
အက်စ်တိုးရီးယားရေ့...
ငါ မျှော်လင့်ထားခဲ့ဖူးတဲ့ နေ့ရက်များ...
မျက်နှာချင်းဆိုင် ရောက်ခဲ့ပါပြီ...
ငါဟာ
မရပ်နားနိုင်တဲ့
ခရီးသွားတယောက်...
အစဉ်မပြတ် ရွေ့လျားခြင်းမှာမှ
လှလှပပ လျော်မွေ့နေခဲ့တဲ့
ရွှေ့ပြောင်းတောင်ယာ တခု...
အတည်တကျ မရှိမှုထဲမှာ
ပျော်ဝင်နေရဲတဲ့ နာရီ တလုံး...
(သည်လို ငါပြောတဲ့အခါ...)
မင်းကတော့ ပြုံးနေဦးမယ် ထင်တယ်...
ခုတော့
ဆန်တားကလော့စ်အစ်စ် ကမ်းမင်းတူတောင်း-ဆိုတဲ့
ခရစ္စမတ်ဆောင်းနဲ့ ဆန့်ကျင်စွာ
မင့်ရင်ခွင်ကနေ ငါ...
ခွာရလေဦးမယ်...
ဆန်တာကလော့စ်က မင့်မြို့ပေါ် လှမ်းအလာ
ငါကတော့ မင့်လမ်းတွေကနေ ပြန်ခွာ
ထာဝရအတွက်ပါပဲ...
အက်စ်တိုးရီးယားရေ့...
နှင်းတွေ တဖွဲဖွဲ ကျနေတဲ့ တရက်မှာ
ငါကလည်း မင်းကို ကျောခိုင်းထွက်ခွာ
ငါ့လာရာလမ်းကို မျက်နှာမူရင်း
နှုတ်ဆက်သီချင်း ဆိုခဲ့ပြီ...
ကောက်ကွေ့မှုတွေနဲ့ပဲ ဖြောင့်တန်းနေခဲ့တဲ့ ငါ့လမ်းတွေ...
ခြောက်သွေ့မှုတွေနဲ့ပဲ စွတ်စိုနေခဲ့တဲ့ ငါ့အချိန်တွေ...
ချို့တဲ့မှုတွေနဲ့ပဲ ပြည့်ဝနေတဲ့ ငါ့ ပြက္ခဒိန်တွေ...
မီးမှိန်မှိန်လေးတွေနဲ့ပဲ လင်းလက်ခဲ့ရတဲ့ ငါ့ညတွေ...
ပွေ့ဖက်ပိုက်ထွေးရင်း...
အေးစက်သော မင်းရင်ခွင်ထက်
နွေးထွေးစွာ လဲလျောင်းမှေးစက်ခဲ့ဖူးသော နေ့ရက်တွေ...
ဘယ်အခါမှ ငါ မမေ့လေဘူး...
ခုတော့
ခင်ဝမ်းရဲ့“နှုတ်ဆက်ခဲ့ပါတယ်” သီချင်း
မင်းကို ငါဆိုပြ
မိုးတွေကတော့
ပြိုပြိုကျနေလေရော့သလား...
အက်စ်တိုးရီးယားရေ့... ...
ATN






