Nov 19, 2009

အက်စ်တိုးရီးယား (၁)














အက်စ်တိုးရီးယားရေ…
မြူတွေ ခိုး
မိုးတွေ စွေနေအောင် ရွာချတဲ့ တနေ့မှာ
ရွှေ့ပြောင်းတောင်ယာကြီး… ငါ…
မင့်ဆီကို ရောက်ချလာခဲ့…
တထောက်နားတယ်ပဲ ဆိုကြပါစို့…

အက်စ်တိုးရီးယား ငဲ့…
မင့်ရဲ့ ကိုလံဘီယာ မြစ်ကမ်းနံဘေးနားမှာ
အလွမ်းတေးများ ငါ မဆိုချင်ပါဘူး…
ချစ်ခြင်းနဲ့ ရူးသွပ်နေသူ တယောက်ရဲ့ နှလုံးသားဟာ
မေတ္တာတရားနဲ့ ခုန်လှုပ်နေရုံပါ…
(ဒါကြောင့်ပဲ)
ငါ အသည်းကွဲတယ်…
အချစ်သီချင်းတွေပဲ ငါ သီကျူးချင်…

ငါ… မအိုသေးပါဘူး…
သို့သော်လည်း…
လူ အိုအိုတွေ… အိမ် အိုအိုတွေ…
ကား အိုအိုတွေနဲ့… မြို့အိုအိုကလေးက…
ငါ့ သောက အိုအို ဟောင်းဟောင်းကြီးတွေကို
အလိုအလျောက် ကောင်းကောင်းမွန်မွန် အနွေးနွေး အထွေးထွေး…
ဆီးကြို ပွေ့ဖက်ပေးလိုက်တဲ့အခါ
အက်စ်တိုးရီးယားရေ့…
ငါဟာ ပြန်လည် ပျိုမြစ်
မင့်ကို ချစ်မိသွားပါပြီ…

မင့် ဆိပ်ကမ်းမှာ
မထစတမ်း ငိုက်မြည်းနေတဲ့ သင်္ဘော အိုအိုကြီးတွေက
ငါ့အတွက် ၀ိုင်နဲ့ ရောယှက်စရာ အမြည်းတွေ…
ရေခဲရေလို အေးမြ ပြစ်ခဲနေတဲ့ မြစ်ထဲမှာ
ငါ အသည်းကွဲခဲ့တာကို မသိတဲ့ ပင်လယ်ဖျံတွေ…
ခွေးတွေ ဟောင်သလို ဟောင်နေတဲ့
စီးလိုင်းယင်းဆိုတဲ့ အကောင်တွေက
“အောင်သာငယ်”ကို မသိဘူးကွယ့်…
အက်စ်တိုးရီးယားရဲ့…

အဲဒါကိုပဲ ငါက ရယ်ပွဲဖွဲ့နေခဲ့သေးတယ်…
ငါ့ အမည်ကို မသိတဲ့ ပင်လယ်ဖျံ တကောင်ကို
“အောင်သာငယ်”လို့ ငါ အမည် ပေးခဲ့တယ်…
အဲသည်အကောင်ကလည်း
ငါ့ကို ပြုံးပြနေပုံပါပဲ…
ဒါမယ့်
ငါအသည်းကွဲခဲ့တာ … ဒင်း… မသိဘူးလေ…
အဲဒီ အကောင်…
“အောင်သာငယ်” အတုပါ…
“အောင်သာငယ်” အစစ်ကိုတော့…
မင်း အခု ချစ်မှာလား…
အက်စ်တိုးရီးယားရဲ့…

ချစ်ချစ် မချစ်ချစ်
ငါကတော့ မင့်ကို ရင်ဘတ်ထဲ ပစ်ထည့်ခဲ့မိပြီ…
အက်စ်တိုးရီးယားရဲ့…

ခုညတော့ အလင်းတွေမဲ့ ခဲ့ပြီ...
မနက်ဖန်မှ… မင်းနဲ့ငါ …
နောက်ထပ်တခါ တွေ့ကြသေးတာပေါ့လေ…

ATN

7 comments:

  1. အောင်သာငယ် အတုကို အောင်သာငယ် အစစ်က ချစ် ပြီး
    အောင်သာငယ်အစစ်ကို အက်စတိုးရီးယားက ချစ်ပါစေ
    အသဲကွဲခြင်းများ မြန်မြန်ပြန်ဆက်နိုင်ပါစေ

    (mama)

    ReplyDelete
  2. အစ်ကိုရေ...ပတ်ဝန်းကျင်အသစ်မှာ နှလုံးသားအသစ်နဲ့ ဘသအသစ်ကို တည်ငြိမ်စွာတည်ဆောက်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါရဲ့။

    ReplyDelete
  3. မြို့လေးက သာာယာတယ်နော်။ အသဲကွဲတိုးရစ်ကြီးတော့ ကဗျာတွေပိုစပ်ဖြစ်မယ်ထင်တယ်။
    mm

    ReplyDelete
  4. အင်း..
    နေ့ တိုင်းသာဆို အက်စ်တိုးရီးယားလည်း
    သနားပါတယ် ။
    အသည်းကွဲတေးတွေ လာငြီးပြနေတဲ့သူတယောက်ကို သူဘယ်လို တုန့်ပြန်ပေးရပါ့မလဲ လို့  ဦးနှောက်စားနေတော့မှာပဲ ....း)
    လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်တဲ့ လေ ..း)))

    ReplyDelete
  5. အကို့မြို့လေးက လှလိုက်တာ...
    ကဗျာတွေ အများကြီး ဖြစ်လာတော့မယ်ထင်ပါရဲ့...


    နှင်း

    ReplyDelete
  6. အသည်းကွဲတယ်ဆိုတာ ကဗျာဆရာတွေရဲ့ မတောင်းပဲပြည့်တဲ့ဆု ပါပဲ ကိုအောင်သာငယ်ရဲ့.လွမ်းစရာတွေများတဲ့ ကမ္ဘာကြီးပေါ်မှာ လွမ်းချင်ရာရာကို လွမ်းရင်း ကျနော်ခွေးလေးကို ကျနော်နာမည်ပေးတယ်.

    ReplyDelete
  7. အဲဒါကိုပဲ ငါက ရယ်ပွဲဖွဲ့နေခဲ့သေးတယ်…
    ငါ့ အမည်ကို မသိတဲ့ ပင်လယ်ဖျံ တကောင်ကို
    “အောင်သာငယ်”လို့ ငါ အမည် ပေးခဲ့တယ်…
    အဲသည်အကောင်ကလည်း
    ငါ့ကို ပြုံးပြနေပုံပါပဲ…
    ဒါမယ့်
    ငါအသည်းကွဲခဲ့တာ … ဒင်း… မသိဘူးလေ…တဲ့..။

    အကိုရေ...အကို့ရင်ဘတ်ကြီးထဲများ ခဏလောက် ဝင်ကြည့်ချင်စမ်းပါရဲ့...အထဲက ကလီစာတွေအားလုံး ကဗျာတွေဖြစ်ကုန်ပြီလားလို့...။ အကို ကျန်းမာ ပျော်ရွှင်ပါစေ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...