Sep 19, 2008

အဖြူရောင်ဒဏ္ဍာရီ



မီးခိုးငွေ့တို့ လွင့်ပျံ့သွားကြသည်
ဘယ်အရပ်ဆီသို့ ဦးတည်နေကြောင်း မသိရ။
အရှေ့အရပ်မှ တိုက်ခတ်လာသောလေမှာ
သွေးညှီနံ့တချို့ပါနေလေသလား။
အိမ်ရှေ့က လမ်းမအဟောင်းကြီးပေါ်မှာ
ကားများ မောင်းနေဆဲပါပေ။
နေ့တနေ့ကို မရောက်မီ
ညတညက အရင်ရောက်လာလေသည်လား၊
ညတညသို့ မရောက်မီ
နေ့တနေ့က အရင် ရောက်နှင့်လေသည်လား၊
ဥာဏ်မှီသူများ စဉ်းစားကြပါသည်။
အလုပ်များလွန်းသဖြင့်
ကျနော် မတွေးအားပါ။
လူအမည်နှင့် နံပတ်များကို ဆဲလ်ဖုန်းတလုံးထဲ
သိမ်းကျုံးထည့်ထားသူတယောက်သည်
ဦးနှောက်မရှိသော သတ္တ၀ါတကောင်နှင့် တူလေသည်။
ပျံသန်းနေသောငှက်များအားလုံး
အဝေးဆုံးအရပ်သို့ မသွားပါ။
နေ့အလင်းရောင်ကို ပွေ့ဖက်အိပ်စက်ပြီး
ညဥ့်အခါထွက်သော ဇီးကွက်များကို
ကျနော် အားကျပါသည်။
သို့သော်လည်း နေ့အခါတပ်ရသော နေကာမျက်မှန်တလက်ကို
ညအမှောင်အတွက် ကျနော် မလိုပါ။
ကောင်းကင်ဘုံနှင့် ငရဲပြည်အကြား
နယ်ခြားမဲ့ ခြံစည်းရိုးများ
ကျေးဇူးပြု၍ ကာခြားပေးပါ ဘုရားသခင်။
မေးခွန်းများကို
ဘုရားသခင်အတွက်လည်း ကျနော် စီစဉ်ထားပါသည်

သူ့ကိုယ်စား
သင်တို့ ဖြေကြားရန် မလိုပါ။

ပူဇော်ခြင်းဟူသော စာသားကို
ဂီတသင်္ကေတများကြား တွေ့လိုက်မိသည်။
ကြိုးတပ်မထားသော ဂစ်တာတလုံးကို
တေးချင်း သီဆိုရန် ဘယ်သောအခါမှ ကျနော် မသုံးပါ။
နို့ရည်စီးဆင်းနေသော မြစ်များကို
ကျနော်မြင်တွေ့သွားပြီးသည့်အခါ
ကမ္ဘာကြီး လှပါလာပါလိမ့်မည်။

ATN

5 comments:

  1. အပိုဒ်တိုင်း အပိုဒ်တိုင်းကို အတွေးတွေ ပွါးသွားတယ် အစ်ကို။

    ReplyDelete
  2. အန်ကယ့်ပို့ စ်လေးက ဆုံးမစကားလေးတွေပြောနေသလိုပဲ ဖတ်လို့ ကောင်းလိုက်တာ ။အတွေးနယ်ချဲ့သွားပါတယ်။

    ReplyDelete
  3. ကောင်းကင်ကို - ညီရေ့ ပွားနိုင်သမျှ ပွားကြည့်ပေါ့ကွယ်
    တူမောင်မျိုး - တနေ့ သုံး ကြိမ်ဖတ် ဟုတ်လား။

    ReplyDelete
  4. ကျွန်မ က အတော်ညံ့တဲ့ အထဲ ပါတယ်..
    ကဗျာလေးက အမှန်တွေချည်း တွေး ရေးထားတာ..
    အရမ်း ဖတ်လို့ကောင်းပါတယ်
    ဒါပေမဲ့....
    နယ်ခြားမဲ့ ခြံစည်းရိုးများ.. ဆို တာ တစ်ခု
    နားမလည်လို့.....
    ဟိုလေ ကျွန်မကြာဖူးတာ..
    နယ်စည်းမခြား ဆရာဝန်များ တို့
    နယ်စည်းမခြား သတင်းသမားများ တို့..
    ဆောရီး နော်... အနှောင့်အယှက်ပေးမိပြီ ထင်တယ်

    ReplyDelete
  5. ကိုကြီးအောင်သာငယ် ..ကျနော်တော့ အခေါက်ခေါက်ဖတ်လေ ကြိုက်လေဖြစ်နေတယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...