Oct 31, 2009

နောက်ဆုံးခံတပ်မြို့ကလေး




















မြို့ကလေးရေ
ယောယုဝက ထမြောက်ခဲ့သူတယောက်
ဆေတန်တကောင်နဲ့ 
နောက်ထပ် အပေါင်းသင်းမှားလို့ 
မမျှော်လင့်ပဲ မင်းထံ ရောက်ရှိခဲ့ပေါ့၊

မရောက်ခင်ထဲ
(တစုံတရာ)သိနှင့်ခဲ့သူပါ
မင်းရဲ့ ပုံပြင်တွေကိုပဲ
ရေလိုနှောက်လို့ ထုံးလိုချေခဲ့သူ ၊

မည်သို့ ပင်ဖြစ်စေ
စုန်လိုက် ဆန်လိုက်
ပျံသန်းလိုက် ကူးခပ်လိုက်နဲ့ 
ကျိန်စာသင့် (ကိုယ်တိုင်)ရူးသွပ်ခဲ့သူမို့ 
အပြန်မဲ့ တောင်တက် လမ်းမထက်
ကျီးကန်းတောင်းမှောက်ဘဝ
မြေကြွက်တကောင်လား
ညဇီးကွက်တကောင်အလား...ငါ
ဝဋ်ကြွေးပါပဲ မြို့ကလေးရေ ။

-- ဟေ့... မြို့ကလေးရေ
ငါ့နိုင်ငံက ငြင်းဆန်၊ တောထုတ်လိုက်တဲ့ချိန်ခါမှာ
မင်းက ချစ်သည်ဖြစ်ဖြစ်
မချစ်သည်ပဲဖြစ်စေ
(ရွှေ့ပြောင်းတောင်ယာတခုလို) ငါက ခြေအစုံချ
ကျူးကျော်နေထိုင်ခဲ့ရပြီ ၊

စိန်ခေါ်မှုတွေ ဒင်းကြမ်းပေါ့
နွေးထွေး အေးစက်
ကြားတ၀က်တွေနဲ့ 
ဇဝေဇ၀ါ ဖြတ်သန်း
ပျော်သလို မပျော်သလိုလိုနဲ့ 
ဘာရယ် ခံစားရမှန်းမသိ ၊

ညီမလေးရေ...
မင်းကို သိပ်လွမ်းတယ်ကွဲ့ 
သမီးလေး ၊ဆည်းလဲလေး...
အော်ငိုနေရှာပေါ့
မျှော်နေရှာရောပေါ့ ၊
ဘာဆိုဘာမှ မတတ်နိုင်
အဲ့ဒါ...
ဆိုကရေးတီး--ရဲ့ လူသား
အများထဲကလူ
မင်းတို့ မသိနိုင်ဘူး ။

-- ဒီမယ်...မြို့ကလေး
ငါက...
ဘာနဲ့ မှ မလဲနိုင်ဘူးလေ
လဲလှယ်စရာ တခုပဲ ရှိတယ်၊
ဘ၀(သက်ဝိဥာဉ်)ပဲကွဲ့ 
ကြားအချိန်တွေထဲ
ပြတင်းပေါက်ဆိုလို့ 
ပင်လယ်ရေပြင်းပြင်း
(ရော့ခ်-သီချင်းတွေနဲ့ )
ဂစ်တာသံစဉ်တွေ
(နောက်ကြော ဒါးမထိုးတဲ့)
သေဖေါ်သေဖက်
ရင်ဘတ်ချင်း ထပ်ခဲ့သူတွေ၊
အငတ်ငတ် အပြတ်ပြတ်
အချို့အတဲ့တွေပဲရှိတယ် ။

-- နောက်ဆုံးခံတပ်မြို့ကလေးရေ
တသောင်းနှစ်ညရဲ့ အိပ်မက်တွေ ပေးပါဦး
ငါ ကြိုးစား နိုးထဦးမှာပါ၊
ငါ့နိုင်ငံတော်အတွက်
ငါ့တိုင်းပြည်အတွက်ပေါ့
ငါ့ပြည်သူတွေအတွက်နဲ့ 
ငါ့မိခင်အတွက်၊
ပြီးတော့...
ကျဆုံးခဲ့ဝိညာဉ်တွေအတွက်လေ
(ကျေးဇူးပြု၍) တပြန်တလှည့်
အခွင့်အရေးပေးခဲ့ဦး...မြို့ကလေးရေ...။

(ကိုဆက်)

Oct 30, 2009

ခဏလောက် ဝေးဝေးနေမယ်

ကျော်ဟိန်းရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ “မျက်ရည်ငှက်များနားစေသတည်း”ထဲက သီချင်းတပုဒ်ပါ။

ခဏလောက် ဝေးဝေးနေမယ်

သည်လူကို ပစ်ထားရက်တဲ့ချစ်သူ-လို့…
ကိုယ်စွပ်စွဲလိုက်တာ မဟုတ်ရဘူးကွယ်…
အခြေအနေ အလွန်ဆိုးလို့သာ တို့နှစ်ယောက်ဟာ…
မတွေ့ကြတာပဲ ကောင်းပါသေးတယ်
လူကိုယ်တိုင် နှစ်ယောက်ထဲတွေ့ဖို့ မဖြစ်သေးခိုက်မှာ...
လွမ်းကြမယ် အချစ်လေးရယ်…
ဒါပေမယ့်လည်း နှစ်သိမ့်စရာ ရှိသေးတယ်…
တယ်လီဖုန်းလေးထဲမှာ စကားတွေ ပြောမယ်…
တယ်လီဖုန်းလေးထဲမှာ တို့နမ်းမယ်…

ငါတို့ နှစ်ဦးသားရဲ့ အကြောင်းကို…
ငါတို့ နှစ်ဦးထဲပဲ နားလည်ကြတယ်…
အချိန်တွေ ကြာရှည်ခွဲလို့ နေဖူးခဲ့တယ်…
တနေ့နေ့မှာလည်း မင်းနဲ့ ပြန်တွေ့မယ်…
လူကိုယ်တိုင် နှစ်ယောက်ထဲ တွေ့ဖို့ မဖြစ်သေးခိုက်မှာ...
လွမ်းကြမယ် အချစ်လေးရယ်…
ဒါပေမယ့်လည်း နှစ်သိမ့်စရာ ရှိသေးတယ်…
တယ်လီဖုန်းလေးထဲမှာ စကားတွေ ပြောမယ်…
တယ်လီဖုန်းလေးထဲမှာ တို့နမ်းမယ်…


Get this widget | Track details | eSnips Social DNA

Oct 26, 2009

တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့...

၂၀၁၂ ဟာ ကမ္ဘာကြီးရဲ့ အဆုံးသပ်တဲ့လား...။ ဟောကြားချက်များ မှန်ကြပါစေ...။ ကိုယ်ကတော့ ပူလောင်လွန်းလှတဲ့ ကိုယ့် ဘ၀ကြီး အမြန်အဆုံး သပ်ဖို့ကိုပဲ စဉ်းစားနေမိတော့ ကမ္ဘာကြီး အဆုံး သပ်မှာကိုလည်း သိပ် မပူမိတော့...။ တကယ်တော့ ဘ၀ဆိုတာကိုက ဂေါတမ ဘုရား ဟောခဲ့သလို ဒုက္ခ သစ္စာ တခုပဲ ဆိုတော့ ... ခုဘ၀မှာ သံသရာ အဆက် ပြတ်သွားရင်လည်း အေးတာပါပဲလေ...။ ဘာပဲ ဖြစ်ဖြစ် မသေခင် ကလေးတော့ ပူဆွေး သောကတွေ ကြုံနေကြရသေးတာပေါ့လေ...။ ခုတလော ကိုယ့်မှာလည်း ဟိုအရေး သည်အရေး မိသားစု အရေးတွေနဲ့ ပူဆွေး သောကတွေ များလွန်းလှပါတယ်... ။ ကဗျာ မောင်နှမတွေ ဖြစ်တဲ့ ချစ်တဲ့ ညီမလေး အိန္ဒြာက - “24 Oct 09, 06:00 AM အိန္ဒြာ: အကိုစိတ်ပြေလက်ပျောက် tag post လေးရေးကြည့်ပါလား” ဆိုလာတာနဲ့ သောကတွေ အသာ ဖုတ်ဖက်ခါရင်း ရေးကြည့်လိုက်ပါတယ်...

တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့... ကိုယ်ကတော့ ခုလိုမျိုး တည်တည်တံ့တံ့ ကြီး စဉ်းစားမိပါတယ်...။

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ဘယ်သူတွေနဲ့မှ ရှိမနေချင်ဘူး...။ ကိုယ်ချစ်ရတဲ့သူ တယောက်နဲ့ပဲ အတူ ရှိနေချင်တယ်...။
သည်ကမ္ဘာပေါ်မှာ ကိုယ့်ကို တကယ်ချစ်ပြီး ကိုယ်ကလည်း တကယ် ချစ်ခဲ့ရသူ တယောက်ရှိတယ်...။ သူ ဘယ်သူလဲ ဆိုတာ- ဘယ်သူမှလည်း သိစရာ မလိုပါဘူး...။ ကိုယ်ကလည်း သူ ဘယ်သူလဲ-ဆိုတာ... ဘယ်သူ့ကိုမှလည်း ပြောပြနေမှာ မဟုတ်ဘူး...။ သူရယ် ကိုယ်ရယ် စိတ်တို့ ဆက်သွယ်မိသည်... - ဆိုတဲ့ သီချင်း တပုဒ်ထဲက စာသားတွေလိုပဲ... ။ ကိုယ်တို့ အချင်းချင်း နှလုံးသားချင်း ရင်းနှီး ချစ်ခင်နေခဲ့ဖူးပြီ... ။ လူချင်း မတွေ့နိုင်ကြသေးတာ တခုပါပဲလေ...။ ဟောသည် ကမ္ဘာကြီး မပျက်သေးခင် အချိန် အခိုက်အတန့် ကလေးမှာတော့ သူနဲ့ လူချင်း မဆုံ ဆုံအောင် ကိုယ် ကြိုးစားမယ်...။ မျက်နှာချင်းဆိုင် ကိုယ်တို့ တွေ့ကြတဲ့ အခါ... သူ့ မျက်လုံးတွေထဲ ကိုယ် အတင်း စူးစိုက်ကြည့်မယ်...။ ကိုယ့်ကို ချစ်တဲ့ သူ့ အချစ်တွေကို သူ့ မျက်လုံးတွေထဲမှာ ကိုယ် မြင်ရမလား... အဲဒါလေး သိချင်တယ်...။ တကယ်တော့လည်း... တို့တွေ ရူးသွပ်နေကြ တာပါလေ... လို့... ၂ ယောက်အတူ ပြောဖြစ်နိုင်မယ် ထင်တယ်...။ ပြီးရင် သူ့ ကိုယ်ခန္ဓာလေးကို ကိုယ့်ရင်ထဲ ထွေးပွေ့ ထားမယ်...။ “မသေခင်လေး ခဏလောက် တို့ အတူတူ အေးခဲနေကြရအောင် ညီမလေးရယ်...”-လို့ သူ့ကို ကိုယ် ပြောမယ်...။ “အကို ဟာလေ... ကဗျာဆရာလို့ မပြောရဘူး... သိပ် စိတ်ကူးယဉ် တတ်တာပဲ...” - လို့ သူက ပြန်ပြော လာရင်လည်း ကိုယ် ပျော်ပျော် ပါးပါးကြီး ရယ်မော ပစ်လိုက် နိုင်ဦးမယ်လေ...။ ပြီးတော့ သူ့ပါးကို ကိုယ် နမ်းမယ်...။ သူ့ဆံစ ဖြူဖြူလေးတွေကို ကိုယ်နမ်းမယ်...။ သူ့ နှုတ်ခမ်း ပါးပါးလေးတွေ ကိုလည်း ကိုယ် နမ်းရဦးမှာပေါ့... မသေခင်လေး နမ်းရမှာကိုး...။ သူ့လည်တိုင်ကို ကိုယ် နမ်းမယ်...။ သူ့ ပခုံးလေးတွေကိုလည်း ကိုယ် နမ်းမယ်..။ အို... တကယ်တော့ သူ့တကိုယ်လုံးကို ကိုယ် နမ်းချင်နေတာပါ...။


၂။ဘာတွေခံစားနေရမလဲ..
ဘာတွေကိုမှ အထူးအထွေ ခံစားနေရမယ် မထင်ဘူး...။
ဘာလို့လဲ-ဆိုတော့ အခုအချိန်မှာ ကိုယ်ကိုယ်တိုင်က သေချင်စိတ် ပေါက်နေတဲ့သူ-ဆိုတော့ ဘာမှ ခံစားနေရမယ် မထင်ဘူး...။ ပြဇာတ်တွေမှာလို - စောစောသေတော့ စောစော အိပ်ရတာပေါ့-ဆိုတဲ့ စကားလို ကိုယ်ကလည်း ကိုယ့် ဒုက္ခတွေကနေ ထွက်ပြေးချင်နေတာ ကြာပြီလေ။ ထွက်ပြေးလို့ မရနိုင်တော့ အကောင်းဆုံး ထွက်ပြေးမှုက သေခြင်းတရားပဲ မဟုတ်လား...။ သေမင်းရေ- ကိုယ့်ဆီ မြန်မြန် လာပါတော့-လို့ တောင် တခါတခါ စိတ်ထဲက အော်မြည် တမ်းတနေမိတာ... ။ ခက်နေတာက ကိုယ့်မှာ ယူစရာ တာဝန်တွေက ရှိနေသေးလို့သာ မသေဖြစ်သေးတာ... ။

၃။ ဘာတွေပြင်ဆင်ထားမလဲ
ကိုယ်ကတော့ ဘာသာမဲ့ တယောက်ဆိုတော့
ဘာတွေကို ပြင်ဆင်ထားရမလဲ... မသိပါဘူးလေ...။

ပြင်ဆင်ချင်စိတ်လဲ မရှိပါဘူး... ။ အချိန်တန်ရင်တော့ တနေရာရာကို ကိုယ် ရောက်သွားမှာပါ...။ ဒါမှမဟုတ် ဘယ်နေရာကိုမှ မရောက်ပဲ လေထဲမှာ တွဲလောင်း ကြီးလည်း ဖြစ်နိုင်နေသေးတယ်... (ရွဲ့ပြောတာ မဟုတ်ပါဘူး... တကယ်ကို စိတ်ထဲမှာ အဲလို ထင်နေမိလို့ပါ... ဥပမာ - မကျွတ်မလွတ်နိုင်တဲ့ သရဲတွေလို ပေါ့လေ... ကိုယ်ကတော့ ဘယ်တုန်းကမှ သရဲ တကောင် မဖြစ်ချင်ပါဘူး... ဖြစ်ချင်း ဖြစ်ရင် အတောင်ပံ တစုံနဲ့ ၀တ်စုံဖြူ ခြုံထားတဲ့ နတ်သား တပါးပါးပဲ ဖြစ်ချင်တယ်... လူကောင်းတွေကို ကူညီ စောင့်ရှောက်ပေးနိုင်တဲ့ နတ်သား ပေါ့လေ... တချိန်ထဲမှာပဲ လူဆိုးတွေကို နှိမ်နင်းနိုင်တဲ့ နတ်သား တပါးလည်း ဖြစ်ချင်နေသေးတယ်...) ကိုယ် သေဆုံးသွားပြီးတဲ့ အခါ နိဗ္ဗာန်ကို ရောက်မလား... (ကိုယ့်လောက် အကုသိုလ် များတဲ့သူ တယောက် အတွက်တော့ ရောက်ဖို့ လမ်း မမြင်ပါဘူး... )။ ကောင်းကင်ဘုံကို ရောက်မလား...။ အပါယ်ငရဲကို ရောက်မလား...။ အို... ရောက်ချင်ရာသာ ရောက်ပါစေတော့...။ ခုဘ၀က လွတ်ရင်ပဲ တော်ပါပြီ...။ သည်အချိန်မှာ ကိုယ် ဘာမှကို ပြင်ဆင်နေမှာ မဟုတ်တာ သေချာပါတယ်...။

၎။ ၀မ်းနည်းမိမှာက
မသေခင်မှာ အမေ့မျက်နှာကို မမြင်လိုက်ရတာ...။
ပြီးတော့ ကိုယ် မရည်ရွယ်ပါပဲနဲ့ ကိုယ့်ကြောင့် ဒုက္ခ သုက္ခ တစုံတရာ ရသွားသူတွေ အတွက်ပါ...။ ဒါ့အပြင် ကိုယ့်ကို ချစ်ခင် နှစ်သက်မိလို့ ကိုယ်နဲ့အတူ ပါလာတဲ့ ဒုက္ခ သုက္ခတွေ သူတို့ကိုယ်မှာ မြက်သီးတွေ ကပ်ပါသွား သလို ကပ်ငြိသွားရသူတွေ အတွက်ပါ... ။

၅။ကြောက်လန့်မိတာက..
ခုချိန်မှာတော့ ဘာတခုကိုမှ ကိုယ် မကြောက်လန့်တော့ဘူး...။
လူတွေ ကြောက်လှပါတယ်ဆိုတဲ့ သေခြင်းတရားကိုတောင် - တချိန် တခါက ကိုယ် ကြောက်လန့်ခဲ့ဖူး သေးတယ်...။ ခုတော့လည်း သေခြင်းတရားကိုတောင် ကိုယ်ကိုယ်တိုင်က တောင်းဆိုနေမိမှတော့ ဘာကိုမှ မကြောက်လန့်တော့ဘူး ထင်တာပဲလေ...။ သို့သော်လည်း တယောက်ထဲ သေရမှာကိုတော့ လန့်မိသလိုပဲ... ။ ဖြစ်နိုင်ရင် ကိုယ့်ချစ်သူနဲ့ လက်ချင်းတွဲပြီး သေပွဲဝင်ချင်တယ်... ။ အင်း... သေချာ စဉ်းစားမိတော့လည်း ကိုယ့်ချစ်သူ သေမှာကိုတော့ ကြောက်မိသလိုလိုပဲ... ။

၆။ဆောင်ထားချင်တာ..
နှစ်ချို့ ၀ိုင်ဖြူ တလုံးပါ...။
စိတ်ကူးယဉ်တယ်ပဲ ပြောပြော... မသေခင်လေးမှာ ချောက်ကမ်းပါးနံဘေး တခုအနားမှာ မီးပုံတခုကို ဖိုမယ်...။ ပြီး ၀ိုင်အဖြူ တလုံးကို ဖွင့်ပြီး ကိုယ့်ချစ်သူနဲ့ ဖန်ခွက် တခုထဲ အတူတူ သောက်မယ်...။ ဂစ်တာ တလုံးနဲ့ သီချင်းတွေ အတူ ဆိုကြမယ်...။ ၀ိုင်တလုံးထဲ ဆိုတော့ သူရော ကိုယ်ရော မူးကြမှာ မဟုတ်ဘူး...။ ရီဝေေ၀လေးနဲ့ပဲ တယောက် စကားကို တယောက် နားနဲ့ နားမထောင်ပဲ ရင်ဘတ်နဲ့ နားထောင်ကြမယ်...။ သူ့ ပေါင်ပေါ်မှာ ကိုယ် ခဏလောက် လှဲ အိပ်ရင်းနဲ့ သူ့မျက်နှာလေးကို မော့ကြည့်မယ်...။ သူက ကိုယ့်ကို အပေါ်စီးက ငုံ့ကြည့်ရင်း ကိုယ့်ပါးကို နမ်းရင်လည်း နမ်းမှာပေါ့လေ...။ အဲသည် အချိန်အခိုက် အတန့်အတွက် ကိုယ်ဆောင်ထားချင်တာက ၀ိုင်ဖြူ တလုံးပါပဲ...။

၇။ဘာတွေရေးမိမလဲ..
ကဗျာတွေပဲ ရေးမိမှာပါ... ။
ကိုယ်က ကဗျာရေးဖို့ မွေးလာတဲ့ကောင် ဆိုတော့ ကဗျာတွေပဲ ရေးမှာပေါ့... ။ ဘယ်လို ကဗျာတွေလဲ-ဆိုရင်... ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့နဲ့ ထိုက်တန်တဲ့ ကဗျာတွေပဲ ဖြစ်မပေါ့... ။

ဂ။တွေးမိတွေးရာ အတွေး
အို... တွေးမိနေမှာကတော့ အများကြီးပါပဲ... ။
နောက်ဘ၀ဆိုတာ ရှိခဲ့ရင် - “ငါ လူပြန်ဖြစ်မှာလား...”
“လူ ပြန်ဖြစ်ရင်ရော သည်ဘ၀လို ဒုက္ခတွေ ထပ်ခံရဦးမလား...”
“နောက်ဘ၀မှာရော ငါ တကယ်ချစ်တဲ့သူနဲ့ ဖူးစာ ဆုံရမလား...”
စသည်ဖြင့်ပေါလေ... ရေးပြရရင် ဆုံးတော့မယ် မထင်ဘူး...။


၉။ဂုဏ်ယူချင်တာက
အောင်သာငယ်ဆိုတာ “ကဗျာဆရာ”တယောက်ဖြစ်တယ်။
ဒါ့အပြင် “ဘလော်ဂါ” တယောက် ဖြစ်တယ်။ “ဒုက္ခသည်” တယောက် ဖြစ်တယ်။ “ချစ်သူကို ရိုးသားစွာ ချစ်တတ်သူ” တယောက် ဖြစ်တယ်။ ညီအကို မောင်နှမတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကြုံလျင် ကြုံသလို “ဒုက္ခပေးတတ်သူ”တယောက် ဖြစ်တယ်။
ဇနီးမယား တယောက်အတွက် လင်သားကောင်း မဖြစ်ခဲ့။ သား ၃ ယောက်အတွက် ဖခင်ကောင်း တယောက် မဖြစ်ခဲ့။ မိဘများအတွက် သားကောင်း တယောက် မဖြစ်ခဲ့။ အမိမြန်မာပြည်အတွက် နိုင်ငံသားကောင်း တယောက် မဖြစ်ခဲ့။ ကမ္ဘာမြေကြီးအတွက် လူသားကောင်း တယောက် မဖြစ်ခဲ့။

၁၀။ရှာကြံဖြေသိမ့်မိတာက
ကဗျာတွေ ရိုးရိုးသားသား ရေးခဲ့မိတယ်။
ဘ၀မှာ အရိုးသားဆုံး နေထိုင်ခဲ့တယ်။ လူတွေအပေါ် ရိုးသားခဲ့တယ်။ ကိုယ့်ကိုယ်ကိုသာ လိမ်လည် လှည့်ဖျားနေမိခဲ့တယ်။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
“ဟောသည် ကဗျာဆရာဟာလေ...
သူ့ကိုယ်ကို လိမ်လည် လှည့်ဖျားပြီး
အားလုံး အပေါ် ရိုးသားခဲ့တာပေါ့...
သူ့နေ့တွေဟာလည်း
သူ့ရိုးသားမှုလိုပါပဲ
ရိုးသားစွာ ရောက်လာလိမ့်မယ်လို့
သူ့ကိုယ်ကို သူ ရိုးရိုးသားသား
လှည့်ဖျားနေတုန်းပဲကွယ့်... ... ... ”


(အောင်သာငယ်)

ဆက်ပြီး တာဝန်အရ Tag ချင်တာကတော့

အကိုကြီး ရွှေရတု
ညီငယ် မောင်ဖုန်းမြင့်
သမီးကြီး ဖြူစင်ကြယ်
တူမကြီး မဆုမွန်
တူမကြီး နန်းညီ
ညီငယ် ငြိမ်းချမ်းအောင်
ညီငယ် ကောင်းကင်ကို
ညီငယ် ကိုအောင် (ရေးပြီး)
ညီငယ် ရန်ကုန်သား
ညီငယ် ရေတမာ (ရေးပြီး)
ညီငယ် စမ်းချောင်းကလေး
ညီငယ် ကိုဧရာ
ညီငယ် တောင်ပေါ်သား
ညီငယ် သီဟသစ်
ညီငယ် မောင်မိုး (ရေးပြီး)
ညီငယ် ကိုပီတိ
ညီမငယ် မအယ်(ဂျူနို) (ရေးပြီး)
ညီမငယ် မမေ(စိတ်ဖြေရာ)လ (ရေးပြီး)
ညီမငယ် မယ်ကိ
ညီမငယ် မငယ်နိုင်
ညီမငယ် မကြေးမုံ
ညီမငယ် နှင်းနဲ့မာယာ (ရေးပြီး)
ညီမငယ် မသီတာ (ရေးပြီး)
ညီမငယ် သက်ဝေ (ရေးပြီး)
ညီမငယ် မမွန် (သုနှင်းဆီ)
ညီမငယ် နေနေနိုင်
ညီမငယ် မတူး (တူးတူးသာ) (ရေးပြီး)
ညီမငယ် နှင်းဟေမာ
ညီမငယ် မသိင်္ဂီ (ရေးပြီး)
ညီမငယ် ခရေညို (ရေးပြီး)

အိန္ဒြာလိုပဲ အားနာပါးနာနဲ့ အယောက် (၃၀) ကို Tag လိုက်ပါတယ်... အားလျင် ရေးပေးကြပါဦး...

Oct 25, 2009

မိသားစု

ကျနော်ံရဲ့ အချစ်ဆုံး ညီလေးတယောက်ဖြစ်တဲ့ မောင်ဖုန်းမြင့်က ကျနော့် သားငယ်လေး ကိုယ်စား ရေးစပ် ပေးထားတဲ့ ကဗျာပါ။ (ညီလေးရေ့ အကို့ကို မျက်ရည် ထပ်ကျ ရအောင် လုပ်တဲ့အတွက် ကျေးဇူးပါ...)

မိသားစု

တယောက် လင်းဖို့
တပွင့် မှိန်ပေးရတဲ့
အော်တိုမက်တစ် မီးတန်းလေးတွေပါ

ကျနော်ဟာ ဗို့အား အပြည့်အဝ မရသေးတဲ့ မီးသီးလေး ဆိုတော့
တချက်တချက် ကျနော် မှိန်ကျသွားရင်
ပြန်လင်းနိုင်ဘို့ အတော်အားယူရတယ် အဖေ

ဝါယာကြိုးတချောင်း ထဲနဲ့ ချိတ်ဆက်ခံခဲ့ရပြီးမှတော့
ဓါတ်တိုင်လို တယောက်တနေရာ သီးခြားလင်းမပြချင်ပါဘူး
ဧည့်ခန်းဆောင်တွေက မီးပန်းဆိုင်ကြီးတွေလို
အဖေ့ လက်မောင်းကို ကျနော်တို့ခိုစီး
အမေ့ လည်ပင်းကို ကျနော်တို့ ယီးလေးခို
ပြိုင်တူ လင်းပြလိုက်ချင်တယ်

အခုဆို ကျနော်တို့ဟာ
တမြို့ထဲမှာနေပြီး ဂျပ်ပင်လွဲ နေရတဲ့ မီးတန်းလေးတွေပေါ့
ကျနော့် ဘတ်သီးလေးဟာ ဖျု့စ် ခဏ ခဏပြတ်တယ်
ကျနော့် ညတွေဟာ လင်းလင်းချင်းချင်း မရှိဘူး
ကျနော့် ဝါယာရင်းတွေက မီးခိုးတွေ အူတယ်
ကျနော့် ဒါဏ်ခံကြိုးလေးဟာ တဲတဲမျှင်မျှင်လေး
ကျနော့် ဂျင်နရေတာ ဟာ ပုံမှန် မလည်ပတ်ဘူး
ကျနော့် နှလုံးသားလေး မှာ မီးပွားတွေ တဖွားဖွားခတ်တယ်
အခု တလော နေလို့ ထိုင်လို့  သိပ်မကောင်းဘူး အဖေ
ဟော .. ပြောရင်းဆိုရင်း ကျနော့်မှာ မီးပြတ်သွားပြန်ပြီ

ဖြစ်လေရာသံသရာ အဆက်ဆက်
အခုလိုမျိုး မီးမပြတ်ပါရစေနဲ့တော့ ဘုရား ..

(မောင်ဖုန်းမြင့်)

Oct 21, 2009

မိုင်ပေါင်းတထောင်၊ ရွှေ့ပြောင်းတောင်ယာ၊ နာကျင်နေသောနှလုံးသား

တကယ်တော့ ဥပမာတခုခုကို ပေးပြီး ဘိုလို ပြောရလျင် သူက home-bound buddy ဖြစ်မည်။ အိမ်ကို ခင်ပြီး အိမ်ကလွဲလျင် ဘယ်နေရာမှာမှ နေချင်သူ မဟုတ်။ ငယ်ငယ်ကတည်းကလည်း ဘယ်မှ မသွားတတ် အိမ် မလည်တတ်။ အိမ်မှာပဲနေပြီး ကိုယ့်ဘာသာကိုယ် အိမ်ထဲမှာဆော့၊ အိမ်ထဲမှာ စာဖတ်နေတတ်သော ကလေး တဦး။ နည်းနည်း ကြီးလာတော့လည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်းမှ လွဲ၍ ဘာမျှ မသိ။ ကျောင်းက ပြန်လာလျှင် အိမ်မှာပဲနေသည်။ ဘယ်မှ မသွား။ သည်လို အိမ်ကပ်သော ကလေးတယောက်သာ။

သည်လိုနဲ့ သူ ဆယ်တန်း အရောက်မှာ အဖေက သူ့ကို သံဈေးသို့ ပစ္စည်းတခုခု သွားဝယ်ဖို့ လွှတ်လိုက်သည်။ ဘာကားစီး၊ ဘယ်မှတ်တိုင်မှာဆင်း၊ ပြီး ဘယ်သူ့ဆိုင်ဆိုတာမေး၊ ပြီးရင် ဘာကို ၀ယ်ခဲ့။ သည်လို အတိအကျ ညွှန်ကြားချက်နဲ့ သူ့ကို ပစ္စည်း ၀ယ်ဖို့ လွှတ်လိုက်သည်။ သူ့ အဖို့တော့ ကမ္ဘာမြေကိုခွာပြီး အာကာသထဲ အပြီး သွားရသလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ အိမ်ကထွက်ခဲ့သည်။ အဖေပြောသောကားကို စောင့်စီးပြီး အဖေမှာသော မှတ်တိုင်မှာ ဆင်းခဲ့သည်။ ဒါပေသည့် သံဈေးကို သူမတွေ့ပါ။ သူကိုယ်တိုင်ကလည်း သံဈေး ဘယ်မှာလဲလို့ တစုံတဦးကို မေးလိုက်ဖို့ အိုင်ဒီယာ မရှိပါ။ ကိုယ့်အားကိုယ်ကိုး တတ်သူ တယောက် ဖြစ်လေတော့ ကိုယ့်ဘာသာပဲ ရှာနေမိသည်။ သည်လိုနဲ့ သံဈေးကို ရှာမတွေ့ပဲ အချိန်တွေ ကုန်ပြီး သူ အိမ်ပြန် လာခဲ့လေသည်။ အိမ်ရောက်တော့ အဖေ့ အဆဲမျိုးစုံကို မိုးမွှန်အောင် သူ ခေါင်းငုံ့ ခံရလေသည်။ ဆယ်တန်း ရောက်နေပြီ၊ ရန်ကုန်မှာနေပြီး သံဈေးဘယ်မှာ ရှိတယ် မင်းမသိဘူး။ အံ့ရော။ မင်းမှာ ပါးစပ် မပါဘူးလား။ ဘယ်သူ့ကိုမှ မမေးဘူးလား-ဆိုသော အဖေ့အမေးကိုလည်း သူ ပြန်မဖြေနိုင်ခဲ့ပါ။ တကယ်တော့ သူက ပြင်ပလောကကြီးနဲ့မှ မထိစပ်ခဲ့တာ။

သို့သော်လည်း အိမ်သိပ်ခင်သော သူသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကာလတခုမှာ အိမ်ကို စွန့်ခွာပြီး အိမ်နှင့်ဝေးရာ ဒေသ တခုဆီသို့ ထွက်ခွာဖို့ ဆုံး ဖြတ်ခဲ့ပါသည်။ သည်ဆုံးဖြတ်ချက်ကိုလည်း အဲသည်အချိန်က လူငယ်များနည်းတူ သူ ချခဲ့ခြင်းသာ ဖြစ်ပါသည်။ အိမ်နှင့် ဝေးရာသို့ သွားရမည့် ခရီးတခုအတွက် သူ့မှာ ယုံကြည်ချက် တခုလည်း ရှိနေခဲ့လေသည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ သူသည် သူ ခင်တွယ်သော အိမ်နှင့် မိုင်ပေါင်းရာချီ ဝေးကွာသော ဒေါနတောင်ကြော တခု အပေါ် ရောက်နေခဲ့လေပြီ။

တညသား မီးပုံတခုမှာ အားလုံး ၀ိုင်းထိုင်ရင်း တယောက်ယောက်က တနေရာရာက ငှားလာသော ဂစ်တာ တလက် သူ့လက်ထဲ ရောက်လာသည့် အခါ သူ ပထမဆုံး တီးခဲ့မိသည့် သီချင်းက ခိုင်ထူးရဲ့ အိမ်အလွမ်း။

အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျစတညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

သူ စပြီးဆိုလိုက်သည့် တပိုဒ်အပြီးမှာတော့ အားလုံးက အတူတကွ လိုက်ဆိုကြလေသည်။

စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

မီးပုံအနား ရှိသမျှ လူအားလုံး ဆိုလိုက်သည့် အသံက စုစည်း ညီညာနေသည်။

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

သြော်... နှလုံးသားတွေ... တူနေကြတာကိုး... အရေပြားတွေလည်း တူကြမယ်။ အသက်ရှူသံတွေလည်း တူကြ တာပါပဲ။ တယောက်မျက်နှာကို တယောက် ကြည့်မိတော့လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်ရသလို ဖြစ်နေတာပါပဲ။

သီချင်းရဲ့ နောက်ဆုံး တပိုဒ်ကို သူဆိုလိုက်သည်။

မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အမေ ဆိုတဲ့ စကားလုံး ပါလာတဲ့ နောက်မှာ ငိုသံတချို့ကို သူကြားလိုက်ရပါသည်။ သည့်နောက် မှာတော့ သူ ကိုယ်တိုင်လည်း ငိုနေမိသည်ကို ဂစ်တာပေါ် တပေါက်ပေါက် ကျလာနေသော မျက်ရည်စက်များက အသိပေးနေ ပါသည်။ ထိုညအပြီး နောက်ညများမှာတော့ အိမ်အလွမ်း သီချင်းကို သူ ဘယ်အခါမှ ထပ် မတီး တော့ပါ။ သူကိုယ်တိုင် မငိုချင်သလို အခြား မည်သူ့ကိုမျှလည်း မငိုစေချင်ပါ။

ကျိမ်းသေသည်ကတော့ မည်သူမဆို အိမ်နှင့် ဝေးလေသမျှ မိုင်တွေ ပိုများလေ ပိုလွမ်းလေ ဖြစ်မည်ထင်သည်။

ယခုအချိန်မှာတော့ သူသည် သူကိုယ်တိုင် တည်ဆောက်ခဲ့သော အိမ်တလုံးနှင့် မိုင်ပေါင်းတထောင် ဝေးနေခဲ့လေပြီ။ ထို အိမ်လေးမှာ သူ ချစ်သော နှင်း၊ သူ့ ငှက်ကလေး ၃ ကောင်နှင့် သူ ပျော်ရွှင်ခဲ့ဖူးသည်။ ခုတော့ မုန်တိုင်းတိုက်ခံရသော ငှက်သိုက်တခုလို မိသားစု ဘ၀က ပြိုပျက်ခဲ့လေပြီ။ ငှက်ကလေးတကောင်က သူနှင့်အတူ၊ ကျန်ငှက်ကလေး ၂ ကောင်က မိုင်တထောင်ခရီး အဝေးမှာ။

------------------------------------------------------------------------------------
တောင်ယာ ဆိုသော စကားလုံးကို ငယ်ကတည်းက သူကြားဖူးသည်။ တောင်ပေါ်မှာ စိုက်ပျိုးခြင်းလို့ပဲ နားလည်နေခဲ့မိသည်။ တောင်ယာ၏ သဘောသဘာဝကို သေချာ နားမလည်ခဲ့။

အချိန်ကာလ တခုမှာတော့ ထို တောင်ယာများ ရှိသောအရပ်မှာ သူ့ဘ၀ကို ချိတ်ဆွဲခဲ့ရတော့သည်။ သည်အခါ တောင်ယာ ဆိုသော အဓိပ္ပါယ်တင်မက တောင်ယာထဲမှာ သူပါ ပျော်ဝင်သွားခဲ့တော့သည်။ တောင်ယာသည် သူ့အတွက် အိပ်မက်တခုကို မက်ခွင့်ပေးသော နေရာ၊ တောင်ယာသည် သူ့နားခိုရာ၊ တောင်ယာသည် သူတို့၏ သင်္ကေတပင် ဖြစ်တော့သည်။

နေ့နေ့ ညည တောင်ယာတွေကြားထဲ ရှင်သန်လာရသောအခါ တောင်ယာတွေကို နားလည်လာသည်။ တောင်ယာရှင်တို့၏ ဘ၀များကို စာနာနားလည်လာသည်။ သူတို့ကိုယ်တိုင်ပင် တောင်ယာရှင်တွေ ဖြစ်လာသည်။ သူတို့ကိုယ်တိုင်ပင် တောင်ယာများ ဖြစ်လာခဲ့ကြရသည်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း အမြဲတမ်း ရွှေ့ပြောင်းနေကြရသည် မဟုတ်လား။

တောင်ယာအားလုံးသည် ရွှေ့ပြောင်းနေကြရလေသည်။ တချိန်လုံး စိုက်ပျိုးလာသော တောင်ယာ တခုသည် အချိန် ကာလ တခု အရောက်မတော့ ကုန်ခမ်းသွားသော မြေဆီ မြေသြဇာ အသစ်များအတွက် အခြားနေရာသစ် တခုကို ရွှေ့ပြောင်းရလေသည်။ ထိုနေရာသစ်မှာလည်း စိုက်ရင်း ပျိုးရင်းနဲ့ မြေဆီသြဇာ ခမ်းခြောက်လာသည့်အခါ နောက်ထပ် နေရာသစ် တခုဆီသို့ ရွှေ့ပြောင်းရပေမည်။ သည်လိုနဲ့ တောင်ယာ ဆိုသည်မှာ မတည်ငြိမ်သော သဘောကို ဆောင်နေလေသည်။ အခြေတကျ မရှိသော သဘောကို ဆောင်လေသည်။ အခြေမကျနိုင်သော သဘောကို ဆောင်နေလေတော့သည်။

သူ့ဘ၀ကိုယ်တိုင်ကလည်း တောင်ယာတခုပင် ဖြစ်သည်-ဟု သူခံစားနေရလေသည်။ အချိန်တိုင်း ရွှေ့ပြောင်းနေရသည်ချည့်။ အိမ်အလွန်ခင်သော၊ မည်သည့်နေရာကိုမျှ မရွေ့ချင်သော သူသည် တကယ်တော့ အခြေမကျနိုင်သော တောင်ယာတခုသာ ဖြစ်ပါသည်။

သေနတ်တလက်ကို လွယ်ပိုးကာ သူ ရွှေ့ပြောင်းနေခဲ့ရသော နေရာ ဒေသများက မမှတ်မိနိုင်လောက်အောင် များပြားလွန်းလှသည်။ ရွှေ့ပြောင်းနေသော တေင်ယာများနှင့်အတူ ရွေ့လျားနေခဲ့ရသော အချိန်ကာလများကိုလည်း သူ မမှတ်မိနိုင်တော့ပါ။

သည့်နောက်မှာတော့ သူကိုင်ဆောင်ထားသည့် သေနတ်ကို ပစ်ချခဲ့ပြီးသည့်အခါ နေရာသစ်တခုကို သူ ထွက်ခွာခဲ့လေသည်။ သည်အချိန်မှစ၍ သူ ပြောင်းခဲ့ရသော အိမ်ပေါင်း မရေမတွက်နိုင်တော့။ မဲဆောက်မှာ၊ ဘန်ကောက်မှာ၊ ချင်းမိုင်မှာ။ တရားမ၀င် နေနေသူ တယောက်အဖို့ လုံခြုံရေးက အရေးကြီးသည့်အခါ တနေရာထဲမှာ ကြာကြာနေ၍ မဖြစ်ပါ။ အချိန်ကာလတခုအထိ (ဆိုလိုသည်မှာ လအတန်ကြာ) နေပြီးသည့်အခါ ထိုနေရာကို စွန့်ခွာကာ နောက်ထပ် လုံခြုံ စိတ်ချရမည့် နေရာတခုကို ရှာဖွေ ပြောင်းရွှေ့ခဲ့ရလေသည်။ သည်လိုနဲ့ ထိုင်းနိုင်ငံမှာ နေခဲ့သမျှသော အချိန်ကာလ အားလုံးသည် စိတ်မလုံခြုံမှုနှင့် ရွှေ့ပြောင်းခြင်း ၂ ရပ်ကို ပေါင်းစပ်ထားသော ရုပ်ဆိုး အကျည်းတန်သည့် နာရီလက်တန်များသာ ဖြစ်ပါသည်။

သည်လိုနဲ့ သူ့မှာ မိသားစုလေး တခု ရှိလာသည်။ သည်အခါ သည့်ထက် ပိုမို လုံခြုံ စိတ်ချရသောနေရာကို သူ စဉ်းစား ရှာဖွေရလေသည်။ နောက်ဆုံးမတော့ အမေရိကပြည်ထောင်စုသို့ အခြေချဖို့ သူ ဆုံး ဖြတ်ခဲ့ရလေတော့သည်။ Y2K မှာတော့ သူသည် သူ့မိခင်ရှိရာ အမေ့အိမ်မှ မိုင်ပေါင်းထောင်ချီဝေးကွာသော အရပ်မှာ တောင်ယာတခု ဖြစ်နေခဲ့လေပြီ။

New York State မှ Buffalo ဆိုသော မြို့ကြီးမှာ သူ့ဘ၀ရဲ့ ပထမဆုံးညကို ဖြတ်သန်းခဲ့ရသည်။ ပေါင်ဝက်လောက်ထိ ရှိသော နှင်းတွေကြားထဲမှာ ဖျားနာနေသော သားကြီးကို ဆေးရုံ သွားပို့ရသည့် သူ၏ အမေရိကရောက် ပထမဆုံးည။ ဒုက္ခသည်အဖြစ် ရောက်လာပြီး ရောက်ရောက်ချင်းညမှာပင် ဒုက္ခပေါင်းစုံနှင့် ကြုံရသည်ကပင် သူ့အတွက် unlucky sign လေလား။ သူ မတွေးအားပါ။

သည်လိုနဲ့ နှင်းတောထဲမှာ ၉ လကြာအောင်နေခဲ့ပြီးနောက် ကိုယ့်တိုင်းပြည်နဲ့ ရာသီဥတု တူသော ဖလော်ရီဒါပြည်နယ်ကို ရွှေ့ပြောင်းဖို့ သူ ဆုံး ဖြတ်ခဲ့ရလေသည်။ ထိုပြည်နယ်သို့ ရောက်ပြီးနောက် သူ့မိသားစုဘ၀လေး အနည်းငယ်တော့ တည်ငြိမ်မှု ရှိခဲ့ပါသည်။ သို့သော်လည်း ရောက်သည့် မြို့ကလေး ဖြစ်သည့် Boca Raton မှာ အိမ်ကို အကြိမ်ပေါင်းများစွာ ပြောင်းခဲ့ရပါသေးသည်။ နောက်ဆုံး အိမ်ပြောင်းရခြင်း ဒုက္ခကို မခံနိုင်သည့် အဆုံး ဘယ်တော့မှ အိမ် မပြောင်းရအောင် ကိုယ်ပိုင် အိမ်တလုံး သူဝယ်ခဲ့ပါသည်။ ၀ယ်ပြီးသည့်အခါ သူ ကျေနပ် ပျော်ရွှင်နေမိသည်။ ငါဘယ်တော့မှ အိမ်ပြောင်းစရာ မလိုတော့ဘူး-ဟု သူ တွေးထင်ခဲ့မိသည့် အတွေးများကို တနေ့သားမှာ တစုံတရာက ချိုးဖျက်လိုက်ပါသည်။

သူ မမျှော်လင့်သည်များက သူ့ဘ၀မှာ အမြဲ ဖြစ်နေလေ့ရှိသည့်အတိုင်း သူကိုယ်တိုင်ဝယ်ထားသည့်အိမ်ကို စွန့်ခွာဖို့ အကြောင်းက ဖြစ်လာလေသည်။ သည်လိုနှင့် အပြောင်းအရွှေ့ကို မလိုလားသဖြင့် ၀ယ်ယူထားခဲ့သော ကိုယ်ပိုင် အိမ်ကလေးကို စွန့်ကာ ကယ်လီဖိုးနီးယား ပြည်နယ်သို့ သူ ထွက်ခွာခဲ့ရပါလေသည်။ ၂၀၀၈ စက်တင်ဘာမှာ သူ ရောက်ရှိလာခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်ကလည်း ၂၀၀၉ မှာ အမေရိကပြည်ထောင်စုတခုလုံးမှာ အလုပ်လက်မဲ့ အများဆုံး ပြည်နယ် ဖြစ်နေခဲ့လေပြီ။ သူသည်လည်း ဘာကောင်မို့လို့လဲ- အများနည်းတူ သူသည်လည်း လုပ်လက်မဲ့ ဖြစ်သည်ပေါ့လေ။

သည်လိုနဲ့ ကယ်လီဖိုးနီးယားမှာ ရရာ ပတ်တိုင်းမ် အလုပ်များ လုပ်ရင်း အခြားပြည်နယ်တွေမှာ ရနိုင်သော အချိန်ပြည့် အလုပ်များကို သူရှာရပါလေသည်။ ရှာရင်းနဲ့ အော်ရီဂွန်ပြည်နယ်မှာ သူ အလုပ်ရပါသည်။ အလုပ်က သူ့အိမ်နဲ့ မိုင် တထောင်ကျော် ဝေးသည်။ ရွှေ့မှပဲ ရမည်။ မရွှေ့မပြောင်းချင်သော သူသည် သည်လို့နဲ့ပင် ရွှေ့ပြောင်းရပြန်ပါတော့သည်။ မိုင်တထောင်ကျော် ခရီးကို ကားမောင်းပြီး သွားရမည်။ မိုင်တထောင်ကို မောင်းပြီးသည့်အခါ နာရီ ၂၀ နီးပါး မောင်းခဲ့သည့် ဒဏ်ကို သူ့ခါးက မခံနိုင်ပါ။ သူ အလုပ်လုပ်ရမည့် မြို့ကို ရောက်တော့ သူ ခါးနာနေပြီ။ သို့သော်လည်း မတတ်နိုင်ပါ။ သူနှင့်အတူ ပါလာသော သားကြီးကို ကျောင်းသွားအပ်၊ ပြီး သူ့အလုပ်ကို စဆင်းရပါလေသည်။

အစစ အရာရာ အားလုံး အဆင်ပြေပါသည်။ အဆင်မပြေသည်က တနေရာရာမှာ ကျောက်ချချင်သော သူ့အတွက်သာ ဖြစ်ပါသည်။ တချိန်လုံး ရွှေ့ပြောင်းနေရသော သူ့အတွက် သည်မြို့လေးကလည်း နောက်ဆုံး ကျောက်ချရာ ဖြစ်နိုင်ပါ့မည်လား။ သူမယုံရဲနိုင်သေးပါ။

ဘာလို့ဆို။ သူ့ဘ၀က ရွှေ့ပြောင်းတောင်ယာ ဖြစ်နေခဲ့သည်မှာ အနှစ် နှစ်ဆယ် ကျော်နေခဲ့ပြီ မဟုတ်လား။ နောက်ထပ် တောင်ယာတခုကို သူ ထပ်မရွှေ့ရဘူးလို့ မည်သူက အာမခံနိုင်လိမ့်မည်လဲ....
-------------------------------------------------------------------------------

အလုပ်ပြီးသည့်အခါ သူ့ ယူနီဖေါင်းကို ချွတ်ပြီး Locker ထဲ ထည့်လိုက်သည်။ အနွေးထည်ကို ၀တ်ရင်း သူ အလုပ်လုပ်ရာ စတိုးမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ခုတော့ ၃ နာရီ ၁၀ မိနစ်။ နောက် ၃ နာရီ ၂၅ မိနစ်မှ သားကြီး ကျောင်းကားက အိမ်ရှေ့မှာ ဆိုက်လာလိမ့်မည်။

ခုတော့ သူ့ကို ကြိုဆိုသူ မရှိသော မီးခိုးရောင် အိမ်ကြီးတလုံး အရှေ့မှာ သူ ခဏတာ ရပ်နေမိသည်။ သည်အိမ်ထဲသို့ သူ မ၀င်ချင်ပါ။ သူ့ပါးမှာ မျက်ရည်စက်တချို့ ကျလာလေသည်။ တကယ်တော့ သူ့မှာ အသက်ပဲ ရှိပါတော့သည်။ သူ့မှာ ဘ၀ မရှိတော့ပါ။ ဒါကြောင့်လည်း ဘိုတွေ တယောက်ကို တယောက် နာကျင်စေချင်သည့်အခါ ပြောလေ့ရှိသည့် Get a life ဆိုသည်ကို သူ ပိုခံစားနေမိသည်။

သူ့ဘ၀ကိုလည်း သူစဉ်းစားနေမိသည်။ သူငယ်ကတည်းက မိဘ ၂ပါးနဲ့ အတူမနေရ။ ခု ကိုယ့် မိသားစုလေးနဲ့ ကိုယ်နေတော့လည်း ကွဲကွာစရာတွေက ဖြစ်လာသည်။ သူကိုယ်တိုင် ဘာတခုမှ မဖန်တီးပါပဲနဲ့ ကွဲကွာစရာတွေ ဖြစ်လာတာကတော့ သူ ကိုယ်တိုင်လည်း နားမလည်နိုင်ပါ။ ဘ၀ဆိုတာ ကွဲကွာခြင်းလား။ သူမေးနေမိသည်။ ဘာကြောင့် ကွဲကွာကုန်ကြရတာလဲ။ ခုတော့ သူနဲ့ သားကြီးက တကွဲ၊ သားအလတ်၊ သားအငယ်နှင့် သူ့ရဲ့နှင်းက တကွဲ။

လူ ၂ ယောက် အတူနေသည့်အခါ တူညီသည့် အချက်တစုံတခုပေါ်မှာ အတူနေကြလေသည်။ အတူနေရင်း မတူညီသည့် အရာတွေများလာသည့်အခါ ကွဲဖို့ - သို့မဟုတ်- ခွဲဖို့ သာ ရှိတော့လေသည်။ သို့သော်လည်း ၂ ယောက် အတူနေရင်း ပွားစည်းလာသည့် နောက်ထပ် လူသားလေးများ ရှိလာသည့်အခါ အခြေအနေများက ပိုမို ရှုပ်ထွေးလာလေသည်။ ချစ်ခြင်းမေတ္တာ၊ တာဝန်ယူမှု၊ လူသားစိတ်- အစရှိသည်တို့က ခွဲရေး-တွဲရေးကို စိုးမိုးလေသည်။

ဘာပဲဖြစ်ဖြစ် သူကတော့ အကောင်းဆုံးဖြစ်သည် ထင်ရာကို ရွေးချယ်ခဲ့လေသည်။ သည်ရွေးချယ်မှုက အကောင်းဆုံး မဖြစ်လျင်လည်း အဆုံးသပ် အဖြေတခု အတွက် ရင်စည်းခံဖို့ သူ အဆင်သင့်ရှိပါသည်။ သို့သော်လည်း ဖြစ်ရပ်တိုင်းက အဆိုးချည့်သာ။ ကျော်ဟိန်း သီချင်းတပုဒ်လို ငြိမ်းချမ်းမှု ဝေးတဲ့ လူသား တယောက်တဲ့လား....

ခုလောလောဆယ်ဆယ်တော့ သူ့မှာ နာကျင်နေသောနှလုံးသား တခုသာ ရှိနေပါတော့သည်။

Oct 19, 2009

စွန်းထင်းမှု (၂၆)

ဝဋ်ကျွေး

ပေးဆပ်စရာ ရှိသွားတဲ့အခါ
တပြားတချပ်မှ
ချန်ထားခဲ့လို့ကို မရဘူး...
တနည်းနည်းနဲ့
ကြေအောင်ဆပ်ခဲ့ရတာချည့်...



ATN

စွန်းထင်းမှု (၂၅)

ကျိန်စာ


သင့်မိတဲ့အခါ
လုပ်စရာ ၂ ခုပဲ ရှိတော့တယ်...
ရင်ကော့ ခံရင် ခံ...
ဒါမှမဟုတ်
ခေါင်းငုံ့ခံ...
ငါကတော့
ရင်ကော့ ခံပစ်လိုက်တယ်။


ATN

Oct 12, 2009

တိမ်တွေလို

“မို့မို့”ရဲ့ သီချင်းတပုဒ်ပါ။

“တိမ်တွေလို”

ကိုယ်ဟာ... တိမ်တွေလိုပဲ... လွင့်တော့မလို့...
ဘယ်ဆီဘယ်ဝယ်.. မသေချာတော့ဘူးပေါ့...
ကိုယ်တယောက်ထဲ... မင်းနဲ့... ဝေးတဲ့အခါ...
အားလုံး... ရက်စက်စွာ...


တခါတလေ... နွေဟာ... ပိုမို... ပူပြင်းသွားခဲ့သလိုပဲ...
အပြင်မှာ... ရွာနေတဲ့မိုး... ပိုပြီး... သည်းတော့မလိုပဲ...
အခြေအနေတွေ... ပိုပြင်းထန် ဆိုးရွားလို့... နေခဲ့...


ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ... (ကိုယ်ကြေကွဲ... )
ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကွဲကြေခဲ့...


(လွင့်နေတဲ့ တိမ်များ... ငါ့လိုပဲ ဖြစ်မလား...
ရောက်ချင်ရာ... ငါရောက်... လျှောက်ချင်ရာ... ငါလျှောက်...
မင်းအနား... ငါ့အနား... ရက်စက်တဲ့နေ့များ...
ချစ်သူက... ပျောက်သွား... မင်းကတော့ သိမလား... )



ကိုယ်ဟာ... တိမ်တွေလိုပဲ... လွင့်တော့မလို့...
ဘယ်ဆီဘယ်ဝယ်.. မသေချာတော့ဘူးပေါ့...
ကိုယ်တယောက်ထဲ... မင်းလေး... မရှိတော့လည်း...
အားလုံး... ရက်စက်စွာ...


တခါတလေ... နွေဟာ... ပိုမို... ပူပြင်းသွားခဲ့သလိုပဲ...
အပြင်မှာ... ရွာနေတဲ့မိုး... ပိုပြီး... သည်းတော့မလိုပဲ...
အခြေအနေတွေ... ပိုပြင်းထန် ဆိုးရွားလို့... နေခဲ့...


ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ... (ကိုယ်ကြေကွဲ... )

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...
(ကိုယ်ကြေကွဲ... )

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...
(ကိုယ်ကြေကွဲ... )

ရက်စက်တဲ့... နှစ်လ အချိန်တွေရယ်...
တစစ... ပိုဝေးကွာ... အချစ်ဆုံးနဲ့...
နှလုံးသားမှာ... လောင်ကျွမ်းခဲ့...
နူးညံ့စွာ... ခံစားရင်း... ကြေကွဲ...
(ကိုယ်ကြေကွဲ... )

Get this widget | Track details | eSnips Social DNA

စွန်းထင်းမှု (၂၄)

မွေးနေ့

ငလျင် မလှုပ်ဘူး...
တောင်မပြိုဘူး...
ပင်လယ်တွေ မအော်ဘူး...
မိုး မထစ်ချုံးဘူး...
နာကြင်မှုတွေကြားထဲက
မေတ္တာတရားနဲ့ ရွှန်းစိုနေတဲ့
အမေ့ရဲ့အပြုံးလေးတခုသာ
ကောင်းကင် တံခါးဝမှာ ချိတ်ဆွဲလို့...


ATN

Oct 11, 2009

သူစိမ်း

“ခင်ဝမ်း”ရဲ့ “ပြည်မှာဆောင်း” အယ်လ်ဘမ်ထဲက သီချင်းတပုဒ်ပါ။ ကျနော့် ဘ၀နဲ့ တူနေသလိုပဲ...။

“သူစိမ်း”

လရောင်ဟာ... လှပနေတယ်...
စိတ်မအေးနိုင်တဲ့... ကိုယ့်အဖို့တော့...
တကမ္ဘာမှာ... သာနေသလိုပဲ... ဝေးလှတယ်...
ဘ၀ရဲ့... ညီမျှခြင်းတွေကို... သတိမထားမိတဲ့... တနေ့မှာ...
ကိုယ်နဲ့သူ... သူစိမ်းဘ၀ကို... ရောက်ခဲ့ကြတယ်...

ညအမှောင်မှာ... အိပ်စက်နေလည်း...
ဘ၀ခြားနေတဲ့... ကိုယ်တို့အဖြစ်ကို...
ရင်မှာ... နာနေရဆဲ... ချစ်သူရေ...
အဆုံးအစ... မမြင်တဲ့... လူတယောက်ရဲ့... ဘ၀ကို... တချိန်ကျရင်...
စွန့်ပစ်လေမလား... ကြောက်ခဲ့တယ်...

မြတ်နိုးခဲ့ရတဲ့သူ့ကို.... ကိုယ်မမေ့ဘူး...
တကယ်တော့လည်း... ကိုယ်မပျော်ပါဘူး... အချစ်ရေ...
အခုချိန်မှာ... အပြင်လူ... ဖြစ်ခဲ့ရပေမယ့်...
တချိန်တုန်းက... ရင်းနှီးခဲ့ကြတဲ့ အဖြစ်ကို... မမေ့သင့်ဘူးလေ...
ရင်နာစရာ... သည်အဖြစ်ဟာ... ထာဝရပဲလား...
အမြဲပဲ... တွေးနေတယ်... အချစ်ရယ်...

ကိုယ့်ရင်မှာ... လွမ်းဆွတ်နေဆဲ...
မပြတ်သားနိုင်တဲ့... ကိုယ့်ရဲ့ ဘ၀ကိုပဲ...မနေချင်သလို...
ကိုယ်တယောက်ထဲ... ဆွေးနေတယ်...
ဆန္ဒနဲ့... ခံယူချက်တွေကို... မဝေခွဲမိခင်...
အချစ်ဆုံးကို... ဆုံးရှုံးခဲ့ရတဲ့သူ... ဖြစ်ခဲ့တယ်...

မြတ်နိုးခဲ့ရတဲ့သူ့ကို.... ကိုယ်မမေ့ဘူး...
တကယ်တော့လည်း... ကိုယ်မပျော်ပါဘူး... အချစ်ရေ...
အခုချိန်မှာ... အပြင်လူ... ဖြစ်ခဲ့ရပေမယ့်...
တချိန်တုန်းက... ရင်းနှီးခဲ့ကြတဲ့ အဖြစ်ကို... မမေ့သင့်ဘူးလေ...
ရင်နာစရာ... သည်အဖြစ်ဟာ... ထာဝရပဲလား...
အမြဲပဲ... တွေးနေတယ်... အချစ်ရယ်...

Get this widget | Track details | eSnips Social DNA

Oct 10, 2009

အလွမ်းအ၀ါ အဆွေးအပြာ

ကျနော့်ရဲ့ အချစ်ဆုံး အကိုကြီး တယောက်ဖြစ်တဲ့ အကို ခင်အောင်အေး (အဝေးရောက် ပင်လယ်) က အသည်းကွဲနေတဲ့ ကျနော့် အတွက် ရည်ရွယ်ပြီး ကဗျာ တပုဒ် ရေးပို့ပေး ပါတယ်။ ကျနော့် ရင်ဘက်ကို တည့်တည့် ချိန်ပြီး ထိုးထည့်လိုက်တာပါ။ ဒါပေမယ့် လက်သီးတလုံး မဟုတ်ခဲ့တော့ ဟတ်ထိသွားတဲ့အခါ ပိုနာတယ်...း) ကျနော့်ကိုယ်စား ပြောပေးတဲ့အတွက် ကျေးဇူးပါ အကိုကြီး...

အလွမ်းအ၀ါ အဆွေးအပြာ

ဘယ်သူယုံနိုင်မလဲ
အလွမ်းဟာ အ၀ါရောင်၊ ပိတောက်ပန်းဝါသလိုဝါတယ်
ဆယ့်နှစ်ရာသီလို ၀ါတဲ့အခါလဲ ၀ါတယ်
နှင်းဆီလို ၀ါတဲ့ အခါများမှာ ပြုံးတ၀င့်ဝင့်
ကြာဖြူ ကြာနီတွေကြားမှာ ကြာအ၀ါဟာ အငြင်းပွားစရာ
မီးပွိုင့် မီးအ၀ါလို ၀ါတော့လဲ ကိုယ်ဟာ လစ်ရင်လစ်သလိုဖြတ်မောင်းသွားမှာပဲ
ဒါပေမယ့် အလွမ်းတွေ ရင်နဲ့အပြည့်။ ။


အဆွေးကတော့ အပြာရောင်
သွေးပြန်ကြော ပြာသလိုပြာတယ် အဆွေးဆိုတာ အပြာရောင်လို့
တယောက်ယောက်ပြောခဲ့ ဘူးသလား
အေး..ဘယ်သူမှ မပြောဘူးရင် ငါပြောတယ် အဆွေးဆိုတာ အပြာရောင်
ကောင်းကင်လို မပြီးနိုင် မစီးနိုင် ပင်လယ်လို ငွေ့ရည်ဖွဲ့လို့မဆုံး
ညိုမှောင်တဲ့ တောင်၊ သစ်တောစိမ်းစိမ်းနဲ့စိမ်းမှောင်တဲ့တောင်ပေမယ့်
တောင်ပြာတန်းက ငိုမယ်…လို့ ဖွဲ့စပ်ရတဲ့ တောင်လို အပြာ
ပြာလို လောင်မြိုက်ပြီးကျန်ရစ်တဲ့ ဘေးထွက်ပစ္စည်း တွေရယ်..
အဆွေးတွေ ရင်နဲ့အပြည့်။ ။


ခင်အောင်အေး
၉၊ အောက်တိုဘာ၊ ၂၀၀၉

စွန်းထင်းမှု (၂၂) (အ)

ကျနော့် အချစ်ဆုံး အကိုကြီးတယောက်ဖြစ်တဲ့ ရွှေရတုမှတ်တမ်းကလည်း ကျနော့်ရဲ့ စွန်းထင်းမှုတွေကို အောက်ပါအတိုင်း ၀င်ရောက် အားပေးသွားပါတယ် ခင်ဗျ...း)

ညစ်ပတ်ပေရေမှု ၂၂ , ၂၂ (က) နှင့် ၂၂(ခ) ..ကိုအမြင်ကပ်ပါသဖြင့်... ၂၂(အ) ကို.. ကဝိရှင် ကိုယ်တိုင် ရေးသားလိုက်ပါကြောင်း....

ဖယောင်းတိုင်

တတိုင်ကို တရာပေးတာတောင်
ကောင်းကောင်း မလောင်
ဟိုခွေ သည်ခေါက်နဲ့
ပျော့တီးပျော့ယောင်
လေ မတိုက်တာတောင်
တခြမ်းစောင်းလောင်
ဒီလောက်တောင်ဖြစ်လှ
သွားတော့ဟဲ့...ကောင်
ဒေါက်............(လွှင့်ပစ်သံ)


(ရွှေရတုမှတ်တမ်း)

ညီငယ်များနဲ့ နှမ မကေ ကို ချစ်လို့စတာ.. စိတ်မဆိုးကြေးနော်.... စိန်ကောင်း ကျောက်ကောင်းကြားထဲ.. တခါတလေ တော့လည်း ဂဲညပ်ကြည့်တာ...း)))

စွန်းထင်းမှု (၂၂) (ဂ)

ကျနော့်ရဲ့ နောက်ထပ်ညီငယ်တယောက် ဖြစ်တဲ့ ကိုလူထွေးကလည်း ကျနော့်ရဲ့ ပေကျံ သွားတဲ့ ဆေးစက်တွေ ထဲမှာ ထပ်ပြီး အားဖြည့်စွန်းထင်းသွားပါတယ်။ သူ့ စွန်းထင်းမှု ကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

ဒီကောင်
အူမ မတောင့်ပေမယ့်
သီလတော့စောင့်ရှာတယ်...
သူ့ကိုထွန်းသမျှ
လင်းပြတာချည်းပဲ...


(ကိုလူထွေး)

စွန်းထင်းမှု (၂၂) (ခ)

ကျနော့်ရဲ့ ပေကျံသွားတဲ့ ဆေးစက်တွေထဲမှာ ထပ်မံအားဖြည့် စွန်းထင်းလာတဲ့ နောက်တယောက်ကတော့ ကျနော့် အချစ်ဆုံး ညီလေး အမွှာပူး ညီငယ် မောင်ဖုန်းမြင့်ပါ။ သူကလည်း ညီမငယ် မကေကို အားကျမခံပေါ့ဗျာ။ သူ့ စွန်းထင်းမှုကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

သူ့ကိုယ်သူ ဦးခေါင်းဖျားကစပြီး
မီးရှို့ချလိုက်တယ်
သူ့ရဲ့ကျွမ်းလောင်မှုဟာ
မဟူရာ အမိုက်မှောင်မှ
အနဲငယ်သော လရောင်
သူ့ပျော်ဝင်မှု ပွက်အန်အပြီးမှာ
ကောင်းချီးမင်္ဂလာ မရှိတော့ဘူး
သူကတော့အချိုမြိန်ဆုံး လောင်ကျွမ်းခဲ့တယ် ။


(မောင်ဖုန်းမြင့်)

Oct 9, 2009

စွန်းထင်းမှု (၂၂) (က)

ကျနော့်ရဲ့ ပေကျံသွားတဲ့ ဆေးစက်တွေထဲမှာ ကျနော် တယောက်ထဲ မဟုတ်ရပါလားဗျာ...။ ညီအကို မောင်နှမတွေလည်း ပါနေမှန်း ခုမှ သိတယ်။ ပထမတခါတုန်းကတော့ ကျနော်နဲ့ အတူ ၀ိုင်းဝန်း စွန်းထင်းသွားတာကတော့ ကိုလူထွေးပေါ့။
ခုတော့ ကျနော့် စွန်းထင်းမှုတွေထဲမှာ အားဖြည့်စွန်းထင်းသွားတာက ကျနော့် အချစ်ဆုံး ညီမလေး ကျောက်ခဲကလေး မကေပါ။
သူ့ စွန်းထင်းမှုကလေးကိုလည်း အားပေးကြပါဦး...း)

ဖယောင်းတိုင်

သူ့ကိုသူ..
မေတ္တာရှင်လို့ထင်
လောင်မြိုက်….. ပျော်ဝင်
လှိုက်ကုန် ….. ယိုစီး
တတိတိ..... တအိအိ..
နောက်ဆုံး..
သူ - ငတုံး ဆိုတာ တောင်..
မသိ နိုင်အောင်..
အတုံးအရုံး


(ကေသွယ်)

စွန်းထင်းမှု (၂၂)

ဖယောင်းတိုင်

အူ ဆိုလို့
တချောင်းပဲ ပါလာနိုင်တယ်။
သည်အူတိုင်က သူ့နှလုံးသားပါပဲ။
သူတပါးကို အလင်းပေးဖို့
သူကိုယ်တိုင် မီးထိုးကျွေးခဲ့တာပေါ့။
ခုတော့
သူ့ခန္ဓာကိုယ်ပါ လောင်မြိုက်
အရည်ပျော်ကျသွားလိုက်တယ်။
မိုက်ရူးရဲသူတော့ မဟုတ်ပေဘူး။


ATN

Oct 8, 2009

A for AUNG

ဟနစံနဲ့ ဆင်ဆင် တက်ဂ်လို့ ရေးရပါတယ်။

Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name : Aung
2. A four Letter Word : Aces
3. A boy's Name : Augustine (Hey.... don't tell me it is my name... :)
4. A girl's Name : Agathar
5. An occupation : Appointment-setter
6. A color : Aurora Amber
7. Something you'll wear : Apron (I have to wear it every single day... :)
8. A food : Apple-pie
9. Something found in the bathroom :Air-refresher
10. A place : Australia
11. A reason for being late : All I know is I am really really late... :))
12. Something you'd shout : Anyone! Anywhere! Anything!
13. A movie title : American Pie
14. Something you drink : Army Rum.... :)
15. A musical group : Aerosmith
16. An animal : Adder
17. A street name : Alfred Circle
18. A type of car : Alfa Romeo (I wish I own one... :)
19. The title of a song : All I Have To Do Is Dream... :)
20. A verb : Add (Add me, please... on G-talk..... :)

ကဲ... ကိုယ့် အလှည့် ပြီးသွားတော့ ကျန်တဲ့သူတွေ အလှည့်ပေါ့လေ။ တက်ဂ်ရမယ့်သူတွေကို ရှာကြည့်လိုက်တော့ - ဟား.... တွေ့ပြီဗျား ကျနော့် ကျောက်ခဲကြီး... အဲလေ... အကိုကြီး ရွှေရတုမှတ်တမ်း၊ ဆီပုံထဲက အရုပ်တကာကို လျှောက်လျှောက်ဆော့ပြီး အလုပ်နောက်ကျတဲ့ ကျနော့် ညီမ မအယ်၊ အကိုငယ်ရေ့ဆိုပြီး လာလာ နောက်သွား တတ်တဲ့ ညီမငယ် မယ်ကိ၊ ရီစရာတွေ ရေးတတ်တဲ့ ညီငယ် ကိုလူထွေး၊ ညီမငယ် ဖြူစင်ကြယ်၊ ပြီးတော့ ကျနော့်ကို လာလာစတတ်တဲ့ ညီမငယ် ခရေညို၊ ၆ ယောက်ဆို တော်လောက်ပါပြီလေ။ အဲ... နေဦး... သူ့နံမည်ကို Z နဲ့ စတဲ့ ကိုဂျက်လီ (သူက စာရေးကောင်းတယ်... ရီစရာတွေ အရမ်း ရေးတတ်တာ... ခုတော့ Z နဲ့ သူ ဘယ်လိုရေးမလဲလို့ စိတ်ဝင်စားတယ်...း)

Oct 7, 2009

စွန်းထင်းမှု (၂၁)

တံတိုင်း

ထိစပ်သင့်တာတွေကိုရော
မထိစပ်သင့်တာတွေကိုရော
ကွာခြားပစ်လိုက်တယ်...
သူကိုယ်တိုင်စိတ်ပါလို့တော့ မဟုတ်ဘူး...
သူ့ကို တည်ဆောက်ခဲ့သူတွေသာ
စိတ်ပါကြလို့...


ATN

စွန်းထင်းမှု (၂၀)

ကလေး

နဂိုရ်မူလကတော့
ရွှံ့တုံးကလေး တတုံးစီမျှသာ...
အိုးထိန်းသည်မျိုးစုံ လက်ထဲ
ကိုယ်စီရောက်သွားကြတော့
ပုံစံမျိုးစုံ သွားတဲ့
သနားစရာ အိုးကလေးများပါပဲ...


ATN

Oct 6, 2009

စွန်းထင်းမှု (၁၉)

အရက်

လူတိုင်းအတွက် အဆိပ်...
အသည်းကွဲသမားများအတွက်မှာမူ
ပူလောင်ရက်စက်သော အမှတ်တံဆိပ်...
သူ့ဘာသာသူ တိတ်တိတ်ဆိတ်ဆိတ်နေနေသော်လည်း
လူတကာ အသိအမှတ်ပြုမှုကို
ကျိတ်မှိတ် ခံနေရသော အရည်..


ATN

စွန်းထင်းမှု (၁၈)

မနက်ခင်း

အသစ်တခုကို
မွေးဖွားခြင်းဖြစ်တယ်။
ပြီးတော့လည်း
အလင်းကို
ယူဆောင်လာခဲ့သေးတယ်။
ငါ ၀မ်းနည်းနေမိတာ
တခုပါပဲကွယ်...
သူ့ကို ထာဝရ
ငါ သိမ်းထားလို့ မရနိုင်တာလေးပါပဲ...


ATN

စွန်းထင်းမှု (၁၇)

ဗလာစာအုပ်

ဘာမှမရှိတဲ့ အဖြူရောင်မျက်နှာပြင်ပေါ်မှာ
ရေးချင်တဲ့သူ ရေးချင်ရာကိုရေး...
ကြည်ဖြူစွာ ခွင့်ပေးထားတယ်...
ဆွဲချင်တဲ့ ပုံတွေကိုဆွဲ...
သူကလည်း ဆဲရေးတိုင်းထွာမှုတွေ
လုပ်မှာကို မဟုတ်ဘူး...
သူ့ရင်ကို ထက်ခြမ်းခွဲ
စာရွက်တွေကို ဆုတ်ဖြဲပစ်လိုက်သည့်တိုင်
သူ့ဝဋ်ကြွေးတွေကို သူခံနေနိုင်တုန်းပါပဲ...


(အောင်သာငယ်)

Oct 5, 2009

ဘယ်သူနဲ့မှ မတူတယ်

ခုရက်ပိုင်း အိမ်ပြောင်းတဲ့ အချိန်မှာ ကားမောင်းရင်း လာခဲ့တဲ့ လမ်းမှာ ဟိုဟို သည်သည် စဉ်းစားမိရင်း ကိုယ့် လက်ရှိဘ၀၊ ငယ်ဘ၀ တွေကို သွားစဉ်းစားမိ ပါတယ်။ သည်လိုနဲ့ လူတွေ အားလုံးဟာ တယောက်နဲ့ တယောက် ပင်ကိုယ် သဘာဝတွေ မတူတတ်သလို ကိုယ်စီ ကိုယ်စီမှာလည်း ထူးခြားချက် ကလေးတွေ ရှိတတ်တဲ့ အကြောင်းကို သွားစဉ်းစားမိပါတယ်။

ကျနော် ကလေးဘ၀တုန်းက ဆိုရင် တခြားကလေးတွေနဲ့ မတူတဲ့ ထူးခြားချက် ကလေးတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါတွေကတော့ ကျနော် ငယ်ငယ်က ကိုယ့်အိမ်အနားနဲ့ ကိုယ့်လမ်းထဲမှာပဲ ကစားလေ့ ရှိပါတယ်။ တခြားလမ်း တခြား ရပ်ကွက်တွေမှာ သွားကစားလေ့ မရှိပါဘူး။ အိမ်လည် ပြီးတော့လည်း မကစားတတ်ပါဘူး။ များသော အားဖြင့်ကတော့ အိမ်မှာ စာဖတ်နေလေ့ ရှိတာက များပါတယ်။ အဖိုးအဖွားနဲ့ အဒေါ်တွေ ဦးလေးတွေ စုထားတဲ့ လူတရပ်ကျော် မြင့်တဲ့ စာအုပ် ဘီရိုကြီး ၃ လုံးရှေ့မှာ ဖျာခင်းပြီး ကိုယ် စိတ်ဝင်စားတဲ့ စာအုပ် တအုပ်အုပ်ကို ယူဖတ်နေတာက များပါတယ်။

ဒါကြောင့်မို့ပဲဖြစ်မယ်။ ကျနော် ငယ်ငယ်က သူငယ်ချင်း အတော် နည်းပါတယ်။ လက်ချိုးရေရင် ဆယ်ယောက် မပြည့်ဘူး။ သူတို့ကလည်း တခြားလမ်းတွေ ရပ်ကွက်တွေက မဟုတ်ပါဘူး။ ကျနော်တို့ ဘေးအိမ်နဲ့ လမ်းထဲက သူငယ်တန်း ကတည်းက တတန်းထဲ တက်လာခဲ့တဲ့ သူတွေပါ။ နောက် ကစားတာထက် စာဖတ်တာက ပိုများလို့ ဖြစ်မယ် သူငယ်ချင်းတွေ ကစားကြတဲ့ ကစားပွဲတွေမှာ ကျနော်က အညံ့ဆုံးပါပဲ။ လူတိုင်း ကစားကြတဲ့ ကစားနည်း တွေကို ကျနော်က နားမလည်။ ကစားပြန်ရင်လည်း လူတိုင်း အလွယ်တကူ လုပ်နေ ကစားနေကြတာကို ကျနော့်မှာ ခက်ခဲ နေတော့တာပါပဲ။

ဥပမာ- ကလေးတွေ စုပြီး ဂေါ်လီပစ်ကြရင် တခြား ယောက်ျားလေးတွေ ပစ်သလို ဂေါ်လီကို ဘယ်ဖက် လက်ညှိုးနဲ့ လက်မကြားမှာ ကိုင်ပြီး ညာဖက် လက်ခလယ်နဲ့ ပစ်ထုတ်တာမျိုးကို မလုပ်တတ်ပါဘူး။ တခြား လူတွေ ပစ်ရင် ဂေါ်လီက တည့်တည့်ပဲ သွားပါတယ်။ တချို့ဆို တခြား လူရဲ့ ဂေါ်လီကိုတောင် ပစ်ခွဲ နိုင်လောက်အောင် လက်တည့်ပါတယ်။ ကျနော်သာ ပစ်လိုက်လို့က ဂေါ်လီက တည့်တည့် မသွားပဲ ကိုယ့်ရဲ့ ညာဖက်ခြမ်း ဆီကို လွင့်ထွက် သွားပါတယ်။ တည့်အောင် ဘယ်လိုမှကို မပစ်တတ်တော့ ဂေါ်လီကို သည်အတိုင်းပဲ ညာဖက် လက်နဲ့ကိုင်ပြီး လွှဲပစ်ရတာပါ။ သည်လိုနဲ့ ဂေါ်လီပွဲတွေမှာ ကျနော် အမြဲရှုံးတော့ ဂေါ်လီလောကကြီးကို အပြီးအပိုင် ကျောခိုင်းခဲ့ပါတယ်။ နောက်ဘယ်တော့မှ မကစား တော့ပါဘူး။ ဘာလို့ဆို ကစားရင်လည်း ကိုယ်က နိုင်ချင်သေးတာကိုး။ ကိုယ်ချည့် အမြဲတမ်း ရှုံးနေတော့လည်း ဘယ်မှာ ကစားချင်တော့မလဲလေ။

နောက်တခါ ဂျင်ပေါက်ကြတော့လည်း အဲလိုပါပဲ။ ဂျင်ရဲ့ သံကို အပေါ်ထောင်ကိုင်ပြီး တခြားဂျင်ပေါ်ကို အားနဲ့ ပေါက်ချ ရတဲ့ ယောက်ျားဒိုးလို့ ခေါ်တဲ့ ဂျင်ပေါက်နည်းကို ကျနော်က မပေါက်တတ်ဘူး။ ဂျင်ရဲ့သံကို အောက်စိုက်၊ ဂျင်ကို အရှေ့ကို လွှဲပစ်ပြီး ပေါက်ရတဲ့ မိန်းမဒိုးလို့ ခေါ်တဲ့ ပေါက်နည်းကိုပဲ ပေါက်တတ်ပါတယ်။ တခြား ယောက်ျားလေးတွေက ဂျင်ဘယ်နှစ်လုံး ခွဲပြီးပြီလို့ ဂုဏ်ယူ ၀င့်ြ့ကွားစွာနဲ့ တယောက်နဲ့ တယောက် ပြိုင်နေချိန်မှာ ကျနော်က ဂျင်တလုံးမှကို မခွဲခဲ့ဖူးသေးပါ။ ဘာလို့ဆို မိန်းမဒိုးနဲ့ ပေါက်မှတော့ တခြားဂျင်ကို ပေါက်မိရင်တော့ ရွေ့ရုံပဲ ရွေ့သွားမှာလေ။ ဘယ်လိုမှ ကွဲသွားမှာမှ မဟုတ်တာ။ သည်လိုနဲ့ သူငယ်ချင်းတွေက ကျနော့်နံမည်ကို ရှေ့မှာ (မ)တပ်ပြီး ခေါ်ကြတော့ ကျနော်လည်း သည် ဂျင် လောကကြီးကို အတော် စိတ်ထဲမှာ နာကျည်း သွားခဲ့ဖူးပါတယ်။ ဒါနဲ့ ဂေါ်လီလောကလိုပဲ ဂျင်လောကကို ကျနော် အောင်မြင်စွာ ကျောခိုင်းခဲ့ ပါတော့တယ်။

အဲသလို ဂေါ်လီလောကနဲ့ ဂျင်လောကကို ကျောခိုင်းခဲ့ရတာကိုတောင် သည်ကောင်က မမှတ်သေးဘူး။ ခက်တာက ကလေးဆိုတော့လည်း တခြားလူတွေ ကစားတာကို မြင်တော့ ကိုယ်လည်း ကစားချင်စိတ်က ဖြစ်နေတာကိုး။ သည်လိုနဲ့ စွန်လောကထဲ ခြေသွားရှုပ် လိုက်ပါသေးတယ်။ အမှန်တော့ တခြားလူတွေလို စွန်တိုက်ဖို့တို့ စွန်ပြိုင်ဖို့တို့ မပြောနဲ့ ရိုးရိုး စွန်တောင် လေထဲ ရောက်အောင် လွှတ်တတ်တာ မဟုတ်ဘူး။ ကိုယ် လုပ်တတ်တာက စွန်ကို တယောက်က လက်နဲ့ ကိုင်ပြီး ထိုးပေးလိုက်တာကို ကိုယ်က ကြိုးနဲ့ ဆွဲပြီး ပြေးတာလောက်ပဲ တတ်တာ။ ပြီးရင် စွန်က လေထဲ တက်လည်း ခဏပဲ။ လုံးဝ ကောင်းကင်မှာ ပျံနေတာမျိုး မဟုတ်ဘူး။ အဲလို အရည်အချင်းမျိုးနဲ့ ရစ်ဘီးကြီး ကိုင်ပြီး စွန်လွှတ်ချင် နေသေးတာ။ သူငယ်ချင်းတွေကတော့ သင်ပေးပါတယ်။ ကြိုးကို ဘယ်လိုဆွဲ၊ ဘီးကို ဘယ်လိုရစ်၊ လေမိရင် ဘီးကို ဘယ်လို လျှော့ပေး စသည်ဖြင့် ပေါ့လေ။ နောက်ဆုံးမတော့ ဘယ်လိုမှ သင်ပေးလို့ မရတဲ့ သည်အကောင်ကို အမောင်သူငယ်ချင်းများအားလုံး လက်လျှော့ သွားပါတယ်။ ကိုယ့်ကိုလည်း ၀ိုင်းပြီး အားပေးသွားကြပါတယ် - နောက်ဘယ်တော့မှ စွန်လွှတ်ဖို့ မစဉ်းစားနဲ့-တဲ့။ ဒါလည်း မမှတ်သေးဘူး။ တရက်သားမတော့ သူငယ်ချင်း တယောက် လွှတ်လို့ ဟိုးအမြင့်ကြီးမှာ တက်နေတဲ့ စွန်ကို တွေ့တော့ ရစ်ဘီးလေးကိုင်ပြီး ခဏလောက် လွှတ်ပါရစေ သွား တောင်းပန်တာပေါ့။ စွန်ကလည်း အမြင့်ကြီးမှာ၊ သူကလည်း သဘောကောင်းတော့ ထိုးကျသွားမယ် မထင်လို့ ကျနော့်ကို ပေးကိုင်တာပေါ့။ ရစ်ဘီးလည်း ရရော ဟိုရစ်သည်ရစ် လုပ်လိုက်တာ စွန်က တခါတည်း ဒိုင်ဗင်ထိုးချပြီး အောက်စိုက်ကျ သွားလိုက်တာ အောက်ရောက်တော့ ဂိုင်းတွေကန်ပြီး ကံကုန်တော် မူသွားရှာတာပေါ့လေ။ ဘာပြောကောင်းမလဲ။ သူငယ်ချင်းခမျာ ကိုယ့်ကိုယ် မထိုးရုံတမယ်ပါပဲ။ ကိုယ်လည်း ကိုယ့်မုန့်ဖိုးလေးကို စွန်ဖိုး လျော်ပေးခဲ့ရ တာပေါ့လေ။ သိပ်တော့ မများပါဘူး၊ အဲသည် ခေတ်တုန်းက ဆီစိမ် စွန်တကောင်မှ ပြား ၂၀ ပဲ ရှိတာကိုး။ သည်လိုနဲ့ စွန်လောကကိုလည်း ယောင်လို့တောင် လှည့် မကြည့်မိတော့ပါဘူးလေ။

အဲသလိုနဲ့ ဆယ်နှစ်သား ၀န်းကျင်လောက်ရောက်လာတော့ သူငယ်ချင်းတွေက ဘောလုံး စကန် နေကြတာပေါ့လေ။ ရှိသလောက် လူကလေး စုပြီး ၂ ဖက်ခွဲ၊ အိမ်ရှေ့က ကွင်းကြီးထဲမှာ မိုးတွေရွာပြီးဆို သွားသွား ကန်ကြတာပေါ့။ နဂိုရ်တုန်း ကတော့ ကျနော် မပါချင်ပါဘူး။ နောက်တော့ သူတို့တွေ ကန်နေတာကို ကြည့်ကြည့်ပြီး ကိုယ်လည်း ၀င်ကန်ချင်လာတယ်။ ဒါပေသည့် ဂေါ်လီ၊ ဂျင်နဲ့ စွန်လောက ၃ ခုကို ဥပေက္ခာပြု ထားခဲ့ရဖူးသူ ဆိုတော့ကာ သည်တခါတော့ အတော်လေး စဉ်းစားပါတယ်။ သွားကစားရင် ကောင်းမလား၊ မကောင်းဘူးလား- ပေါ့လေ။ သူတို့ ကန်နေတာ ကြည့်တော့လည်း သည်လောက် ခက်တာ မဟုတ်ဘူးလေ။ ဘောလုံးနောက် ပြေးလိုက်၊ ခြေထောက်နဲ့ ကန်၊ ဂိုးပေါက်ထဲ ကန်ထည့်၊ ဂိုးသမား ဖမ်းလို့ မမိရင် ဂိုးပေါ့။ သည်လောက်ပဲ မဟုတ်လား။ သိပ်မခက်ပါဘူး။ ဒါနဲ့ ကိုယ့်ကို အတော်ခင်တဲ့ သူငယ်ချင်းကို အပူ သွားကပ်ရတယ်။ ငါလည်း ပါချင်တယ်ကွ၊ ငါ့ကို မင့်အသင်းထဲ ထည့်ပါ-ပေါ့။ သူ့ အသင်းက သူငယ်ချင်းတွေ ကတော့ အင်တင်တင်ရယ်။ သည်ကောင် လာရှုပ်ပြန်ပြီပေါ့။ မလိုတမာအကြည့်တွေနဲ့။ သူငယ်ချင်းကလည်း အင်တင်တင်ပဲ။ လူကပြည့်နေပြီကွ-ဆိုပဲ။ ကိုယ်ကြည့်တော့ အားလုံးပေါင်းမှ ဆယ်ယောက် မပြည့်တာ လူက ဘယ်လို ပြည့်နေသလဲ-ပေါ့လေ။ ကွန်ပလိန်း တက်ရတာပေါ့။ ဘောလုံး တသင်းမှာ လူ ၁၁ ယောက် ကန်တယ် ဆိုတာလောက်တော့ ကိုယ်က သိနေပြီကိုး။ မင်းကလဲကွာ ခု ဆယ်ယောက်တောင် မပြည့်သေးတဲ့ ဟာကို-လို့ ပြောတော့ -အေးလေ ဟိုဖက်က ကောင်တွေ နောက်လူ တယောက်ထည့်ရင် မင်း ငါတို့နဲ့ ကန်ပေါ့-လို့ ကတိပေးတယ်။ အဲဒါမှ ဒုက္ခပဲ၊ ဟိုကောင်တွေက နောက်လူ တယောက် မထည့်ရင် ကိုယ်က ၀င်မကန်ရတော့ဘူး-ဆိုတော့ ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ရတာပေါ့လေ။ ကိုယ့်လိုပဲ အတော် အေးတဲ့ သူငယ်ချင်း တယောက်ရှိတယ်၊ သူကလည်း စာဂျပိုးကြီး၊ အေးတာ ကလည်း တနေ့လုံး နေလို့ စကား တခွန်း မပြောတဲ့ကောင်။ ဒါနဲ့ သူ့အိမ်ကို သွားပြီး သူ့ကို ဘောလုံးကန်ပါဖို့ အရေး အပြင်းအထန် ဆွေးနွေး ရပါတော့တယ်။ သူကလည်း ၂ ခါ မပြောရပါဘူး။ အေး ငါလည်း ကန်ချင်နေတာ-ဆိုပဲ။ ဟန်ကျလိုက်လေ။ ဒါနဲ့ ဟိုဖက် အသင်းက ကောင်တွေကို တခါသွားပြီး သံတမန် စကား ပြောရပြန်သေးတယ်။ ငါ သည်ဖက် အသင်းမှာ ကန်မလို့၊ ဒါကြောင့် မင်းတို့ လူမရှာရအောင် သည်ကောင့်ကို မင်းတို့ အသင်းထဲ ထည့်ပါ-ပေါ့။ သူတို့ကလည်း မငြင်းတော့ အတော် အဆင်ပြေသွားပါတယ်။ ဒါနဲ့ မိုးရွာတဲ့ တနေ့မှာတော့ ဘောပွဲကြီး စပါတယ်။ စကန်ကတည်းက ညမှောင်သွားတဲ့အထိ ခြေထောက်နဲ့ ဘောလုံး တချက်မှ မထိပဲ ဘောလုံးနောက်ကို ပြေးပြေးလိုက်ရင်း ဟောဟဲဆိုက်နေတဲ့ ကျနော့်ကို သူငယ်ချင်းတွေက ငြိုငြင်ပါတော့တယ်။ သည်လိုနဲ့ နောက် တပွဲမှာတော့ ဘောလုံးနောက်ကို ပြေးလိုက်စရာ မလိုတဲ့ ဂိုးသမား ဖြစ်သွားပါလေရဲ့။ အဲသည် နောက်တပွဲမှာလည်း သောက်သောက်လဲ ဂိုးလိုက်တာ ဟိုဖက်ကကောင်တွေ ကန်လိုက်သမျှ တလုံးမှ ကျနော် မမိရပါလားဗျာ။ အင်း-သည်လိုနဲ့ ဘောလုံးလောကကြီးကိုလည်း ၂ပွဲထဲနဲ့ မျက်နှာလွှဲခဲ့ရပြန်သပေါ့လေ။

သည့်နောက်မှာတော့ အားကစားဆိုလို့ ချက်စ်ထိုးတာရယ် အပျင်းပြေ ဂဏန်းပေါင်း တာရယ်က လွဲလို့ ခုန်ပျံပြေးလွှား အားကစားတွေနဲ့ ကျနော်နဲ့ ရှင်ခန်း ပြတ်ခဲ့ရပါကြောင်း။


Oct 4, 2009

ဖျားနေတယ်ဗျို့

လောလောဆယ်ဆယ် ဘာစာမှ မရေးနိုင်သေးပါ...
လူလည်း ခရီးပမ်းတဲ့ ဒဏ်ကို ခုမှ ခံရတယ် ထင်ပါတယ်။
မြို့ကလေးကလည်း ပင်လယ်ကမ်းခြေမြို့ကလေးပေမယ့် အတော် အေးတာကိုး...
ခုတော့ ပမ်းဖျားဖျားနေလို့ လမ်းမသလားနိုင်သေးကြောင်း
ကဗျာတွေ တွေးပေမယ့် စာမရေးနိုင်သေးကြောင်း အသိပေးအပ်ပါတယ်...

Oct 1, 2009

စွန်းထင်းမှု (၁၆)

ဒဏ်ရာ

မလိုချင်ပဲ ရလာတဲ့ အရာ...
နာကျင်မှုကို သိစေတဲ့အရာ...
သူပြန်သွားခဲ့တာတောင်
သူ့ကို မမေ့အောင် ခြေရာချန်ခဲ့တယ်...
ငါ့မှာသာ
အမာရွတ်ကလေးကို ပွတ်သပ်ရင်း ကျန်နေခဲ့...


ATN