Apr 26, 2009

ဘောလုံးသမားကဗျာ

ကျနော့်ညီငယ်တယောက်ဖြစ်တဲ့ ကဗျာဆရာ ငြိမ်းချမ်းအောင်ရဲ့ ကဗျာ တပုဒ်ပါ။ ကျနော် ကြိုက်နှစ်သက်လွန်းလို့ သူ့ကို ခွင့်တောင်းပြီး ဘလော့မှာ ပြန်လည်ဖော်ပြလိုက်တာပါ။















ဘောလုံးသမားကဗျာ

ကျနော့်ကို ချ,ထားတဲ့ကောင်တွေကို
ကျနော်က ပြန်ချတယ်
ကျနော်က ချ,ထားတဲ့ကောင်တွေက
ကျနော့်ကို ပြန်ချတယ်
ဘောလုံးကစားတယ်ဆိုတာ
ပန်းနဲ့ပေါက်တန်းကစားတာမဟုတ်တော့
ထိခိုက်ဒဏ်ရာကိုယ်စီတော့ ရှိကြတယ်
လက်ရည်မမျှတဲ့ စိန်ခေါ်သံတွေကို
ကျနော် မကြားချင်ယောင်ဆောင်ခဲ့တယ်
ခရာတွတ်နေတာတောင်
ကျနော့်နားရွက်ကို တံတွေးလာစွတ်နေလို့
ဒေါသနဲ့ ဂိုးအပြတ်သွင်းပစ်ခဲ့တယ်
လူမကျွံအောင် ကျနော်သတိထားကစားတယ်
ကိုယ့်ဂိုးကိုယ်ပြန်မသွင်းမိအောင်
ကျနော် အလေးထားတယ်
အနီကဒ်ပြပြီး အထုတ်ခံရလောက်အောင်လည်း
ကျနော် စည်းကမ်းမဖောက်ဘူး
ရာသက်ပန်အနားယူရလောက်တဲ့ ဒဏ်ရာမျိုးရအောင်လည်း
ကျနော် သတိလက်လွတ် မကစားဘူး
အရံခုံမှာ ထိုင်နေရတဲ့အခါ
အသင်းဖော်တွေကို အားတက်သရော အားပေးတယ်
ကိုယ်တိုင်ဝင်ကစားရတဲ့အခါ
အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အားမွေးတယ်
တသင်းတည်းသားချင်း ခြေခွင်မလှဲဘူး
နောက်ကျောကနေ လက်သီးပုံးမထိုးဘူး
ကျနော်ပါဝင်ကစားခွင့်ရတဲ့ အသင်းမှာ
ကျနော် အကောင်းဆုံးကစားခဲ့ပါတယ်။ ။

ငြိမ်းချမ်းအောင်

10 comments:

  1. လေးနက်တယ်အစ်ကို

    ကျေးဇူးပါ..

    ReplyDelete
  2. တကယ်ကောင်းတဲ့ကဗျာလေးပါ...

    ReplyDelete
  3. ကဗျာလေးက ကောင်းသားပဲ။ ကဗျာထဲက ဘောလုံးသမားက ချီးမွန်းစရာပါ။ ဒါပေမယ့် ဘောလုံးသမား ဆိုတာကလည်း အမျိုးမျိုးအထွေထွေကိုးဗျ။

    ရှုံးရှုံးနိုင်နိုင်
    အပြီးတိုင် ကစားမယ့်သူတွေ….။

    ဒဏ်ရာကြောင့် ပွဲအဆုံးထိ
    လုံးလုံး ဆက်မကစားနိုင်တော့တဲ့ သူတွေ…။

    ကက်ပတိန်ကို စိတ်ကောက်လို့
    ပွဲတ၀က်အရောက်မှာ
    ဘောလုံးကို ပစ်ချပြီး
    ကွင်းပြင်ကို ထွက်ထိုင်သူတွေ……။

    ပွဲကြည့်ပရိတ်သတ်ကို
    ခုန်ကန်တတ်တဲ့ အဲရစ်ကင်တိုနာတွေ……။

    သတင်းထောက်တွေကို
    လေသေနတ်နဲ့ ပစ်ခတ်တတ်တဲ့ မာရာဒိုနာ တွေ….။

    ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိလို့
    သေနတ်နဲ့ ပစ်အသတ်ခံရရှာတဲ့ အက်စ်ကိုဘာ တွေ…..။

    ဘောလုံးသမား အမျိုးမျိုး အထွေထွေ….။

    ReplyDelete
  4. ကိုအောင်သာငယ် ..

    လက်စသတ်တော့ ကွင်းထဲမှာ ဒိုင်လူကြီးကို စောဒကတက်နေတာ အစ်ကိုကြီးကိုး .. :P

    ..
    အခုနာကျင်ချိန်ပိုရောက်ပြီ ..
    ပယ်နယ်တီရအောင်လဲ လှဲမချဘူးလို့ ဘာလို့ထည့်မရေးတာလဲလို့ ကို ငြိမ်းချမ်းအောင်လိုမေးလိုက်ပါ ...။

    ReplyDelete
  5. ဘောလုံးသမားမဟုတ်ပေမယ့် ဒီကဗျာကိုတော့ တော်တော်ကြိုက်သွားပြီ။

    ReplyDelete
  6. ကဗျာလေးကောင်းလို့ ကြယ်ငါးပွင့်ပေးလိုက်ပါတယ် အစ်ကို

    ReplyDelete
  7. ကျွန်တော်လည်း ပါဝင်ခွင့်ရတဲ့အသင်းမှာ အကောင်းဆုံးကစားနေဆဲ..။

    ReplyDelete
  8. ကောင်းတယ်ဗျာ..

    မိုးကြယ်

    ReplyDelete
  9. ပွဲမစခင် လက်ဆွဲနှုတ်ဆက်ကျ
    အားလုံးကိုယ်စီမှာ အနိုင်တွေနဲ့ 
    ဒီနေ့ အနိုင်ပွဲအတွက်
    ရင်းစရာရှိတာကို ရင်း
    တချို့ က မေတ္တာတရားတွေကို ရင်း
    တချို့ က ဒေါသတွေကို ရင်း
    တချို့ က အတိတ်တွေကို ရင်း
    တချို့ က ခင်မင်မှုတွေကို ရင်း
    တချို့ က မာနတွေကို ရင်း
    ဒီလိုနဲ့  ၀ီစီသံကြား.. ခဏနား.. အပြီးနား
    ရင်းရမှာတွေ ခဏရပ်.. အပြီးရပ်.. ထာဝရရပ်
    အဆုံးမှာ အနိုင်..အရှူံး..သရေ
    ကျေနပ်မှု.. ၀မ်းမြောက်မှု.. ပူဆွေးမှု.. ကြေကွဲမှု..
    အကောင်းဆုံး ကစားသမား..
    အဆိုးဆုံး ကစားသမား...
    ရိုင်းစိုင်းတဲ့ ကစားသမား..
    ဆုတံဆိပ်တွေနဲ့ အတူ ဘောင်တွေခတ်လိုက်ရင်း
    မနက်ဖြန်အတွက် မွေးဖွားလိုက်ဦးမယ့်
    ဘောလုံးသမားကဗျာ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...