါက် ပေါက်နေလို့
    ဆေးလိပ်တွေပဲ ဖိဖွာ ပစ်နေရတယ် အကိုရေ..

    ReplyDelete
  2. ညောင်းညာနေတဲ့ကောင်းကင်ကြီးကို လာကြည့်သွားတယ်။
    အနီးဆုံးက အဝေးနိုင်ဆုံး နီးတဲ့အခါ
    အဝေးဆုံးက အနီးနိုင်ဆုံး ဝေးတဲ့အခါ
    ကမ္ဘာကြီးဟာ
    တုန်လှုပ် ခြောက်ခြား သွားလေတယ်။

    ReplyDelete
  3. ကိုအောင်သာငယ်ရေးသမျှ ကဗျာတွေထဲမှာ အခုအချိန်အထိ ဒါကို အကြိုက်ဆုံးပဲ အကောင်းဆုံး ကဗျာတွေထွက်လာဖို့ အနာကျင်ဆုံး ခံစားရတယ်ဆိုရင်တော့လည်း

    ReplyDelete
  4. ကိုအောင်ရေ...
    ကဗျာတွေ အားလုံးကြိုက်တယ်ဗျာ....
    ကျနော် အဲလိုရေးနိုင်ဘို့ တော်တော်ကျိုးစားရဦးမယ်...။

    ReplyDelete
  5. ကဗျာဖတ်သွားတယ် အစ်ကို..။ ရင်ထဲက ထွက်လာတဲ့ ခံစားချက်တွေထင်တယ်။ ကြိုက်တယ်ဗျာ။

    ReplyDelete
  6. ညီလေးကိုဖုန်း - လမ်းအတူထွက်လျှောက်ရအောင်ကွာ၊ မင့်ဆေးလိပ်ကြီး ခဏထားခဲ့း)
    လင်း - ကောင်းကင်ကြီးကိုမော့ကြည့်သွားတာ ကျေးဇူးပါ။
    မပန် - မပန် ရေးသမျှ ကွန်မန့်တွေထဲမှာ ဒီကွန်မန့်ကို အကြိုက်ဆုံးပဲး)
    ကိုသစ် - နှစ်သက်တယ်ဆိုလို့ ၀မ်းသာပါတယ်။
    ညီလေး ငြိမ်းချမ်းအောင် - ကွန်မန့်အတွက် ကျေးဇူးပါ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...