Mar 4, 2009
မှားနေတယ် - ဘယ်သူလဲ?
- အကို့ပို့စ်တွေမှာ စာလုံးပေါင်းတွေ မှားနေတယ် အကို - ညီငယ်တယောက်က ပြောလာ သည်။ - ဘယ်မှာလဲဟ... - ဆိုတော့ - တယောက်တို့ တနေ့သားတို့ စတဲ့ တစ် အဓိပ္ပါယ် ရှိတာတွေမှာ တစ်ယောက်၊ တစ်နေ့သားလို့ ရေးရမှာလေ အကို.. - ဟု ပြောလာသည်။ သည်ညီငယ် တယောက်တည်း မဟုတ် အတော်များများ ကလည်း သည်လိုပဲ ပြောလာကြ ဖူးသည်။ - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - စသည်ဖြင့် ဘလော့ အားလုံး လိုလို မှာလည်း မြင်နေ ဖတ်နေရသည်။ တယောက်ယောက်နဲ့ စကားကြုံလို့ ပြောမိရင်တော့ သည်အကြောင်း ကို ရှင်းပြ ဖြစ်သည်။ ခုတော့ သည်ကိစ္စကို ရှင်းပြရသည်က ခဏခဏ ဖြစ်လာသည်။ သည်တော့ သည် - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - ကိစ္စကိုတော့ အားလုံးကို ရှင်းပြသင့် သည်ဟု တွေးမိသည်။ သည့်အတွက် သည်စာနဲ့ ရှင်းပြလိုက်ရပါသည်။
သည် - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - ကိစ္စက ဖြစ်ပျက်ခဲ့သည်မှာ ကြာလှပြီ။ အခုမှ မဟုတ်၊ အရင့် အရင်ကတည်းကလည်း သည်ကိစ္စနှင့် ပတ်သက်၍ အငြင်း ပွားမှုတွေလည်း ရှိခဲ့ဖူးလှပြီ။ ယခု ဘလော့ ရေးနေသည့် လူငယ်တချို့ဆိုလျှင် သည် ကိစ္စတွေကို ကြားဖူး သိဖူးဖို့ ဝေးစွ၊ သည်ကိစ္စ ဖြစ်ချိန်မှာ မွေးဖွားဦးမည်ပင် မထင်။ သို့ပေသည့် အားလုံး သိအောင်တော့ ပြောပြမှ ဖြစ်မည်မို့ သည် ကိစ္စ၏ အစမူလကို ပြန်လည် ဖော်ပြလိုက်ရပါသည်။
သည်ကိစ္စ၏မူလတရားခံကတော့ ဗမာပြည်ကို အစအဆုံး ဖျက်ဆီးခဲ့သည့် ဦးနေ၀င်းသာ ဖြစ် သည်။ တပြည်လုံးကို ဖျက်ဆီးမှတော့ ဗမာစာလည်း ဘယ်မှာကျန်လိမ့်မည်နည်း။ သည်လို ပြောလျှင် အကိုးအကား အထောက်အထားတွေကို စကားပြောဆို ငြင်းခုန် ရာမှာ ထမ်းထမ်းချလာတတ်သောသူများအတွက် အကိုးအကား အထောက် အထား ၂ ခုဖြင့် ပြောပြပါမည်။
၁။ စာပေဗိမာန်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး မြန်မာစာအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်စိုးက ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော မြန်မာ စာလုံးပေါင်း သတ်ပုံ ကျမ်း (ပထမပုံနှိပ်ခြင်း)၏ နိဒါန်း စာမျက်နှာ (ခ) ပါ -
နိုင်ငံတော်သမ္မတကြီး ဦးနေ၀င်း၏ ညွှန်ကြားချက်များ
မြန်မာစာလုံးပေါင်းသတ်ပုံနှင့် စပ်လျဉ်း၍ ၁၉၆၄-ခု၊ မေလ၊ ၁၄-ရက်နေ့တွင် “မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်” အဖွဲ့ဝင်များကို အစိုးရ ဂေဟာသို့ ဖိတ်ခေါ်၍ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး (ယခု နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်း) က “စကားပြောသံကလည်း ပြောင်းတယ်။ တခု၊ နှစ်ခု၊ သုံးဂု လို့ ပြောင်းတယ်။ ပြောင်းတဲ့အတိုင်း ရေးယင် မကောင်းဘူးလား။ .... စာပျက်နေတဲ့ ဥစ္စာကို ထပ်ပြော ပါရစေအုံး။ သတ်ပုံကလဲ ကိုးရိုး ကားယား၊ အကြောင်းအရာကလဲ ကိုးရိုးကားယား ဖြစ်နေတယ်။ .... ရေးတဲ့အတိုင်း ဖတ်ယင် မဖြစ်ဘူးလား။ ရေးတော့ အမှန် ဖတ်တော့ အသံ ဆိုတော့ ဒုက္ခ သိပ်ရောက်တယ်။” ဟူ၍ မိန့်ကြား ခဲ့ပါသည်။
- ဟူသော စာပိုဒ် (မူရင်း သတ်ပုံအတိုင်း ဖော်ပြထားပါသည်)။
သူ့အလိုအတိုင်းသာဆိုလျှင် - ဇဂါးမများနဲ့၊ ဒဂယ်ပြောဒါ၊ မသိဒေါ့ဘူး၊ ရီးဇား ထားဒယ်၊ ပြန်ဒေါ့လေ၊ ရေးဂျင်သလိုသာ ရေးဘာ၊ အသုံးဃို မကျဘူး - စသည်ဖြင့် ရေးကြရဖွယ် ရှိလေသည်။
တတ်ယောင်ကား ၀င်လုပ်သော ဦးနေ၀င်းကို ဖော်လံဖားခဲ့သည့် ပညာရှင်များကြောင့် ၁၉၈၀ ကျော်နှစ်များမှာ မြန်မာစာရေးထုံး ကမောက်ကမဖြစ် ကုန်ပြီး အားလုံး - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - တွေ ဖြစ်ကုန် သည်မှာ ယနေ့အထိပင် ဖြစ်လေသည်။ သို့ကြောင့်လည်း သည် ကိစ္စကို ဆန့်ကျင်သည့် အနေဖြင့် ကျနော် တို့က -တခု၊ တကောင်၊ တယောက် - ကိုသာ ယနေ့အထိ သုံးနေကြခြင်း ဖြစ်သည်။
သည်လောက်ဆို ကျနော် စာလုံးပေါင်းမမှားကြောင်းနှင့် - တခု၊ တကောင်၊ တယောက် - ဟု ဘာကြောင့် ကျနော်တို့ သုံးစွဲနေကြောင်း သိလောက် ပေပြီ။
၂။ မြန်မာနိုင်ငံ လွတ်လပ်သည့် သတင်း အေဂျင်စီ (BINA) က YouTube ပေါ်တင်ထားသည့် - ဧည့်သည်ကြီးရဲ့ သောင်ရင်းမြစ်ကမ်း အလွမ်း ခရီးစဉ်၊ ၂၀၀၆ (ဧပြီ၊ ဇွန်) - ဆိုသော Video Clip မှာ ဆရာကြီး တင်မိုး မကွယ်လွန်မှီ ပြောကြားခဲ့သည့် စကား။ (သည်မှာ သွားကြည့်နိုင်ပါသည်)
..... မြန်မာစာနဲ့ ပတ်သက်ပြီးတော့ ... ..... မကျေနပ်သလိုပါပဲ။ ကျနော်လည်း - တစ်တွေ - ကို မကျေနပ်ဘူး။ (ရီသံများ...) ဒီ တစ်တွေကြောင့်ပဲ ဒို့တိုင်းပြည်များ တစ်နေသလားလို့ ... (ရီသံများ...) ။ ... အဲတာ ကျနော် သိရသလောက်ကတော့ ဦးနေ၀င်းက... မြန်မာစာ.... သူက... မြန်မာစာကို... ရေးထုံးတွေကို သူက... ကိုင်မယ်ပေါ့ဗျာ။ သူက တနည်းအားဖြင့်ဆိုရရင် မြန်မာစာကို... ဟုတ်လား... မြန်မာစာကို သူ အားပေးတယ် ဆိုတဲ့ သဘောပေါ့ နော... ။ အားပေးတယ်ဆိုတော့ မတတ်ဘဲနဲ့ အားပေးတော့ ဒုက္ခရောက်ကုန်တော့တာပေါ့... ဟုတ်လား....
ဆရာကြီးပြောပြသည့် သည်စကားအရလည်း - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - ပြသနာကို ရှင်းလင်း လောက်ပေပြီ။
ဆရာကြီးပြောခဲ့သလို ကျနော်တို့ တိုင်းပြည်ကို တစ် မနေစေကြရင်ဖြင့် - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - အစား - တခု၊ တကောင်၊ တယောက် - ဟုသာ သုံးစွဲကြဖို့ အဆုံးသပ်အနေနဲ့ ရှင်းပြ တိုက်တွန်းလိုက် ရပေသည်။
(အောင်သာငယ်)
47 comments:
  1. သေချာကို ဖတ်သွားပါတယ်အစ်ကိုရေ ....
    ReplyDelete
  2. အကိုဒီလိုရှင်းပြထားတာ....
    သူတို့တွေသဘောပေါက်လောက်မှာပါ......
    ReplyDelete
  3. ကိုအောင်သာငယ်ရေ ..
    သတ်ပုံနဲ့ပတ်သက်ပြီး ခဏခဏ ရေးခဲ့ ငြင်းခဲ့ အပြောခံခဲ့ရတာများလွန်းလို့ နောက်ပိုင်း မပြောဖြစ်တော့တာ ကြာပြီ။ ကျမလည်း ဦးနေ၀င်း အဲဒီလို လုပ်တာသိပြီး နောက်ပိုင်းကတည်းက ဘယ်တော့မှ တစ်ခု တစ်ကောင် တစ်ယောက် မသုံးဘူး။ တရားဝင်ပုံနှိပ်မယ့် စာက လွဲရင်ပေါ့။ ခုလို အကိုးအကားနဲ့တကွ ရှင်းပြတိုက်တွန်းထားတာ အလွန်ကောင်းပါတယ်။
    ReplyDelete
  4. ကိုအောင်ေ၇...
    တကယ်မျတ်သားဘို့ ကောင်းတယ်..အကျိုးလဲ ရှိတယ်..
    အရင်က ဖတ်ဘူးတယ် သိပ်မမှတ်မိတော့ဘူး..
    အကိုပြန်ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်..
    အရာရာ အဆင်ပြေပါစေ ကိုအောင်ရေ...။
    ReplyDelete
  5. အပေါ်မှာကျနော်ရေးတာမှားနေတယ်...
    မှတ်သားဘို့ ကောင်းတယ်လို့ ရေးတာပါ။
    ReplyDelete
  6. ကောင်းတယ်ဗျားရဲဘော်ကြီးရေ ဒီလိုရှင်းလိုက်တော့လူငယ်တွေလဲရှင်းသွားတာပေါ့ဗျာ
    ReplyDelete
  7. ကျေးဇူးတင်လိုက်တာ အကိုရေ။ အဲဒီလို ပြောင်းပစ်တာ ချိုသင်းတို့ ၈တန်း ၉တန်းလောက်က ဖြစ်မလားဘဲ။ အဖေက မြန်မာစာ သင်ရိုးညွှန်းတမ်းမှာ ကျောင်းသုံးစာအုပ် ပြုစုတုန်းကာလ က ဘယ်ဟာအမှန်ဆိုတာ ပြောပြလို့ နားလည်ခဲ့ပါတယ်။ စသတ်မပါဘဲ ရေးခဲ့ပါတယ်။
    သင်ရတဲ့ ကျောင်းသူကျောင်းသားကတော့ ဘယ်သိမှာလဲ။ မတတ်တဲ့လူက ပညာရှင်တွေကြားထဲ ၀င်ဝင်ဆရာလုပ်တော့ ကိုယ့်မြန်မာစကားတောင် အမှန်က အမှား ဖြစ်လိုဖြစ်ပါ။ ဒါကြောင့် ခေါင်းဆောင်လုပ်ချင်တဲ့သူဆိုရင် ကိုယ့်နေရာကိုယ် သိတတ်ဖို့ ပညာကို တန်ဖိုးထားဖို့ အလိုအပ်ဆုံးလို့ ထင်မိပါတယ်။
    ReplyDelete
  8. 4 Mar 09, 14:30
    ဆောင်း: ဟုတ်ပါရဲ့နော် ကျမလည်း တခု လို့ ရေးတာကို တစ်ခုလို့ ရေးရမယ်လို့ လာပြောကြလို့ ကြောင်သွားပြီး ပြင်ရေးတာ ကျမငယ်ငယ်မူလတန်းတုန်းက တခုလို့ ဘဲ သင်လာတာလို့ မှတ်မိသလားဘဲ အခုမှ ရှင်းသွားတော့တယ် ကျေးဇူးပါ
    ReplyDelete
  9. ကိုယ်လည်း
    တစ်ခုလို့ရေးတော့မယ်ဆိုရင်
    စိတ်ထဲမှာတစ်မျိုးပဲ။
    မှတ်ထားလိုက်ပါပြီ။
    တခု၊တကောင်၊ တယောက်။
    ReplyDelete
  10. ကျေးဇူးပဲ အကိုရေ။
    ကျွန်တော်ကလည်း တစ်တွေကို မှန်တယ်လို့ပဲ ထင်ခဲ့တာ။ ဒီနေ့က စပြီး တခု၊တကောင်၊ တယောက်ပေါ့ဗျာ
    ReplyDelete
  11. အကိုပြောတာမှန်တယ်...တချို့ကဒီလိုမရှင်းပြရင် သိမှာကိုမဟုတ်ဘူးဗျာ...
    ReplyDelete
  12. ခုလိုပြောမှရှင်းသွားပါတယ် ..း) ကျေးဇူးပါ
    ReplyDelete
  13. သတ်ပုံမှားရင် အဓိပ္ပာယ်လည်း ကွဲလွဲသွား နိုင်ပါတယ်။ အရေအတွက် ကိုကိုယ်စားပြုတဲ့ (တစ်)အတွက်နဲ့ တိုင်းပြည်တစ်ခုလုံးကိုခြုံပြီး မတိုးတက်တော့ဘူးလို့ အထင်မမှားစေချင် ပါဘူး။ လူကြီးတွေရဲ့ ခံယူချက်နဲ့ လူငယ်တွေရဲ့ ဆန္ဒက အမြဲ ကမောက်ကမ ဖြစ်တတ်တာ မငြင်းပါဘူး။
    နားလည် ခွင့်လွတ် ပေးစေချင်ပါတယ်။
    ReplyDelete
  14. (မောင်စွမ်းရည် ရေးတာထင်ပါရဲ့။ တခါက မိုးမခမှာ ဖတ်ဘူးတယ်။ ကဗျာဆရာ ကြည်အောင်က အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး ဟောပြောပွဲမှာ ပြောဘူးပါသတဲ့။)
    “အသားတစ်တတစ်” ဆိုတာကို ဦးနေ၀င်း ဖက်ရှင်အတိုင်းရေးရင် “အသားတစ်တစ်တစ်” ရေးရမှာမို့ ဖတ်တဲ့အခါမယ် “အသား တစ်တစ်တစ်” ဆိုပြီး ဖြစ်သွားနိုင်ကြောင်း သူ့အသံကြီးနဲ့ စင်ပေါ်က ဟန်ပါပါ ဆိုပြတော့ အောက်က ပရိသတ်က ရယ်ကြတယ်ဆိုပဲ။
    ReplyDelete
  15. အကိုပြောတာကြောင့် ဆုံးဖြတ်ရတာလွယ်သွားပါတယ်။ တခါတလေ တစ် လို့သုံမိပြီး တစ်ခါတစ်လေ တ လို့သုံးမိပါတယ်... ကြည့်ပါလား ပြောရင်းမှားပြန်ပြီ :P
    ReplyDelete
  16. အပြည့်အဝထောက်ခံအပ်ပါတယ်... တခု၊ တကောင်၊ တယောက်....
    ReplyDelete
  17. ကျနော်ကတော့ အမြဲကိုမှားနေတော့တာ အန်ကယ်ရေ့ နောက်ပိုင်းတော့သတိထားနေရတယ် ဒီပို့စ်လေးအတွက်ကျေးဇူး မှတ်သားစရာလေးပါပဲ ။
    ReplyDelete
  18. အခုမှ အဲလိုရေးရမယ်မှန်းသိတယ်
    အမြဲ တစ်ခု၊တစ်ကောင်၊တစ်ယောက် လို့ပဲမှတ်ထားတာ
    ကျေးဇူးပါ အန်ကယ်
    ReplyDelete
  19. မတစ် တော့ဘူး နော်။ :D
    ReplyDelete
  20. ဘလော့ တစ်ခုလုံး နီးပါး အဲ..တခုလုံးနီးပါး... လိုက်ပြင်ရတော့မှာ..
    အီး....မသက်သာ လိုက်တာ..
း(........
    ကျောင်းတုန်းက ဒီလိုပဲ သင်ခဲ့ ရတဲ့ ဟာကို...
    အကျင့်ပါနေ ပြီ..
    ကြိုးစားပြီးရေး ကြည့်ပေမဲ့..
    တစ်လုံးတစ်လေ..အဲ တလုံးတလေ..ပါတုန်း..း)
    ReplyDelete
  21. အကိုရေ ကျနော် အဲလို သိတာသိပ်မကြာသေးဘူး ကျနော်လဲ အရင်က တစ် တစ် နဲ့ ရေးတယ် အခုတော့ တခု တကောင် ပဲ ရေးတော့တယ် ဘယ်ပိုစ့်လဲတော့ မမှတ်မိတော့ဘူး အကိုရေ
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  22. စားလုံးတစ်ခုလေးမှားတာနဲ့တိုင်းပြည်မတိုးတက်ဘူး
    မပြောပါနဲ့...ပညာဆိုပညာအကြောင်းပဲပြော။
    တိုင်းပြည်ဆိုတိုင်းပြည်အကြောင်းပဲပြော...
    တစ်ခု၊တစ်ကောင်၊တစ်ယောက်၊
    တခု၊တကောင်၊တယောက်
    ကျေးဇူးပါ
    ReplyDelete
  23. တခု- တကောင်- တယောက်-
    ReplyDelete
  24. ကိုဝင်းဇော်၊ မေဦး -
    ကျနော့် ဆိုလိုရင်းနဲ့ ရှင်းပြတဲ့ အချက်ကို နားလည်မှု လွဲမှာ စိုးပါတယ်။
    တစ် - ဆိုတဲ့ စာလုံး တလုံးကြောင့် တိုင်းပြည် မတိုးတက်ဘူး-လို့ ကျနော် မပြောခဲ့ပါ။
    ဆရာတင်မိုးကလည်း ဟောပြောရင်း အရွှန်းဖောက်ပြီး - ဒီ တစ် တွေကြောင့်ပဲ ဒို့တိုင်းပြည်များ တစ်နေသလားလို့ - ပြောတာပါ။
    ဒါကြောင့်မို့ သူ့စကားကို လိုက်ပြီး ကျနော်ကလည်း - တိုင်းပြည်ကို တစ် မနေစေကြရင်ဖြင့် - လို့ ရီစရာ ပြောတာပါပဲ။
    သည် တစ် ဆိုတဲ့ စာလုံး တလုံးကြောင့်တော့ တိုင်းပြည် မတိုးတက်တာ မဟုတ်ပါဘူး။
    တကယ်က တစ် ဆိုတဲ့ စကားလုံး အမှားကို ဖြစ်လာစေခဲ့တဲ့သူကသာ တိုင်းပြည် မတိုးတက်အောင် လုပ်ခဲ့တာပါ။
    ဒီပို့စ်မှာ ကျနော် ရှင်းပြနေတာကတော့ အမှားကို အမှန်လို့ ထင်မြင်နေကြတဲ့အတွက် ဘယ်အရာက အမှန်ဆိုတာကို ကျနော်က ရှင်းပြပေးတာပါ။ ဒါပါပဲ။
    ReplyDelete
  25. ဖတ်သွား.. မှတ်သားသွားပါတယ်အကိုရေ..
    မိုးကြယ်
    ReplyDelete
  26. ဟားးး ဒီရှင်းပြချက်ကို သေချာ ဖတ်သွားတယ် အစ်ကို။ ဗဟုသုတဖြစ်တယ်။ တခါမှ တယောက်မှ ပြောမပြဖူးဘူး။ သူငယ်တန်းကတည်းက တစ်ခု၊တစ်ကောင်၊တစ်ယောက်နဲ့ အသားကျလာတာ.ဒါအမှန်ပဲလို့ ဆွဲယုံလာတာ..တကယ်ကျေးဇူးတင်ပါတယ်။
    ReplyDelete
  27. အစ်ကိုရေ ပြောပြပေးတာကျေးဇူးပါ။ အစ်ကိုတို့ကတော့ အဲဒါတွေမှီလိုက်မှာပဲ။ အခုအချိန်အထိကို မြန်မာ့ရုပ်မြင်သံကြားမှာ မြန်မာစာ၊ မြန်မာစကားဆိုပြီးလွှင့်တဲ့အစီအစဉ်မှာ တစ်လို့အဓိပ္ပါယ်ရတဲ့အရာတွေကို စ်နဲ့ရေးရမယ်ဆိုပြီး လွှင့်နေသေးတာ။ ညီမတို့တွေလည်း အမှန်လို့ထင်တာပေါ့။
    ReplyDelete
  28. အခုမှဘဲသိတော့တယ်..။ စာရိုက်ပျင်းတဲ့ကျမအတွက်ကတော့ “စ်” တွေလျော့သွားတာရယ်.. တိတိကျကျသိအောင် ရှင်းပြတာရယ်ကြောင့် ကျေးဇူးတင်ပါတယ်.. နောက်ပြီး ကျွန်မ၊ ကျွန်တော်နဲ့ ကျမ၊ ကျနော်ဆိုပြီး ကွာခြားတာလဲတွေ့ရသေးတယ်.. အဲ့ဒါလဲ ဘယ်လိုသမိုင်းကြောင်းတွေရှိသလဲ သိချင်ပါသေးတယ်ရှင်...
    ReplyDelete
  29. မောင်နေ၀င်းမွှေသွားတာတော့ သိလိုက်တယ်ဗျ။ ဒါပေမဲ့ သူ့ (တစ်) ကိုလဲ စိတ်မ၀င်စားဘူး။ ကိုယ့်ဘာသာကိုယ်လဲ ဘာနဲ့ဘယ်လိုရေးနေမှန်းလဲ သတိမထားမိဘူး။ ဟီး :)
    ReplyDelete
  30. ဒီနေ့က စပြီး တခု၊ တကောင်၊ တယောက်...
း) ကျေးဇူးပါ
    ReplyDelete
  31. ရှိတဲ့ မုန့်လေးတခု ကို ကျွန်တော်တယောက် ငတ်နေတဲ့ ဘေးနားက ခွေးတကောင်ကို ဝေမျှလိုက်တော့၏။
    သတ်ပုံမှန်ရဲ့လားမသိ :D
    ReplyDelete
  32. ကိုယ့်ရုံးက လုပ်ထားတဲ့ ဗွီဒီယိုမှတ်တမ်းလေးကို အခုလို ကိုအောင်သာငယ်ဘလော့မှာ ပြန်ကြည့်ရတော့ အရသာတစ်မျိုး...အဲ..တမျိုးပြောင်းသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်..ပညာရှင်တစ်ယောက်..တယောက် ပြောတဲ့စကားကို အဲလို မျှဝေပေးလိုက်တဲ့အတွက် (ကျေးဈူးတင်ပါဒယ်...)
    ReplyDelete
  33. ရှင်းပြပေးတာ ကျေးဇူးဗျ ။ မသိတာတော့ အမှန်ပါ ။ ဒါပေမယ့် တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်ဆိုတဲ့ တစ်သုံးတာနဲ့ ပက်သက်ပြီး တိုင်းပြည်ကြီး တစ် တာနဲ့တော့ မဆိုင်ဘူးထင်ပါတယ် ။ ဒါက ကျန်တဲ့ အကန့် တွေ ၀င်ရောက်စွက်ဖက်နေသလားလို့  ။ တိုင်းပြည် မတစ်စေချင်ရင်တော့ ကျနော်တို့ တတွေပဲ အားစိုက်ရလိမ့်မယ် ။
    ခင်မင်လေးစားစွာဖြင့်
    မောင်ငယ်
    ReplyDelete
  34. ကျွန်မက ဒါကို ၈၈ နောက်ပိုင်းမှာမှ အကြောင်းသိသွားလို့ ပြင်ရေးလိုက်တယ်။
    ReplyDelete
  35. အင်း အဲလို မွှေလိုက်တာ ဘယ်လောက်ထိဖြစ်ကုန်လဲဆိုတော့ တစ်သဝေမတိမ်းတဲ့.. တစ်စုံတစ်ရာတဲ့.. တစ်မွန်းတည့် တဲ့.. တစ်ဖက်သတ်တဲ့.. တစ်လွဲတစ်ချော်တဲ့.. တစ်နွယ်ငင် တစ်စင်ပါ..တဲ့။ သေရောဗျာ... တောက်လျှောက်...
    ပြောရရင် တခု တကောင် တယောက်ကိုတော့ ကျမကတောင် ရေတွက်လို့ရရင်တော့ တစ် လုပ်ချင်လုပ်ပါလို့ သဘောထားပါသေးတယ်။
    တစ်ခု နှစ်ခု.. စသဖြင့်ပေါ့။ ဒါပေမဲ့ အသားတစ် တတစ်ကျတော့ ပြဿနာက ဖြစ်ကရော.. ရှုပ်ကုန်ရော...။ တကယ်တော့ မြန်မာစာမှာက ပုဒ်ဖြတ်ပုဒ်ရပ်ကို Spacing အနေနဲ့ သုံးလေးရှိရင်တော့ အကြောင်းမဟုတ်ဘူးပေါ့နော်..
    ဒါပေမဲ့ အသားတစ် တစ်တစ်ကတော့ မလှပြန်..။ ခက်ပါ့.. ကျမက မြန်မာစာ ဆရာမဆိုတော့ ပြဿနာက ကြီးတယ်ဗျ.. ဥပမာ သူမ.. အသုံးနဲ့ ပြဿနာဖြစ်ရသလို....
    ReplyDelete
  36. တစ်တာကြီး အကျင့်ပါနေပြီ အစ်ကိုရ။
    ReplyDelete
  37. အစ်ကိုထောက်ပြတာ လက်ခံပါတယ်။
    ReplyDelete
  38. အင်း အဲဒီသတ်ပုံကိစ္စကို ကိုအောင်သာငယ်ရှင်းမှဘဲ လင်းတော့မယ်။ ဆရာဂျမ်းနဲ့ ဆရာစွမ်းတို့လည်း သတ်ပုံကိစ္စနဲ့ပတ်သက်ပြီး ဒီရောက်တဲ့အချိန်တွေမှာ အမြဲပြောပြသတိပေးကြတယ်၊ နောက်ရှိသေးတာက ကျွန်တော်၊ ကျွန်မဆိုတဲ့အသုံးအနှုန်း ကျွန်တွေကြီးဘဲသုံးနေကြတော့ တိုင်းတပါးကျွန်၊ စစ်ကျွန် အဲဒီကျွန်ဘ၀ကကို မတက်နိုင်ကြတော့သလို ကျနော်တို့က "ကျွန်"မဟုတ်တဲ့အတွက် ကျွန်တော်ကျွန်မလေးတွေ ပြောင်းသုံးကြစေချင်တယ်။ နောက်တစ်ခုက နိုင်ငံရေးသမားတွေထဲမှာ တစ်ချို့ရေးတာတွေမှာဖတ်ရတာ စိတ်မချမ်းသာစရာ ဥပမာ ၈၈အရေးတော်ပုံကို ၈၈အရေးအခင်းမှား သုံးရေးနေတာမျိုးတွေ ။ရေးပြရင်တော့ အများကြီးပါ ဘာဘဲဖြစ်ဖြစ် စကားအသုံးအနှုန်းနဲ့ အရေးအသားလေး တွေကို အရင်ထက်ပို သတိလေးထားဖြစ်မယ်၊ ကျနော် ကိုယ်တိုင်လည်း ခဏခဏ မှားနေပါသေးတယ်။ ဒီပို့စ်လေးအတွက် ကျေးဇူးဘဲ ရဲဘော်ကြီးရေ။
    ReplyDelete
  39. ဘာပြောပြော ရေးနေချင်သေးတာဘဲ။ စိတ်မဆိုးဘူးဆိုရင်။
    ReplyDelete
  40. တောက်တီး.တောက်တဲ့ တွံတေးတံတားတွင် တစ်တီတူး
    တွန်တယ်တဲ့တော့..တော်တော် ရှုပ်တဲ့ တစ်..
    ReplyDelete
  41. ကြားဖူးနားဝ ရှိခဲ့ပေမယ့် အခုလောက်ထိ အသေးစိတ် မသိခဲ့ပါဘူး။ ကျေးဇူးတင်ပါတယ် ခင်ဗျ။
    ဒါနဲ့...အစ်ကိုရေ...
    တစ်စုံတရာလား... တစုံတရာလား...
    တစ်စုံတယောက်လား တစုံတယောက်လား...
    အဲဒီ တစ် ကရော အကျုံးဝင်ပါသလား ခင်ဗျာ။
    ReplyDelete
  42. ဟဲဟဲ အဲဒီ ဆရာကြီးတင်မိုး ဗွီဒီယိုကလစ်က ဘယ်သူရိုက်တယ်ထင်လဲ ...
    ReplyDelete
  43. ကျနော်တော့ ဘလော့ဂ် စရေးကတည်းက အဲဒီ တစ်တွေကို ရည်ရွယ်ချက် ရှိရှိနဲ့ကို ဆန့်ကျင်ပြီး တခုတကောင် တယောက်လို့ပဲ မှန်မှန်ရေးခဲ့တယ် အကိုရေ။
    ပြောလို့သာပြောတာ မဟုတ်ဘူး၊ သတ်ပုံကိစ္စဆိုတာက ရေးလိုက်ရင် နောင်ဂျိန်ချရတာကသာ အများသားလား၊ အခု အကို့ပို့စ်ကို ဖတ်ပြီး အောက်မှာကွန်မန့်တွေ အများကြီးကို တွေ့တော့ အဲလိုများ ဖြစ်နေသေးလားလို့ ရင်ထိတ်မိသေးတယ်။
    ဆရာကြီး ဦးတင်မိုးက... တစ်ကိစ္စကို ပြောသွားတာကလဲ အရွှန်းဖောက်တာ သက်သက်လို့သာ ကျနော်လဲ မြင်ပါတယ် အကိုရေ။
    ခင်မင်စွာ
    ReplyDelete
  44. ဟင်.. သိဘူး.. ဘယ်လို ရေးနေမိမှန်းတောင် မသိဘူး..။ တခုတကောင်တယောက်... ဟုတ်... မှတ်ထားလိုက်ပြီ..။ ၂ခု ၂ကောင်၂ယောက် ဆိုရင်ရော ...။
    ReplyDelete
  45. တစ်ခုတစ်ကောင်တစ်ယောက် ဆိုတာ တစ်ဆိုတဲ့ အရေအတွက်ကို ပြောတာလို့ထင်ပါတယ်။ တခု တကောင် ဆိုရင် သင်္ချာ အရေအတွက်မှာ တ ပြီး နှစ် သုံး လေး .. အဲလိုလား ။ တစ်ဆိုလို့ တစ်နေမယ် ဆိုရင်ဖြင့် နှစ်လို့ နစ်မှာမို့ စသတ်ဖြုတ်ပြီး နှ လို့ ရေးရမလား အစ်ကို။ မသိလို့ပါ။
    ReplyDelete
  46. ကျေးဇူးပါပဲ အကိုရေ။ အစ်ကိုမဟုတ်တော့ဘူးနော်။
    ချိုသင်းက သွားဖတ်ပါလို့ ဆိုလာတယ်။
    မအယ်က စာလုံးပေါင်းလည်းမှား သဒ္ဒါကလည်း မှားပါ့။
    ReplyDelete
  47. အစ်ကို အောင်သာငယ် ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ဒီပို့စ် Link ကို အကိုးအကားလုပ်ဖို့ ကူးယူသွားပါတယ်။ အဲဒါကို စာလုံးပေါင်းသတ်ပုံစပြောင်းတဲ့ ကျွန်မတို့ ၆ တန်းနှစ်တုန်းက အတွေ့အကြုံလေးတွေကို ထည့်ရေးပြီး နောက်အချိန်ရရင် သီးသန့်ပို့စ်လေးတခု တင်ဖို့စဉ်းစားထားပါတယ်။ အဲဒီအချိန်ကျရင်လည်း Link လာယူဦးမယ်။ အခုလောလောဆယ်တော့ သတ်ပုံမှားတဲ့အကြောင်း လာထောက်နေသူတယောက်အတွက် မှတ်ချက်မှာ ပြန်ထည့်ပေးဖို့အတွက်လောက်ပဲ Link ယူသွားပါတယ်။ ကျွန်မလည်း အခုနောက်ပိုင်း မအားလို့ သတင်းဘလော့ဂ်တွေကလွဲရင် အကို့ဘလော့ဂ်အပေါအ၀င် ဘယ်ဘလော့ဂ်မှ သိပ်မရောက်ဖြစ်ဘူး။
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...