Sep 8, 2009
ကြည်လင်နေသောကောင်းကင်ပေါ်မှ အပြာရောင်မိုးစက်
“အာ ဂျာ ဂျီး... ”
ကျနော့် အနားကို ရောက်လာတဲ့ သားငယ်လေးက
ကျနော့်ကို ကြည့်ပြီး ပြောလိုက်တဲ့စကားပါ...
“ဘာလဲ သား... ” လို့ ကျနော်မေးလိုက်တော့
ကျနော့်ရှေ့က
ကွန်ပြူတာ မော်နီတာကို လက်ညှိုးထိုးပြီး
“အား ဂျစ်... ဂျစ် ဂျီး...”
“ဘာလဲ သားရဲ့... ဘာပြောတာလဲ”
သူပြောတာကို ကျနော် နားမလည်ပါဘူး...
ဒါကြောင့် ပြန်မေးလိုက်တာပါ...
အဲလို ကျနော် မေးတာကိုလည်း သူ နားလည်သလား
ကျနော် မသိပါဘူး...
ဒါပေမယ့် ကျနော့်ကို ပြန်ပြုံးပြနေတဲ့ သားကလေး မျက်နှာကို ကြည့်ပြီး
ကျနော် ပြောတာကို သူနားလည်တယ်လို့ပဲ
ကျနော့်ဘာသာ ယူဆလိုက်ပါတယ်...
သူပြောချင်တာကတော့
“ဖေဖေ ဘာလုပ်နေတာလဲ” လို့ ထင်တာပဲလေ...
သားကလေးကို ပေါင်ပေါ် ဆွဲတင်လိုက်ပြီး
ကျနော် ဖတ်လက်စ
အွန်လိုင်း စာမျက်နှာတခုကို
ဆက်ဖတ်လိုက်ပါတယ်။
ဒါပေမယ့်
ပေါင်ပေါ်ရောက်နေတဲ့ သားကလေးက
တွန့်လိမ် လူးလွန့် လှုပ်ရှားနေတာနဲ့
စာကို ဆက် မဖတ်ဖြစ်တော့ပါဘူး။
ဒါနဲ့ပဲ ကျနော့်ပေါင်ပေါ်မှာနေပြီး
“ဂျဲ ဂျဲ... ဒီး ဒီး ..” လို့ ပြောနေတဲ့
သားကလေးကို ပြန်ကြည့်မိပါတယ်။
လူသား အသေးသေးလေး...
ဘာအပြစ်မှ မရှိသေး...
စကားတောင် ကောင်းကောင်း မပြောတတ်သေး...
လက်ကလေးတွေက ကိုက်ဆွဲချင်စရာကောင်းလောက်အောင်
ဖောင်းဖောင်း အိအိကလေးတွေနဲ့...
ပါးကလေးကလည်း ဖူးဖူး အိအိကလေး...
သူ့ အသားလေးတွေအားလုံးက
ပါးမှာ ကပ်ထားချင်စရာကောင်းလောက်အောင်
နူးနူးညံ့ညံ့လေး...
သူ့ ဆံပင်ကလေးတွေကလည်း
ကြေမွတွန့်လိမ်လို့...
ဘယ်လို ဖီးပေေးပး... ပြီးရင် ပြန်တွန့်လိမ်သွားတဲ့
သူ့ ဆံပင်နီညိုမှောင်လေးတွေကလည်း
ချစ်စရာ...
ကျနော့် ဆံပင်တွေနဲ့တောင် တူနေသလား
စဉ်းစားမိသေးတယ်...
သူ့ မျက်နှာလေးက
ကျနော်နဲ့ တူသယောင်ယောင်....
သေချာတော့ မသိပါဘူး...
တချို့ကတော့ပြောတယ်...
အမေနဲ့ တူတယ်ဆိုပဲ...
ကျနော်တော့
သူ့ကို ကျနော်နဲ့ တူစေချင်နေတယ်...
အိုလေ... ဘာပဲဖြစ်ဖြစ်
တယောက်ယောက်နဲ့တော့ တူမှာပဲ မဟုတ်လား...
ကျနော်ကတော့
သူ့ ပါးဖောင်းဖောင်းကလေးတွေကိုပဲ
ချစ်နေမိတော့တာပဲ...
ကျနော် ငယ်ငယ်တုန်းကလည်း
အဲလို ပါးဖောင်းဖောင်းလေးတွေ
ရှိခဲ့ဖူးတာ ဖြစ်မယ်...
အမေ့ကို တွေ့မှ ပြန်မေးရမယ်...
အဲ.... ပြန်မေးလို့ မရတော့ဘူး...
အမေက မနှစ်က ဆုံးသွားပြီလေ...
ဘယ်သူ့ကို မေးရပါ့....
အဒေါ်တွေကို မေးမှ ဖြစ်မယ်ထင်တယ်...
ကျနော် စဉ်းစားနေတုန်း
သားကလေးက ပြောတယ်
“၀ဲဂျစ်...” တဲ့...
သူဘာပြောတာလဲ...
ကျနော် မသိ... သူပဲ သိမယ်...
သူ ခံစားနေရတာ တစုံတခုကို
သူပြောနေတာပဲ ဖြစ်မယ်...
ဒါမယ့် သူလိမ်မပြောဘူးဆိုတာတော့
ကျနော် သိနေတယ်...
ဘာလို့ဆို
ကလေးတွေက လိမ်မပြောတတ်ကြဘူးလေ...
ကျနော်ကတော့
သူ့ မျက်လုံး ပြာပြာလေးတွေထဲကိုပဲ
စိုက်ကြည့်နေမိတယ်...
ကောင်းကင်ပေါ်က တိမ်တွေကို
ကြည့်ရသလိုမျိုး...
သူ့ မျက်လုံး ကလေးတွေက
ပြာလဲ့ ကြည်စင်လို့...
အပြစ်ကင်းစင်တယ်ဆိုတာ
အဲလို မျက်လုံးလေးတွေပဲ...
ကျနော် ငယ်ငယ်တုန်းကလည်း
အဲလို မျက်လုံး ပြာပြာလေးတွေ
ကျနော့်မှာ ရှိခဲ့ဖူးမှာပါ...
အဲဒါတော့ ကျနော် သေချာပါတယ်...
အဲ ကျနော့် မျက်လုံးပြာပြာလေးတွေကိုလည်း
အမေက သိပ်ချစ်ခဲ့ဖူးမှာပါ...
ခုတော့ အဲလို မျက်လုံးပြာပြာလေးတွေ
ကျနော့်ဆီမှာ မရှိတော့ဘူး...
သားကလေးဆီကပဲ
ခဏငှားရတော့မယ် ထင်ရဲ့...
“အား... ပါ ပါး... ပူ ကျိ...”
ဟော... သားကလေးက
စကားတွေ ထပ်ပြောနေပြန်ပြီ...
ကျနော့်အတွေးတွေကို
သူသိနေလေသလား...
“ဖေဖေ့ကို ကျနော့် မျက်လုံးတွေ မငှားနိုင်ဘူး...” လို့
သူပြောနေတာ ဖြစ်မယ်...
“အေးပါ... အေးပါ...ကွာ...
ငါ မငှားပါဘူး...
မင့်မျက်လုံးတွေကို
ငါ မငှားပါဘူး...
မပူပါနဲ့...”
အဲလို ကျနော် ပြောလိုက်ရင်း
သားကလေးကို ပေါင်ပေါ်ကနေ ချပေးလိုက်တယ်...
တောက်တက်တောက်တက်နဲ့
ယိုင်ထိုး လျှောက်သွားတဲ့ သားကလေးဟာ
ချစ်စရာ အရမ်းကောင်းတယ်...
တကမ္ဘာလုံးမှာ ကျနော်အချစ်ဆုံးဟာ
သူဖြစ်နေပါပေါ့...
အင်း... ပြန်စဉ်းစားကြည့်မိတော့...
ကျနော်လည်း
တချိန်တုံးက
အမေ့ အချစ်ဆုံး ဖြစ်ခဲ့လိမ့်မယ်...
အဖေ့ အချစ်ဆုံးဖြစ်ခဲ့ဖို့တော့ မသေချာဘူး...
ဘာလို့ဆိုတော့
ကျနော့်ကို အမေမွေးတော့
အဖေက တောနက် တခုထဲမှာလေ...
ထားပါတော့လေ...
ကျနော့်ဘာသာကျနော် တွေးနေမိတာပါ...
အဖေ့ကို ကျနော် တခါ မေးခဲ့ဖူးတယ်...
အဖေနဲ့ ကျနော်တို့ ပြန်တွေ့ကြတော့...
“ဖေဖေ သားတို့ကို ချစ်လား...”
“မင်းကိုယ်တိုင် သားကလေးတယောက်ရတော့
မင်းသိမပေါ့”တဲ့...
အဖေပြောခဲ့တဲ့ စကား...
ကျနော် ပြန်ကြားနေသေးတယ်...
ကျနော့်သားလေးတွေ ကျနော် ချစ်တယ်...
အဖေလည်း သူ့သားတွေကို ချစ်မှာပါ...
အခုတော့ အဲဒါကို
ကျနော် သိပ်ကို သေချာနေတယ်...
အဖေ ကျနော်တို့ကို ချစ်ခဲ့မှာပါ....
“ဂျေ..ဂျေ.. ဒဲ...”
ဟော... သားကလေးက အနားရောက်လာပြီး ပြောနေပြန်တယ်...
“ဖေဖေ... သိပ်မစဉ်းစားနဲ့...”လို့ သူပြောနေတာဖြစ်မယ်...
“အေးပါကွယ်...
ဘာမှ မစဉ်းစားတော့ပါဘူး... ”
ဆက်ပြီးစဉ်းစားရင်း
သားကလေးကို စကားပြောနေမိတယ်....
“ငါ့နေ့တွေ ဘယ်တော့ ပြာလာမလဲ... သားလေးရဲ့”
သားကလေးကတော့
ကျနော့်ကို မော့ကြည့်ရင်း
ချစ်စရာကောင်းအောင်
ပြုံးပြလို့... ပြောတယ်...
“နာနာ နီး...”တဲ့
သူ့အပြုံးထဲမှာ
ကျနော့် နေ့ရက်တွေ
ပြာလဲ့ကြည်စင်နေတာကို
မျက်ဝါးထင်ထင်
ကျနော် မြင်လိုက်တယ်...
ATN
Subscribe to:
Post Comments (Atom)
31 comments:
အစ်ကိုရေ
သားငယ်လေး နဲ့ ဖခင်တစ်ယောက်ရဲ့ 
ဘာသာပြန်စကားတွေကို ခံစားဖတ်ရှုသွား
ပါတယ်
ခင်မင်လျှက်
ရန်ကုန်သား :)
ကျွန်မသားလေး ငယ်ငယ်ကတော့ ကျွန်မက ဒီလောက် အတွေးမများဘူး။ သူပြောကိုယ်ပြော အပြန်အလှန်စကားတွေ ပြောတာပဲ များတယ်။ ကလေးတွေက မျက်လုံးကိုကြည့်ပြီး မိဘ ဘာပြောတယ်ဆိုတာကို နားလည်မလည် မသချာပေမယ့် ခံစားလို့ တတ်တာတော့ အမှန်ပဲ။
ကမ္ဘာပေါ်မှာအချစ်ဆုံးဟာ သား ဖြစ်နေတာ
ဘာဆန်းလဲ အကို...
ကောင်းလိုက်တာ အစ်ကိုရ။ ကလေးတွေများ တော်တော် ချစ်ဖို့ ကောင်းတယ်။ အစ်ကိုရဲ့သား အပေါ်ထားတဲ့ မေတ္တာခံစားမိပါတယ်
သားတို့ရုပ်ရည် သီတာမည်သား
ရေကြည်ချမ်းမြ တပေါက်ကျ သို့ ဆိုတဲ့ စကားက အလကားမှ မဟုတ်တာ ရှင်
ဘာအပြစ်မှ မရှိသေး...
စကားတောင် ကောင်းကောင်း မပြောတတ်သေး...
လက်ကလေးတွေက ကိုက်ဆွဲချင်စရာကောင်းလောက်အောင်
ဖောင်းဖောင်း အိအိကလေးတွေနဲ့...
ပါးကလေးကလည်း ဖူးဖူး အိအိကလေး...
သူ့ အသားလေးတွေအားလုံးက
ပါးမှာ ကပ်ထားချင်စရာကောင်းလောက်အောင်
နူးနူးညံ့ညံ့လေး...
သူ့ ဆံပင်ကလေးတွေကလည်း
ကြေမွတွန့်လိမ်လို့...
မြင်သာ ထင်သာ ရှိလွန်းတာမို့
ဝိုင်း ချစ် သွား ပါတယ်..း)...
ကဗျာဆရာရဲ့ မိုးကောင်းကင် အမြဲပဲ ပြာစင်နိုင်ပါစေ
ခင်မင်သော
(mama)
သားအဖ ၂ ယောက်ရဲ့
မျက်လုံးချင်း ပြောကြတဲ့
ထူးထူးဆန်းဆန်း ချစ်စရာ ဘာသာစကားလေးတွေကို အဓိပ္ပါယ် လာဖေါ်ကြည့်မိတယ် ....
မိဘ နေရာမှာ မနေဖူးသေးတဲ့သူတွေအတွက်
တပန်းရှုံးနေရ သလိုပါဘဲ ...
( အားကျမိပါတယ် အကိုငယ်ရေ ..ဘဝမှာ အပြာရောင်မိုးစက်ကလေးတွေနဲ့ စိုပြေ ချမ်းမြေ့ ပါစေ )
ခလေးတွေက တကယ်အပြစ်ကင်းတယ်...
သူတို့အိပ်နေတုန်း သူတို့ရဲ့  ပါးလေးတွေ ဆံပင်လေးတွေ လက်ခလေးတွေ
ကိုများ နမ်းနေရတဲ့ အချိန်ဆိုရင် အင်မတန်မှ
ကြည်နူးပီတိ ဖြစ်မိတယ်..တခြားဘာနဲ့မှမတူဘူးလေ...
အကို့သားအငယ်လေးက အကိုနဲ့မတူပါဘူး...
သူ့အမေနဲ့တူတာပါ...အရမ်းချစ်ဖို့ကောင်းတယ်...
mie nge
ကလေးချစ်တဲ့ဖခင်တစ်ယောက်ကိုဂုဏ်ယူမိပါတယ်....
ဦးလေးကြီးနဲ့သားလေးနဲ့ပြောနေတာကို ဖတ်ပြီး အဖေကြီးကို တော်တော်သတိရသွားပါတယ်..
အကိုသားကိုမမြင်ဘူးပေမဲ့..ကဗျာထဲက အကြောင်းလေးတွေဖတ်ပြီး.. ကြည်နူးမိပါတယ်.။(မိသားစုတွေပျော်ရွှင်ပါစေ)
လေးစားလျှက်
မြတ်လေးငုံ
Bro,
I like the post so much.
And thanks to all parent for caring and sacrificing 99 % of their life 4 us ....
With Peace,
Z
ဘာသာဗေဒပေါ့ဗျာ တယ်ကောင်းပါ့
ဂျေဂျေဒဲ လေးတစ်ယောက်လောက် လိုချင်လိုက်တာ...။
“အာဂျစ်.. ဂျစ် ဂျီး” ဖေဖေဘာလုပ်နေလဲ..တဲ့
“အား.. ပါပါး.. ပူကျိ”..
ဖေ့ဖေ့ကို ကျွန်တော့်မျက်လုံး မငှားနိုင်ဘူးတဲ့
“ဂျေဂျေ ဒဲ”..
ဖေဖေ သိပ်မစဉ်းစားနဲ့တဲ့..
ကောင်းလိုက်တဲ့ ဘာသာပြန်မှုပါဗျာ ကိုအောင်သာငယ်ရေ
ဟုတ်ပါတယ်..
ဘယ်မိဘမဆို ကိုယ့်သားသမီးကို ချစ်ကြပါတယ်..
လိမ္မာလို့ချစ်သလို ဆိုးလို့ ပိုချစ်တာလည်းရှိပါတယ်..
ကျွန်တော်တို့ မေမေလည်းပြောဖူးတယ်..
ညီကိုတွေ ရန်ဖြစ်ကြတော့ .. ညီလေးကို ကျွန်တော်က ထိုးတာပေါ့.. အဲဒီအခါ အမေက ဆူတယ်လေ.. ဘာလို့ ကျွန်တော့်ကိုပဲဆူရတာလဲ သူလည်း ကျွန်တော့်ကိုထိုးတာပဲ သူကျတော့ မဆူဘူး.. မင်းက အကြီးလေ မင်းနားလည်ပေးရမှာပေါ့..
ကျွန်တော် စဉ်းစားလိုက်မိတယ်..
အော်... ငါ့မေမေ ငယ်ငယ်က သူ့ရဲ့ ညီကိုမောင်နှမတွေအပေါ်မှာ ဒီလိုမျိုး စိတ်ထားခဲ့လို့ နေမှာပေါ့လို့..
ညီမလေး ညီမလေးတွေကို အမေက အလိုက်ရင်လည်း ကျွန်တော်ပြောတယ်..
အမေတို့ သိပ်ပြီးအလိုမလိုက်ကြနဲ့ ကြာရင် ဒီကောင်မလွယ်ဘူးပေါ့...
အေးအေး.. မင်းပြောထားအုံးပေါ့ မင်းမိန်းမရလို့ ခလေးရလာတဲ့အခါ မင်းသိလိမ့်မယ်ဆိုတာပါ..
အမှန်တော့ အဲဒီစကားလေးက အရမ်းကို အဓိပ္ပါယ်ရှိတယ်ဗျာ..
ပျော်ရွှင်ပါစေ ကိုအောင်သာငယ်ရေ..
(သားတို့ရုပ်ရည်..သီတာမည်သား..ရေကြည် ချမ်းမြ..တပေါက်ကလေး..ကျရုံမျှ နဲ့..မိဘ တို့ ၀မ်း..ငြိမ်းစတမ်းဆိုမှာ.. )
သီချင်းတောင်.. ညည်းမိသွားတယ် ဗျိုး..။
အရေးအသား နဲ့ တင်ပြပုံ ဆန်းတာလေး လည်း.. သဘောကျသွားတယ်.. ကိုအောင်သာငယ် ရေး..။း))
မျက်ရည်ဝဲလာအောင်ကို ဖြစ်မိတယ်ဗျ
ရင်ထဲကလာတော့ အသံတိုင်းဟာ အဓိပ္ပာယ်ရှိသွားတယ်နဲ့ တူပါတယ်
မျက်ရည်ဝဲလာအောင်ကို ဖြစ်မိတယ်ဗျ
ရင်ထဲကလာတော့ အသံတိုင်းဟာ အဓိပ္ပာယ်ရှိသွားတယ်နဲ့ တူပါတယ်
ကဗျာလေးကို ဖတ်ရတာ...
တခုခုခံစားလိုက်ရတယ်....
ကိုအောင်သာငယ် ကျနော်မမွေးခင် မေမေ့ ဗိုက်ထဲမှာ နေတုံး ဖေဖေ က စာလေးတစ်ပုဒ်ရေးခဲ့ တယ် ၊ ကျနော်အသက်နှစ်ဆယ်ကျမှ ကျနော့် ကိုပေးဖတ်တယ်အကို..ကျနော်မမေ့နိုင်တဲ့ စာသားလေးက ( သား မင်းကို ဖေဖေကြီးလာမှာသိတ်စိုးရိန်တယ်... ဖေဖေဟာလဲ လူတစ်ရောက်ဖြစ်တဲ့အတွက် မမှားမကင်းဘူး မင်းဖေဖေ့ရဲ့ အမှားတွေကိုသိလာတဲ့ အခါ မင်းဖေဖေ့ကိုမုန်းလာမှာစိုးတယ်) အဲဒီစာလေးကိုကျနော် ပြန်ရေးပါဦးမယ်အကို ( တွေးစရာ အကြီးကြီးတစ်ခု ကျနော့်အတွက်ရလိုက်ပါတယ် ) ကျနော်လဲ ခလေးလိုချင်တယ်အကိုရယ် လောလောဆယ်တော့ အဖိုကတစ်ချား အမကတစ်ချားလေ.......
အကိုရေးတာကို ဖတ်ရင်း ဆရာအောင်ဝေးရဲ့ ကဗျာတစ်ပုဒ်ကို သွားသတိရမိတယ်။ နာမည်တပ်ထားတဲ့ ကြယ်တွေအကြောင်းပေါ့။ ခေါင်းစဉ်တောင် မေ့နေတယ်။ ဟုတ်လားတော့ မသိဘူးဗျာ။ အပြာရောင်ဆိုတာ ငြိမ်းချမ်းခြင်း ဖြစ်သလို၊ မျှော်လင့်ခြင်းကိုလဲ ရည်ညွှန်းလေတော့ အကိုသားလေး အပြုံးကနေ မြင်လိုက်ရတဲ့ အပြာ..အကိုရင်ထဲထိ စူးနစ်ပြာလဲ့နိုင်ပါစေလို့ပဲ ..။
ခံစားသွားပါတယ်။
သားသမီးကို ချစ်တဲ့ အချစ်က နှိုင်းမရဘူးလို့ ပြောကြတယ်... ကြည်နူးစရာ ကောင်းလိုက်တာ။
ဖခင်တယောက်ရဲ့ မေတ္တာ၊ ကရုဏာ၊ အကြင်နာတွေ အထင်းသား မြင်လိုက်ရတယ်။
ဒီစာဖတ်ရင်း အဖေ့ကို အရမ်းသတိရမိတယ်။ အဖေက အဲဒီလိုပဲ ကျမတို့ ငယ်ငယ်က တီတီတာတာ ပြောတဲ့စကားလေးတွေကို မှတ်ထားပြီး ခုထိ ထပ်တလဲလဲ ကြုံတိုင်း ပြောပြရင်း ပီတိဖြစ်နေတတ်တဲ့သူ။
မိဘနဲ့ သားသမီးကြားမှာ ဘာသာစကားနဲ့ ဆက်သွယ်ဖို့မလိုဘူး။ မေတ္တာတရားနဲ့ ဆက်သွယ်ဖို့သာ ပိုအရေးကြီးတာ ... နော်။
သားကလေး တီတာတာ
ဖေဖေ့ အနားလာ။
ဖေဖေမေမေ သူ့စကား
တူ တူ ရေ ၀ါး။
(သင်ပုန်းကြီးမှ ဖတ်စာ-၂ကို မေမေ့ အနားလာ အစား ဖေဖေ့အနားလာ ဟု ပြောင်းလဲထားပါသည်။)
အကိုစာလေးဖတ်ပြီး ငေးငေးငိုင်ငိုင်ဖြစ်သွားရတယ်အကိုရေ။
မိဘမေတ္တာကို သိနေပေမယ့် သေချာကြီးခွဲခြမ်းစိတ်ဖြာလိုက်တော့ ကျွန်တော့တို့ရဲ့ အချို့အပြုအမူတွေအပေါ် အတော်ပြန်ခံစားဝမ်းနည်းမိတယ်ဗျာ
ပါရမီဖြည့်ဖက်ရဲ့ နေရာ
ပါရမီဖြည့်ခံရသူရဲ့ နေရာ
နှစ်ကိုယ်ခွဲသရုပ်ဆောင်နေရတဲ့
လက်ဦးဆရာရဲ့ ဟန်တွေပေါ်လာတယ်
သူငယ်ချင်းတစ်ယောက်ကိုပေးဖတ်ချင်လို့ ကျွန်တော်ကူးသွားပါတယ်..ခွင့်ပြုပါ
သမီးနဲ့လဲ ဂလိုတွေပါပဲဗျာ
10 Sep 09, 03:09 AM
ဧဏီမင်း: အပြာရောင်မိုးစက်ပွင့်တွေထဲမှာ မေတ္တာနှင်းမှုံတွေ အထင်းသား မြင်တွေ့ခဲ့ပါတယ်၊ လာလည်တဲ့အတွက် ကျေးဇူးပါ
ဘာမှမရေးရင် ပိုအရသာရှိမယ် ယူဆလို့ ဘာမှ မရေးခဲ့ပါ။
ဒီလက်မျိုး
ဘဘောက်တွေ ဖတ်လေ့ မရှိပါ ဘရာသာ၊ ဒီတခုတော့ ဖတ်မိသွားပြီ၊ လူဖြစ်ရကျိုး နပ်ဖူးသူ တယောက် ကို မြင်ခဲ့ရ ပါသည်။
Post a Comment