အိမ်ပြောင်းရဦးမှာမို့ အလုပ်ရှုပ်နေပါသည်။
နှစ်သစ်ကူးအတွက် သူငယ်ချင်းများကို အိမ်တိုင်ယာရောက် နှုတ်မဆက်နိုင်တော့ပါ။
ယခုကြိုတင် နှုတ်ဆက်ထားလိုက်ပါသည်။
အားလုံး နှစ်သစ်မှာ အစစ အရာရာအဆင်ပြေ ပျော်ရွှင်ကြပါစေ...
Dec 30, 2009
Dec 29, 2009
ကျနော့် အကြိုက်ဆုံးများ
ကျနော့် ဘလော့ကို စရေးဖြစ်တာ ၂၀၀၇ ဒီဇင်ဘာ ၆ ရက်မှာပါ။ ကျနော် ချစ်ခင်လေးစားတဲ့ ကဗျာဆရာ ယောဟန်အောင်ရဲ့ ဘလော့ကို ဖတ်မိပြီး သူ့လို ဘလော့လေးတခု ပိုင်ချင်စိတ် ဖြစ်လာတာကနေ ရေးဖြစ်သွားတာပါ။ စရေးကာစတုန်းက ဇော်ဂျီတွေ ဘာတွေ ကျနော် မသိပါဘူး။ ကဗျာ ၄ ပုဒ်ကို ကျနော့်ဆီမှာရှိတဲ့ ၀င်း-ဘားမိစ်ဖွန့်နဲ့ ဖိုတိုရှော့ ထဲမှာ ရိုက်ပြီး ဂျေပီဂျီ ဖိုင်တွေနဲ့ တင်ခဲ့တာပါ။ နောက်မှ ဇော်ဂျီဖွန့်ကို သိလာပြီး ပြန်ရိုက်တင်တာပါ။ ဒီဇင်ဘာ ၉ ရက်မှာ ကဗျာ ၄ ပုဒ်စလုံးကို တခါတည်း တင်ခဲ့တာပေါ့။ ခုဆို ကျနော် ဘလော့ရေးတာ ၂ နှစ် ပြည့်ခဲ့ပါပြီ။ သည် ၂ နှစ်အတွင်းမှာ စိတ်ထဲ ရှိရာတွေ လျှောက်ရေး လျှောက်တင်လိုက်တာ ပို့စ်ပေါင်း ၅၄၀ ကျော် ဖြစ်သွားပါတယ်။
ခုတလောလေးကမှ ဂျီမေးလ်ထဲမှာ အက်ဒ်လာလို့ ခင်မင်လာရတဲ့ ညီငယ် တယောက်က ပြောလာပါတယ်… “… … … … အကို့ ပို့စ်တွေက ၅၀၀ ကျော်တယ်... အများကြီးပဲ… ကျနော်တို့က အခုမှ အကို့ဘလော့ကို ရောက်ဖူးတာဆိုတော့ အားလုံးကို တခါတည်း ဖတ်ချင်ပေမယ့် အချိန် မရလို့ မဖတ်နိုင်သေးဘူး…။ အပမ်းမကြီးဘူးဆိုရင် အကို့ အကြိုက်ဆုံး ပို့စ်တွေကို ပြောပြပေးပါလား… ကျနော်တို့ ပြန်ဖတ်ရတာ လွယ်တာပေါ့…. ကျန်တဲ့ ပို့စ်တွေကိုတော့ ဖြည်းဖြည်းချင်း ဖတ်ပါ့မယ်…. ”တဲ့…. ဒါနဲ့ ကျနော်လည်း ဆားချက်ဖို့ အကြံရသွားပါတယ်....း)
ဟိုး… တခါကတော့ ကျနော့် ဘလော့ရဲ့ ဆိုဒ်ဘားမှာ ကိုယ်တိုင် အကြိုက်ဆုံး ကဗျာများ… အကြိုက်ဆုံး ၀တ္ထုတိုများ... ဘာညာ… စသည်ဖြင့် ကျနော် တင်ထားခဲ့ပါသေးတယ်။ နောက်တော့ ရှုပ်ပါတယ်လေ ဆိုပြီး ပြန်ဖြုတ်ထားခဲ့ပါတယ်။
ခုတော့ စောစောကပြောတဲ့ ညီငယ်လိုမျိုး ကျနော့် ဘလော့ကို အခုမှ ဖတ်ဖူးသူတွေ အတွက်ရော၊ ကျနော် ဘလော့ စရေးကတည်းက ဖတ်လာခဲ့သူတွေအတွက်ရော၊ ကျန်တဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေ အတွက်ရော နှစ်သစ်ကူး လက်ဆောင်အဖြစ် ကျနော် ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ပို့စ်တွေကို စာရင်းပြုစု လိုက်ပါတယ်။ ဖတ်ပြီးသူများကတော့ သည်းခံကြပါ....း) မဖတ်ရသေးသူများအတွက်သာ အဓိက ရည်ရွယ်ပါတယ်။
မဖတ်ရသေးသူများအတွက် အညွှန်းတခု ဖြစ်ပြီး ဖတ်ပြီးသူများအတွက်ကတော့ အမွှန်းတခု ဖြစ်ပါမယ်… ခွင့်လွှတ်ကြပါကုန်...း)
ကျနော်က တကယ်တော့ ကဗျာတွေရေးဖို့ပဲ အားသန်တဲ့သူပါ... သို့သော်လည်း တခါတခါ ခံစားမှုတွေ စေ့ဆော်တဲ့အခါ ပန်းချီတွေဆွဲတယ်... (မဆွဲတတ်ပဲ ဆွဲနေတာပါ...း) သီချင်းဆိုတယ်... (အသံမကောင်းပဲနဲ့)... ခီးဘို့ဒ်တီးတယ်... (မတီးတတ်ပဲ တီးနေတာ) ဂစ်တာတီးတယ်... ဆောင်းပါး တချို့ ရေးတယ်.. ၀တ္ထုတွေလည်း ဖွဲ့မိသေးတယ်... အနုပညာနဲ့ ပတ်သက်တာ ဆိုရင် လုပ်လို့ရသမျှ အကုန် လျှောက်လုပ်တယ် ဆိုပါတော့...း) သည်တော့ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ပို့စ်တွေကတော့ အမျိုးကို စုံနေပါလိမ့်မယ်... ညီအကို မောင်နှမများကသာ နှစ်သက်ရာကို ရွေးချယ် ကြပါကုန်...
အကြိုက်ဆုံး ကဗျာရှည်
ဆာရီယဲလ်ကဗျာတပုဒ်ရဲ့ အတ္ထုပ္ပတ္တိ
(သည်ကဗျာရှည်ကတော့ ကျနော့် ၄၅ နှစ်မြောက် မွေးနေ့အတွက် ဖွဲ့ဆိုဖြစ်ခဲ့တဲ့ ကဗျာရှည်ပါ။ ဘ၀မှတ်တမ်းလေးလဲ ဖြစ်ပါတယ်)
အကြိုက်ဆုံး ကဗျာများ
(ကျနော်က ကဗျာရေးသူဆိုတော့ ကိုယ်ကြိုက်တဲ့ ကဗျာတွေက အတော်တော့ များနေ ပါလိမ့်မယ်...း)
သိမ်းဖျောက်ထားတဲ့ တောင်ကြား
ရန်ကုန်လွမ်းချင်း
ရွှေနားတော်သွင်းဧချင်း
နှင်းပြိုတဲ့ည
ရင်ခွင်ည
လူမှားတယောက်ရဲ့ တတိယနေ့
နေရာတိုင်းမှာ စွန်းကွက်နေသော အပြာရောင်ဆေးစက်များ
ကြိုးတချောင်း သေဆုံးသွားသောအခါ
ကော့တေးလ်တွေပေါ် ချော်လဲတဲ့မြစ်
ကြည်လင်နေသောကောင်းကင်ပေါ်မှ အပြာရောင်မိုးစက်
အနောက်မြို့ရိုးမှာ ကျိုးပဲ့သွားတဲ့ မှန်တချပ်
ပင်လယ်သေထဲမှာ ရေနစ်တဲ့ကောင်းကင်
သက်တန့်ရောင်စုံသစ်ပင်
တက္ကသိုလ်မှာ ကြွေတဲ့နှင်း
ကဗျာဆရာအား အင်တာဗျူးခြင်း
ရှစ်ကြိမ်မြောက် တမ်းတခြင်း
လူမှားတယောက်ရဲ့ နှင်းဆီဖြူ
အချစ်ဆိုသည်မှာ
လောကလမ်း
ညစာ
အဖြူရောင်ဒဏ္ဍာရီ
အကြိုက်ဆုံး ကဗျာတိုများ
အမေ
သစ္စာတိုင်
ကံကြမ္မာ
ကောင်းကင်
အမှားအယွင်း
အကြိုက်ဆုံး ၀တ္ထုတိုများ
လူတကောင်၊ ကြောင်တယောက်နဲ့ ပြတင်းပေါက်တချပ်
မြို့တမြို့၊ နစ်ချို့ဝိုင်တခွက်နဲ့ အိပ်မက်ဆိုးတခု
စောင့်လို့တော့နေရစ်ဦး
ဓါးတချောင်းရဲ့ပြက္ခဒိန်
အလွမ်းတောင်တန်း၊ ပန်းတပွင့်
ရင်ဘတ်ထဲက နှင်းဆီဖြူ
အကြိုက်ဆုံးစာများ
အနှစ်နှစ်ဆယ်၊ မပြယ်သေးတဲ့ဒဏ်ရာနဲ့ သင်ခန်းစာတချို့
ကိုယ်တွေ့-၂
သက်တမ်းရှည် ပဋိပက္ခ
မိသားစု ကန်တော့ပွဲ
ဘယ်သူ့မှမျှော်မနေနဲ့ ကိုယ့်မီးကိုယ်ငြှိမ်း
ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ
လက်ဆင့်ကမ်းတိုက်ပွဲ
အကြိုက်ဆုံး သီချင်းများ
လေးမြားတလက်နဲ့ သီချင်းသည်
A Whiter Shade of Pale
အိမ်ပြန်ချင်တဲ့အလွမ်း
နောက်ဆုံးအိပ်မက်
နေညိုချိန်အတွေး
အချစ်သီချင်း
သိလား
Moon Flower
အကြိုက်ဆုံး ပန်းချီများ
အမေ
ရင်ခွင်ဦး
ကန္တာရ
ရန်ကုန်လွမ်းချင်း
ရင်ခွင်ည
City Night
အထက်ပါ ပို့စ်တွေ အပြင် သူပုန်တယောက်ရဲ့ဒိုင်ယာရီ များ၊ အက်စ်တိုးရီးယားနှင့် စကားပြောခြင်း ကဗျာများနဲ့ အမှတ်တမဲ့ ပေကျံသွားသော ဆေးစက်များ ကဗျာတိုလေးတွေကိုလည်း ဖတ်ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။

Dec 24, 2009
မရှိတော့ပြီဖြစ်သော မိခင်နှင့် စကားပြောခြင်း
ခေါ်ဆိုစရာ
အမည်သညာတွေဆိုတာ
အမျိုးမျိုး ရှိပါတယ်...
ဥပမာ ပြောရရင်
ဘုရားသခင်... လို့...
ခေါ်ချင်ရင် ခေါ်ကြည့်...
သို့ပေမယ့်
ကျနော့်ရဲ့ ရင်ထဲမှာ
ကျနော့်ရဲ့ နှလုံးသားထဲမှာ
ခေါ်ဆိုနေမိတာကတော့
“အမေ... အမေ... အမေ... ”...
အမေ... ပါပဲ...
သိသလား အမေ...
အမေဟာ
ကျနော့် အတွက် ဘုရားသခင်...
သိသလား အမေ...
အမေဟာ
ကျနော့်အတွက် လွတ်လပ်ကျယ်ပြောနေသော ကွင်းပြင်...
သိသလား အမေ...
အမေဟာ
ကျနော့်အတွက် အဖြူစင်ဆုံးသော မေတ္တာရှင်...
အမေက
ဘာမှ မသိဘူးနော်...
အမေ့ကို ကျနော်တို့ ဆုံးရှုံးပြီးတဲ့အခါ
ကျနော်တို့ လုပ်နိုင်တာဟာ
တမ်းတ လွမ်းဆွတ်ကြရရုံပါပဲ... အမေ...
အမေက ကျနော်တို့ကို ကျောခိုင်းသွားပြီးတဲ့အခါ
ကျနော်တို့ ငိုရပါတယ်...
ကျနော်ကတော့
အမေ့အတွက် ငိုတယ်...
ကျန်သူတွေကတော့
သံယောဇဉ်တွေထက်
အမှန်တရားကို ချစ်မက်နေသူတဦး ကို
ဆုံးရှုံးသွားရတဲ့အတွက် ငိုတယ်...
ဘာပဲဖြစ်ဖြစ်
အမေ့အတွက် လူတွေ ငိုဖြစ်နေတာကိုပဲ
ချစ်မက်ပစ်လိုက်ပါ အမေ....
အမေရယ်...
ခုတခါ....
ဒီဇင်ဘာ...
အမေနေ့မှာ
ကျနော်က ကဗျာရေးရဦးမတဲ့...
အမေ့ မေတ္တာတွေအတွက်
ကျနော့် ခြောက်တီးခြောက်ချက် ကဗျာ တပုဒ်က
လုံလောက်ပါ့မလား အမေရယ်...
မျက်ရည်တွေ ကျရင်း
ကျနော် ဖွဲ့ဆို...
ဘယ်လိုပဲ ဖြစ်ဖြစ်...
အမေ့ကို ကျနော် ချစ်တယ်...
အမေ့ ရင်ငွေ့တွေ
ကျနော် အခု ထိ ထွေးပွေ့ ရရှိနေသေးတယ်...
အသက် လေးဆယ်ကျော်နေတဲ့ လူတယောက်ဟာ
အမေ့ရှေ့မှောက်မှာ
ကလေးလေး တယောက်ပါပဲ အမေရယ်...
ကျနော် သိနေတာပေါ့...
သည်ကဗျာကို
ကျနော့် မျက်ရည်တွေနဲ့ ရေးခဲ့ပါတယ်...
အမေ သေလွန်သွားသည့်တိုင်
ကျနော့် နှလုံးသားထဲမှာ
ရှင်သန်နေနိုင်တဲ့အတွက်
အမေ့ကို ကျနော် ကျေးဇူးတင်လိုက်ပါတယ်
အမေ...
ထာဝရ
ရှင်သန်ရပါစေ...
အာမင်.. .... ...
ATN

Dec 23, 2009
ဒီဇင်ဘာ အတ္ထုပ္ပတ္တိ
မင့် အကြောင်း
ပြန်ပြောင်း ပြောပြရဦးမယ်...
တခြား ဘာရည်ရွယ်ချက်မှလည်း မရှိပါဘူး...
တကယ်မှာတော့
မင်းဟာ ရှုပ်ရှက်ကို ခတ်လို့...
ရှုပ်ရှက်ခတ်မှုတွေ အကြောင်းကို
ပြောလို့ ကောင်းနေတာလည်း မဟုတ်ဘူး...
ဒီဇင်ဘာဆိုတဲ့ မင့်အကြောင်း တချက်ကိုပဲ
ရှုပ်ရှက်ခတ်အောင် ပြောနေရတာပါ...
နေပါဦး...
ဒီဇင်ဘာက ရှုပ်တာ မဟုတ်ပါဘူး...
ဒီဇင်ဘာကို
ဟိုဟာ သည်ဟာတွေက လာရှုပ်တာပါ...
သည် ဒီဇင်ဘာဟာ
ကိုယ့်ဘာသာကိုယ်... နေပါတယ်...
အစားနည်းနည်း...
ကဗျာတွေများများနဲ့
ကျင့်သားရနေတဲ့ သည်ဒီဇင်ဘာဟာ
လုပ်ကြံခံရရှာတယ်...
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ဟာ
ဒီဇင်ဘာ တရက်... တဲ့...
အဲသလို ကြားလိုက်တဲ့အခါ
ဒီဇင်ဘာ စိတ်မကောင်းဘူး...
အဲ့သည်နေ့မှာပဲ
ဒီဇင်ဘာဟာ စ သေပြီ...
ဗဟိုကော်မတီ မသိလိုက်ခဲ့...
အာရပ်ပြည်ထောင်စုအတွက် အမျိုးသားနေ့အဖြစ်
ဒီဇင်ဘာ နှစ်ရက်...သတ်မှတ်ပစ်သတဲ့...
ဒီဇင်ဘာ ပက်လက်ဖြစ်သွားပါပြီ...
ထိုင်းနိုင်ငံရဲ့ ဖခင်များနေ့ဟာ
ဒီဇင်ဘာ ငါးရက်...တဲ့...
ဒီဇင်ဘာ အဖျားတက်နေပြီ...
၁၀၈...၁၀၉...၁၁၀... ၁၁၁... ၁၁၂...
ထိုင်းနိုင်ငံကို လွှင့်ပစ်လိုက်ပါတော့ကွယ်...
စကင်ဒီနေးဗီးယားတွေထဲက
လွတ်လွတ်လပ်လပ် ရှင်သန်နေတဲ့
ဖင်လန်နိုင်ငံရဲ့ လွတ်မြောက်ရေးနေ့က
ဒီဇင်ဘာ ခြောက်ရက်...
ပုလဲဆိပ်ကမ်းကို အလစ်အငိုက်
ဗုံးကျဲခံလိုက်ရသောနေ့မှာ
ဒီဇင်ဘာ ခွန်နှစ်ရက်...
အဲလ်ဘတ်နိုဘဲလ် သေဆုံးတဲ့ နှစ်လည်မှာ
နိုဘယ်ဆုစပေးတာ
ဒီဇင်ဘာ တဆယ်...
လူ့အခွင့်အရေးနေ့ဟာလည်း
တဆယ်ပါပဲ...
ခရစ္စမတ်အိဗ်...
ဒီဇင်ဘာ နှစ်ဆယ့်လေး...
ခရစ္စမတ်... ဆိုတာ...
ဒီဇင်ဘာ နှစ်ဆယ့်ငါး...
အထုပ်ဖြည်တဲ့ ဘောက်စ်ဆင်းဒေး...
ဒီဇင်ဘာ နှစ်ဆယ့်ခြောက်...
နှစ်သစ်ကူး အကြိုညအဖြစ်...
ဒီဇင်ဘာ သုံးဆယ့်တစ်...
ဘာပဲဖြစ်ဖြစ်...
အားလုံးကို ပေါင်းပစ်လိုက်ပါ ဒီဇင်ဘာ...
ငါတို့ဟာ...
လွတ်မြောက်ရေးဆိုတာကိုပဲ....
အသည်းအသန်...
လိုအပ်နေခဲ့တဲ့ ကောင်တွေပါ...
ငါ့ကို
လွတ်မြောက်ရေးပဲ ...
မင်း...
ပေး... ...
ပါ့... ...
ဒီဇင်ဘာ...
မင့် အတ္ထုပ္ပတ္တိဟာ ပြည့်စုံသွားပါပြီ... .... ...

Dec 22, 2009
Feliz Navidad
အားလုံးပဲ ပျော်ရွှင်သော ခရစ္စမတ် ဖြစ်ပါစေ...
Feliz Navidad - Jose Feliciano
Feliz Navidad
Feliz Navidad
Feliz Navidad
Prospero Bano y Felicidad.
Feliz Navidad
Feliz Navidad
Feliz Navidad
Prospero Bano y Felicidad.
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
From the bottom of my heart.
[Repeats]
Feliz Navidad - Jose Feliciano
Feliz Navidad
Feliz Navidad
Feliz Navidad
Prospero Bano y Felicidad.
Feliz Navidad
Feliz Navidad
Feliz Navidad
Prospero Bano y Felicidad.
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
I wanna wish you a Merry Christmas
From the bottom of my heart.
[Repeats]
Dec 20, 2009
အက်စ်တိုးရီးယား (၉) - သို့မဟုတ် - နိဂုံး
အက်စ်တိုးရီးယားရေ့...
ငါ မျှော်လင့်ထားခဲ့ဖူးတဲ့ နေ့ရက်များ...
မျက်နှာချင်းဆိုင် ရောက်ခဲ့ပါပြီ...
ငါဟာ
မရပ်နားနိုင်တဲ့
ခရီးသွားတယောက်...
အစဉ်မပြတ် ရွေ့လျားခြင်းမှာမှ
လှလှပပ လျော်မွေ့နေခဲ့တဲ့
ရွှေ့ပြောင်းတောင်ယာ တခု...
အတည်တကျ မရှိမှုထဲမှာ
ပျော်ဝင်နေရဲတဲ့ နာရီ တလုံး...
(သည်လို ငါပြောတဲ့အခါ...)
မင်းကတော့ ပြုံးနေဦးမယ် ထင်တယ်...
ခုတော့
ဆန်တားကလော့စ်အစ်စ် ကမ်းမင်းတူတောင်း-ဆိုတဲ့
ခရစ္စမတ်ဆောင်းနဲ့ ဆန့်ကျင်စွာ
မင့်ရင်ခွင်ကနေ ငါ...
ခွာရလေဦးမယ်...
ဆန်တာကလော့စ်က မင့်မြို့ပေါ် လှမ်းအလာ
ငါကတော့ မင့်လမ်းတွေကနေ ပြန်ခွာ
ထာဝရအတွက်ပါပဲ...
အက်စ်တိုးရီးယားရေ့...
နှင်းတွေ တဖွဲဖွဲ ကျနေတဲ့ တရက်မှာ
ငါကလည်း မင်းကို ကျောခိုင်းထွက်ခွာ
ငါ့လာရာလမ်းကို မျက်နှာမူရင်း
နှုတ်ဆက်သီချင်း ဆိုခဲ့ပြီ...
ကောက်ကွေ့မှုတွေနဲ့ပဲ ဖြောင့်တန်းနေခဲ့တဲ့ ငါ့လမ်းတွေ...
ခြောက်သွေ့မှုတွေနဲ့ပဲ စွတ်စိုနေခဲ့တဲ့ ငါ့အချိန်တွေ...
ချို့တဲ့မှုတွေနဲ့ပဲ ပြည့်ဝနေတဲ့ ငါ့ ပြက္ခဒိန်တွေ...
မီးမှိန်မှိန်လေးတွေနဲ့ပဲ လင်းလက်ခဲ့ရတဲ့ ငါ့ညတွေ...
ပွေ့ဖက်ပိုက်ထွေးရင်း...
အေးစက်သော မင်းရင်ခွင်ထက်
နွေးထွေးစွာ လဲလျောင်းမှေးစက်ခဲ့ဖူးသော နေ့ရက်တွေ...
ဘယ်အခါမှ ငါ မမေ့လေဘူး...
ခုတော့
ခင်ဝမ်းရဲ့“နှုတ်ဆက်ခဲ့ပါတယ်” သီချင်း
မင်းကို ငါဆိုပြ
မိုးတွေကတော့
ပြိုပြိုကျနေလေရော့သလား...
အက်စ်တိုးရီးယားရေ့... ...
ATN
Dec 15, 2009
ပထမကဗျာ
ခုရက်ထဲ အချိန်လည်း နည်းနည်းရနေတာမို့ အွန်လိုင်းကို မကြာခဏ သွားဖြစ်နေပါတယ်။ နဂိုရ်ကတော့ အဲလိုမျိုးသွားဖြစ်မယ် မထင်လို့ တလ-နှစ်လလောက်တော့ ဘလော့ရေးတာ နားရပါဦးမယ်လို့တောင် ကျနော် ပြောထားမိသေးတယ်။ တကယ်ကတော့ စိတ်ထဲမှာက နေ့တိုင်း တခုမဟုတ် တခု ရေးချင်နေတာပါ။ သို့သော်လည်း တကယ့်တကယ်ကတော့ အချိန်တွေ ရှိတာတောင်မှ၊ ရေးချင်စိတ် ရှိတာတောင်မှ အကြောင်းကြောင်းကြောင့် ဘာမှ မရေးဖြစ်ပါဘူး။ စာတွေ ကဗျာတွေ ရေးတယ်ဆိုတာက ဇွတ်ရေးလို့ ရတာမှ မဟုတ်တာ (ကျနော့်အတွက် ပြောတာပါ)။ ရေးချင်တဲ့ အကြောင်း တစုံတခု ရှိသည့်တိုင်အောင်၊ စာတပုဒ် ကဗျာ တပုဒ် ရေးဖြစ်လာအောင် တိုက်တွန်း စေ့ဆော်ချက်တွေ ရှိသည့်တိုင်အောင် စာတပုဒ် ကဗျာတပုဒ် ဖြစ်လာဖို့က မလွယ်ပါဘူး။ သည်လိုပြောလို့ ကျနော်က ဈေးတင်နေတယ်လို့ မထင်စေချင်ပါဘူး။ စာတပုဒ်၊ ကဗျာတပုဒ် ဖြစ်လာဖို့ အကြောင်း အချက်တွေ အများကြီးလိုပါတယ်။ (သဘောမတူသူများ ကွဲလွဲနိုင်ပါတယ်)။
ခုတော့ စာတပုဒ်ဖြစ်ဖို့ အကြောင်းက ရှိလာပါပြီ။
ကဗျာဆရာ တင်မင်းထက်က ကျနော့်ကို တက်ဂ်လာပါတယ်။ ပထမကဗျာ-ဆိုပြီး ရင်ခုန်သံတွေကို အဖော်ညှိလာတဲ့အခါ... ကျနော်ကလည်း ဘာများ ပြောနိုင်မည်နည်း... လို့.... ပြဇာတ်ဆန်ဆန် ပြောရတော့မယ် ထင်ပါရဲ့...
သို့သော်လည်း... ကျနော့်အတွက်က... ပထမ ကဗျာတွေက အများသားပဲ... ပထမဆုံး ကျနော် စပ်ခဲ့တဲ့ကဗျာကတော့ ပထမဆုံးပဲမို့... ခုထိတော့... သတိရနေဆဲ... (ခေါင်းစဉ်ကတော့ မမှတ်မိတော့ဘူး)
အဲသည်ကဗျာကလည်း ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) မှာ လက်ရေးနဲ့ ပုံနှိပ်ပြီး လက်နဲ့ပဲ ချုပ်ခဲ့တဲ့ ကဗျာစာအုပ်ကလေးမှာ ပထမဆုံး ပါဝင်ခဲ့တဲ့ ကဗျာပါ။ (ကဗျာရူးတယောက်ရဲ့ ပထမဆုံးသော ပုံနှိပ် ကဗျာပေါ့လေ)
ဆေးလိပ် တဖွာဟာ
ကာရန်တခုပေါ့...
အဖွာပေါင်းများစွာ
ကာရန်ပေါင်းများစွာ
ကဗျာတပုဒ် ဖြစ်လာတယ်...
အတွေးတစဟာ
ကာရန်တခုပေါ့...
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
ကဗျာတပုဒ် ဖြစ်လာတယ်...
အပြစ်ယူမဆုံးတဲ့
ချစ်သူ အမုန်းကျတော့
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
တဘ၀တာလုံး အဆုံးမသတ်နိုင်
တပုဒ်ပြီး တပုဒ်...
တပုဒ်ပြီး တပုဒ်...
(ဆောင်းလွမ်းအေး)
အဲသည်တုန်းက ကျနော် ယူထားခဲ့တဲ့ ကလောင်အမည်က - ဆောင်းလွမ်းအေး- ပါ။
အဲသည် ကလောင်နဲ့ပဲ ကျနော် ကဗျာတချို့ ရေးဖွဲ့ခဲ့ဖူးတယ်။
နောက်တော့... သေနတ်ပြောင်းတွေ ခေါင်းထောာင်ထတဲ့ နေရာမှာ ကျနော် ရှင်သန်ခဲ့တယ် ဆိုပါတော့...။
သည်အခါ ကျနော်ဟာ ဆောင်းလွမ်းအေး မဟုတ်တော့ဘူး...
ကျနော် အောင်သာငယ် ဖြစ်သွားပြီ...
ကဲ... လာပါပြီ... ကျနော့်ရဲ့... ပထမကဗျာ...
ခရီးစပြီ
အနီ-အပြာ
ရန်နဲ.ငါစည်း
အပြီးဖြတ်ခဲ့
ပြတ်ပြတ်သားသား ...
လက်ဆင့်ကမ်းလျက်
တိုက်ပွဲဆက်ဖို.
အသက်သွေးချွေး
နီစွေးရဲရင့်
ကိုင်ဆွဲမောင်းပြန်
ဒေါင်းလံလွှင့်ဟေ့
မြင့်မြင့်မားမား ...
အရှေ.ကျွန်းက
နေ၀န်းနီနီ
ဒီရေမြင့်သစ်
ချစ်ခင်တတ်ပေါ့
မြတ်မြတ်နိုးနိုး ...
မုန်တိုင်းမိုးထဲ
စူးရဲနေရောင်
တောတောင်ကျော်ဖြတ်
အနာဂတ်ဆီ
ရှေ.ဆက်ချီပေါ့
ညီညီညာညာ ...
သီချင်းတပုဒ်
နှုတ်တိုက်ရွတ်ကျက်
`အောင်ပွဲဆက်ဆက်ခံဦးမည်`
မွန်ပြည်နယ် တောင်ပိုင်းဒေသမှာ ထုတ်ခဲ့တဲ့ စာစောင်တခုမှာ ဖော်ပြခဲ့ဖူးပါတယ်၊ နှစ်တော့ မမှတ်မိတော့ပါ။
`အောင်ပွဲဆက်ဆက်ခံဦးမည်`ဆိုတာ ကိုလေးညွန်.ရေးခဲ့ပြီး ဗကသများအဖွဲ.ချုပ်က ဗကသသီချင်းအဖြစ် သတ်မှတ်ခဲ့တဲ့ ကျောင်းသားသီချင်းပါ။

Dec 14, 2009
ချစ်သူ့နယ်မြေ
ချစ်သူ့နယ်မြေ
(ရေး-ကိုလေးညွန့်/ဆို-မာမာအေး)
သံသရာ... ဆွဲ... ဆန့်လို့... ဘယ်လောက်ပင် ရှည်ရှည်...
ချစ်သူ့ရင်ခွင်ကြား... နားနားနေနေ...
ရေမြေအလိုက်... စိုက်စိုက်ပါလို့... မျောလိုလည်း... မျောပါစေ...
ချစ်သူ့နယ်မြေသည်သာ... ငြိမ်းချမ်းနယ်မြေ...
သစ္စာတရား... ထွန်းကားရာ... ငြိမ်းချမ်းသာယာသောနယ်မြေ...
ငြိမ်းချမ်းသာယာသောနယ်မြေ...
(ချစ်သူရေ... ကွေကွင်းရခြင်း... ဆိုတဲ့... ဝေါဟာရတွေ...
တလုံး...တပါဒမျှ... မကြားလို... မနာလို...
ငိုလည်း... မခွဲ... ရီလည်း... မခွာ... ချစ်သူနဲ့သာ... ဆိုရင်လေ... )၂
လေဟာပြင်... ခရီး... ဖြတ်စီးပြီးသကာလ...
ဘယ်လ... ဘယ်ကမ္ဘာ... သွားရ... သွားရ...
အတူ... မေတ္တာဆက်ဂဟေ... မိုးမြေဘယ်မှာ... ဆုံးပါစေ...
လှောင်ချိုင့်စံဘ၀... လွတ်မြောက်လာရ... ငှက်ငယ်ငယ်လို...
တောင်ပံရိုက်ခတ်... ရွှင်မြူးနေ...
ချစ်သူ့နယ်မြေသည်သာ... ငြိမ်းချမ်းနယ်မြေ...
သစ္စာတရား... ထွန်းကားရာ... ငြိမ်းချမ်းသာယာသောနယ်မြေ...
ငြိမ်းချမ်းသာယာသောနယ်မြေ...
ဒေါင်းချင်ရင် သည်မှာ ဒေါင်းပါ။

|
ဒေါင်းချင်ရင် သည်မှာ ဒေါင်းပါ။
Dec 12, 2009
အက်စ်တိုးရီးယား (၈)
အက်စ်တိုးရီးယားငဲ့...
မင့်ရဲ့ ကိုလံဘီယာကမ်းခြေဆီ
ငါ ပြန်လာခဲ့ပြီ...
တာတိုအပြေးသမားတယောက်ပြေးလွှားသလို
တရပ်စပ် တိုက်ချသွားနေတဲ့
မြောက်ပြန်လေကြောင်းအောက်မှာ
လှိုင်းခေါင်းဖြူတွေ ထနေရရှာတဲ့
ကိုလံဘီယာမြစ်ရေပြင်ဟာ
ကြည်ကြည်လင်လင် မရှိဘူး...
ငါ့စိတ်ကူးတွေလိုပဲ နောက်ကျိလို့...
တနေ့လုံး တညလုံး
ဟိုက်ဝေးနဲ့ နပမ်းလုံးလာခဲ့မိတဲ့ ငါ
နွမ်းရိလို့... ငြည်းငွေ့လို့...
နှင်းတွေ ဖို့ထားတဲ့ မင့်မျက်နှာကို
ငါတွေ့ရသည့်တိုင်
မလန်းဆန်းနိုင်သေးဘူး...
ခရစ္စမတ် ခေါင်းလောင်းတွေနဲ့
အပေါင်းအသင်းမှားခဲ့တဲ့ ဆောင်း...
ကိုလံဘီယာမြစ်ကြောင်းတခုလုံးကိုတောင်
ပြောင်းပြန် စီးဆင်းလေစေမလား...
နှင်းတွေကို နေရာတကာ
အရမ်းကာရော သွန်ချပက်ကျဲလို့...
လက်ရဲ ဇက်ရဲ နေနိုင်ပုံများ
မင်း ရပ်ကြည့်နေနိုင်သလား...
အက်စ်တိုးရီးယားရဲ့...
နှင်း၊ မြူ၊ မိုးနဲ့ ရေခဲတွေကြား
ဖြတ်သွားဖြတ်လာ ကားတွေကလည်း
တုန်တုန်ချိချိနဲ့ သနားစရာ...
အနွေးထည်တွေ အထပ်ထပ် ၀တ်ထားတဲ့ကြားထဲက
အေးစက်စူးရှတဲ့ လေပြင်းတွေ
ဓါးတစင်းလို တချက်ချင်း တချက်ချင်း
ထိုးသွင်းခံနေရတဲ့ ရင်ဟာ
နာနာကျင်ကျင် ဖြစ်နေတယ်...
ထုံထုံထိုင်းထိုင်း ဖြစ်နေတယ်...
မင့်ဦးခေါင်းထက်က နှင်းမုန်တိုင်းလိုပဲ
ငါ့ဘ၀ထဲမလည်း မုန်တိုင်းတိုက်နေပေါ့...
နွေးထွေးမှုတွေ အေးအေးခဲခဲ ဖြစ်နေတယ်...
စိုပြည်မှုတွေ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတယ်...
ဘယ်အရာက ငါ့ကို နွေးထွေးစေမယ်...
ဘယ်အရာက ငါ့ကို စိုပြည်စေမယ်...
ပြောခဲ့ပါလေလား
အက်စ်တိုးရီးယားရဲ့...
ငါ့ ဒဏ်ရာတွေဟာ
ကံကြမ္မာကမ်းခြေမှာ ပန်းတွေလို ပွင့်ပြလို့
လှလှပပ နာကျင်နေလိုက်ပုံများ...
အက်စ်တိုးရီးယားရယ်
မင်း သိသွားတဲ့အခါ ရင်ကွဲမယ်...
ဘာပဲဖြစ်ဖြစ်
ငါဟာ ခရီးဆက်ရဦးမှာပါ...
ကျိန်စာတွေ မပြေမချင်း...
ဝဋ်ကြွေးတွေ မကုန်မချင်း... ...
ATN
Dec 11, 2009
How Deep Is Your Love On Me
How Deep Is Your Love On Me (The Bee Gees)
I know your eyes in the morning sun
I feel you touch me in the pouring rain
And the moment that you wander far from me
I wanna feel you in my arms again
And you come to me on a summer breeze
Keep me warm in your love
Then you softly leave me
And it's me you need to show
How deep is your love?
How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me
I believe in you
You know the door to my very soul
You're the light in my deepest, darkest hour
You're my saviour when I fall
And you may not think I care for you
When you know down inside
That I really do
And it's me you need to show
How deep is your love?
How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me
La... La... La... La... La... La...
La... La... La... La... La... La...
And you come to me on a summer breeze,
Keep me warm in your love
Then you softly leave me
And it's me you need to show
How deep is your love?
How deep is your love
How deep is your love
I really need to learn
'Cause we're living in a world of fools
Breakin’ us down
When they all should let us be
We belong to you and me
La... Ah... ....

Dec 9, 2009
မျိုးဆက်ကွာဟမှု
အခုတလော သူ့ ဖခင်ဖြစ်သူကို သတိရနေမိသည်။ ဖခင်ကရော သူ့ကို သတိရနေမည်လား။ သူ မသိပါ။ သူသိသည်က သူ့ဖခင်သည် သူ့လိုသိပ် နူးနူးညံ့ညံ့ မဟုတ်ခြင်းပင်။ စကားပြောလျှင် ခပ်ကျယ်ကျယ်၊ ခပ်ပြတ်ပြတ် ပြောလေ့ရှိသူ။ လုပ်စရာရှိသမျှကိုလည်း တရစပ် လုပ်နေတတ်သူ။ လုပ်စရာ မရှိလျှင်လည်း စာတခုခု ဖတ်နေတတ်သူ။ စည်းကမ်းကလည်း အလွန်တရာကြီးသူလည်း ဖြစ်သည်။
သူမှတ်မိနေသေးသည့် အဖြစ်အပျက် တခု ရှိသည်။ သင်္ကြန်တခုတွင် ဖြစ်သည်။ သူတို့ ညီအကိုက ဖွားအေဖြစ်သူ အိမ်တွင် ရေသွားကစားကြသည်။ ဖခင်က ညနေ ၆ နာရီ နောက်ဆုံးထားပြီး အိမ်ပြန်လာရန် အကိုကြီးကို မှာလိုက်သည်။ သို့သော်လည်း အဖွားက ညနေစာ စားပြီးမှ ပြန်ခိုင်းသဖြင့် ညနေ ၆ နာရီ ကျော်သွားသည်။ ည ၇ နာရီလောက်မှာတော့ ဖခင်သည် အဖွားအိမ်သို့ ပေါက်ချလာသည်။ အကိုကြီးအပေါ် ဒေါသူပုန်ထနေတော့သည်။ သူကတော့ အငယ်မို့ အရိုက်မခံလိုက်ရသော်လည်း အကိုကြီးကတော့ စည်းနဲ့ကမ်းနဲ့ ပြန်လာရန် မှာထားသည်ကို မလိုက်နာသဖြင့် အဆော် ခံလိုက်ရသည်။ အကိုကြီးကလည်း သည်ကိစ္စကို မကျေနပ်ပါ။ သည်လိုနဲ့ သည်အဖြစ်အပျက်မှ စတင်ပြီး အကိုကြီးနှင့် ဖခင်အကြား ကွဲလွဲမှုတွေက များလာသည်။ သူကတော့ ဗုဒ္ဓဘာသာ အဆုံးအမအတိုင်း အနန္တောအနန္တငါးပါးထဲ ပါနေသည့် ဖခင် ပြောသမျှ လိုက်နာခဲ့သည်ချည်း။ အကိုကြီးနဲ့ ဖခင်ကတော့ ကြာလေ နားလည်မှု လွဲလေ ဖြစ်နေတော့သည်။
ဥပမာ- ဖခင်ဖြစ်သူ လုပ်နေသော နိုင်ငံရေးကိစ္စများကို အကိုကြီးဖြစ်သူက သဘောမကျ။ ဖခင်သည် မိသားစု အရေးကို ဦးစား မပေးပဲ နိုင်ငံရေး အလုပ်ကိုသာ အဓိက လုပ်နေသည်၊ သည့်အတွက်ကြောင့် မိသားစုမှာ ဆင်းရဲချို့ငဲ့နေရသည်-ဟု ထိုစဉ်က အကိုကြီးက နားလည်ယူဆနေသည်။
သည်အဖြစ်အပျက်များကို ပြန်တွေးမိရင်း မျိုးဆက်ကွာဟမှု (Generation Gap) ဆိုသည်ကို သူ စဉ်းစားနေမိသည်။
ယေဘုယျအားဖြင့် မျိုးဆက်တခုကို မိဘနှင့် သားသမီး အနေဖြင့် သတ်မှတ်ကြသည်။ မိဘသည် ပထမမျိုး ဆက်ဖြစ်ပြီး သားသမီးတို့သည် နောက်မျိုးဆက်သစ်ဖြစ်သည်။ ဒုတိယ မျိုးဆက်ဖြစ်သည်။ သားသမီးတို့မှ မွေးဖွားလာကြသော မြေးများသည် တတိယ မျိုးဆက် ဖြစ်မည်။ အကြမ်းဖြင်းအားဖြင့် အနှစ် ၂၀-၂၅ နှစ် သည် မျိုးဆက်တခုနှင့် တခုအကြား အချိန်ကလ အကွာအဝေးဖြစ်သည်။
ဤလောကကြီးတွင် အသစ်နှင့် အဟောင်းသည် ရှိခဲ့သည်၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်။ ခေတ်ဟောင်း စနစ်ဟောင်းနှင့် ခေတ်သစ် စနစ်သစ်သည်လည်း ရှိနေခဲ့သည်၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်။ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းသည်လည်း ထိုသို့ပင် ဖြစ်ပေသည်။
သည်အခါ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်း ဟူသည့် မတူညီသော မျိုးဆက်များ အကြား ကြည့်မြင် ယူဆပုံ မတူညီခြင်း၊ အပြန်အလှန် နားလည်မှု ကင်းမဲ့လာစေသည့် မတူညီသော သဘောထားများ ရှိခြင်း၊ ဘ၀ စံထားမှု မတူညီခြင်း၊ နေထိုင်မှု ပုံသဏ္ဍာန် ကွဲပြားလာခြင်းနှင့် အပြန်အလှန် တန်ဖိုးထားမှုများ ကင်းမဲ့လာခြင်း-တို့ ဖြစ်ပေါ်လာသည့်အခါ မျိုးဆက်ကွာဟမှု (Generation Gap) ရှိနေသည်-ဟု ပြောဆိုကြပေသည်။ ထိုအခါ လူငယ်များနှင့် ၄င်းတို့၏မိဘများ (သို့မဟုတ် - အရှေ့ မျိုးဆက်များ) အကြား (မလိုလားအပ်စွာ ကံမကောင်း အကြောင်းမလှစွာ) အယူအဆ ၂ မျိုး၊ အမြင် ၂ မျိုး၊ အခြေအနေ ၂ မျိုး ဖြစ်နေလေတော့သည်။
မျိုးဆက်တခုကို ထိုမျိုးဆက်နောက်မှ ပေါ်ပေါက်လာသည့် မျိုးဆက် အသစ်တခုမှ ကွဲပြားသွားစေအောင် ခွဲခြားလိုက်သည့် နှစ်ကာလများသည် အရေးပါလေသည်။၊ အထူးသဖြင့် ထို နှစ်ကာလများက ထိုမျိုးဆက် ၂ ခု အကြားတွင် နားလည်မှု မရှိခြင်း၊ အမြင်ကွဲပြားခြင်းတို့ကို ကိုယ်စားပြုနေသည်။
သည်နေရာတွင် ကွာဟမှု (Gap) ဆိုသည်မှာ အလွန်ကျယ်ပြန့်သည့် အချက်အလက်များ ပါဝင်သည်-ဟု သူ စဉ်းစားမိသည်။ အဓိကကျသည့် ကြည့်မြင် ယူဆပုံ မတူညီခြင်း၊ ကွဲပြားသော သဘောထားများ ရှိခြင်း၊ ဘ၀အပေါ် စံထားမှုများ မတူညီခြင်း၊ နေထိုင်မှု ပုံသဏ္ဍာန် ကွဲပြားခြင်း၊ အပြန်အလှန် တန်ဖိုးထားမှုများ ကင်းမဲ့ခြင်းတို့မှာ အဓိက ကျသော်လည်း ကျန် အချက်အလက်များ ဖြစ်သည့် ထိုမျိုးဆက်များ ရှင်သန်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင် ရေမြေအခြေအနေ၊ နိုင်ငံရေး အနေအထား၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ၏ လွှမ်းမိုးမှု တို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်-ဟု သူ တွေးထင်မိသည်။
လူတဦးစီအပေါ် အတွေးအခေါ်အရ လွှမ်းမိုးမှုသည် အရေးကြီးသည်။ မည်သူမဆို မိမိကိုယ်တိုင် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အတွေးအခေါ်တခုခုကိုတော့ ကိုင်စွဲ ကြီးပြင်းလာကြသည်ချည်း ဖြစ်သည်။ ထို အတွေးအခေါ်ကို မိုင်ထောင်ချီဝေးသောအရပ်မှ ရရှိခဲ့ခြင်း မဟုတ်ပါ။ ထိုလူတဦး ရှင်သန်ကြီးပြင်းလာရာ ပတ်ဝန်းကျင်က ပေးလိုက်ခြင်းသာဖြစ်ပါသည်။ ထိုအခါ အထက်တွင် သူ စဉ်းစားမိသော ကျန် အချက်အလက်များ၏ လွှမ်းမိုးမှုက ထိုလူတယောက်ကို အတွေးအခေါ်တခုကို ကိုင်စွဲလိုက်စေသည်၊ လားရာတခုသို့ ဦးတည်သွားစေသည်-ဟု သူ ယူဆသည်။
သည်အခါ ယေဘုယျပြောရလျှင် မျိုးဆက် တမျိုးဆက်တည်းဖြစ်လျှင် အတွေးအခေါ်အရ ကွာဟမှုက သိပ်မရှိကြ၊ မျိုးဆက်တူများသည် အချိန်ကာလတခုကို အတူတူ ဖြတ်သန်းလာရသဖြင့် ပတ်ဝန်းကျင် ရေမြေအခြေအနေ၊ နိုင်ငံရေး အနေအထား၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ၏ လွှမ်းမိုးမှုကို အတူတကွ ခံစားကြရသည့်အတွက် ကွဲလွဲမှု များများ စားစား မရှိ။
သိုသော်လည်း မျိုးဆက် မတူသည့်အခါ ကွဲလွဲမှုများက အလို အလျောက်ကို ရှိလာတော့သည်။ မတူညီသည့် အချိန်ကာလကို ဖြတ်သန်းလာရသဖြင့် နေ့စဉ်နေထိုင်မှု ဘ၀မှာပင် မျိုးဆက်ဟောင်းများ မကြုံတွေ့ရသည်များကို မျိုးဆက်သစ်များက ကြုံတွေ့ရသည်။ သည်အခါ မတူညီသော အတွေ့အကြုံများက မတူညီသော အမြင်များကို မွေးထုတ်ပေးလိုက်တော့သည်။ ပြဿနာ တရပ်ကို ရှုမြင်ကြသည့်အခါ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်အကြားတွင် ကွဲလွဲမှုများ ရှိလာသည်။ သို့သော်လည်း ဤအခြေအနေသည် သဘာဝကျစွာ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ ဤအခြေအနေသည် မျိုးဆက်ကွာဟမှု (Generation Gap) ကို မဖြစ်စေသေး။
သို့သော်လည်း ဤအခြေအနေမှတဆင့် တက်ပြီး နယ်ပယ်အားလုံးတွင် မျိုးဆက်များ အကြား အပြန်အလှန် နားလည်မှုများ ကျယ်ပြန့်စွာ ကင်းမဲ့လာသည့် အခြေအနေသို့ ရောက်လာပြီဆိုလျှင်မူ မျိုးဆက်ကွာဟမှု ရှိနေပြီ-ဟု အတိအကျ ဆိုနိုင်ပါမည်။
သူ စဉ်းစားမိနေသည်က အမိဗမာပြည်မှာလည်း မျိုးဆက်ကွာဟမှု ရှိနေပြီလား။
အမိဗမာပြည်မှာ မျိုးဆက်ကွာဟမှု ရှိမရှိကို မည်သို့ တိုင်းတာမည်နည်း။
ဆိုပါစို့- ၁၉၇၄ ဦးသန့်အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများနှင့် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှာမှုတွင် ပါဝင်ခဲ့သော ကျောင်းသားများ အကြားတွင် ၂၂ နှစ်-ဟူသော အချိန်ကာလ ကွာခြားချက် ရှိသည်။ မျိုးဆက်တခု၏ ယေဘုယျ သတ်မှတ်ချက်အရ ထို မျိုးဆက် ၂ ခုကို မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်အဖြစ် သတ်မှတ်နိုင်သည်။ ထိုမျိုးဆက် ၂ ခု အကြားမှာ မျိုးဆက်ကွာဟမှု ရှိခဲ့ပါသလား။ ထိုမျိုးဆက် ၂ ခုလုံးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်၊ ဒီမိုကရေစီရေးအတွက် စွန့်လွှတ် တိုက်ပွဲဝင်ခဲ့ကြသည်။ မတရားမှုကို လက်ပိုက် ကြည့်မနေခဲ့ကြ၊ မတရားမှန်းသိလျက် ခေါင်းငုံ့မခံခဲ့ကြ၊ သည်သို့ ဆိုလျှင် ထို မျိုးဆက် ၂ ခုမှာ နိုင်ငံရေးအရ မျိုးဆက်ကွာဟမှု မရှိ-ဟု သူထင်သည်။ ကျန်သည့် ကွာဟမှုများတော့ ရှိနိုင်လေသည်ပေါ့။ ဥပမာ- ကြိုက်နှစ်သက်ကြသော ဂီတပုံစံ၊ အ၀တ်အစား ၀တ်ဆင်ပုံ- စသည်ဖြင့်။
ထို့အတူ ၁၉၆၂ ခုနှစ် မျိုးဆက်များ၊ ၈၈ မျိုးဆက်များ- စသည်ဖြင့် သူ ဆက်စပ် စဉ်းစားနေမိသည်။ သူ့အနေဖြင့်တော့ အမိဗမာပြည်မှာ နိုင်ငံရေးအရ မျိုးဆက်ကွာဟမှု ရှိသည်-ဟု မထင်ပါ။ အဘယ်ကြောင့်ဆိုသော် အမိဗမာပြည်၏ နိုင်ငံရေး ၀န်ရိုးကြီးကို တလျှောက်လုံး တွန်းလှည့်လာခဲ့သည့် ကျောင်းသားထုကြီးသည် မျိုးဆက်တခုပြီးတခု ပြောင်းခဲ့သော်လည်း တလက်တည်းသော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို လက်ဆင့်ကမ်း သယ်ဆောင်လာနေခဲ့သည်မှာ ယနေ့အထိပင် မဟုတ်လား။
(အောင်သာငယ်)

Dec 8, 2009
အမှတ်တရ မုန်းစရာများ
-- လူရိုသေ ရှင်ရိုသေ
(နိုင်ငံရေး) ဆောင်းပါး တပုဒ် ရေးမလို.
အေဖိုး ပေါ်မှာ
အနာဂတ်သစ်ကို ရေး မရ
အတိတ်ဆိုးကိုချည့်
ထပ်တလဲလဲ ရေးနေရတာကို
မုန်းတယ် ။
-- အယ်လ်ကိုဟော ဒီဂရီ ၉၄နဲ့...
အပေါစား (ဇ၀က်သာ) တွေကို
နေ့ရော... ညရော... နာရီမသိ
ပက်ပက်စက်စက်
မျိုဆို့ရတဲ့ နေ့တွေကိုလည်း
မုန်းတယ် ။
-- ခပ်ညံ့ညံ့ ကိုယ့်သမိုင်းကို
(ဂေးမူတို့ ရဲ့) ထုံထောင်း ကျောက်ခုံဆိုင်
အငန်းမရ လောက်ခေါင် မော့ယင်း
မာန်တက်စွာ အန်ထုတ်ရတာကိုလည်း
သိပ်မုန်းတယ် ။
-- ကိုယ့်လောက် မရိုးသားသူတွေထံ
အမှန်တကယ် ရိုးသားကြောင်း
( အောက်ကျ နောက်ကျ) ထောက်ခံစာ
ယူနေရတာကိုလည်း
သိပ်မုန်းတယ် ။
-- အေဘီစီဒီ တံဆိပ်တုံးတွေနဲ့ 
ကိုယ့်ကိုယ်ကို လှလှပပကြီး
လိမ်လည်ကာ
ကိုယ်တိုင်လက်တွေ့ လည်း
မလုပ်… မဖြစ်နိုင်တဲ့
စာစီစာရွက်တွေကိုလည်း
မုန်းတယ် ။
-- ပြီးတော့...
မိမိကိုယ်မိမိ... ရက်ရက်စက်စက်
ဖဲသုံးချပ် ကစား နေရတာကိုလည်း
တကယ် မုန်းတယ် ။
-- မဆုံးနိုင်တဲ့ အမုန်းတွေနဲ့ 
ရှံးနေတဲ့ (သက်ရှိ) တကောင်
စာနာမှုကင်းတဲ့
ဒီ (ရောမ) မြို့ ပျက်လေးထဲမှာ
ရူးသွပ်မိုက်မဲစွာ
ပျော်ဝင်နေခဲ့တာ ကြာပေါ့ ။
-- ညီမလေးရေ့
ငါ့ဘ၀မှာ ငါ့ဦးနှောက်မှာ
ငါ့အသဲနှလုံး တစုံမှာ
ဘာတွေများ ကျန်ရှိဦးမယ်
ယူဆသလဲကွယ့်…
(တစုံတခုသော) အယူအဆ အတွေးအခေါ်
လုပ်ဟန်ကိုင်ဟန်
အကြံအစည် တမျိုးမျိုးပေါ့ ။
-- ချဉ်ခြင်း တပ်လွန်းမက တပ်လွန်းလို့ 
ရင်အုံအတွင်း နက်နက်နဲ့ 
သွေးကြော ရှိုင်းရှိုင်းတွေထဲ
လက်ကုန် နှိုက်ကြည့်လိုက်တဲ့အခါ
(- - - - -) ၀ပ်ပါမစ်နဲ့ 
ပြောရေးဆိုခွင့် လက်မှတ်တစောင်ဟာ
ငရဲကိုးထပ်မှာ ကျန်ရစ်
အမေ့တိုင်းပြည်မှာ ကျန်ရစ်
၂၁- သမိုင်းထဲမှာ ကျန်ရစ်
(ပါလာခဲ့တောင်မှ) မူးယစ်ရီဝေနေလို့ 
ဟိုမှာလား ဒီမှာလား
ဒီမြို့ပျက်လေးရဲ့ တနေရာရာမှာ
ပျောက်ဆုံးကျန်ရစ်
အား ...ဆိုးလိုက်တဲ့အဖြစ်
ဒီလောက်မုန်းတီးစရာ
ရွံ့ မုန်းစရာများ ...
ဘယ်မှာရှိနိုင်ပါ့မလဲလေ .....။
( ကိုဆက် )
Dec 6, 2009
ကတိတော်အတိုင်း… ဆုတောင်းလိုက်ပါသည်
အလင်းများက ပိုပိုမှိန်
ပြက္ခဒိန်များက ပိုပိုပါး
တံခါးများက ပိုပိုထူ
အသက်ရှူများက ပိုပိုမော
သောကများက ပိုပိုလောင်
အမှောင်များက ပိုပိုပိန်း
အစိမ်းရောင်များက ပိုပိုရင့်
မျှော်လင့်ချက်များက ပိုပိုနည်း
အက်ကွဲမှုများက ပိုပိုလာ
ဒဏ်ရာများက ပိုပိုနက်
မနက်ဖန်များက ပိုပိုဝေး
မေးခွန်းများက ပိုပိုခက်
လက်တွဲများက ပိုပိုပြုတ်
အနှုတ်လက္ခဏာများက ပိုပိုပြ
လရောင်များက ပိုပိုရှား
လျှောက်သောလမ်းများက
ပိုပိုပျောက်ရှသွားပြီးသည့်အခါ...
ကောင်းချီးတခု နောက်တခု
ရေတွက်မှု ပြုလိုက်ပါသည်…
ဤအပြစ်သားအပေါ်
ကြင်နာခြင်းအမှု ပြုသောအားဖြင့်
လမ်းများ ပြပါ့...
အေးမြသော မိုးရေစက်များ
တပေါက် တစမျှ
(တောင်းလျှင်ပြည့်မည် ဆိုသည့်အတိုင်း)
စိုစွတ်ပေးသွားပါ့ ဘုရားသခင်…
အာမင်…
ATN
Dec 3, 2009
အမည်မပေးလိုသော... ... ...
Merry X'Mas & Happy New Year!!!!!
ဘလော့ရေးခြင်း တလ၊ နှစ်လခန့် နားရပါမည်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက်
ညီအကို မောင်နှမများ အားလုံးကို
ကြိုတင် နှုတ်ဆက်လိုက်ပါသည်။
ညီအကို မောင်နှမများ အားလုံးကို
ကြိုတင် နှုတ်ဆက်လိုက်ပါသည်။
ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နှင့် နှစ်သစ်ကူး ဖြစ်ပါစေ။
အစစ အရာရာ အားလုံး အဆင်ပြေကြပါစေ။
ဒီဇင်ဘာအတွက် ကဗျာတပုဒ် ရေးခဲ့ပါသည်။
အစစ အရာရာ အားလုံး အဆင်ပြေကြပါစေ။
ဒီဇင်ဘာအတွက် ကဗျာတပုဒ် ရေးခဲ့ပါသည်။
အမည်မပေးလိုသော... ... ...
ပတ်ပတ်လည်မှာ
နွေရာသီအထပ်ထပ်နဲ့...
လေးထောင့်စပ်စပ် အံစာတတုံး...
အလယ်ခေါင်မှာ...
အသေအချာ စီစဉ်ထားသည့်
ဘုရားသခင်၏ နာရီတလုံး...
အောက်ခြေမှာ...
စာတန် တပ်ဆင်ထားခဲ့
အလစ်ချောင်းနေတဲ့ ချိန်ကိုက်ဗုံး...
ရင်ထဲမှာ...
အပြာရောင် အလင်းတန်းနဲ့
လောင်ကျွမ်းနေတဲ့ ပန်းသီး တလုံး...
ဟိုး... ... အရှေ့မှာ...
အနက်ရောင် အရိပ်နဲ့
အိပ်စက်နေတဲ့ ... ... ... ...
ATN
Nov 30, 2009
အက်စ်တိုးရီးယား (၇)
အက်စ်တိုးရီးယားရဲ့
သည်ညနေမှာ
မင့်မျက်နှာ တခုလုံးကလည်း
မြူတွေဖုံးလို့ပါလား…
လူလုံးတောင် မသဲကွဲတော့ပြီ…
သည်ညနေမှာ
မင့်ဆိပ်ကမ်းကို မတော်တဆ ရောက်လာခဲ့တဲ့
ငါကလည်း မပြုံးနိုင်…
ငါ့နှလုံးသားကလည်း လေးလံလို့…
ကယ်လီဖိုးနီးယားကို မနက်ဖန် ခဏ
ငါ ပြန်သွားရဦးမှာကိုး…
အက်စ်တိုးရီးယားရဲ့…
မြူတွေ ကြားထဲမှာ ချမ်းနေတဲ့
မင့်ဆိပ်ကမ်းကနေ…
ပင်လယ်ဝကို
မသွားချင်သလို သွားချင်သလို
မျက်နှာ အိုအိုကြီးတွေနဲ့
ထွက်သွားနေကြတဲ့…
လေးတွဲ့တွဲ့ သင်္ဘောကြီးတွေကို ကြည့်မိတိုင်း
ငါ့ရင်ထဲမှာ လှိုင်းထ
အထီးကျန်ဆန်လှချည်ရဲ့လို့ တွေးနေမိ…
သူတို့တွေ လာတုန်းကလည်း တစီးထဲ…
ပြန်ထွက်သွားတော့လည်း တစီးထဲ…
ငါ့ဘ၀ကြီးလိုပါပဲလား
အက်စ်တိုးရီးယားရဲ့…
မင့်ဆိပ်ကမ်းအနားကို
ငါ့ခြေလှမ်များး ချမိတုန်းက ငါ တယောက်ထဲ…
ခု မင်းဆိပ်ကမ်းမှာ
ခြေလှမ်း ခွာတော့လည်း
ငါ တယောက်ထဲကိုး…
အက်စ်တိုးရီးယားရဲ့…
သည်သင်္ဘောကြီးတွေဟာ
ပင်လယ်ထဲမှာ
ဘယ်လို ၀န်တွေကိုများ သယ်ဆောင်ပြီး
ဘယ်လို အထီးကျန်စွာ
သွားလာနေခဲ့ကြရပါသလဲ…
ငါ့ အတွေးတွေကပဲ
နက်နေမိခဲ့လေသလား…
အက်စ်တိုးရီးယားရဲ့…
ငါ့ သယ်ဆောင်ထားရဲ့…
ဝန်တွေ…. ၀န်တွေ…
သက်တမ်းလွန်သွားလေတဲ့
အမှောင်ထဲ ကျွံကျနေခဲ့သော နေ့ရက်များ...
တကယ်တော့
ငါဟာ…
အမှောင်ဝန်တွေ
အလွန်အမင်း သယ်ဆောင်နေမိခဲ့သော
သင်္ဘောအိုကြီး တစီးပါ့…
ငါ့ ခရီးအဆုံး တဖက်ကမ်းကို
ရောက်စမ်းချင်လှပါပြီ…
အက်စ်တိုးရီးယားရေ့…
ဘယ်နေ့ ငါ ရောက်သွားမယ်
မင်း သိလေမလား…
ခုတော့
မင့်ဆိပ်ကမ်းကနေ
ငါ့ခြေလှမ်းတွေကို
ခဏလောက်တော့ ဆုတ်ခွာရပေဦးမယ်…
ကယ်လီဖိုးနီးယားကနေ
ငါ ပြန်ရောက်လာလေတဲ့အခါ
မင်းနဲ့ ငါ
စကား ပြောကြပါဦးစို့…
ATN
Nov 29, 2009
(၂)နှစ်ပြည့် အကြိုမှတ်တမ်း
ခုတလော သူ့မှာ အလုပ်တွေ ရှုပ်လွန်းလို့ အချိန် အတော် ဆင်းရဲ နေသည်။ အရင်က နေ့စဉ် သွားလည် ဖတ်နေနေကြ ဘလော့တွေကိုပင် သိပ် မရောက်ဖြစ်တော့သည်မှာလည်း အတော် ကြာနေပေပြီ။ Google Reader နဲ့ သူ Feed ယူထားလို့သာ ဘလော်ဂါ ညီအကို မောင်နှမများ၏ ပို့စ်အသစ်များကို ဖတ်ဖြစ်နေခြင်း ဖြစ်သည်။ သို့ပေသည့် တချို့ ပို့စ်များဆိုလျှင် ကွန်မန့် ပေးချင်သည်ဆိုလျှင်တောင် အချိန်မရှိလို့ မသိချင်ယောင် ဆောင်နေရသေးသည်။ (ဥပမာ- အကိုကြီးနိုင်ဖေရဲ့ လက်စောင်းထက်လှသော ရွှေရတု ပို့စ်များဆို မသိသလိုလို သူနေနေရသည်… ခွင့်လွှတ်ပါ အကိုကြီး….း)
သူ ဘလော့ စရေးစဉ်ကတော့ ဘလော့တကာ လျှောက်လျှောက်သွား၊ ဆီပုံးတကာမှာ နှုတ်ဆက်၊ ဂျီမေးလ်တွေ လိုက်လိုက် အက်ဒ်၊ ပို့စ်တွေမှာ မှတ်ချက်တွေ ရေး။ ဂျီတော့မှာ ချက်တင်းတွေ ပေးနဲ့ တနေ့နေ့ ၄- ၅ နာရီလောက်တော့ အလုပ် ရှုပ်သည်။ ကိုယ့်ဘလော့ကို လာလည်သူ မှန်သမျှ၏ ဘလော့တွေကိုလည်း တယောက် မကျန် လိုက်ပြန်လည်၊ ကိုယ့်ကိုယ်ကို မိတ်ဆက်၊ ဆီပုံးထဲမှာလည်း ဧည့်ထောက်ခံကာ တယောက်ချင်းကို ပြန်နှုတ်ဆက်၊ ကွန်မန့်တွေ တက်လာသမျှကိုလည်း ပြန်ပြန် ပြောရသေးသည်။ သည်လိုနဲ့ ဘလော့ယဉ်ကျေးမှု မြစ်ရေစီးထဲမှာ အားရပါးရကြီး လက်ပစ်ကူးခဲ့လေသည်ပေါ့။
ခုတော့ ကိုယ့်ဘလော့ကိုတောင် ကိုယ်ပြန် မဖတ်နိုင်အောင် ဖြစ်နေသည်။ ပို့စ်အသစ်တခု တင်စရာရှိသည့် အခါမှ ပြောက်ကျားပစ်ပြေးသလို ပို့စ်အသစ်ကို ကမန်းကတမ်း ပတ်ဘလစ်ရှ် လုပ်ပေးပြီး ပြန်ပြေးရသည်က များနေသည်။ ကွန်မန့်တွေကို မပြန်ဖြစ်သည်မှာလည်း လနဲ့ချီခဲ့ပြီ ဖြစ်သလို ညီအကို မောင်နှမများ၏ ဆီပုံးထဲမှ ပဋိသန္ဓာရစကားတွေကိုလည်း ပြန်မပြောကြားနိုင် ဖြစ်နေသည်မှာ အတော် ကြာပေပြီ။ (လာရောက်လည်ပတ်ကြသမျှသော ညီအကို မောင်နှမများ အားလုံးကို သည်နေရာကပဲ တောင်းပန်လိုက်ပါသည်၊ ဧည့်ဝတ်မကျေပွန်သကဲ့သို့ ဖြစ်နေခဲ့ခြင်းအား နားလည် ခွင့်လွှတ် ပေးသွားကြပါရန်)
အွန်လိုင်းကလည်း အီးမေးလ်ဖွင့်ရုံလောက်သာပဲ တက်ကြည့် ဖြစ်သည်။ မျက်နှာစာအုပ်ကြီးထဲတောင် မရောက်တော့သလောက် ဖြစ်သွားသည်။ တချို့ ညီအကို မောင်နှမတွေကတော့ သူ့ မျက်နှာစာအုပ်ရဲ့ နံရံကြီးမှာ စာတွေ လာလာရေးသွားကြသည်။ ဘယ်ရောက်နေပြီလဲ-ပေါ့။ ခါတိုင်းလို ဂျီတော့မှာ ပွားကြလေ့ရှိသော ညီအကို မောင်နှမများနဲ့ မတွေ့ဖြစ်ခဲ့သည်မှာလည်း အတော်ကြာနေလေပြီ။ သည်အခါ တချို့ ညီအကို မောင်နှမတွေကလည်း စိုးရိမ်ကြပြီး အီးမေးလ်တွေ ပို့လာကြသည်။ ညီငယ်ဖုန်းမြင့်ဆို တွေ့ရာလူတိုင်းအား လိုက်မေးနေသည် ကြားရသည်။ (သူ့အား သတိတရ ရှိကြသော ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါသည်) စာတွေလည်း သူ သိပ်မရေးနိုင်သည်မှာ အတော်ကြာပြီ။ ရေးချင်စရာများ ခေါင်းထဲ ရောက်ရောက်လာသော်လည်း စာတပုဒ် ဖြစ်လာဖို့ မစဉ်းစားနိုင်အား။ သူ့မှာ ပူပင်စရာတွေ များနေခြင်းကလည်း အကြောင်း တရပ်ဖြစ်မည်လေ။ သည်လိုနဲ့ စာတွေ ဆက် မရေးဖြစ်တော့ သူ့ရဲ့ (၁)-(၂) တွေနဲ့ အဆုံး မသပ်ရသေးသော ပို့စ်တွေသည်ပင် မနဲပေ။ ညီမငယ် မကေကပင် တစ်-လစ် -တွေလို့ သူ့ကို နောက်နေချေသေးသည်။ အတွေးထဲ ရောက်ရောက်လာလို့ ကောက်ကာငင်ကာ ဖမ်းဆုပ်ယူထားမိသဖြင့်သာ ကဗျာ တချို့ကို ပို့စ်လုပ်နိုင်ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် စာပေချစ်ကြသော ညီအကိုမောင်နှမများအတွက် ဖတ်စရာ ကဗျာလေးတချို့ ရေးလို့ဖြစ်နေသေးသည်ကိုပင် ကျေးဇူးတင်နေမိသေးသည်။
ခုဆို ရှေ့လ ဒီဇင်ဘာ (၆) ရက် ရောက်လျှင် သူ့ ဘလော့ရေးသက် (၂) နှစ်ပြည့် ဖြစ်မည်။ (၂) နှစ်ပြည့်အတွက် ပို့စ်တခုလောက် ရေးမည်လား စဉ်းစားမိသွားသေးသော်လည်း မိသားစု အရေးအတွက် ကယ်လီဖိုးနီးယားကို သူပြန်သွားရဦးမည်။ မိုင်ထောင်ချီသော ခရီးကို ကားမောင်းပြီး တရက်နေ့မှာ သွားရဦးမည်။ (၂) နှစ်ပြည့်အတွက် မစဉ်းစားအား။ သည်ပို့စ်ကို ဘလော့ရေးသက် (၂)နှစ်ပြည့် အကြိုအဖြစ် သူ ရေးထားပစ်ခဲ့ပါသည်။
သူ့ ဘလော့ကို လာရောက်ဖတ်ရှုအားပေးကြသော ဘလော့ဖတ် ပရိသတ်ကြီးအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။ (အထူးသဖြင့် - နေ့စဉ်မပျက်မကွက် လာလာဖတ်တတ်သော မီးငယ်၊ ရယ်စရာများကို ရေးရေးသွားတတ်သော မယ်ဆင်၊ ဆီပုံးထဲတွင် ဧည့်ဝတ်မကျေတဲ့ အိမ်ရှင်-ဟု ၀င်ဝင်အော်သွားတတ်သော ရည်မွန်) ဘလော့ကို လာရောက်လည်ပတ်ပြီးနောက် ဆီပုံးထဲတွင် ၀င်ရောက် နှုတ်ဆက်သွားတတ်ကြသော၊ ကွန်မန့်များကို ရက်ရက်ရောရော ပေးသွားတတ်ကြသော ဘလော်ဂါ ညီအကို မောင်နှမများအားလုံးကို သူ ကျေးဇူးတင်ပါသည်။ (ဘလော်ဂါ စာရင်းကိုတော့ သူ မလုပ်တော့ပါ၊ တစုံတယောက်သာ ကျန်နေခဲ့လျှင် မျက်နှာပျက်ချင်စရာ ဖြစ်မည်လေ….း) ထို့အတူ ဘလော့ကို လာရောက် လည်ပတ် ဖတ်ရှုသွားသော်လည်း ဆီပုံးထဲတွင် ၀င်ရောက် နှုတ်မဆက်ပဲ တိတ်တိတ်လေး ပြန်သွားရက်ကြသော၊ ကွန်မန့်များ မပေးပဲ ပြန်လစ်ပြေးသွားကြသော ဘလော်ဂါ ညီအကို မောင်နှမများ အားလုံးကိုလည်း သူ အထူး ကျေးဇူးတင်ပါသည်။ ဘလော့ကို လာရောက် မလည်ပတ်သော်လည်း ဂူးဂဲရီဒါမှ ဖိဒ်ယူကာ သူ့လိုပင် ဖတ်ရှုနေကြသော ဘလော်ဂါ ညီအကို မောင်နှမများကိုလည်း သူ အထူးကျေးဇူးတင်ပါသည်။
အထူးသဖြင့် သူ့ မိုးပြိုကျနေခဲ့သော အချိန်ကာလများတွင် သူ ဆက်လက် ဘလော့ ရေးနိုင်နေအောင် သူ့အနားမှာ စိတ်အား ရုပ်အားဖြင့် အားပေးကူညီ ရပ်တည် ပေးခဲ့ကြသော ချစ်ခင်ရသည့် ဘလော်ဂါ ကဗျာ ညီအကိုမောင်နှမများ ဖြစ်သည့် အကိုကြီး ခင်အောင်အေး၊ ညီငယ် သစ်ကောင်းအိမ်၊ ညီငယ် မောင်ဖုန်းမြင့်၊ ညီငယ် ဆောင်းယွန်းလ၊ ညီငယ် ဥယာဉ်မှူး၊ ဆရာမ မေငြိမ်း၊ ညီမငယ် မနော်ဟရီ၊ ညီမငယ် အိန္ဒြာ၊ ညီမငယ် ပန်ဒိုရာ တို့ကိုလည်းကောင်း၊ ချစ်ခင်ရသည့် ဘလော်ဂါ ညီအကို မောင်နှမများဖြစ်သော အကိုကြီး ကျောက်ခဲကြီး ရွှေရတု၊ ရဲဘော်ရဲဘက် သူငယ်ချင်း ဒေါင်းဂွင်၊ ရဲဘော်ရဲဘက် သူငယ်ချင်း ဦးဂင်ကြီး၊ ညီငယ် ကိုလူထွေး၊ ညီမငယ် ကျောက်ခဲအလတ် မိုးချိုသင်း၊ ညီမငယ် ကျောက်ခဲကလေး မကေ၊ ညီမငယ် မအယ်၊ ညီမငယ် မယ်ကိ၊ ညီမငယ် မငယ်နိုင်၊ ညီမငယ် မသီတာ တို့ကိုလည်းကောင်း၊ ဘလော့ဖတ်သူ ရဲဘော်ရဲဘက် သူငယ်ချင်း ကိုပိန်၊ ညီငယ် လုံးလေး (နယူးယောက်)၊ ညီမငယ် ဆင်ဒန်လား နှင့် အမည် မဖော်ပြစေလိုသော ညီမငယ် တဦးတို့အားလည်းကောင်း သူ့ အနေဖြင့် အထူး ကျေးဇူး တင်ရှိပါကြောင်း သူ့ဘလော့ (၂) နှစ်ပြည့် အကြိုအဖြစ် မှတ်တမ်းတင်လိုက်ရင်း ဘလော့ဖတ်သူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာပြီး အစစ အရာရာ အဆင်ပြေကြပါစေရန် သူ ဆုတောင်းလိုက်ပါသည်။

Nov 28, 2009
အက်စ်တိုးရီးယား (၆)
ကွဲအက်နေတဲ့ နှလုံးသားကြီးပေါ်မှာ
အက်စ်တိုးရီးယား ကဗျာတွေကို
ဆက်ပြီး မရေးချင်တော့ဘူး….
သို့သော်လည်း
ဆက်ပြီးတော့ ဖတ်ချင်နေပါတယ် ဆိုတဲ့
ညီလေးတွေ ညီမလေးတွေ အတွက်
ဆက်လက်ရေးဖွဲ့ပေးလိုက်ပါတယ်….
နိဒါန်းဆိုတာကိုက
ကဗျာဆန်နေလေရော့သလား…
အက်စ်တိုးရီးယား (၆)
အက်စ်တိုးရီးယားရေ့…
ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် အလှတွေပြင်ဆင်ထားတဲ့
မင့်ရဲ့ လမ်းများက
ခမ်းနားလှချည်ရဲ့…
ငါကတော့
ခမ်းနားခွင့်မရခဲ့တဲ့
ငါ့ရဲ့ဘ၀ သေးသေး သိမ်သိမ်
မှေးမှေး မှိန်မှိန်လေးကိုပဲ
အကြိမ်ကြိမ် အခါခါ တွေးတွေးနေမိ…
မင့်ရဲ့ မြို့လည်ခေါင်ဆီက
ရွှေရောင်တောက်ပနေတဲ့
ဂျင်ဂဘဲလ် ခေါင်းလောင်းများ…
ဓါတ်တိုင်အဟောင်းတွေကြားမှာ
တွယ်ဆက်ထားရရှာတဲ့ ကြိုးတချောင်းထက်က
အသစ်စက်စက် အစိမ်းရောင် ထင်းရူးရွက်များ…
ရိန်းဒီးယားတွေ ဆွဲသွားပေးနေတဲ့ စွတ်ဖား...
မြောက်ပိုင်းပြည်နယ်တွေဖက်ဆီများ
မင့်ကို သယ်ဆောင် သွားလေမလား…
အက်စ်တိုးရီးယားရဲ့…
ရာသီဥတုက
မင့်ဖက်မှာ ရှိနေတာတခုပါပဲ…
တကယ်မှာတော့
မင်းဟာ
မင့် တောင်ကုန်း လှလှလေးတွေကို
မြူတွေနဲ့ ဖုံးဖုံး ချပြီး
ပုန်းပုန်းပြနေရတဲ့ဘ၀ကို
ငါ သိတာပေါ့
အက်စ်တိုးရီးယားရဲ့…
နှင်းတွေ ဖွက်ထားတဲ့
မင်းရဲ့ မျက်နှာ
ငါ ရှာဖွေတွေ့ရှိခဲ့တဲ့ နေ့လေ…
ကိုလံဘီယာမြစ် ကမ်းခြေဟာ
မြူတွေနဲ့သာ မှိုင်းမှိုင်း မှုန်မှုန်..
အဲသည်နေ့မှာ
ငါ့ ရင်တွေ ခုန်ပါတယ်…
မင်းဟာ မြူမှုန် နတ်သမီး…
မာနကြီးပုံလည်း မရဘူးပေါ့…
ငါကတော့
အပြီးအပိုင်ပါပဲ မင်းကို ချစ်သွားမိခဲ့…
အက်စ်တိုးရီးယားရဲ့…
ခုတော့
ခရစ္စမတ်အနမ်းနဲ့
မင့် နှုတ်ခမ်းကို
ငါ နမ်းချင်နေခဲ့
အက်စ်တိုးရီးယားရဲ့…
ငါ့ကို
တဘ၀စာ
တခါလောက်ပါပဲ
နမ်းခွင့်ပေး…
ATN
Nov 27, 2009
ကောင်းကင်ကြီး ငါ့အပေါ် ပြိုတယ်
ဘယ်လိုပဲလင်းလက်နေတဲ့နေ့ဖြစ်ဖြစ်
ဘယ်လောက်ပဲ မဲနက်နေတဲ့ ညဖြစ်ဖြစ်
အချိန်ကာလတွေနဲ့ပဲ ထုဆစ်ရတာ မဟုတ်လား…
နေ့၊ လ၊ နှစ်တွေရဲ့
အမှုမဲ့ အမှတ်မဲ့ အမှား အယွင်းနဲ့…
မကြိုဆို မလိုလားအပ်တဲ့ ကျိန်စာ…
အလိုမတူပဲ တွန့်လိမ်သွားရရှာတဲ့ နာရီတလုံးပေါ်မှာ…
ရက်ရက်စက်စက် ကျရောက်လာတဲ့အခါ…
နေ့တွေဟာ ပိုမှောင်…
ညတွေဟာ ပိုပြီးနက်ပြောင်လာ…
အရာရာ လွဲချော်နေခဲ့တဲ့ မြစ်တစင်း
ရုတ်တရက်ကြီး လမ်းကြောင်းပြောင်း စီးဆင်းသွား…
တမင်သက်သက် တိုက်စားခံရရှာတဲ့ ကမ်းများ…
ကမန်းကတမ်း ပြိုကျကြ….
ငါကတော့
ငါ့ရဲ့
လမဲ့ ညတွေကိုပဲ ကြိုးစားမေ့နေမိ…
ငါကတော့
ငါ့ရဲ့
အဆုံး အစ မရှိခဲ့တဲ့ နေ့တွေကိုပဲ လိုက်လိုက်ရှာကြည့်…
ငါဟာ
အတိတ်မေ့နေသည့် ရာသီဥတု တခုလေလား...
င့ါ နှလုံးသားထဲ ကောက်ထည့်ပစ်မိတဲ့
ငါ့ရဲ့ ကောက်ကွေးနေခဲ့တဲ့ မြစ်တစင်းကိုတော့
ငါ့ဘာသာပဲ ငါ
ငါ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြောင့်တန်းစေဖို့ ကြိုးစားခဲ့…
ငါ့ရဲ့ မနက်ဖန်တွေကိုလည်း
ငါ့လိုပဲ ရိုးသားနေစေခဲ့ချင်…
မည်သို့ပင်ရှိပါစေ
ငါ့ပြက္ခဒိန်တွေရဲ့ကမ်းခြေတခုလုံးသည်လည်း
လောကဓံပင်လယ်ကြီးထဲကို
တ၀ုန်းဝုန်း ပြိုပြိုကျနေခဲ့…
အချိန်ကာလကို သိဖို့
ဘ၀ကြီးတခုလုံးနဲ့ လဲလှယ်ပြီး
ငါ ၀ယ်ယူဝတ်ဆင်ထားခဲ့မိတာ
ထာဝရ ကောက်ကွေး တွန့်လိမ်နေမယ့်
အေးစက်စက် နာရီတလုံးတဲ့လား…
ငါ…
ဖျားနာသွားပါပြီ…
ဟောသည် ကမ္ဘာမြေပေါ်မှာ
ငါဟာ
ဘယ်လိုများ အလွဲလွဲ အချော်ချော်ဖြစ်နေခဲ့တဲ့
မြစ်တစင်းပါလဲ..
ဘယ်အရပ်ကိုများ
ငါက
ရုတ်တရက် စီးဆင်း ရပါ့မလဲ…
ဟေး… …
သည်မှာ…
ကမ်းပြိုတာချင်း အတူတူတောင်
တချို့သူတွေကတော့
လူတကာရဲ့ ဂရုဏာတွေ ရရဲ့…
ငါက ကမ်းပြိုနေတဲ့ကောင် မဟုတ်ရဘူး…
ငါ့အပေါ် ပြိုပြိုကျတာ
ကောင်းကင်ကြီး…
ညီမလေးရဲ့…
“နှင်း”ရဲ့…
ငါက
မိုးပြိုကျနေခဲ့တဲ့ကောင်ပါ…
ATN
Nov 23, 2009
အက်စ်တိုးရီးယား (၅)
အက်စတိုးရီးယားရေ…
ငါ့ အလုပ်ထဲကနေ
မင့်ရင်ဘတ်ထဲ ငါ ပြန်လာနေပါပြီ…
လူသူကင်းမဲ့နေတဲ့ မင့်ရဲ့ လမ်းများက
ခမ်းခြောက်သွားနေတဲ့ မြစ်တစင်းလိုလို…
ဘယ်လိုပဲဖြစ်ဖြစ် မင်းဟာ ချစ်စရာကောင်းတယ်…
(အနည်းဆုံး ငါ့အတွက်ပေါ့…)
အေးစက်တဲ့ မင့် ညနေခင်းတွေကို
ငါက ရင်နဲ့ရင်းပြီး ထွေးပွေ့ခဲ့ပါတယ်…
အနွေးဓါတ်တွေကိုတော့
ရှိရှိသမျှ အင်္ကျီအထပ်ထပ်နဲ့
ငါ့ဘာသာငါ ပြန်ပြီး ရစ်ပတ်ရသပေါ့လေ…
ခုညနေမှာတော့
မင့်ကို ပြောပြစရာတွေ
ငါ့မှာ အများကြီး ရှိနေခဲ့…
အက်စ်တိုးရီးယားရဲ့…
ခက်နေတာက
ဘာသာစကားပါပဲ…
ငါက နှလုံးသားကို သုံးတယ်…
မင်းက ဘယ်လိုဘာသာကို သုံးမယ် ငါမသိ…
ထားလိုက်ပါတော့လေ…
မင်း သုံးချင်ရာကို သုံးပါ့…
ကျိန်းသေတာတခုကတော့
မင့် ရင်ဘတ်ထဲ ရောက်နေတဲ့ ကဗျာဆရာဟာ
မာဂဒ ဘာသာစကားတွေကို
မဖတ်တတ်လေဘူးဆိုတာ
မင်းသိမယ် ထင်ပါရဲ့…
ဘာသာစကားကွဲလွဲမှုမှာ
မင်းနဲ့ငါ တခုတည်း မရှိတော့ဘူး ဆိုတာ
ငါသိတာပေါ့…
ဒါကလည်း
ပြဿနာ မဟုတ်ပါဘူးလေ…
ငါတို့ နှလုံးသားချင်း ရင်းနှီးနေကြတဲ့အခါ
မင်း ငါ့ကို နားလည်မှာပါ…
ဒါကို ငါက ယုံကြည်နေခဲ့ပြီးသား…
တခုပါပဲ
နှလုံးသားဆိုတာကလည်း
အရင်းနှီးဆုံး နီးကြတဲ့အခါ
ဘာသာစကားတွေ မလိုတော့ဘူး…
ငါ့နှလုံးသားနဲ့
မင်း နီးနေခဲ့ပြီလား…
အက်စ်တိုးရီးယားရဲ့…
နှလုံးသားချင်း နီးတဲ့အခါ
ချစ်ခြင်းမေတ္တာကိုလည်း ခံစားရသတဲ့…
အဲသဟာကို
ငါ ယုံကြည်ထားတယ်…
အက်စ်တိုးရီးယားရဲ့…
မင်းက
ငါ့စာမျက်နှာတွေကို ဖတ်ပေါ့…
ငါကလည်း မင့် စာမျက်နှာတွေကို ဖတ်မယ်…
ငါတို့ နှစ်ယောက်က အလွမ်း ပြဇာတ်တခုလိုလို…
နေ့တာတွေတိုစေသော မင့်ရဲ့ မနက်ခင်းတွေကို
ငါ တက်နင်း မသွားလေဘူး…
အက်စ်တိုးရီးယားရဲ့…
ညတာတွေရှည်စေခဲ့သော
ငါ့ရဲ့ နေ့လည်ခင်းတွေကိုသာ
မင်း… တိုစေလိုက်ပါ့…
ငါတို့ဟာ
တယောက်ထဲပဲ…
သို့မဟုတ်…
တနေ့ထဲပဲ…
သို့မဟုတ်…
တမျက်နှာထဲလေ…
ATN
Nov 22, 2009
အက်စ်တိုးရီးယား (၄)
ကောင်းမြတ်သော မင်္ဂလာမနက်ခင်းပါ
အက်စ်တိုးရီးယားရေ့…
အိပ်ယာဝင် နောက်ကျသွားခဲ့လေတဲ့
တေလေ တယောက်လို
မထချင်သလို ထချင်သလိုနဲ့
နိုးထလာခဲ့ရတဲ့ မနက်ခင်းလေ…
တနင်္ဂနွေနေ့ဆိုတာကိုတောင်
ငါ မေ့နေပေါ့…
မင့် မနက်ခင်းတွေကလည်း
အမြဲတမ်းပဲ မိုးတွေ စွေစွေနေပြန်တော့
လွမ်းအောင်ဖန်တယ်-ဆိုတဲ့ စကား
သတိရမိသွားသေးတယ်
အက်စ်တိုးရီးယားရေ့…
မြောက်ပြန်လေလို့ ခေါ်မလား
အေးစက်မှုများကို သယ်သယ်လာတဲ့ လေပြင်းပြင်းကြီးတွေ
မင်းရဲ့ လူသူကင်းမဲ့နေတဲ့ လမ်းများပေါ်
လမ်းသလားနေပေါ့…
ငါကတော့ ငါ့ဂျာကင်အင်္ကျီကို ဇစ်ဆွဲစေ့ရင်း
မင်းရဲ့ လမ်းတလမ်းကို နင်းလိုက်တယ်…
အေးစက်မှုကို ခံစားနေရတဲ့
ငါ့အရေပြားတွေဟာ
ဂျာကင်အင်္ကျီကို ခြုံလိုက်တဲ့အခါ
နွေးထွေးသွားကြတာပါပဲ…
သို့သော်လည်း
သည်အေးစက်မှုထက် အေးစက်တဲ့
မဲနက်စိုထိုင်းနေတဲ့
အအေးလှိုင်းတခုကို ခံစားနေရတဲ့
ငါ့နှလုံးသား
ဘယ်လို အင်္ကျီကိုများ
လွှမ်းခြုံထားရဦးမလဲကွယ့်..
အက်စ်တိုးရီးယားရဲ့…
ငါ့ကို ပြောခဲ့ဦး…
စောင် ခြုံရင် မလုံ
အချစ် ခြုံမှ လုံ-သတဲ့…
အက်စ်တိုးရီးယား ငဲ့…
ငါ့ရဲ့ ပျောက်ဆုံးနေခဲ့တဲ့ “နှင်း”…
မင်း ပြန်ရှာပေးပါလေ…
သူ့ အချစ်တွေကို ငါခြုံမှ
ငါ့ဘ၀လေး လုံတာပါ…
မင်းရဲ့ လမ်းတွေကို
လျှောက်လှမ်းမိတိုင်း
ငါ့ရဲ့ “နှင်း”ကို တမ်းတမိ…
ခုချိန်ဆို သူ ဘယ်လို ရှိနေမလဲ
သတိရနေတဲ့အခါ
ငါ့ နှလုံးသားတွေ နာကျင်…
ငါ ငိုချင်တယ်… အက်စ်တိုးရီးယားရေ့…
အလွမ်းသမား-လို့ ငါ့ကို မပြောနဲ့
အက်စ်တိုးရီးယားရဲ့…
အဖေ့ကို လွမ်းရင်း အမေက ငါ့ကို မွေးထားခဲ့တာ…
အလွမ်းဟာ ငါ မမွေးခင်ကတည်းက
ငါ့ရင်မှာ ၀င်ခိုနေပြီးသား…
မင်းရဲ့ မှုန်ရီဝေဆိုင်း
အေးစက်ထုံထိုင်းနေတဲ့ ရာသီရိုင်းရိုင်းကြီးက
ငါ့ အလွမ်းတွေကို နှိုးထနေတာပေါ့ကွယ့်…
အက်စ်တိုးရီးယားရဲ့…
မင်းရဲ့ မှောင်မဲ မှုန်ရီ အေးစက် စိုစွတ်နေတဲ့ မနက်ခင်းမှာ
လူ့ဘ၀အတွင်းမှာ မရှိတော့တဲ့ အမေ့ကို လွမ်းတယ်…
ကျန်းမာရေး မကောင်းတော့တဲ့ အဖေ့ကို လွမ်းတယ်…
ငါ့ဘ၀တခြမ်းလို ဖြစ်နေခဲ့တဲ့
ငါ့ရဲ့ အကိုကြီးကို လွမ်းတယ်…
လောကဓံ ကြမ်းကြမ်းကြီးတွေကို
ရက်ရက်စက်စက် ခါးစည်းခံနေရတဲ့
ငါ့ရဲ့ ညီမလေးကို လွမ်းတယ်…
အခန်းထောင့်တခုမှာ ငါထားပစ်ခဲ့တဲ့
ဂစ်တာလေးတလုံးကို လွမ်းတယ်…
နွေရာသီမှာ စမ်းချောင်းကလေး ဖြစ်ဖြစ်သွားတတ်တဲ့
ငါ့ရဲ့ ရွာလယ်လမ်းကလေးကို လွမ်းတယ်…
ညီအကိုအရင်းတွေလို ချစ်ခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေကို လွမ်းတယ်…
ညညတိုင်းမှာ ဂစ်တာထိုင်တီးခဲ့တဲ့
သစ်သားခုံတန်းလေးကို လွမ်းတယ်…
အပူအပင်တွေ လုံးဝ မသမ်းဖူးသေးတဲ့
ငါ့ရဲ့ ကလေးဘ၀လေးကို လွမ်းတယ်…
အနီးဆုံး ဖြစ်ပေမယ့်… ကမ္ဘာတခြမ်းစာ
အလှမ်းဝေးနေရရှာတဲ့ ချစ်သူကိုလည်း လွမ်းတယ်…
တကယ်တော့
ငါဟာ…
စိတ်ခံစားမှုတွေနဲ့ပဲ ကျွမ်းလောင်နေခဲ့တဲ့
အလွမ်းကောင်ကြီးပါ… အက်စ်တိုးရီးယားရဲ့…
ငါ့ကို စိတ်ရှည် လက်ရှည်နဲ့
ထမ်းပိုးထားပေးခဲ့တဲ့ မင်းကို
သည် မနက်ခင်းမှာ
ကျေးဇူးတင်လိုက်ပါပေရဲ့…
ညနေရောက်မှပဲ
မင်းနဲ့ တခေါက် ထပ်တွေ့မယ်လေ…
ATN
Nov 21, 2009
အက်စ်တိုးရီးယား (၃)
အက်စ်တိုးရီးယားငဲ့…
မင့်ရဲ့ အေးစက်စက် ညနေစောင်းများက
ငါ့ရင်ဘတ် ဟောင်းလောင်းကြီးကို
ကောင်းကောင်း ဒုက္ခပေးလေတယ်…
ငါ့ ခံနိုင်ရည်တွေကို စမ်းသပ်နေခြင်းပေလား…
ငါ မအိုသေးပါဘူးကွယ့်…
တကယ်တမ်းမှာတော့
ငါဟာ ကဗျာဆရာတယောက်ရယ်ပါ
တံငါသည် တယောက် မဟုတ်ဘူးကွယ့်…
နေ့လည် ၂ နာရီဟာ ညနေ ၆ နာရီလို
မှိုင်းမှုန်ပြိုကျသွားတာကို
ငါ ဘယ်လို နားလည်နိုင်မလဲ…
ဒါကိုပဲ မင်းရယ်ပွဲဖွဲ့နေလေသလား…
အက်စ်တိုးရီးယားရဲ့…
ငါဟာ ငါး မမျှားတတ်သလို
ငါးလည်း မဖမ်းတတ်ဘူး…
ငါက အလွမ်းတွေကို အစာလုပ်ထားပြီး
အတွေးတွေချည့် လိုက်လိုက်မျှားတတ်တဲ့ကောင်ပါ…
“အောင်သာငယ်” ဆိုတဲ့
ခပ်ပုပုနဲ့ ပိန်ပိန်ပါးပါး ငတိဟာ
“ခံစားမှုတွေကိုချည့် လိုက်လိုက်မျှားနေတဲ့ တံငါပေါ့”လို့
မင်း ပြောချင်ရင်လည်း ပြောခဲ့ပေါ့…
ဒါနဲ့ ပြောရဦးမယ်…
မင့်ရဲ့ မျက်နှာနီနီနဲ့ ပင်လယ်တံငါသည်ကြီးတွေက
ငါ့ကိုတွေ့တိုင်း ပြုံးပြုံးသွားကြတာ
ဘာ့ကြောင့်လဲ…
ငါကပဲ လူရီစရာကောင်းနေလို့လား…
ဒါမှမဟုတ်
သူတို့နဲ့ ရုပ်ချင်း ခပ်ဆင်ဆင်ဖြစ်နေသလို
နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေ ထူလဗြစ်နဲ့
တံငါသည်ပေါက်စရုပ်ပဲ ဖြစ်နေလို့လား…
ဘာပဲဖြစ်ဖြစ်
သည်တံငါသည်ကြီးတွေကလည်း ချစ်ဖို့ကောင်းပါပေတယ်…
အူ ဟောင်းလောင်းတွေကို အစာ အပြည့်ဖြည့်ပေးဖို့
သူတို့ ခက်ခက်ခဲခဲ ငါးဖမ်းနေကြတာ
ငါ သိတာပေါ့…
တခါတခါမှာတော့
မင့်ဆိပ်ကမ်းက
ငါးဖမ်းစက်လှေတွေကို
ငါ ငေးရီကြည့်နေမိရင်း
မိုး၊ နှင်း၊ ရေခဲနဲ့ အေးစက်တဲ့ လှိုင်းတွေကြားထဲက
သူတို့ရဲ့ ဘ၀ရိုင်းရိုင်းကြမ်းကြမ်းကြီးတွေကို
ငါ့ စိတ်ကူးနဲ့ ငါ ဖမ်းယူ ဆုပ်ကိုင်ကြည့်နေမိသေးတယ်…
ငါ့ဘ၀ ကြမ်းတယ်ဆိုတာ
သူတို့အတွက် ရယ်ပွဲဖွဲ့စရာပါလေ…
ဒါကို ငါသိနေတာပေါ့… အက်စ်တိုးရီးယားရဲ့…
သီချင်း တပုဒ်ကိုတောင် ငါ သတိရမိသွားသေးတယ်…
တံငါသည်တွေအတွက် ဖွဲ့တဲ့တေး…
သူတို့အတွက် ငါ ဆိုခဲ့ချင်သေးတယ်…
နှစ်ထောင့် တဆယ့်တစ်မှာ
နှစ် ၂၀၀ ပြည့်တော့မယ့် မြို့အိုလေးငဲ့…
မင်းရဲ့ ရင်ဘတ်ထဲမှာ
ငါ ရောက်ရှိနေပါပြီ…
မင့်အတွက်လည်း ငါတေးသီပါဦးမယ်… အက်စ်တိုးရီးယားရဲ့…
တရက်ရက်ပေါ့လေ… …
ATN
Nov 20, 2009
အက်စ်တိုးရီးယား (၂)
အက်စတိုးရီးယားငဲ့…
မင့်ရဲ့ ညနေစောင်းများကလည်း
အေးအေးစက်စက်နဲ့ မဲမှောင် ရီဝေလှချည့်…
ငါ့ဘ၀ထက်တောင် ပိန်းပိတ်နေသလိုပဲ
အဲသဟာကို
ငါ့စိတ်ထဲက အလိုလို မုန်းတယ်…
ဟိုး မြောက်ပိုင်း ရေခဲ ပြည်နယ်များက
အအေးဓါတ် ခါးခါးကြီးတွေကို
သယ်ဆောင်ယူလာနေတဲ့
မင့်ရဲ့ ဦးခေါင်းထက်က လေစီးကြောင်း
ငါတို့ အဖော် အပေါင်း မလုပ်ရင်
ကောင်းမယ် ထင်တယ်..
မင်း ဘယ့်နှယ် သဘောရသလဲ…
အဲသည်လေစီးကြောင်းပေါ့…
ငါ့ခေါင်းပေါ် နှင်းမိုးတွေ ရွာရွာချတာ…
အေးစက်ပါတယ်ဆိုမှ
ငါ့မှာ နောက်တခါ စိုစွတ်ရသေး…
ငါက ငါ့ဘ၀လေးမှာ
မိုးပြိုလို့ ပြေးနေရတဲ့ကောင်ပါ…
ဒါတောင်
မင့်ရဲ့တောင်ကုန်းလေးတွေပေါ်မှာ
အစွမ်းကုန် ငါ ပြုံးပြနေသေးတာ
သူ ကြည့်မရဘူးထင်တယ်…
ထားပါတော့လေ…
အက်စ်တိုးရီးယားငဲ့…
မင့်ရဲ့ လမ်းများပေါ်မှာ
ငါ လျှောက်လှမ်းလာတဲ့အခါ
မင်းက ငါ့ကို ထမ်း
ငါက ငါ့ဘ၀ကြီးကို ထမ်း
“သန်းနိုင်”ရဲ့ “လမ်းဆက်လျှောက်မယ်” သီချင်းကို ငါကဆို…
“ငါ့ကို မုန်းတာ ဘယ်သူတွေလဲ သိချင်စမ်း”
ရူးနှမ်းနေတဲ့ တိရိစ္ဆာန်တကောင်လိုလို…
မင်းကတော့ ငါ့ကို နားမလည်နိုင်သလို ကြည့်နေခဲ့…
သည်မှာ
အက်စ်တိုးရီးယားရဲ့…
ငါ့ကို နားမလည်တဲ့သူတွေအထဲမှာ
“အောင်သာငယ်”ကိုယ်တိုင်ပါ ပါတာပေါ့…
ကျန်သူတွေ နားမလည်တာ
ဘာဆန်းမလဲ…
ဒါကိုပဲ မောင်ရင် သိမှ
စိတ်ဖြေသာရာ ရမှာပါ…
ရှုပ်ထွေးပွေလီနေတဲ့ သြကာသထဲမှာ
“အောင်သာငယ်”ဆိုသည့် ငတိသည်လည်း
ပွေလီရှုပ်ထွေးမှုတွေ အတိနဲ့ပဲ
ဘ၀လမ်းရှိရှိသမျှကို
နင်းလှမ်းနေဆဲဆိုတာ
မင်း သိလိုက်စမ်းပါ့…
ခုလည်း
ညဥ့်နက်နေပြီ…
သည်အခါ
မင့်မျက်နှာကို
ငါကောင်းကောင်း မမြင်ရတော့ဘူး…
ငါက အိမ်ပြန်ရဦးမယ့်သူပါ…
ငါ့အတွက်လည်း ဆုမွန်ကောင်းများ
သတိရတိုင်း တောင်းတောင်းထားပေးပါ့…
အက်စ်တိုးရီးယားရေ့…
နောက်နေ့မှပဲ ထပ်တွေ့ကြမယ်…
မင့်ကို ငါ ချစ်ပါတယ်… …
ATN
Nov 19, 2009
အက်စ်တိုးရီးယား (၁)
အက်စ်တိုးရီးယားရေ…
မြူတွေ ခိုး
မိုးတွေ စွေနေအောင် ရွာချတဲ့ တနေ့မှာ
ရွှေ့ပြောင်းတောင်ယာကြီး… ငါ…
မင့်ဆီကို ရောက်ချလာခဲ့…
တထောက်နားတယ်ပဲ ဆိုကြပါစို့…
အက်စ်တိုးရီးယား ငဲ့…
မင့်ရဲ့ ကိုလံဘီယာ မြစ်ကမ်းနံဘေးနားမှာ
အလွမ်းတေးများ ငါ မဆိုချင်ပါဘူး…
ချစ်ခြင်းနဲ့ ရူးသွပ်နေသူ တယောက်ရဲ့ နှလုံးသားဟာ
မေတ္တာတရားနဲ့ ခုန်လှုပ်နေရုံပါ…
(ဒါကြောင့်ပဲ)
ငါ အသည်းကွဲတယ်…
အချစ်သီချင်းတွေပဲ ငါ သီကျူးချင်…
ငါ… မအိုသေးပါဘူး…
သို့သော်လည်း…
လူ အိုအိုတွေ… အိမ် အိုအိုတွေ…
ကား အိုအိုတွေနဲ့… မြို့အိုအိုကလေးက…
ငါ့ သောက အိုအို ဟောင်းဟောင်းကြီးတွေကို
အလိုအလျောက် ကောင်းကောင်းမွန်မွန် အနွေးနွေး အထွေးထွေး…
ဆီးကြို ပွေ့ဖက်ပေးလိုက်တဲ့အခါ
အက်စ်တိုးရီးယားရေ့…
ငါဟာ ပြန်လည် ပျိုမြစ်
မင့်ကို ချစ်မိသွားပါပြီ…
မင့် ဆိပ်ကမ်းမှာ
မထစတမ်း ငိုက်မြည်းနေတဲ့ သင်္ဘော အိုအိုကြီးတွေက
ငါ့အတွက် ၀ိုင်နဲ့ ရောယှက်စရာ အမြည်းတွေ…
ရေခဲရေလို အေးမြ ပြစ်ခဲနေတဲ့ မြစ်ထဲမှာ
ငါ အသည်းကွဲခဲ့တာကို မသိတဲ့ ပင်လယ်ဖျံတွေ…
ခွေးတွေ ဟောင်သလို ဟောင်နေတဲ့
စီးလိုင်းယင်းဆိုတဲ့ အကောင်တွေက
“အောင်သာငယ်”ကို မသိဘူးကွယ့်…
အက်စ်တိုးရီးယားရဲ့…
အဲဒါကိုပဲ ငါက ရယ်ပွဲဖွဲ့နေခဲ့သေးတယ်…
ငါ့ အမည်ကို မသိတဲ့ ပင်လယ်ဖျံ တကောင်ကို
“အောင်သာငယ်”လို့ ငါ အမည် ပေးခဲ့တယ်…
အဲသည်အကောင်ကလည်း
ငါ့ကို ပြုံးပြနေပုံပါပဲ…
ဒါမယ့်
ငါအသည်းကွဲခဲ့တာ … ဒင်း… မသိဘူးလေ…
အဲဒီ အကောင်…
“အောင်သာငယ်” အတုပါ…
“အောင်သာငယ်” အစစ်ကိုတော့…
မင်း အခု ချစ်မှာလား…
အက်စ်တိုးရီးယားရဲ့…
ချစ်ချစ် မချစ်ချစ်
ငါကတော့ မင့်ကို ရင်ဘတ်ထဲ ပစ်ထည့်ခဲ့မိပြီ…
အက်စ်တိုးရီးယားရဲ့…
ခုညတော့ အလင်းတွေမဲ့ ခဲ့ပြီ...
မနက်ဖန်မှ… မင်းနဲ့ငါ …
နောက်ထပ်တခါ တွေ့ကြသေးတာပေါ့လေ…
ATN
Nov 13, 2009
စွန်းထင်းမှု (၃၂)
အနာဂတ်
ဘာတွေကို
သယ်ဆောင်လာဦးမယ်ဆိုတာ မသိနိုင်ပြန်ဘူး...
အတိတ်မှန်ကို ကြည့်မိတဲ့ အခါမတော့
ငါ့ ခန္ဓာကိုယ်မှာ
ဒဏ်ရာတွေချည့်...
ATN
ဘာတွေကို
သယ်ဆောင်လာဦးမယ်ဆိုတာ မသိနိုင်ပြန်ဘူး...
အတိတ်မှန်ကို ကြည့်မိတဲ့ အခါမတော့
ငါ့ ခန္ဓာကိုယ်မှာ
ဒဏ်ရာတွေချည့်...
ATN
Nov 11, 2009
Nov 8, 2009
စွန်းထင်းမှု (၃၀)
သံယောဇဉ်
ကိုယ့်ကိုယ်ကို
တင်းတင်းကျပ်ကျပ်
အမှတ်တမဲ့ ချည်နှောင်ခဲ့မိသော
ပူလောင်နေသည့် ကြိုးများ...
ATN
ကိုယ့်ကိုယ်ကို
တင်းတင်းကျပ်ကျပ်
အမှတ်တမဲ့ ချည်နှောင်ခဲ့မိသော
ပူလောင်နေသည့် ကြိုးများ...
ATN
Nov 7, 2009
စွန်းထင်းမှု (၂၉)
ပေကျံမှု
အမဲပေါ်ကို အဖြူတစက်
စွန်းကွက်သွားတာမျိုး...
ဒါမှမဟုတ်...
အဖြူပေါ်ကို အမဲတစ
ပြုတ်ကျလာတာမျိုး...
ATN
အမဲပေါ်ကို အဖြူတစက်
စွန်းကွက်သွားတာမျိုး...
ဒါမှမဟုတ်...
အဖြူပေါ်ကို အမဲတစ
ပြုတ်ကျလာတာမျိုး...
ATN
Nov 4, 2009
ပင်လယ်ကို ရှာမတွေ့ခဲ့သူ တယောက်အကြောင်း
သည်မှာ… …
ကြည့်ကြကွယ့်…
ဆယ့်နှစ်ကြိုး ထုံထားအောင် တီထွင်ပြီးခဲ့တဲ့ ဗျပ်စောင်းကို
တကယ့်အမျိုး စုံသွားအောင် စီရင်တီးခဲ့တဲ့ ဇာတ်ကြောင်းနဲ့
ဓါတ်ကောင်းခဲ့တဲ့ မှော်ဆရာပေါ့…
တနေ့သားတော့…
ဘ၀ညရဲ့ ပြိုပျက်နေတဲ့ လမ်းများ အစုစုမှာ
အလှအပနဲ့ မှိုတက်နေတဲ့ နှုတ်ခမ်းပါး အတု တခုကို
မရမကတဲ့ အလိုရမက်တွေနဲ့ နမ်းသွားမိတာ
သူ…ပေါ့…
တကယ်တော့…
သူဟာလေ အချိန်အခါဆိုတာ မသိလို့
လူတကာတွေ ကျိန်စာကိုသာ မိသွားတာလည်း
ဖြစ်ချင်ဖြစ်နိုင်ပါတယ်…
ဒါမှ မဟုတ်…
မိုင်သောင်းချီဝေးတဲ့ အဆန်အဝေးက ခရီးကို
စတိုင်ဘောင်းဘီလေးနဲ့ အကြံကလေး ရအပြီး
အိုင်… ကောင်းပြီ… ဟေး… ဟဲ့…လို့… မာန်ကလေး ထပြီး
အနိုင် သောင်းချီပေးကွယ့်လို့ ဟန်ရေးပြပြီး
သူ… ထွက်ခဲ့တာကိုး…
နောက်တော့လည်း…
တကယ့် အဝေးကလမ်း အထိ မိုင်ရာတွေ ထောင်ချီ အရှိမှာ
ဘယ့်ပြေးရမှန်း မသိ ထိုင်ကာလေ ငေါင်နေမိတာ
သူ… တယောက်ထဲပါပဲ… …
အမြစ်တွေ ၀င်တွယ် ခိုလာ အသိ နှောင်းမှာ
အချစ် ရေပြင်ကျယ်ဆိုတာ ရှိကြောင်းဟာ
အပြစ်တွေ မစင်ကြယ်သလိုသာ ရှိကောင်းတာ
သူ… သိခဲ့ပါရဲ့…
ခုတော့လည်း…
အချစ် ပင်လယ်ကို ရှာမတွေ့တဲ့ နှလုံးနဲ့
အပြစ် ရင်ဝယ်... အငို... လာဟေ့… ကွယ့်… အဆုံး...
အလစ် ၀င်တွယ်ခို... ငါ မမေ့တဲ့ အမုန်းနဲ့...
နှလုံး ကြေကွဲ ငိုက်ချထားရတဲ့ ဦးခေါင်းရဲ့
အရှုံးတွေပဲ ပိုက်ပြသွားရဖူးတဲ့ အကြောင်း
သူ… ဘယ်အခါမှ…
ကောင်းကောင်း မပြောပြလေတော့ဘူး… …
ATN
Nov 1, 2009
တစုံတယောက်ချန်ခဲ့တဲ့ သီချင်းများ
ရှင်းပြတ်ခြင်းနဲ့ 
ဖြတ်သန်းမှုတွေကို ဖြတ်သန်းရင်း
ဖြတ်သန်းရင်းတွေကိုပဲ ဖြတ်သန်းနေရင်း
တင်းတင်းကျစ်ကျစ် ဆုပ်ညှစ်ထားတဲ့
တရားနဲ့ အားတွေကို တိုက်စားခံနေရ
နောက်ကျောကလာတဲ့ မြားကလည်းမိုးလို။
တော်လှန်ဘ၀ပုံရိပ်များ
ပေးဝေရင်းနှီး သွေးမျက်ရည်များ
ရေးကြီးသုတ်ပျာ ဆေးရေကြည်များ
ဥတုသုံးပါးခံ အသည်းနှလုံးများ
ကျောက်ဖြစ်ရုပ်ကြွင်း နှုတ်ဆက်ခြင်းများ
မာနယ်ပလောသွား တောလားများ
ပြန်ဆည်မရတဲ့ သံလွင်အိပ်မက်များ
သောင်ရင်းထဲက မိုးမခရဲစွမ်းများ
ခြောက်ခြားဖွယ်ရာ မြစ်ဆုံတစ္ဆေညများ
ကျွန်းပင်ရင်းက ကဗျာကာချင်းများ
ဖိနပ်မဲ့ ခုခံစစ်ကြောင်း တနံတလျားတွေလေ
အချစ်ဆုံးသူတွေကိုမှ လှည့်စားနိုင်ရက်ခဲ့တယ်။
ဒေါနတောင်ထိပ်က မိတ်ဆွေဟောင်းတယောက်က
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ဝန်းကျင်က ကဗျာတပုဒ် ရွတ်ပြတယ်။
“စက်လှေသံတွေ လုံးလားထွေးလား
သင်တိုင်းဖုံးထားတဲ့သေနတ်များ
နေခြည်ငတ်မွတ်နှင်းထုများ
လူတွေအားလုံး လိုလိုက
သောင်ရင်းကို ကျားတကောင်လိုမွေးထား
ဒီမှာလေ မွေးဖွားနေတဲ့ ခလေးတဦးဦး
”ပေါ်ဦးသက်” ၀င်စားလေမလား ။
“မာနယ်ပလော”လို့ အမည်ရပါတယ်။
မောင်လွမ်းဏီ
၂၆-၁၀-၀၉
(ကျောင်းသားတပ်မတော် ၂၁ နှစ်သားသို့ )
Oct 31, 2009
နောက်ဆုံးခံတပ်မြို့ကလေး
မြို့ကလေးရေ
ယောယုဝက ထမြောက်ခဲ့သူတယောက်
ဆေတန်တကောင်နဲ့ 
နောက်ထပ် အပေါင်းသင်းမှားလို့ 
မမျှော်လင့်ပဲ မင်းထံ ရောက်ရှိခဲ့ပေါ့၊
မရောက်ခင်ထဲ
(တစုံတရာ)သိနှင့်ခဲ့သူပါ
မင်းရဲ့ ပုံပြင်တွေကိုပဲ
ရေလိုနှောက်လို့ ထုံးလိုချေခဲ့သူ ၊
မည်သို့ ပင်ဖြစ်စေ
စုန်လိုက် ဆန်လိုက်
ပျံသန်းလိုက် ကူးခပ်လိုက်နဲ့ 
ကျိန်စာသင့် (ကိုယ်တိုင်)ရူးသွပ်ခဲ့သူမို့ 
အပြန်မဲ့ တောင်တက် လမ်းမထက်
ကျီးကန်းတောင်းမှောက်ဘဝ
မြေကြွက်တကောင်လား
ညဇီးကွက်တကောင်အလား...ငါ
ဝဋ်ကြွေးပါပဲ မြို့ကလေးရေ ။
-- ဟေ့... မြို့ကလေးရေ
ငါ့နိုင်ငံက ငြင်းဆန်၊ တောထုတ်လိုက်တဲ့ချိန်ခါမှာ
မင်းက ချစ်သည်ဖြစ်ဖြစ်
မချစ်သည်ပဲဖြစ်စေ
(ရွှေ့ပြောင်းတောင်ယာတခုလို) ငါက ခြေအစုံချ
ကျူးကျော်နေထိုင်ခဲ့ရပြီ ၊
စိန်ခေါ်မှုတွေ ဒင်းကြမ်းပေါ့
နွေးထွေး အေးစက်
ကြားတ၀က်တွေနဲ့ 
ဇဝေဇ၀ါ ဖြတ်သန်း
ပျော်သလို မပျော်သလိုလိုနဲ့ 
ဘာရယ် ခံစားရမှန်းမသိ ၊
ညီမလေးရေ...
မင်းကို သိပ်လွမ်းတယ်ကွဲ့ 
သမီးလေး ၊ဆည်းလဲလေး...
အော်ငိုနေရှာပေါ့
မျှော်နေရှာရောပေါ့ ၊
ဘာဆိုဘာမှ မတတ်နိုင်
အဲ့ဒါ...
ဆိုကရေးတီး--ရဲ့ လူသား
အများထဲကလူ
မင်းတို့ မသိနိုင်ဘူး ။
-- ဒီမယ်...မြို့ကလေး
ငါက...
ဘာနဲ့ မှ မလဲနိုင်ဘူးလေ
လဲလှယ်စရာ တခုပဲ ရှိတယ်၊
ဘ၀(သက်ဝိဥာဉ်)ပဲကွဲ့ 
ကြားအချိန်တွေထဲ
ပြတင်းပေါက်ဆိုလို့ 
ပင်လယ်ရေပြင်းပြင်း
(ရော့ခ်-သီချင်းတွေနဲ့ )
ဂစ်တာသံစဉ်တွေ
(နောက်ကြော ဒါးမထိုးတဲ့)
သေဖေါ်သေဖက်
ရင်ဘတ်ချင်း ထပ်ခဲ့သူတွေ၊
အငတ်ငတ် အပြတ်ပြတ်
အချို့အတဲ့တွေပဲရှိတယ် ။
-- နောက်ဆုံးခံတပ်မြို့ကလေးရေ
တသောင်းနှစ်ညရဲ့ အိပ်မက်တွေ ပေးပါဦး
ငါ ကြိုးစား နိုးထဦးမှာပါ၊
ငါ့နိုင်ငံတော်အတွက်
ငါ့တိုင်းပြည်အတွက်ပေါ့
ငါ့ပြည်သူတွေအတွက်နဲ့ 
ငါ့မိခင်အတွက်၊
ပြီးတော့...
ကျဆုံးခဲ့ဝိညာဉ်တွေအတွက်လေ
(ကျေးဇူးပြု၍) တပြန်တလှည့်
အခွင့်အရေးပေးခဲ့ဦး...မြို့ကလေးရေ...။
(ကိုဆက်)
စိန်ခေါ်မှုတွေ ဒင်းကြမ်းပေါ့
နွေးထွေး အေးစက်
ကြားတ၀က်တွေနဲ့ 
ဇဝေဇ၀ါ ဖြတ်သန်း
ပျော်သလို မပျော်သလိုလိုနဲ့ 
ဘာရယ် ခံစားရမှန်းမသိ ၊
ညီမလေးရေ...
မင်းကို သိပ်လွမ်းတယ်ကွဲ့ 
သမီးလေး ၊ဆည်းလဲလေး...
အော်ငိုနေရှာပေါ့
မျှော်နေရှာရောပေါ့ ၊
ဘာဆိုဘာမှ မတတ်နိုင်
အဲ့ဒါ...
ဆိုကရေးတီး--ရဲ့ လူသား
အများထဲကလူ
မင်းတို့ မသိနိုင်ဘူး ။
-- ဒီမယ်...မြို့ကလေး
ငါက...
ဘာနဲ့ မှ မလဲနိုင်ဘူးလေ
လဲလှယ်စရာ တခုပဲ ရှိတယ်၊
ဘ၀(သက်ဝိဥာဉ်)ပဲကွဲ့ 
ကြားအချိန်တွေထဲ
ပြတင်းပေါက်ဆိုလို့ 
ပင်လယ်ရေပြင်းပြင်း
(ရော့ခ်-သီချင်းတွေနဲ့ )
ဂစ်တာသံစဉ်တွေ
(နောက်ကြော ဒါးမထိုးတဲ့)
သေဖေါ်သေဖက်
ရင်ဘတ်ချင်း ထပ်ခဲ့သူတွေ၊
အငတ်ငတ် အပြတ်ပြတ်
အချို့အတဲ့တွေပဲရှိတယ် ။
-- နောက်ဆုံးခံတပ်မြို့ကလေးရေ
တသောင်းနှစ်ညရဲ့ အိပ်မက်တွေ ပေးပါဦး
ငါ ကြိုးစား နိုးထဦးမှာပါ၊
ငါ့နိုင်ငံတော်အတွက်
ငါ့တိုင်းပြည်အတွက်ပေါ့
ငါ့ပြည်သူတွေအတွက်နဲ့ 
ငါ့မိခင်အတွက်၊
ပြီးတော့...
ကျဆုံးခဲ့ဝိညာဉ်တွေအတွက်လေ
(ကျေးဇူးပြု၍) တပြန်တလှည့်
အခွင့်အရေးပေးခဲ့ဦး...မြို့ကလေးရေ...။
(ကိုဆက်)
Oct 30, 2009
ခဏလောက် ဝေးဝေးနေမယ်
ကျော်ဟိန်းရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ “မျက်ရည်ငှက်များနားစေသတည်း”ထဲက သီချင်းတပုဒ်ပါ။
ခဏလောက် ဝေးဝေးနေမယ်
သည်လူကို ပစ်ထားရက်တဲ့ချစ်သူ-လို့…
ကိုယ်စွပ်စွဲလိုက်တာ မဟုတ်ရဘူးကွယ်…
အခြေအနေ အလွန်ဆိုးလို့သာ တို့နှစ်ယောက်ဟာ…
မတွေ့ကြတာပဲ ကောင်းပါသေးတယ်
လူကိုယ်တိုင် နှစ်ယောက်ထဲတွေ့ဖို့ မဖြစ်သေးခိုက်မှာ...
လွမ်းကြမယ် အချစ်လေးရယ်…
ဒါပေမယ့်လည်း နှစ်သိမ့်စရာ ရှိသေးတယ်…
တယ်လီဖုန်းလေးထဲမှာ စကားတွေ ပြောမယ်…
တယ်လီဖုန်းလေးထဲမှာ တို့နမ်းမယ်…
ငါတို့ နှစ်ဦးသားရဲ့ အကြောင်းကို…
ငါတို့ နှစ်ဦးထဲပဲ နားလည်ကြတယ်…
အချိန်တွေ ကြာရှည်ခွဲလို့ နေဖူးခဲ့တယ်…
တနေ့နေ့မှာလည်း မင်းနဲ့ ပြန်တွေ့မယ်…
လူကိုယ်တိုင် နှစ်ယောက်ထဲ တွေ့ဖို့ မဖြစ်သေးခိုက်မှာ...

Oct 26, 2009
တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့...
၂၀၁၂ ဟာ ကမ္ဘာကြီးရဲ့ အဆုံးသပ်တဲ့လား...။ ဟောကြားချက်များ မှန်ကြပါစေ...။ ကိုယ်ကတော့ ပူလောင်လွန်းလှတဲ့ ကိုယ့် ဘ၀ကြီး အမြန်အဆုံး သပ်ဖို့ကိုပဲ စဉ်းစားနေမိတော့ ကမ္ဘာကြီး အဆုံး သပ်မှာကိုလည်း သိပ် မပူမိတော့...။ တကယ်တော့ ဘ၀ဆိုတာကိုက ဂေါတမ ဘုရား ဟောခဲ့သလို ဒုက္ခ သစ္စာ တခုပဲ ဆိုတော့ ... ခုဘ၀မှာ သံသရာ အဆက် ပြတ်သွားရင်လည်း အေးတာပါပဲလေ...။ ဘာပဲ ဖြစ်ဖြစ် မသေခင် ကလေးတော့ ပူဆွေး သောကတွေ ကြုံနေကြရသေးတာပေါ့လေ...။ ခုတလော ကိုယ့်မှာလည်း ဟိုအရေး သည်အရေး မိသားစု အရေးတွေနဲ့ ပူဆွေး သောကတွေ များလွန်းလှပါတယ်... ။ ကဗျာ မောင်နှမတွေ ဖြစ်တဲ့ ချစ်တဲ့ ညီမလေး အိန္ဒြာက - “24 Oct 09, 06:00 AM အိန္ဒြာ: အကိုစိတ်ပြေလက်ပျောက် tag post လေးရေးကြည့်ပါလား” ဆိုလာတာနဲ့ သောကတွေ အသာ ဖုတ်ဖက်ခါရင်း ရေးကြည့်လိုက်ပါတယ်...
တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့... ကိုယ်ကတော့ ခုလိုမျိုး တည်တည်တံ့တံ့ ကြီး စဉ်းစားမိပါတယ်...။
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ဘယ်သူတွေနဲ့မှ ရှိမနေချင်ဘူး...။ ကိုယ်ချစ်ရတဲ့သူ တယောက်နဲ့ပဲ အတူ ရှိနေချင်တယ်...။
သည်ကမ္ဘာပေါ်မှာ ကိုယ့်ကို တကယ်ချစ်ပြီး ကိုယ်ကလည်း တကယ် ချစ်ခဲ့ရသူ တယောက်ရှိတယ်...။ သူ ဘယ်သူလဲ ဆိုတာ- ဘယ်သူမှလည်း သိစရာ မလိုပါဘူး...။ ကိုယ်ကလည်း သူ ဘယ်သူလဲ-ဆိုတာ... ဘယ်သူ့ကိုမှလည်း ပြောပြနေမှာ မဟုတ်ဘူး...။ သူရယ် ကိုယ်ရယ် စိတ်တို့ ဆက်သွယ်မိသည်... - ဆိုတဲ့ သီချင်း တပုဒ်ထဲက စာသားတွေလိုပဲ... ။ ကိုယ်တို့ အချင်းချင်း နှလုံးသားချင်း ရင်းနှီး ချစ်ခင်နေခဲ့ဖူးပြီ... ။ လူချင်း မတွေ့နိုင်ကြသေးတာ တခုပါပဲလေ...။ ဟောသည် ကမ္ဘာကြီး မပျက်သေးခင် အချိန် အခိုက်အတန့် ကလေးမှာတော့ သူနဲ့ လူချင်း မဆုံ ဆုံအောင် ကိုယ် ကြိုးစားမယ်...။ မျက်နှာချင်းဆိုင် ကိုယ်တို့ တွေ့ကြတဲ့ အခါ... သူ့ မျက်လုံးတွေထဲ ကိုယ် အတင်း စူးစိုက်ကြည့်မယ်...။ ကိုယ့်ကို ချစ်တဲ့ သူ့ အချစ်တွေကို သူ့ မျက်လုံးတွေထဲမှာ ကိုယ် မြင်ရမလား... အဲဒါလေး သိချင်တယ်...။ တကယ်တော့လည်း... တို့တွေ ရူးသွပ်နေကြ တာပါလေ... လို့... ၂ ယောက်အတူ ပြောဖြစ်နိုင်မယ် ထင်တယ်...။ ပြီးရင် သူ့ ကိုယ်ခန္ဓာလေးကို ကိုယ့်ရင်ထဲ ထွေးပွေ့ ထားမယ်...။ “မသေခင်လေး ခဏလောက် တို့ အတူတူ အေးခဲနေကြရအောင် ညီမလေးရယ်...”-လို့ သူ့ကို ကိုယ် ပြောမယ်...။ “အကို ဟာလေ... ကဗျာဆရာလို့ မပြောရဘူး... သိပ် စိတ်ကူးယဉ် တတ်တာပဲ...” - လို့ သူက ပြန်ပြော လာရင်လည်း ကိုယ် ပျော်ပျော် ပါးပါးကြီး ရယ်မော ပစ်လိုက် နိုင်ဦးမယ်လေ...။ ပြီးတော့ သူ့ပါးကို ကိုယ် နမ်းမယ်...။ သူ့ဆံစ ဖြူဖြူလေးတွေကို ကိုယ်နမ်းမယ်...။ သူ့ နှုတ်ခမ်း ပါးပါးလေးတွေ ကိုလည်း ကိုယ် နမ်းရဦးမှာပေါ့... မသေခင်လေး နမ်းရမှာကိုး...။ သူ့လည်တိုင်ကို ကိုယ် နမ်းမယ်...။ သူ့ ပခုံးလေးတွေကိုလည်း ကိုယ် နမ်းမယ်..။ အို... တကယ်တော့ သူ့တကိုယ်လုံးကို ကိုယ် နမ်းချင်နေတာပါ...။
၂။ဘာတွေခံစားနေရမလဲ..
ဘာတွေကိုမှ အထူးအထွေ ခံစားနေရမယ် မထင်ဘူး...။
ဘာလို့လဲ-ဆိုတော့ အခုအချိန်မှာ ကိုယ်ကိုယ်တိုင်က သေချင်စိတ် ပေါက်နေတဲ့သူ-ဆိုတော့ ဘာမှ ခံစားနေရမယ် မထင်ဘူး...။ ပြဇာတ်တွေမှာလို - စောစောသေတော့ စောစော အိပ်ရတာပေါ့-ဆိုတဲ့ စကားလို ကိုယ်ကလည်း ကိုယ့် ဒုက္ခတွေကနေ ထွက်ပြေးချင်နေတာ ကြာပြီလေ။ ထွက်ပြေးလို့ မရနိုင်တော့ အကောင်းဆုံး ထွက်ပြေးမှုက သေခြင်းတရားပဲ မဟုတ်လား...။ သေမင်းရေ- ကိုယ့်ဆီ မြန်မြန် လာပါတော့-လို့ တောင် တခါတခါ စိတ်ထဲက အော်မြည် တမ်းတနေမိတာ... ။ ခက်နေတာက ကိုယ့်မှာ ယူစရာ တာဝန်တွေက ရှိနေသေးလို့သာ မသေဖြစ်သေးတာ... ။
၃။ ဘာတွေပြင်ဆင်ထားမလဲ
ကိုယ်ကတော့ ဘာသာမဲ့ တယောက်ဆိုတော့
ဘာတွေကို ပြင်ဆင်ထားရမလဲ... မသိပါဘူးလေ...။
ပြင်ဆင်ချင်စိတ်လဲ မရှိပါဘူး... ။ အချိန်တန်ရင်တော့ တနေရာရာကို ကိုယ် ရောက်သွားမှာပါ...။ ဒါမှမဟုတ် ဘယ်နေရာကိုမှ မရောက်ပဲ လေထဲမှာ တွဲလောင်း ကြီးလည်း ဖြစ်နိုင်နေသေးတယ်... (ရွဲ့ပြောတာ မဟုတ်ပါဘူး... တကယ်ကို စိတ်ထဲမှာ အဲလို ထင်နေမိလို့ပါ... ဥပမာ - မကျွတ်မလွတ်နိုင်တဲ့ သရဲတွေလို ပေါ့လေ... ကိုယ်ကတော့ ဘယ်တုန်းကမှ သရဲ တကောင် မဖြစ်ချင်ပါဘူး... ဖြစ်ချင်း ဖြစ်ရင် အတောင်ပံ တစုံနဲ့ ၀တ်စုံဖြူ ခြုံထားတဲ့ နတ်သား တပါးပါးပဲ ဖြစ်ချင်တယ်... လူကောင်းတွေကို ကူညီ စောင့်ရှောက်ပေးနိုင်တဲ့ နတ်သား ပေါ့လေ... တချိန်ထဲမှာပဲ လူဆိုးတွေကို နှိမ်နင်းနိုင်တဲ့ နတ်သား တပါးလည်း ဖြစ်ချင်နေသေးတယ်...) ကိုယ် သေဆုံးသွားပြီးတဲ့ အခါ နိဗ္ဗာန်ကို ရောက်မလား... (ကိုယ့်လောက် အကုသိုလ် များတဲ့သူ တယောက် အတွက်တော့ ရောက်ဖို့ လမ်း မမြင်ပါဘူး... )။ ကောင်းကင်ဘုံကို ရောက်မလား...။ အပါယ်ငရဲကို ရောက်မလား...။ အို... ရောက်ချင်ရာသာ ရောက်ပါစေတော့...။ ခုဘ၀က လွတ်ရင်ပဲ တော်ပါပြီ...။ သည်အချိန်မှာ ကိုယ် ဘာမှကို ပြင်ဆင်နေမှာ မဟုတ်တာ သေချာပါတယ်...။
၎။ ၀မ်းနည်းမိမှာက
မသေခင်မှာ အမေ့မျက်နှာကို မမြင်လိုက်ရတာ...။
ပြီးတော့ ကိုယ် မရည်ရွယ်ပါပဲနဲ့ ကိုယ့်ကြောင့် ဒုက္ခ သုက္ခ တစုံတရာ ရသွားသူတွေ အတွက်ပါ...။ ဒါ့အပြင် ကိုယ့်ကို ချစ်ခင် နှစ်သက်မိလို့ ကိုယ်နဲ့အတူ ပါလာတဲ့ ဒုက္ခ သုက္ခတွေ သူတို့ကိုယ်မှာ မြက်သီးတွေ ကပ်ပါသွား သလို ကပ်ငြိသွားရသူတွေ အတွက်ပါ... ။
၅။ကြောက်လန့်မိတာက..
ခုချိန်မှာတော့ ဘာတခုကိုမှ ကိုယ် မကြောက်လန့်တော့ဘူး...။
လူတွေ ကြောက်လှပါတယ်ဆိုတဲ့ သေခြင်းတရားကိုတောင် - တချိန် တခါက ကိုယ် ကြောက်လန့်ခဲ့ဖူး သေးတယ်...။ ခုတော့လည်း သေခြင်းတရားကိုတောင် ကိုယ်ကိုယ်တိုင်က တောင်းဆိုနေမိမှတော့ ဘာကိုမှ မကြောက်လန့်တော့ဘူး ထင်တာပဲလေ...။ သို့သော်လည်း တယောက်ထဲ သေရမှာကိုတော့ လန့်မိသလိုပဲ... ။ ဖြစ်နိုင်ရင် ကိုယ့်ချစ်သူနဲ့ လက်ချင်းတွဲပြီး သေပွဲဝင်ချင်တယ်... ။ အင်း... သေချာ စဉ်းစားမိတော့လည်း ကိုယ့်ချစ်သူ သေမှာကိုတော့ ကြောက်မိသလိုလိုပဲ... ။
၆။ဆောင်ထားချင်တာ..
နှစ်ချို့ ၀ိုင်ဖြူ တလုံးပါ...။
စိတ်ကူးယဉ်တယ်ပဲ ပြောပြော... မသေခင်လေးမှာ ချောက်ကမ်းပါးနံဘေး တခုအနားမှာ မီးပုံတခုကို ဖိုမယ်...။ ပြီး ၀ိုင်အဖြူ တလုံးကို ဖွင့်ပြီး ကိုယ့်ချစ်သူနဲ့ ဖန်ခွက် တခုထဲ အတူတူ သောက်မယ်...။ ဂစ်တာ တလုံးနဲ့ သီချင်းတွေ အတူ ဆိုကြမယ်...။ ၀ိုင်တလုံးထဲ ဆိုတော့ သူရော ကိုယ်ရော မူးကြမှာ မဟုတ်ဘူး...။ ရီဝေေ၀လေးနဲ့ပဲ တယောက် စကားကို တယောက် နားနဲ့ နားမထောင်ပဲ ရင်ဘတ်နဲ့ နားထောင်ကြမယ်...။ သူ့ ပေါင်ပေါ်မှာ ကိုယ် ခဏလောက် လှဲ အိပ်ရင်းနဲ့ သူ့မျက်နှာလေးကို မော့ကြည့်မယ်...။ သူက ကိုယ့်ကို အပေါ်စီးက ငုံ့ကြည့်ရင်း ကိုယ့်ပါးကို နမ်းရင်လည်း နမ်းမှာပေါ့လေ...။ အဲသည် အချိန်အခိုက် အတန့်အတွက် ကိုယ်ဆောင်ထားချင်တာက ၀ိုင်ဖြူ တလုံးပါပဲ...။
၇။ဘာတွေရေးမိမလဲ..
ကဗျာတွေပဲ ရေးမိမှာပါ... ။
ကိုယ်က ကဗျာရေးဖို့ မွေးလာတဲ့ကောင် ဆိုတော့ ကဗျာတွေပဲ ရေးမှာပေါ့... ။ ဘယ်လို ကဗျာတွေလဲ-ဆိုရင်... ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့နဲ့ ထိုက်တန်တဲ့ ကဗျာတွေပဲ ဖြစ်မပေါ့... ။
ဂ။တွေးမိတွေးရာ အတွေး
အို... တွေးမိနေမှာကတော့ အများကြီးပါပဲ... ။
နောက်ဘ၀ဆိုတာ ရှိခဲ့ရင် - “ငါ လူပြန်ဖြစ်မှာလား...”
“လူ ပြန်ဖြစ်ရင်ရော သည်ဘ၀လို ဒုက္ခတွေ ထပ်ခံရဦးမလား...”
“နောက်ဘ၀မှာရော ငါ တကယ်ချစ်တဲ့သူနဲ့ ဖူးစာ ဆုံရမလား...”
စသည်ဖြင့်ပေါလေ... ရေးပြရရင် ဆုံးတော့မယ် မထင်ဘူး...။
၉။ဂုဏ်ယူချင်တာက
အောင်သာငယ်ဆိုတာ “ကဗျာဆရာ”တယောက်ဖြစ်တယ်။
ဒါ့အပြင် “ဘလော်ဂါ” တယောက် ဖြစ်တယ်။ “ဒုက္ခသည်” တယောက် ဖြစ်တယ်။ “ချစ်သူကို ရိုးသားစွာ ချစ်တတ်သူ” တယောက် ဖြစ်တယ်။ ညီအကို မောင်နှမတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကြုံလျင် ကြုံသလို “ဒုက္ခပေးတတ်သူ”တယောက် ဖြစ်တယ်။
ဇနီးမယား တယောက်အတွက် လင်သားကောင်း မဖြစ်ခဲ့။ သား ၃ ယောက်အတွက် ဖခင်ကောင်း တယောက် မဖြစ်ခဲ့။ မိဘများအတွက် သားကောင်း တယောက် မဖြစ်ခဲ့။ အမိမြန်မာပြည်အတွက် နိုင်ငံသားကောင်း တယောက် မဖြစ်ခဲ့။ ကမ္ဘာမြေကြီးအတွက် လူသားကောင်း တယောက် မဖြစ်ခဲ့။
၁၀။ရှာကြံဖြေသိမ့်မိတာက
ကဗျာတွေ ရိုးရိုးသားသား ရေးခဲ့မိတယ်။
ဘ၀မှာ အရိုးသားဆုံး နေထိုင်ခဲ့တယ်။ လူတွေအပေါ် ရိုးသားခဲ့တယ်။ ကိုယ့်ကိုယ်ကိုသာ လိမ်လည် လှည့်ဖျားနေမိခဲ့တယ်။
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
“ဟောသည် ကဗျာဆရာဟာလေ...
သူ့ကိုယ်ကို လိမ်လည် လှည့်ဖျားပြီး
အားလုံး အပေါ် ရိုးသားခဲ့တာပေါ့...
သူ့နေ့တွေဟာလည်း
သူ့ရိုးသားမှုလိုပါပဲ
ရိုးသားစွာ ရောက်လာလိမ့်မယ်လို့
သူ့ကိုယ်ကို သူ ရိုးရိုးသားသား
လှည့်ဖျားနေတုန်းပဲကွယ့်... ... ... ”
(အောင်သာငယ်)
ဆက်ပြီး တာဝန်အရ Tag ချင်တာကတော့
အကိုကြီး ရွှေရတု
ညီငယ် မောင်ဖုန်းမြင့်
သမီးကြီး ဖြူစင်ကြယ်
တူမကြီး မဆုမွန်
တူမကြီး နန်းညီ
ညီငယ် ငြိမ်းချမ်းအောင်
ညီငယ် ကောင်းကင်ကို
ညီငယ် ကိုအောင် (ရေးပြီး)
ညီငယ် ရန်ကုန်သား
ညီငယ် ရေတမာ (ရေးပြီး)
ညီငယ် စမ်းချောင်းကလေး
ညီငယ် ကိုဧရာ
ညီငယ် တောင်ပေါ်သား
ညီငယ် သီဟသစ်
ညီငယ် မောင်မိုး (ရေးပြီး)
ညီငယ် ကိုပီတိ
ညီမငယ် မအယ်(ဂျူနို) (ရေးပြီး)
ညီမငယ် မမေ(စိတ်ဖြေရာ)လ (ရေးပြီး)
ညီမငယ် မယ်ကိ
ညီမငယ် မငယ်နိုင်
ညီမငယ် မကြေးမုံ
ညီမငယ် နှင်းနဲ့မာယာ (ရေးပြီး)
ညီမငယ် မသီတာ (ရေးပြီး)
ညီမငယ် သက်ဝေ (ရေးပြီး)
ညီမငယ် မမွန် (သုနှင်းဆီ)
ညီမငယ် နေနေနိုင်
ညီမငယ် မတူး (တူးတူးသာ) (ရေးပြီး)
ညီမငယ် နှင်းဟေမာ
ညီမငယ် မသိင်္ဂီ (ရေးပြီး)
ညီမငယ် ခရေညို (ရေးပြီး)
အိန္ဒြာလိုပဲ အားနာပါးနာနဲ့ အယောက် (၃၀) ကို Tag လိုက်ပါတယ်... အားလျင် ရေးပေးကြပါဦး...

Oct 25, 2009
မိသားစု
ကျနော်ံရဲ့ အချစ်ဆုံး ညီလေးတယောက်ဖြစ်တဲ့ မောင်ဖုန်းမြင့်က ကျနော့် သားငယ်လေး ကိုယ်စား ရေးစပ် ပေးထားတဲ့ ကဗျာပါ။ (ညီလေးရေ့ အကို့ကို မျက်ရည် ထပ်ကျ ရအောင် လုပ်တဲ့အတွက် ကျေးဇူးပါ...)
မိသားစု
တယောက် လင်းဖို့
တပွင့် မှိန်ပေးရတဲ့
အော်တိုမက်တစ် မီးတန်းလေးတွေပါ
ကျနော်ဟာ ဗို့အား အပြည့်အဝ မရသေးတဲ့ မီးသီးလေး ဆိုတော့
တချက်တချက် ကျနော် မှိန်ကျသွားရင်
ပြန်လင်းနိုင်ဘို့ အတော်အားယူရတယ် အဖေ
ဝါယာကြိုးတချောင်း ထဲနဲ့ ချိတ်ဆက်ခံခဲ့ရပြီးမှတော့
ဓါတ်တိုင်လို တယောက်တနေရာ သီးခြားလင်းမပြချင်ပါဘူး
ဧည့်ခန်းဆောင်တွေက မီးပန်းဆိုင်ကြီးတွေလို
အဖေ့ လက်မောင်းကို ကျနော်တို့ခိုစီး
အမေ့ လည်ပင်းကို ကျနော်တို့ ယီးလေးခို
ပြိုင်တူ လင်းပြလိုက်ချင်တယ်
အခုဆို ကျနော်တို့ဟာ
တမြို့ထဲမှာနေပြီး ဂျပ်ပင်လွဲ နေရတဲ့ မီးတန်းလေးတွေပေါ့
ကျနော့် ဘတ်သီးလေးဟာ ဖျု့စ် ခဏ ခဏပြတ်တယ်
ကျနော့် ညတွေဟာ လင်းလင်းချင်းချင်း မရှိဘူး
ကျနော့် ဝါယာရင်းတွေက မီးခိုးတွေ အူတယ်
ကျနော့် ဒါဏ်ခံကြိုးလေးဟာ တဲတဲမျှင်မျှင်လေး
ကျနော့် ဂျင်နရေတာ ဟာ ပုံမှန် မလည်ပတ်ဘူး
ကျနော့် နှလုံးသားလေး မှာ မီးပွားတွေ တဖွားဖွားခတ်တယ်
အခု တလော နေလို့ ထိုင်လို့  သိပ်မကောင်းဘူး အဖေ
ဟော .. ပြောရင်းဆိုရင်း ကျနော့်မှာ မီးပြတ်သွားပြန်ပြီ
ဖြစ်လေရာသံသရာ အဆက်ဆက်
အခုလိုမျိုး မီးမပြတ်ပါရစေနဲ့တော့ ဘုရား ..
(မောင်ဖုန်းမြင့်)

Oct 21, 2009
မိုင်ပေါင်းတထောင်၊ ရွှေ့ပြောင်းတောင်ယာ၊ နာကျင်နေသောနှလုံးသား
တကယ်တော့ ဥပမာတခုခုကို ပေးပြီး ဘိုလို ပြောရလျင် သူက home-bound buddy ဖြစ်မည်။ အိမ်ကို ခင်ပြီး အိမ်ကလွဲလျင် ဘယ်နေရာမှာမှ နေချင်သူ မဟုတ်။ ငယ်ငယ်ကတည်းကလည်း ဘယ်မှ မသွားတတ် အိမ် မလည်တတ်။ အိမ်မှာပဲနေပြီး ကိုယ့်ဘာသာကိုယ် အိမ်ထဲမှာဆော့၊ အိမ်ထဲမှာ စာဖတ်နေတတ်သော ကလေး တဦး။ နည်းနည်း ကြီးလာတော့လည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်းမှ လွဲ၍ ဘာမျှ မသိ။ ကျောင်းက ပြန်လာလျှင် အိမ်မှာပဲနေသည်။ ဘယ်မှ မသွား။ သည်လို အိမ်ကပ်သော ကလေးတယောက်သာ။
သည်လိုနဲ့ သူ ဆယ်တန်း အရောက်မှာ အဖေက သူ့ကို သံဈေးသို့ ပစ္စည်းတခုခု သွားဝယ်ဖို့ လွှတ်လိုက်သည်။ ဘာကားစီး၊ ဘယ်မှတ်တိုင်မှာဆင်း၊ ပြီး ဘယ်သူ့ဆိုင်ဆိုတာမေး၊ ပြီးရင် ဘာကို ၀ယ်ခဲ့။ သည်လို အတိအကျ ညွှန်ကြားချက်နဲ့ သူ့ကို ပစ္စည်း ၀ယ်ဖို့ လွှတ်လိုက်သည်။ သူ့ အဖို့တော့ ကမ္ဘာမြေကိုခွာပြီး အာကာသထဲ အပြီး သွားရသလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ အိမ်ကထွက်ခဲ့သည်။ အဖေပြောသောကားကို စောင့်စီးပြီး အဖေမှာသော မှတ်တိုင်မှာ ဆင်းခဲ့သည်။ ဒါပေသည့် သံဈေးကို သူမတွေ့ပါ။ သူကိုယ်တိုင်ကလည်း သံဈေး ဘယ်မှာလဲလို့ တစုံတဦးကို မေးလိုက်ဖို့ အိုင်ဒီယာ မရှိပါ။ ကိုယ့်အားကိုယ်ကိုး တတ်သူ တယောက် ဖြစ်လေတော့ ကိုယ့်ဘာသာပဲ ရှာနေမိသည်။ သည်လိုနဲ့ သံဈေးကို ရှာမတွေ့ပဲ အချိန်တွေ ကုန်ပြီး သူ အိမ်ပြန် လာခဲ့လေသည်။ အိမ်ရောက်တော့ အဖေ့ အဆဲမျိုးစုံကို မိုးမွှန်အောင် သူ ခေါင်းငုံ့ ခံရလေသည်။ ဆယ်တန်း ရောက်နေပြီ၊ ရန်ကုန်မှာနေပြီး သံဈေးဘယ်မှာ ရှိတယ် မင်းမသိဘူး။ အံ့ရော။ မင်းမှာ ပါးစပ် မပါဘူးလား။ ဘယ်သူ့ကိုမှ မမေးဘူးလား-ဆိုသော အဖေ့အမေးကိုလည်း သူ ပြန်မဖြေနိုင်ခဲ့ပါ။ တကယ်တော့ သူက ပြင်ပလောကကြီးနဲ့မှ မထိစပ်ခဲ့တာ။
သို့သော်လည်း အိမ်သိပ်ခင်သော သူသည် လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကာလတခုမှာ အိမ်ကို စွန့်ခွာပြီး အိမ်နှင့်ဝေးရာ ဒေသ တခုဆီသို့ ထွက်ခွာဖို့ ဆုံး ဖြတ်ခဲ့ပါသည်။ သည်ဆုံးဖြတ်ချက်ကိုလည်း အဲသည်အချိန်က လူငယ်များနည်းတူ သူ ချခဲ့ခြင်းသာ ဖြစ်ပါသည်။ အိမ်နှင့် ဝေးရာသို့ သွားရမည့် ခရီးတခုအတွက် သူ့မှာ ယုံကြည်ချက် တခုလည်း ရှိနေခဲ့လေသည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ သူသည် သူ ခင်တွယ်သော အိမ်နှင့် မိုင်ပေါင်းရာချီ ဝေးကွာသော ဒေါနတောင်ကြော တခု အပေါ် ရောက်နေခဲ့လေပြီ။
တညသား မီးပုံတခုမှာ အားလုံး ၀ိုင်းထိုင်ရင်း တယောက်ယောက်က တနေရာရာက ငှားလာသော ဂစ်တာ တလက် သူ့လက်ထဲ ရောက်လာသည့် အခါ သူ ပထမဆုံး တီးခဲ့မိသည့် သီချင်းက ခိုင်ထူးရဲ့ အိမ်အလွမ်း။
အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျစတညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
သူ စပြီးဆိုလိုက်သည့် တပိုဒ်အပြီးမှာတော့ အားလုံးက အတူတကွ လိုက်ဆိုကြလေသည်။
စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
မီးပုံအနား ရှိသမျှ လူအားလုံး ဆိုလိုက်သည့် အသံက စုစည်း ညီညာနေသည်။
အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...
သြော်... နှလုံးသားတွေ... တူနေကြတာကိုး... အရေပြားတွေလည်း တူကြမယ်။ အသက်ရှူသံတွေလည်း တူကြ တာပါပဲ။ တယောက်မျက်နှာကို တယောက် ကြည့်မိတော့လည်း ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်ရသလို ဖြစ်နေတာပါပဲ။
သီချင်းရဲ့ နောက်ဆုံး တပိုဒ်ကို သူဆိုလိုက်သည်။
မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...
အမေ ဆိုတဲ့ စကားလုံး ပါလာတဲ့ နောက်မှာ ငိုသံတချို့ကို သူကြားလိုက်ရပါသည်။ သည့်နောက် မှာတော့ သူ ကိုယ်တိုင်လည်း ငိုနေမိသည်ကို ဂစ်တာပေါ် တပေါက်ပေါက် ကျလာနေသော မျက်ရည်စက်များက အသိပေးနေ ပါသည်။ ထိုညအပြီး နောက်ညများမှာတော့ အိမ်အလွမ်း သီချင်းကို သူ ဘယ်အခါမှ ထပ် မတီး တော့ပါ။ သူကိုယ်တိုင် မငိုချင်သလို အခြား မည်သူ့ကိုမျှလည်း မငိုစေချင်ပါ။
ကျိမ်းသေသည်ကတော့ မည်သူမဆို အိမ်နှင့် ဝေးလေသမျှ မိုင်တွေ ပိုများလေ ပိုလွမ်းလေ ဖြစ်မည်ထင်သည်။
ယခုအချိန်မှာတော့ သူသည် သူကိုယ်တိုင် တည်ဆောက်ခဲ့သော အိမ်တလုံးနှင့် မိုင်ပေါင်းတထောင် ဝေးနေခဲ့လေပြီ။ ထို အိမ်လေးမှာ သူ ချစ်သော နှင်း၊ သူ့ ငှက်ကလေး ၃ ကောင်နှင့် သူ ပျော်ရွှင်ခဲ့ဖူးသည်။ ခုတော့ မုန်တိုင်းတိုက်ခံရသော ငှက်သိုက်တခုလို မိသားစု ဘ၀က ပြိုပျက်ခဲ့လေပြီ။ ငှက်ကလေးတကောင်က သူနှင့်အတူ၊ ကျန်ငှက်ကလေး ၂ ကောင်က မိုင်တထောင်ခရီး အဝေးမှာ။
------------------------------------------------------------------------------------
တောင်ယာ ဆိုသော စကားလုံးကို ငယ်ကတည်းက သူကြားဖူးသည်။ တောင်ပေါ်မှာ စိုက်ပျိုးခြင်းလို့ပဲ နားလည်နေခဲ့မိသည်။ တောင်ယာ၏ သဘောသဘာဝကို သေချာ နားမလည်ခဲ့။
အချိန်ကာလ တခုမှာတော့ ထို တောင်ယာများ ရှိသောအရပ်မှာ သူ့ဘ၀ကို ချိတ်ဆွဲခဲ့ရတော့သည်။ သည်အခါ တောင်ယာ ဆိုသော အဓိပ္ပါယ်တင်မက တောင်ယာထဲမှာ သူပါ ပျော်ဝင်သွားခဲ့တော့သည်။ တောင်ယာသည် သူ့အတွက် အိပ်မက်တခုကို မက်ခွင့်ပေးသော နေရာ၊ တောင်ယာသည် သူ့နားခိုရာ၊ တောင်ယာသည် သူတို့၏ သင်္ကေတပင် ဖြစ်တော့သည်။
နေ့နေ့ ညည တောင်ယာတွေကြားထဲ ရှင်သန်လာရသောအခါ တောင်ယာတွေကို နားလည်လာသည်။ တောင်ယာရှင်တို့၏ ဘ၀များကို စာနာနားလည်လာသည်။ သူတို့ကိုယ်တိုင်ပင် တောင်ယာရှင်တွေ ဖြစ်လာသည်။ သူတို့ကိုယ်တိုင်ပင် တောင်ယာများ ဖြစ်လာခဲ့ကြရသည်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း အမြဲတမ်း ရွှေ့ပြောင်းနေကြရသည် မဟုတ်လား။
တောင်ယာအားလုံးသည် ရွှေ့ပြောင်းနေကြရလေသည်။ တချိန်လုံး စိုက်ပျိုးလာသော တောင်ယာ တခုသည် အချိန် ကာလ တခု အရောက်မတော့ ကုန်ခမ်းသွားသော မြေဆီ မြေသြဇာ အသစ်များအတွက် အခြားနေရာသစ် တခုကို ရွှေ့ပြောင်းရလေသည်။ ထိုနေရာသစ်မှာလည်း စိုက်ရင်း ပျိုးရင်းနဲ့ မြေဆီသြဇာ ခမ်းခြောက်လာသည့်အခါ နောက်ထပ် နေရာသစ် တခုဆီသို့ ရွှေ့ပြောင်းရပေမည်။ သည်လိုနဲ့ တောင်ယာ ဆိုသည်မှာ မတည်ငြိမ်သော သဘောကို ဆောင်နေလေသည်။ အခြေတကျ မရှိသော သဘောကို ဆောင်လေသည်။ အခြေမကျနိုင်သော သဘောကို ဆောင်နေလေတော့သည်။
သူ့ဘ၀ကိုယ်တိုင်ကလည်း တောင်ယာတခုပင် ဖြစ်သည်-ဟု သူခံစားနေရလေသည်။ အချိန်တိုင်း ရွှေ့ပြောင်းနေရသည်ချည့်။ အိမ်အလွန်ခင်သော၊ မည်သည့်နေရာကိုမျှ မရွေ့ချင်သော သူသည် တကယ်တော့ အခြေမကျနိုင်သော တောင်ယာတခုသာ ဖြစ်ပါသည်။
သေနတ်တလက်ကို လွယ်ပိုးကာ သူ ရွှေ့ပြောင်းနေခဲ့ရသော နေရာ ဒေသများက မမှတ်မိနိုင်လောက်အောင် များပြားလွန်းလှသည်။ ရွှေ့ပြောင်းနေသော တေင်ယာများနှင့်အတူ ရွေ့လျားနေခဲ့ရသော အချိန်ကာလများကိုလည်း သူ မမှတ်မိနိုင်တော့ပါ။
သည့်နောက်မှာတော့ သူကိုင်ဆောင်ထားသည့် သေနတ်ကို ပစ်ချခဲ့ပြီးသည့်အခါ နေရာသစ်တခုကို သူ ထွက်ခွာခဲ့လေသည်။ သည်အချိန်မှစ၍ သူ ပြောင်းခဲ့ရသော အိမ်ပေါင်း မရေမတွက်နိုင်တော့။ မဲဆောက်မှာ၊ ဘန်ကောက်မှာ၊ ချင်းမိုင်မှာ။ တရားမ၀င် နေနေသူ တယောက်အဖို့ လုံခြုံရေးက အရေးကြီးသည့်အခါ တနေရာထဲမှာ ကြာကြာနေ၍ မဖြစ်ပါ။ အချိန်ကာလတခုအထိ (ဆိုလိုသည်မှာ လအတန်ကြာ) နေပြီးသည့်အခါ ထိုနေရာကို စွန့်ခွာကာ နောက်ထပ် လုံခြုံ စိတ်ချရမည့် နေရာတခုကို ရှာဖွေ ပြောင်းရွှေ့ခဲ့ရလေသည်။ သည်လိုနဲ့ ထိုင်းနိုင်ငံမှာ နေခဲ့သမျှသော အချိန်ကာလ အားလုံးသည် စိတ်မလုံခြုံမှုနှင့် ရွှေ့ပြောင်းခြင်း ၂ ရပ်ကို ပေါင်းစပ်ထားသော ရုပ်ဆိုး အကျည်းတန်သည့် နာရီလက်တန်များသာ ဖြစ်ပါသည်။
သည်လိုနဲ့ သူ့မှာ မိသားစုလေး တခု ရှိလာသည်။ သည်အခါ သည့်ထက် ပိုမို လုံခြုံ စိတ်ချရသောနေရာကို သူ စဉ်းစား ရှာဖွေရလေသည်။ နောက်ဆုံးမတော့ အမေရိကပြည်ထောင်စုသို့ အခြေချဖို့ သူ ဆုံး ဖြတ်ခဲ့ရလေတော့သည်။ Y2K မှာတော့ သူသည် သူ့မိခင်ရှိရာ အမေ့အိမ်မှ မိုင်ပေါင်းထောင်ချီဝေးကွာသော အရပ်မှာ တောင်ယာတခု ဖြစ်နေခဲ့လေပြီ။
New York State မှ Buffalo ဆိုသော မြို့ကြီးမှာ သူ့ဘ၀ရဲ့ ပထမဆုံးညကို ဖြတ်သန်းခဲ့ရသည်။ ပေါင်ဝက်လောက်ထိ ရှိသော နှင်းတွေကြားထဲမှာ ဖျားနာနေသော သားကြီးကို ဆေးရုံ သွားပို့ရသည့် သူ၏ အမေရိကရောက် ပထမဆုံးည။ ဒုက္ခသည်အဖြစ် ရောက်လာပြီး ရောက်ရောက်ချင်းညမှာပင် ဒုက္ခပေါင်းစုံနှင့် ကြုံရသည်ကပင် သူ့အတွက် unlucky sign လေလား။ သူ မတွေးအားပါ။
သည်လိုနဲ့ နှင်းတောထဲမှာ ၉ လကြာအောင်နေခဲ့ပြီးနောက် ကိုယ့်တိုင်းပြည်နဲ့ ရာသီဥတု တူသော ဖလော်ရီဒါပြည်နယ်ကို ရွှေ့ပြောင်းဖို့ သူ ဆုံး ဖြတ်ခဲ့ရလေသည်။ ထိုပြည်နယ်သို့ ရောက်ပြီးနောက် သူ့မိသားစုဘ၀လေး အနည်းငယ်တော့ တည်ငြိမ်မှု ရှိခဲ့ပါသည်။ သို့သော်လည်း ရောက်သည့် မြို့ကလေး ဖြစ်သည့် Boca Raton မှာ အိမ်ကို အကြိမ်ပေါင်းများစွာ ပြောင်းခဲ့ရပါသေးသည်။ နောက်ဆုံး အိမ်ပြောင်းရခြင်း ဒုက္ခကို မခံနိုင်သည့် အဆုံး ဘယ်တော့မှ အိမ် မပြောင်းရအောင် ကိုယ်ပိုင် အိမ်တလုံး သူဝယ်ခဲ့ပါသည်။ ၀ယ်ပြီးသည့်အခါ သူ ကျေနပ် ပျော်ရွှင်နေမိသည်။ ငါဘယ်တော့မှ အိမ်ပြောင်းစရာ မလိုတော့ဘူး-ဟု သူ တွေးထင်ခဲ့မိသည့် အတွေးများကို တနေ့သားမှာ တစုံတရာက ချိုးဖျက်လိုက်ပါသည်။
သူ မမျှော်လင့်သည်များက သူ့ဘ၀မှာ အမြဲ ဖြစ်နေလေ့ရှိသည့်အတိုင်း သူကိုယ်တိုင်ဝယ်ထားသည့်အိမ်ကို စွန့်ခွာဖို့ အကြောင်းက ဖြစ်လာလေသည်။ သည်လိုနှင့် အပြောင်းအရွှေ့ကို မလိုလားသဖြင့် ၀ယ်ယူထားခဲ့သော ကိုယ်ပိုင် အိမ်ကလေးကို စွန့်ကာ ကယ်လီဖိုးနီးယား ပြည်နယ်သို့ သူ ထွက်ခွာခဲ့ရပါလေသည်။ ၂၀၀၈ စက်တင်ဘာမှာ သူ ရောက်ရှိလာခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်ကလည်း ၂၀၀၉ မှာ အမေရိကပြည်ထောင်စုတခုလုံးမှာ အလုပ်လက်မဲ့ အများဆုံး ပြည်နယ် ဖြစ်နေခဲ့လေပြီ။ သူသည်လည်း ဘာကောင်မို့လို့လဲ- အများနည်းတူ သူသည်လည်း လုပ်လက်မဲ့ ဖြစ်သည်ပေါ့လေ။
သည်လိုနဲ့ ကယ်လီဖိုးနီးယားမှာ ရရာ ပတ်တိုင်းမ် အလုပ်များ လုပ်ရင်း အခြားပြည်နယ်တွေမှာ ရနိုင်သော အချိန်ပြည့် အလုပ်များကို သူရှာရပါလေသည်။ ရှာရင်းနဲ့ အော်ရီဂွန်ပြည်နယ်မှာ သူ အလုပ်ရပါသည်။ အလုပ်က သူ့အိမ်နဲ့ မိုင် တထောင်ကျော် ဝေးသည်။ ရွှေ့မှပဲ ရမည်။ မရွှေ့မပြောင်းချင်သော သူသည် သည်လို့နဲ့ပင် ရွှေ့ပြောင်းရပြန်ပါတော့သည်။ မိုင်တထောင်ကျော် ခရီးကို ကားမောင်းပြီး သွားရမည်။ မိုင်တထောင်ကို မောင်းပြီးသည့်အခါ နာရီ ၂၀ နီးပါး မောင်းခဲ့သည့် ဒဏ်ကို သူ့ခါးက မခံနိုင်ပါ။ သူ အလုပ်လုပ်ရမည့် မြို့ကို ရောက်တော့ သူ ခါးနာနေပြီ။ သို့သော်လည်း မတတ်နိုင်ပါ။ သူနှင့်အတူ ပါလာသော သားကြီးကို ကျောင်းသွားအပ်၊ ပြီး သူ့အလုပ်ကို စဆင်းရပါလေသည်။
အစစ အရာရာ အားလုံး အဆင်ပြေပါသည်။ အဆင်မပြေသည်က တနေရာရာမှာ ကျောက်ချချင်သော သူ့အတွက်သာ ဖြစ်ပါသည်။ တချိန်လုံး ရွှေ့ပြောင်းနေရသော သူ့အတွက် သည်မြို့လေးကလည်း နောက်ဆုံး ကျောက်ချရာ ဖြစ်နိုင်ပါ့မည်လား။ သူမယုံရဲနိုင်သေးပါ။
ဘာလို့ဆို။ သူ့ဘ၀က ရွှေ့ပြောင်းတောင်ယာ ဖြစ်နေခဲ့သည်မှာ အနှစ် နှစ်ဆယ် ကျော်နေခဲ့ပြီ မဟုတ်လား။ နောက်ထပ် တောင်ယာတခုကို သူ ထပ်မရွှေ့ရဘူးလို့ မည်သူက အာမခံနိုင်လိမ့်မည်လဲ....
-------------------------------------------------------------------------------
အလုပ်ပြီးသည့်အခါ သူ့ ယူနီဖေါင်းကို ချွတ်ပြီး Locker ထဲ ထည့်လိုက်သည်။ အနွေးထည်ကို ၀တ်ရင်း သူ အလုပ်လုပ်ရာ စတိုးမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ခုတော့ ၃ နာရီ ၁၀ မိနစ်။ နောက် ၃ နာရီ ၂၅ မိနစ်မှ သားကြီး ကျောင်းကားက အိမ်ရှေ့မှာ ဆိုက်လာလိမ့်မည်။
ခုတော့ သူ့ကို ကြိုဆိုသူ မရှိသော မီးခိုးရောင် အိမ်ကြီးတလုံး အရှေ့မှာ သူ ခဏတာ ရပ်နေမိသည်။ သည်အိမ်ထဲသို့ သူ မ၀င်ချင်ပါ။ သူ့ပါးမှာ မျက်ရည်စက်တချို့ ကျလာလေသည်။ တကယ်တော့ သူ့မှာ အသက်ပဲ ရှိပါတော့သည်။ သူ့မှာ ဘ၀ မရှိတော့ပါ။ ဒါကြောင့်လည်း ဘိုတွေ တယောက်ကို တယောက် နာကျင်စေချင်သည့်အခါ ပြောလေ့ရှိသည့် Get a life ဆိုသည်ကို သူ ပိုခံစားနေမိသည်။
သူ့ဘ၀ကိုလည်း သူစဉ်းစားနေမိသည်။ သူငယ်ကတည်းက မိဘ ၂ပါးနဲ့ အတူမနေရ။ ခု ကိုယ့် မိသားစုလေးနဲ့ ကိုယ်နေတော့လည်း ကွဲကွာစရာတွေက ဖြစ်လာသည်။ သူကိုယ်တိုင် ဘာတခုမှ မဖန်တီးပါပဲနဲ့ ကွဲကွာစရာတွေ ဖြစ်လာတာကတော့ သူ ကိုယ်တိုင်လည်း နားမလည်နိုင်ပါ။ ဘ၀ဆိုတာ ကွဲကွာခြင်းလား။ သူမေးနေမိသည်။ ဘာကြောင့် ကွဲကွာကုန်ကြရတာလဲ။ ခုတော့ သူနဲ့ သားကြီးက တကွဲ၊ သားအလတ်၊ သားအငယ်နှင့် သူ့ရဲ့နှင်းက တကွဲ။
လူ ၂ ယောက် အတူနေသည့်အခါ တူညီသည့် အချက်တစုံတခုပေါ်မှာ အတူနေကြလေသည်။ အတူနေရင်း မတူညီသည့် အရာတွေများလာသည့်အခါ ကွဲဖို့ - သို့မဟုတ်- ခွဲဖို့ သာ ရှိတော့လေသည်။ သို့သော်လည်း ၂ ယောက် အတူနေရင်း ပွားစည်းလာသည့် နောက်ထပ် လူသားလေးများ ရှိလာသည့်အခါ အခြေအနေများက ပိုမို ရှုပ်ထွေးလာလေသည်။ ချစ်ခြင်းမေတ္တာ၊ တာဝန်ယူမှု၊ လူသားစိတ်- အစရှိသည်တို့က ခွဲရေး-တွဲရေးကို စိုးမိုးလေသည်။
ဘာပဲဖြစ်ဖြစ် သူကတော့ အကောင်းဆုံးဖြစ်သည် ထင်ရာကို ရွေးချယ်ခဲ့လေသည်။ သည်ရွေးချယ်မှုက အကောင်းဆုံး မဖြစ်လျင်လည်း အဆုံးသပ် အဖြေတခု အတွက် ရင်စည်းခံဖို့ သူ အဆင်သင့်ရှိပါသည်။ သို့သော်လည်း ဖြစ်ရပ်တိုင်းက အဆိုးချည့်သာ။ ကျော်ဟိန်း သီချင်းတပုဒ်လို ငြိမ်းချမ်းမှု ဝေးတဲ့ လူသား တယောက်တဲ့လား....
ခုလောလောဆယ်ဆယ်တော့ သူ့မှာ နာကျင်နေသောနှလုံးသား တခုသာ ရှိနေပါတော့သည်။
Subscribe to:
Posts (Atom)