Showing posts with label ပြောရဦးမယ်. Show all posts
Showing posts with label ပြောရဦးမယ်. Show all posts

Oct 18, 2010

ကြည်ကြည်ရဲ့ဒိုင်ယာရီ

ဘလော့တွေ လျှောက် မလည်နိုင်တာ မလည်ဖြစ်တာ အတော်ကြာပြီ။ အချိန်မရတာ အလုပ်များတာနဲ့ ဂူးဂဲလ် ရီဒါထဲကသာ ဘလော့တွေကို ထိုင်ဖတ်ဖြစ်နေတော့သည်။ ကိုယ်ဖတ်နေကျ ဘလော့တွေကလည်း ရာကျော်အောင် များမှများ ဆိုတော့ကာ ခုနေအခါမှာတော့ ဘယ်ဘလော့ကိုမှ တိုက်ရိုက်သွား မဖတ်ဖြစ်တော့။ (ဒါပေသည့် နေ့တိုင်း ဖွင့်ဖတ်ဖြစ်သည့် ဘလော့ တခုတော့ ရှိနေပါသေးသည်။ ဘယ်ဘလော့ပါလိမ့်-ဟု စပ်စုချင်သူများ အီးမေးလ်မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်...း)

ဖတ်နေကျ ဘလော့တွေထဲမှာမှ သိပ်ကြိုက်လွန်းသည့် ပို့စ်တွေရှိသည့် ဘလော့တွေမှာတောင် ကွန်မန့်ရေးချင်လာမှသာ ထိုဘလော့တွေအထိ ရောက်အောင် သွားဖြစ်တော့သည်။  အချိန် မရသည့်အတွက် ကိုယ့် ဘလော့မှာ ရေးလာသည့် ကွန်မန့်တွေကိုပင် ပြန် မရေးနိုင် စီပုံးက စာတွေကို မပြန်နိုင်ဖြစ်နေတာကလည်း ကြာလှပြီ။ သည်လိုနဲ့ ဘလော့ ယဉ်ကျေးမှုထဲမှာ ကိုယ်က မယဉ်ကျေးသလို ဖြစ်နေလေတော့သည်။ မတတ်နိုင်။ နားလည်ခွင့်လွှတ်တတ်သူများ နားလည် ခွင့်လွှတ်ကြပါလိမ့်မည်။

သို့သော်လည်း ဘလော့ ယဉ်ကျေးမှုထဲမှာ ချစ်စရာ ကောင်းသည့် အလေ့အထလေးများကတော့ ရှိနေဆဲပါပေ။ Tag Game များ... ဖြင့်... ဘလော်ဂါ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုကြသည့် ပျော်ရွှင်စရာ ပို့စ်ကလေးများ။ ဘလော်ဂိုစဖီးယားထဲသို့ မယောင်မလည် (သို့မဟုတ်) မလည်သယောင်ဖြင့် အူကြောင်ကြောင် ၀င်ရောက်လာသော ဘလော်ဂါ အသစ်စက်စက်ကလေးများကို ဘလော်ဂိုစဖီးယား တခုလုံးဖြင့် မိတ်ဆက်ပေးခြင်းများ... (သို့မဟုတ်) မေတ္တာဖြင့် အခမဲ့ ကြော်ငြာဝင်ပေးခြင်းများ... စသည်... စသည်...

မည်သို့ ဖြစ်စေ...
လိုရင်းတွေကို... တိုရှင်းစေရလျင်ဖြင့် ....
ဤစာသည် ဘလော့ အသစ်စက်စက်ကလေး တခုကို မေတ္တာဖြင့် အခမဲ့ ကြော်ငြာဝင်ဖို့ရာ... ပလ္လင် ခံနေခြင်းသာ ဖြစ်ပါကြောင်း...

မိတ်ဆက်ပေးလိုသည့် ဘလော့လေး၏ အမည်က  
(ကြည်ကြည်ရဲ့ဒိုင်ယာရီ)...

(ဘ၀အမော တွေကြားထဲမှာ
တတ်နိုင်သလောက် ကြည်လင်ချမ်းမြေ့စွာနေချင်တဲ့  ဆန္ဒကြောင့်
ကြည်ကြည်လို့  အမည်ပေးခြင်းဖြစ်ပါတယ်)
ဆိုတဲ့...
ကြည်ကြည်ရဲ့ဒိုင်ယာရီ-ကို
အလည်တခေါက်
သွားရောက် ဖတ်ရှုကြဖို့ရာ...
ဘလော်ဂါအပေါင်းကို...
ကြော်ငြာမောင်း ခတ်လိုက်ရကြောင်းပါ...

ATN

Mar 31, 2010

“ကေ” သုံးလုံးရဲ့ ကဗျာစာအုပ်



ကျနော့်ဆီကို ညီငယ် “ကေ”သုံးလုံး (ကောင်းကင်ကို)ဆီက ကဗျာစာအုပ် ၂ အုပ် မနေ့က ရောက်လာပါတယ်... မျှော်နေတာ အတော်ကြာပြီမို့... ခုရောက်လာတော့ အတော် ၀မ်းသာမိပါတယ်... သူ့ကဗျာတွေကတော့ အမြဲ ဖတ်နေကြမို့ ကဗျာတွေ ဖတ်ဖို့ မျှော်တာတော့ မဟုတ်ပါဘူး... သူကဗျာ စာအုပ် ပုံနှိပ်ဖို့ လုပ်နေတုန်းက ... သူ့စာအုပ်အတွက် မျက်နှာဖုံး သရုပ်ဖော်ပုံ ဆွဲဖို့ အကူအညီ တောင်းတာနဲ့... ၃ ပုံ ဆွဲပေးလိုက်ပါတယ်... ဖိုတိုရှော့ပ်နဲ့ ဆွဲပေးလိုက်တာပါ... ကြိုက်တဲ့တခုကို သုံး ဆိုတော့ ... ခု အပေါ်က ပုံမှာပါတဲ့ သရုပ်ဖော်ပုံကို သူကြိုက်တယ်ဆိုပြီး စာအုပ်အတွက် သုံးပါတယ်... ကျနော်က အဲသည် ပုံလေး... စာအုပ်ထွက်တဲ့အခါ ဘယ်လို နေမှာပါလိမ့်လို့ မြင်ချင်နေတာနဲ့ သူ့စာအုပ်ကို မျှော်နေမိတာပါ... ခုတော့ ကဗျာဆရာ တယောက်ရဲ့ ကဗျာစာအုပ်မှာ မျက်နှာဖုံး သရုပ်ဖော်ပုံကို ဆွဲပေးခဲ့တာ ဒါ ပထမဆုံး အကြိမ်ဖြစ်သလို... ကိုယ့်ရဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံကို စာအုပ်နဲ့ အတူတကွ မြင်ရတာလည်း ဒါ ပထမဆုံး အကြိမ်ပါပဲ...
စာအုပ်ကို စာအိတ်ထဲက ဆွဲထုတ်လိုက်တော့... ကိုယ့်သားသမီးတယောက်ကို တွေ့လိုက်ရသလိုပါပဲ...း)
(စာအုပ်တွေအတွက် ကျေးဇူးပါ ညီလေးရေ့...)

တလက်စထဲ သူ့အတွက် ဆွဲပေးခဲ့တဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံ ၃ ပုံလုံးကို သည်မှာ အမှတ်တရ မှတ်တမ်းတင်ရင်း ဖော်ပြလိုက်ပါတယ်...
ဘယ်ပုံကို အကြိုက်ဆုံးလဲ ဆိုတာ ပြောသွားကြပါဦး...
သူကတော့ တတိယ ပုံကို ကြိုက်လို့ သုံးသွားပြီ...
ကျနော်ကတော့ ဒုတိယပုံကိုကြိုက်တယ်...

(၁)

(၂)

(၃)

မျက်နှာဖုံး အပ်ချင်တဲ့သူများ ရှိရင်လည်း ပြောကြပါ...

ကိုငြိမ်းဝေတို့... ကိုဝေလင်းတို့... ဆောင်းယွန်းတို့...  သစ်ကောင်းတို့... ကိုထက်တို့...  မနော်တို့... အိန္ဓြာတို့... မပန်တို့... ... .... တို့.... တို့... မျက်နှာဖုံး အပ်ချင်ရင် ကြိုပြောထားကြနော... ခု လက်မလည်လို့...း)

ATN

Dec 30, 2009

အားလုံး နှစ်သစ်မှာ အစစ အရာရာအဆင်ပြေ ပျော်ရွှင်ကြပါစေ...

အိမ်ပြောင်းရဦးမှာမို့ အလုပ်ရှုပ်နေပါသည်။
နှစ်သစ်ကူးအတွက် သူငယ်ချင်းများကို အိမ်တိုင်ယာရောက် နှုတ်မဆက်နိုင်တော့ပါ။

ယခုကြိုတင် နှုတ်ဆက်ထားလိုက်ပါသည်။

အားလုံး နှစ်သစ်မှာ အစစ အရာရာအဆင်ပြေ ပျော်ရွှင်ကြပါစေ...

Dec 29, 2009

ကျနော့် အကြိုက်ဆုံးများ

ကျနော့် ဘလော့ကို စရေးဖြစ်တာ ၂၀၀၇ ဒီဇင်ဘာ ၆ ရက်မှာပါ။ ကျနော် ချစ်ခင်လေးစားတဲ့ ကဗျာဆရာ ယောဟန်အောင်ရဲ့ ဘလော့ကို ဖတ်မိပြီး သူ့လို ဘလော့လေးတခု ပိုင်ချင်စိတ် ဖြစ်လာတာကနေ ရေးဖြစ်သွားတာပါ။ စရေးကာစတုန်းက ဇော်ဂျီတွေ ဘာတွေ ကျနော် မသိပါဘူး။ ကဗျာ ၄ ပုဒ်ကို ကျနော့်ဆီမှာရှိတဲ့ ၀င်း-ဘားမိစ်ဖွန့်နဲ့ ဖိုတိုရှော့ ထဲမှာ ရိုက်ပြီး ဂျေပီဂျီ ဖိုင်တွေနဲ့ တင်ခဲ့တာပါ။ နောက်မှ ဇော်ဂျီဖွန့်ကို သိလာပြီး ပြန်ရိုက်တင်တာပါ။ ဒီဇင်ဘာ ၉ ရက်မှာ ကဗျာ ၄ ပုဒ်စလုံးကို တခါတည်း တင်ခဲ့တာပေါ့။ ခုဆို ကျနော် ဘလော့ရေးတာ ၂ နှစ် ပြည့်ခဲ့ပါပြီ။ သည် ၂ နှစ်အတွင်းမှာ စိတ်ထဲ ရှိရာတွေ လျှောက်ရေး လျှောက်တင်လိုက်တာ ပို့စ်ပေါင်း ၅၄၀ ကျော် ဖြစ်သွားပါတယ်။

ခုတလောလေးကမှ ဂျီမေးလ်ထဲမှာ အက်ဒ်လာလို့ ခင်မင်လာရတဲ့ ညီငယ် တယောက်က ပြောလာပါတယ်… “… … … … အကို့ ပို့စ်တွေက ၅၀၀ ကျော်တယ်... အများကြီးပဲ… ကျနော်တို့က အခုမှ အကို့ဘလော့ကို ရောက်ဖူးတာဆိုတော့ အားလုံးကို တခါတည်း ဖတ်ချင်ပေမယ့် အချိန် မရလို့ မဖတ်နိုင်သေးဘူး…။ အပမ်းမကြီးဘူးဆိုရင် အကို့ အကြိုက်ဆုံး ပို့စ်တွေကို ပြောပြပေးပါလား… ကျနော်တို့ ပြန်ဖတ်ရတာ လွယ်တာပေါ့…. ကျန်တဲ့ ပို့စ်တွေကိုတော့ ဖြည်းဖြည်းချင်း ဖတ်ပါ့မယ်…. ”တဲ့…. ဒါနဲ့ ကျနော်လည်း ဆားချက်ဖို့ အကြံရသွားပါတယ်....း)

ဟိုး… တခါကတော့ ကျနော့် ဘလော့ရဲ့ ဆိုဒ်ဘားမှာ ကိုယ်တိုင် အကြိုက်ဆုံး ကဗျာများ… အကြိုက်ဆုံး ၀တ္ထုတိုများ... ဘာညာ… စသည်ဖြင့် ကျနော် တင်ထားခဲ့ပါသေးတယ်။ နောက်တော့ ရှုပ်ပါတယ်လေ ဆိုပြီး ပြန်ဖြုတ်ထားခဲ့ပါတယ်။

ခုတော့ စောစောကပြောတဲ့ ညီငယ်လိုမျိုး ကျနော့် ဘလော့ကို အခုမှ ဖတ်ဖူးသူတွေ အတွက်ရော၊ ကျနော် ဘလော့ စရေးကတည်းက ဖတ်လာခဲ့သူတွေအတွက်ရော၊ ကျန်တဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ အတွက်ရော နှစ်သစ်ကူး လက်ဆောင်အဖြစ် ကျနော် ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ပို့စ်တွေကို စာရင်းပြုစု လိုက်ပါတယ်။ ဖတ်ပြီးသူများကတော့ သည်းခံကြပါ....း) မဖတ်ရသေးသူများအတွက်သာ အဓိက ရည်ရွယ်ပါတယ်။

မဖတ်ရသေးသူများအတွက် အညွှန်းတခု ဖြစ်ပြီး ဖတ်ပြီးသူများအတွက်ကတော့ အမွှန်းတခု ဖြစ်ပါမယ်… ခွင့်လွှတ်ကြပါကုန်...း)

ကျနော်က တကယ်တော့ ကဗျာတွေရေးဖို့ပဲ အားသန်တဲ့သူပါ... သို့သော်လည်း တခါတခါ ခံစားမှုတွေ စေ့ဆော်တဲ့အခါ ပန်းချီတွေဆွဲတယ်... (မဆွဲတတ်ပဲ ဆွဲနေတာပါ...း) သီချင်းဆိုတယ်... (အသံမကောင်းပဲနဲ့)... ခီးဘို့ဒ်တီးတယ်... (မတီးတတ်ပဲ တီးနေတာ) ဂစ်တာတီးတယ်... ဆောင်းပါး တချို့ ရေးတယ်.. ၀တ္ထုတွေလည်း ဖွဲ့မိသေးတယ်... အနုပညာနဲ့ ပတ်သက်တာ ဆိုရင် လုပ်လို့ရသမျှ အကုန် လျှောက်လုပ်တယ် ဆိုပါတော့...း) သည်တော့ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ပို့စ်တွေကတော့ အမျိုးကို စုံနေပါလိမ့်မယ်... ညီအကို မောင်နှမများကသာ နှစ်သက်ရာကို ရွေးချယ် ကြပါကုန်...

အကြိုက်ဆုံး ကဗျာရှည်
ဆာရီယဲလ်ကဗျာတပုဒ်ရဲ့ အတ္ထုပ္ပတ္တိ
(သည်ကဗျာရှည်ကတော့ ကျနော့် ၄၅ နှစ်မြောက် မွေးနေ့အတွက် ဖွဲ့ဆိုဖြစ်ခဲ့တဲ့ ကဗျာရှည်ပါ။ ဘ၀မှတ်တမ်းလေးလဲ ဖြစ်ပါတယ်)

အကြိုက်ဆုံး ကဗျာများ
(ကျနော်က ကဗျာရေးသူဆိုတော့ ကိုယ်ကြိုက်တဲ့ ကဗျာတွေက အတော်တော့ များနေ ပါလိမ့်မယ်...း)
သိမ်းဖျောက်ထားတဲ့ တောင်ကြား
ရန်ကုန်လွမ်းချင်း
ရွှေနားတော်သွင်းဧချင်း
နှင်းပြိုတဲ့ည
ရင်ခွင်ည
လူမှားတယောက်ရဲ့ တတိယနေ့
နေရာတိုင်းမှာ စွန်းကွက်နေသော အပြာရောင်ဆေးစက်များ
ကြိုးတချောင်း သေဆုံးသွားသောအခါ
ကော့တေးလ်တွေပေါ် ချော်လဲတဲ့မြစ်
ကြည်လင်နေသောကောင်းကင်ပေါ်မှ အပြာရောင်မိုးစက်
အနောက်မြို့ရိုးမှာ ကျိုးပဲ့သွားတဲ့ မှန်တချပ်
ပင်လယ်သေထဲမှာ ရေနစ်တဲ့ကောင်းကင်
သက်တန့်ရောင်စုံသစ်ပင်
တက္ကသိုလ်မှာ ကြွေတဲ့နှင်း
ကဗျာဆရာအား အင်တာဗျူးခြင်း
ရှစ်ကြိမ်မြောက် တမ်းတခြင်း
လူမှားတယောက်ရဲ့ နှင်းဆီဖြူ
အချစ်ဆိုသည်မှာ
လောကလမ်း
ညစာ
အဖြူရောင်ဒဏ္ဍာရီ


အကြိုက်ဆုံး ကဗျာတိုများ
အမေ
သစ္စာတိုင်
ကံကြမ္မာ
ကောင်းကင်
အမှားအယွင်း

အကြိုက်ဆုံး ၀တ္ထုတိုများ
လူတကောင်၊ ကြောင်တယောက်နဲ့ ပြတင်းပေါက်တချပ်
မြို့တမြို့၊ နစ်ချို့ဝိုင်တခွက်နဲ့ အိပ်မက်ဆိုးတခု
စောင့်လို့တော့နေရစ်ဦး
ဓါးတချောင်းရဲ့ပြက္ခဒိန်
အလွမ်းတောင်တန်း၊ ပန်းတပွင့်
ရင်ဘတ်ထဲက နှင်းဆီဖြူ

အကြိုက်ဆုံးစာများ
အနှစ်နှစ်ဆယ်၊ မပြယ်သေးတဲ့ဒဏ်ရာနဲ့ သင်ခန်းစာတချို့
ကိုယ်တွေ့-၂
သက်တမ်းရှည် ပဋိပက္ခ
မိသားစု ကန်တော့ပွဲ
ဘယ်သူ့မှမျှော်မနေနဲ့ ကိုယ့်မီးကိုယ်ငြှိမ်း
ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ
လက်ဆင့်ကမ်းတိုက်ပွဲ

အကြိုက်ဆုံး သီချင်းများ

လေးမြားတလက်နဲ့ သီချင်းသည်
A Whiter Shade of Pale
အိမ်ပြန်ချင်တဲ့အလွမ်း
နောက်ဆုံးအိပ်မက်
နေညိုချိန်အတွေး
အချစ်သီချင်း
သိလား
Moon Flower

အကြိုက်ဆုံး ပန်းချီများ
အမေ
ရင်ခွင်ဦး
ကန္တာရ
ရန်ကုန်လွမ်းချင်း
ရင်ခွင်ည
City Night

အထက်ပါ ပို့စ်တွေ အပြင် သူပုန်တယောက်ရဲ့ဒိုင်ယာရီ များ၊ အက်စ်တိုးရီးယားနှင့် စကားပြောခြင်း ကဗျာများနဲ့ အမှတ်တမဲ့ ပေကျံသွားသော ဆေးစက်များ ကဗျာတိုလေးတွေကိုလည်း ဖတ်ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။

Oct 4, 2009

ဖျားနေတယ်ဗျို့

လောလောဆယ်ဆယ် ဘာစာမှ မရေးနိုင်သေးပါ...
လူလည်း ခရီးပမ်းတဲ့ ဒဏ်ကို ခုမှ ခံရတယ် ထင်ပါတယ်။
မြို့ကလေးကလည်း ပင်လယ်ကမ်းခြေမြို့ကလေးပေမယ့် အတော် အေးတာကိုး...
ခုတော့ ပမ်းဖျားဖျားနေလို့ လမ်းမသလားနိုင်သေးကြောင်း
ကဗျာတွေ တွေးပေမယ့် စာမရေးနိုင်သေးကြောင်း အသိပေးအပ်ပါတယ်...

Sep 24, 2009

၄၀ ဆိုပဲ

ဘာမှတော့ မဟုတ်ပါဘူး။ ဟိုသည် လျှောက်ကြည့်ရင်းနဲ့ သွားတွေ့လာတာပါ။ ကျနော့် ဘလော့က ထိပ်ဆုံး မြန်မာ ဘလော့ ၅၀ (Top 50 Myanmar Blogs) ထဲမှာ အမှတ်စဉ် ၄၀ ဆိုပါလား။ မယုံနိုင်စရာနော်။ ဘယ်လိုလုပ် အဲသည်ထဲ သွားပါနေတယ် မသိ။ ကိုယ်က ရေးချင်ရာ လျှောက်ရေးနေတာ။ စိတ်ဝင်စားရင် သည်မှာ သွားကြည့်ပါ။ ဘာတွေလဲတော့ မသိဘူး။ ဘာလို့လဲတော့ မသိဘူး။ ၄၀ ဆိုတော့လည်း ကိုယ့်အတွက် နိမိတ်ကောင်းပေါ့လေ။ လေးနေတာတွေကို ဆယ်လိုက်ပြီပေါ့။

ပြီးတော့လည်း ကိုယ့် မောင်နှမတွေ ဖြစ်တဲ့ ကျနော်တို့ အမကြီး မမကွန်က ၁၄၊ ကျောက်ခဲ သေးသေးလေး ချိုသင်းက ၂၀၊ မငြိမ်းက ၂၁၊ ညီငယ် ကိုပေါက ၂၂၊ ညီမငယ် မ၀ါက ၂၉၊ ညီမငယ် နေနေနိုင်က ၃၃၊ မခင်မင်းဇော်က ၃၄ တဲ့။ ၀မ်းသာပါတယ်။ ပြီးတော့ ကျနော်တို့နောက် မောင်နှမ ၃ ယောက်က ဆက်တိုက် ကပ်လျက်ဗျ။ ညီမငယ် မကေက ၃၉ တဲ့။ ကျနော်က ၄၀။ ညီမ မမွန် (သုနှင်းဆီ) က ၄၁။ ၃ ယောက်လုံး အထက်အောက် ကပ်လျက်...း) ညီငယ် ကလိုစေးထူးက ၄၄၊ ညီငယ် ZT (ဖူးနုသစ်)က ၄၇၊ ညီမငယ် မပန်ကတော့ ၄၉။ ဘာပဲဖြစ်ဖြစ် ချစ်ခင်ရတဲ့ မောင်နှမတွေ စာရင်းထဲမှာ အတူတကွ ပါနေတော့ ပျော်ရွှင်မိတာ အမှန်ပါပဲ။

Sep 22, 2009

သွားဖတ်ကြဖို့ဘလော့အသစ်တခု

ကျနော့်ရဲ့ ကျောက်ခဲကြီး... အဲ... အကိုကြီး တယောက်ပါ... (ဘူမိကဆိုတော့ အချင်းချင်း ကျောက်ခဲလို့ ခေါ်နေကြမို့...း) ဘလော့တကာလည်ပြီး ဖတ်နေတာ ၂ နှစ် ကျော်ပြီ။ ခုတော့ သူ့ ညီမငယ် (တကယ်တော့ နံမည်ကျော် ဘလော်ဂါ မမကြီးပါ...း) တယောက်က မြှောက်ပေးတာနဲ့ သူလည်း သူ့ရဲ့ ဘ၀အတွေ့အကြုံ အစုံစုံ အဖုံဖုံကို ရင်တွေခုန်အောင် ပြန်လည် ဖောက်သည်ချချင်နေတာနဲ့ တိုက်ဆိုင်သွားတော့ ဘလော့ တခုနဲ့ စာတွေ စပြီး ရေးနေပါသဗျား... သူ့စာတွေကလည်း နောက် ကျောက်ခဲ အသေးလေး တလုံးဖြစ်တဲ့ မိုးချိုသင်းရဲ့ စာတွေလို ဖတ်လိုက်မိတိုင်း နှလုံး စိတ်ဝမ်း ငြိမ်းချမ်းစေပါတယ်။ ဒါကြောင့် မို့လို့ စာဖတ်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ညီအကို မောင်နှမတွေ အားလုံးကို သွားရောက် ဖတ်ရှုကြဖို့ ကျနော်က မေတ္တာနဲ့ အခမဲ့ ကြော်ငြာ ထည့်ပေး လိုက်ရပါတယ်။ သွားရောက်လည်ပတ် ဖတ်ရှုပြီး နှုတ်ဆက် အားပေးလိုက်ကြပါဦး။ ကျနော့် အကိုကြီးက အရမ်း သဘော ကောင်းပါတယ်။

သူ့ဘလော့ နံမည်ကတော့ “ရွှေရတုမှတ်တမ်း” ပါတဲ့.. ရွှေရတုဆိုတော့ စဉ်းစားသာ ကြည့်ကြပေတော့ဗျာ...း)

Aug 7, 2009

ဘလော့သစ်တခု မိတ်ဆက်

ကျနော် ဖြတ်သန်း ကြုံတွေ့ ခဲ့ရတဲ့ ဒာတိတ်က ဖြစ်စဉ်တွေကိုလည်း ပုံဖေါ်ပြချင်တယ်။..... ကျနော်နဲ့ ဒာခြားသူတွေရဲ့ ဘဝဒာမောတွေ ကိုလည်း ဖွင့်ချပြချင်တယ်။ ပြီးတော့ ကျနော် ဖတ်မှတ် ခဲ့ဖူးတဲ့ စာကောင်း ပေကောင်းတွေကိုလည်း မျှဝေ ခံစားချင်တယ်။.
အဲသလို ဆိုလာတဲ့ မောင်နှင်းလှိုင် ဆိုတဲ့ ရဲဘော်ရဲဘက်လည်း ဖြစ်ခဲ့ဖူးသူ သူငယ်ချင်း တယောက်ရဲ့ ဘလော့ကို စာဖတ်သူတွေ အားလုံးနဲ့ မိတ်ဆက်ပေးချင်တာပါ။ သူ့ရဲ့ မိတ်ဆက်စာကိုတော့ သည်မှာ သွားဖတ်နိုင်ပါတယ်။

Jul 31, 2009

ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့်



















သည်နေ့ဟာ ကျနော့် မိခင်ရဲ့ (၆၉) နှစ်မြောက်မွေးနေ့ပါ။ မနှစ် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁၁) ရက်မှာ ဆုံးပါးသွားခဲ့ရတဲ့ အမေ့အတွက် အမေ့ မွေးနေ့မှာ အမှတ်တရ တခုခု လုပ်ချင်စိတ်က ပြင်းပြင်း ထန်ထန် ရှိနေပါတယ်။ ဒါနဲ့ သည်နှစ် အမေ့မွေးနေ့မှာ ကျနော့် ဘလော့မှာ ရေးလာသမျှ ကဗျာတွေကို ပီဒီအက်ဖ် တအုပ်လုပ်ပြီး အမှတ်တရအဖြစ်နဲ့ စုစည်းမယ်လို့ စိတ်ကူး ရလိုက်ပါတယ်။ ဒါနဲ့ပဲ အဲသည် ကဗျာ စုစည်းမှုကလေးကို “ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့်” လို့ အမည်ပေးပြီး စုစည်းလိုက်ပါတယ်။ သည်မှာ သွားပြီး ဖတ်နိုင်ပါတယ်။ ဒေါင်းလုပ် ဆွဲဖို့ အခက်အခဲ ရှိရင်လည်း ကျနော့် ဆီ အီးမေးလ်ပို့ပြီး အကြောင်းကြား နိုင်ပါတယ်။

သည်စုစည်းမှုလေးရဲ့ မျက်နှာဖုံးအတွက် ဓါတ်ပုံတွေ ရိုက်ပေး၊ ဒီဇိုင်းလေးတွေ လုပ်ပေးတဲ့ ဓါတ်ပုံဆရာမ ညီမငယ် ဖိုတိုဂျစ်တူး(မုံရွာ)၊ သူကိုယ်တိုင်ဆွဲထားတဲ့ ပုံတပုံကို အသုံးပြုခွင့် ပေးခဲ့တဲ့ ပန်းချီဆရာမ ညီမငယ် ပန်ဒိုရာ နဲ့ ကျနော့်ပုံတူကို ရေးဆွဲပေးခဲ့တဲ့ သူငယ်ချင်း တို့ကို အထူးကျေးဇူးတင်ရှိကြောင်းလည်း သည်နေရာမှာ မှတ်တမ်းတင်လိုက် ပါတယ်။

Jul 29, 2009

အသိပေးတောင်းပန်ခြင်း

အခုတလော အလုပ်အရမ်းရှုပ်နေပါတယ်။ အလုပ်ရှာရင်း အလုပ်ရှုပ်နေတာပါ။ အစိုးရရဲ့ အလုပ်အကိုင် ရှာဖွေရေး ပရိုဂရမ်တခုဆီလည်း နေ့တိုင်း မနက်မိုးလင်းတာနဲ့ သွားနေရ ပါတယ်။ ပြီးတာနဲ့ အဲသည် ပရိုဂရမ်က Job Listing Board မှာတင်ထားတဲ့ လိပ်စာတွေ အတိုင်း အလုပ်ရှင်တွေရှိရာ သွားရတာပါ။ လူက ကားပေါ်မှာချည့် တချိန်လုံး။ မြို့တကာမြို့ လည်း ခုမှပဲ ရောက်ဖြစ်ပါတော့တယ်။ လမ်းတွေလည်း အတော် နှံ့နေပါပြီ။ တပတ်မှာ ၇ ရက် လုံး လူက လမ်းပေါ်မှာချည့် ဖြစ်နေပါတယ်။ အလုပ်ကတော့ ဘယ်ခါရမလဲ မသိ၊ ဓါတ်ဆီဖိုး ကတော့ အတော်ထိနေပါပြီ။ ဗျူးရတဲ့ အင်တာဗျူးတွေကလည်း မနည်း၊ အမေးခံရတဲ့ မေးခွန်းပေါင်းကလည်း သောင်း ခြောက် ထောင်၊ လူကလည်း နည်းနည်းတော့ အူကြောင်ကျား ဖြစ်ချင်နေပါပြီ။

ဒါကြောင့် စာတွေလည်း သိပ် မရေးဖြစ်ပါ။ အိမ်ပြန်ရောက်ရင်လည်း လူက ပင်ပမ်းနေပါပြီ။ ဘာမှလည်း သိပ် မတွေးဖြစ် မစဉ်းစားဖြစ်တော့ပါဘူး။ သိပ်လည်း အချိန် မရတော့ စာတွေ မရေးနိုင် သလောက်ပါပဲ။ စိတ်ထဲမှာ ရေးချင်တာတွေကတာ့ အများကြီးပါ။ ကိုပီတိ ပြောသလို အကြွေးတွေလည်း ရှိနေသေး။ သည်ကြားထဲမှာ ကဗျာတွေကတော့ ကားမောင်းရင်းလည်း ခေါင်းထဲ ၀င်ဝင်လာ တတ်တာမို့ ရေးဖြစ်ပါတယ်။ ပြောချင်တာကတော့ ဘလော့မှာ ရှေ့လျှောက်ဆို စာတွေထက် ကဗျာတွေသာ ပိုပြီး အတွေ့ရ များပါလိမ့်မယ်လို့ အသိပေးချင် တာပါ။ ဒါကြောင့်မို့ စာတွေ ဖတ်ချင်လို့ လာလည်တဲ့ ညီအကို မောင်နှမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ စာဖတ်သူတွေကို အားနာတယ်။ အဲသည်အတွက် ကြိုတင်ပြီးတော့ အသိပေး တောင်းပန်ချင်တာပါပဲ။ အချိန်ရရင် အခွင့်အရေး ပေးရင်တော့ စာတွေ ရေးဖြစ်ပါဦးမယ်။ သည်ကြားထဲမှာတော့ အားလုံး အတွက် ဖတ်ဖို့ကောင်းတာလေးတွေ တွေ့ခဲ့ရင်လည်း ပြန်လည် ဖော်ပြပေး သွားပါ့မယ်။

အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေ။

Jul 27, 2009

အဝေးရောက်ပင်လယ်မှ ကြိုဆိုခြင်း

အဝေးရောက် ဆိုတဲ့ စကားစုက ဟောသည့်စာမျက်နှာတွေ ကမ္ဘာကြီး ထဲပျံ့နှံ့ စီးမျောသွားဖို့ စုဖွဲ့ စီစဉ်ကြသူ အများစုဟာ အဝေး (ပြည်ပ)မှာ အကြောင်း ကြောင်းကြောင့် ရောက်ရှိ အခြေချ နေထိုင် နေကြရတာကို ရည်ညွှန်းပြီး ..
ပင်လယ် ဆိုတာက လူတဦးချင်းစီ ဘဝ တခုချင်းစီ သိနားလည် သဘောပေါက် လက်ခံထားခဲ့ကြသမျှ အဓိပ္ပါယ်အားလုံးထဲမှာ ၁၉၉၀ ပြည့်လွန်နှစ်ကာလတွေက ထုတ်ဝေခဲ့ဘူးတဲ့ ပင်လယ် မဂ္ဂဇင်းရဲ့ ဝိဉာဉ်ကို ထပ်ပြီး ဖြည့်စွက် ပေါင်းထည့် ထားတာပါပဲ
ဒါကြောင့်....
အဝေးရောက်ပင်လယ်.....
ရေများရာ မိုးရွာနေမိနေတာတော့ မဟုတ်ပါဘူး။ ဖတ်လို့ကို မနိုင်တော့လောက်အောင် ရာနဲ့ ထောင်နဲ့ချီပြီး မြန်မာဘလော့တွေ အရှိန်အဟုန်ကြီးကြီးနဲ့ စီးဆင်းနေတဲ့ ဘလော့ မြစ်ကြီး ထဲမှာ နောက်ထပ် မြစ်ငယ်တစင်း စီးဆင်းလာပါပြီ။ ဒါပေသည့် သည်မြစ်လေး ကတော့ အရှိန် ရနေပြီးတဲ့ စမ်းချောင်းလေးတွေ စုစည်း ပေါင်းဆုံ ရင်ခုန်စွာ စီးဆင်းလာတာပါလို့ ပြောမယ် ဆိုလည်း ပြောလို့ရပါတယ်။ စုဖွဲ့စီးဆင်း လာတဲ့ စမ်းချောင်းတွေကတော့ ခင်အောင်အေး၊ သစ်ကောင်းအိမ်၊ မိုးလှိုင်ည၊ အောင်သာငယ်၊ မောင်ဖုန်းမြင့်နဲ့ လင်းထက်တို့ ဖြစ်ကြပါတယ်။

သည်မြစ်ငယ်လေးရဲ့ အမည်ကတော့ အဝေးရောက်ပင်လယ် ဖြစ်ပါတယ်။ ကဗျာတွေ၊ စာပေတွေနဲ့ အနုပညာတွေကို သည်ပင်လယ်ထဲမှာ စီးဆင်း စိမ့်ဝင်နေစေမှာ ဖြစ်ပါ တယ်။ ညီအကို မောင်နှမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ စာဖတ်လာသူတွေရဲ့ အချိန် ကာလ တချို့ တလေကို အပို ထုတ်နှုတ်လို့ ရမယ်ဆိုရင် အဝေးရောက် ပင်လယ်ကို တခါတခေါက်တော့ အလည်ရောက်စေချင်ပါတယ်။ အဝေးရောက် ပင်လယ်က အားပါးတရ ကြိုဆိုနေပါ့မယ်။

Jul 11, 2009

ဘလော့သစ်တခုကို ကြိုဆိုခြင်း

ဘလော့ဖတ်သူတွေထဲမှာ ကွန်မန့်ရေးရင် အချက်အလက်နဲ့ သေသေချာချာ ရေးလေ့ ရှိတဲ့ မငယ်နိုင် တယောက် ဘလော့ စရေးပြီဆိုတာ အားလုံးကို အသိပေး ပါရစေ။ ဘလော့တခုက ပို့စ်တွေကို ဖတ်ရင်လည်း သေသေချာချာ ဖတ်လေ့ရှိပြီး ကွန်မန့်ပေးရင်လည်း အချက် အလက်နဲ့တကွ လေးလေးနက်နက် ပေးလေ့ ရှိတဲ့သူ ဆိုတော့ သူကိုယ်တိုင် ဘလော့ ရေးတဲ့အခါ အချက်အလက်တွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်လိမ့်မယ် ဆိုတာ ကျနော် သိနေခဲ့ တယ်။ ကျနော့် c-box မှာ သူ လာရေးပေး သွားတဲ့ လိပ်စာအတိုင်း သွားလိုက်တော့ သူ့ ဘလော့မှာ စိတ်ဝင်စားစရာ ပို့စ်တခုနဲ့ ကြိုဆိုနေပါတယ်။

မငယ်နိုင်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ရဲ့ အဖွဲဝင်တဦး ဖြစ်ခဲ့ဖူးပြီး မင်းသမီးစခန်းရဲ့ တပ်ရင်း (၂၀၁) က ဆေးတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူပါ။ သူ့မှာ ဝေမျှစရာ အတွေ့အကြုံတွေ အများကြီး ရှိနေလိမ့်မယ် ဆိုတာ ကျနော် ယုံကြည် ပါတယ်။ ညီအကို မောင်နှမတွေ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးလည်း သူ့ ဘလော့သစ်ကို ကြိုဆိုတဲ့အနေနဲ့ သွားရောက် အားပေး လိုက်ကြပါဦး။

လိပ်စာကတော့ သည်မှာပါ။ http://nge-naing.blogspot.com/

Jun 21, 2009

ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မြောက် မွေးနေ့ပွဲ အယ်လ်အေတွင် ကျင်းပ












မြန်မာပြည်သူလူထု အားလုံး၏ လူထုခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် မွေးနေ့ အတွက် အထိမ်း အမှတ်ပြု ဆုတောင်းသည့် အနေဖြင့် မွေးနေ့ အခမ်းအနား တခုကို La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။










အဆိုပါ အခမ်းအနားကို LA နှင့် အနီးတ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို လေးစားကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက်ကာ ဆုမွန်ကောင်းများ တောင်းခဲ့ကြသည်။ ထို့အပြင် ဆန်ဖရန်စစ္စကို Bay Area မှ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားနေကြသူများကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

























အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်း တရားနာခြင်းနှင့် စတင်ခဲ့ ပါသည်။ ဆုတောင်း တရားနာ အပြီးတွင် LA Organizers 4 Burma မိသားစုဝင်များနှင့် အခြား အလှူရှင်များက အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။



























နေ့လည်စာ စားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ကိတ်ကို ခွဲခဲ့ပြီး မွေးနေ့ သီချင်းကို တက်ရောက်လာသူများ အားလုံးက အတူတကွ သီဆိုခဲ့ကြ ပါသည်။

ထို့နောက် နိုင်ငံတော် သီချင်းကို အတူတကွ သီဆိုကြပြီး ဒီမိုကရေစီ တိုက်ပွဲစဉ် တလျောက် လုံးတွင် အသက် စွန့်လှူ သွားခဲ့ကြသော ရဟန်း ရှင်လူ အာဇာနည် ပြည်သူ အပေါင်းအား ဦးညွတ် အလေးပြုသည့် အနေဖြင့် တမိနစ် ငြိမ်သက် ခဲ့ကြပါသည်။

ထို့နောက် မွေးနေ့အခမ်းအနားသို့ ဆန်ဖရန်စစ္စကို Bay Area မှ ရောက်ရှိ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ဗဟိုမှ ကိုပန်းသီးအား၎င်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့သူ ကိုတိုးလွင်အား၎င်း LA Organizers 4 Burma အဖွဲ့မှ ကိုကျော်ဌေးဦးက အခမ်းအနားသို့ တက်ရောက် လာသူများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သော ကိုပန်းသီးက ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်ပြီး သူတွေ့ကြုံခဲ့ရသော လေးစားအားကျဖွယ်ရာ၊ အတုယူဖွယ်ရာ အချက်များကို ကိုယ်တွေ့ အဖြစ်အပျက်များနှင့် ရှင်းလင်း ပြောပြခဲ့ပါသည်။













ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့ရသူ ကိုတိုးလွင်က ဒီပဲယင်း အနီး ကျီရွာတွင် အသက် အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေကို ရှိနေမှန်းသိလျက်နှင့် မိမိ၏ အသက်ကို မငဲ့ပဲ ရှေ့ဆက် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုနှင့် ပြတ်သားမှုတို့ကို အခမ်းအနားသို့ တက်ရောက်လာသူများကို ရှင်းလင်း ပြောပြခဲ့ပါသည်။













ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကိုပန်းသီးနှင့် ကိုတိုးလွင်တို့၏ ၄င်းတို့ ကြုံတွေ့ သိမြင်ခဲ့ရသော အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုမှု ပြီးသည့်အခါ တက်ရောက် လာသော ဧည့်ပရိတ်သတ်များထဲမှ ဒေါက်တာအောင်ခင်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ကဗျာ တပုဒ်ကို ရွတ်ဆိုခဲ့ပါသည်။













ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမေးအဖြေ ကဏ္ဍကို စတင်ခဲ့ ပါသည်။ ပရိတ်သတ်များက သိရှိလိုသည့် မေးခွန်းများကို တဦးချင်း မေးမြန်းခဲ့ ကြပြီး ကိုပန်းသီးနှင့် ကိုတိုးလွင်တို့က မေးခွန်းများကို တလှည့်စီ ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

ထို့အတူ ၁၉၆၆ ခုနှစ်က ရှေ့နေတဦး ဖြစ်ခဲ့ဖူးသူ ဦးဖရန့်သောင်းဦးက တရား စီရင်ရေးနှင့် ပတ်သက်သည့် ကိုယ်တွေ့များအား၎င်း၊













ဒေါ်စောမြတ်မာက ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် လူပေါင်းများစွာ၏ အသက်များကို ကယ်တင်ရန် ကြိုးစားခဲ့သည့် ဒေါ်အေင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် များကို၎င်း ရှင်းလင်း ပြောကြားခဲ့ကြပါသည်။













ထို့နောက် အချုပ်အနှောင် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို ရည်ရွယ်ပြီး မိုးပျံပူဖေါင်း ၆၄ လုံးကို အခမ်းအနား တက်ရောက် လာသူများက စုပေါင်း လွှတ်တင်ခဲ့ကြပါသည်။



























ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အခမ်းအနားကို နေ့လည် ၂ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။





















Photo Credit: Maung Myo Naing

Jun 8, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ အယ်လ်အေတွင် ပြုလုပ်













နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှ လွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဖက် သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်သော ဆန္ဒပြပွဲတရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးဆောင်ကာ ၂၀၀၉ ခုနှစ် ဇွန်လ ၇ ရက် တနင်္ဂနွေနေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၏ ကမ္ဘာကျော် ဟောလိဝုဒ်လမ်း (Hollywood Boulevard) ပေါ်ရှိ Kodak Theater ရှေ့ တွင် ညနေ ၄ နာရီမှ ၆ နာရီ အထိ ၂ နာရီ ကြာ ပြုလုပ်ခဲ့သည်။ ထို ဆန္ဒပြပွဲသို့ အယ်လ်အေနှင့် အနီးအနားရှိ မြို့များမှ မြန်မာ နိုင်ငံသူ နိုင်ငံသား များနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက် စုရုံးကာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တက်တက် ကြွကြွ တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့ အရေးကို စိတ်ဝင်စားသော အမေရိကန် နိုင်ငံသားများ ကလည်း ပါဝင် ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။
















May 31, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ

နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှလွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဘက်သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘာသာ ပေါင်းစုံ ဆုတောင်း မေတ္တာ ပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တွင် ၂၀၀၉ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့က ညနေ ၆ နာရီမှ ၉ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီး တ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစား ကြသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အစ ရှိသည့် ဘာသာဝင်ပေါင်းစုံ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက် စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။














ဒီမိုကရေစီရရှိရေးတိုက်ပွဲစဉ် တလျှောက်လုံးတွင် အသက်ပေးလှူခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား တမိနစ် ငြိမ်သက်ခြင်းဖြင့် ဦးညွှတ် အလေး ပြုကာ အခမ်းအနားကို စတင်ခဲ့ပြီး LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူ တဦး ဖြစ်သည့် ကိုပြေငြိမ်းက ကျေးဇူးတင် စကားနှင့် အမှာ စကား ပြောကြားခဲ့သည်။














ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က ဗုဒ္ဓဘာသာထုံးစံအရ ငါးပါး သီလ ပေးပြီးနောက် ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် မြန်မာပြည်သူပြည်သား တရပ်လုံး ဘေး အန္တရာယ် ကင်းရှင်းစေရေး အတွက် မေတ္တာသုတ်လာ မေတ္တာပွားနည်း (၁၁) နည်းကို သုံးကြိမ် စုပေါင်း ရွတ်ဆိုကြပြီး ဆုတောင်းကြသည်။ ထို့နောက် အစ္စလာမ်ဘာသာ ထုံးစံအရ ဆုတောင်းခြင်းကို ဆရာ ဟာဂျီဇော်မင်းထွန်းက ဦးဆောင် ဆုတောင်းခဲ့ပြီး ခရစ်ယာန်ဘာသာ ထုံးစံအရ သိက္ခာတော်ရဆရာ ဦးသန်းဦးက သမ္မာကျမ်းစာလာ ကျမ်းချက်အချို့ကို ဖတ် ကြားပြီး ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းများ ပြီးဆုံးသည့်အခါ ဒေါ်အောင်ဆန်းစုကြည် အတွက် “မသဒ္ဒါ” ရေးသားခဲ့သည့် “ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟူသည့် ကဗျာကို မလေးနိုင်အိက ခံစားချက်အပြည့်ဖြင့် ရွတ်ဆိုသွားခဲ့သည်။ ထို့နောက် LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူတဦးဖြစ်သည့် ကိုသူရထွန်းမော်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။














စုပေါင်းဆုတောင်းနေကြစဉ်














ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ














Photo Credit: Maung Myo Naing

May 17, 2009

ပထမဆုံးကြုံရတဲ့ ကယ်လီဖိုးနီးယားငလျင်

ကျနော် ကယ်လီဖိုးနီးယားကို ရောက်လာတာ ခုဆို ၈ လ ရှိပါပြီ။ ကယ်လီဖိုးနီးယားဟာ ကမ္ဘာကျော် ဆန်အင်ဒရီးစ်ပြတ်ရွေ့ကြီး ရှိနေတဲ့ ပြည်နယ်ပါ။ အဓိပ္ပါယ်ကတော့ ငလျင်တွေ ပေါများတဲ့ ပြည်နယ်ကြီးပေါ့။ သည်မှာ ရောက်နှင့်နေပြီးသား သူငယ်ချင်းတွေကတော့ အဲသည် ငလျင်တွေကို ကြုံဖူးနေကြပါပြီ။ ဥပမာ- မိုးချိုသင်းဆို ရုံးတက်နေတုန်း ငလျင်လှုပ်တာ ကြုံရတဲ့အကြောင်း သူ့ဘလော့မှာတောင် ရေးထားခဲ့သေးတာပဲလေ။

ကျနော် သည်ရောက်တော့ သူငယ်ချင်းတွေကို ငလျင်အကြောင်း မေးဖူးပါတယ်။ အခု ကျနော် နေတဲ့ မြို့မှာတော့ ရှိတဲ့ သူငယ်ချင်းတွေဟာ လူတိုင်းနီးပါး ကြုံဖူးနေကြတာပဲ။ မကြောက်ဖူးလား ကျနော် မေးတော့ - အို... အားလုံးက သိနေတာပဲ။ သေရင်လည်း ကိုယ် တယောက်ထဲမှ မဟုတ်တာ... - လို့ ပြန်ဖြေကြလေရဲ့။ ကျနော်ကတော့ ဟာရီကိန်း မုန်တိုင်း တွေနဲ့ ဝေးရာ ဖလော်ရီဒါကို ကျောခိုင်းပြီး ငလျင်တွေပေါရာ ကယ်လီဖိုးနီးယားကို ပြောင်းလာခဲ့တာပါ။ ဟာရီကိန်းတွေကို စိတ်ညစ်လို့ ငလျင်တွေကို လာပွေ့ဖက်တာပါ...း)

ဒါပေသည့် ကျနော် ရောက်ကတည်းက တခါမှကို မကြုံသေးဘူး။ (အမှန်တော့ တခါမှကို သိသိသာသာ မခံစားရသေးဖူးဘူးလို့ ပြောရမှာပါ။ တကယ်တော့ နေ့တိုင်းလို လှုပ်နေတာပါ။ ကိုယ်က မခံစားရလို့ပါ)

ဟော... သည်နေ့တော့ ကျနော့်ကို ကယ်လီဖိုးနီးယားက ငလျင်တခုနဲ့ နှုတ်ဆက်လိုက် ပါသဗျား...။ ည ၈း၃၉။ ကျနော်တို့ မိသားစု နေထိုင်ရာ အပတ်မန့် အဆောက်အဦး တခုလုံး ပြင်းပြင်းထန်ထန် ယိမ်းထိုး လှုပ်ရှား သွားချိန်မှာ ကျနော့်လက်မှာ ပတ်ထားတဲ့ နာရီကို ကျနော် ကြည့်လိုက်တာပါ။ မီးဖိုချောင်မှာ ပန်းကန်တွေ ဆေးနေတဲ့ ကျနော့် မဟေသီက - ဟဲ့... ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ... - လို့ အသံကုန် အော်နေ ချိန်မှာ ကျနော်နဲ့ ကျနော့် သားကြီးက Game တခုကို အတူ ဆော့နေကြတာပါ။ - ငလျင်လှုပ်တာ... ဟေ့... - လို့ ကျနော် ပြန်အော်ပြောလိုက်တဲ့ အချိန်မှာ သားကြီးကလည်း - It is just an earthquake, Momo... - လို့ ပြန်အော်လိုက်ပါသေးတယ်။ ကျနော့် စိတ်ထဲမတော့ နည်းနည်း ပူပန်သွားပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်ကြောင့် ကျနော် ခေါင်းတွေ ခဏ မူးသွားလို့ပါ။ သည်အချက်က ငလျင်ဟာ ရစ်ချတာစကေးလ်အရ သိပ်မသေးဘူးဆိုတာ နားလည်လိုက်လို့ပါ။ တမိနစ် လောက်တော့ တအိမ်လုံးဟာ တယောက်ယောက်က ကိုင်ပြီး ဆွဲခါနေသလို တဒုန်းဒုန်း လှုပ်နေတော့တာပါပဲ။ သတိရတာနဲ့ အိပ်ပျော်နေတဲ့ သားအငယ်ဆုံးလေးကို သူ့ ပုခက်ထဲက သွားပွေ့လာပြီး ကျနော့်လက်ထဲမှာ ချီထားလိုက်ပါတယ်။ ငလျင်က နောက်တော့ ခဏ ငြိမ်သွားပါတယ်။ ဒါပေမယ့် ၃ ကြိမ် လှုပ်တာဆိုတော့ ငြိမ်သွားတဲ့ အချိန်မှာတောင် နောက် ငလျင် အသေးစားလေးတွေ ဆက်လှုပ်နေကြောင်းတော့ သိနေပါတယ်။

ဒါနဲ့ Local Earthquake Link တွေကို ကျနော် ဖွင့်ကြည့်လိုက်တော့ သည်လို မြင်ရပါတယ်။
VI5.0GREATER LOS ANGELES AREA, CALIFORNIA33.94°N -118.34°W 13Km Deep2009-05-18 03:39:36 UTC2009-05-17 20:39:36 LOCALCI1041033727637

ရစ်ခ်ျတာစကေးလ်မှာ ၅.၀ ရှိတဲ့ ငလျင်ပါ။ သိပ်တော့ မသေးဘူး။ အောက်မှာ ရစ်ခ်ျတာစကေးကို အားလုံး သိနိုင်အောင် ကျနော် ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး နံပတ်တွေကတော့ ပြင်းအားပါ။ နောက် အင်္ဂလိပ်စာကတော့ ငလျင် အမျိုးအစားပါ။ သူ့နောက် ကတော့ ငလျင်ရဲ့ သက်ရောက်မှုဖြစ်ပြီးတော့ နောက်ဆုံးကတော့ ဖြစ်ပွားလေ့ရှိတဲ့ အကြိမ်အရေအတွက်ပါ။

၂.၀ အောက် Micro လှုပ်မှန်း မသိရ၊ တနေ့ အကြိမ် ၈,၀၀၀ ခန့်။
၂.၀-၂.၉ ထိ Minor ပုံမှန်အားဖြင့် လှုပ်မှန်း မသိရ၊ တနေ့ အကြိမ် ၁,၀၀၀ ခန့်။
၃.၀-၃.၉ ထိ Often လှုပ်မှန်းသိ၊ ပျက်စီးမှု ဖြစ်ခဲ၊ တနှစ် အကြိမ် ၄၉,၀၀၀ ခန့်။
၎.၀-၄.၉ ထိ Light အဆောက်အဦးများလှုပ်၊ ကြီးမားသောပျက်စီးမှုဖြစ်ခဲ၊ တနှစ် အကြိမ် ၆,၂၀၀ ခန့်။
၅.၀-၅.၉ ထိ Moderate ငလျင်ဒဏ်ခံ မဟုတ်သော အဆောက်အဦးများ ပျက်စီး၊ ငလျင်ဒဏ်ခံ အဆောက် အဦးများ အနည်းငယ်ပျက်စီး၊ တနှစ် အကြိမ် ၈၀၀ ခန့်။
၆.၀-၆.၉ ထိ Strong ငလျင်ဗဟိုမှ မိုင်တရာအတွင်း အဓိက ပျက်စီးမှုများဖြစ်၊ တနှစ် အကြိမ် ၁၂၀ ခန့်။
၇.၀-၇.၉ ထိ Major အလွန်ပြင်းထန်သော ပျက်စီးမှုများဖြစ်၊ တနှစ်လျင် ၁၈ ကြိမ် ခန့်။
၈.၀-၈.၉ ထိ Great မိုင်ရာချီသောဧရိယာအတွင်းတွင် အလွန်ပြင်းထန်သောပျက်စီးမှုများဖြစ်၊ တနှစ်လျင် တကြိမ် ခန့်။
၉.၀-၉.၉ ထိ Devastating မိုင်ထောင်ချီသောဧရိယာအတွင်းတွင် အလွန်ပြင်းထန်သော ပျက်စီးမှုများဖြစ်၊နှစ် ၂၀ လျင် တကြိမ် ခန့်။
၉.၉ အထက် Epic မှတ်တမ်း မတင်နိုင်သေး၊ အလွန်တရာ ဖြစ်ခဲ။

သည် ရစ်ခ်ျတာစကေးအရဆို အခု လှုပ်တဲ့ ငလျင်က ၅.၀ ရှိတာမို့လို့ ကျနော်တို့ နေနေတဲ့ အပတ်မန့် ကသာ ငလျင်ဒဏ် ခံအောင် မဆောက်ထားခဲ့ရင် ပြိုကျပါပြီ။ ဒါပေသည့် ကယ်လီဖိုးနီးယားမှာတော့ Building Code တွေအတိုင်း အဆောက်အဦးတွေကို ဆောက်ထားတာပါ။ သည်တော့ အနည်းဆုံးတော့ သာမန် ငလျင် လောက်နဲ့တော့ ပြိုကျမှာ မဟုတ်ပါဘူး။ ဒါပေသည့် ဘာပဲဖြစ်ဖြစ် Major Earthquake တွေဆိုရင်တော့ ခံနိုင်မှာ မဟုတ်တာတော့ ကျိန်းသေနေတာပါပဲ။

ခုတော့ ကယ်လီဖိုးနီးယားငလျင် အကြောင်း တွေးရင်းကနေ ကိုယ့် ဗမာပြည်က ငလျင်တွေ အကြောင်းပါ ဆက်တွေးမိပါတယ်။

ဗမာပြည်မှာ မြောက်ကနေတောင်အထိ ဖြတ်ပြီး စစ်ကိုင်းကနေ အင်းတော်ကြီး အထိ ၂၆၀ ကီလိုမီတာ ခန့်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ ဗမာပြည်မှာ ငလျင်တွေကို ဖြစ်စေတဲ့ အဓိက လက်သည်ပါ။ သည်ပြတ်ရွေ့ ကြောင့် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့မှာ အင်းဝနဲ့ စစ်ကိုင်းအနီးမှာ ဗဟိုပြု (epicenter) ခဲ့တဲ့ အင်းဝငလျင် ဖြစ်ပွားခဲ့ ပါတယ်။ ရစ်ခ်ျတာစကေး ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ပေမယ့်လည်း ဧရာဝတီ မြစ်ကမ်းမှာ ၅ ပေ မှ ပေ ၂၀ လောက်ထိရှိတဲ့ အက်ကြောင်းတွေ ဖြစ်ပေါ်ပြီး သဲတွေ ရေတွေ ပန်းထွက် ခဲ့တယ်လို့ မျက်မြင် သက်သေတွေရဲ့ ပြောစကားတွေကို မှတ်တမ်း တင်ထားခဲ့တဲ့ စာတွေအရရော၊ အုတ်နဲ့ ဆောက်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေ ပြိုကြလို့ သေဆုံးရတဲ့ ဘုန်းတော်ကြီးတွေ အပါး ၃၀၀ လောက် ရှိတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရတာကြောင့် အနည်းဆုံးတော့ ၈.၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

မှတ်တမ်းတွေအရ ဗမာပြည်မှာ လှုပ်ခဲ့ဘူးတဲ့ ငလျင်ကြီးအချို့ထဲမှာ အောက်ပါ ငလျင်တွေဟာ အပျက်အစီးတွေ အတော်များခဲ့ပါတယ်။
၁။ ၁၈၃၉ ခုနှစ်၊ မတ်လ ၂၃ - အင်းဝငလျင်၊ ဘုန်းတော်ကြီး အပါး ၃၀၀ ခန့် သေကြေ၊ မင်းကွန်း ပုထိုးတော်ကြီး ပျက်စီး။ မင်းကွန်း ပုထိုးတော်ကြီးဟာ အဲသည်အချိန်က တည်ဆောက်နေဆဲပါ။ ငလျင်ကြီး ကြောင့် ပျက်စီးသွားတဲ့အတွက် ဆက်လက် မတည်ဆောက် နိုင်တော့ပဲ အဲသည်အပျက်အတိုင်း သည်နေ့ ထက်ထိ မြင်တွေ့နေကြရတော့တာပါ။
၂။ ၁၉၂၇ ခုနှစ်၊ ဇူလိုင်လ ၅ - ပဲခူးငလျင်၊ ရွှေမော်ဓောစေတီတော် ပျက်စီး။ လူအသေအပျောက် ရှိခဲ့။
၃။ ၁၉၃၀ ပြည့်နှစ်၊ မေလ ၅ - ပဲခူးငလျင်၊ လူ ၅၀၀နှင့် အဆောက်အဦးများ ပျက်စီး။ ရန်ကုန်မြို့၌လည်း အဆောက်အဦးများ ပျက်စီး။
၎။ ၁၉၇၅ ခုနှစ် - ပုဂံငလျင်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးအတော်များများ ပျက်စီး။

သည် ငလျင်တွေထဲမှာတော့ ၁၉၇၅ ပုဂံငလျင်က စစ်ကိုင်းပြတ်ရွေ့ အတိုင်း ဖြစ်တဲ့ အတွက် ရန်ကုန်မှာလည်း လှုပ်ခဲ့ ပါတယ်။ ကျနော့်ဘ၀မှာ ပထမဆုံး ကြုံခဲ့ဖူးတဲ့ ငလျင်ပါပဲ။ ကျနော်တို့ ညီအကို နေနေတဲ့ ၂ ထပ် အဆောက်အဦးနဲ့ အရှေ့က ဆေးဆိုးပန်းရိုက် လုပ်ရာ အဆောက်အဦး အရှည်ကြီးဟာ အဲသည်အချိန်က ထိမ်းထိုး လှုပ်ရမ်းနေခဲ့တာပါ။ ၅ မိနစ်လောက် ကြာမယ်ထင်ပါတယ်။ ကျနော်နဲ့ သူငယ်ချင်းတယောက်က အဲသည် အချိန်က ၂ ထပ်မှာ ရောက်နေတာပါ။ ခေါင်းတွေ မူးကုန်တယ်။ ကိုယ့်ရှေ့က အဆောက်အဦးကြီး တခုလုံး ယိမ်းထိုး လှုပ်ခါနေတာ ဘ၀မှ ပထမဆုံး အကြိမ် မြင်ဖူးခြင်းပါပဲ။

ဘာပဲပြောပြော သဘာဝ ဘေးဒုက္ခ အန္တရာယ်တွေကနေ ကျနော်တို့ လူသားတွေ မလွတ်မြောက်နိုင် သေးပါဘူး။ အန္တရာယ် ရှိနေမှန်း သိသိကြီးနဲ့ အန္တရာယ်ရှိရာ နေရာမှာ ရှင်သန်နေရတာကိုကလည်း လူသားတွေရဲ့ ဘ၀လေလား ကျနော် တွေးနေမိပါသေးတယ်။

May 3, 2009

နာဂစ်တနှစ်ပြည့်ဆုတောင်းမေတ္တာပို့ပွဲ

၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့ပြီး လူပေါင်း တသိန်းခွဲကျော် အသက် ဆုံးရှုံးစေရုံမျှမက လူဦးရေတသန်းနီးပါးကို အိုးအိမ်မဲ့ဖြစ်စေခဲ့သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်ခဲ့ကြရသော မြန်မာပြည်သူပြည်သားများနှင့် အသက်ဆုံးရှုံးခဲ့ရသူများ အတွက် တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆုတောင်း မေတ္တာပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွင် ၂၀၀၉ ခုနှစ် မေလ ၂-ရက် စနေနေ့က ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီးတ၀ိုက်ရှိမြို့များမှ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက်စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့ခဲ့ကြသည်။
















ဆုတောင်းပွဲသို့တက်ရောက်လာကြသော မြန်မာမိသားစုဝင်အချို့












ဆုတောင်းမေတ္တာပို့နေစဉ်















တရားနာယူနေကြသော မြန်မာမိသားစုဝင်အချို့

Photo Credit: Maung Myo Naing

Apr 22, 2009

ခေတ္တခဏနားပါမည်

လာရောက်လည်ပတ်ကြတဲ့ ညီအကိုမောင်နှမများ၊ မိတ်ဆွေများ၊ စာဖတ်သူများအားလုံး မင်္ဂလာပါ။
အကြောင်းကြောင်းကြောင့် ဘလော့ရေးခြင်း ခေတ္တရပ်နားပါမည်။
လာရာက်လည်ပတ်ဖတ်ရှုကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
အားလုံး အစစ အရာရာ အဆင်ပြေ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Apr 15, 2009

ပြိုင်တူလင်းတဲ့ကောင်းကင် သင်္ကြန်အမှတ်တရကဗျာစု






















သင်္ကြန်အတွက် ကဗျာဆရာဆရာမတွေစုပေါင်းပြီး အမှတ်တရ ရေးသားထားကြတဲ့ - ပြိုင်တူလင်းတဲ့ကောင်းကင် - သင်္ကြန်အမှတ်တရ ကဗျာစု ကို PDF format နဲ့ ထုတ်ဝေလိုက်ပါပြီ။ Download ကို အောက်ကလင့်တွေမှာ သွားလုပ်နိုင်ပါတယ်။

MediaFire

eSnips

Download လုပ်လို့မရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိခဲ့ရင်လည်း အကြောင်းကြားစေချင်ပါတယ်။

ဗမာ့ နှစ်သစ်ကူးမှာ မိတ်ဆွေ သူငယ်ချင်းတွေ စာဖတ်သူတွေအားလုံး အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

thingyan2

Apr 13, 2009

သင်္ကြန်ထဲက သံချပ်မဏ္ဍပ်

နှစ်သစ်မှာ သူငယ်ချင်းတွေ စာဖတ်သူတွေအားလုံး မင်္ဂလာပါ။ ကျနော့် မိတ်ဆွေတယောက် မဏ္ဍပ်ထောင်ထားပါတယ်။ အဲမှာ သံချပ်တွေ ထိုးလို့ရတယ်လေ။ အပျင်းပြေပေါ့။ သို့မဟုတ် အဆာပြေပေါ့။ ကျနော်လည်း ကြုံတုန်း သံချပ်ဝင်ထိုးခဲ့တယ်။ သူငယ်ချင်းတွေလည်း သံချပ်ထိုးချင်ရင် အဲမဏ္ဍာပ်ကို သွားလည်လိုက်ပါဦးလို့ တိုက်တွန်းပါရစေ။ စိတ်ထဲရှိတာတွေ အော်ခဲ့ကြပေါ့ဗျာ။