Aug 4, 2011
သွားကြပါစို့... အင်ဒရီယာ...
သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ နေသာတယ်...
ငါ ကြိုက်တတ်တဲ့ ကမ်းခြေ...
သဲသောင်တွေက ပြန့်စင်းဖြူလွလို့...
ဘ၀ဆိုတာကို လွတ်လပ်ခြင်း ကွင်းပြင်မှာ စိတ်ကြိုက် ဖြန့်ခင်းလိုက်ကြမယ်...
ကောင်းကင်ပြာကို မျက်နှာချင်းဆိုင်ဖို့
သဲပြင်ပေါ် အတူ ကျောချရင်း ခဏလောက် အိပ်ကြပါစို့... အင်ဒရီယာ...
သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ လထွက်တယ်...
မနက်ခင်းနေကို... လတစင်းနဲ့ အတူ... တွေ့... တွေ့... နေ... နေရတဲ့... နေရာ...
နေရယ်... လရယ်... ဘယ်တော့မှ မဆုံဘူးလို့... ဘယ်သူ ပြောသလဲ...
နင်ရယ်... ငါရယ်... အဲသည်နေရာမှာ အတူဆုံကြမယ်... အင်ဒရီယာ...
တို့ နှစ်ယောက် မဆုံနိုင်ပါဘူးလို့... ဘယ်သူ ပြောဦးမလဲ...
သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ ပန်းတွေပွင့်တယ်...
အပြာရောင် သစ်ခွတပွင့်ကို နင့်အတွက် ငါ ခူးဆွတ်မယ့် နေရာ...
ငါ့ အချစ်တွေကို ပန်းလို နင် မပန်တတ်သည့်တိုင်...
သစ်ခွအပြာလေး တပွင့်ကိုတော့ ငါ့အချစ်တွေကိုယ်စား
နင့် လည်မှာ ဆွဲထားမယ် မဟုတ်လား... အင်ဒရီယာ...
သွားကြမယ် အင်ဒရီယာ...
အဲသည်မှာ... ...
အဲသည်မှာ...
အင်ဒရီယာရယ်...
atn
No comments:
Post a Comment
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...