Sep 24, 2011

ဧရာဝတီမြစ်ကို ကျနော် ချစ်တယ်... မဟင်္သာ....


















အက်စ်တိုးရီးယားနဲ့ ကိုလံဘီယာမြစ်ကိုတောင်
ကျနော် ချစ်ခဲ့ပါတယ်... မဟင်္သာ...

မန္တလေးတောင်နဲ့ ဧရာဝတီမြစ်ကို
ကျနော် မချစ်ပါဘူးလို့...
ဘယ်လို အရူးကမှ ပြောလို့ မရပါဘူး ....

မြစ်မင်း-ဧရာ ခွေကာဝိုင်းလို့
စစ်ကိုင်း အောင်ခြာမြေ...
ရေလှိုင်းလေးတွေ နေရောင်ဖျူးတော့
ရွှေရောင်လူးကာနေ...
ငွေတောင်ဦးမှာ ရှုမျှော်ခင်းနဲ့ မြစ်တွင်း သံသာပေ...

ဧရာဝတီကို
ဖွဲ့ဆို တေးသွားများ...
ကျနော်တို့ နှလုံးသွေးတွေကြားမှာ
လူးလားခေါက်တုန့်...

ကျနော့် ပုံချထားတဲ့ နေ့ရက်တခုမှာ
ဧရာဝတီက ဇာတ်လိုက်ကြီး...

ဧရာဝတီ...
ဧရာဝတီ...

ဧရာဝတီ...
ဧရာဝတီ...

တည်ြငိမ်တဲ့ သူ့ရဲ့ ရေအလျဉ်
ရင်ကျက်တဲ့ရေပြင်...

ကျနော် ရင်နာနေမိပေါ့ မဟင်္သာ...

ကျနော့ အကိုကြီး ခင်ဝမ်းကို...
ကျနော် လွမ်းပါတယ်...

ဧရာဝတီရယ်...
အောင်သာငယ်....
ဘာပြောရမယ် မသိတော့ဘူး....

Sep 12, 2011

နံရံကို လက်သီးနဲ့ ထိုးမိတော့မယ်...
















တကယ်တမ်းမှာတော့...
ငါဟာ
လေထုကို တိုးခွဲ ဖြတ်ထွက်သွားနေတဲ့
သေနတ်ကျည်ဆန်တတောင့်ပါ...

ငါ့ကို ပစ်ဖေါက်လိုက်ပြီဆိုတော့
ငါက နောက်ပြန်လှည့်လို့ မရတော့ဘူးလေ...
ရှေ့ဆက်တိုးဖို့သာ ငါ့ ပြက္ခဒိန်...

ငါ့ မေးခွန်း တချို့က...

ကျည်ဆံတတောင့်အဖြစ်
ငါက ဘယ်သေနတ်ပြောင်းရင်းထဲ...
ဘာအကြောင်းကြောင့်
မောင်းသွင်း ခံထားခဲ့ရတာတဲ့လဲ...

အဲသည့် သေနတ်ကို
ဘယ်သူက...
ဘာအကြောင်းကြောင့်
မောင်းတင်ပစ်ဖေါက်လိုက်ရတာတဲ့လဲ....

ငါက ဘယ်ပစ်မှတ်ကို
ဘာကြောင့် သွားရောက် ထိမှန်ရမှာတဲ့လဲ...

atn

Sep 10, 2011

သတိရတယ် မာရီယာ...














ညှာတာသောအားဖြင့်
အပြင်းစား သုခ တချို့ ငါ့အားပေးပါ့...
ဘ၀အား ရင်ခုန်ချင်နေသော ငါ့နာရီလက်တန်တွေ
သွက်သွက်လည်အောင် မြန်နေပြီ... မာရီယာ....

ကိုယ့်ဘာသာကိုယ် ပေးထားတဲ့ ဘွဲ့တံဆိပ်တွေကို
အရူးဗိုလ်ချုပ်တွေလို
သူတို့ ရင်ဘတ်မှာ
အလကားမတ်တင်း ချိတ်ဆွဲထားတာမျိုး မဟုတ်ဘူး...

ငါ့... အသက်တာ တခုလုံးမှာ...
ချိတ်ဆွဲလို့ရတာတွေ အားလုံး...
ငါ့ ဘ၀ကြီးတခုလုံးနဲ့ လဲလှယ် ချပ်ရပ်ပြီး...
ငါ့ရင်ဘတ်မှာ
ချိတ်ဆွဲခဲ့ပါတယ်... မာရီယာ...

လူသားချင်း စာနာမှု...
ကုသိုလ်ကောင်းမှု...
ကိုယ်ချင်းစာမှု...
အများအကျိုးဆောင်မှု...
ကိုယ်ကျိုးစွန့်လွှတ်မှု...

ထွက်မြောက်ရာလမ်းဟာ
ငါ့ရင်ဘတ်ပေါ်မှာတော့ မဟုတ်တော့ဘူး...
ဒါကိုလည်း ...
ငါ ကောင်းကောင်း သိတာပေါ့... မာရီယာ...

ဘုရားသခင်လည်း ငါ မဟုတ်တော့...
နေရာတကာ... ဖြစ်စေ-လို့ ငါ ရွတ်ဖတ်လို့ မရဘူးလေ...

နေ့စဉ်ရက်ဆက် မဟုတ်လည်း...
ကျိုကြား ကျိုကြား ဖြစ်စေဦး...
နင့်ကို သတိရနေဦးမယ်... မာရီယာ...

မလွတ်မြောက်နိုင်သေးသရွေ့...
နင်နဲ့ ငါဟာ...
အတူတူပါပဲ... မာရီယာ...

ခုရက်တွေထဲ
နင့်ကို... ငါ...
လေးထောင့်ဆန်ဆန်
သတိရမိနေပြန်ပေါ့... မာရီယာ...

atn

Sep 7, 2011

စခီဇိုဖရီးနီးယား-၂












စိတ်-ပါဆိုမှကွယ်...
ဆိတ်-လိုပေါ့...
ဆိတ်က မနားတမ်း ၀ါးသလို
စိတ်-ကလည်း မနားတမ်းသွားတယ်...
ဗီဇာ မဆောင်ဘူး...
ဇီဇာ မကြောင်ဘူး...

နေ့မဆိုင်း ညမဆိုင်း
စက္ကန့်တိုင်းမှာ...
ဗမာပြည်ကို အလည်ပြန်ချင်လည်း ပြန်တယ်...
ပြန်တိုင်းလည်း (နေ့ခင်း အိပ်မက်) ထဲမှာ...
ကဲ... မခက်ပါလား... ကွယ်တို့...
စိတ်-ဟာ အဲသလို...

သွားရင်းလာရင်း ခလုပ်တိုက်...
ရီးစားဦးကို သတိရလိုက်မိတာကလည်း... စိတ်...
သုံးရင်း ဖြုန်းရင်း ပိုက်ဆံပြတ်တော့
နောက်ဆုံးဖြတ်ခဲ့တဲ့ ရီးစားကို သတိရမိသွားတာကလည်း... စိတ်...
ကားမောင်းရင်း မီးပွိုင့်နီသွားတဲ့အခါ
ကားလေးတစင်းကို ၀ယ်ရင် ဘရိတ်ပါပါစေ-လို့
နော်လီဇာ သီချင်းကို ဆိုဆိုပြတတ်တဲ့ ရီးစားကို
သတိရမိသွားတတ်တာကလည်း... စိတ်....

ကွန်ပြူတာ မှတ်ဥာဏ်... တပ်ဆင်...
ဘိုင်နရီစစ်စတမ်... ကျင့်သုံး...
အသွား-အပြန်... ခရီးလွန်...
အွန်-အော့ဖ်... ခလုပ်များ... ဖွင့်-ပိတ်...
အဲသည်လို... စိတ်... တွေ...

စတြာတိုစဖီးယား...
ဘလော်ဂိုစဖီးယား...
စခီဇိုဖရီးနီးယား...

အသံတွေ ကျယ်လောင်စွာ ကြားနေတယ်...
ငါ့ကို စကား မပြောကြပါနဲ့တော့...
ပါရာနွား-တွေ ငါ့ကို ကိုက်နေတယ်...
ဖိုဘီးယား-တွေ ငါ့ကို ကိုက်နေတယ်...

း((

atn

စခီဇိုဖရီးနီးယား-ကို ဖတ်ချင်ရင်တော့ သည်မှာပါ...

Sep 6, 2011

မီရှဲလာ၊ နာတာလျာ၊ မာရီယာ နဲ့ ငါ...



















နင့် ဆံပင် ကောက်ကွေးလေးတွေကို ကြည့်လို့ရှုလို့ အကောင်းဆုံးဖြစ်အောင်
ဆင်ယင်ထုံးဖွဲ့လိုက်ပါဦး မီရှဲလာ...
တော်နေကြာ အလုပ် ပြုတ်တော့မလို မျက်နှာမျိုးနဲ့
နင် မဲ့တဲ့တဲ့ ဖြစ်နေတာမျိုး ငါ မမြင်ချင်ပါဘူး...
ပြီးတော့ နင် ပန်နေနေကျ ပန်းအ၀ါရောင်ကြီးကိုလည်း ပန်မလာပါနဲ့တော့...
ခုတလော ငါ ခေါင်းနောက်နေလို့ပါ...

ကောင်းသော နေ့လည်ခင်းပါ နာတာလျာ...
ခုတလောမှာ နင့်ကို ငါ နှုတ်မဆက်ဖြစ်တာ ကြာပြီ...
ငါကလည်း သိပ် အလုပ်မအားသူပါ...
နင်ကလည်း သိပ် အလုပ်များသူပါ...
ငါကလည်း သိပ် မပြုံးတတ်သူပါ...
နင်ကလည်း တချိန်လုံး ပြုံးနေသူပါ...
နင့် မျက်နှာဖြူဖွေးဖွေးလေးဟာ ချစ်ဖို့ သိပ်ကောင်းတယ်...
ကျေးဇူးပြုပြီး ထပ်မပြုံးပါနဲ့တော့ သူငယ်ချင်းလေး... နာတာလျာ...

နေ့လည်စာ စားရင်း ချက်ချင်း နင့်ကို သတိရလာတယ် မာရီယာ...
နောက်ဆုံး ညစာ စားပြီးကတည်းက စိတ်ကောက်ထားကြတယ် နင်နဲ့ ငါ...
ဒါမယ့် ငယ်ဘ၀က စေ့စပ်ပြေငြိမ်းရေး ဂိမ်းကလေးများ...
ငါးပြေမလား... သက်သက်လား...
ပြီးခဲ့တာတွေ ထားလိုက်ပါတော့ မာရီယာ...
တကယ်မှာက တို့ နှစ်ယောက်ဟာ မောင်နှမတွေပဲ မဟုတ်လား...
အမြင်ကပ်မှု အမှတ်တံဆိပ်များကို
နင့် နံရံတွေပေါ်မှာ ငါ မချိတ်ဆွဲတော့ပါဘူး... မာရီယာ...
ငါ့ကို ခွင့်လွှတ်ပါ...

ဘာမှလည်း မဟုတ်ပါ...
စိတ်ညစ်စရာတွေ လာရင်...
နင့်ဂစ်တာသံ တိုးတိုးလေးနဲ့
နင့်သီချင်းအေးအေးလေးတွေကို တမ်းတနေမိရော မီရှဲလာ...

ဘာမှလည်း မဟုတ်ပါ...
စိတ်ညစ်စရာတွေ လာရင်...
နင့် ပျာယီးပျာယာအားလုံးနဲ့
နင့် အပြုံးလေးတွေကို တမ်းတနေမိရော နာတာလျာ...

ဘာမှလည်း မဟုတ်ပါ...
စိတ်ညစ်စရာတွေ လာရင်...
နင့် စာ ကဗျာတွေနဲ့
နင့်ရဲ့ ဂျစ်တီးဂျစ်ကန်
အငြင်းသန်တတ်တာလေးတွေကို တမ်းတနေမိရော မာရီယာ...

atn