Feb 6, 2009

ကိုယ့်ဘလော့ကိုကိုယ် ကာကွယ်ကြ

ကျနော် ဘလော့ရေးတာ မကြာသေးပါဘူး။ ခုမှ တနှစ် ကျော်ရုံလေး ရှိပါသေးတယ်။ သို့သော်လည်း အဲသည် တနှစ် အတွင်းမှာပဲ - ကျနော့် ဘလော့လေးတော့ ဟက်ခံလိုက်ရပါပြီ၊ ကျမ ဘလော့လေးတော့ ဟက်ခံ လိုက်ရပါပြီ - ဆိုတာကို ၃-၄ ကြိမ်လောက်ရှိပြီ တွေ့လိုက်ရတာ။ ဘလော့တခုဆိုရင် ဟက်ခံထားရတာကို ကျနော် မြင်လိုက်ရတယ်။ ဟက်တဲ့သူက I am the owner of this blog ဆိုတာကို ဘလော့ ထိပ်မှာ ရေးထားတယ်။ အဲတာ တခုပဲ ပေါ်နေတယ်။ ပိုင်ရှင်ကတော့ ဘယ်လို ခံစားရမလဲ- စဉ်းစားမိပါရဲ့။

ခုလည်း လမင်းခင် (မေအိခင်-လယ်ဝေး)ရဲ့ ဘလော့လည်း အဟက်ခံရသတဲ့။ သူ့လင့်ကို သွားရင် This blog has been removed ဆိုတာပဲ တွေ့ရတော့ ဟက်တဲ့သူက delete လုပ်လိုက်ပုံရပါတယ်။ ကံကောင်းတာက ဘလော့ပေါ်မှာ ပေါက်ကရတွေ ရေးမသွားတာပါ။

သူတပါးဘလော့ကို ဘာကြောင့် ဟက်ကြသလဲ။ ကျနော် စဉ်းစားလို့ မရပါ။ ဘလော့ဆိုတာ ကျနော့် အတွက် တော့ သားသမီး တယောက်လိုပါပဲ။ ကလေး တယောက်ကို မွေးသလို ပိုးမွေးသလို ဘလော့ကို မွေးကြရ တာပါပဲ။ သူတပါး ဘလော့ကို ဟက်တယ်- ဖျက်ဆီးတယ် ဆိုတာဟာ သူတပါး သားသမီး တယောက်ကို ပြန်ပေး ဆွဲတာပဲ- သတ်ပစ်တာပဲ။ ဒါဟာ လူ့နှလုံးသား မရှိတဲ့သူတွေရဲ့ လုပ်ရပ်ပဲ။ ဒီနေရာကနေ အဲလို လုပ်ရပ်တွေကို ကျနော် အပြင်းထန်ဆုံး ရှုံ့ချလိုက်ပါတယ်။

ခုတော့ ဘလော့ရေးနေတဲ့ ညီအကို မောင်နှမတွေ အားလုံးကို လုံခြုံရေးအတွက်၊ ကြိုတင် ကာကွယ်ရေး အတွက် ကျနော် သိသလောက်လေးတွေ ပြန်လည် ဝေမျှချင်ပါတယ်။ ကျနော်က ကွန်ပြူတာ ပညာရှင် တယောက် မဟုတ် သလို၊ အိုင်တီ အိက်စ်ပါ့တ်လည်း မဟုတ်ပါ။ သို့သော်လည်း ဘလော့နဲ့ ပတ်သက်လို့ ကိုယ့်ဘာသာ ကြိုတင် ကာကွယ်မှု လေးတွေ လုပ်နိုင်အောင်လို့ နားလည် လေ့လာမိသမျှ လေးတွေကို ပြန်ပြီး ဝေမျှပေးတာပါ။ ကျနော့်ထက် ပိုပြီး သိရှိ နားလည်တဲ့သူတွေ ရှိရင်လည်း ကွန်မန့်ထဲမှာ ဖြည့်စွက်ပြီး ရေးသွားပေးကြပါ။ အားလုံး အတွက် အကျိုးရှိမယ့် သိရှိထားသင့်တဲ့ အကြောင်းတွေကို မျှဝေပေးကြပါလို့ ပြောချင်ပါတယ်။

ပထမဆုံး ကျနော် ပြောချင်တာကတော့ G-mail နဲ့ ပတ်သက်လို့ပါ။

၁။ G-Mail password ကို စာလုံးရေများများနဲ့ တည်ဆောက်ပါ

ကိုယ့် G-Mail Account အတွက် password ကို တည်ဆောက်တဲ့အခါ လူတကာက ခန့်မှန်းလို့ ရနိုင်တဲ့ ကိုယ့် နံမည်တို့ မွေးနေ့တို့ ရီးစားနံမည်တို့ မိဘနံမည်တို့လိုမျိုး တွေကို မသုံးကြပါနဲ့။ password ဟာ အဓိပ္ပါယ် လုံးဝ မရှိတဲ့ စာလုံး အစုအဝေး တခု ဖြစ်သင့်ပါတယ်။ အောက်က ဥပမာကို ကြည့်ပါ။

a{Z:9#/$q%W~7=>@*y6X_?

G-Mail မှာ password အတွက် စာလုံး ၂၂ လုံးထိ ရိုက်ထည့်လို့ရပါတယ်။ စာလုံးများလေ ဖော်ဖို့ ဟက်လုပ်ဖို့ ခက်ခဲ လေပါပဲ။ ဒါ့အပြင် password မှာ ရိုးရိုးစာလုံး (a, b, c, d....) စာလုံးကြီး (A, B, C, D.... ) ကိန်းဂဏန်း (၁, 2, 3....) တွေ အပြင် သီးသန့်စာလုံးတွေ နဲ့ သင်္ကေတတွေ (special character - >, #, *, ^, &, ~.... စသည်) အားလုံး ကို ရောထွေးပြီး တည်ဆောက်သင့်ပါတယ်။ အဲဒီနည်းနဲ့ တည်ဆောက်ထားတဲ့ password တခုကို password hacking လုပ်ဖို့ အတော် ခက်ခဲပါတယ်။ လုပ်လို့ မရဘူးလို့ မဆိုလိုပါ။ အလွယ်တကူ လုပ်ဖို့ မဖြစ် နိုင်တာကို ပြောနေတာပါ။

အထက်မှာ ဖော်ပြထားတဲ့ နမူနာ password ကို ကြည့်ကြည့်ပါ။ စာလုံးရေ ၂၂ လုံးထိ ပါပါ တယ်။ အဲသည် password ကို တော်ရုံ ဟက်လုပ်ဖို့ မလွယ်ပါဘူး။

အဲသည်တော့ ညီအကို မောင်နှမတွေအားလုံး ခု ကျနော်ရေးတဲ့ ဒီစာကို ဖတ်မိတဲ့ နေ့ကနေစပြီး ကိုယ့် password တွေကို ၂၂ လုံး ပြည့်အောင် change လိုက်ကြပါ။

၂။ password ကို အလွတ်ရအောင် ကျက်ထားပါ

အတော်များများက ကိုယ့် password ကို ကိုယ်ကိုယ်တိုင် မမှတ်မိပါဘူး။ ဒါကြောင့်မို့ တနေရာရာမှာ ရေးထား တတ်ကြပါတယ်၊ မှတ်ထားတတ်ကြပါတယ်။ အဲလိုမျိုးနဲ့ တစုံတဦးက သိသွား ရသွားနိုင်တာပါပဲ။ အဲသည် အကျင့် ရှိရင် သည်နေ့ကစပြီး ဖျောက်လိုက်ပါတော့။ ကိုယ့် password ကို ကိုယ် အလွတ်ရအောင် ကျက်ထားကြပါ။ ကိုယ့်သားသမီး နံမည်ကို ကိုယ်သိနေသလိုမျိုးပေါ့လေ။ ခင်ဗျားတို့ သားသမီးနံမည်ကို ခင်ဗျားတို့ အိမ်နံရံမှာ မှတ်စု စာအုပ်မှာ ရေးမထားဘူး မဟုတ်လား။


၃။ password ကို တလတခါ ပြောင်းပါ

အထက်မှာ ကျနော် ပြောခဲ့သလို password ကို ၂၂ လုံးထိ တည်ဆောက် ထားလည်း စိတ်ချလို့ မရနိုင်ပါဘူး။ ဒါကြောင့် မို့လို့ အပို ထပ်ဆောင်းတဲ့ အနေနဲ့ password ကို တလတခါ ပြောင်းလဲသင့်ပါတယ်။ G-Mail account မှာ Change Password ဆိုတာ ရှိပါတယ်။ တလဆခါ မပြောင်းချင်ရင်တောင် ၂လ တခါ ၃ လတခါမျိုး ပြောင်းသင့်ကြောင်းပါ။


၎။ password ကို auto save မလုပ်ပါနဲ့

password ရိုက်ထည့်ရတဲ့ Web site တွေမှာ ကျနော်တို့ password ရိုက်ထည့်တိုင်း browser အများစုဟာ မေးလေ့ရှိပါတယ် - ဒီ password ကို save လုပ်မလား။ တချို့လည်း ကိုယ်တိုင် မမှတ်ချင်တာရယ် မရိုက်ချင် တာရယ်ကြောင့် password ကို Auto Save လုပ်လိုက်ပါတယ်။ နောက်တခါ အဲ Web site တွေကို ၀င်ရင် password ရိုက်စရာ မလိုတော့ပါဘူး။ G-mail ကို ၀င်ရင် ဥပမာ FireFox မှာ မေးပါတယ်။ အဲလိုမျိုး Auto Save တွေကို ဘယ်တော့မှ မလုပ်ပါနဲ့။ အပင်ပန်းခံပြီး ကိုယ်တိုင် လက်နဲ့ password ကို ရိုက်ထည့်ပါ။ ဒါဟာ လုံခြုံရေး အတွက် စိတ်အချရဆုံးပါပဲ။ ကိုယ့် password တွေကို Auto Save လုပ်ထားရင် အဲ ကွန်ပြူတာမှာ ဘယ်သူမဆို ကိုယ်သွားတဲ့ Web Site တွေကို password မသိလည်း ၀င်လို့ ရနေပြီပေါ့။ G-Mail password ကို Auto Save လုပ်ထားမိရင် အဲကွန်ပြူတာမှာ ဘယ်သူမဆို ကိုယ့် G-Mail ကို ဖွင့်လို့ ရနေပြီလေ။ ဒါဆို G-Mail account ရှိမှ ရေးလို့ရတဲ့ blog ကတော့ ပြန်ပေးဆွဲခံရမှာ- အသတ်ခံရတော့မှာ အသေအချာပါပဲ။ အဲတော့ ဒီနေ့စပြီး password တွေကို Auto Save မလုပ်ကြပါနဲ့တော့။

ဒုတိယ ပြောချင်တာကတော့ blog နဲ့ ပတ်သက်လို့ပါ။

၁။ blog ကို backup လုပ်ပါ

ကိုယ့်ဘလော့ဟာ ကိုယ့်သားသမီးဆိုရင် ကိုယ့်သားသမီးကို တနှစ်တခါလောက် ဖြစ်ဖြစ် အမှတ်တရ ဓါတ်ပုံ ရိုက် သလိုမျိုး ကိုယ့် blog ကို ကိုယ် တလတခါလောက်တော့ backup လုပ်ပါ။ blog ကို ၀င်လိုက်ရင် setting Tab မှာ Export blog ဆိုတာ ရှိပါတယ်။ ကိုယ်ရေးထားသမျှ အားလုံးကို ကိုယ့် ကွန်ပြူတာမှာ ပြန်သိမ်းထားလို့ ရပါတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် ဘလော့ကို ပြင်ဆင်ချင်ရင်တောင် ပို့စ်တွေ ပျောက် မသွား အောင် သိမ်းထားလို့ရပါတယ်။ အထူးသဖြင့် Template တွေ ပြောင်းချင်ရင် နဂိုရ် ပို့စ်တွေကို မပျောက် မပျက် သိမ်းထားလို့ ရပါတယ်။

၂။ blog ကို shadow copy ထားပါ

အထက်မှာ ကျနော် ပြောခဲ့တဲ့ blog backup ကလည်း တကယ်တော့ ကျနော့် အတွေ့အကြုံအရ အစစ အရာရာ အားလုံး အဆင် မပြေပါဘူး။ ကျနော်ကတော့ ကျနော့်ဘလော့ တခုခု ဖြစ်သွားမှာ အမြဲ စိုးရိမ် ကြောင့်ကျတော့ တခုမှ မပျောက်ဆုံးအောင် အမြဲပဲ ရှာကြံ စဉ်းစားနေခဲ့တာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် ဘလော့က ကျနော့် သားကလေးမို့လို့ပါပဲ။ ဒါကြောင့်မို့ blog backup ကသာ တကယ်လို့ fail ဖြစ်ခဲ့ရင် ကျနော့်မှာ Plan-B ရှိရမယ်လေ။ ကျနော့်ရဲ့ Plan-B ကတော့ ရိုးရှင်းပါတယ်။ ကျနော့် ဘလော့ရဲ့ ပုံရိပ်ဘလော့တခုပါပဲ။ Address ကတော့ မတူဘူးပေါ့။ Shadow Copy လို့ ကျနော် ပြောရင် လွန်သွားမလား။ ညီအကို မောင်နှမတွေ အားလုံး အဲလို Shadow Copy Blog တခု ရှိသင့်တယ်။ ဒါမှ ကိုယ့် ဘလော့ တစုံတရာ ဖြစ်သွားရင် အသက်ကယ်လို့ ရမယ်လေ။

Shadow Copy Blog ကို ဘယ်လိုလုပ်ရမလဲ ကျနော့်ကို မမေးနဲ့နော်...း)

ဘာပဲဖြစ်ဖြစ် သိချင်တာရှိရင် ကျနော့်ဆီ မေးလ်ပို့ပြီး မေးကြပါ။
ညီအကိုမောင်နှမတွေအားလုံး လူအချင်းချင်းနှောက်ရှက်ခြင်း ကင်းဝေးကြပါစေ။

38 comments:

  1. ကျေးဇူးတင်ပါတယ် အကိုရေ့....

    ReplyDelete
  2. လာဖတ်သွားသည်။

    ReplyDelete
  3. ကျေးဇူးဗျ သတိထားရမယ့်အချက်တွေပဲ ။

    ReplyDelete
  4. ဘလော့မရှိပေမယ့် ဂျီမေးလ် ပတ်စ်ဝတ် ပြောင်းလိုက်ပါမယ်..။

    sin dan lar

    ReplyDelete
  5. ဘလော့ဂါ တွေ အတွက် ရော...
    ဂျီမေးလ် အသုံးပြုသူတွေပါ
    သိထားသင့်တဲ့..ပို့စ်လေးပါ...
    ဘလော့ဂ်မရှိသေးပေမဲ့..
    သိသင့်တာလေး သိရလို့
    ကျေးဇူးတင်ပါတယ်..

    ReplyDelete
  6. Gmail တစ်ခါအဟက်ခံဘူးပေါ့.. သိပ်ကိုကြောက်ပါတယ် အဲ့ဒီတုန်းကဆို နှုတ်ခမ်းတွေပြာတဲ့အထိ ဗျာများရပါတယ်.. ဒီမေးလ်သုံးလာတာက ၃နှစ်လောက်ရှိပြီကိုး။ ဘလော့ဂ်လည်း ဒီအတိုင်းပါပဲ အဲ့လိုဖြစ်မှာစိုးရိမ်တဲ့အတွက် အမြဲတော့ သတိထားပါတယ်
    ဦးငယ်ပြောသလိုတွေလုပ်ပါ့မယ်.. ကျေးဇူးဦးငယ်ရေ..။

    ReplyDelete
  7. သတိပြုစရာလေးတွေ ရေးပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    “သေသောသူသည် သုဿန်သို့သွားသည်” ဆိုတဲ့ ကျနော့်ပါ့တ်စ်ဝါ့ဒ်ကို ဘယ်သူ့ကိုမှ ကျနော်ပြောမပြတော့ဘူးလို့ စိတ်ကူးထားတယ်။း-)

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. ဟုတ်တယ် ကိုအောင်သာငယ်ရေ သတိပေးတာ ကောင်းတယ် ကျွန်တော်လိုပေါက်ကရရေးတာ ဆိုကိစ္စမရှိဘူး တချို့တွေက ရင်နဲ့ အနုပညာ တစ်ခုဖန်တီးသလိုကို ဘလော့ရေးကြတာ မမေအိခင်အတွက် စိတ်မကောင်းပါဘူး gmail ကတော့ personal ဆိုတော့ ပိုသတိထားကြပေါ့ဗျာ အနည်းဆုံး တစ်လတခါ password ပြောင်းကြပါ

    ReplyDelete
  11. ဆင်ဆင်ရေ- မမေငြိမ်းဟာ..ညက ထိတာလေ။ ခုပြန်ရသွားပီ။

    ၂၂ လုံးတောင်ထားရမယ်..ပြီးတော့အလွတ်ကျက်ထားရမယ်..တလ တခါ လည်း ပြောင်းရမယ်ဆိုတော့ကာ..အင်း..

    ReplyDelete
  12. ဘလော့က ဟတ်ခံထိတာ မဟုတ်ပါ။ တစုံတယောက်က စပန်ဘလော့အဖြစ် တိုင်ကြားထားတဲ့အတွက် ဘလော်ဂါဒေါ့ကွန်းက စစ်ဆေးရန် ပိတ်လိုက်တာ သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘလော်ဂါဒေါ့ကွန်းကို ဘလော့ပိုင်ရှင်မှ စာပို့ဖြေရှင်းရမှာ ဖြစ်ပါတယ်။ မေငြိမ်းဘလော့ကို အဲဒီလို ဖြေရှင်းတဲ့အတွက် ပြန်လည် ပွင့်သွားပါပြီ။(တိုင်ကြားသူတွေကတော့ ထင်တဲ့ လူတွေပဲ ဖြစ်မှာပါ)

    ReplyDelete
  13. မသိသေးတာတွေ မကြားဖူးတာတွေ အတွက် ကျေးဇူးတင်ပါတယ်။ ဟက်လုပ်ပြီး ဘာလို့ ဖျက်ပစ်တာလည်း မသိဘူးနော်။ လုပ်ရတာ အရမ်း ခက်တာလေ။

    ReplyDelete
  14. ကျေးဇူးပါအစ်ကို လမ်းညွှန်ပေးတာ..

    ReplyDelete
  15. ကျနော်အမြင် ပြောရရင် စစ်အစိုးရ ဒုက္ခပေးလို့ ကိုယ့်
    ဘလော့ပျက်တာ ဂုဏ်ယူဖို့ကောင်းတယ်။ ကိုယ့်အချင်း
    ချင်း မကျေနပ်မှုတစုံတရာကြောင့် လုပ်လို့ဘလော့ပျက်
    ရင် တော်တော်ဒေါသထွက်ဖို့ ကောင်းတယ်။ အခု အကိုရေးလိုက်မှဘဲ ကျနော်လည်း ပတ်စ်ဝက် ရှည်ရှည်လုပ်မိတယ်။ အကြံဥာဏ်အတွက် ကျေးဇူးပါ။

    ReplyDelete
  16. အလွန်ကောင်းတဲ့ အကြံပြုပါပဲခင်ဗျာ။ ဘလော့ဂ်ဂါတိုင်း မဖြစ်မနေလုပ်ထားသင့်ပါတယ်။ ဘတ်ကပ် လုပ်ရာမှာ settings / basic ထဲဝင်ပြီး export blog နဲ့ xml file ကို ဒေါင်းလုပ်ချ ထားနိုင်ပါတယ်။ ဒါဆိုရင် ရေးခဲ့ပို့စ်တွေ အပြင် ကောမန့်တွေကိုပါ ဘက်ကပ် သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

    ReplyDelete
  17. ဟာဟ.. ဆရာလုပ်ချင်စိတ်များသွားတယ် အကိုရေးထားပီးသားပဲ :P

    ReplyDelete
  18. အစ်ကိုကြီးရေ့...ဘလောဂ့်ကိုဟက်တာတော့ မဟုတ်ဘူး၊
    ဂျီမေးလ်ကို ဟက်တာတော့ ခံရဖူးတယ်၊အဲ့တုန်းက ခံစားရတဲ့ ခံစားမှုကို ကိုယ့်ဘာသာပဲ သိတယ်၊ဂျီမေးလ်ပျောက်တာထက် ဘလောဂ့်ပျောက်သွားမှာစိုးတဲ့ ပူပင်မှုနဲ့ပါ၊ဒါမဲ့ ဘလောဂ့်ကတော့ မပျောက်ဘူး။ဆက်သုံးဖို့လဲ စိတ်ထဲ တစ်မျိုးကြီးဖြစ်နေတာနဲ့ မသုံးတော့ဘူး၊

    ခု အစ်ကိုပြောထားတာတွေကို ကြိုးစားပြီးလုပ်ကြည့်မယ်၊
    မရရင် မေးမယ်လေ..နော်။

    ReplyDelete
  19. မှတ်သားသွားပါတယ် အကြံဥာဏ်တွေ အတွက် ကျေးဇူးပါ..။

    ReplyDelete
  20. ဟိုက်..........ဒွတ်ခပဲ.........ဒွတ်ခပဲ........ ၂၁လုံးပဲရှိတယ်။ တလုံးလိုနေတယ်။........ဒွတ်ခပဲ.......ဒွတ်ခပဲ

    ReplyDelete
  21. သူများတွေ hack ခံထိပြီဆိုတော့ စိတ်မကောင်းလိုက်တာ။ သတင်းပေးတဲ့လူတိုင်းက back up လုပ်ထား၊ back up လုပ်ထား ဆိုတော့ ဘာကို ဘယ်လို ပြေးလုပ်ရမယ်မှန်း မသိဘူး။ မိတ်ဆွေ မမတယောက်ကတော့ ချိုသင်း ဘလော့ဂ်ကို သူ လုပ်ပေးထားမယ်လို့ ပြောရှာတယ်။ ကျေးဇူးတင်လိုက်တာ။ ကိုယ့်သမီးလေးက မလှပေမဲ့ ချော်လဲမှာတော့ စိုးမိသား။
    အခု အကိုပြောသလို အရင်ဆုံး password ကို ပြောင်းရမှာပေါ့နော်။ ၂၂လုံး ဆိုတော့ သိပ်ကောင်းတဲ့ မှတ်ဥာဏ်နဲ့တော့ တွေ့ကြပြီ။ a{Z:9#/$q%W~7=>@*y6X_? တွေလဲ ပါရအုံးမယ်၊ တလတခါလဲ ပြောင်းရအုံးမယ် ရေးလဲ မှတ်မထားရဘူး ဆိုတော့ ကိုယ့်ဘလော့ဂ်ကို password မမှတ်မိတော့လို့ ၀င်လို့မရ ဖြစ်နေမဲ့ အကို့ညီမကို မြင်ယောင်ကြည့် လိုက်ပါတော့လေ..:)

    ReplyDelete
  22. ဟက်အလုပ်ခံရင်တော့ တကယ်ပဲခံစားရမှာပါ.. ကိုယ်လည်း အကျိုးမရှိ သူများလည်း စိတ်ဆင်းရဲအောင်တော့ မလုပ်ကြပါနဲ့...

    ReplyDelete
  23. ရှည်လျားတဲ့ ပတ်စ၀ပ်တွေကို မှတ်မိဖို့ဆိုရင်


    ကိုအောင်သာငယ်က ဘလော့ဂ် ကိုကာကွယ်ဖို့အကြောင်း ပြောခဲ့ပါတယ်။ ပတ်စ၀ပ်ပေးတာနဲ့ ပတ်သက်လို့ စာလုံးရေ ၂၀ ကျော်လည်း ပေးရမယ် ဆိုလို့ ညစ်ကုန်ကြတာလည်း တွေ့ရပါတယ်။

    ကိုအောင်သာငယ်ပြောသလိုပဲ တကယ် အားကောင်းတဲ့ ပတ်စ၀ပ်တစ်ခုဟာ Alphanumerical ဖြစ်ပြီး symbol တွေပါ ပါအောင် ပေးသင့်တယ်လို့ မှတ်သားဖူးပါတယ။် စာလုံးအကြီးအသေးတွေလည်း ရောနှောနေသင့်ပါတယ်။

    ကိုယ်မှတ်မိနိုင်တဲ့ sentence တခုကို ပေးပြီးမှ အထဲက စာလုံးတွေကို ဂဏန်းတွေ သင်္ကေတတွေ စာလုံး capital တွေနဲ့ ရောလိုက်လို့ရပါတယ်။

    Stay away from me please.

    $t@yAWAYf60m^^3pl3aze

    နောက်တမျိုးကတော့ စာလုံးတွေကို အတိုကောက်ပေါင်းလိုက်တာ ဖြစ်ပါတယ်။

    Make your password handy.

    m@k=yrpaswudh&y

    အဲဒီအထဲမှာပဲ ဂဏန်းတွေကို ပေါင်းထည့်ချင်ထည့်ပေါ့။

    Burglish ကလည်း အသုံးဝင်နိုင်ပါတယ်။ ကိုယ့်ဗားရှင်းနဲ့ကိုယ် စာလုံးပေါင်းပေါ့။

    ဒါပေမယ့်လည်း သူများတွေသုံးနေကျ စာလုံးနဲ့ သင်္ကေတဖလှယ်တာကိုလည်း အမြဲတော့မသုံးပဲ ရှောင်သင့်ပါတယ်။ ဥပမာ.. l ကို 1 လို့သုံးတာမျိုး။ a ကို @ လို့သုံးတာမျိုး။

    ခက်လည်းခက် မှတ်လည်းမှတ်မိနိုင်သော ပတ်စ၀ပ်ရှည်ရှည်များ ဖန်တီးနိုင်ပါစေ။

    ReplyDelete
  24. ကိုအောင်သာငယ်ရေ ပတ်စ၀က် တွေ ဒီနေ့ ပဲ လျောက်ပြောင်းတယ် ကျမ ကမေး(လ်) များတယ်
    လုပ်ငန်း ကိစ္စတွေခွဲဖွင့်ထားတာပေါ့ စောစောကပဲ
    တစ်ခုမေ့ သွားလို့  မနည်း ပြန် စမ်းရတယ် ခုတော့ရပါပြီ ။။ ရှင်းပြထားတာတွေအတွက် ကျေးဇူး ပါ ။။ ကျမ နည်းပညာမတက် တာပိုဆိုးသွားပါတယ် သင်ကိုသင်ရဦးမယ် ။ အရင်ကဆိုကွန်ပျူတာသတိပေး နည်းပညာတွေ မဖတ်အားဖူးဆိုပြီး မျက်နှာလွဲခဲ့မိတာ နောင်တ ရနေတယ် ။။ ကျေးဇူးအထူးတင်ပါတယ် ဗျို့ 

    ReplyDelete
  25. တတ်ကျွမ်းသူတဦးရဲ့အဆိုအရ မိမိစက်ထဲမှာ key logger ဆိုတဲ့ spy ware ထည့်သွင်းခံထားရပြီဆိုရင် password တိုတိုရှည်ရှည် ကိုယ်ရိုက်တဲ့ key stroke မှန်သမျှ ခိုးခံနေရမှာပါတဲ့။ ကိုယ့်စက်ထဲမှာ key logger ရှိမရှိသိရအောင် Task manager(ctrl+Alt+Del) သွားပြီး process ဆိုတဲ့ Tab ကိုနှိပ် msdts.exe ဆိုတဲ့ file run နေလားကြည့်ပါတဲ့။ Run နေရင် အမြန်သာ End process လုပ်ပေတော့။ Key logger ရှိနေခဲ့ရင်တော့ စက်ကို format
    ချ လိုက်တာ အကောင်းဆုံးပါပဲ။ ကိုအောင်သာငယ် ပြော သလို back up နဲ့  shadow တွေလုပ်ထားရင် အဟက်အဖျက်ခံရအုန်းတော့ တစ်ကပြန်စလို့ လွယ်သွားမှာပါ။ KM

    ReplyDelete
  26. ကိုအောင်သာငယ် ကျေးဇူးပါ။ ခုလိုသတိပေးတာ ကောင်းတယ်။

    ReplyDelete
  27. မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။
    မှတ်သားသွားပါတယ်။

    ReplyDelete
  28. Password ပြောင်းလိုက်ပြီ။ ၂၂ လုံးတော့ မဟုတ်ဘူး။

    ReplyDelete
  29. အစ်ကိုရေ သတိပေးတာကျေးဇူးပါ။

    ReplyDelete
  30. ချစ်ကိုကြီးရေ..ရှဲဒိုးလေးတော့ စိတ်ဝင်စားတယ်
    ဖြစ်နိုင်ရင် မေးလ်ပို့လိုက်နော် ၊
    ကျေးဇူးများစွာဖြင့်

    ReplyDelete
  31. မဖြစ်မနေလုပ်ထားသင့်တဲ့ လုပ်ဆောင်ချက်တွေပါ။ တစ်ခါတလေကျတော့ လည်း အလုပ်များတာနဲ့ ဦးစားပေးဖို့ မေ့နေတတ် ပြန်တယ်။ အသိပညာပေးပို့စ်လေး ကိုကျေးဇူးတင်ရှိစွာ ဖတ်သွားပါတယ်။
    ပျော်ရွှင်အဆင်ပြေပါစေ

    ReplyDelete
  32. လေ့လာမှတ်သားသင့်တဲ့ ပိုစ့်ကောင်းလေးပါ
    အစ်ကို
    မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  33. password cracking ဆိုလို့လေနည်းနည်းဝင်ပေါချင်တယ် ...အစ်ကို အောင်သာငယ်ရေ ...။

    ကျွန်တော်က Java Developer ပါ ...။ Internet security ကို လုပ်ငန်းသဘောအရ နည်းနည်းတော့ တီးမိခေါက်မိရှိပါတယ် ...။

    ပုံမှန်ကတော့ commercials မဟုတ်တဲ့ ... entertainment blogs တွေ ကို hack လေ့မရှိပါဘူး ... ။

    hacking threat တစ်ခုမှမရဘဲ hack ခံလိုက်ရတယ်ဆိုရင်တော့ ... မတော်တဆ ပါပဲ ...။ ဘယ် hackers မဆို ကိုယ် hack နိုင်တာကိုတော့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိပါတယ် ... ။ သူတို့ရဲ့ nick name ကို ရေးထားခဲ့လေ့ရှိပါတယ် ..။

    password ရှည်လေလေ ...ခက်လေလေတော့လည်းမဟုတ်ဘူး အစ်ကိုရေ ..
    တစ်ကယ်တမ်း ... စိတ်ရှည်တဲ့ black hacker က hack လုပ်ဖို့ကြိုးစားတာဆိုရင်တော့ ... တားဖို့မလွယ်လောက်ဖူး ..။

    ပုံမှန်အားဖြင့် အစ်ကို ပြောတဲ့ key combination hack (brute-force and similar attacks)က gmail မှာ အလုပ်မဖြစ်ပါဘူး ...။ gmail ရဲ့ features တွေထဲမှာ နှစ်ခု သုံးခုက block လုပ်ထားလို့ပါ ..။

    များသောအားဖြင့် hacker တွေက hacking servers && programs ကို ၂၄ နာရီ run ထားတာပါ ...။ Multiple Threads နဲ့ concurrent run လိုက်လို့ရသွားရင် ... တစ်ရက်အတွင်းသိနိုင်ပါတယ် ...။

    နောက်ပြီးတော့ .... google servers ကို hack လုပ်တဲ့ hackers group တွေနဲ့ဆက်သွယ်မိရင် ... gmail password က လွယ်လွယ်နဲ့ ရနိုင်ပါတယ် ...။ ဒါပေမယ့် ဒါက international hackers အဆင့်မှပါ ...။

    အခု အစ်ကိုပြောသလိုဆို ... hack လုပ်လိုက်တဲ့သူဟာ professional hackers မဟုတ်ပါဘူး ...။ လက်တဲ့စမ်းတဲ့တစ်ယောက်ယောက်ဖြစ်နိုင်ပါတယ် ...။ သူတစ်ပါးကို ဒုက္ခပေးရမယ့်ပျော်တယ်ဆိုတာ တော်တော်နိမ့်ကျတဲ့ စိတ်ထားပါ ..။

    မြန်မာပြည်မှာလည်း မနှစ်က virus တစ်ခုရေးလိုက်တဲ့ လူငယ်တွေကြောင့် တော်တော်များများဒုက္ခရောက်လိုက်ပါသေးတယ် ..။

    ဒါပေမယ့် hacking ကို စိတ်ဝင်စားတဲ့ ရူးပေါပေါ ငနဲတွေ လက်တဲ့စမ်းတဲ့ အထဲပါမသွားအောင်တော့ ...backup လုပ်ထားတာ အကောင်းဆုံးပါပဲ ...

ှSave is better than Sorry....

    ReplyDelete
  34. သိပ်ကောင်းတယ်ဗျာ။

    ဖတ်မှတ်သွားပါတယ်

    စာရေးသူအား အထူးကို ကျေးဇူးတင်ရှိကြောင်းပါ။

    ReplyDelete
  35. ပို့စ်မှာ ရော ကွန်မန့်တွေမှာပါ မှတ်သားစရာတွေ ပါပဲ။ ကျေးဇူးပါ ကိုအောင်သာငယ်။

    ReplyDelete
  36. လာဖတ်သွားတယ် အစ်ကိုရေ။ မှတ်သားစရာ
    လေးတွေပါ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  37. ကိုအောင်သာငယ်ရဲ့ ပို့စ်ကို ညွှန်းပြီး ကွန်မန့်တခုကို ကျနော့်ဘလော့မှာ ဖော်ပြခွင့် ပြုပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  38. ကိုဆောင်း၊ မခင်ဦးမေ၊ တူမောင်မျိုး၊ ဆင်ဒဏ်လား၊ မမ၊ Craton - လာ ဖတ်သွားတာ ကျေးဇူးပါ...
    ကိုပေါ - အဲ ပါ့စ်ဝါ့ဒ်မှာ - သက်သက်သာသာသွားသေသည် - လို့ ထပ်ထည့် လိုက်ဗျာ....း)
    ကိုမျိုးဝင်းဇော် - ကနေ့မှ စ၍ ပေါက်ကရများ မရေးသင့်တော့ပါ...း)
    မကေ - အတင်းအကျပ် မဆိုလိုပါ... အဆင်ပြေသလို ဆောင်ရွက်နိုင်ပါကြောင်း...း)
    Anonymous - ကွန်မန့်အတွက် ကျေးဇူးပါ...
    မီယာ၊ လင်းဒီပ - ဖတ်သွားတာ ကျေးဇူးပါ...
    ကိုအောင် - ညီ ပြောတာလည်း အမှန်ပါပဲ...
    ညီ မောင်သင်္ကြန် - ကျေးဇူး.. ညီရေ့...
    ညီမလေး မကြေးမုံ - လုပ်စရာရှိတာ လုပ်...
    လင်းထက်ကြီး - နင် သိပြီးသားတွေပါ... ဟယ်...
    ကလူသစ်- နောက်တလုံးက ဘယ်ကျ ပျောက်သွားသလဲ... အမှန်က ၂၃ လုံး...
    ညီမချိုသင်း - အားလုံး အကို့ အပြစ်တွေပါကွယ်...
    ကပီတိ - ကျယ်ကျယ် အော်ဗျာ...
    မပန် - ဆရာ ၀င်လုပ်သွားတဲ့အတွက် ကျေးဇူးပါ...း)
    မအိ - လုပ်သင့်တာလေးတွေ လုပ်ဗျာ...
    Anonymous - ကွန်မန့်အတွက် ကျေးဇူး ညီရေ့...
    ပုံရိပ်၊ မီဂူမီ၊ ကိုသက်ဦး၊ မေ့သမီး၊ ချစ်ညီကြီး သားထူး၊ ကိုဝင်းဇော်၊ ညီမ ခေးအော့စ် - ဖတ်သွားကြတာ ကျေးဇူး...
    Anonymous - ကျေးဇူး အထူးပါ ညီရေ့... အားလုံးလည်း သိသွားကြအောင် ခုလို ၀င်ပြီး ပြောပြပေးတဲ့ အတွက် တကယ် ကျေးဇူးတင်ပါတယ်...
    တက်လူငယ်၊ မချို၊ မ၀ါ၊ ကဒေါင်း - ဖတ်သွားတာ ကျေးဇူးပါ...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...