Aug 1, 2009

ဝေဒနာ

မောင်းနေသော ကားက ဘရိတ် အုပ်လိုက်တိုင်း တကျွီကျွီ မြည်သံဖြင့် သူ့ကို သတိပေး နေလေသည်။
“ဘရိတ်ရှူးတွေ ပါးနေပြီ။ လဲရတော့မယ်”ဟု သူ့ဘာသာ တွေးနေမိသည်။
“အင်း... အရေးထဲ ပိုက်ဆံ ပြတ်နေပါတယ်ဆိုမှကွာ...”
သူနည်းနည်းတော့ ဒေါသထွက်လာသည်။ ဟုတ်တော့လည်း ဟုတ်သည်။ အလုပ်လိုက်ရှာရင်း မြို့တကာ နေရာအနှံ့ လိုက်လျှောက်သွားနေရတော့ မီးပွိုင့်တကာမှာ ခဏခဏ ရပ်ရတာ ခြောက်လ ကျော်ခဲ့ပြီ။ သည် ဘရိတ်ရှူးမှ မပါးရင်လည်း ဘယ်အရာကမှ ပါးလိမ့်မည် မဟုတ်။ အခုတော့ သူ့ ခံနိုင်ရည်တွေကလည်း သူ့ကား ဘရိတ်ရှူးလို ပါးလှပ်နေလေပြီ။

မဆီမဆိုင် “ကားလေး တစင်းလောက်ဝယ်ရင် ဘရိတ် ပါပါစေ...” ဆိုသော နော်လီဇာ၏ သီချင်းအား သတိရလိုက်မိသေးသည်။

ကားလေးတစင်း ရှိတာ အတော့်ကို အလုပ်ရှုပ်လေသည်။ ၃ လတခါ ဒါမှ မဟုတ် မောင်းလာသည့် မိုင်ပေါင်း ၃၀၀၀ ပြည့်တိုင်း ဆီတွေ လဲရသည်။ ၆ လတခါ တာယာတွေကို ရိုတိတ်လုပ်ရသည်။ တပတ်တခါလောက်လည်း ရေချိုးပေးရသည်။ တနှစ်တခါ ဆေးစစ် ရသေးသည်။ သူကိုယ်တိုင်တောင် သူ့ကိုယ်သူ ဆေး မစစ်ခဲ့တာ ဘယ်နှနှစ်ရှိနေပြီမှန်း မမှတ်မိတော့။ သူ့ခန္ဓာကိုယ်ကြီးကတော့ ခုထိ ဘ၀ဟိုင်းဝေးကြီးမှာ ပြေးလို့ ကောင်းနေတုန်း။ ခုတော့ ကယ်လီဖိုးနီးယားဟိုင်းဝေးမှာ ကောင်းကောင်း မပြေးချင်သည့် သူ့ကားကို ဆေးစစ် ရဦးမည်။ ဘာလို့ဆို သူ့ကားက အသက်ကြီးပြီလေ။

သည်အကြောင်းတွေးရင်း သူငယ်ချင်း တဦးဖြစ်သည့် ကားပွဲစား ပြောသည့် စကားကို သွားပြီး သတိရနေမိသေးသည်။

“ကားဆိုတာက အပျိုလေးတွေလိုပဲကွ။ မော်ဒယ် အသစ်တွေဆို အရမ်းလှတာ။ မောင်းလို့လည်း ကောင်းမှကောင်း။ မောင်းရင်း မောင်းရင်း မိုင်းလေ့ဂ်ျတွေ တက်လာတော့ ကျန်းမာရေးက ကျလာရော။ ဆယ်နှစ်ပဲ။ အဲသည်ထက် ကျော်လာရင်တော့ အဖွားကြီး ဖြစ်တော့တာပဲ။ ချောင်းတွေဆိုး၊ ခါးတွေကုန်း၊ ဖင်နာ ခေါင်းကိုက်တွေ ဖြစ်လာရော... ”

သူ့ကားက ဆယ်နှစ်ကျော်ပြီ။ ဖင်နာ၊ ခေါင်းကိုက်ရုံတင်မက အခုဆို နေရင်းထိုင်ရင်း ဘရိတ်မီးက မလင်းတော့။ ဒင်းကိုတော့ နားရင်း အုပ်ချင်နေမိသည်။ ဒက်ရှ်ဘုတ်မှာလည်း ၀မ်နင်တွေပေါ်နေသည်။ ဘရိတ်မီး ပြသနာကလည်း တကယ်တော့ မသေးလှ။ နေ့ချင်းမောင်းရင်တော့ ပြသနာ မရှိလှပေမယ့် ညဖက် မောင်းသည့်အခါ ပြသနာ ရှိသည်။ အထူးသဖြင့် ဟိုင်းဝေးတွေမှာ ညဖက် မောင်းနေချိန်တွင် ကိုယ်က ဘရိတ် အုပ်သည့်အခါ ကိုယ့် ဘရိတ်မီးကို နောက်ကားက မမြင်ရလျှင် ကိုယ့်ကို ဆက်မောင်းနေသည် ထင်ပြီး ၀င်ဆောင့်နိုင်သည်။ သူကတော့ မသိချင်ယောင် ဆောင်ပြီး သည်အတိုင်း မောင်းနေသည်မှာ ၃-၄ လ။ “ညဖက် မမောင်းရင်ပြီးတာပဲကွာ” ဆိုပြီး ကိုယ့်ဖာသာ ကိုယ် အကြောင်းပြပြီး သည်အတိုင်း ထားခဲ့သည်။

ခုတော့ ဆီလဲကာမှ စက်ဆရာက ပြောလာသည်
“မင့်ကားက ဘရိတ်မီး အချက်ပြ အလုပ် မလုပ်တော့ဘူး၊ အဲဒါ ၀ိုင်ယာရင်းတွေ ပြင်ရမယ်။ လုပ်မလား” မေးလာသည်။
“အေး.. ဘယ်လာက်ကျမလဲ...” မေးမိတော့
“မသိသေးဘူး။ ခန့်မှန်းချေတော့ ၂၀၀ ၀န်းကျင် ရှိမယ်...” ပြောလာသည့်အခါ
“ဒါဆိုလည်း နေတော့ကွာ... နောက်မှပဲ ငါလာလုပ်တော့မယ်... ” ပြောပြီး ကားသော့ကို ယူကာ အိမ်သို့ ပြန်မောင်းလာခဲ့သည်။
ဘရိတ်မီး ပြင်တာ ၂၀၀ ကျမည်လား။ သူမသိပါ။ သူကလည်း တကယ်တော့ ကဗျာအကြောင်းကလွဲလျှင် ဘာမျှ သိသူ မဟုတ်။ ကားအကြောင်းကတော့ ဝေလာဝေး။ သိသူများကပဲ ပြောပြပေးကြပါ။ သူသိတာကတော့ သူ့မှာ ဘရိတ်မီးကို ပြင်ဖို့ ပိုက်ဆံ မရှိ။ ဒါပဲ သူသိသည်။

နေထိုင်ရာ အပတ်မန့် ၀င်းထဲရောက်တော့ ပတ်ကင်မှာ ကားကိုထိုးရင်း သူ့ကားကို သူ သေချာ လှည့်ပတ်ကြည့်လိုက်သေးသည်။

“အင်း... အပြင်မှာတော့ ချောနေ လှနေဆဲပါပဲ။ အထဲက ကလီစာတွေကတော့ ငါ မသိဘူးကွယ်။ မင့် ဘရိတ်မီးကလေး ငါပြန်ပြင်ပေးပါ့မယ်။ ငါ့ အလုပ်တွေ ကောင်းတဲ့အခါပေါ့။ အခုတော့ မင်း ချောင်းဆိုး မနေရင် တော်ပါပြီ”

ကားခေါင်းကို ကိုင်ရင်း စိတ်ထဲမှ သူပြောချင်ရာကို သူ့ကားလေးကိုပြောကာ သူ အိမ်ပြန်လာခဲ့လေသည်။

သူ့စကားကို သူ့ကားကလေး ကြားလေမည်လား။

သူ မသိပါ။

18 comments:

  1. ကားကို သနားရမလား
    လူကို သနားရမလား ..း)
    Wish Good Luck!!

    (mama)

    ReplyDelete
  2. ကားကိုကဗျာရေးခိုင်းပြီး လူကို ဘရိတ်ရှုးလဲလိုက်ပါး)
    သီချင်းလေးတပိုဒ် သတိရနေတယ်
    "ငါ့ရဲ့ကားကိုမောင်းနေတာဘယ်သူလဲ". .

    အဆင်ပြေပါစေ ငါ့အကို...။

    ReplyDelete
  3. ကားအကြောင်းတော့ ဘာမှမသိလို့ မပြောပြတတ်ပါ အကိုရေ...ကားစီးရင် ခေါင်းမူးတတ် လို့ ကားတော့ လုံးဝမစီးချင်ပါ...ကားဘရိတ်အကြောင်းမပြောနိုင်လို့ ဆောရီးအကိုကြီး...

    ကားမောင်းရင်းကဗျာတွေအတွေးထဲ ၀င်ရတာနဲ့ ကားဘရိတ်မီးမကောင်းတာနဲ့ အကို့အတွက် သတိထားစရာတွေနော်...

    MIE NGE

    ReplyDelete
  4. ကျုပ်တို့ ကာလဖိုးနီးယန်းတွေကတော့ ကားဟောင်းပြင်ဖို့ဆိုရင် အပိုပစ္စည်းကို ဝင်ခနှစ်ကျပ်ပေးပီး ကားသင်္ချိုင်းမှာသွားနှိုက်တာပဲ၊ ဘရိတ်ရှူးဆိုရင်တော့ Dealer ဆီမသွားနဲ့ အပြင်ဆိုင်က After-market
    အမျိုးအစားက ဈေးသက်သာသာနဲ့ဝယ်ပြီး ကိုယ့်ဖာသာဖြုတ်လဲပေတော့ ကိုယ့် Elbow grease ပေါ့ဗျာ၊ ဒီမှာကတခြားပြည်နယ်တွေနဲ့မတူ ကားမရှိရင် ခြေမရှိတာပဲဆိုတော့ ခက်တယ်။

    ReplyDelete
  5.်ကိုယ့်အသည်းလေးဟာ ဘရိတ်မရှိတဲ့ကား
    မရပ်မနားပဲမောင်းနှင်လာတယ်ကွယ်

    သီချင်းဆိုသွားပါတယ်ဗျ

    ReplyDelete
  6. ကား..လဲ..လူလိုပဲနော်
    အသုံးများရင်..ခူချာလာရော..အစ်ကိုရေ

    ReplyDelete
  7. အကိုရေ အလုပ်ကောင်းကောင်းမြန်မြန်ရပြီး ကားလေးလည်းပြန်ကောင်းလာပါစေ။

    ReplyDelete
  8. ခွိခွိ နာ့မှာ ကားမရှိဘူး သိဘူး

    ReplyDelete
  9. ရေးတတ်တဲ့သူတွေက
    ဘာလေးကောက်ရေးရေးဖတ်ကောင်းနေတာပါပဲလား.
    အကို....

    စာရေးဆရာတွေထဲမှာ
    ဆရာသုမောင်ရေးတာလေးတွေ သိပ်သဘောကျတယ်
    ကွမ်းစကားတို့ဘာတို့လေ..
    ဘာမှမဟုတ်တာလေးကို..
    ဖတ်ကောင်းအောင်သိပ်ရေးတတ်တာ..

    အကို အဆင်ပြေပါစေ.။

    ReplyDelete
  10. ထရောက်ခါစက ကားတ၀က်ကျ တစီးဝယ်စီးတာ ခဏခဏ ပြင်ရတာနဲ့ မကာမိလို့ ကားနဲ့ပတ်သက်ပြီး အိမ်မှာ အမြဲရန်ဖြစ်ရဖူးတယ်။ ကားပေးတဲ့ ဒုက္ခကို ကြုံဖူးလို့ ကိုယ်ချင်းစာလို့ တတ်ပါတယ်။

    ReplyDelete
  11. ကိုအောင်သာငယ်

    အိုပယ်ဆိုချင်သလိုလို
    ဟိုလိုလို ဒီလိုလိုပါလား
    နောက်မီး မလင်းတဲ့ ကိစ္စလား
    နောက်မီးလင်းချင်တဲ့ ကိစ္စလား
    ကားအကြောင်း နားမလည်လို
့နားလည်သလိုပဲ ပြောမိပါတယ်။
    ကားဘရိတ်မမိရင်တော့ မသိဘူး
    လူမှာ ဘရိတ်မမိရင်တော့ ပေါက်သွားပြီဆိုကြတယ်။

    ဗြဲ......................။

    မအယ်

    ReplyDelete
  12. ဘရိတ် မမိရင် နံပတ် ဝမ်းကြီးနဲ့သာ ဆော်ပေတော့ ကိုငယ်ကြီးရေ .. ဟီးးး ဆီဖိုး က ပိုကုန်လိမ့် မယ် ။

    နောက်မီး လင်းဖို့  ကိစ္စ ကတော့ အပေါ်က အမကြီး သာ မေးပေတော့ .. သူက အတော်ကျွမ်းမဲ့ ပုံပါဘဲ ..ဟဲ ..
    ရန်တိုက်ပေးလိုက်တယ် ။
    ဗမာပြည်က ကားတွေကတော့ အသက်ကြီးပေမဲ့လဲ ဈေးကောင်းနေဆဲပါ ။ လူတွေသာ အိုလို့ ဈေးကျ သွားကြတာလေ ။ အံ့သြ ကုန်နိုင်ဖွယ် .. ကားဈေးရယ် .

    ReplyDelete
  13. စွန့်စားလိုတဲ့ လူငယ်တိုင်း ဘရိတ်မမိသောကားကို စီးကြသည် ပေါ့ဗျာ။ အစ်ကို့ကားလေးက အိုသာအို တာ သစ္စာတော့ ရှိတယ်နော်။ နောက်မီးမလင်းဘူးလေ။

    ReplyDelete
  14. ကိုအောင်... အခုချိန်ထိ အလုပ်ကအဆင်မပြေသေးဘူးလား၊ ကြာနေပြီနော်၊ မိသားစုနဲ့ ဆိုတော့ အင်း....ကိုယ်ချင်းစာနားလည်ပေးလို့ရတယ်၊
    မြန်မြန်အဆင်ပြေနိုင်ပါစေဗျာ၊

    ReplyDelete
  15. ကားကတော့ပြောမနေနဲ့အကိုရေ..တော်ကြာ ဟိုဟာလဲ။ဒီဟာပြင်။ ရှုပ်ရှုပ်ယှက်ယှက်ဒုက္ခအပေးဆုံးဟာ
    ကားပဲ။
    သွားရေးလာရေးအဆင်ပြေလွန်းလို့သာ
    ကြည့်နေရတာ
    တခါတလေကျ ကိုယ်ကစီးတာလားးသူကကိုယ့်ကို
    ပြန်စီးတာလားတွေးယူရအောင်ကိုကုန်တာ။

    အကိုသူငယ်ချင်းကားပွဲစားကကားကို အပျိုလေးနဲ့တင်စားတာကိုသဘောကျသွားကြောင်းပါ။

    ReplyDelete
  16. ကားဆရာ အစစအရာရာ အဆင်ပြေပါစေ ...။
    ကားလေးနှင့်အတူ ဆုတောင်းပေးနေပါသည် ...။

    Z

    ReplyDelete
  17. အိုသာအို တာ သစ္စာတော့ ရှိတယ်နော်။ နောက်မီးမလင်းဘူးလေ။ (နွေဆူးလင်္ကာ)

    ပြန်ပြောလိုက်လေဗျာ.. ငယ်ငယ်တုန်းက တအားလင်းခဲ့ပါတယ်လို့...းP

    ReplyDelete
  18. အကိုက ကားမကောင်းလို့ စိတ်ညစ်နေရင်းတောင်
    သီချင်းကလေးကိုသတိရနေနိုင်သေးရင်-
    အကိုဘယ်တော့မှတကယ်စိတ်ဆင်းရဲမှာမဟုတ်ဘူး-
    အဲဒါကတော့သေခြာတယ်-
    သီချင်းများ-ကဗျာများနဲ့ ပျော်ရွင်နိုင်ပါစေဗျာ-

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...