သူ့ မျက်လုံး ၂ လုံး ပွင့်လာသည်... ။ အမှောင်ထုထဲမှာ... ပွင့်လာသော သူ့ မျက်လုံး အစုံသည်... အလင်းကို ... အငမ်းမရ... လိုက်ရှာလေသည်... ။ အလင်းရောင်ကို.... သူမတွေ့ပါ...။ သူတွေ့ရသည်က... သူ့ အခန်းထဲမှ... ပိန်းပိတ်နေသော ... အမှောင်ထုသာ...။ အမှောင်ထုထဲကို... အတန်ကြာ စူးစိုက်ကြည့်လိုက်မိသည့်အခါ... တချို့အရာတွေကို... ၀ိုးတ၀ါး... သူတွေ့လိုက်ရသည်...။ သို့သော်လည်း... မည်သည့်အရာများ... ဆိုသည်ကို...သူ... သေချာ မသိနိုင်ပါ...။ သူတွေ့နေရသည်က... အရိပ်များသာ... ဖြစ်မည်...။ အရိပ်ဆိုသည်က... အလင်း ရှိမှသာ... ဖြစ်ပေါ်လာသည် မဟုတ်လား...။ အမှောင်ထဲမှာရော... အလင်းရှိလေသည်လား...။ သူ မတွေးအားပါ...။
အိပ်ပျော်နေသော သူ့မျက်လုံးများကို... မည်သူက ဖွင့်လိုက်သည်လဲ...။ သူ ... မသိပါ... ။ သူ့မျက်လုံးများကို... သူကိုယ်တိုင်လည်း... မဖွင့်ပါ...။ သူက... အိပ်ပျော်နေခဲ့သူသာ... ဖြစ်သည်... ။ တကယ်တော့... သူသည်... အိပ်ပျော်နေချင်သူသာ... ဖြစ်သည်... ။ အဘယ့်ကြောင့် ဆိုသော်... အိပ်ပျော်နေသည့်အခါ... သူ... ဘာမျှ... မသိတော့သောကြောင့်... ဖြစ်ပါသည်...။ အိပ်ပျော်နေသော... သို့မဟုတ်... အိပ်ပျော်နေချင်သော... သူ့ကို... အိပ်ယာမှ နှိုးထလိုက်သူသည်... သူကိုယ်တိုင် မဟုတ်ပါ...။ သည်အချက်ကတော့ ... သိပ်ကို သေချာသည်လေ... ။
သူ့ကို... အိပ်စက်ခြင်းမှ ... မည်သူက... နိုးထလိုက်စေသည်လဲ...။ ဘုရားသခင် ပေလား...။ မဟုတ်သည်ကတော့... သိပ်ကို သေချာသည်...။ ဘာကြောင့်ဆို... အပျင်းပြေ... သူ... ဖန်ဆင်းထားခဲ့သော... လူသားပေါင်း... သန်း ၆၀၀၀ ကျော်ကို... တနှစ်လျှင် ၃၆၅ ရက်... တရက်လျှင်... ၂၄ နာရီ... တနာရီလျှင် မိနစ် ၆၀... တမိနစ်လျှင် စက္ကန့် ၆၀ နှုန်းဖြင့်... take care လုပ်နေရသော... ဘုရားသခင်သည်... အလွန်တရာ (တကယ်တော့ ... အလွန် တထောင်... အလွန်တသောင်း... အလွန်တသိန်း... အလွန်တသန်း... အလွန်တကုဋေ... တိတိကျကျ ဆိုရလျှင်... အလွန် သန်း ၆၀၀၀ ကျော် ဖြစ်မည်...) အလုပ်များနေသည် မဟုတ်လား...။ သူ့ကို နှိုးထစေဖို့... ဘုရားသခင်မှာ အချိန် မရှိပါ...။ ဒါက... သိပ်ကို... သေချာသည်လေ... (သို့မဟုတ်...) ဒါကို... သူက... သိပ်... သေချာနေသည်လေ...။ I am so so sorry for you... GOD... You take care yourself. ... အမှောင်ထဲမှာ... သူ... တိုးတိုးလေး... ပြောလိုက်မိသေးသည်... ။
သူ့ကိုယ်သူလည်း... မနှိုး...။ ဘုရားသခင်ကလည်း... သူ့ကို မနှိုးလျှင်... သူ့ကို... အိပ်ယာမှ ... မည်သူက... နိုးထစေသည်လဲ...။ သူ့ကို... နှိုးထစေသူမှာ... အမေရိကန် အစိုးရ မဟုတ်တာလည်း... သိပ်ကိုသေချာသည်လေ...။ ဒါဆို... သူ့ တာဝန် ၀တ္တရားတွေက ... သူ့ကို နိုးထခဲ့စေသည်လား...။ သူ့ ... တာဝန် ၀တ္တရားတွေကရော... ဘာတွေတဲ့လဲ...။ သည် တာဝန် ၀တ္တရားတွေကြားမှာပဲ... နိစ္စဓူဝ... သူ... နိုးထ... အိပ်စက်... အသက် ရှင်သန်နေရမည်လား...။
မွေးဖွားလာကြပြီးသည့်နောက်... သေဆုံးခြင်း-ဟူသော... အရပ်ဆီသို့... မသွားချင် သွားချင်ဖြင့်... ပေကပ်ကပ်... လုပ်ကာ... သွားနေရသော... လူတို့၏... ဘ၀ခရီးမှာ... အိပ်ချင်သည့်အခါ... အိပ်... နိုးချင်သည့်အခါ... နိုး... သည်လိုမျိုး... နေထိုင်၍ကော... မရဘူးလား... - ဟု... အိပ်ယာမှ ထထိုင်ရင်းက... ညစ်ကျယ်ကျယ်... သူတွေးနေမိသေးသည်... ။
ခေါင်းရင်းမှာ... ထားထားသော... သူ့အိုင်ဖုန်းကို... အမှောင်ထဲမှာ... လိုက်စမ်းရင်းက... သူ့လက်နှင့် ထိမိသည့်အခါ... ဆွဲယူရင်း... ဖွင့်ကြည့်လိုက်သည်... ။ နုပျိုချောမော... လှပသော... ချစ်မက်မြတ်နိုးစရာ မျက်နှာလေး... တခုက... အိုင်ဖုန်း၏... မျက်နှာပြင် ချောချောမွတ်မွတ်လေးပေါ်မှာ... လှလှပပလေး... ပေါ်လာလေသည်။ အိုင်ဖုန်းပေါ်မှ နာရီက... မနက် ၅ နာရီ ၃၂ မိနစ်...ဟု... ပြနေသည်။ အိုင်ဖုန်းမျက်နှာပြင်ပေါ်မှ... မျက်လုံးလှလှလေး... တစုံကတော့... အမှောင်ထဲမှာ... ငူငေါင်ငေးငိုင်... စိတ်မပါတပါ ထိုင်နေသော... သူ့ကို... စိုက်ကြည့်နေသည်... ဟု... သူ ထင်လိုက်မိသည်... ။ ပန်းနုရောင် နှုတ်ခမ်းကလေး တစုံကတော့... ပြုံးနေသလိုလို... .မပြုံးသလိုလို.. ။ ခုတော့... သည်မျက်နှာပိုင်ရှင်ကလေးက... ဘယ်နေရာကို... ရောက်နေ...သည်တဲ့လဲ...။ ဘယ်နေရာမှာ... ဘာတွေ လုပ်နေမည်... တဲ့လဲ... ။ သည်မျက်လုံးလှလှလေးတွေက.. မည်သည့်အရာကို... (သို့မဟုတ်...) မည်သူ့ကို... စိုက်ကြည့်နေလိ့မ်မည်... တဲ့လဲ... ။ သည် နှုတ်ခမ်းလှလှလေး တစုံကရော... မည်သူ့ကို စကားပြောနေလိမ့်မည်လဲ... (သို့မဟုတ်...) မည်သူက... သည်နှုတ်ခမ်းလှလှလေးကို... နမ်းနေလိမ့်မည်... တဲ့လဲ...။ သည်လို စဉ်းစားရင်း... မနက်ခင်း၏ အမှောင်ထုထဲမှာ... သူ့ အလွမ်းတွေ... သူ့ တမ်းတမှုတွေ... ဟာရီကိန်း မုန်တိုင်းတခု... တိုက်ခတ်လိုက်သလို... ဗြောင်းဆန်သွားလေပြီ... ။ သည် မျက်နှာလေးကို... သူ... အလွန်အမင်း... လွမ်းဆွတ်လာမိသည်...။ အိုင်ဖုန်း၏... slide to unlock ဆိုသည့် ခလုပ်ကလေးကို... သူ့လက်ညှိုးနှင့်... ဆက်ဖိထားမိသည်... ။ သို့ မဟုတ်လျှင်... သည်မျက်နှာကလေးက... ပြန်ပျောက်သွားလိမ့်မည်...။ ခဏတဖြုတ်တော့... slider... ခလုပ်လေးကို ဖိထားကာ... ဘယ်ညာရွှေ့ကစားရင်း... သူ့ကို... ပြုစားနိုင်သော... မျက်လုံးကလေး တစုံနှင့်.. အကြည့်ချင်းဆိုင်နေမိသေးသည်... ။ ခလုပ်လေးကို... အတော်ကြာ... ဖိထားမိပြီးနောက်... သူ... ပြန်လွှတ်လိုက်သည်...။ သူ... မြတ်နိုးတွယ်တာရသော... မျက်နှာလေးက... မနက်ခင်း အမှောင်ထဲသို့... ပြန်လည်တိုးဝင်... ပျောက်ကွယ်သွားသည်... ။ အမှောင်ထဲမှာ... အိုင်ဖုန်းကို... သူ့လက်ထဲ ကျစ်ကျစ်ပါအောင်... ဆုပ်ထားမိသေးသည်... ။ သည်အိုင်ဖုန်း ရှိနေသေးသရွေ့... သည်မျက်နှာလေးလည်း... ရှိနေဦးမည်လေ... ။ မဟုတ်လား... ။ အမှောင်ထဲမှာ... အလွမ်းတွေကို... ချခင်းထားရတော့မှာလား... သူ... စဉ်းစားနေမိသေးသည်... ။
သူ့ပေါင်ပေါ်မှ စောင်ကို... အသာ ခွာချလိုက်ရင်း... အိပ်ယာမှ... သူ... ထဖြစ်လိုက်သည်... ။ အလုပ်မသွားခင်... ရေချိုးရဦးမည်... ။ သူ့ အခန်းတံခါးကို ဖွင့်ပြီး... အမှောင်ထဲမှာပင်... ရေချိုးခန်းဆီသို့... သူလှမ်းလာခဲ့သည်... ။ ပိန်းပိတ်အောင် မှောင်နေသည်မျိုး မဟုတ်သော်လည်း... ဘာတခုကိုမျှ သေချာ မမြင်ရ... ။ သို့သော်လည်း... မည့်သည့်နေရာမှာ... မည်သည့်အရာ ရှိသည်ကို... သူက... သိနေပြီးသား မဟုတ်လား... ။ မျက်စေ့ မှိတ်ပြီးပင်... သူ လိုချင်ရာကို သူ ယူနိုင်သည်... မဟုတ်လား... ။ ဘေစင်ရှေ့မှာ... ရပ်လိုက်ရင်းက... အမှောင်ထဲမှာပင်... လက်ကို ဆန့်တန်းကာ... သူ့ သွားပွတ်တံကို... ယူလိုက်သည်...။ ဘယ်လက်က... သွားတိုက်ဆေးဗူးကို... လှမ်းယူလိုက်ပြီး... အဖုံးဖွင့်ကာ... သွားပွတ်တံအပေါ်... အမှောင်ထဲမှာပင် ညှစ်ချလိုက်သည်...။ သည့်နောက်... ရေအနည်းငယ် ဖွင့်ချရင်း... သွားပွတ်တံကို... စီးကျလာသည့် ရေပန်းအောက်မှာ... ခေတ္တ ခံထားပြီးနောက်... ရေကို ပြန်ပိတ်လိုက်သည်...။ အမှောင်ထဲမှာပဲ... သူ သွားတိုက်နေမိသည်။ မျက်လုံးစုံမှိတ်ကာ... သွားတိုက်နေရင်းက... အိုင်ဖုန်းပေါ်မှ... မျက်လုံးလေး တစုံကို... အမှောင်ထဲမှာ ... သူ မြင်နေမိသေးသည်... ။
သွားတိုက်ပြီးနောက်... ရေချိုးဖို့... အမှောင်ထဲမှာပင်... သူ ပြင်ဆင်လိုက်သည်...။ ဘာ့သ်တာ့ဘ်ထဲမှ ... ရေပန်းကို အပူအအေး... ချိန်ရင်း... ခေါင်းလျှော်ရည်ဗူးကို... အမှောင်ထဲမှာ စမ်းယူလိုက်သည်...။ ရေပန်းအောက်မှာ... ခေတ္တခဏ ခေါင်းထိုးခံလိုက်ပြီးနောက်... ခေါင်းလျှော်ရည် အချို့ကို... သူ့ ဆံပင် ရှည်တွေပေါ်... ညှစ်ချလိုက်သည်...။ ပြီး... အမှောင်ထဲမှာ... လျှောက်စမ်းပြီး... ယူထားသော... ဘီး တချောင်းဖြင့်... တခေါင်းလုံးကို... ဖီးသင်လိုက်သည်...။ ဒါက... သူ့ ခေါင်းလျှော်နည်း... ဖြစ်လေသည်...။ သည့်နောက်တော့... body wash ကို... ရေမြှုပ်အပေါ်... ညှစ်ချရင်း... သူ့ကိုယ်ကို... ဆပ်ပြာတိုက်သည်...။ ထိုအတောအတွင်းမှာ... (သည်လောက်... အကုသိုလ်... များတဲ့... ခန္ဓာကိုယ်ကြီးကို... ဆပ်ပြာတွေ... တိုက်နေတော့ရော... ဘာတွေများ... သန့်ရှင်း... စင်ကြယ်... လာမတဲ့လဲ...) ... ဟု... သူ့ဘာသာ ... အမှောင်ထဲမှာ... တွေးနေမိသေးသည်...။
ရေချိုးပြီးသွားတော့... သူ့ဆံပင်ရှည်တွေကို... ခြောက်အောင်... လုပ်ရဦးမည်... ။ သူ့မှာက... hair dryer... မရှိပါ... ။ သည်တော့... ဧည့်ခန်းထဲမှာ ရှိသော... Heaterကို... အမှောင်ထဲမှာ... သူ... ဖွင့်ပါသည်... ။ ထို Heater ၏ လေထွက်ပေါက်မှာ... သူ့ ခေါင်းကို ထိုးခံရင်း... သူ့ ဆံပင်ရှည်တွေကို... ဘီးတချောင်းဖြင့် ... အမှောင်ထဲမှာ... ဖီးသင်ရင်း... ခြောက်သွေ့စေလိုက်သည်...။ အားလုံးကို... အမှောင်ထဲမှာ... သူ လုပ်နေခြင်း... ဖြစ်ပါသည်...။ ထိုသို့ လုပ်ရင်း... သူ့ ဆံပင်ရှည်တွေကို... ဖီးသင်ပေးလိုသည်ဆိုသော... ကောင်မလေး တယောက်... ပြောခဲ့သည့်... “အကို့ ဆံပင်တွေကို... သပ်သပ် ရပ်ရပ်လေး ဖြစ်အောင် ဖီးပေးချင်တယ်...” ဆိုသော စကားကို... သတိရမိလိုက်သည်...။ ထို့အတူ... သူ့ဆံပင်ရှည်တွေကို... စိတ်ရှည်လက်ရှည်... ဖီးသင်ခဲ့ဖူးလေသော... သူ့... မဟေသီကို... သတိရမိလိုက်သည်...။ ခုတော့... မည်သူမျှ... သူ့အနားမှာ မရှိပါ... ။ သူက... တယောက်ထဲသမားသာ... ဖြစ်ပါသည်...။ သူသည်... အထီးကျန်နေသူသာ... ဖြစ်ပါသည်...။ ခုတော့... သူ့ဆံပင်ရှည်တွေကို... ဖီးသင်ပေးမည့်သူဆိုလို့... တယောက်မျှကို... မရှိတော့ပါ... ။
သူ့ဆံပင်တွေ ခြောက်ပြီးသွားတော့... အ၀တ်အစား.. သူ... လဲလိုက်သည်... ။ ကားသော့ကို... ချိတ်ထားရာ နံရံပေါ်မှ ဆွဲယူရင်း... မနက်ခင်းက တက်နင်းထားသော... သူ့ အိမ်တံခါးကို ဖွင့်လိုက်သည်...။ အလင်းများ... ပွင့်မလာပါ... ။ နေရာတကာ... အမှောင်ထုသာ... ။ မှောင်မဲနေသော... သူ့ အိမ်ခန်းထဲမှ... မှောင်မဲနေသော မနက်ခင်းထဲသို့... စိတ် မပါ့တပါ... သူ တိုးဝင်လိုက်သည်....။
သူ့ကားတံခါးကို... သူ... ဖွင့်ပါသည်... ။ သည်ကားက... သူ့ကို... နိဗ္ဗာန်ဘုံသို့ သယ်ဆောင်သွားမည် မဟုတ်ပါ..။ သူ့ကို အလုပ်ဆီသို့... သယ်ဆောင်သွားမည်သာ... ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်... သည်ကား... သယ်ဆောင်ရာမှန်သမျှကို... သူ... လိုက်ပါရပါဦးမည်...။
ယခုတော့ အမှောင်ထဲမှာ... သည်ကား သယ်ဆောင်ရာကို... သူ လိုက်ပါနေသည် မဟုတ်လား...
No comments:
Post a Comment