Showing posts with label ပန်းချီများ. Show all posts
Showing posts with label ပန်းချီများ. Show all posts
Nov 2, 2011
Jun 13, 2011
Feb 28, 2009
ည, နင်နေတဲ့ မြို့

မြို့က မြိုချတာခံလိုက်ရတော့
ညဟာ “ဗန်ဂိုး”ရဲ့ “နေကြာပန်း”တွေကို
ပန်ချီကားထဲက ဆွဲထုတ်ပြီး
မူးလဲနေတဲ့ လမ်းပေါ်မှာ
လှမ်းထားလိုက်တယ်...

မြို့က မြိုချတာခံလိုက်ရတော့
ညဟာ “မွန့်ခ်”ရဲ့ “အော်သံ”ကို
တုပ မအော်နိုင်ရှာလို့
အသံတိတ်နေတဲ့ သစ်ပင်တွေကို
တုံးလုံး ပက်လက်ဖြစ်အောင်
ဒေါသနဲ့ လှဲပစ်လိုက်တယ်...
.jpg)
မြို့က မြိုချတာခံလိုက်ရတော့
ညက “ဒါလီ”ရဲ့ “အမှတ်တရ စွဲမြဲနေခြင်း”လို
အရည်ပျော်ကျနေတဲ့
မျက်တွင်း ဟောက်ပက် အိမ်တွေထဲက
ဖယောင်းတိုင်တွေကိုလည်း
အူဟောင်းလောင်း ထားပစ်လိုက်တယ်...

မြို့က မြိုချတာခံလိုက်ရတော့
ညက “ပီကာဆို”ရဲ့ “ဂီတသမား သုံးယောက်”ကို ခေါ်ပြီး
“ခင်မောင်တိုး”ရဲ့ သီချင်းတပုဒ်ကို ဆိုခဲ့တယ်...
“အသက်တရာ မရှည်ပေမယ့်
အခက်တရာ ပွေနိုင်သေးတယ်
သည့်ထက် မကရင်လည်း တွေ့ရမယ်
မရေနိုင်တော့ပြီပဲ ” တဲ့ ...

မြို့က မြိုချတာခံလိုက်ရတော့
ညက မီးသီးအကျွမ်းတလုံးကို
စိန်တတုံးလို ဟန်ဆောင်ပန်ထားတဲ့
ဓါတ်တိုင်တခုအောက်မှာ
တယောက်ထဲ မှောင်ရိပ်ခိုရင်း
“ဒါဗင်ချီ”ရဲ့ “မိုနာလီဇာ”လို ပြုံးနေခဲ့တယ်...

မြို့က မြိုချတာခံလိုက်ရတော့
ညက “အောင်သာငယ်”ရဲ့
“သက်တန့်နင်နေတဲ့ ကဗျာဆရာ”ကို
မပြောမဆို မြိုချပစ်လိုက်တယ်...
ခုတော့ မြို့ခမျာလည်း
“ည” နင်နေရှာပေါ့... ...
ATN
Photo source: http://images.google.com/
Jan 16, 2009
ရင်ခွင်ည

ညဟာ
အသက် မရှူနိုင်ပါဘူး...
အလွမ်း စိုစွတ်နေတဲ့ မြက်သီးတွေ
တွယ်ကပ် ငြိပါနေတဲ့ နေ့တွေက
ရင်ဝမှာ
လှလှပပကြီး စူးနစ်လို့...
ဒဏ်ရာတွေ ပွတ်သပ်ရင်း
လရောင်ဝတ်ရုံပြာ
ဖြည်းဖြည်းချင်း... သူ.. ခြုံရှာတယ်...
တမ်းတခြင်း နှင်းမှုန်တွေ
မှိုင်းအုံနေတဲ့ ကောင်းကင်နံရံမှာ
ပါးကို အသာကပ်ကြည့်တယ်...
မျက်လုံး မှေးမှိတ်ရင်း
အသက် ခပ်မျှင်းမျှင်း ရှူကြည့်တဲ့အခါ
အေးမြ အရုဏ် လေပြည်ထဲမှာ
ချစ်သူ့ ရင်ခုန်သံ ကြားတယ်...
သည်လိုနဲ့
ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်...
အလင်းရောက်လာမယ့်
ဖြူလွလွ လမ်းတလျှောက်
မိုးသောက်ကြယ် အဖော်ပြုရင်း
တေးချင်းသီကျူးမိတဲ့အခါ
ချစ်သူ့ ရနံ့တွေ ရလာပြန်တယ်...
သည့်နောက်မတော့
ညဟာ
ပျော်ရွှင်သွားတဲ့ ဟန်နဲ့
နေ့သစ်ရဲ့ မီးလျှံတွေထဲ
ရဲရဲကြီး ပြေးဝင်သွားလေရဲ့... ...
ATN
(သရုပ်ဖော်ပုံကို Adobe Photoshop CS3 နဲ့ ဆွဲထားပါတယ်)
Jan 12, 2009
ည

မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ။
ည အမှောင်ထဲ
ကြေကွဲစရာ ဓမ္မတေး...
အေးစက်လွင့်မျော
သောကတောဆီ...
ခပ်ဝေးဝေးမှာတော့ ကြယ်ပြာတလုံး
အဝေးဆုံး အရပ်မှာပဲ
ရပ်တန့်အေးခဲလို့...
ဓူဝံကြယ်...
မေတ္တံ ဓူဝံ...
ချစ်ခြင်းမေတ္တာကား မြဲ၏... ။
သေခြင်းတရား
ငါ့အား အနိုင်မယူမှီ...
ရှင်သန်ခြင်းတရား
ငါ့အပါး မခွာမှီ...
“သည်တညတော့
မင်းရင်ခွင်မှာ
အိပ်ဖို့ရောက်လာပြီ... ”
သည်ညကို
ငါ သီဆိုပြမယ့် သီချင်းတပုဒ်ပါ...
ငြင်ငြင်သာသာ
တိုးတိုး တိတ်တိတ်
ဆိတ်ဆိတ် သဲ့သဲ့...
ယဲ့ယဲ့ လေးဖြစ်ဖြစ်
ညကို... ပြုံးပြပစ်လိုက်ပါ အချစ်ရေ...
ATN
(ပုံကို Adobe Photoshop CS3 နဲ့ ဆွဲထားပါတယ်)
Jan 9, 2009
အမေ
Jan 5, 2009
City Night

သားအငယ်က နေမကောင်း... လူလည်း တညလုံး မအိပ်ရ... ဒါနဲ့ သားကလေးကို ပခုံးပေါ်ထမ်းရင်း ကျော် ဖြတ်ခဲ့တဲ့ ညတညမှာ တွေ့မြင်ခဲ့ရတဲ့ မြို့ပြရဲ့ မီးရောင်တွေ ညအမှောင်တွေကို စာလည်း ရေးကြည့်လို့ မရ... ကဗျာလည်း စပ်လို့မရတာနဲ့... ပန်းချီ ဆွဲကြည့်လိုက်ပါတယ်... Adobe Photoshop CS3 နဲ့ ဆွဲထားပါတယ်...။
ခံစားကြည့်ကြပါဦး... (ကြီးကြီးကြည့်ချင်ရင် ပုံကို ကလစ် လုပ်ကြည့်နိုင်ပါတယ်)
Aug 22, 2008
အရာရာနောက်ကျခဲ့တဲ့နေ့

မဆုံးနိုင်တဲ့နေ့ရက်တွေနဲ့သာ
ပြက္ခဒိန်တွေဟာ ထူထူလာတယ်...
ငါ ဟာ နေ့သစ်ကို စောင့်မျှော်နေဆဲပါပဲကွယ်
စာရင်း မပြုစုနိုင်အောင်ကို
လိုအပ်ချက်တွေက များပြားလွန်းလှတယ်..
ငါ ဟာ လောဘကြီးလွန်းသူပါကွယ်
ဟင်းလင်းပြင်တခုရဲ့ အဓိပ္ပါယ်က
ကျယ်ပြောလွန်းလှတယ်...
ငါ ဟာ လမ်းပျောက်ချင်နေသူပါကွယ်
တောင်ယာတဲငယ် တလုံးဆိုတာ
အရိုးသားဆုံး သီချင်းတပုဒ်ဖြစ်တယ်...
ငါ ဟာ တေးဆိုချင်သူပါကွယ်
သက်တန့် တစင်းကိုတော့
တကယ်မရှိတဲ့ အရှိလို့ ကဗျာစပ်ကြတယ်...
ငါ ဟာ စိတ်ကူးနဲ့ ရူးနေသူပါကွယ်
ငါ့မီးအိမ်လေး မထွန်းညှိနိုင်သေးခင်
နေ၀င်သွားခဲ့လေတယ်...
ငါ ဟာ ၀မ်းနည်းနေသူပါကွယ်
ငါ့နံဘေးနားမှာ ယှဉ်ထိုင်မယ့် မင်း
မနက်ခင်းနဲ့အတူ ရောက်လာတယ်...
ငါ ကတော့ အိပ်မောကျနေဆဲပါကွယ်။
ATN
(ကုန်လွန်ခဲ့ဖူးတဲ့ နေ့ရက်တွေတုန်းက ဖွဲ့ဆိုခဲ့ဖူးတဲ့ ကဗျာတပုဒ်ပါ)
ပုံကတော့ ထုံးစံအတိုင်း Adobe Photoshop နဲ့ ဆွဲထားပါတယ်။
Aug 21, 2008
တွန့်လိမ်နေတဲ့အိမ်
Aug 20, 2008
ရန်ကုန်လွမ်းချင်း

ရေညှိ အထပ်ထပ် တက်နေတဲ့ ကျောက်တုံး စိမ်းစိမ်းလို
ကား အိုအိုကြီးတွေ
လူတွေကို မျိုမျိုချထားလိုက်သမှ
ဗိုက်တွေဆို ပြဲကားလို့....
သေနတ်နဲ့အကြိမ်ကြိမ် ပစ်ခံရလွန်းလို့
သွေးစွန်းထားတဲ့
သူ့အသားတွေကိုတောင်
မေ့ထား ချင်ယောင် ဆောင်ရင်း
မျက်မှောင် ခပ်ကြမ်းကြမ်း ကြုပ်ထားကြရရှာတဲ့
ကတ္တရာ လမ်းမများကတော့...
လူသွားလူလာ မပြတ်....
အနှစ် ၂၀ ပြည့်သွားပြီ
လက်သီးဆုပ်ရာကနေ
လက်အုပ်ချီသွားကြတဲ့
လူ့ ငနွားတွေ
ကိုယ့် အရေပြား ကိုယ် ခွာ
ဦးနှောက်ပါ အရောင်းအ၀ယ်ဖြစ်နေတဲ့
ဝတ်လစ်စလစ် ဈေးများ....
စည်စည်ကားကား....
အတတ်ပညာအစား
မြေပုံအမှားတွေကို
သင်ကြားနေကြရတဲ့
ကျောင်းသူကျောင်းသားတွေနဲ့
ဟောင်းမြင်းနေဆဲ စာသင်ခုံများ....
အရင့်အရင်ကပုံစံအတိုင်း...
မီးဖိုချောင်တွေထဲက
ယင်ကောင်မနားတဲ့
ဟင်းအိုးများတောင်
လေးထောင့်စပ်စပ်တွေဖြစ်လို့...
ဘယ်နေရာမှာရပ်ရပ်
နံရံတွေကလွဲရင်
ဟင်းလင်းပြင်ကို မမြင်ရပါဖူးတဲ့
စိတ်ပျက် ညစ်ညူးနေသော စက်ရုပ်များ
လမ်းသွား လမ်းလာ မပျက်တဲ့
အေးစက်စက် ရပ်ကွက်တွေ....
ဈေးအကြီးဆုံးအရာတွေကို
စာရိတ္တနဲ့လဲလှယ်ရာ
မာယာတော...
ဗျာပါတော...
ဗုဒ္ဓေါ သံကြားနေလျက်က
သောက မပျက်
မြို့ကြီးရဲ့ သွေးကြောနက်နက်တွေထဲ
ဆက်လက်ချီတက်မြဲ ချီတက်လို့.....
အရင်အတိုင်းပါပဲလား...
ရန်ကုန်ရယ်...
ငါ့ ရင်ခုန်သံတွေကတော့
နှေးနှေးလာနေပါပေါ့.....
ATN
(သရုပ်ဖော်ပုံကိုတော့ Corel PhotoPaint 12 နဲ့ ဆွဲပြီး Adobe Photoshop မှာ Sharpen Effect နဲ့ Lighting Effects သုံးပြီး Modify ထားပါတယ်)
Aug 17, 2008
ချစ်ခြင်း

နှလုံးသားကို
အမှိုက်တွေကြားထဲ
ခဏ ခဏ ပဲ
တွေ့တွေ့နေရတယ်။
ငါ့နှလုံးသားကို
အမှိုက်တွေကြားထဲ
ဘယ်သူ လွှင့်ပစ်သွားပါလိမ့်...
တကယ့်တကယ်တော့
အမှိုက်ဆိုတာ
လူတကာ
ဖျောက်ဖျက်ချင်ကြတဲ့အရာ မဟုတ်လား။
ATN
(တချက်ခုတ် ၂ ချက်ပြတ် ပန်းချီရော ကဗျာရော တခါတည်း တင်လိုက်ပါတယ်။ ပို့စ် ၂ ခု ဖြစ်နေမှာစိုးလို့)
သရုပ်ဖော်ပုံကို Adobe Photosop 5.5 သုံးပြီး Wacom Graphire Tablet နဲ့ ဆွဲပါတယ်
Aug 15, 2008
ကန္တာရ
Aug 14, 2008
ရင်ခွင်ဦး
Aug 13, 2008
မစီးဆင်းနိုင်တော့တဲ့မြစ်
နေ့သစ်
Subscribe to:
Posts (Atom)









