Apr 10, 2009

ပန်ဒိုရာနှင့် စကားပြောခြင်း

သင်္ကြန်နားနီးလာတော့
ရီးစားဦးကို သတိရတယ်...
ကလေးတွေ ဘယ်လောက်ရပြီး
ခုချိန်ဆို ဘယ်လောက် အလုပ်ရှုပ်နေ
စိတ်ညစ်နေပြီလဲ တွေးမိတယ်...
တခါတလေပါ...
ကိုယ်နဲ့ မနီးစပ်ခဲ့တာ
သူ အတော် ကံကောင်းပါတယ်လို့လည်း
ရဲရဲကြီး တွေးနေမိသေး....

သင်္ကြန်နားနီးတော့
ပိတောက်ရနံ့တွေရတယ် ...
အ၀ါရောင်တွေရဲ့ အရိပ်ကို ရင်ခုန်တယ် ...
ရန်ကုန်မြို့ကြီးရဲ့
ရေတွေစိုရွှဲနေတဲ့ ကတ္တရာလမ်းကို
ခုချိန်မှာ ပြေးနမ်းနေချင်တယ် အရူးအမူးပဲ...
မနှစ်က သင်္ကြန်ရက်ထဲ ဆုံးသွားတဲ့ အမေ့ကို
အိပ်မက်ထဲမှာ အတင်း ပွေ့ထားရတယ်...
နောက်ထပ်တခါ လွတ်ကျသွားမှာစိုးလို့...
ရွာလယ်လမ်းထိပ်က
ပိတောက်အိပ်မက်ဆိုတဲ့
ရေပက်တဲ့ နေရာလေးကို
အတွေးထဲမှာ ပြန်ရောက်တယ်....
သူငယ်ချင်းတွေနဲ့
အတူသောက်ရင်းကနေ
အိပ်ပျော်ခဲ့ဖူးတဲ့
မင်္ဂလာလမ်းထိပ်က
အရိပ်ကောင်းတဲ့အရက်ဆိုင်လေးကို လွမ်းတယ်...
တမ်းတရတာတွေကို ပြောရင်
မောတယ်...
တထောင့်တညထက်
ရှည်လျားတဲ့ ညတွေအတွက်
စိတ်ပျက်တယ်...
ခုတော့
သင်္ကြန်ကို
မသိသလိုလို အယောင်ဆောင်နေတယ်...
အောင်မြင်မယ်တော့ မထင်ဘူး...
ဘာပဲဖြစ်ဖြစ်
စကားပြောဖြစ်တာကျေးဇူးတင်တယ်
- နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်-
ရင်ခုန်ဖွယ် တေးတစနဲ့
ပြန်လည် အိပ်မောကျသွားပါပေါ့...

ATN

9 comments:

  1. အစ်ကိုရာ ငိုတောင်ငိုချင်လာတယ်။ အစ်ကို့ 
    ရည်းစားဦး ကိုလည်း လိုက်လွမ်းမိတယ်။
    စိတ်ညစ်တယ်။

    ReplyDelete
  2. bro ရေ
    ဆီးလို့ကြိုကွယ် လို့ ထင်ပါတယ်
    စီး မဟုတ်ဘူးလားလို့ပါ
    ငွေငန်းဖြူကြီး စီးပြီးကြိုတာ မဟုတ်ဘူး ဆိုရင်ပေါ့

    ReplyDelete
  3. အစ်ကို အခုလို ရေးချလိုက်တော့ ကျွန်တော်လည်း ရန်ကုန်သင်္ကြန် လွမ်းသွားတယ်..။
    ပြီးတော့လည်း မောမောနဲ့ အိပ်မောကျသွားဦးမှာပါပဲဗျာ..။

    ReplyDelete
  4. အိန္ဒြာApril 11, 2009 at 1:19 AM

    အကိုရေ....

    အခုနေတော့
    လွမ်းယုံသာ..ပေါ့..လေ

    ReplyDelete
  5. လွမ်းရတာတွေများလို့ ငါ့ရင်ဘတ်မှာအက်ကြောင်းတွေနဲ့။

    ရေးခဲ့ဘူးတဲ့ ကဗျာအပိုင်းအစတခုလေ။ အဲလိုပါပဲ။

    ReplyDelete
  6. အစ်ကိုရေ..
    ♫.♪ လွမ်း လွမ်း လွမ်းလို့သာ မူးအောင် လွမ်းလိုက်မှာ..
    ပက် ပက် ပက်လိုက်မှာ ကြက်သားကြော်လည်းပါ..♫.♪

    (ဟေးဟေး အေ့ မူးတယ်ဟ)

    ပက် ချိန်လေး ကစ်လိုက် လွမ်းလိုက်နဲ့ပါပဲ အစ်ကိုရေ..

    အရိပ်ကောင်းတဲ့အရက်ဆိုင်လေးကိုတော့ ကျနော်လည်း လွမ်းတယ်ဗျို့...

    ကိုရင်နော်

    ReplyDelete
  7. ကိုရင်နော်.. သိပ်မမူးနဲ့... ရေစိုနေတဲ့ ကတ္တရာလမ်းကို ကိုအောင်သာငယ်နဲ့ ပြေးနမ်းနေရမယ်နော်... ဟ.. ဟ

    ReplyDelete
  8. ကျေးဇူးပဲဗျို့

    ReplyDelete
  9. ငိုချင်ပါတယ်ဆိုမှ..
    နေနှင့်ဦး ခုပဲ လွမ်းတာတွေ ရေးနေပြီ...
    အပြိုင်လွမ်းကြသေးတာပေါ့ :(

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...