Sep 27, 2009

စွန်းထင်းမှု (၁၅)

“ချစ်သူ”

ငါ့နံရိုးတချောင်းလေ...
ငါ ကောင်းကောင်း မကောင်းကောင်း
ခဏခဏ ချောင်းချောင်းပြီး မကြည့်ဘူး...
ငါ့ကို ချစ်ရုံပဲ ချစ်တယ်..
သည်လိုနဲ့
သူ့ရှေ့မှာ ပုံချပစ်လိုက်မိတယ်..
ငါ့ဘ၀ကြီးတခုလုံး...
ခုတော့
သူ ပြုံးနေတာ
ငါ တွေ့ခဲ့...


ATN

စွန်းထင်းမှု (၁၄)

“ဆံပင်”

လက်သည်းတွေလိုပဲ
ခုတ်ဖြတ်ခံရလည်း သွေးမထွက်ပြဘူး...
ငါကတော့ သူတို့ကို သနားနေမိရောပဲ...
သူတို့ နာကျင်နေရတာ ဘယ်သူ သိမလဲ...
သည်လိုနဲ့
ငါ့ရဲ့ ဆံပင်တွေ
ရှည်ရှည်လာရတော့တာပါပဲ...


ATN

စွန်းထင်းမှု (၁၃)

“လမ်း”

တနေရာနဲ့ တနေရာကို ဆက်ပေးတယ်...
ဒါမှ မဟုတ်
တခုနဲ့ တခုကို ဆက်ပေးတယ်...
တကယ်တော့ သူ့မှာ အစနဲ့ အဆုံး မရှိဘူး...
အမည်တခုပဲ ရှိတယ်...
တကယ်လို့ သူဟာ မြို့ကြီးသား
ဖြစ်သွားခဲ့ရင်ပေါ့လေ..


ATN
မှတ်ချက်။
(အမည် မရှိသော ခြေသွားလမ်းကလေးများအတွက် စွန်းထင်းမိပါသည်)

စွန်းထင်းမှု (၁၂)

“လရောင်”

အမှောင်ကို
ချောင်ထဲရောက်အောင် ခဏဖြစ်ဖြစ်
ပို့ပစ်လိုက်တယ်...
ပြီးတော့
ဂစ်တာတလက် ထိုးပေးပြီး
ချစ်သူ့ မျက်နှာလေး ငါ့ကို မြင်ခိုင်းတယ်..
စိတ်ရိုင်းတွေတောင်
သူ့ အကျဉ်းထောင်ထဲမှာ ပျော်ပါး
တသက်တကျွန်းများတောင် ပြုံးပြုံးကြီး ကျချင်နေ...


ATN

စွန်းထင်းမှု(၁၁)

“မနက်ဖန်”

ဆုံးကို မဆုံးနိုင်တော့ဘူး...
လှိုင်းတွေ တလုံးပြီး တလုံး လာနေသလိုပဲ...
ငါကလည်း
ဆက်လက် ရှင်သန်ဖို့ကိုပဲ
အပြင်းအထန် တွေးနေမိ...


ATN

Sep 26, 2009

ခင်ဝမ်းရဲ့ Pure Acoustic

ခုလာမယ် (၂၈) ရက်နေ့ကစပြီး မိုင်တထောင်ခရီးကို ကားမောင်းပြီး သွားပါတော့မယ်။ နာရီ (၂၀) နီးပါး မောင်းရမှာဆိုတော့ လမ်းမှာ တည အိပ်ရပါ့မယ်။ (၂၈) ရက်ကစပြီး တပတ် ၂ ပတ်တော့ ပျောက်နေမှာပါ။ ခု (၂၈) ရက်မတိုင်ခင် သည်ရက်ထဲ အွန်လိုင်း လာနိုင်ရင်တော့ ကဗျာလေး တပုဒ် ၂ ပုဒ် လောက်တော့ တင်ဖြစ်မယ် ထင်တယ်။ ခုတော့ ခင်ဝမ်းရဲ့ သီချင်းလေး တပုဒ်တော့ အပျင်းပြေ နားထောင် လိုက်ကြပါဦး။ သီချင်း ဆိုပေမယ့်လည်း ခင်ဝမ်းရဲ့ ထုံးစံအတိုင်း ကဗျာဆန်တဲ့ သီချင်းလေးပါ။ တီးထားတာကလည်း Hollow Guitar ၂ လုံးထဲနဲ့ တီးထားတာဆိုတော့ Unplugged ပေါ့လေ။ ကျနော်ကတော့ Pure Acoustic လို့ အမည်ပေးပါတယ်။

သည်သီချင်းကို လရောင်လေး အပြည့် မရှိ တရှိ၊ လေပြည်လေးတွေ ဖြည်းဖြည်း ညင်သာ တိုက်ခတ်နေတဲ့ ညမျိုးမှာ လရောင်ကို မျက်နှာချင်းဆိုင်ထိုင်ပြီး တယောက်ယောက်က Hollow Guitar လေး တလုံးနဲ့ တယောက်ယောက်ကို ဆိုတီးပြလိုက်ရင် နားထောင်ရတဲ့ တယောက်ယောက်ဟာ တခုခုကို တော်တော်လေး ခံစားသွားရမယ့် သီချင်းမျိုးပါ။ (ကိုယ်ထင်တာ ကိုယ်ပြောတာပါ... ဘာမှ မခံစားရတဲ့ တယောက်ယောက်တွေလည်း အများကြီး ရှိနိုင်ပါတယ်...း) ကဲပါလေ... ကီးဘုတ် ရှည်နေတာနဲ့ သီချင်းဆီကို ရောက်တော့ မှာ မဟုတ်ဘူး။ သီချင်းနံမည်ကတော့ “သက်ထား” တဲ့။ ခင်ဝမ်းရဲ့ “လိပ်ပြာလွင်ပြင်” အယ်လ်ဘမ် ထဲကပါ။ ကျနော်ကတော့ သည် သီချင်းကို တော်တော်ကြိုက်တာပါ။ Hollow Guitar ကို တယောက်က Rhythm တီး၊ နောက် တယောက်က Accompaniment လေးတွေ ထည့်ပေး။ Bass Line လေးလည်း ပါရင်တော့ ပိုကောင်းသပေါ့လေ။ Solo Guitar အတီးပိုဒ်လေးကလည်း တော်တော် အေးမြ လှပပါတယ်။ ကျနော်တို့ လူငယ် ဘ၀တုန်း ကတော့ သူငယ်ချင်းတွေ စုစုပြီး ကောင်မလေးတွေ အိမ်ရှေ့၊ ကျောင်းသူတွေ အဆောင်ရှေ့မှာ ညည သွားသွား အော်ဆိုခဲ့ဖူးတဲ့ သီချင်းတွေထဲက တပုဒ်ပေါ့။ (ကျနော် အော် အဆိုကောင်းလို့ သဇင် ဆိုတဲ့ သူငယ်ချင်းမ တယောက်ကတော့ ကျနော့်ကို တပတ်လောက် မျက်နှာချင်း မဆိုင် စကားမပြောတဲ့အထိ အတော် အသိအမှတ် ပြုသွား အမြင်ကပ်သွားဖူးပါတယ်...- ဤကား စကားချပ်...း)

“သက်ထား”

ကိုယ်လိုရာ ကိုယ့်အတွေး... တချိန်တုန်းအခါ... လေထဲမှာ ဆောက်ခဲ့မိ တိုက်အိမ်...
မဖြိုပဲ... ပြိုကွဲ ပျက်ပြယ်...
တကိုယ်ထဲ... ပိုကဲ မျက်ကွယ်...
မညိုပဲ... ရွာသဲမိုးရယ်...

ကြင်နာစွာ... ချစ်စကား... အချိုဆုံး အချိန်... ပိုက်ထွေးကာ... ယုယ ဖေးကူလို့...
မလွယ်ပဲ... လွယ်ဆဲ မှတ်ထင်...
မပြယ်ပဲ... ထင်မြဲ ရုပ်သွင်...
တကယ်ပဲ... ရယ်ပွဲ ဖွဲ့ဆင်...

အဆုံးတနေ့... မတိုင်သေးခင်... မပိုင်ပေမယ့်... ပိုင်သလို... ရင်မှာထား...
အရှုံးမတွေ့... နိုင်စေ့ချင်... မဆိုင်ပေမယ့်... ဆိုင်သလို... ထင်ယောင်မှား...
ဘယ်ခါ... မမုန်းနိုင်... ဘယ်ခါ... မမုန်းနိုင်... သက်ထား... ...

ကြုံလာမယ်... မထင်ခဲ့ဘူး... မထင်ဘူးလေ... မြတ်နိုးစွာ... တမ်းတမက်မပြေ...
အမြင်လွယ်... ခေါင်ဖျားထက်ဝယ်...
တမင်ကွယ်... ရှောင်ရှားချက်သဖွယ်...
သဇင်ရယ်... လှည့်စားရက်တယ်...

အဆုံးတနေ့... မတိုင်သေးခင်... မပိုင်ပေမယ့်... ပိုင်သလို... ရင်မှာထား...
အရှုံးမတွေ့... နိုင်စေ့ချင်... မဆိုင်ပေမယ့်... ဆိုင်သလို ထင်ယောင်မှား...
ဘယ်ခါ မမုန်းနိုင်... ဘယ်ခါ မမုန်းနိုင်... သက်ထား...

Get this widget | Track details | eSnips Social DNA

Sep 24, 2009

စွန်းထင်းမှု (၆/၇/၈/၉/၁၀)

ကျနော်နေရာ ကယ်လီဖိုးနီးယားကနေ နောက် ပြည်နယ်တခုကို ပြောင်းပါတော့မယ်။ သည်တော့ နောက်ရက်တွေမှာ အွန်လိုင်း လာဖြစ်နိုင်တော့မယ် မထင်ဘူး။ ဒါကြောင့်မို့ ကျနော့်ရဲ့ စွန်းထင်းမှုတွေကို တနေ့ တခု မတင်နိုင်တော့ဘူး။ ခုတော့ ရေးပြီးသမျှကို တပတ်စာ တင်လိုက်ပါတယ်။ အဆင်ပြေသလိုလည်း ဆက်ပြီး တင်သွားပေးပါ့မယ်။ လောလောဆယ်တော့ ညီအကို မောင်နှမတွေနဲ့ တပတ် ၂ ပတ်တော့ ဝေးနေပါဦးမယ်။ အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပါတယ်။


စွန်းထင်းမှု (၆)
“အရောင်”
အမျိုးမျိုးပါပဲ...
အစိမ်း၊ အ၀ါ၊ အပြာ။
မီးပွုင့်မှာ ကားတွေကို ရပ်စေတာ
အနီ...
ငါ့ နှလုံးသွေးတွေ
အေးခဲရပ်တန့်သွားစေအောင်တော့
မီးခိုးရောင် အစက်ကလေးကပဲ တတ်နိုင်မယ်...


စွန်းထင်းမှု (၇)
“အိပ်မက်”
လိုချင်တာတွေအကုန်လုံး
သိမ်းကျုံးသယ်ယူချလာတယ်...
နိုးထလာတော့
မျက်လှည့်ပြလိုက်သလို
အားလုံးကို ဖျောက်ချပစ်လိုက်တော့တယ်...


စွန်းထင်းမှု (၈)
“အချစ်”
ရှားပါးလွန်းတယ်...
ဘုရားကို လိုက်ရှာရသလိုပဲ...
နေညိုချိန်မှာတော့
ဘွား ကနဲ ပေါ်လာတယ်...
ပြီးတော့လည်း
ငါ လက်မလှမ်းနိုင်တဲ့ နေရာက
ငါ့ကို ပြုံးပြနေရော...


စွန်းထင်းမှု (၉)
“ညီမလေး”
ငါ့ နှလုံးသားထဲ
ဝင်ပုန်းနေသူ...
ငါ့ ဂစ်တာကြိုး ၆ ချောင်းကို
ကောင်းကောင်း တုန်ခါစေသူ...
ငါ့ ကဗျာတွေကို
နေထွက် နေ၀င်စေသူ...
အမေ မမွေးခဲ့သော
ငါ့ရဲ့ နှမလေး...


စွန်းထင်းမှု (၁၀)
“ကား”
မောင်းချင်တဲ့သူ တက်မောင်း...
စက်ကောင်းနေသမျှ
ချောင်းတောင် ဆိုးမပြဘူး...
ဒရိုင်ဘာလိုင်စင်လည်း
ဘယ်သောအခါမှ တောင်း မကြည့်ဘူး...


ATN

အိပ်မရတဲ့ည

မွန်းသိပ်ကျပ်တဲ့... အခုညမှာ... ထွက်ပေါက် မရှိလို့... စိတ်ညစ်နေ...
တခါတခါ... လောကကို... ဘယ်လိုလုပ်ပြီး ရင်ဆိုင်ရမလဲ...
မတွေးတတ်သလိုပဲ... အားငယ်နေ...
အမှောင်ထုအောက်မှာ... အခုညတော့ စိတ်တေလေ...

သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည... ...

အဝေးကကြားတဲ့... သီချင်းသံဟာ... ညအမှောင်အောက်မှာ... နီးကပ်လာ...
သည်လူဟာ... ည တညကို... တေးဆိုရင်းနဲ့... ဖြည့်ဆည်းရှာတယ်...
သူ့အဖို့မှာတော့... ပျော်နေမယ်...
ကိုယ့်အတွေးထဲမှာ... စိတ်ဖြေစရာ... ကင်းလွန်းတယ်...
သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည... ...


သည်လိုပဲ... ထိုင်ရင်းနဲ့... မိုးအလင်းစောင့်ရမယ့်... အခြေအနေ...
တကမ္ဘာလုံးမှာ... ကိုယ်တယောက်ထဲ... ရှိနေသလို... ခံစားရတော့...
စိတ်ထဲမှာ တမျိုးပဲ...
နာရီ ခေါက်သံဟာ... ခြောက်ကပ်ကပ်နဲ့... ညဥ့်ယံကို... သတ်မှတ်နေ...
အို... သည်ညမှာ... တမျိုးပဲလေ....


သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည... ...

အတွေးခေါင်တိုင်းလဲ... တွေးလို့သာ... မေ့ချင်လည်းပဲ... မေ့မရပါ..
သည်ညဟာ... ကိုယ့်စိတ်ကို... တကယ်ညှင်းဖို့... ဖြစ်လာသလိုပဲ...
တွေးရပြန်တော့... သတိရတယ်...
အတိတ်ဟောင်းဆိုတာ... လူတကာမှာ... ရှိမှာပဲ...
သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည...


သည်လိုပဲ... ထိုင်ရင်းနဲ့... မိုးအလင်းစောင့်ရမယ့်... အခြေအနေ...
တကမ္ဘာလုံးမှာ... ကိုယ်တယောက်ထဲ... ရှိနေသလို... ခံစားရတော့...
စိတ်ထဲမှာ တမျိုးပဲ...
နာရီ ခေါက်သံဟာ... ခြောက်ကပ်ကပ်နဲ့... ညဥ့်ယံကို... သတ်မှတ်နေ...
အို... သည်ညမှာ... တမျိုးပဲလေ....


သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည... ...
သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည... ...
သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည... ...
သည်ည... အိပ်မရတဲ့ည... သည်ည... အိပ်မရတဲ့ည... ...

Get this widget | Track details | eSnips Social DNA

စွန်းထင်းမှု (၅) (က)

ကျနော့်ရဲ့ စွန်းထင်းမှုတွေထဲမှာ ကိုယ်တိုင် ပါဝင်စွန်းထင်းသွားတဲ့ ညီငယ် တယောက်ရဲ့ အမှတ်တမဲ့ ပေကျံသွားတဲ့ ဆေးစက်လေး တခုပါ။ ကျနော်က ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ (ကျေးဇူးပါ ညီလေး)

“လူသား”

ပြေးထွက်မယ်အလုပ်မှာ
လောကရဲ့လေကို ကိုယ်က
တဝကြီး ရှူရှိုက်မိပြီးနေပြီလေ
ဒီလိုနဲ့
သူကြိုးဆွဲသမျှ
ကွေးနေအောင်ကပြရတော့တယ်...


(ကိုလူထွေး)

(လူသား = သစ်ပင်)
သိပ်မကွာပါဘူးလားလို့...

၄၀ ဆိုပဲ

ဘာမှတော့ မဟုတ်ပါဘူး။ ဟိုသည် လျှောက်ကြည့်ရင်းနဲ့ သွားတွေ့လာတာပါ။ ကျနော့် ဘလော့က ထိပ်ဆုံး မြန်မာ ဘလော့ ၅၀ (Top 50 Myanmar Blogs) ထဲမှာ အမှတ်စဉ် ၄၀ ဆိုပါလား။ မယုံနိုင်စရာနော်။ ဘယ်လိုလုပ် အဲသည်ထဲ သွားပါနေတယ် မသိ။ ကိုယ်က ရေးချင်ရာ လျှောက်ရေးနေတာ။ စိတ်ဝင်စားရင် သည်မှာ သွားကြည့်ပါ။ ဘာတွေလဲတော့ မသိဘူး။ ဘာလို့လဲတော့ မသိဘူး။ ၄၀ ဆိုတော့လည်း ကိုယ့်အတွက် နိမိတ်ကောင်းပေါ့လေ။ လေးနေတာတွေကို ဆယ်လိုက်ပြီပေါ့။

ပြီးတော့လည်း ကိုယ့် မောင်နှမတွေ ဖြစ်တဲ့ ကျနော်တို့ အမကြီး မမကွန်က ၁၄၊ ကျောက်ခဲ သေးသေးလေး ချိုသင်းက ၂၀၊ မငြိမ်းက ၂၁၊ ညီငယ် ကိုပေါက ၂၂၊ ညီမငယ် မ၀ါက ၂၉၊ ညီမငယ် နေနေနိုင်က ၃၃၊ မခင်မင်းဇော်က ၃၄ တဲ့။ ၀မ်းသာပါတယ်။ ပြီးတော့ ကျနော်တို့နောက် မောင်နှမ ၃ ယောက်က ဆက်တိုက် ကပ်လျက်ဗျ။ ညီမငယ် မကေက ၃၉ တဲ့။ ကျနော်က ၄၀။ ညီမ မမွန် (သုနှင်းဆီ) က ၄၁။ ၃ ယောက်လုံး အထက်အောက် ကပ်လျက်...း) ညီငယ် ကလိုစေးထူးက ၄၄၊ ညီငယ် ZT (ဖူးနုသစ်)က ၄၇၊ ညီမငယ် မပန်ကတော့ ၄၉။ ဘာပဲဖြစ်ဖြစ် ချစ်ခင်ရတဲ့ မောင်နှမတွေ စာရင်းထဲမှာ အတူတကွ ပါနေတော့ ပျော်ရွှင်မိတာ အမှန်ပါပဲ။

စွန်းထင်းမှု (၅)

“သစ်ပင်”

ဝဋ်နာကံနာ ထိထားတော့
သက်ရှိချင်း သတ်မှတ်ချက်တူတာတောင်
ဘယ်အရပ်ကိုမှ မသွားနိုင်ပါဘူး...
ခုတ်ထစ်ဖြတ်ချသမျှလည်း
ငုတ်တုပ် ထိုင်ခံရရှာတယ်...


ATN

Sep 23, 2009

ခပ်တိုးတိုးလေး ဆိုနေတယ်

စိတ်ညစ်နေတဲ့သူကို အတင်း သီချင်း လာဆိုခိုင်းနေတဲ့ အလိုက်ကမ်းဆိုး မသိတတ်သော်လည်း ချစ်ခင်ရတဲ့ ညီမငယ် မကြေးမုံ အတွက် မဆိုချင် ဆိုချင်နဲ့ ဆိုပြရတော့မှာပေါ့လေ။ အော်ဟစ် ပေါက်ကွဲထားတာတွေက များနေတော့ အော် မဆိုနိုင်တော့ဘူး။ အသံ မထွက်နိုင်တော့လို့ ခပ်တိုးတိုးလေးပဲ ဆိုပြလိုက်ပါတယ်...း(

---------------------------------------------------------------------------------------

တိမ်တိုက်တွေရဲ့... အဆုံး... အနောက်ဖက်က... အဝေး... မိုးကုပ်... တနေရာမှာ...
နေရောင်... တချို့... ရှိနေသေးရဲ့...
မြူတွေ... ဆိုင်းနေတဲ့... ရခိုင်ရိုးမရဲ့... အရိပ်...
ဟိုး... တဖက်ကမ်းခြေ... မြစ်ရိုးမှာ... မှောင်မိုက်နေပြီ...

ဗမာပြည်ကို လွမ်းမိတိုင်း ဧရာဝတီကို သတိရတယ်။ တနေ့နေ့မှာ အဲသည် တိမ်တိုက်တွေရဲ့ အဆုံးကို လိုက်ကြည့်မယ်။ လောလောဆယ်တော့ မှောင်မိုက်နေတဲ့ မြစ်ရိုးဘေးကပဲ ကိုယ့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကြီးကို အပြီး မျှောချ လိုက်ချင် ပါတော့တယ် ဧရာဝတီ ရယ်။

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ... ကနေတဲ့ ဇာတ်လမ်း မှားနေပြီ...
ဘယ်လိုနေထိုင်ရမလဲ ဘ၀ဆိုတာ... အိုး---ပြဇာတ်တပုဒ်လိုပဲ....

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ... ငါဟာ ဂျစ်ပ်ဆီ-ဟေ့ ခရီးနှင်တယ်...
ကြိုတင်ကာ ဇာတ်ညွှန်းဖတ်မလာသူ... မင်းသား တယောက် လိုပဲ...

ဘ၀ ဇာတ်ခုံပေါ်မှာ ကိုယ်က ဇာတ်လိုက်လုပ်ပြီး တက်ကမိတာလား။ ဘယ်သူတွေက ဇာတ်ဆရာ ဒါရိုက်တာ လုပ်ပြီး ဘယ်သူတွေက ကြည့်နေတာပါလဲ။ ကိုယ့် ဘ၀ကြီး တခုလုံးက တခန်းရပ် ပြဇာတ်လား။ ဒါဆို ဘယ်တော့ ရပ်မလဲ။ ကိုယ် သည်ဇာတ်ကို နားချင်နေပါပြီ။ ပြီးတော့လည်း ကိုယ့်ကို ဘယ်သူက မင်းသား လုပ်ခိုင်းတာလဲ။ ကိုယ့်ဘာသာ ကိုယ်တော့ မင်းသား မလုပ်မိတာ အမှန်ပါပဲ။ နေရင်းထိုင်ရင်း မင်းသား ဖြစ်လာရသူပါ။ ခုတော့လည်း ကြိုတင်ပြီး ဇာတ်ညွှန်း မဖတ်လာခဲ့တဲ့ မင်းသားဟာ အလွမ်းတွေနဲ့ ပြည့်သိပ် ပွဖောင်းနေတဲ့ ဂျစ်ပ်စီမိုးတိမ် အဟောင်း ကြီးပါပဲ။ လောလောဆယ်တော့ ဘယ်ကောင်းကင်ဆီကို ခရီးနှင် လွင့်မျောရမှန်း မသိတော့ပါဘူးလေ။

နေညိုချိန်ရဲ့ လေညင်းလေး... သယ်ယူလာတဲ့ အမှောင်ရဲ့ည... သတိရမိတယ် မင်းနဲ့ ငါ့ အတိတ်ဟောင်း... အို... ပင်လယ်ပြင်မှာ ရိုက်သောလှိုင်း... ခံနိုင်ရည်နဲ့ ဖြတ်သန်းတိုင်း... ဘ၀ရဲ့ လှိုင်းဒဏ်ကြားထဲ တို့ ပျော်ခဲ့... ရင်မှာဝမ်းနည်း... ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း... တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့... ယုံကြည်နေရင်းနဲ့... အဝေး-- ဝေးပြီဟေ့---
ဒဏ်ရာတွေနဲ့ည----- နာကျင်နေတဲ့အချိန်တိုင်း----- ကိုယ်ဘယ်လိုမှ ဖြတ်သန်း မရနိုင်တဲ့ အလွမ်းများ------
နေညိုချိန်တွေ ငါကျောခိုင်း ... အချိန်နာရီတွေ ငါမေ့လိုက်... တို့ရှေ့ဆက်ရမယ့်လမ်းများလည်း ပျောက်ဆုံး... ဒီရာသီတွေဟာ လည်ပတ်ခဲ့... ဘ၀ရဲ့ လှိုင်းဒဏ်တွေ့ရတိုင်း... အို- မင်းမရှိတဲ့အခါ တမ်းတရင်း ကြေကွဲ... ရင်မှာဝမ်းနည်း... ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း... တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့... ယုံကြည်နေရင်းနဲ့... အဝေး-- ဝေးပြီဟေ့---
ဒဏ်ရာတွေနဲ့ည----- နာကျင်နေတဲ့အချိန်တိုင်း----- ကိုယ်ဘယ်လိုမှ ဆက်ပြီး မရုန်းနိုင်တော့... ပြေးထွက်ခဲ့ ... အတူတူလျှောက်ဖူးတဲ့နေရာများ... မင်းရယ် တို့ရယ်... ရင်မှာ ရူးသွပ်တဲ့ ညတိုင်း... အလွမ်းများ-----
ယုံကြည်တာတွေကိုလည်း မယုံကြည်တော့ဘူး။ မယုံကြည်တာတွေကိုလည်း မယုံကြည် နိုင်ဘူး။ တကယ်တော့ အလွမ်းတွေက လွဲလို့ ဘာကိုမှ မယုံကြည်ချင်တော့ဘူးလေ။ အလွမ်းများ နဲ့ တ၀ုန်းဝုန်း မောင်းချသွားတဲ့ ခန္ဓာ ရထားကြီးကို ထမ်းထားရင်း နေ့နဲ့ည သံလမ်း ၂ စင်းကတော့ ခပ်တင်းတင်းပဲ ကျန်းမာရေး ကောင်းနေဆဲ။ မျက်စေ့ တဆုံးက ဟိုး မိုးကုပ်စက်ဝိုင်း အစပ်မှာ သည်ရထားကြီး ရပ်သွားရင်လည်း ကောင်းမယ် ထင်ပါရဲ့။

တစ်လောကလုံးမှာ... ခရမ်းနုရောင်လေးတွေ... မှိုင်းမှိုင်းဝေနေ…
နှင်းဝတ်မှုန်တွေရဲ့... အတားအဆီးမဲ့ နယ်ကျွံမှုတွေ...
ရင်ခွင်မှာ တွယ်ငြိလာတဲ့... အတိတ်ဆိုတဲ့ ကမ္ဘာ…

အပေးအယူလေးကို... တောင်းဆိုဖို့ရာ... အလှမ်းဝေးနေပြီလား…
နှောင်းနေချိန်မှာ... မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ... ရင်ခွင်မှာ ခံစားနေတဲ့... ဘ၀ဆိုတဲ့ကဗျာ…

အဆုံးစွန်အထိသာ... တွေ့နိုင်ခဲ့ရင်... မဆုံးဖြတ်ခဲ့ပါဘူး…
အမှားဝင်္ကပါမှာ... စိတ်နောက်ကိုယ်ပါမိတော့ ... ရင်ခွင်မှာ... နာကျည်းနေတဲ့... နောင်တတွေနဲ့လူ…

ငယ်တုန်းကတော့ နောင်တဆိုတာ ဘာလဲလို့ တွေးမိခဲ့ဖူးတယ်။ စာတွေထဲ ဖတ်ရတဲ့ အခါလည်း နားကို မလည်နိုင်ဘူး။ ခုတော့လည်း နောင်တတွေနဲ့ နာကျည်းနေတဲ့သူဟာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေပါရော လားလေ။ နာကျင်မှုတွေနဲ့ ပြည်မှာဆောင်း ကို အခုမှပဲ ကောင်းကောင်း ခံစားနေမိတော့တယ်။

ကြွေပြီ... ပုန်းညက်... လွမ်းခ... သစ်ရွက်စွေ...ဖြေသိမ့်တွေးလေ... နေနိုင်စေသား...
နွမ်းလျတဲ့... ဘ၀နွေ... ချွေးသိပ်ခဲ့ပြီ...မေ...
ညှိုးလျော့ခဲ့... ခြေတလှမ်းဟာ... ရင်နာရွာ... ပြန်မလှည့်ဘူး...မေ...
ချစ်ခွင့်ထူးခံ... ဆုပန်မယ့်... ယောက်ျားထဲ ...ကိုယ်... မပါနေဆဲပါ...

ဝေသီ... ညှိုးရက်...ဆိုးသက်ပင့်... ရှိုက်နေ... မြေစိမ့်စမ်းရေ... လွင်နိုင်စေသား....
ဖူးဆဲ... အပွင့်... လန်း နေရှာ... လွမ်းစကားသင့်... နွမ်းပြီလေ...
ဆန်းပြားခဲ့... အတိတ်လမ်းမှာ...ဝေဒနာရွာ... တည်ဆောက်ဆဲ... မေ...
အမုန်းခွင့်ထူးခံ... ဆုပန်မယ့်... ယောက်ျားဟာ...ကိုယ်တယောက်ထဲပါ...

အချစ်ကို ရှာရတာ ခက်တယ်။ အဲသည်တော့လည်း လွယ်လွယ်ကူကူ အမုန်းကိုပဲ ခံစားရင်း တယောက်ထဲပဲ လွမ်းသင့်ဝေသီ နေမိတာက ကောင်းမယ် ထင်ပါရဲ့လို့ တခါတခါတော့လည်း တွေးနေမိသေးတယ်။

ရင်မှာ... မှန်လိုကွယ်... မြင်နေမယ်... ရာသီတွေ... အချိန်တွေ... ပြောင်းဦးကွယ်... နောက်ထပ်... ပေးဦးမယ့် နေ့တွေအလယ်... ပုံသဏ္ဍာန် ထင်မြင်ယောင်... လွမ်းရမယ်... ဟိုအရင်... ကျနော်... ငယ်စဉ်အရွယ်...ကလေးတယောက်နဲ့... လမ်းကလေးများ... ကျောင်းဆင်းနဲ့... ကျောင်းတက်... တ၀ဲလည်လည်... ရောင်စုံပုံ... ထင်ရာဆွဲချင်တယ်... ငိုလွယ် ရီလွယ်... ပျော်လည်း ပျော်တယ်... ပြီးတော့... ကြီးပျင်းတဲ့ လမ်းပေါ်ဝယ်... ရန်ခုန်သံ မြန်မြန်... အချစ်တဲ့ကွယ်... ဆွေးဖို့... အသည်းကွဲဖို့... ရောက်လာတယ်... မကြာခင် ကြုံပြီ... အလွမ်းတဲ့ကွယ်... ဒိုင်ယာရီကို... မြင်ယောင်တယ်... ကလေးလေးရဲ့... လမ်းများအပြီး... အချိုးအကွေ့နဲ့... အပြောင်းအလဲ... လမ်းပေါ်မှာ... သီချင်းတပုဒ်လောက်... မကောင်းတော့ပါ... ကဗျာ ကာရန်... မညီညာ... ဘ၀ရဲ့လင်္ကာ...
စိတ်ညစ်စရာတွေ ကြုံတိုင်း ကလေးဘ၀တုန်းက ပျော်ပျော် ရွှင်ရွှင် ဆွဲခဲ့ဖူးတဲ့ ပျော်ရွှင်စရာ ရောင်စုံ အရုပ်ပုံလေးတွေကို ပြန်ပြီး မြင်ယောင်နေမိတယ်။ ခုတော့ ကိုယ်ဆွဲမိသမျှ ရုပ်ပုံတွေက စိတ္တဇဆန်ပြီး ထိုင်းမှိုင်း မဲမှောင်လို့။ ဘ၀ရဲ့လင်္ကာ အတွက် သရုပ်ဖော်ပုံတွေက သီချင်း တပုဒ်လောက်တောင် မကောင်းတော့ပါဘူးလေ။

နေရစ်ခဲ့လို့... ထားခဲ့သူ... ပြန်တွေ့ကြဖို့... မလွယ်ကူ...
နေရစ်ခဲ့... တယောက်ထဲ... ဘ၀မှာ... အတိတ်ရဲ့...အရိပ်တွေ... နေရာတကာ...
နေရစ်ခဲ့လို့... ခွဲခဲ့တာ... ရက်စက်လှတဲ့... ကံကြမ္မာ...

သီချင်းကတော့ တယောက်မျက်နှာတယောက်ကြည့်ကာ။ လက်တွေ့ဘ၀ကတော့ ကိုယ်ကြည့်နေရတာ ဟင်းလင်းပြင်ကြီး။ ဘာမှကို မရှိဘူး။ လွတ်လပ် လေဟာနယ်ကြီး။ အဲသည်ထဲမှာ ကိုယ့်ကံကြမ္မာကို ကိုယ် ပြန်ရှာရဦးမယ်။

အပူရှိန်... နေ့ဖက် ပြင်းသည်ထက်ပြင်းလာပြီ... မဟူရာ... ညကျ “လ”က မရှိ...
သည်လို... အသည်းကွဲမြို့က... လွတ်ချင်ပြီ... ဒဏ်ရာ... ဒီဂရီ... မြင့်သည်ထက်မြင့်လာပြီ...
မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ၀မ်းနည်း ဆွေးမြေ့မူး... လမ်းတွေမှာ... အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ... ချစ်သူရေ... လွမ်းနေမိ...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲ ဆွေးနေပြီ...

ခုတော့ အသည်းကွဲမြို့တော် ထဲက ကိုယ် ထွက်ပါတော့မယ်လေ။ ပြီး အသည်းကြေတဲ့ မြို့တော်ထဲ ကိုယ် ရောက်သွားမှာပေါ့။ ပြီးရင် အသည်းအက်တဲ့ မြို့တော်ကိုလည်း ကိုယ် အလည်သွားဦးမှာပါ။ အဲသည်က ပြန်ရင် အသည်းခွဲတဲ့ မြို့တော်မှာ ကိုယ် စားသောက်ဆိုင်ဖွင့်မယ်။ အသည်းတွေပဲ ကျော်ရောင်းမယ်လေ။ ဒါပေသည့် စီးပွားဖြစ်မယ် မထင်ပါဘူး။ ဘယ်သူကိုယ်နဲ့ ရှယ်ယာ ထည့်ကြဦးမလဲ... ?

(အောင်သာငယ်)

အပြင်မှာမိုးတွေစွေနေတုန်းပဲလား ကိုအောင်သာ




















ဟင်းလင်းပွင့် ကောင်းကင်ကြီး
ရင်ကွဲပက်လက် ငိုချလိုက်တဲ့နောက်
သွေးတွေတဒိတ်ဒိတ်တိုးနေလား
နှလုံးခုန်သံ မြန်နှုန်းမြင့်နေလား
မြို့လေးထဲမှာ ခြောက်ကပ် တိတ်ဆိတ်သွားပြီလား
မီးလောင်နေတဲ့ရင်ပြင်ပေါ်မှာ ပျော်ရွှင်စွာ တယောထိုးလိုက်ပါ
မေရီအင်တွိုင်းနက် ဟာ
ပေါင်မုန့်အကြောင်း ကောင်းကောင်း မသိရှာပါဘူးဗျာ
နာရီပျက်တလုံးဟာ တရက်မှာ ၂ ကြိမ်မှန်တဲ့ သစ္စာတည်ပါတယ်
အိပ်မက်ကို ဈေးကောင်းပေးဝယ်တုန်း ရောင်းထုတ်လိုက်ပါ
စိတ်ခိုးတွေ ဝေနေရင် တိမ်တွေကို ပန်းချီရေးလိုက်ပါ
မိုးလေထန်နေတုန်း
ရင်ငွေ့နွေးနွေးလှုံပါ
အဖျားသွေးတက်လာရင် ကဗျာဆေးကြမ်းသောက်ပါ
အလွမ်းတွေကို ဝတ်စုံမှာ ချုပ်ရိုးသီလိုက်ပါ
စပိန်ဂစ်တာတလက်ရဲ့ကျန်းမာရေးဟာ
သူ့ကြိုးကို လှုပ်လိုက်တဲ့လက်တွေအပေါ်မှာ
ပြုတင်းတံခါးလေးကို တွန်းဖွင့်လိုက်ပါ
စိတ်ခလုတ်လေးကို နှိပ်ချလိုက်ပါ
ဒုက္ခရဲ့တေးသီချင်းကို
ငြင်သာစွာ လိုက်ဆိုငြီးကြည့်လိုက်ပါ
အပြင်ဘက်မှာ မိုးတွေစွေနေတုန်း
နှင်းတွေ ဝေလာတာမြင်ရင်
အလင်းတံခါးဝပေါက်ကို သင်ရောက်ရှိနေတာ
တွေ့ရှိရလိမ့်မယ် ။

ဖုန်းမြင့်
20.9.2009

စွန်းထင်းမှု (၄)

“ရေ”

မတည်မြဲတဲ့
အပူချိန်အပြောင်းအလဲအောက်မှာ
ဗလောင်းဗလဲ ဘ၀ ရောက်နေရတာပါ...
တချို့ကတော့ ဆိုလေ့ရှိတယ်...
အငွေ့၊ အရည်၊ အစိုင်အခဲ
မျက်နှာများလည်း များတယ်ဆိုပဲ...


ATN

Sep 22, 2009

သွားဖတ်ကြဖို့ဘလော့အသစ်တခု

ကျနော့်ရဲ့ ကျောက်ခဲကြီး... အဲ... အကိုကြီး တယောက်ပါ... (ဘူမိကဆိုတော့ အချင်းချင်း ကျောက်ခဲလို့ ခေါ်နေကြမို့...း) ဘလော့တကာလည်ပြီး ဖတ်နေတာ ၂ နှစ် ကျော်ပြီ။ ခုတော့ သူ့ ညီမငယ် (တကယ်တော့ နံမည်ကျော် ဘလော်ဂါ မမကြီးပါ...း) တယောက်က မြှောက်ပေးတာနဲ့ သူလည်း သူ့ရဲ့ ဘ၀အတွေ့အကြုံ အစုံစုံ အဖုံဖုံကို ရင်တွေခုန်အောင် ပြန်လည် ဖောက်သည်ချချင်နေတာနဲ့ တိုက်ဆိုင်သွားတော့ ဘလော့ တခုနဲ့ စာတွေ စပြီး ရေးနေပါသဗျား... သူ့စာတွေကလည်း နောက် ကျောက်ခဲ အသေးလေး တလုံးဖြစ်တဲ့ မိုးချိုသင်းရဲ့ စာတွေလို ဖတ်လိုက်မိတိုင်း နှလုံး စိတ်ဝမ်း ငြိမ်းချမ်းစေပါတယ်။ ဒါကြောင့် မို့လို့ စာဖတ်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ညီအကို မောင်နှမတွေ အားလုံးကို သွားရောက် ဖတ်ရှုကြဖို့ ကျနော်က မေတ္တာနဲ့ အခမဲ့ ကြော်ငြာ ထည့်ပေး လိုက်ရပါတယ်။ သွားရောက်လည်ပတ် ဖတ်ရှုပြီး နှုတ်ဆက် အားပေးလိုက်ကြပါဦး။ ကျနော့် အကိုကြီးက အရမ်း သဘော ကောင်းပါတယ်။

သူ့ဘလော့ နံမည်ကတော့ “ရွှေရတုမှတ်တမ်း” ပါတဲ့.. ရွှေရတုဆိုတော့ စဉ်းစားသာ ကြည့်ကြပေတော့ဗျာ...း)

အချစ်ကိုရင်း၍

အသည်းကွဲ နေသော ကျနော့်ညီလေး မောင်xxxx အတွက်၊
အသည်းကွဲ ခဲ့ဖူးသော ကျနော့် အကိုကြီး ကိုxxx အတွက်၊
ထို့အတူ အသည်း ကွဲခဲ့- ကွဲနေ- ကွဲလိမ့်ဦးမည်ဖြစ်သော xxxx အတွက်.....
သည်သီချင်းနားထောင်ပြီး အသည်း ဟက်တက် ထပ်မံ ကွဲကြပါစေသတည်း...း)

အချစ်ရေ...
ကိုယ့်အသည်း ကွဲအက်ကြွေအောင် နင်းချေရက်တဲ့
မင်းရဲ့စိတ်ကို နားမလည်နိုင်တော့ဘူး...
ကိုယ်ချင်းစာတတ်လို့ မင်းတွေးမိခဲ့ရင်...
ကိုယ်ဟာ မင်းကို ချစ်ခဲ့တယ်... ချစ်ခဲ့တယ်... ချစ်ခဲ့တယ်...

အချစ်ရေ...
ဘယ်လိုသဘောနဲ့ ခွဲထားခဲ့တာ ကြယ်ရောင်အောက်မှာ
လမ်းပျောက်ခဲ့သူ...အမုန်းဒဏ် နာခဲ့တယ်...
စိတ်ထဲနာကျည်းလို့ မပြောင်းလဲခဲ့ပါ...
ကိုယ်ဟာမင်းကို ချစ်လျက်ပါ... ချစ်လျက်ပါ... ချစ်လျက်ပါ...

အချစ်ရေ...
ပျော်ရွှင်ခဲ့တဲ့ လောကလေးကို မမက်တော့ဘူးလား
မုန်းနိုင်စွမ်းကို စိတ်မှာ အံ့သြတယ်...
ခံစားသူတယောက်ရဲ့ စိတ်ထဲသိတယ်...
ကိုယ်ဟာ မင်းကို ချစ်နေမှာ... ချစ်နေမှာ... ချစ်နေမှာ...

အရှုံးအကြောင်း... အမုန်းအကြောင်း... မစဉ်းစားတော့ပါ...
သည်နေရာမှာပဲ နေခဲ့ပါ့မယ်...
ဖြေသိမ့်စရာ... စွဲရစ်လာအောင်...
မျက်စေ့မှိတ်လို့ အိပ်စက်ချိန်မှာ...
ကိုယ့်ရင်ခွင့်ကို အိပ်မက်ထဲမှာ ပြန်လာခဲ့တော့...
အချစ်ရေ... ... ...


Get this widget | Track details | eSnips Social DNA

စွန်းထင်းမှု (၃)

“ငှက်”

အမြင့်ကို ဘယ်လိုပဲ ပျံပျံ
အချိန်တန်တော့လည်း
အကိုင်းတကိုင်းပေါ်မှာပဲဖြစ်ဖြစ်
ရေပေါ်မှာပဲဖြစ်ဖြစ်
မြေပေါ်မှာပဲဖြစ်ဖြစ်
ပြန်နားနေရတော့တယ်...


ATN

Sep 21, 2009

စွန်းထင်းမှု (၂)

“အင်္ကျီ”

မလျှော်မဖွတ်ပဲ ထားမိတဲ့အခါ
တဖြည်းဖြည်းချင်း ညစ်ပတ်ပေကျံပြီး
အနံ့တွေ နံလာတယ်...
လျှော်ဖွတ်ပေးလိုက်တော့လည်း
နဂိုရ်မူလ အရောင်တွေ ရုတ်လျော့
မှေးမှိန်ဖျော့ကျသွားလေတော့တယ်...


ATN

Sep 20, 2009

စွန်းထင်းမှု (၁)

လောကဓံကို ပြင်းပြင်း ထန်ထန် ခံရတဲ့ အခါ စိတ်ထဲမှာ တခါတခါ မမျှော်လင့်ပဲ ရုတ်တရက် ရောက်ရောက် လာတတ်တဲ့ ကန့်လန့်ဖြတ် အတွေးလေး တွေပါ။ ပြောရရင် ပန်းချီ ဆွဲနေတဲ့ ပန်းချီဆရာ တယောက်ရဲ့ အင်္ကျီအဖြူပေါ်မှာ မတော်တဆ လာရောက် စွန်းထင်းသွား တတ်တဲ့ ဆေးစက် ကလေးတွေ လိုပါပဲ။ ကျနော့် စိတ်ကို လာရောက် စွန်းထင်းလာတာ ဆိုတော့လည်း အမှတ် ထင်ထင် ရှိနေ ဖြစ်တာပါ။ သို့သော်လည်း ရုတ်တရက် လာရောက် စွန်းထင်းတာ ဆိုတော့ ရှည်ရှည်ဝေးဝေး အတွေး တွေတော့ မဟုတ်ဘူးပေါ့လေ။ သည်တော့လည်း အဲသည် အတွေးလေးတွေကို ချရေးမိတဲ့အခါ ကဗျာတိုလေးတွေပဲ ဖြစ်ဖြစ်သွားပါတော့တယ်။ ရှည်ရှည် ဝေးဝေး အတွေးတွေ မဟုတ်တော့ ရှည်ရှည် ဝေးဝေး ကဗျာတွေလည်း မဟုတ်တော့ဘူး။ သည်တော့ တပုဒ်ချင်းမှာ ခေါင်းစဉ်လည်း ရှိတဲ့ အခါ ရှိ၊ မရှိတဲ့ အခါလည်း မရှိ ဖြစ်မယ် ထင်ပါရဲ့။ စွန်းထင်းမိသွားသမျှတွေ အတွက်တော့ အားလုံးကို စုစည်းပြီး “အမှတ်တမဲ့ ပေကျံသွားသော ဆေးစက်များ” လို့ အမည် ပေးထားမိပါတယ်။ တပုဒ် တင်တိုင်း “စွန်းထင်းမှု” နံပတ်စဉ်တွေ တပ်သွားမှာ ဖြစ်ပါတယ်။ သည်ဆေးစက်တွေရဲ့ စွန်းထင်းမှုက စာဖတ်သူ အားလုံးရဲ့ ကိုယ်၊ စိတ်၊ နှလုံး (၃)ပါးနဲ့ ကိုက်ညီ ချင်မှလည်း ကိုက်ညီပါလိမ့်မယ်။ အဲ့သည် အတွက်တော့ ကျနော့်ကို နားလည်မှု ပေးနိုင်ကြ လိမ့်မယ် ထင်ပါတယ်။ သို့သော်လည်း ကျနော့်ကို စွန်းထင်းခဲ့တဲ့ ဆေးစက်တွေက စာဖတ်သူကို တစုံတရာ စွန်းထင်းခဲ့မယ် ဆိုရင်ဖြင့် ကျနော့် စွန်းထင်းမှုများကိုသာ ကျေးဇူးတင် လိုက်ပါ။ ကျနော့် ကိုတော့ ကျေးဇူး တင်စရာ မလို၊ အပြစ်သာ ဆိုလိုက်ပါ။ ကျနော် ရင်ကော့ပြီး ခံပါ့မယ်။

အားလုံးကို ချစ်ခင်လေးစားစွာဖြင့် -

(အောင်သာငယ်)

---------------------------------------------------------------------------------------------

“နေ

အမှောင်ထဲကပဲ
သွေးသံတရဲရဲနဲ့
မင်း တိုးခွဲထွက်လာတယ်...
တနေ့ခင်းလုံး ဆုံးတဲ့အထိ
ငါတို့ အားလုံးကို တောက်ပပြ...
“ည”လည်း ရောက်လာရော
ဆည်းဈာထဲကနေ
မရဲတရဲနဲ့
အမှောင်ထဲကိုပဲ တိတ်တဆိတ်
ပြန်လည်တိုးဝင်အိပ်သွားလေတော့တယ်...
မင့်ကို ငါမုန်းတယ်...

ATN

Sep 19, 2009

နေရာတိုင်းမှာ စွန်းကွက်နေသော အပြာရောင် ဆေးစက်များ

















ပျောက်ရှသွားတဲ့ ငါ့နေ့ရက်တခုပါ...
ပြန်တွေ့လိုက်ရတဲ့အခါ...
မင့် ဆံကေသာတွေ ကြားမှာ...
ပန်းတပွင့်လို မင်းက ပန်လို့...

ဟောသည် မီးပုံကလေးလေ...
ချောက်ကမ်းပါးနံဘေး တခုမှာ
ငါတို့ အတူ ခိုလှုံခဲ့ကြတာပေါ့...
တို့ရင်ခုန်သံတွေဟာ
အာဖရိက ဗုံသံတွေထက်တောင်
ကျယ်လောင်ခဲ့သေးတယ် မဟုတ်လား...
ခုထိ ငါ ပြန်ကြားနေသေးတယ်...

လာပါ ညီမလေးရယ်...
အဲသည် ကွင်းပြင်ကျယ်ကြီးကို
ပင်လယ်လိုပဲ နောက်ထပ် တဖန်
ငါတို့ ဖြတ်ကူးကြရပြန်ပါဦးမယ်...
ငါ ပြောခဲ့တဲ့အခါ...
တို့ရဲ့ အလံ နှစ်လက်
ရွက်တိုင် တခုထက်မှာ
အတူတူ လွှင့်ထူခဲ့တဲ့ နေ့ရက်တွေဟာ
စကြ၀ဠာကြီးအတွင်းမှာ
အလင်းလက်ခဲ့ဆုံးသော
ကြယ်ပြာတလုံး ဖြစ်ခဲ့တာပေါ့...

ငါ့ ကဗျာတွေကို မင်းကရေးပြီး
မင့် တေးတွေကို ငါက ဆိုခဲ့ပေးတယ်လေ...
နောက်ထပ် ဘာလိုသေးလဲ...

ယနေ့ မနက်ဖန်
အနာဂတ် ပစ္စုပ္ပန်
အသံတွေ ဘယ်လိုထွက်ထွက်
တို့ အိပ်မက်ထဲမှာတော့ အချိန်ဆိုတာ ရှိကို မရှိခဲ့ဖူးဘူး...
ငါ့ ရင်ခွင်ဦးမှာ မင့်နှဖူးကို မှေးတင်ထားတဲ့အခါ...
တခါတခါလည်း
မင့်ပေါင်ပေါ်မှာ ငါက ခေါင်းအုံး အိပ်ရင်း
မင်းမျက်လုံးထဲက အချစ်ရိပ်တွေကို
တိတ်တဆိတ် လိုက်လိုက်ဖတ်မိသွားတဲ့အခါ...

ရွှေရောင် တောက်ပခဲ့သော
ပန်းနုရောင်နေ့ရက်များထဲက
အနီရောင် နှလုံးသားတွေပေါ်မှာ
အ၀ါရောင် ချစ်ခြင်းမေတ္တာများသာ
အစိမ်းရောင်မြက်ခင်းလို လွတ်လပ်ကျယ်ပြောခဲ့တာ...
မင်းရော ငါရော သိပါတယ်...

သည်ကနေ့တော့
ဆယ်လီဘရိတ်လုပ်ကြပါစို့...
ငါတို့ရဲ့ချစ်ခြင်းများ...

ATN
၉-၁၉-၂၀၀၉

မှတ်ချက်။ ။ သည်ကဗျာကို အသံထွက် ဖတ်စေချင်ပါသည်။

Sep 18, 2009

ကြိုးတချောင်းသေဆုံးသွားသောအခါ













ဆေးအဖြူ ကုန်သွားတဲ့ ပန်းချီဆရာပါ...
အရောင်တွေကို ဖျော့ချလို့ မရတော့ဘူး...
ခုတော့ အမှောင်ထဲမှာပဲ ကဗျာစပ်နေတယ်...

ဘက်ထရီ ဒေါင်းသွားတဲ့ ကားတစီးပါ...
ခရီးသည်တွေ မတင်နိုင်သေးဘူး...
ခုတော့ လမ်းဘေးမှာ သီချင်းထိုင်ဆိုနေတယ်...

တစ်ကြိုးတချောင်း ပြတ်သွားတဲ့ ဂစ်တာပါ...
အသံစုံအောင်တီးလို့ မရတော့ဘူး...
ခုတော့ ရုပ်ရှင်ရုံတွေဘက် လမ်းလျှောက်ထွက်သွားတယ်...

ပစ်ရင်း ခတ်ရင်း ခြေပြတ်သွားရတဲ့ စစ်သားပါ...
တိုက်ပွဲတွေကြားကလည်း ထွက်ပြေးလို့ မရတော့ဘူး...
ခုတော့ သူ့ထာဝရဘုရားနဲ့ သွားတွေ့နေတယ်...

မုန်တိုင်းကြားမှာ ကြေမွသွားတဲ့ ပန်းတပွင့်ပါ...
ဓါတ်ပုံရိုက်ဖို့ မကောင်းတော့ဘူး...
ခုတော့ သီချင်းမဆိုတော့ပဲ
တိတ်တိတ်ကလေး ငိုနေတယ်...

လေးထိမှန်လို့ အတောင်ကျိုးသွားရတဲ့ ငှက်ကလေးတကောင်ပါ...
ချစ်သူရှိရာ မပျံသန်းနိုင်တော့ဘူး...
ခုတော့ မြေပေါ်မှာလဲလျောင်းလို့
ကောင်းကင်ကို မော့်ကြည့်နေတယ်...

ခုတော့
အနောက်မြို့ရိုးမှာလည်း

ATN

Sep 17, 2009

အသည်းကွဲမြို့တော်

ပေါက် ပြောတာနဲ့ ရှာပြီး တင်လိုက်တယ်...
ကိုယ့်ခံစားချက်နဲ့ကလည်း လာတိုက်ဆိုင်နေလို့...

အတူလျှောက်ဖူးတဲ့... လမ်းများ... ပျက်အိုဟောင်း...
အတူကြည်နူးခဲ့... ချစ်ရက်နှောင်း...
အပျော်တွေ... ပြောင်းရွှေ့သွားခဲ့... အတိတ်မြို့ဟောင်း...
အကြင်နာဆုံးကလေး... မင်း... ဘယ်မှာ...
သည်မြို့ထဲ... မင်းကိုယ့်ကို... ချန်ခဲ့ပြီ...
အဆင်တန်ဆာညအတွက်... မင်းအလှ... မရှိ...
မြင်မြင်သမျှက... ကိုယ့်အတွက်... အကျည်းတန်ပြီ...
အကြင်နာ... အားလုံး... ဝေးနေပြီ...
မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ၀မ်းနည်း ဆွေးမြေ့မူး... လမ်းတွေမှာ... အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ... ချစ်သူမင်းကို... လွမ်းနေမိ...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲဆွေးနေပြီ...

အပူရှိန်... နေ့ဖက် ပြင်းသည်ထက်ပြင်းလာပြီ...
မဟူရာ... ညကျ “လ”က မရှိ...
သည်လို... အသည်းကွဲမြို့က... လွတ်ချင်ပြီ...
ဒဏ်ရာ... ဒီဂရီ... မြင့်သည်ထက်မြင့်လာပြီ...
မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ၀မ်းနည်း ဆွေးမြေ့မူး... လမ်းတွေမှာ... အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ... ချစ်သူမင်းကို... လွမ်းနေမိ...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲ ဆွေးနေပြီ...

(ချစ်သူရေ...
မင်းမရှိတဲ့... မြို့တော်မှာ...
ကိုယ်ဟာ...
ဝမ်းနည်း ဆိတ်ငြိမ်မှု... လမ်းတွေမှာ...
အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ...
ချစ်သူရေ...
လွမ်းနေမိ...
မင်းမရှိတဲ့... မြို့တော်မှာ...
ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
ပြေးဖို့... မြေမရှိ...
မတွေးရဲ...
ဆွေးမြဲဆွေးနေမိ...)


Get this widget | Track details | eSnips Social DNA

တယောက်မျက်နှာ တယောက်ကြည့်ကာ

ခုရက်ထဲ ကျနော့်ဖာသာ တိုးတိုးလေး ဆိုငြည်းနေမိတဲ့ သီချင်းပါ...

နေရစ်ခဲ့လို့... ထားခဲ့သူ...
ပြန်တွေ့ကြဖို့... မလွယ်ကူ...
တယောက်မျက်နှာကို... ကိုယ်စီတယောက်... ကြည့်ကာ... မ၀တယ်...
တွေ့ဆုံချိန်တွေ... ဝေးပြီကွယ်...

နေရစ်ခဲ့... တယောက်ထဲ... ဘ၀မှာ...
အတိတ်ရဲ့...အရိပ်တွေ... နေရာတကာ...
တယောက်မျက်နှာကို... အရင်လို... တယောက်က... ကြည့်နေဖို့ရယ်...
တွေ့ခွင့်ဆုံခွင့်... ဝေးပြီကွယ်...

ပြန်ဆုံဆည်း... နီးဖို့ရယ်..
မျှော်လင့်ချက်တွေဟာ... ရင်မှာ...
အကြိမ်ကြိမ်သာ... ဆုတောင်းရင်းနဲ့လေ...
အစဉ်ကြေကွဲရင်း... မျှော်လင့်ဆဲမှာ...

နေရစ်ခဲ့လို့... ခွဲခဲ့တာ...
ရက်စက်လှတဲ့... ကံကြမ္မာ...
တယောက်မျက်နှာကို... ထာဝစဉ်... တယောက်... ကြည့်နေခွင့်တွေ...
ခုဘ၀မှာတော့... ဝေးပြီလေ...

ပြန်ဆုံဆည်း... နီးဖို့ရယ်..
မျှော်လင့်ချက်တွေဟာ ရင်မှာ...
အကြိမ်ကြိမ်သာ... ဆုတောင်းရင်းနဲ့လေ...
အမြဲကြေကွဲရင်း... မျှော်လင့်ဆဲမှာ...

နေရစ်ခဲ့လို့... ထားခဲ့သူ...
ပြန်တွေ့ကြဖို့... မလွယ်ကူ...
တယောက်မျက်နှာကို... ကိုယ်စီတယောက်... ကြည့်ကာ... မ၀တယ်...
တွေ့ဆုံချိန်တွေ... ဝေးပြီကွယ်...
တယောက်မျက်နှာကို... ကိုယ်စီတယောက်... ကြည့်ကာ... မ၀တယ်...
တွေ့ဆုံချိန်တွေ... ဝေးပြီကွယ်...

Get this widget | Track details | eSnips Social DNA

Sep 10, 2009

ကော့တေးလ်တွေပေါ် ချော်လဲတဲ့မြစ်












ကြိုးဝိုင်းထဲ စီးဝင်လာခဲ့တဲ့ မြစ်ပေါ့...
ညကို အလဲထိုးပစ်ဖို့
ကော့တေးလ်တချို့နဲ့ မိတ်ဆွေဖြစ်တယ်...
လာခဲ့စမ်း.... ဘလဒ်ဒီးမေရီ
မင့် နှင်းဆီပွင့်ချပ်တွေဟာ နီတာက နည်းနည်းပါးပါး
နတ်ဆိုးအမုန်းက ခပ်များများ...
တွေ့ရတာဝမ်းသာတယ်ဗျား... ထကီးလားဆန်းရိုက်စ်
သစ်ပင်တွေကို အသေသာ ရိုက်သတ်ပစ်လိုက်...
သည်မြို့ရိုးတ၀ိုက်မှာ နှစ်ခြိုက်စရာက နည်းနည်း
အဆင်မပြေခြင်း ကြွက်သိုက်တွေက များတယ်...
မကျေနပ်သမျှ ထည့်ဖောက်ခွဲချမယ့် ဆာကေဗုံး
ညနေခင်းတခုလုံး ပေါက်ကွဲသွား..
နေပါဦး
ကောင်းကင်ကြီးတခုလုံးကပဲ စုတ်ချက်မှားနေသလား...
ပင်လယ်ကြီးကပဲ နှုတ်ဆက်သွားလေသလား...
အော်ဟစ်မရတဲ့ လည်ချောင်းထဲ ယားလာတယ်...
တွေ့ရာ ခွက်တွေကို ဆွဲကောက်
မြို့ကြီးတမြို့လုံးကိုပါ တရစပ် သောက်ချပစ်လိုက်တယ်...
ခုတော့ သူ့အိတ်ကပ်ထဲထည့်လာတဲ့
လမင်းကြီးပါ မှောက်ကျသွားပေါ့...
ညကို သူ အလဲမထိုးလိုက်ရတော့ဘူး...
ညကလည်း သူ့ကို အလဲထိုးစရာ မလိုတော့ဘူး...

ATN

ဘလဒ်ဒီးမေရီ = ဗော်ဒဂါ + တိုမေးတိုးဂျုစ် + လိုင်းမဂျုစ်
ထကီးလားဆန်းရိုက်စ် = ထကီးလား + အောရိန်းဂျုစ် + ဆိုင်းရပ်
ဆာကေဗုံး = ဘီယာ + ဆာကေ

Sep 8, 2009

ကြည်လင်နေသောကောင်းကင်ပေါ်မှ အပြာရောင်မိုးစက်




















“အာ ဂျာ ဂျီး... ”

ကျနော့် အနားကို ရောက်လာတဲ့ သားငယ်လေးက
ကျနော့်ကို ကြည့်ပြီး ပြောလိုက်တဲ့စကားပါ...
“ဘာလဲ သား... ” လို့ ကျနော်မေးလိုက်တော့
ကျနော့်ရှေ့က
ကွန်ပြူတာ မော်နီတာကို လက်ညှိုးထိုးပြီး
“အား ဂျစ်... ဂျစ် ဂျီး...”
“ဘာလဲ သားရဲ့... ဘာပြောတာလဲ”
သူပြောတာကို ကျနော် နားမလည်ပါဘူး...
ဒါကြောင့် ပြန်မေးလိုက်တာပါ...
အဲလို ကျနော် မေးတာကိုလည်း သူ နားလည်သလား
ကျနော် မသိပါဘူး...
ဒါပေမယ့် ကျနော့်ကို ပြန်ပြုံးပြနေတဲ့ သားကလေး မျက်နှာကို ကြည့်ပြီး
ကျနော် ပြောတာကို သူနားလည်တယ်လို့ပဲ
ကျနော့်ဘာသာ ယူဆလိုက်ပါတယ်...
သူပြောချင်တာကတော့
“ဖေဖေ ဘာလုပ်နေတာလဲ” လို့ ထင်တာပဲလေ...
သားကလေးကို ပေါင်ပေါ် ဆွဲတင်လိုက်ပြီး
ကျနော် ဖတ်လက်စ
အွန်လိုင်း စာမျက်နှာတခုကို
ဆက်ဖတ်လိုက်ပါတယ်။
ဒါပေမယ့်
ပေါင်ပေါ်ရောက်နေတဲ့ သားကလေးက
တွန့်လိမ် လူးလွန့် လှုပ်ရှားနေတာနဲ့
စာကို ဆက် မဖတ်ဖြစ်တော့ပါဘူး။
ဒါနဲ့ပဲ ကျနော့်ပေါင်ပေါ်မှာနေပြီး
“ဂျဲ ဂျဲ... ဒီး ဒီး ..” လို့ ပြောနေတဲ့
သားကလေးကို ပြန်ကြည့်မိပါတယ်။
လူသား အသေးသေးလေး...
ဘာအပြစ်မှ မရှိသေး...
စကားတောင် ကောင်းကောင်း မပြောတတ်သေး...
လက်ကလေးတွေက ကိုက်ဆွဲချင်စရာကောင်းလောက်အောင်
ဖောင်းဖောင်း အိအိကလေးတွေနဲ့...
ပါးကလေးကလည်း ဖူးဖူး အိအိကလေး...
သူ့ အသားလေးတွေအားလုံးက
ပါးမှာ ကပ်ထားချင်စရာကောင်းလောက်အောင်
နူးနူးညံ့ညံ့လေး...
သူ့ ဆံပင်ကလေးတွေကလည်း
ကြေမွတွန့်လိမ်လို့...
ဘယ်လို ဖီးပေေးပး... ပြီးရင် ပြန်တွန့်လိမ်သွားတဲ့
သူ့ ဆံပင်နီညိုမှောင်လေးတွေကလည်း
ချစ်စရာ...
ကျနော့် ဆံပင်တွေနဲ့တောင် တူနေသလား
စဉ်းစားမိသေးတယ်...
သူ့ မျက်နှာလေးက
ကျနော်နဲ့ တူသယောင်ယောင်....
သေချာတော့ မသိပါဘူး...
တချို့ကတော့ပြောတယ်...
အမေနဲ့ တူတယ်ဆိုပဲ...
ကျနော်တော့
သူ့ကို ကျနော်နဲ့ တူစေချင်နေတယ်...
အိုလေ... ဘာပဲဖြစ်ဖြစ်
တယောက်ယောက်နဲ့တော့ တူမှာပဲ မဟုတ်လား...
ကျနော်ကတော့
သူ့ ပါးဖောင်းဖောင်းကလေးတွေကိုပဲ
ချစ်နေမိတော့တာပဲ...
ကျနော် ငယ်ငယ်တုန်းကလည်း
အဲလို ပါးဖောင်းဖောင်းလေးတွေ
ရှိခဲ့ဖူးတာ ဖြစ်မယ်...
အမေ့ကို တွေ့မှ ပြန်မေးရမယ်...
အဲ.... ပြန်မေးလို့ မရတော့ဘူး...
အမေက မနှစ်က ဆုံးသွားပြီလေ...
ဘယ်သူ့ကို မေးရပါ့....
အဒေါ်တွေကို မေးမှ ဖြစ်မယ်ထင်တယ်...
ကျနော် စဉ်းစားနေတုန်း
သားကလေးက ပြောတယ်
“၀ဲဂျစ်...” တဲ့...
သူဘာပြောတာလဲ...
ကျနော် မသိ... သူပဲ သိမယ်...
သူ ခံစားနေရတာ တစုံတခုကို
သူပြောနေတာပဲ ဖြစ်မယ်...
ဒါမယ့် သူလိမ်မပြောဘူးဆိုတာတော့
ကျနော် သိနေတယ်...
ဘာလို့ဆို
ကလေးတွေက လိမ်မပြောတတ်ကြဘူးလေ...
ကျနော်ကတော့
သူ့ မျက်လုံး ပြာပြာလေးတွေထဲကိုပဲ
စိုက်ကြည့်နေမိတယ်...
ကောင်းကင်ပေါ်က တိမ်တွေကို
ကြည့်ရသလိုမျိုး...
သူ့ မျက်လုံး ကလေးတွေက
ပြာလဲ့ ကြည်စင်လို့...
အပြစ်ကင်းစင်တယ်ဆိုတာ
အဲလို မျက်လုံးလေးတွေပဲ...
ကျနော် ငယ်ငယ်တုန်းကလည်း
အဲလို မျက်လုံး ပြာပြာလေးတွေ
ကျနော့်မှာ ရှိခဲ့ဖူးမှာပါ...
အဲဒါတော့ ကျနော် သေချာပါတယ်...
အဲ ကျနော့် မျက်လုံးပြာပြာလေးတွေကိုလည်း
အမေက သိပ်ချစ်ခဲ့ဖူးမှာပါ...
ခုတော့ အဲလို မျက်လုံးပြာပြာလေးတွေ
ကျနော့်ဆီမှာ မရှိတော့ဘူး...
သားကလေးဆီကပဲ
ခဏငှားရတော့မယ် ထင်ရဲ့...
“အား... ပါ ပါး... ပူ ကျိ...”
ဟော... သားကလေးက
စကားတွေ ထပ်ပြောနေပြန်ပြီ...
ကျနော့်အတွေးတွေကို
သူသိနေလေသလား...
“ဖေဖေ့ကို ကျနော့် မျက်လုံးတွေ မငှားနိုင်ဘူး...” လို့
သူပြောနေတာ ဖြစ်မယ်...
“အေးပါ... အေးပါ...ကွာ...
ငါ မငှားပါဘူး...
မင့်မျက်လုံးတွေကို
ငါ မငှားပါဘူး...
မပူပါနဲ့...”
အဲလို ကျနော် ပြောလိုက်ရင်း
သားကလေးကို ပေါင်ပေါ်ကနေ ချပေးလိုက်တယ်...
တောက်တက်တောက်တက်နဲ့
ယိုင်ထိုး လျှောက်သွားတဲ့ သားကလေးဟာ
ချစ်စရာ အရမ်းကောင်းတယ်...
တကမ္ဘာလုံးမှာ ကျနော်အချစ်ဆုံးဟာ
သူဖြစ်နေပါပေါ့...
အင်း... ပြန်စဉ်းစားကြည့်မိတော့...
ကျနော်လည်း
တချိန်တုံးက
အမေ့ အချစ်ဆုံး ဖြစ်ခဲ့လိမ့်မယ်...
အဖေ့ အချစ်ဆုံးဖြစ်ခဲ့ဖို့တော့ မသေချာဘူး...
ဘာလို့ဆိုတော့
ကျနော့်ကို အမေမွေးတော့
အဖေက တောနက် တခုထဲမှာလေ...
ထားပါတော့လေ...
ကျနော့်ဘာသာကျနော် တွေးနေမိတာပါ...
အဖေ့ကို ကျနော် တခါ မေးခဲ့ဖူးတယ်...
အဖေနဲ့ ကျနော်တို့ ပြန်တွေ့ကြတော့...
“ဖေဖေ သားတို့ကို ချစ်လား...”
“မင်းကိုယ်တိုင် သားကလေးတယောက်ရတော့
မင်းသိမပေါ့”တဲ့...
အဖေပြောခဲ့တဲ့ စကား...
ကျနော် ပြန်ကြားနေသေးတယ်...
ကျနော့်သားလေးတွေ ကျနော် ချစ်တယ်...
အဖေလည်း သူ့သားတွေကို ချစ်မှာပါ...
အခုတော့ အဲဒါကို
ကျနော် သိပ်ကို သေချာနေတယ်...
အဖေ ကျနော်တို့ကို ချစ်ခဲ့မှာပါ....
“ဂျေ..ဂျေ.. ဒဲ...”
ဟော... သားကလေးက အနားရောက်လာပြီး ပြောနေပြန်တယ်...
“ဖေဖေ... သိပ်မစဉ်းစားနဲ့...”လို့ သူပြောနေတာဖြစ်မယ်...
“အေးပါကွယ်...
ဘာမှ မစဉ်းစားတော့ပါဘူး... ”
ဆက်ပြီးစဉ်းစားရင်း
သားကလေးကို စကားပြောနေမိတယ်....
“ငါ့နေ့တွေ ဘယ်တော့ ပြာလာမလဲ... သားလေးရဲ့”
သားကလေးကတော့
ကျနော့်ကို မော့ကြည့်ရင်း
ချစ်စရာကောင်းအောင်
ပြုံးပြလို့... ပြောတယ်...
“နာနာ နီး...”တဲ့
သူ့အပြုံးထဲမှာ
ကျနော့် နေ့ရက်တွေ
ပြာလဲ့ကြည်စင်နေတာကို
မျက်ဝါးထင်ထင်
ကျနော် မြင်လိုက်တယ်...

ATN

Sep 6, 2009

အနောက်မြို့ရိုးမှာကျိုးပဲ့သွားတဲ့ မှန်တချပ်











“နှင်း”ရေ့...
ငါ့ လမ်းမတွေက ကွဲကွာခြင်းနဲ့ ခြောက်သွေ့...
ငါ့ မြို့ကလေးက ဝေးလွင့်ခြင်းတွေနဲ့ တိတ်ဆိတ်...
ငါ့ သီချင်းတွေကတော့ တမ်းတခြင်းနဲ့ စွတ်စို...
ငါ့ နာရီလေးကလည်း လွမ်းဆွတ်ခြင်းတွေနဲ့ ရွေ့လျား...
ငါ့ နေ့ရက်တွေကတော့ မျှော်လင့်ခြင်းနဲ့ ရှင်သန်...
ငါ့ ဖိနပ်ကလေးကလည်း နာကျည်းခြင်းတွေနဲ့ လမ်းလျှောက်...
ငါ့ ခြေထောက်တွေကတော့ ဆုံးရှုံးခြင်းနဲ့ ရွက်လွှင့်...
ငါ့ ဂစ်တာလေးက ငိုကြွေးခြင်းတွေနဲ့ အိုမင်း...
ငါ့ ဆံပင်တွေကတော့ နာကျင်ခြင်းနဲ့ ရှည်လျား...
ငါ့ ငှက်ကလေးကလည်း ကြေကွဲခြင်းတွေနဲ့ တေးဆို...
ငါ့ ကဗျာတွေကတော့ သေဆုံးခြင်းနဲ့ နီးကပ်...
ငါ့ ချစ်သူကလည်း မုန်းတီးခြင်းတွေနဲ့ ပေါင်းဖော်...
ငါ့ မနက်ခင်းတွေက မှောင်မိုက်ခြင်းနဲ့ အသားကျ...
ငါ့ နှလုံးသားကတော့ ရပ်တန့်ခြင်းတွေနဲ့ လည်ပတ်...
ငါ့ အရောင်တွေက ချို့တဲ့ခြင်းနဲ့ ဖောင်းပွ...
ငါ့ ကောင်းကင်ကတော့ လိုအပ်ခြင်းတွေနဲ့ ပြည့်ဝ...
ငါ့ ညတွေကလည်း မိုက်မဲခြင်းနဲ့ ပျော်ဝင်...
ငါ့ မြို့ရိုးကတော့ ချစ်မက်ခြင်းတွေနဲ့ ထူထပ်...
ငါ့ မှန်တချပ်ကတော့ (ကွဲအက်ခြင်းတွေနဲ့... ) ... ... ...
... ... ...
“နှင်း”ရေ့... ... ...

ATN

သည်ကဗျာကို အသံထွက်ပြီး ရွတ်ချင်တယ်။ အက်ကိုး (echo) ပါတဲ့ မိုက်တလုံးနဲ့ ရွတ်ချင်တာ။ ကဗျာဆုံးတာနဲ့ အဲ မိုက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ချင်တယ်။ ဘယ်လို အသံတွေ ထွက်လာမလဲ။ တွေးကြည့်...။ ပြီးမှ “နှင်း”ရေလို့ အော်လိုက်မယ်။ အဲဒါ ကဗျာရဲ့ အဆုံးသပ်ပဲ။ ခုတော့ ကဗျာမှာ အသံတွေ ထည့်လို့ မရတော့ ... ... ... ...

Sep 4, 2009

ပင်လယ်သေထဲမှာ ရေနစ်တဲ့ကောင်းကင်












သူ့ပါးစပ်နဲ့ ငါ့မနက်ခင်းတွေကို ပစ်သတ်သွားတာ
သည်နတ်ဆိုးမပေါ့...
သူ့ကို ငါ့မြေပြင်ကြီး တခုလုံး
ပြုံးပြုံးကြီး ယာဇ်ပူဇော်ခဲ့တဲ့ ညနေမှာ
ငါ့နှလုံးသား ငိုကြွေးနေခဲ့တယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

သွေးကြောတွေ သေတောင့်လို့
လေးထောင့်ကြီးဖြစ်နေတဲ့ ငါ့ပြတင်းက
ဝိုင်းစက်နေတဲ့ လမင်းကို
ရင်ခွင်ထဲ မဆန့်ရင်ကန် ဆွဲသွင်းတဲ့ ည...
ငါ့ ဒေါသတွေကတော့ အလိပ်လိုက်ထနေတယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

အသည်းဟက်တက်ကွဲလို့
အရက်မူးလဲနေတဲ့ အင်းဆက်တကောင်
ရမ်းယောင်အော်ဟစ်လိုက်တဲ့ တေးချင်းပ...
တိုးတိတ်ပေမယ့် စူးရှလွန်းလှတယ်...
ငါ့ နားတွေက မခံနိုင်ဘူး...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

လူလစ်တိုင်း ကြွေကျနေတဲ့ ကြယ်တွေနဲ့အတူ
အမှောင်ထဲမှာ ဆုပ်ကိုင်လို့ရတာဆိုလို့
အကုသိုလ်ရဲ့ရွှေတောင်ပံတွေပဲ ရှိတယ်...
နံရံတွေပေါ်မှာ ရှည်လျားပိန်းပိတ်နေတုံး
ငါ့မျက်လုံးက တွေ့လိုက်တယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

အနောက်တံခါးမှာ
နိမိတ်ကြီး သုံးပါးကို အတုံးလိုက် အတစ်လိုက် မြင်ရတယ်...
နေ၊ လ၊ တာရာ၊ ကမ္ဘာ တံစို့ထိုးပြီးအကင်ခံထားရတဲ့
ဘုရားသခင်ရဲ့ ညမီးပုံမှာ
ထင်းတစုံ ထိုးထည့်ရင်း ငါဆုတောင်းလိုက်ပါတယ်...
အရပ် ဆယ်မျက်နှာမှာ ငါ ဆုံးရှုံးခဲ့ပြီကိုး...

“အချင်း... စာတန်... ငါ့နောက်သို့ဆုတ်လော့...”
ကောင်းကင်မုခ်ဝမှာ ငါ နောက်ဆုံး ပြောခဲ့တဲ့ စကား ဖြစ်မယ်...
ငါ့ အမှတ်အသားတွေကလည်း ပျောက်ဆုံးကုန်တာဖြစ်မယ်...
ငါ့မြေပုံကလည်း ငါ့မြေပုံထဲ စီးဆင်းသွားတာဖြစ်မယ်...
ငါ စီးနင်းလာတဲ့ ရထားကလည်း ခမ်းခြောက်နေတဲ့ မြစ်တစင်းဖြစ်မယ်...
ငါ ရေဆင်းကူးခဲ့တဲ့ ပင်လယ်ဟာလည်း ရှင်လျက်နဲ့ သေနေတာဖြစ်မယ်...
ငါ့ ကောင်းကင်ကလည်း ကူးခပ်ရင်းနဲ့ နစ်ခဲ့တာဖြစ်မယ်...
ငါ့ကိုယ်ငါ ဆုံးရှုံးခဲ့ပြီကိုး... ...

ATN

Sep 3, 2009

သက်တန့်ရောင်စုံသစ်ပင်

ဘာအကြောင်းကြောင့်မှန်းမသိ
တတန်းပြီးတတန်း
အသေအချာ စီထပ်ထားသော
တောင်တန်းများကို
ခက်ခဲစွာ အလွယ်တကူ ဖြတ်ကျော်ပြီးသည့်အခါ

အိမ်တလုံးကို

ငြိမ်သက်စွာ လှိုင်းထန်နေသည့် ပင်လယ်ထဲမှာ
ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့
ကျနော် ၀ယ်ခဲ့သည်၊
သို့သော်လည်း
ထိုအိမ်တွင် ကျနော် မနေပါ၊
ကံကြမ္မာကို အိမ်ငှား စားထားပါသည်။


အပြင်းပြေလျှောက်လည်နေသော
ကံကောင်းလှသည့် ကြွက်တကောင်ကို

လမ်းပေါ်မှာ မတော်တဆ ဖမ်းမိသွားသော
ကံဆိုးနေသည့် ကြောင်တကောင်က
စိတ်အဆာပြေ ကစားသလိုမျိုး
တစုံတယောက်ကို ဆော့ကစားရန်အတွက်
နတ်ဆိုး ယက်လုပ်ထားသော ပိုက်ကွန်သည်
ယခု ကျနော့် အိပ်ယာပေါ်က စောင်တထည် ဖြစ်ပါသည်၊
ထိုစောင်ကို ခြုံရင်း
အိပ်ယာပေါ်မှာ
ပျော်ရွှင် နွမ်းလျစွာ ခွေခွေကလေး
ကျနော် မတ်တပ်ရပ်နေပါသေးသည်။


ကျနော်တို့နိုင်ငံရှိ
ထူးထူးခြားခြား ကမ္ဘာမကျော်သော
သူလိုငါလို နံမည်ကြီး တက္ကသိုလ် ကျောင်းတခုမှာ
ကျနော် ကျောင်းတက်ခဲ့သည်၊
ရွှေရောင်တောက်ပသော ကျနော့် တက္ကသိုလ် နေ့ရက်များမှာ
သူမတူအောင်ပင်
ကျန်သော တက္ကသိုလ် ကျောင်းသားများ အားလုံး၏ နေ့ရက်များကဲ့သို့
မဲမှောင်နေခဲ့လေသည်၊
ထုံးစံအတိုင်း အစဉ်အလာမပျက်
စာရွက်တရွက် အပေါ်မှာ ကျနော် ဘွဲ့ရခဲ့သည်၊
သို့သော်လည်း

ထုံးစံအတိုင်း
ဘွဲ့ဝတ်စုံထဲသို့
အစဉ်အလာမပျက် ကျနော် မ၀င်ခဲ့ဖူးပါ၊

အစဉ်အလာမပျက်
ဘွဲ့လက်မှတ်မှာလည်း
ကျနော့် ဓါတ်ပုံ ထုံးစံအတိုင်း မကပ်ခဲ့ဖူးပါ၊
ကံဆိုးလှစွာ
ကျနော် ကံကောင်းနေချေသည်တကား။


ခုတလော
ကျနော့် ဂစ်တာတလုံးကလည်း
တီးခတ်လိုက်သည့်အခါတိုင်း
တုန်တုန်ယင်ယင် ဆွဲဆွဲငင်ငင်နှင့်
တယောသံချည့် ထွက်နေလေသည်၊
ဖော်မပြနိုင်သော အကြောင်းတခုခု
သူ့မှာရှိနေကြောင်း
ကျနော် ကောင်းကောင်း သိပါသည်၊
သို့သော်လည်း
သူ့ကို ကျနော် အလုပ် မဖြုတ်ပစ်ပါ၊
နံရံပေါ်မှာ အသာအယာ ပြန်ချိတ်ထားပါသည်၊
စိတ်လက်ချမ်းသာစွာ သူ အိပ်ပါစေ၊
သူတပါး မနှောက်ယှက်ရ။


ခေါင်းငိုက်စိုက်ချရင်း
ကျနော့်ကို ဖြတ်ကျော်သွားသော “မနက်ဖန်”က
ပြန်လှည့်လာရင်း
ပျောက်ဆုံးသွားသော “မနေ့”အတွက်သာ
ဝမ်းပမ်းတနဲ သူ ငိုကြွေးနေရခြင်းဖြစ်ကြောင်း
လေးလေးနက်နက်
ကျနော့်ကို ပြောလာသောအခါ
ဘာမျှ မစဉ်းစားပဲ
ပေါ့ပေါ့ပါးပါး ဟက်ဟက်ပက်ပက်
ကျနော် ရီမောနေမိပါလိမ့်ဦးမည်၊
ထိုနေ့အမည်ကို ပြက္ခဒိန်မှာ
ကျနော် ကြည့်မိသောအခါ
“ယနေ့”ဟု ရေးသားထားသည်ကို တွေ့ရလေသည်။


ကျနော့်မှာ
လမ်းတခုကို
ကျနော့် နံဘေးက အတူ
လျှောက်မည့်သူတယောက် ရှိသည်၊

ကြမ်းတမ်းနေသော
ကျနော့်လက်များကို
နူးညံ့စွာ
ထာဝရ ဆုပ်ကိုင်ထားမည့်
လက်ဖ၀ါး သေးသေးလေး တစုံ ရှိသည်၊
ကျနော့် နှလုံးသားကို အေးမြစေသည့်
ပူနွေးသော နှလုံးသား တစုံ ရှိသည်၊
ကျနော့်ကို သေရွာပါမည့် အနမ်းတခု ပေးခဲ့သော
နှုတ်ခမ်းပါးလေး တစုံ ရှိသည်၊
အဝေးဆုံး အရပ်သို့ ကျနော် ထွက်ခွာသွားသည့်အခါ
အနီးဆုံး အရပ်မှ ကျနော့်ကို စောင့်မျှော်ဆီးကြိုနေမည့်
ချိုမြသော အသံတစုံ ရှိသည်၊
ပျော်ရွှင်စရာများကြောင့် ကျနော် ၀မ်းနည်းစွာ ငိုကြွေးသောအခါ
တေးဆို ချော့သိပ်တတ်သည့် ရင်ဘတ်တခု ရှိသည်၊
ထို့အတူ
“တော်လေးဝ”၀င်သည့် ဇနီးမယားတယောက်
ကျနော့်မှာ မရှိပါ။


အချိန်ရှိတုန်း
မရှိခြင်း ရှိခြင်းများကို
တွေးခေါ်စဉ်းစားထားဦး လူသား-
ဆိုသော စာတမ်းကြီးကို
ရုပ်ရှင်ကား ကြော်ငြာများကြား တွေ့လိုက်ရသည့်အချိန်မှာ
ကျနော့် အိပ်ကပ်ထဲတွင် ပိုက်ဆံတပြားမှ မရှိပါ၊
နောက်တနေ့နံနက်တွင်မူ
ကြွေးစာရင်းများစွာ
ကျနော့်မှာ ရှိနေပါလိမ့်မည်၊
ယခုအခါ
ရှိခြင်း မရှိခြင်းများကို စဉ်းစားရန်
ကျနော့်မှာ အချိန် မရှိပါ၊
အဘယ်ကြောင့်ဆိုသော်
ကျနော့်မှာ အလုပ်မရှိသောကြောင့် ဖြစ်ပါသည်။
အသေအချာ တွေးကြည့်သည့်အခါ
ကျနော့်မှာ
ဘာမျှမလုပ်ပဲ ပိုက်ရုံသာ ပိုက်ထားရန်
လက်တစုံ ရှိသည်၊
အရေမရ အဖတ် မရသောစာများကို ဖတ်ဖို့
စာကြည့် မျက်မှန်တလက် ရှိသည်၊
သိပ်လေးလေးနက်နက် မတွေးဖို့
ဦးနှောက်တလုံး ရှိသည်၊
ချစ်ခြင်းမေတ္တာမှ လွဲလျှင်
ကျန်သည့်အရာများကို သိပ် မခံစားတတ်သော
နှလုံးသားတခု ရှိသည်၊
ကျနော့်အတွက် ပိုလျှံနေသည့် အချက်မှာ
ကျနော် ရင်မဆိုင်ချင်သော တစုံတခုမှ
တိမ်းရှောင် ထွက်ပြေးရန်အတွက်
ခြေထောက်နှစ်ချောင်း မရှိခြင်းပင် ဖြစ်ပါသည်၊
ထိုခြေထောက်များကို ကျနော် လွမ်းပါသည်။


ATN

Sep 1, 2009

ဘလော့တထောင်၊ ဆောင်သင့်သည်များနဲ့ ရပ်တန့်သွားသောစာမျက်နှာများ

ခုတလော အလုပ်ရှုပ်တာနဲ့ ဘာစာမှ မရေးဖြစ်သလောက်ကိုပါပဲ။ ကဗျာတချို့သာ ရေးဖြစ်တာပါ။ သည်နေ့တော့ အချိန် နည်းနည်းရတာနဲ့ သွားလည်နေကြ ဘလော့တချို့ကို သွားပြီး စာတွေ၊ ကဗျာတွေ ဖတ်ဖြစ်ပါတယ်။၊ သည်ပို့စ်ကတော့ ဘလော့တွေ လိုက် လည်ရင်းက ခေါင်းထဲရောက်လာတဲ့ အတွေးတချို့နဲ့ ခံစားချက် တချို့ကို ချရေးလိုက်မိ တာပါပဲ။

၁။
ပုံမှန်အားဖြင့် ကျနော် ဖတ်လေ့ရှိတဲ့ ဘလော့တွေကိုတော့ ကျနော့် ဘလော့က ဆိုဒ်ဘားမှာ တွေ့နိုင်ပါတယ်။ ကဗျာဘလော့ (၄၃) ခု၊ တခြားဘလော့ (၁၀၇) ခု ဆိုတော့ အားလုံးပေါင်း (၁၅၀) ရှိပါတယ်။ ပို့စ်အသစ်တက်တိုင်း သွားဖတ်နေကြပါ။ တကယ်တော့ ကျနော် ဖတ်ဖြစ်၊ ဖတ်နေတဲ့ ဘလော့တွေကလည်း ရာနဲ့ချီနေတယ်လို့ ပြောရမှာပါ။ သည်တော့ အကုန်လုံးကို အိမ်တိုင်ရာရောက် သွားမဖတ်နိုင်ပါဘူး။ သည်လိုနဲ့ ဘလော့တချို့ကို Google Reader ထဲမှာ Feed ယူထားလိုက်ပါတယ်။ ပုံမှန်ဖတ်နေကြ ဘလော့တွေက လွဲရင် ကျန်တဲ့ ဘလော့ တွေကိုတော့ Google Reader ကနေပဲ ဖတ်နေကြမို့လို့ ကွန်မန့်ပေးချင်မှသာ ဘလော့အထိ လိုက်သွားပြီး ဖတ်ပါတယ်။ Reader မှာ ကျနော် Feed ယူထားတဲ့ ဘလော့တွေကလည်း အားလုံးပေါင်း ၂၄၀ ကျော် ရှိပါတယ်။ အများစုက နေ့တိုင်းနီးပါး မဟုတ်တောင် ၃ ရက် တပို့စ်လောက် တင်နေကြတာဆိုတော့ Reader က ဖတ်ရင်ပဲ တနေ့ကို ပို့စ်ပေါင်းတရာ ကျော်လောက် ဖတ်နေရတာပါ။

အဲသည်မှာ ကျနော် သွားတွေးမိတာက - အော် တို့ ဘလော်ဂါတွေလည်း စားဝတ်နေရေး အတွက် လုံးပမ်းရ၊ ဘလော့ရေးရ၊ ဘလော့လည်ရ၊ ကွန်မန့်တွေပေးရ၊ ကွန်မန့်တွေ ပြန်ရ၊ ဆီပုံးထဲရေးရ၊ ဆီပုံးထဲကစာတွေ ပြန်ရ၊ သည်ကြားထဲ တန်းပလိပ်ပြင်ရ ဘာညာနဲ့ အချိန်တွေ အတော်ပါးရှနေကြမှာပဲ။ သည်ကြားထဲ ဘလော့ အသစ်တွေကလည်း အင်နဲ့အားနဲ့ ဟောတခု ဟောတခု ပေါ်လာနေတော့ အရှိန်အဟုန်ကြီးကြီးနဲ့ စီးချလာတဲ့ မြန်မာ ဘလော့ ရေစီးကြောင်းကြီးထဲမှာ ဘလော်ဂါတွေခမျာ ယက်ကန်ယက်ကန် ဖြစ်နေကြပြီပေါ့ လို့ တွေးနေ မိတော့တာပါ။ “ဘဲအုပ်က တရာ နှစ်ရာ မဗေဒါက တပင်ထဲ ” ဆိုတဲ့ ဆရာဇော်ဂျီရဲ့ နံမည်ကျော် ကဗျာတစကိုတောင် ရီချင်နေမိသေးတော့တယ်။ ကျနော့်ဘာသာကျနော် စိတ်ထဲမှာ တော့ “ဘလော့အုပ်က တထောင် နှစ်ထောင်... ဘလော်ဂါက တကောင်ထဲ...” လို့ ရေရွတ် နေမိကြောင်းပါ။

၂။
သည်ကြားထဲမှာ ဘလော့တွေလည်ရင်း ရောက်ဖြစ်တဲ့ ဘလော့ရဲ့ဆိုဒ်ဘားမှာ တင်ထားတဲ့ လင့်တွေကို ကြည့်မိတဲ့အခါ ကျနော် မရောက်ဖူးသေးတဲ့ ဘလော့တွေက စိတ်ဝင်စားစရာ ခေါင်းစဉ်တခုခုတွေ့မိရင် အဲသည် ဘလော့ပို့စ်တွေကို ရောက်သွားတတ်ပါတယ်။ နှစ်သက်မိတဲ့အခါ ကျန်တဲ့ ပို့စ်တွေပါ ဖတ်ရင်း ကျနော့် ဖတ်ရမယ့်စာရင်းထဲ ဘလော့တခု နောက်ထပ် တိုးသွားတော့တာပါပဲ။ သို့သော် အမြဲတမ်းတော့လည်း မဟုတ်ဘူးပေါ့လေ။ တခါတလေလည်း ပို့စ်ကြောင့် မဟုတ်ပဲ ဘလော့ နံမည်ကိုက စိတ်ဝင်စားစရာ ကောင်းနေ တာနဲ့ ရောက်သွားတာမျိုးလည်း ရှိပါသေးတယ်။ ဒါပေသည့် ရောက်သွားတိုင်း နှစ်သက် သွားတာမျိုး တော့လည်း မဟုတ်ပါဘူး။ ဘလော့တွေကို ကြိုက်မကြိုက်ဆိုတာက တဦးချင်း နှစ်ခြိုက်မှုနဲ့လည်း ဆိုင်တာ ဆိုတော့ ကြိုက်နှစ်သက်မှုခြင်း မတူတဲ့ ဘလော့တွေကို ရောက်သွားတဲ့အခါ ဘာမှမပါပဲ လှည့်ပြန်လာရတယ် လို့ပဲ ပြောရမှာပါ။ ဥပမာ - ကျနော်က ကဗျာတွေကို နှစ်သက်တယ်၊ ကဗျာရေးတဲ့ ဘလော့တိုင်းနီးပါးကို ဖတ်ပါတယ်၊ သို့သော်လည်း ကဗျာရေးတဲ့ ဘလော့တခုကို ရောက်သွားတဲ့အခါ အဲသည်ဘလော့က ကဗျာ ပုံစံတွေကို ကျနော်က မနှစ်ခြိုက်ဘူး။ အဲလို ဘလော့တွေကျတော့လည်း ကျနော့် ဖတ်ရမယ့် စာရင်းထဲ ပါမသွားတော့ဘူးပေါ့လေ။

သည်မှာ ကျနော် တခုသွားတွေးမိတာပါ။ ဘလော့ရေးတာက ရေးချင်လို့ ရေးတာမှန်ပေမယ့် ကိုယ်ရေးတာကို ဖတ်စေချင်တဲ့ စိတ်ကတော့ ဘလော်ဂါတိုင်းမှာ ရှိမှာပါ။ “ဘယ်သူမှ ဖတ်ဖို့ မဟုတ်ဘူး။ ဖတ်ချင်ဖတ် မဖတ်ချင်နေ” ဆိုရင်တော့ ဘာလို့ အလုပ်ရှုပ် အချိန်ကုန်ခံပြီး စကတည်းက ဘလော့ပေါ် တင်နေမလဲလေ... မဟုတ်ဘူးလား။ ဘလော့ပေါ် တင်ပြီ ဆိုကတည်းက လူဖတ်စေချင်လို့ပေါ့။ သည်တော့ လူဖတ်စေချင်ရင် ဖတ်စေချင်လာ အောင်လည်း ဆွဲဆောင်မှု ရှိဖို့ လိုတယ်လို့ ထင်မိတယ်။ ဆွဲဆောင်နိုင်တာကလည်း အခုလို ကျနော် မသိသေးတဲ့ ဘလော့ အသစ်တွေ သွားဖတ်မိတဲ့ အကြောင်း အထက်မှာ ပြောခဲ့သလို ပို့စ်ရဲ့ ခေါင်းစဉ်က စိတ်ဝင်စားစရာ ကောင်းတာမျိုး၊ ဘလော့နံမည်က စိတ်ဝင်စားစရာ ကောင်းတာမျိုး၊ ဘလော့ပို့စ်ရဲ့ အတွင်းသားကိုက စိတ်ဝင်စားစရာ ကောင်းတာမျိုး စသည်ဖြင့်ပေါ့။ နောက်တခု ကျနော်တွေးမိတာကတော့ ဘလော်ဂါမှန်သမျှ ကိုယ့်ဆိုဒ်ဘားမှာ ကိုယ်ဖတ်နေတဲ့ ဘလော့တွေရဲ့ လင့်လေးတွေကို တင်ထားပေးရင် ကောင်းမယ်လို့ ထင်တယ်။ ဒါမှ တခြား ဘလော်ဂါတွေ မသိသေးတဲ့ ဘလော့တွေကို ဝေမျှပေးရာ ရောက်မယ်၊ လိုက်လံရှာဖွေနေရတဲ့ အချိန်ကိုလည်း အကုန် သက်သာစေမယ် ထင်ပါတယ်။ ဒါကတော့ ဆောင်သင့်တာလေးတွေလို့ တွေးထင်မိကြောင်းပါ။

၃။
နောက်တခုက ဘလော့တွေက အဲသည် ဆိုဒ်ဘားအကြောင်းပါပဲ။ ဆိုဒ်ဘားပေါ်က ဘလော့လင့်လေးတွေကို ကြည့်လိုက်ရင် ပို့စ်တွေက ဘယ်တုန်းက တက်လာတယ် ဆိုတာ အများအားဖြင့် ဖော်ပြထားလေ့ရှိပါတယ်။ 1 hr ago, 2 days ago, 3 weeks ago စသည်ဖြင့်ပေါ့လေ။ အဲသည်မှာ တချို့တွေဆိုရင်လည်း 6 months ago, 1 year ago တို့ဆိုတာပါ တွေ့တတ်ပါသေးတယ်။ ဒါကလည်း အကြောင်း အမျိုးမျိုးတော့ ရှိကြမှာပေါ့လေ။ အလုပ်များနေတာ၊ ခရီးထွက်နေတာ၊ ကျန်းမာရေးမကောင်းတာ စသည်ဖြင့်ပေါ့လေ။ အကြောင်း အမျိုးမျိုးနဲ့ ဘလော့ကို ဆက်မရေးနိုင်ပဲ ထားခဲ့ရတာ။ တချို့ကတော့ ဘ၀ လမ်းဆုံးကို ရောက်သွားလို့ ဆက်ကို မရေးနိုင်တော့တာ။ တချို့ကတော့ မတရား ဖမ်းဆီး ထောင်ချခံနေရတာတောင်ပါသေး။ အဲသည်လို အကြောင်းအမျိုးမျိုးနဲ့ ရပ်တန့်နေတဲ့ စာမျက်နှာတွေကို ဘလော့တွေရဲ့ ဆိုဒ်ဘားမှာ မြင်ရတဲ့အခါ ကျနော့်မှာ အတွေးတွေ မီးခိုးအူလာမိတာပါပဲ။

ဥပမာ - ကျနော့်ဆိုဒ်ဘားက ကဗျာဘလော့များထဲက ခေးအော့စ် 6 months ago ။ အခြားဘလော့များ စာရင်းထဲမှာ ပါတဲ့ စာမျက်နှာတွေထဲမှာ ဆိုရင် အန်ကယ်အောင် အန်ကယ်အောင်နဲ့ ကျနော့်ကို လာလာ အော်တတ်တဲ့ တူမောင်မျိုး 4 months ago “ဦးနာအောက်၊ အောက်မအောက်”-ရေးပြီး ပျောက်သွားတဲ့ ကိုမောင်ရင် 5 months ago “စက္ကူငှက်ကလေး”-ကို နောက်ဆုံးရေးပြီး သင်္ဘောပေါ် တက်ပြေးသွားတဲ့ ညီငယ် ဇင်ယော် 7 months ago စသည်ဖြင့်ပေါ့လေ။ ပျောက်သွားလိုက်ကြတာ။ ပြန်ကို ပေါ်မလာတော့ဘူး။ သူတို့ထားခဲ့တဲ့ စာမျက်နှာတွေကတော့ ရှေ့ဆက် မရွေ့လျားနိုင်တော့ပဲ အေးခဲ ရပ်တန့်လို့။ ရပ်တန့်သွားတဲ့ စာမျက်နှာတွေက သူတို့ ပိုင်ရှင်တွေကို မျှော်နေကြလေမလား။ သူတို့တွေ ဘာတွေ ဖြစ်နေကြပါလိမ့်။ အဆင်မှ ပြေကြရဲ့လား။ သူတို့ ဘလော့တွေကို လွမ်းနေကြမလား... စသည်ဖြင့် မီးခိုးတွေ အူထလာမိကြောင်းပါ။

မျက်ရည်ငှက်များနားစေသတည်း

သီချင်းဟောင်းတွေ ပြန်နားထောင်ရင်း ခုတလော ကျော်ဟိန်း သီချင်း အဟောင်းတွေကို နားထောင်ဖြစ်နေတယ်။ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ကို အကြိုက်ဆုံးပါ။ သီချင်းတွေရဲ့ စာသားတွေကို တော်တော် ကြိုက်တာပါ။ နားထောင်ဖြစ်နေတဲ့ သီချင်းတွေထဲက ခေါင်းစီး သီချင်းဖြစ်တဲ့ “မျက်ရည်ငှက်များနားစေသတည်း” ကို ကျနော် တော်တော် ကြိုက်ပါတယ်။ နားမထောင်ဖူးသေးသူများ နားထောင်ကြရအောင် တင်ပေးရင်းနဲ့ ဆားချက်လိုက်ပါတယ်။ (သီချင်းက အရမ်းအေးလို့ ပျင်းစရာကောင်းရင်လည်း ဆောရီးပါ...း)

မျက်ရည်ငှက်များနားစေသတည်း

မျက်ရည်လွယ်သောသူလေးနဲ့... မျက်ရည်လွယ်သော ကျနော်နဲ့ပေါ့လေ...
လောကထောင့်ကျဉ်း တနေရာမှာဆုံတယ်...
ချစ်နေရင်း... ချစ်နေရင်း... ဘာကြောင့်အားငယ်လဲ ပြောစမ်းပါ...
နင် မငိုပါနဲ့... မင်းငိုရင်... ငါ ငိုမယ်...

ငါ့ရင်ခွင်ထဲ ဖက်ထားမယ်... ငါ့ကိုပြန်ပြီး... (ငါ့ကိုပြန်ပြီး...) ဖက်ထား... အတင်းပဲနော်...
မျက်စေ့မှိတ်ပြီး နေချင်တယ်... (ချစ်ချစ်ရယ်...)
အသွေးတွေထဲ စွဲအောင်လည်း... ငြိမ့်သောအနမ်းလေးနဲ့... နမ်းရင်းလေ...
နင် မငိုရဘူး... မင်းငိုရင်... ငိုချင်တယ်...

တုန်ရီလှိုက်မော... အချစ်ကိုပြောဦးမယ်...
ရင်ခုန်သံလေး မြန်နေတယ်... (ဟူး... ဟူး...)
တုန်ရီလှိုက်မော... ချွေရင်ကြွေနွမ်းရော့မယ်...
ကိုယ့်စိတ်ကို ဖမ်းထားတဲ့ သည်ပန်းပွင့်လေး... (ငါ မခူးတော့ဘူး...)

ချစ်နေရင်း... ချစ်နေရင်း... ဘာကြောင့်အားငယ်လဲ ပြောစမ်းပါ...
နင် မငိုရဘူး... မင်းငိုရင်... ငိုချင်တယ်...
ငါ့အတွက် မငိုနဲ့... မင်းအတွက် မငိုဘူး... (ဟူ... ဟူး...)

Get this widget | Track details | eSnips Social DNA