Mar 15, 2009

ဆာရီယဲလ် ကဗျာတပုဒ်ရဲ့ အတ္ထုပ္ပတ္တိ

မတ်လ (၁၇) ရက်နေ့မှာ ကျရောက်မယ့် (၄၅) နှစ်မြောက် မွေးနေ့အတွက်
ကျနော့်ရဲ့ ပြက္ခဒိန်တချို့ကို မှင်တို့ထားကြည့်တာပါ -



(၁၉၆၄)
မီးလျှံတွေ သယ်ဆောင်ထားတဲ့
အနီရောင်ဂြိုဟ်သား
လက်နက်များရဲ့ သံသတ္တု
အထိမ်းအမှတ်တခု ဖြစ်ပါသတဲ့...
“Picabia”ရဲ့ “အင်္ဂါနေ့”မှာ
ကျနော့်ကို မွေးဖွား...


(၁၉၆၅)
“Sebor”ရဲ့
“လူကျပ်နေတဲ့အခန်းလွတ်တခု”အတွင်း
ကျနော် ကြီးပျင်းခဲ့... ။
လေဟာနယ်တောင်
အမှောင်နဲ့ ကျပ်ညှပ်နေပုံမျိုး...



(၁၉၆၆)
သည်လိုနဲ့
“Klee”ရဲ့
“ရုပ်သေးရုံ”ထဲ
ပြပွဲတွေ ကြည့်ခဲ့ ...
ပြဇာတ်ရဲ့ အ၀တ်အစား
အမေ လဲလှယ် ပေးထားလို့
ကျနော့် သပ်ရပ်နေခဲ့ပုံများ...


(၁၉၆၇)
ပါးကွက်အာဏာသားတသိုက်
အမေ့ကို ဖမ်းလိုက်တဲ့နေ့
“Masson”ရဲ့“အလွမ်းဇာတ်”
ကျနော် ကြည့်တတ်သွားတယ်။



(၁၉၆၈)
“Ernst”ရဲ့“နေ့နဲ့ည”ကို နံရံမှာကပ်
အလင်းနဲ့အမှောင်ကို ဖတ်တတ်တဲ့အခါ
အမေ့ကဗျာ သံတိုင်တွေကြားထဲ လန်းဆန်းလို့...
အမေ့အနမ်းလည်း
လရောင် မှုန်မွှားထဲ အေးချမ်းလို့...



(၁၉၆၉)
“Warden”ရဲ့“ဆုတောင်း”ကို
သေကောင်ပေါင်းလဲ ကျနော် ရွတ်အံ
အမေ့အသံကို ပြန်ကြားပါရစေ...



(၁၉၇၀)
အမေ အိမ်ပြန်လာတဲ့ တနေ့မှာ
“Chagall”ရဲ့“ချိုးငှက်နဲ့ကလေးငယ်”
ကျနော် ခဏ ဖြစ်သွားသေးတယ်။
ကျနော့်ကို ထွေးထားပေးပါ မေမေ
အမေ့ ကိုယ်ငွေ့နွေးနွေးနဲ့
ကျနော် ဝေးနေခဲ့တာ
ကြာပြီမဟုတ်လား...


(၁၉၇၁)
ဖေဖေ ဘယ်မလဲ- မေးတဲ့အခါ
အမေ ပြောတယ် -အဝေးကြီးမှာ- တဲ့
ပြီးတော့ “Magritte”ရဲ့“ပြတင်းပေါက်”အနားသွားကပ်
ခဏလောက် မေမေ ရပ်ကြည့်နေသေးတယ်။
ကျနော့်ကိုလည်း ပေးကြည့်ပါ မေမေ
အဲသည် ပြတင်းပေါက်ထဲ
ဖေဖေ ရောက်နေလေသလား...



(၁၉၇၂)
အဖေ ပြန်လာတဲ့နေ့ကို
ကျနော် မေ့သွားတယ်။
ဒါပေမယ့် “Tanguy”ရဲ့ ပန်းချီကား
“မေမေရေ -
ဖေဖေ ဒဏ်ရာတွေ ရထားတယ်”
အဲသည် အဓိပ္ပါယ်
ကျနော် တကယ် သိသွားပါပြီ...


(၁၉၇၃)
“Dali”ရဲ့“ရွက်လှေ”
အဖေ ခဏ ငှားခဲ့တယ်။
တမိသားစုလုံး လက်တွေနဲ့
တဖက်ကမ်းခြေအရောက် လွှင့်ခဲ့...
ခြေထောက်တွေတော့ ပဲ့ဖြစ်
ရေထဲ နစ်လို့...



(၁၉၇၄)
အမည်တခုအတွက်
“Kush”ရဲ့ “လှိုင်းဂယက်တွေ”လို
ပွက်ပွက် ဆူကြွ
မြို့ကြီးရဲ့ တံခါးဝမှာ
အိပ်ပျော်နေသူတွေ နိုးထလာတယ်။



(၁၉၇၅)
ကျောင်းတွေ ပိတ်လို့ တိတ်ဆိတ်နေတဲ့ မြို့မှာ
ငိုရှိုက်သံတွေ ကျယ်လောင်လာကြ
“Mondrian”ရဲ့“နွေည”ထက်တောင်
ပူလောင် အိုက်စပ်နေသေးတယ်။



(၁၉၇၆)
မှိုင်းရာပြည့်က မြို့ကြီးရဲ့သမိုင်းတချို့
ရေးတို့ထားလိုက်လေတယ်။
“Bak”ရဲ့“ထိုအခါမှစ၍”
နာရီလက်တံများ
မေ့လျော့ခံသွားရချိန်
ပြက္ခဒိန်ထူထူတချို့
ခရီးရှည်သွားဖို့ ပြင်ခဲ့ပြီ။


(၁၉၇၇)
“Munch”ရဲ့“လရောင်”အောက်မှာ
ညီမလေးတယောက်ကို
ကျနော့်အတွက် အမေ ခေါ်လာခဲ့တယ်။
လရောင်ရိပ်မှာ
သူ့ကို ကျနော် သိပ်ခဲ့ရတာပေါ့။


(၁၉၇၈-၇၉)
“Nesterov”ရဲ့
“ဆောင်းဦးပေါက်” ကန်ရေပြင်လို
ကြည်လင်နေတဲ့ နေ့ရက်တွေ
ငြိမ်သက်နေတဲ့ ကာလတွေ
အစား ပြန်မရနိုင်လေဘူး။



(၁၉၈၀)
လူငယ်တယောက် ဖွက်ထားတဲ့
”Magritte”ရဲ့“စာမျက်နှာအလွတ်”ပေါ်
ဂီတ သင်္ကေတတွေ
ကျနော်လွှတ်ချလိုက်တယ်။
နှင်းတွေ ပျော်ကျ
ဂစ်တာတီးတဲ့ ညတွေ များများလာ...



(၁၉၈၁)
“Chagall”ရဲ့ “အိမ်အပြာ“
ကိုယ်တိုင် ဆောက်တတ်လာပါပြီ။
နှင်းဆီရနံ့၊ သက်တန့်၊ အပြုံး
အိပ်မက်တွေကို ဖုံးရင်း ...


(၁၉၈၂)
ကံကော်တန်းထဲ
လျှောက်လှမ်းသွားရင်း
“Matisse”ရဲ့
“အပြာရောင်ပြတင်း”မှာ
ချစ်ခြင်းမေတ္တာ တွေ့လိုက်ရပုံ...
ကြယ်တွေ စုံ ည
ရင်ခုန်သံတွေ လှပလို့...



(၁၉၈၃)
ညနေခင်း ရွှေရောင်
လိပ်ပြာတကောင်
အစိမ်းနု တောင်ပံ ခတ်
နှင်းဆီ နီနီ ပွင့်ချပ်
“Kush”ရဲ့ “ရပ်တန့်သွားတဲ့အခိုက်အတန့်”
နှလုံးသား အကန့်တခုထဲ
အေးခဲထားမိ...


(၁၉၈၄)
ကံကြမ္မာ ချော်လဲခဲ့တဲ့ လမ်းတလျှောက်
အခေါက်အတွန့်တွေချည့်...
“Munch”ရဲ့ “ခွဲခွာခြင်း”မှာ
ဒဏ်ရာတွေ နက်ကြောင်း
ကောင်းကောင်း သိလာခဲ့...



(၁၉၈၅)
နေကွယ်သွားတဲ့နေ့ခမျာ
အတိတ်ကို အမေ့ခက်ပါ့...
“Ernst”ရဲ့ “တိတ်ဆိတ်ခြင်းမျက်လုံး”လိုပဲ
တခုထဲသော ပုံရိပ်
တိတ်တဆိတ် မြင်မြင်မိ ... ။



(၁၉၈၆)
ကံ့ကော်တောနဲ့ ဝေးဝေးမှာ
“Dali”ရဲ့ “အထီးကျန်”
မီးလျှံတွေဖြစ်လာ
အဓိပတိလမ်းရေ
စိန်ပန်းပြာတွေ
ငါ့ကို ပြန်ပေးပါ့... ။



(၁၉၈၇)
ကွက်လပ်တွေ သည်လောက်များတဲ့
“မြို့ပြနေရာ”ထဲ
“Jimmy Ernst”လို
ကိုယ့်အခန်းထဲ ကိုယ့်ကိုယ်ကို
ထားသိုနေနေရ
ခက်ခဲလှချည့်...


(၁၉၈၈)
နှစ် သုံးဆယ်နီးပါး
ဖောင်းကားလာခဲ့တဲ့ ပူဖောင်းတွေ...
နေရာတကာမှာ လမ်းလျှောက်လို့
“Grosz”ရဲ့ “ပေါက်ကွဲမှု”ကိုတွေ့ရတယ်...


(၁၉၈၉)
“Ernst”ရဲ့“တောအုပ်”ထဲမှာ
ကိုယ့်ကိုယ်ကို ရှာတွေ့ခဲ့တဲ့နောက်
မြို့ပြရဲ့ မျက်စေ့အောက်က
ပျောက်ဆုံးသွားသူတချို့ကိုလည်း တွေ့တယ်
အိပ်မက်တွေကို ပွေ့လို့...



(၁၉၉၀)
တောရိပ် တောင်ရိပ်
အိပ်စက်ခြင်းမဲ့ တောင်ယာတဲ
သင်တိုင်းဖြူလေးတွေနဲ့ စပါးခင်းလည်း
“Chagall”ရဲ့ “စစ်ပွဲ”မှာ လူးလိမ့်ရင်း...



(၁၉၉၁)
သေနတ်သံတွေနဲ့
သရဲခြောက်ခံရသလိုမျိုး
အိပ်မက်ဆိုးတွေ မက်တယ်။
“Dali”ရဲ့ “စစ်မျက်နှာ”
ဒဏ်ရာတွေ ပြည့်နေပုံ ...


(၁၉၉၂)
စစ်ပွဲတွေကြားထဲ
“Munch”ရဲ့“နေမင်း”ကပဲ
အက်ကွဲလာနေလေသယောင်
နည်းနည်း မှောင်လာတယ်...



(၁၉၉၃-၉၄)
သောင်ရင်း ပွေ့ဖက်
အေကေ တလက် ခေါင်းအုံး
ငှက်ဖျား မုန်းရင်း
ဒေါန တောင်ယာခင်းတွေထဲ
“ထိုးဆင်းလာတဲ့ညရိပ်”ကို
“Dali”လို တိတ်တဆိတ် ကြည့်နေခဲ့ ...


(၁၉၉၅)
ရှင်းရှင်းလင်းလင်း ညို့အုပ်
ရှုပ်ရှုပ်ထွေးထွေး ညိုမှောင်
အရောင်ရင့်ရင့် လွင့်မျော
“Magritte”ရဲ့ “သစ်တော”ကို
ကျောခိုင်းပြီးတဲ့နောက်
ဘ၀တောအုပ်ထဲ
ရောက်သွား...


(၁၉၉၆)
ပင့်သက် သောက
ခဏ မေ့ထား
ပျားရည် ၀ိုင်ချို၊ ရင်ဖို အနမ်း
“Ernst”ရဲ့ “အချစ်ည”
နှင်းတစနဲ့
ဘ၀ အမောဖြေမိခဲ့...


(၁၉၉၇)
နေတလုံး လတမင်း
ဘ၀ ခပ်ကျဉ်းကျဉ်းထဲ
ခုန်ချဆင်းလာ
ကြယ်ပြာတစင်း
“Kush”ရဲ့ ”မနက်ခင်းပွင့်ဖူး”
သားဦးကလေး...



(၁၉၉၈)
မနက်ဖန်ဆိုတဲ့ ငါးတကောင်ကို
ချုပ်နှောင်ဖမ်းယူဖို့အတွက်
ကွန် ယက်နေဆဲပါ့...
“Sanchez”လိုပဲ
“မနေ့နဲ့မနက်ဖန်အကြား”
ဗျာများနေရ...


(၁၉၉၉)
တိမ်ခဲတွေကြားထဲမှာ နှင်း
အမှောင်မဲတွေကြားထဲမှာ အလင်း
စိတ်ထင်ရာ
ဘာသာပြန်မိရင်း
“Tanguy”ရဲ့ “မနက်ဖန်”ကို
မျိုမျိုချပစ်...



(၂၀၀၀)
တပါးမြေ ခြေအချ
“Munch”ရဲ့“ညအဖြူ”
လူသုံးယောက်ကို
မလိုတမာ စူးစိုက်ကြည့်...
နှင်းနဲ့ တွေ့လိုက်ရသည့်တိုင်
မအေးမြနိုင်ခဲ့...

(၂၀၀၁)
မနက်ဖန်ကို စိုက်ပျိုးချင်မှတော့
မနေ့ကို မျိုးစေ့ကျဲပစ်မှ ဖြစ်မယ်။
“နေ့သစ်”ကို
ကျနော် တူးဖော်ခဲ့...



(၂၀၀၂)
နေတလုံး လတမင်း ကြယ်တစင်းနဲ့
ပန်းခင်းလေးထဲ
နောက်ထပ်ကြယ်ပြာတစင်း
ဆင်းသက်လာတဲ့အခါ
“Munch”ရဲ့“ကြယ်စုံည”
တံခါးဝမှာ ရပ်လို့...



(၂၀၀၃-၄-၅-၆)
ဆေးသား မှိန်ကွက်
မှိုတက်နေတဲ့ ပြက္ခဒိန်တချို့
မြို့ပြအိပ်မက်တောမှာ
“Petrov-Vodkin”ရဲ့ “တယော”လို
အိပ်မောကျခဲ့ ...



(၂၀၀၇)
မျှော်လင့်ချက်တွေ
ဖျက်ချေချိုးဖဲ့ခံရ
“မနက်ဖန်ဆိုတာ ဘယ်တော့မှ”
ပြန်မရတော့ဘူးလား “Sage”


(၂၀၀၈)
ဝေးလွင့်ခြင်း
အနှစ် နှစ်ဆယ်...
တမ်းတခြင်း
အနှစ် နှစ်ဆယ်...
အဲသည်လေဟာနယ်မှာ
ကျနော့်“လမင်းကြီး” ကွယ်ပျောက်ခဲ့...


(၂၀၀၉)
၄၅ နှစ်မြောက် နွေဦးမှာ
အတောင်ပံပါလျက်
“Magritte”ရဲ့ “အိမ်အလွမ်း”နဲ့
မပျံသန်းနိုင်တဲ့ငှက်ဟာ
ကျနော်ပါပဲလေ
တစစီ တဖဲ့စီ
ပဲ့အက် ကြေကွဲနေခဲ့ပြီ။

ATN .


(Photo sources: http://images.google.com; http://www.abcgallery.com)

38 comments:

Moe Cho Thinn said...

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကလေးက အံ့သြစရာကောင်းလောက်အောင် လှလိုက် သပ်ရပ်လိုက်တာ။ အကိုမို့ လုပ်တတ်တယ်။
မွေးနေ့မှာ လှောင်အိမ်ထဲက လွတ်မြောက်တဲ့ ငှက်ကလေးလို စိတ်ရဲ့ စေလိုရာမှန်သမျှ ပျော်ရွှင် လွတ်လပ်စွာ သွားနိုင်တဲ့ ကျန်းမာရေးကောင်းတဲ့ နှစ်သစ်များစွာ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ထပ်ပြောချင်တာက ချိုသင်း အမအကြီးဆုံး မစံနဲ့ အကိုနဲ့ လရော၊ နှစ်ရော ၊ နေ့ရော အကုန်လုံး တူတယ်။ အကိုကြီးတယောက် ရတာပေါ့။ March born တွေက သိပ်သဘောကောင်းတာ တဲ့။ ကြားဖူးတာပဲလေ :)

MANORHARY said...

great !

sait phay yar said...

အကိုတော်ရေ
တော်လိုက်တာဗျာ
သေသပ်လိုက်တာ ဘ၀ခရီးကိုဖော်ကျူးသွားတာ
ပျော်ရွင်ဘွယ် မွေးနေ့လေးဖြစ်ပါစေဗျာ
ဆုတောင်းပေးလိုက်ပါတယ်

တောရိုင်းနှင်းဆီ said...

ဟား ... စိတ်ကူးနဲ့ ဖန်တီးမှုလေးတွေက သိပ်ကောင်းတော့ အရမ်းသဘောကျသွားပြီ .....
ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေ အကိုရေ ....

သက်ဝေ said...

အကိုရေ...

ကိုယ့်လျှောက်ခဲ့တဲ့လမ်း က ကိုယ့်ရဲ့ သမိုင်းပဲပေါ့နော်။ အကိုရေးထားတဲ့ ခုနှစ် တစ်ခုချင်းစီ သေသေချာချာ ဖတ်ရင်း ကိုယ် လက်လှမ်းမှီသလောက်၊ ကိုယ် ကြားဖူးထားသလောက်တွေနဲ့ မြင်ကြည့်လို့ ရသလောက် မြင်ယောင်ကြည့် သွားပါတယ်။

ပြီးတော့ အကို့ရဲ့ ၄၅ နှစ်မြောက် မွေးနေ့အတွက် အကြို ဆုတောင်းပေးသွားပါတယ်...
ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့ ပေါင်းများစွာကို မိသားစုနဲ့ အတူတူ ဖြတ်သန်းနိုင်ပါစေ...

ဦးဂင်ကြီး said...

ရဲဘော်ကြီးရေ လွှတ်ကောင်းဗျာ ဖန်တီးမှုကောင်းလွန်းလို့ ဒီလိုပဲပြောခြင်တော့တယ်ဗျာ...။

mirror said...

အစ်ကိုကြီးရေ..အမြန်လာပြီး မွေးနေ့ဆုတောင်းပေးချင်ပါတယ်..။

ခြင်္သေ့လေးသုံးကောင်၊သို့မဟုတ် ငှက်ကလေးသုံးကောင်နဲ့အတူ...၄၅ နှစ်ရဲ့ သုံးခါပြန်မြောက်လောက်ထိ ပျော်ရွှင်စွာ နေနိုင်ပါစေလို့...
ညီမလေး ဆုတောင်းပေးပါတယ်..။

အစ်ကိုအစီအစဉ်လေးက နူးညံ့ပြီး....ကြည်နူးစရာကောင်းလိုက်တာ..:)

ညိမ်းညို said...

အကိုရေ ဆာရီယဲလ် ကဗျာတပုဒ်ရဲ့လှပလွန်းတဲ့ တင်ဆက်မှုကို အံ့သြတကြီး ဖတ်သွားပါတယ်။
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ :) :)
ကဗျာတွေ စာတွေလဲ အများကြီး ဆက်လက်ရေးဖွဲ့နိုင်ပါစေခင်ဗျာ

လင်းဒီပ said...

အစ်ကို တင်ပြပုံလေးကောင်းလိုက်တာ..
ဖြည်းဖြည်းခြင်း ဆွဲဖွင့် ဖတ်ယူရတဲ့ကဗျာလေး...
အစ်ကို မွေးနေ့မှာ ပျော်ရွှင်ပါစေ..
နောက်ထပ် အမောတွေ ကင်းပါစေ..

sin dan lar said...

အစ်ကိုရေ.. ကောင်းလိုက်တဲ့ကဗျာကလေးပါ....။
ရှေ့ကလူတွေပြောသွားပြီမို့ ပြောစရာမလိုတော့ပါ....။
အစ်ကိုက ညီမရဲ့ မမကြီးနဲ့ နှစ်တူပြီး၊ မမလေးနဲ့ လ၊ရက်တူတယ်..။
မမကြီးက သဘောကောင်းပြီး.. မမလေးက စွာတယ်...။
အစ်ကိုအေကေကရော.. အဲလေ.. အစ်ကိုအောင်သာငယ်ကရော.....

sin dan lar said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေရှင့်...........

မိုးသောက်ယံ said...

သိပ်လှပတဲ့ အနုပညာနဲ့ တင်ဆက်မှုပါပဲ အကိုရေ ပညာယူ ရင်း ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေး ခဲ့ပါတယ် .. :)

Kay said...

အိမ်မက်ဆန်တဲ့ သရုပ်ဖော်ပန်းချီတွေ အပြည့်နဲ့ အိမ်မက်ဆန်ဆန် ဘ၀ ဖြတ်သန်းမူတွေ ကို ခံစားရင်း
အိမ်မက်အကြီးကြီး တခု ရဲ့ မွေးနေ့ မှာ- ဆုတောင်းပေးလိုက်ပါတယ်။
-အိမ်မက်လှလှ မက်ပါစေ-
း)

P.Ti said...

ကိုအောင်သာငယ်က တကယ့်အနုပညာရှင်ပါပဲ။ တကယ့်ကိုကောင်းတဲ့ စိတ်ကူးနဲ့ ဖန်တီးထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပါ။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလို့ သက်တော်ရာကျော် ရှည်ပါစေ...

အမချိုသင်းပြောတာမှန်တယ်ဆို မုန့်ကျွေးပေတော့ :P

မေ့သမီး said...

Bravo! အစ်ကိုရေ ကောင်းလိုက်တာလို့ပြောရမှာ တောင်အားနာတယ်။ ရေးထားတဲ့ကဗျာ၊ ပန်းချီပုံတွေနဲ့ ခေတ်သမိုင်းကိုမြင်ယောင်ပြီး အစ်ကိုဖြတ်သန်းလာတဲ့ ဘ၀အမောတွေကို ဝေမျှခံစား သွားပါတယ်။ မကြာခင်မှာ အမိမြေကို မိသားစုနဲ့အတူပြန်နိုင်ဖို့ အစ်ကိုနဲ့အတူဆုတောင်းပေးနေမယ်။
၄၅နှစ်ပြည့်မှ နှစ်ပေါင်းတာရှည် မိသားစုနဲ့ပျော်ရွှင်နိုင်ပါစေနော်။

အိန္ဒြာ said...

ဘာပြောရမှန်းမသိအောင်..အံသြမင်တက်သွားမိပါတယ်..။
ဒီလောက်ကဗျာဆန်ပြီး လှပတဲ့စိတ်ကူး..

အထပ်ထပ်...ပြန်ပြန်ဖတ်မိနေပါရော...

အကိုရေ
စာအုပ်ပါးပါးလေးနဲ့ ဖြစ်ဖြစ်..
အမှတ်တရ မှတ်တမ်းလေးလုပ်ထား သင့်တာသိလား...။

၄၅ နှစ်ကနေ...............
အင်း...
စိတ်တွေသွားရာကို ကိုယ်လည်းလွယ်လင့်တကူလိုက်ပါနိုင်တဲ့ကိုယ် ဖြစ်ပါစေ..။

MyowinZaw said...

အိုင်ဒီယာအရမ်းကောင်းတယ် အစ်ကို

Nyein Chan Aung said...

(၂၀၀၉)
၄၅ နှစ်မြောက် နွေဦးမှာ
အတောင်ပံပါလျက်
“Magritte”ရဲ့ “အိမ်အလွမ်း”နဲ့
မပျံသန်းနိုင်တဲ့ငှက်ဟာ
ကျနော်ပါပဲလေ
တစစီ တဖဲ့စီ
ပဲ့အက် ကြေကွဲနေခဲ့ပြီ။
(အောင်သာငယ်)

လေးစားတယ်ဗျာ။ ကိုအောင်သာငယ်ရဲ့ နိုင်ငံရေး အဆင့်အတန်းကို မိုးမခမှာ ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာတွေ့ခဲ့တယ်။ အခု အနုပညာအဆင့်အတန်းကို ဒီကဗျာတစ်ပုဒ်နဲ့ သက်သေပြလိုက်တာပါပဲ။ သိပ်ပြီးတော့ ပျော်ရွှင်စရာ မကောင်းနိုင်မှန်းသိပေမဲ့ လက်ကျန်ဘ၀ကို ၀ါသနာပါရာ အလုပ်တွေ လုပ်ရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြတ်သန်းနိုင်ပါစေလို့ ကျနော် အလေးအနက် ဆုတောင်းပေးပါတယ်။ မွေးနေ့မှသည် သက်ဆုံးတိုင် ရွှင်လန်းချမ်းမြေ့ပါစေ။

khin oo may said...

ချမ်းမြေ့ပါစေ

khin oo may said...

happy birthday.....17/o3/2009

ထင်တော့ထင်သားဘဲ အီမေး ကိုကြည့်ရင်းနဲ့အဓိပါယ်ဖော်နေတာ ကြာပြီ။

အိုင်လွယ်ပန် said...

ကောင်းလိုက်တာအစ်ကိုရာ ...

ကောင်းကင်ပြာ said...

Happy Birthday ပါ အကို အောင်သာငယ်၊ ပျော်ရွှင်စ၇ာ မွေးနေ့လေး ဖြစ်ပါစေရှင်

ကိုအောင်(ပျူနိုင်ငံ) said...

Happy Birthday ပါ အကိုကြီးရေ၊ အသက် ၄၅ မှ
အသက် ရာကျော်၊ ထောင်ကျော် ရှည်ပါစေလို့ ဆုတောင်း ပါတယ် အကို။

မီယာ said...

Happy birthday Ko ATN!
အသက်ရာကျော်ရှည်ပါစေ...

အမည်မဲ့ said...

ကျွန်တော်ရောက်တယ်ဗျာ...၄၅နှစ်မြောက်မွေးနေ့ပို့စ်မှာ .. ၂၅ယောက်မြောက် ကျွန်တော်ရေးလိုက်ပါတယ် .. ....(((((((((လှလိုက်တာ)))))))))))
နောက်ထပ် ၂၀ယောက်ဆက်ရေးပါလိမ့်မယ် .. . ...

surrealisms ပန်းချီတွေလည်း ကြိုက်တယ်ဗျာ..... ပြောစရာမရှိအောင်လှတယ်.....

khin oo may said...

ရေလိုအေး၍ ပန်းလိုလန်းပါစေ
ကျန်းမာပါစေ. ချမ်းသာပါစေ

khin oo may said...

happy birthday ..

ကိုရင်နော်ခင်လေးငယ် said...

ကဗျာဆန်လှတဲ့ ကဗျာတပုဒ်ရဲ့ အတ္ထုပ္ပတ္တိကို အခေါက်ခေါက်ပြန်ဖတ်နေမိတယ်....
မွေးနေ့မှာ ကိုယ်စိတ်ကျန်းမာ ပျော်ရွှင်ပါစေလို့..

နှင်းတစကို ပွေ့ဖက်ရင်း
ကြယ်ပြာတစင်းရဲ့ မနက်ခင်းတွေနဲ့အတူ
ဘဝအမောတွေ ပြေနိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

မောင်မျိုး said...

အန်ကယ့် မွေးနေ့က ဒီနေ့မှမို့ လာပွက်တာ ၄၅ လို့မထင်ရအောင် အတွေးကော စိတ်ပါ အမြဲလန်းဆန်းနေတတ်တဲ့ ကျနော့်အန်ကယ်သက်တော်ရာကျော်ရှည်ပြီး ပျော်စရာမိသားစုလေးနဲ့ အမြဲရှိနေနိုင်ပါစေလို့ ။

“(၂၀၀၉)
၄၅ နှစ်မြောက် နွေဦးမှာ
အတောင်ပံပါလျက်
“Magritte”ရဲ့ “အိမ်အလွမ်း”နဲ့
မပျံသန်းနိုင်တဲ့ငှက်ဟာ
ကျနော်ပါပဲလေ
တစစီ တဖဲ့စီ
ပဲ့အက် ကြေကွဲနေခဲ့ပြီး”

ဒီဒဏ်ရာက မပျောက်နိုင်ပေမယ့် အန်ကယ်ဆေးရှာတွေ့နိုင်ပါစေဗျာ ။

မမသီရိ said...

သူဟာ..
ဟိုတစ်ချိန်ခါတုန်းကတော့..
ကောင်းကင်မေမေရဲ့
တောက်ပတဲ့ ကြယ်လေးတစ်ပွင့်..

ခုများတော့လဲ..
သူကိုယ်တိုင်..
ကြယ်ကလေးတွေကိုထွေးပွေ့ထားတဲ့
ကောင်းကင်ပြာကြီး လေ....။

သူဟာ..ဟို တစ်ချိန်တစ်ခါတုန်းကတော့..
ယုံကြည်ချက်တွေအတွက်
သူချစ်တဲ့ အမေ့ကိုခွဲ
အလင်းတွေထဲ ရဲရဲကြီး ပြေးဝင်..
အသွင် အသစ် စာမျက်နှာတွေဖွင့်ဘို့ အတွက်...
ဒေါနရဲ့ရင်ငွေ့ကို လှုံ
သောင်ရင်းရဲ့ ရေကြည်ကိုသောက်ခဲ့တဲ့
ဲ့ဇာမဏီငှက်ကလေး တစ်ကောင်..

ခုများတော့လဲ..
ဟိုးအမြင့်တစ်နေရာဆီ
ပျံသန်းဘို့ရာ
အစွမ်းကုန်အားယူနေတဲ့
(ဘယ်တော့မှ မသေဆုံးနိုင်တဲ့)
ဖီးနစ်ငှက် တစ်ကောင်ပေါ့..............။

သူဟာ..
သူ့တိုင်းပြည်ကလေးက
သစ်မြစ်ကလေးတွေကိုတောင်ချစ်တယ်
သူ့အမေကိုချစ်တယ်
ကဗျာတွေကို ချစ်တယ်..
ဂီတ ကိုချစ်တယ်
သံစဉ်တွေကို ချစ်တယ်
မိုးကောင်းကင်ကြီးကိုချစ်တယ်
ပင်လယ်ပြာပြာ ကို ချစ်တယ်
တောင်တန်းတွေကို ချစ်တယ်..
လပြည့်ညကို ချစ်တယ်
နီရူဒါကို ချစ်တယ်..
နီရူဒါရဲ့ ကဗျာတွေကို ချစ်တယ်
လွတ်လပ်မှု ကိုချစ်တယ်..
သူ့ငှက်ကလေးတွေကိုချစ်တယ်
ပြီးတော့...
နှင်း.... ကိုချစ်တယ်.......။

သူ့ရင်ထဲမှာ
ကဗျာတွေနဲ့ နူးညံ့နေတဲ့
နှလုံးသား တစုံ ရှိတယ်..
အမှန်တရား ကိုမြတ်နိုးတဲ့
နှလုံးသား တစုံ ရှိတယ်
ထိရှကြေကွဲ လွယ်တဲ့
နှလုံးသား တစုံရှိတယ်
ဂီတ သံစဉ်တွေဖွဲ့ သီနေတဲ့
နှလုံးသား တစုံရှိတယ်..
.........

ဇာမဏီငှက် ကလေးရေ..
မွေးနေ့ပေါင်းများ စွာ ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေကြောင်း..
ဆုမွန်ချွေ တောင်း လိုက်ပါရဲ့...

နှစ်ပေါင်း ရာချီ တဲ့ တိုင်......။

၁၇.၃.၂၀၀၉ မှာ ကျရောက်တဲ့ အကို အောင်သာငယ် ရဲ့ မွေးနေ့ မင်္ဂလာမှ သည် မွေးနေ့ပေါင်းများစွာကို အကို ချစ်သော ငှက်ကလေးများ၊ အကိုချစ်သော နှင်း နဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါစေ..။ အကိုချစ်သော မိသားစု နဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ပါစေ..။

Welcome said...

ပျော်ရွှင်တဲ့ မွေးနေ့ဖြစ်ပါစေ ..
ဖန်တီးမှု အားလုံးအတွက်
ရင်သပ်ရှုမော ဖြစ်ရပါတယ်။

နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး အမြန်ဆုံဆည်း နိုင်စေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

လေးစားလျက်

Anonymous said...

Hi my senior CO ကြီး...

အင်း.. မွေးနေ့ ရောက်တိုင်း သတိယရမယ့်သူ တယောက် တိုးရော့မယ်။ ရင်ခုန်လှုပ်ရှားဖွယ် နှစ်သစ်ဖြစ်ပါစေဗျား ။

ငယ်ငယ်က အိမ်ရှေ့ ပုဂ္ဂလိကသားဖွါးခန်းက ကရင်မကြီးသမီးလေးငယ်ငယ် ချစ်စဖွယ်လေးနဲ့ မွေးနေ့ တူတာ သတိယမိတယ်။ အခုတော့ ကလေးမလေး ဘယ်ဆီဘယ်ဝယ် ရောက်နေရှာပြီ မသိနိုင်တော့ပြီ.. ကံမကုန်ရင်တော့ ပြန်ဆုံတွေ့ ရ နိုင်ဖွယ်ရှိမယ် ထင်ရတာပဲလေ။

စီနီယာကြီးကလည်းဗျာ..။ ဘယ့်နှယ် မွေးနေ့ မှာ ဖြတ်ခဲ့တဲ့ဘ၀ကို ခြင်္သေ့လည်ပြန် ပြန်ကြည့်ပြီး ကာရန် ပြန်ညှိချင်နေရတာတုန်း။ အဲဒါတွေသည် အလွန် စိတ်လှုပ်ရှား တက်ကြွ ရင်ခုန်ဖွယ်ရာ လူသားကောင်း တယောက်ရဲ့  အညတရသမိုင်းကာလများ မဟုတ်လေသလော ။ ငါတို့  ခြင်္သေ့များဖြစ်ခဲ့ကြသည် မဟုတ်လေသလော ။ ယုံကြည်ချက်အတိုင်း ဖြတ်ခဲ့ကြသည် ဖြတ်နေကြဆဲ မဟုတ်လေသလော အကိုတော်....

စီနီယာကြီးသည် အရွယ်လွန်ပြီ လုံးဝမဟုတ်ချေသေး။ လူငယ်မောင်အိုဗားမားထက်ပင် အသင်သုံးနှစ် ငယ်ချေသေးသည်လေ။ လူ့ ဘ၀၏ စိတ်အား ရုပ်အား အကောင်းဆုံး အတက်ကြွဆုံးအရွယ် ရောက်နေပြီ။ မကြေကွဲလေနှင့်ဦး။ အိမ်အလွမ်းမဝေလေနှင့်ဦး။

ငါတို့ တူရာစုပြီး တက်ကုန်ရွက်ကုန် လှော်ခတ်ရဦးမည်။ ငါတို့ ရွက်လွှင့်ရဦးမည်။ ဒီမိုးသက်မုန်တိုင်းသည် ငါတို့ အတွက် ပျင်းတောင်ပျင်းသေးသည်။ ဒီလိုပွဲမျိုးနွဲပြီး ငရဲရောက်ရမည်ဆိုလည်း ငါတို့ ပျော်ပျော်ကြီးသွားမည်။

လိုက်မယ်မဟုတ်လား အိုးမိုင်စီနီယာ စီအိုကြီး....

သင်၏ဂျူနီယာ

အောင်သာငယ် said...

ညီမချိုသင်း - ဆုတောင်းအတွက် ကျေးဇူးပါ။ မတ်လဖွားတွေက သဘောကောင်းပါတယ်။ အပူဒဏ်ကိုလည်း ခံရတယ်...း(

မနော်၊ ညီမမေ၊ တောရိုင်းနှင်းဆီ၊ ညီမ သက်ဝေ၊ ကိုဂင်၊ ညီမ မကြေးမုံ၊ ညီငယ် ညိမ်းညို၊ ညီ လင်းဒီပ၊ ညီမ ဆင်ဒဏ်လား၊ ညီ မိုးသောက်ယံ၊ ညီမ ကေ၊ ကိုပီတိ၊ ညီမမေ့သမီး၊ ညီမ အိန္ဒြာ၊ ညီ မျိုးဝင်းဇော်၊ ညီ ငြိမ်းချမ်းအောင်၊ မခင်ဦးမေ၊ ညီ အိုင်လွယ်ပန်၊ ညီမ ကောင်းကင်ပြာ၊ ညီ ကိုအောင်၊ ညီမမီယာ၊ ကိုအမည်မဲ့၊ ကိုရင်နဲ့ မခင်လေး၊ တူမောင်မျိုး၊ ညီမ သီရိ၊ ကိုဝင်းဇော် - ညီတွေ ညီမတွေအားလုံး မင်္ဂလာပါ။ ဆုတောင်းတွေအတွက် ကျေးဇူးပါ။

ညီတော် ဂျူနီယာ - ညီတော် ပြောတာ မှန်ပါတယ်။ အတူသွားကြတာပေါ့ညီရာ.. ဆုတောင်း အတွက်လည်း ကျေးဇူးပါ ညီရေ့...

ညီအကိုများ said...

အကိုရေ လေးစားတယ်ဗျာ..
ကဗျာတွေ..လျှောက်ခဲ့ရတဲ့လမ်းတွေ..
အရမ်းကောင်းတဲ့စိတ်ကူးလေးပါဗျာ...

ခင်မင်လေးစားလျက်
မိုးကြယ်

mgngal said...

အံ့သြလောက်စရာ တင်ဆက်မှု ပါ ။ လေးစားပါတယ် ကိုအောင်သာငယ် ။

mysterysnow said...

အကိုရေ
creation, idea,
ဘာမှကို ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့
ဘဝဒိုင်ယာရီ ကဗျာလေးကို လေးစားစွာနဲ့ ဖတ်သွားပါတယ်။

မွေးနေ့အမှတ်တရ ကဗျာလေး ကနေ ပြီးပြည့်စုံတဲ့ ဘဝတစ်ခု ပိုင်ဆိုင်စေဖို့ ကိုယ်ရောစိတ်ပါ ပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ် အကို..

m a w k o e said...

နောက် ၄ ရက်ဆို မြန်မာပြည်ပြန်ဖြစ်တော့မယ်ဗျာ ခင်ဗျား Blog ကိုတော့သတိရနေမှာပါ (အထူးသဖြင့် ကဗျာ နဲ့ သီချင်းကဏ္ဍ) ဟိုမှာတော့အင်တာနက်သုံးရတာ သိတဲ့အတိုင်းပဲလေ
စကားမစပ် ကျွန်တော်လည်း 64 born ပဲဗျ ကျွန်တော် က မေလ။

tin min htet said...

အကိုရေ ..
ခုမှ ဖတ်ဖူးတယ်။ တကယ်ကို ကောင်းတဲ့ တင်ဆက်မှုပါပဲ။ စာအုပ်လိုမျိုး ကဗျာ တဖက် စာတဖက် ဆိုရင် ပိုတောင်လှဦးမယ်။

Dali နဲ့ Magritte ကလည်း ကျွန်တော့် အကြိုက်ဆုံး ပန်းချီဆရာတွေ။