Dec 24, 2009

မရှိတော့ပြီဖြစ်သော မိခင်နှင့် စကားပြောခြင်း

ခေါ်ဆိုစရာ
အမည်သညာတွေဆိုတာ
အမျိုးမျိုး ရှိပါတယ်...

ဥပမာ ပြောရရင်
ဘုရားသခင်... လို့...
ခေါ်ချင်ရင် ခေါ်ကြည့်...

သို့ပေမယ့်
ကျနော့်ရဲ့ ရင်ထဲမှာ
ကျနော့်ရဲ့ နှလုံးသားထဲမှာ
ခေါ်ဆိုနေမိတာကတော့
“အမေ... အမေ... အမေ... ”...
အမေ... ပါပဲ...

သိသလား အမေ...
အမေဟာ
ကျနော့် အတွက် ဘုရားသခင်...
သိသလား အမေ...
အမေဟာ
ကျနော့်အတွက် လွတ်လပ်ကျယ်ပြောနေသော ကွင်းပြင်...
သိသလား အမေ...
အမေဟာ
ကျနော့်အတွက် အဖြူစင်ဆုံးသော မေတ္တာရှင်...

အမေက
ဘာမှ မသိဘူးနော်...
အမေ့ကို ကျနော်တို့ ဆုံးရှုံးပြီးတဲ့အခါ
ကျနော်တို့ လုပ်နိုင်တာဟာ
တမ်းတ လွမ်းဆွတ်ကြရရုံပါပဲ... အမေ...

အမေက ကျနော်တို့ကို ကျောခိုင်းသွားပြီးတဲ့အခါ
ကျနော်တို့ ငိုရပါတယ်...
ကျနော်ကတော့
အမေ့အတွက် ငိုတယ်...
ကျန်သူတွေကတော့
သံယောဇဉ်တွေထက်
အမှန်တရားကို ချစ်မက်နေသူတဦး ကို
ဆုံးရှုံးသွားရတဲ့အတွက် ငိုတယ်...

ဘာပဲဖြစ်ဖြစ်
အမေ့အတွက် လူတွေ ငိုဖြစ်နေတာကိုပဲ
ချစ်မက်ပစ်လိုက်ပါ အမေ....

အမေရယ်...
ခုတခါ....
ဒီဇင်ဘာ...
အမေနေ့မှာ
ကျနော်က ကဗျာရေးရဦးမတဲ့...

အမေ့ မေတ္တာတွေအတွက်
ကျနော့် ခြောက်တီးခြောက်ချက် ကဗျာ တပုဒ်က
လုံလောက်ပါ့မလား အမေရယ်...

မျက်ရည်တွေ ကျရင်း
ကျနော် ဖွဲ့ဆို...

ဘယ်လိုပဲ ဖြစ်ဖြစ်...
အမေ့ကို ကျနော် ချစ်တယ်...
အမေ့ ရင်ငွေ့တွေ
ကျနော် အခု ထိ ထွေးပွေ့ ရရှိနေသေးတယ်...

အသက် လေးဆယ်ကျော်နေတဲ့ လူတယောက်ဟာ
အမေ့ရှေ့မှောက်မှာ
ကလေးလေး တယောက်ပါပဲ အမေရယ်...
ကျနော် သိနေတာပေါ့...

သည်ကဗျာကို
ကျနော့် မျက်ရည်တွေနဲ့ ရေးခဲ့ပါတယ်...

အမေ သေလွန်သွားသည့်တိုင်
ကျနော့် နှလုံးသားထဲမှာ
ရှင်သန်နေနိုင်တဲ့အတွက်
အမေ့ကို ကျနော် ကျေးဇူးတင်လိုက်ပါတယ်

အမေ...
ထာဝရ
ရှင်သန်ရပါစေ...
အာမင်.. .... ...

ATN

10 comments:

  1. ချစ်တတ်တဲ့ သားတစ်ယောက်ရဲ့ ရင်ထဲမှာ အမေ ထာဝရ ရှင်သန်နေမှာပါ။

    ReplyDelete
  2. သားတယောက်ရဲ့ မေတ္တာစကားကို ကောင်းကင်ဘုံက အမေ ကြားနိုင်ပါစေ...

    ကိုအောင်သာငယ်တယောက် ပျော်ရွှင် လွတ်မြောက်ပါစေ...

    ReplyDelete
  3. ကောင်းတယ်အကိုရေ...အမေဟာ လူတိုင်းအတွက် သက်ရှိဘုရား ပါပဲ...

    ReplyDelete
  4. အကိုအောင်သာငယ်ရယ်
    ကောင်းလိုက်တဲ့အမေကဗျာလေး
    ပြီးတော့


    ဒီအရေးအသားမှာအမေကိုချစ်တတ်သူအဖြစ်
    ထင်းထင်းကြီးပေါ်လွင်နေတယ်
    မိဘကိုချစ်သူတိုင်း။ သိတတ်သူတိုင်းကို
    လေးစားမိသူမို့
    ဒီကဗျာလေးကိုဖတ်ရင်းလေးစားသွားမိပါတယ်
    Merry Xmas ပါကိုအောင်သာငယ်
    :)

    ReplyDelete
  5. အမေမရှိတော့တဲ့သူတစ်ယောက်အနေနဲ့ ကောင်းကောင်း ကိုယ်ချင်းစာ ခံစားရပါတယ်။ အမေတွေဟာ သားသမီးတွေရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ။ ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ ကိုအောင်သာငယ်။

    ReplyDelete
  6. ကဗျာကို ၃ကြိမ်ထက်မနဲဖတ်လိုက်၊မှတ်လိုက်နဲ့။ "အမေချစ်တဲ့ သားကြီး အဝေးကိုရောက်နေပြီး"လို့ ပြောရမလား သားချစ်တဲ့ အမေ သားခေါ်ရာရဲ့ အဝေးခရီးမှာပါလား ....တခုခုတော့ ခံစားမိသွားတယ်။

    လေးစားစွာဖြင့်

    ReplyDelete
  7. ကျမက ကဗျာတော့မရေးတတ်ဘူး။ ဒါပေမယ့် အတွေးကတော့ အဲလိုဆန်ဆန်နဲ့ ၀တ္ထုတိုတပုတ်ရေးခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ (၆)နှစ်လောက်က အဖေဆုံးပြီး နှစ်နှစ်ပြည့်တဲ့အခါ ပြန်တွေးကြည့်တော့ အဖေက ကျမအတွက်တော့ ရှင်နေသေးတယ်။

    သက်ရှိထင်ရှား ကျမနှလုံးသားမှာ...တဲ့။

    အဖေ့ဆုံးမစကားတွေ..အဖေ့သွင်းပေးခဲ့တဲ့အသိဆင်ခြင်ဥာဏ်တွေကို ကျမသုံးနေနိုင်သရွေ့ အဖေက ကျမအတွက် သေလူမဟုတ်တဲ့အကြောင်း..

    ဒါပေမယ့် အဲလိုကဗျာလေးတွေဖတ်ရတဲ့အခါ အသက် (၇၀) နားနီးလာပီး ကျန်းမာရေးမကောင်းတဲ့အမေအတွက် သိပ်ပီးစိတ်မချဖြစ်မိတာပါပဲ။

    ReplyDelete
  8. အမေတွေက..သားတွေအတွက်..ဘယ်တော့မှ မသေ သလို..
    သားတွေကလည်း..အမေ တွေ အတွက်..အမြဲ ဆက်လက်ရှင်သန် ပြ နေရ အုံးမှာပါပဲ..။

    ပျော်ရွှင်ဖွယ်..ခရစ်စမတ် ကာလ နဲ့ နှစ်ကူး စိတ်သစ် ရွှင်လန်းရစ်ပါစေ..

    ReplyDelete
  9. တိုက်တိုက်ဆိုင်ဆိုင်.. ဒီနေ့ ညီ့ အမေမွေးနေ့..း)

    ReplyDelete
  10. စိတ်မကောင်းဖြစ်ရပါတယ်။ အကိုမေမေ ကောင်းကင်ဘုံက ကြားနိုင်ပါစေ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...