Nov 20, 2008

စီရင်ရာနေ့
















(source:http://ftp.gnome.org/pub/GNOME/teams/art.gnome.org/backgrounds/ABSTRACT-Shatter)

ချိုင်းထောက် တဖက်နဲ့
လမ်းလျှောက်ထွက်ခဲ့ရတဲ့ ကဗျာပါ...

ထုံ့ပိုင်း..ထုံ့ပိုင်း...နဲ့
မုန်တိုင်းထန်တဲ့ ပင်လယ်ဆီ
ခံစားခဲ့သမျှတွေ တေးသီဖို့...

ကမ်းခြေအရောက်မတော့
နောက်ကျနေတဲ့ နေ့တနေ့ကိုပဲ
ဘုရားသခင်အလိုကျ
အဲသည် ကဗျာ ဖြန့်ခင်းပေးခဲ့ရ...။

လူတကာ နင်းသွားလို့
အစင်းသားပြန့်နေတဲ့ အဲဒီနေ့ကို
ဝေဒနာတွေ အထပ်ထပ်နဲ့
ဆေးစပ်မှားသွားတဲ့
ပန်းချီကားတချပ်လို တွေ့ခဲ့ရတဲ့အခါ...
ကဗျာခမျာ... အသက်ရှူလို့ မ၀တော့ဘူး...
ငါ့..ကို...အောက်စီဂျင်ပေးပါ့....ဘုရားသခင်....
နေ၀င်တာ ငါ.. မကြည့်ချင်ဘူး....
သွေးရူးသွေးတမ်းနဲ့ ပြောခဲ့...

ဘုရားသခင်ကတော့
သူ့ထုံးစံအတိုင်းပဲ
ပြုံးမြဲ..ပြုံးလို့...

သည့်နောက်မတော့
လေရူးလို
မြင် မြင်ရာတွေကို
ကဗျာ... ဖြိုချပစ်....
ဘုရားသခင်ကိုတောင်
လည်မျိုက ကိုင်ညှစ်
ကဗျာ... သတ်ပစ်ခဲ့တယ်။

အဲသည်နေ့မှာ
ကဗျာရော
ဘုရားသခင်ရော
သေခဲ့ပေါ့.... ..... .....

ATN

10 comments:

  1. အကို ကဗျာက ခံစားမှု အသစ်ကို ဖော်ထားတယ်
    အရမ်းကောင်းတယ် အကို။

    ReplyDelete
  2. လူတကာ နင်းသွားလို့
    အစင်းသားပြန့်နေတဲ့ အဲဒီနေ့ကို
    ဝေဒနာတွေ အထပ်ထပ်နဲ့
    ဆေးစပ်မှားသွားတဲ့
    ပန်းချီကားတချပ်လို တွေ့ခဲ့ရတဲ့အခါ...
    ကဗျာခမျာ... အသက်ရှူလို့ မ၀တော့ဘူး...
    အသက်ရှုလို့မဝတဲ့ကဗျာကိုအသက်ရှုမဝတဲ့လူတစ်ယောက်လာဖတ်သွားတယ်အကိုရေ...

    ReplyDelete
  3. ကိုကြီးအောင်သာငယ်... ဒီတခါကဗျာဖတ်ပြီးတော့ တမျိုးပဲ..အလိုမကျသလိုလို..ချဉ်စူးပေါက်မိသလိုလို...
    ဘာကိုဘယ်လို...အလိုမကျတယ်ဆိုတာလည်း ရှာမတွေ့ပြန်ဘူး။ အကိုဆောင်းယွန်းပြောသလို .. အသက်ရှုမဝတာတော့ အမှန်ပဲ။

    ReplyDelete
  4. တစ်စုံ တစ်ရာ အတွက် ချောင်ပိတ်မိနေတဲ့
    အခြေအနေတွေ ရောက်လာတဲ့အခါ.....
    အနူးညံ့ ဆုံး နှလုံးသားတွေတောင်
    အေးစက်မာကျောပြီး..သူ့ဘ၀ ဆုံးချင်ဆုံးပါစေ
    ရန်လို လာမှာ ပဲ ... ...
    ..........
    သည့်နောက်မတော့
    လေရူးလို
    မြင် မြင်ရာတွေကို
    ကဗျာ... ဖြိုချပစ်....
    ဘုရားသခင်ကိုတောင်
    လည်မျိုက ကိုင်ညှစ်
    ကဗျာ... သတ်ပစ်ခဲ့တယ်။
    ......

    ReplyDelete
  5. အစ်ကိုကြီးရေ...ထပ်တူထပ်မျှခံစားရပါတယ်...
    ချိုင်းထောက်တစ်ဖက်နဲ့လမ်းလျှောက်ထွက်ရတဲ့...ကနေစလို့...
    အဆုံး သေခဲ့ပေါ့ဆိုတာထိ
    စကားလုံးတိုင်းကို လေးနက်စွာ ရင်တစ်ခုလုံးအပြည့်ခံစားသွားပါတယ်.....

    လေးစားခင်မင်လျက်
    mirror

    ReplyDelete
  6. ဘုရားသခင်နဲ့တောင် စီးချင်းထိုး ချင်လောက်အောင် သတ္တိရှိတဲ့ ကဗျာပဲ-

    ReplyDelete
  7. ကိုအောင်
    ဒီကဗျာက ခံစားမှုတစ်မျိုးဘဲဗျာ...
    ရင်ထဲထိတာတော့ သေချာဘဲ...တိုက်တွေ ပြိုကျနေပြီဟေ့ လို့ ...အော်သံကြားမှ ကိုယ်ပါ အထပ်ခိုးလေးထဲ ရောက်နေတာ သတိရသွားသလိုဘဲ...။
    သိမ်းထားလိုက်ပြန်ပြီ တစ်ပုဒ်။

    ReplyDelete
  8. ကဗျာက
    ဘာမဆိုလုပ်
    နောက်ဆုံးဘုရာသခင်ကိုတောင်သတ်ပစ်
    ကိုယ့်ကိုကိုယ်အဆုံးစီရင်ပစ်တဲ့ကဗျာ....
    ကောင်းလိုက်တာအစ်ကိုရာ....

    ReplyDelete
  9. ညီငယ် ကိုအောင်၊ ညီငယ် ဆောင်းယွန်းလ၊ ညီမ ယောနသံစင်ရော်၊ မမ၊ ညီမ mirror ၊ မကေ၊ ကိုသစ်၊ ညီငယ် အိုင်လွယ်ပန် - လာဖတ်ပြီး ခံစားကြ ကွန်မန့် ပေးသွားကြတဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  10. ကောင်းလိုက်တဲ့ ကဗျာလေးပါ..
    အခု ဖတ်နိုင်သလောက်ဖက်ပြီး
    နောက်ကျန်တာတွေ လာဖတ်ပါဦးမယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...