Jul 6, 2009

ကဗျာဆရာ၏ ခရုခွံများ















ကမန်းကတမ်း တက်စီးမိသောကား
လမ်းတ၀က်မှ မှားမှန်းသိပြီး
ခရီးခွတ်လပ်တွင်
မှတ်တိုင် မှားဆင်းသွားခဲ့ပြန်သော နွေဦးတခု...

လေအဝှေ့တွင် မျောပါ ကခုန်နေပြီး
လှပစွာ အရောင်စုံသလောက်
ရင်ခုန်သံမပါသော ဆပ်ပြာပူဖောင်းများ...

အသံမဲ့ တတိတိ ခုတ်ထစ်ခြင်းကို
လည်စင်းခံပေးနေရသော
ထွက်မပြေးနိုင်သည့် သစ်ပင်တပင်...

မည်သို့သောအကြောင်းနှင့်မျှ
ရွှေချသိမ်းဆည်းထားရန်မလိုသော
အပိုအလို မရှိ အတိအကျ ရှုံးနိမ့်မှုများ...

ဒဏ်ရာ မကျက်နိုင်သော အလွမ်းများသာ
အလွဲလွဲ အမှားမှား ဖူးပွင့်ရာ
အသည်းမမာနိုင်တော့သော ကျောက်ဖျာတချပ်...

အချိန်ကာလကို အဆုံးစွန် စိန်ခေါ်ခဲ့သော
မာရသွန်တန်းကျော်ပြေးပွဲတွင်
တမင်သက်သက် ချော်လဲခဲ့သည့်
ရက်စက်သော မျှော်လင့်ချက်အတုများ...

မုန်တိုင်းထန်သောပင်လယ်နှင့်
မီးလျှံကန္တာရကို လည်ပင်းဖက်ရင်း
သိုင်းကွက်နင်းကာ
အိမ်ပြန်လာသော အရွဲ့တိုက် ပြက္ခဒိန် တချပ်...

အနာဂတ် မယုံစိတ်က
အတိတ်သို့ လှည့်လှည့်ပြန်ခိုင်းနေသော
နံရံပေါ်မှ ရှည်ရှည်မျောမျော အရိပ်များ...

ဦးတည်ရာမဲ့ ပျံဝဲနေသည့် ပိုးစုံးကြူးတအုပ်နှင့်
ရုတ်ရုတ်သည်းသည်း
စီးချင်းထိုးပွဲကျင်းပခဲ့ရသော အထီးကျန်ည တည...

ချစ်ခြင်းမေတ္တာတောင်းခံရင်း
ကြိုး ဆယ့်နှစ်ချောင်းထံမှ
တစစီ လွင့်ပျံကျလာသော အေးစက်စက်မာယာများ...

မြို့ပျက်တခု၏ မျက်နှာစာတွင်
ဝေးကွာလွင့်စင်ခြင်း၏ခြေရာကို
လိုက်လံရှာဖွေနေခဲ့သော အတောင်ကျိုး လိပ်ပြာတကောင်...

အလင်းရောင်ကိုယ်စား တောက်ပရင်း
လမ်းမှားသွားခဲ့ရသည့် ခရီးအတွက်
ငိုငြည်းနေသော မီးစာကုန်ဆီခမ်း မှန်အိမ်များ...

အခန်းဒေါင့်အမှောင်ထုထဲ
ငူငူငေါင်ငေါင် ရပ်နေသည့်
တီးခတ်သူမဲ့ အဖြူရောင် အိုးကွဲ ဂစ်တာတလက်...

ခြောက်သွေ့နေသော အေးစက်စက် နှင်းအတုများဖြင့်
အလွန်တရာ ခါးသီး အိုက်စပ်ပူလောင်နေသော
အယောင်ဆောင် ဆောင်းနံနက်ခင်းများ...

တစုံတယောက် မကြားရက်သော တေးတပုဒ်နှင့်
တစုံတယောက် မကြည့်ရက်သော ပန်းချီတကား
သိမ်းဆည်းသိုလှောင်ထားရာ စက္ကူပုံးလွတ်တပုံး...

ထိုအရာများအားလုံးမှာ
ကဗျာဆရာတယောက်
ကမ်းခြေတလျှောက်မှ
ကောက်ယူလာခြင်းသာဖြစ်ပါသည်။

ATN
ဇူလိုင် ၆၊ ၂၀၀၉

6 comments:

  1. ရင်ခုန်သံ ပါနေရဲ့နဲ့ အခွံ ဖြစ်နေတယ် အကိုရေ၊
    အကို ကဗျာလေးက ကောင်းလိုက်တာ၊ ကူးသွားပရစေရှင်

    ReplyDelete
  2. ကဗျာလေးကကောင်းလွမ်းလို့ 
    နှစ်ထပ်ရှိမှ..မှတ်မိအောင်
    နှစ်ခါဖတ်သွားတယ်..အစ်ကိုရေ

    ReplyDelete
  3. ကဗျာကသိပ်ကောင်းနေတော့..ဘာမှမမန့်တော့ဘူးအကိုရေ့

    ReplyDelete
  4. ကဗျာဆရာ ခံစားချက်တွေ
    တနေ့ တခြား နက်ရှိုင်း လာတယ်နော် ။
    တချို့ အရာဆို ဥာဏ်လိုက်မမှီတော့ဖူး ရယ် ...
    ဦးနှောက် စားတယ် ။
    အကို ငယ်ရေ ..

    ReplyDelete
  5. ခုနောက်ပိုင်းရေးတဲ့ ကဗျာတွေထဲမှာ
    အနှစ်သက်ဆုံး ပါ
    လှပ ပြီး ကျစ်လစ် သိမ်မွေ့တဲ့
    စကားလုံးတွေ နဲ့..
    ဖတ်သူတွေကို နစ်မျောသွားစေတဲ့
    မာယာကြွယ်လွန်းလှတဲ့ စကားလုံးတွေ
    အားပြည့်နေတဲ့ စကားလုံးတွေ
    တကဲ့လှပနေတဲ့ ခရုခွံရောင်စုံတွေနဲ့ကဗျာပါ

    အစစအရာရာ အဆင်ပြေချောမွေ့ပါစေ

    ReplyDelete
  6. ကိုအောင်သာငယ်!!!!
    ကဲ ပြောပါဦးး) ညီမ အော်သံ ထဲကနေ ကဗျာကောင်း တပုဒ် ဖတ်လိုက်ရလို့ ကျေနပ်နှစ်သိမ့်သွားတဲ့ လေလှိုင်းတွေကို ကြားရသလားရယ်?း)

    သေချာ ဖတ်ခဲ့တယ်။ အဆင်ပြေပါစေ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...