Nov 29, 2009

(၂)နှစ်ပြည့် အကြိုမှတ်တမ်း

ခုတလော သူ့မှာ အလုပ်တွေ ရှုပ်လွန်းလို့ အချိန် အတော် ဆင်းရဲ နေသည်။ အရင်က နေ့စဉ် သွားလည် ဖတ်နေနေကြ ဘလော့တွေကိုပင် သိပ် မရောက်ဖြစ်တော့သည်မှာလည်း အတော် ကြာနေပေပြီ။ Google Reader နဲ့ သူ Feed ယူထားလို့သာ ဘလော်ဂါ ညီအကို မောင်နှမများ၏ ပို့စ်အသစ်များကို ဖတ်ဖြစ်နေခြင်း ဖြစ်သည်။ သို့ပေသည့် တချို့ ပို့စ်များဆိုလျှင် ကွန်မန့် ပေးချင်သည်ဆိုလျှင်တောင် အချိန်မရှိလို့ မသိချင်ယောင် ဆောင်နေရသေးသည်။ (ဥပမာ- အကိုကြီးနိုင်ဖေရဲ့ လက်စောင်းထက်လှသော ရွှေရတု ပို့စ်များဆို မသိသလိုလို သူနေနေရသည်… ခွင့်လွှတ်ပါ အကိုကြီး….း)

သူ ဘလော့ စရေးစဉ်ကတော့ ဘလော့တကာ လျှောက်လျှောက်သွား၊ ဆီပုံးတကာမှာ နှုတ်ဆက်၊ ဂျီမေးလ်တွေ လိုက်လိုက် အက်ဒ်၊ ပို့စ်တွေမှာ မှတ်ချက်တွေ ရေး။ ဂျီတော့မှာ ချက်တင်းတွေ ပေးနဲ့ တနေ့နေ့ ၄- ၅ နာရီလောက်တော့ အလုပ် ရှုပ်သည်။ ကိုယ့်ဘလော့ကို လာလည်သူ မှန်သမျှ၏ ဘလော့တွေကိုလည်း တယောက် မကျန် လိုက်ပြန်လည်၊ ကိုယ့်ကိုယ်ကို မိတ်ဆက်၊ ဆီပုံးထဲမှာလည်း ဧည့်ထောက်ခံကာ တယောက်ချင်းကို ပြန်နှုတ်ဆက်၊ ကွန်မန့်တွေ တက်လာသမျှကိုလည်း ပြန်ပြန် ပြောရသေးသည်။ သည်လိုနဲ့ ဘလော့ယဉ်ကျေးမှု မြစ်ရေစီးထဲမှာ အားရပါးရကြီး လက်ပစ်ကူးခဲ့လေသည်ပေါ့။

ခုတော့ ကိုယ့်ဘလော့ကိုတောင် ကိုယ်ပြန် မဖတ်နိုင်အောင် ဖြစ်နေသည်။ ပို့စ်အသစ်တခု တင်စရာရှိသည့် အခါမှ ပြောက်ကျားပစ်ပြေးသလို ပို့စ်အသစ်ကို ကမန်းကတမ်း ပတ်ဘလစ်ရှ် လုပ်ပေးပြီး ပြန်ပြေးရသည်က များနေသည်။ ကွန်မန့်တွေကို မပြန်ဖြစ်သည်မှာလည်း လနဲ့ချီခဲ့ပြီ ဖြစ်သလို ညီအကို မောင်နှမများ၏ ဆီပုံးထဲမှ ပဋိသန္ဓာရစကားတွေကိုလည်း ပြန်မပြောကြားနိုင် ဖြစ်နေသည်မှာ အတော် ကြာပေပြီ။ (လာရောက်လည်ပတ်ကြသမျှသော ညီအကို မောင်နှမများ အားလုံးကို သည်နေရာကပဲ တောင်းပန်လိုက်ပါသည်၊ ဧည့်ဝတ်မကျေပွန်သကဲ့သို့ ဖြစ်နေခဲ့ခြင်းအား နားလည် ခွင့်လွှတ် ပေးသွားကြပါရန်)

အွန်လိုင်းကလည်း အီးမေးလ်ဖွင့်ရုံလောက်သာပဲ တက်ကြည့် ဖြစ်သည်။ မျက်နှာစာအုပ်ကြီးထဲတောင် မရောက်တော့သလောက် ဖြစ်သွားသည်။ တချို့ ညီအကို မောင်နှမတွေကတော့ သူ့ မျက်နှာစာအုပ်ရဲ့ နံရံကြီးမှာ စာတွေ လာလာရေးသွားကြသည်။ ဘယ်ရောက်နေပြီလဲ-ပေါ့။ ခါတိုင်းလို ဂျီတော့မှာ ပွားကြလေ့ရှိသော ညီအကို မောင်နှမများနဲ့ မတွေ့ဖြစ်ခဲ့သည်မှာလည်း အတော်ကြာနေလေပြီ။ သည်အခါ တချို့ ညီအကို မောင်နှမတွေကလည်း စိုးရိမ်ကြပြီး အီးမေးလ်တွေ ပို့လာကြသည်။ ညီငယ်ဖုန်းမြင့်ဆို တွေ့ရာလူတိုင်းအား လိုက်မေးနေသည် ကြားရသည်။ (သူ့အား သတိတရ ရှိကြသော ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါသည်) စာတွေလည်း သူ သိပ်မရေးနိုင်သည်မှာ အတော်ကြာပြီ။ ရေးချင်စရာများ ခေါင်းထဲ ရောက်ရောက်လာသော်လည်း စာတပုဒ် ဖြစ်လာဖို့ မစဉ်းစားနိုင်အား။ သူ့မှာ ပူပင်စရာတွေ များနေခြင်းကလည်း အကြောင်း တရပ်ဖြစ်မည်လေ။ သည်လိုနဲ့ စာတွေ ဆက် မရေးဖြစ်တော့ သူ့ရဲ့ (၁)-(၂) တွေနဲ့ အဆုံး မသပ်ရသေးသော ပို့စ်တွေသည်ပင် မနဲပေ။ ညီမငယ် မကေကပင် တစ်-လစ် -တွေလို့ သူ့ကို နောက်နေချေသေးသည်။ အတွေးထဲ ရောက်ရောက်လာလို့ ကောက်ကာငင်ကာ ဖမ်းဆုပ်ယူထားမိသဖြင့်သာ ကဗျာ တချို့ကို ပို့စ်လုပ်နိုင်ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် စာပေချစ်ကြသော ညီအကိုမောင်နှမများအတွက် ဖတ်စရာ ကဗျာလေးတချို့ ရေးလို့ဖြစ်နေသေးသည်ကိုပင် ကျေးဇူးတင်နေမိသေးသည်။

ခုဆို ရှေ့လ ဒီဇင်ဘာ (၆) ရက် ရောက်လျှင် သူ့ ဘလော့ရေးသက် (၂) နှစ်ပြည့် ဖြစ်မည်။ (၂) နှစ်ပြည့်အတွက် ပို့စ်တခုလောက် ရေးမည်လား စဉ်းစားမိသွားသေးသော်လည်း မိသားစု အရေးအတွက် ကယ်လီဖိုးနီးယားကို သူပြန်သွားရဦးမည်။ မိုင်ထောင်ချီသော ခရီးကို ကားမောင်းပြီး တရက်နေ့မှာ သွားရဦးမည်။ (၂) နှစ်ပြည့်အတွက် မစဉ်းစားအား။ သည်ပို့စ်ကို ဘလော့ရေးသက် (၂)နှစ်ပြည့် အကြိုအဖြစ် သူ ရေးထားပစ်ခဲ့ပါသည်။

သူ့ ဘလော့ကို လာရောက်ဖတ်ရှုအားပေးကြသော ဘလော့ဖတ် ပရိသတ်ကြီးအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။ (အထူးသဖြင့် - နေ့စဉ်မပျက်မကွက် လာလာဖတ်တတ်သော မီးငယ်၊ ရယ်စရာများကို ရေးရေးသွားတတ်သော မယ်ဆင်၊ ဆီပုံးထဲတွင် ဧည့်ဝတ်မကျေတဲ့ အိမ်ရှင်-ဟု ၀င်ဝင်အော်သွားတတ်သော ရည်မွန်) ဘလော့ကို လာရောက်လည်ပတ်ပြီးနောက် ဆီပုံးထဲတွင် ၀င်ရောက် နှုတ်ဆက်သွားတတ်ကြသော၊ ကွန်မန့်များကို ရက်ရက်ရောရော ပေးသွားတတ်ကြသော ဘလော်ဂါ ညီအကို မောင်နှမများအားလုံးကို သူ ကျေးဇူးတင်ပါသည်။ (ဘလော်ဂါ စာရင်းကိုတော့ သူ မလုပ်တော့ပါ၊ တစုံတယောက်သာ ကျန်နေခဲ့လျှင် မျက်နှာပျက်ချင်စရာ ဖြစ်မည်လေ….း) ထို့အတူ ဘလော့ကို လာရောက် လည်ပတ် ဖတ်ရှုသွားသော်လည်း ဆီပုံးထဲတွင် ၀င်ရောက် နှုတ်မဆက်ပဲ တိတ်တိတ်လေး ပြန်သွားရက်ကြသော၊ ကွန်မန့်များ မပေးပဲ ပြန်လစ်ပြေးသွားကြသော ဘလော်ဂါ ညီအကို မောင်နှမများ အားလုံးကိုလည်း သူ အထူး ကျေးဇူးတင်ပါသည်။ ဘလော့ကို လာရောက် မလည်ပတ်သော်လည်း ဂူးဂဲရီဒါမှ ဖိဒ်ယူကာ သူ့လိုပင် ဖတ်ရှုနေကြသော ဘလော်ဂါ ညီအကို မောင်နှမများကိုလည်း သူ အထူးကျေးဇူးတင်ပါသည်။

အထူးသဖြင့် သူ့ မိုးပြိုကျနေခဲ့သော အချိန်ကာလများတွင် သူ ဆက်လက် ဘလော့ ရေးနိုင်နေအောင် သူ့အနားမှာ စိတ်အား ရုပ်အားဖြင့် အားပေးကူညီ ရပ်တည် ပေးခဲ့ကြသော ချစ်ခင်ရသည့် ဘလော်ဂါ ကဗျာ ညီအကိုမောင်နှမများ ဖြစ်သည့် အကိုကြီး ခင်အောင်အေး၊ ညီငယ် သစ်ကောင်းအိမ်၊ ညီငယ် မောင်ဖုန်းမြင့်၊ ညီငယ် ဆောင်းယွန်းလ၊ ညီငယ် ဥယာဉ်မှူး၊ ဆရာမ မေငြိမ်း၊ ညီမငယ် မနော်ဟရီ၊ ညီမငယ် အိန္ဒြာ၊ ညီမငယ် ပန်ဒိုရာ တို့ကိုလည်းကောင်း၊ ချစ်ခင်ရသည့် ဘလော်ဂါ ညီအကို မောင်နှမများဖြစ်သော အကိုကြီး ကျောက်ခဲကြီး ရွှေရတု၊ ရဲဘော်ရဲဘက် သူငယ်ချင်း ဒေါင်းဂွင်၊ ရဲဘော်ရဲဘက် သူငယ်ချင်း ဦးဂင်ကြီး၊ ညီငယ် ကိုလူထွေး၊ ညီမငယ် ကျောက်ခဲအလတ် မိုးချိုသင်း၊ ညီမငယ် ကျောက်ခဲကလေး မကေ၊ ညီမငယ် မအယ်၊ ညီမငယ် မယ်ကိ၊ ညီမငယ် မငယ်နိုင်၊ ညီမငယ် မသီတာ တို့ကိုလည်းကောင်း၊ ဘလော့ဖတ်သူ ရဲဘော်ရဲဘက် သူငယ်ချင်း ကိုပိန်၊ ညီငယ် လုံးလေး (နယူးယောက်)၊ ညီမငယ် ဆင်ဒန်လား နှင့် အမည် မဖော်ပြစေလိုသော ညီမငယ် တဦးတို့အားလည်းကောင်း သူ့ အနေဖြင့် အထူး ကျေးဇူး တင်ရှိပါကြောင်း သူ့ဘလော့ (၂) နှစ်ပြည့် အကြိုအဖြစ် မှတ်တမ်းတင်လိုက်ရင်း ဘလော့ဖတ်သူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာပြီး အစစ အရာရာ အဆင်ပြေကြပါစေရန် သူ ဆုတောင်းလိုက်ပါသည်။

19 comments:

  1. အစ်ကို ခရီးသွားမယ့်ရက်က ညီမလေး မွေးနေ့ပတ်ဝန်းကျင်မှာ ဖြစ်နေပါရောလား Happy Birthday လေးတော့ ၀င်နှုတ်ဆက်ပေးကြေးနော်
    မိသားစုအရေး ဘ၀အရေးတွေနဲ့ အစစအရာရာ အဆင်ပြေပါစေ အစ်ကို ရေ.....
    ခြေရာချန်မသွားဖြစ်ပေမယ့် ပို့စ်အသစ်တင်တိုင်းမှန်မှန် ရောက်ပါတယ် ....
    ခင်မင်လေးစားလျှက်ပါ
    ညီမလေး နှင်း

    ReplyDelete
  2. ၂ နှစ်ပြည့် ပေမဲ့ ကဗျာတွေ အများကြီး ဆက်ဖတ်ခွင့်ရနေအုံးမယ် လို့ မျှော်လင့်ပါတယ်

    မိသားစု အရေးကိစ္စတွေ အဆင်ပြေပါစေ
    ခရိးလမ်းလဲ ချောမောပါစေ
    ပျော်ရွှင်ပါစေ
    ၂ နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်စရာကဗျာလေး တပုဒ် ဖတ်ခွင့်ရပါရစေ လို့ ဆုတောင်းနေပါတယ်

    ခင်မင်သော
    (mama)

    ReplyDelete
  3. နှစ်နှစ်တိုင် စာရေးဖြစ်ဖို့ မလွယ်ပါဘူး။
    အစစအရာရာ အဆင်ပြေပါစေ။

    ReplyDelete
  4. ပကာသနတွေမလိုပါဘူးဗျာ..ကဗျာလေးတွေပုံမှန်ဖတ်နေရရင် ပြီးပါပြီ။

    ReplyDelete
  5. အကို မအားတဲ့ ကြားက ၂ နှစ်ပြည့်တော့မယ်ဆိုတော့ ၊ ဂုဏ်ယူပါတယ်အကို...ဘာလိုလိုနဲ့ ညီမ ဘလော့ဂ်လဲ တလ ကြီးများတောင် ပြည့်တော့မယ်...။ အကိုတို့ မိသားစု အတူတကွ ကျန်းမာပျော်ရွှင်ပါစေရှင်...။

    ReplyDelete
  6. အကို အောင်သာကြီး ... နှစ်နှစ်ပြည့် အကြို အထိမ်းအမှတ်နဲ့ နေ့တိုင်း လာလည် တဲ့ သူကို အထူးတလည် မုန့်ဝယ်ကျွေးရ မယ်နော်...း)
    မအားလပ်တဲ့ ကြားကနေ ရေးဖြစ်နေတဲ့ အကို့ စာ တွေဖတ်ရ လို့လည်း ကျေးဇူးတင်ပါတယ်...
    အကိုလည်း အဆင်ပြေပြေနဲ့ ဘလော့ဂင်း နိုင်ပါစေ....


    လေးစားချစ်ခင်တဲ့ , mie nge

    ReplyDelete
  7. အဲ.. ပြောတော့.. ဘလော့ဂါ စာရင်း ကိုတော့..သူ မလုပ်တော့ပါဘူး.. တဲ့။

    ၂ နှစ်မှသည်.. နှစ် ၁၀၀ လို့ မပြောပါဘူး.. ရေးချင် သလောက် ဆက်ရေး..း)

    ReplyDelete
  8. နှစ်နှစ်ပဲ ရှိသေးတာလား ကျွန်မထင်တာ တော်တော်ကြာပြီ ထင်နေတယ်။ ဘလော့ဂ်သက်တမ်းနှစ်နှစ်ကနေ ပျော်ရွှင်ချမ်းမြေ့စေတဲ့ ဘ၀ကို ပြန်ရပြီး ပျော်ရွှင်စွာ ဆက်ရေးနိုင်ပါစေ။

    ReplyDelete
  9.့ Hit & Run မဟုတ်ပဲ

    Publish & Run ဖြစ်နေတာကိုး

    စထက်ပိုး၍ ဒါ့ထက်တိုး ရေးနိုင်ပါစေခင်ဗျာ

    ReplyDelete
  10. ကျေးဇူးတင်ထိုက်တဲ့ ဘလော့ဂါစာရင်း မလုပ်တော့ဘူးပေါ့နော်.. အာကိုဂျီး

    အောက်ဆုံးပိုဒ်က ဘာလဲ ..အင်.. :D

    နှစ်နှစ်သားလေးမှသည် အဘိုးကြီး ဖြစ်တဲ့ထိ ကဗျာတွေ စာတွေနဲ့ ချွဲနိုင်ပါစေ.. အဲ.. ကဗျာတွေ ၊ စာတွေ ရေးနိုင်ပါစေ

    ReplyDelete
  11. Ko Aungthange,
    I'd like to request you to write something about Burmese life in the States whenever you have time, 'cos when I read your blog I can feel different aspect and the pain of the way of life in the States,

    ReplyDelete
  12. အကို စိတ်ရော ကိုယ်ပါ ကျန်းမာပြီး စာတွေ အများကြီး ရေးနိုင်ပါစေ။
    ဘ၀ အခက်အခဲတွေကို ကျော်လွှား အောင်မြင်စေရန်လဲ အသည်းကောင်းပါစေ။
    အကိုချစ်တဲ့ မိသားစုလေး ဥမကွဲ သိုက်မပျက် အတူတကွ နှစ်ပေါင်းများစွာ ...
    ချစ်ခင်စွာ
    ညီမ

    ReplyDelete
  13. ၂နှစ်ပြည့်မှ ရာပြည့်ထိတိုင်ပါစေ...
    ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာပါစေ ကို ATN

    ReplyDelete
  14. အကြိုဂုဏ်ပြုသွားပါတယ် အကိုရေ။
    ၂ နှစ်မှသည် နှစ်ပေါင်းများစွာတိုင် စာတွေ ရေးနိုင်ပါစေ

    ReplyDelete
  15. အလွမ်းပြေ: Happy Blog 2 yrs Birthday !! ;) keep it up ! with all the best wishes ..

    ReplyDelete
  16. ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်
    ဆက်လက် ဘလော့ဂင်း နိုင်ပါစေ ကိုအောင်သာငယ်ရေ။


    မအယ်

    ReplyDelete
  17. အစ်ကိုရေ...စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံစွာဖြင့် ၂ နှစ်သား ဘလော့လေးမှသည် သက်တော်ရှည် ဘလော့ဂ် ဘိုးဘိုးကြီး အဖြစ် ဆက်လက်တည်ရှိနိုင်ပါစေ... :)

    ReplyDelete
  18. ဟုတ်ပါတယ် reader ကနေ စောင့်ဖတ်နေတဲ့သူတစ်ယောက်ပါ.. ဒီပို့စ်တော့ မနေနိုင်လို့ ကော့မန့်ရေးခဲ့ပြီ.. ဆက်လည်းစောင့်ဖတ်နေပါတယ်..

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...