Jul 28, 2011

နှစ်ဆယ့် သုံးနှစ်တောင် ရှိခဲ့ပြီကော နှင်းရေ့...


ကိုယ်ပိုင် ကားက မရှိတော့ပြီဆိုတော့ကာ ဘယ်သွားသွား... နီးရင် လမ်းလျှောက်... ဝေးရင် ဘတ်စ် စီး... သည်လိုနဲ့ပဲ ဘ၀ခရီး ဆက်နေရသပေါ့လေ...း) သည်နေ့တော့ ရှေ့လာမယ့် တပတ်စာအတွက် စားဖို့ သောက်ဖို့တွေကို လမ်းလျှောက်ပြီး သွားဝယ်ရတယ်... တော်ပါသးတယ် SafeWay ဆိုတဲ့ စတိုးတခုက အနားမှာ ရှိလို့... အရင်ကတော့ အလုပ်က ပြန်လာတိုင်း အဲမှာ ဆင်းဆင်းပြီး ၀ယ်ဖြစ်တယ်... ကြာလာတော့ ခဏခဏ မ၀ယ်ချင်တော့တာနဲ့ တပတ်စာ တခါတည်း ၀ယ်မယ်ဆိုပြီး ၀ယ်မိပါရော... ပြီးတော့မှ ကျွတ်ကျွတ်အိပ်ပေါင်းစုံနဲ့ ကိုးယိုးကားယားကြီးဖြစ်လို့... စိတ်ညစ်သွားတယ်... ခုတော့ ပစ္စည်းတွေကို အများကြီးလည်း မသယ်နိုင်... ခဏခဏလည်း မ၀ယ်နိုင်... သည်တော့ သည် တပတ်အတွက်ကတော့ သယ်နိုင်သလောက် ၀ယ်ပြီး ကျောပိုးအိတ်နဲ့ တချို့ထည့် တချို့ကို လက်ကဆွဲ... အိမ်ပြန်ရောက်တော့ လျှာထွက်နေပြီ... အလေးအပင်တွေ မသယ်မပိုးတာကလည်း ၁၅ နှစ်လောက်ရှိပြီဆိုတော့... လက်တွေနာ... ပုခုံးတွေနာနဲ့... ခဏထိုင်နားနေရင်း... ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က... အဲလို လက်တွေနာ ပုခုံးတွေနာခဲ့ဖူးတဲ့ နေ့ တရက်ကို... ပြန် သတိရသွားမှ... ထခုန်မိမတတ် ဖြစ်သွားတယ်...

ကြည့်စမ်း ၂၃ နှစ်တောင် ရှိခဲ့ပါပကောလား...
ဟုတ်တယ်...
ရှေ့လ ၈ ရက်ဆို ၂၃ နှစ် ပြည့်ပြီပေါ့... နှင်း...

အထူး စစ်သင်တန်း တခုကို တက်နေချိန်တုန်းကပါ... တနေ့တော့ တခြား ရဲဘော် တဦးနဲ့ အတူ မနက် ၂ နာရီကနေ ၄ နာရီ ကင်းရှည် တာဝန်ကျတယ်... အိပ်လို့ကောင်းနေတုန်း အချိန်ကြီး... မနက် ၁ နာရီ ၄၀ လောက်မှာ... ကင်းမှူးက လာနှိုးပြီး ကင်းချိန်းဖို့ လွှတ်လိုက်တယ်... သင်တန်းကလည်း တက်နေတုန်းဆိုတော့... မနက် ၅ နာရီ ကနေ ညနေ ၆ နာရီ တန်းဖြုတ်ချိန်ထိ... တနေကုန် ပြေးလွှားလှုပ်ရှားထားတဲ့ ခန္ဓာကိုယ်ဟာ... ဘယ်လိုနေမလဲ-စဉ်းစားသာကြည့်... အိပ်ရေးကလည်း မ၀... ခန္ဓာကိုယ်တခုလုံးကလည်း လေးလံနာကျင်ကိုက်ခဲ... ကင်းထိုင်တဲ့ ကတုပ်ကျင်းထဲရောက်တော့ ဇန်န၀ါရီနှင်းတွေကလဲ သည်းလို့... ဘာပြောကောင်းမလဲ... ကင်းအတူကျတဲ့ ရဲဘော်နဲ့... ၂ ယောက် အတူ စက်တော် ခေါ်ပစ်လိုက်ကြတာ... နောက်ကင်းချိန်းနဲ့ လိုက်လာတဲ့ ကင်းမှူး အတင်းလှုပ်နှိုးမှ မျက်စေ့ ပွင့်ကြတော့တယ်... စဉ်းစားသာ ကြည့်ပေတော့... မနက်မိုးလင်း ကင်းရှည်ဟာ... စစ်ရေးမှာ အရေးအကြီးဆုံး... ရန်သူသာ ဆိုရင် ကိုယ်တို့ ၂ ယောက်ကို နှစ်ခေါင်း ညှစ်ပြီး သတ်သွားလောက်ပြီ...း)) ကင်းမှူးကတော့ ပြစ်ဒဏ်ကျ စာရင်းထဲ ထည့်လိုက်တယ်... ညနေ တန်းဖြုတ်မှ ပြစ်ဒဏ် ခံရမယ်-ဆိုတော့ တော်ပါသေးရဲ့လို့ တွေးနေမိတယ်...း) ကင်းလဲတော့ မနက် ၄ နာရီ တန်းစီချိန်က မနက် ၅ နာရီ ဆိုတော့... ပြန်အိပ်လို့ကလည်း မဖြစ်တော့ဘူး-ဆိုပြီး စစ်ရေးပြကွင်းနားမှာ ဆေးလိပ်ထိုင်သောက်... ထုံးစံအတိုင်း ပေါက်ကရ ရီစရာတွေ ပြော... ဟော... နောက်တော့... မနက် ၅ နာရီ တန်းစီ... ပီတီ ပြေး... စစ်ရေးပြ... လက်နက်ငယ်... လက်နက်ကြီး... ဖောက်ခွဲရေး... မြေပုံ... မဟာဗျူဟာ... နည်းဗျူဟာ... တောတွင်း ရှင်သန်ရေး... အရေးပေါ်သူနာပြု... အို... စုံတကာ့ကို စုံလို့... ညနေ ၆ နာရီ တန်းဖြုတ်ချိန်ကုန်တော့... မနက်က ကင်းအိပ်တဲ့ ကိုယ်တို့ ၂ ယောက်ကို... ကင်းမှူးက တာဝန်မှူး လက်ထဲ အပ်လိုက်ပါတယ်... (နေရောင် တောင်စွယ်မှာကွယ်ပြီလေ... ကိုယ်တို့ ၂ ယောက် အားငယ်နေကြပုံများ... ညည်းကို ပြချင်တယ်... နှင်း...း))

(လာခဲ့ကြ... ကာလနဂါးကြီးများ...)- ဆိုတဲ့ တာဝန်မှူးကြီးရဲ့စကားကို ကိုယ်တို့ ၂ ယောက်က စပ်ဖြီးဖြီးကြီးတွေ ရီမိကြပါတယ်... (မင်းတို့ ၂ ကောင်ကို... ဒဏ်မပေးပါဘူး... စစ်ကြောင်းက လက်ဆောင် ၃ ခုစီပဲ ပေးမှာပါ... ဒါပေမယ့် ခု ငါ့ လက်ဆောင်လေးတခုတော့ ပေးပါရစေဦး...)-ဆိုတာနဲ့ (ဟုတ်... ဗိုလ်ကြီး...) - ပါပေါ့ ၂ ယောက် ပြိုင်တူ အော်နေတုန်း... ဗြုံးဆို တယောက်တချက်စီ အလစ် ဇက်ပိုးအုပ်တာ ခံလိုက်ရတယ်... လူတွေလည်း ပူထူသွား... (ခု ဇက်ပိုးအုပ်လိုက်သလိုပဲ... စစ်မှာ အလစ်အငိုက် ဆိုတာ ရှိတယ်... မင်းတို့ထိုင်တဲ့ ကင်းရှည်ဟာ စစ်မှာ လက်ဦးမှုယူပြီး အလစ်အငိုက် တိုက်တဲ့ အချိန်... ဒါဟာ သင်တန်းပေမယ့် လက်တွေ့ စစ်မြေပြင်လို လေးလေးနက်နက် တာဝန်ယူအောင် လေ့ကျင့်ပေးနေတာ... စစ်မြေပြင်မှာ မင်းတို့ ကင်းအိပ်နေလို့ ရှိရင် ရန်သူကအလွယ်တကူ သတ်သွားမယ်... ထိုးထားတဲ့ ကင်းရှည်ကို ရန်သူက ရှင်းပြီးမှတော့ စစ်ကြောင်းတကြောင်းလုံးကို အလစ်အငိုက် ရသွားပြီဆိုတော့ မင်းတို့ရဲ့ ကင်းအိပ်မှုဟာ တာဝန် ဘယ်လောက် ပေါ့လျော့သလဲ ဆိုတာ စဉ်းစားကြည့်ကြစမ်း... ) ဆိုတဲ့ သူ့စကားနောက်မှာ... (ဟုတ်.... ဗိုလ်ကြီး...) လို့ ပြောတဲ့ ကိုယ်တို့ ၂ ယောက်ကို ကျောပိုးအိတ် တလုံး... လက်ဆွဲ သံသေတ္တာ ၂ လုံးစီ ပေးပါတယ်... ပြစ်ဒဏ်က သိပ် မခက်ပါဘူး... အဲသည် ကျောပိုးအိတ်ကလေးကိုလွယ်... သံသေတ္တာလေး ၂ လုံးကို ဆွဲပြီး စစ်ရေးပြကွင်းကို ၁၅ မိနစ် ပတ်ပြေးရမှာပါ...း)))

ဒါနဲ့ ကျောပိုးအိတ်ကလေးကို ကောက်မလိုက်တော့... ဒင်းက တော်ရုံနဲ့ ကြွပါမလာဘူး... ဒါနဲ့ ကျောပိုးအိတ်အဖုံးလေး အသာလှပ်ကြည့်လိုက်တော့ အထဲမှာ သဲတွေအပြည့်ဗျား...း(
တတ်နိုင်ဘူးလေ... ကင်းအိတ်ထားမိမှတော့ လွယ်ရတော့မှာပေါ့ဆိုပြီး အတွင်းအားအကုန်သုံးပြီးမလို့ လွှဲလွယ်ပစ်လိုက်တော့ ကျောပေါ်ရောက်သွားတယ်... ပုခုံး ၂ ဖက်ကတော့ အိ-ကနဲ ကျသွားလေရဲ့...

ဒါနဲ့ နောက် သံပုံးလေးတခုကို အသာမကြည့်တော့ အဲသည့် ဘသားချောကလည်း မကြွဘူး... ဒါနဲ့ အဖုံးဖွင့်ကြည့်လိုက်တော့ အထဲမှာ ၇.၆၂ မမ စက်လတ်ကျည်တွဲက သေတ္တာ အပြည့်...း( အဲကျည်တွဲလေးတွေ သံသေတ္တာထဲ ယှဉ်တွဲ အိပ်နေကြပုံက မိခင်နဲ့ ကလေး ဆေးရုံမှာ မွေးကာစ ကလေးလေးတွေ တန်းစီ အိပ်နေကြသလိုမျိုးလေး... သူတို့ ဘာမှ အပြစ် မရှိသလိုလို... သူတို့က မပေါက်ကွဲ တတ် သလိုလို... လူမသတ်တတ်သလိုလို... (ကြုံတုန်း ကဗျာဆန်ဆန်တွေးကြည့်မိရင်း...) အင်း...
ငါတော့ ဘ၀ပျက်ပြီလို့... စိတ်ထဲ စဉ်းစားပြီး ကိုယ့်ကိုယ်ကို သနားလိုက်မိတာ အော်တောင် ငိုချင်တယ်...

(အိုး... ပျက်လက်စနဲ့တော့ မထူးပါဘူး...) လို့ တွေးပြီး နောက် သံသေတ္တာ တလုံးကို ဖွင့်ကြည့်တော့... အထဲမှာ နာနတ်သီးတွေရော... ပန်းသီးတွေရော... မင်းဂွတ်သီးတွေရော... သံပုရာသီးတွေရော... စုံတကာ့ကို နှံ့လို့... Produce Department တွေက လုပ်တတ်တဲ့... Fruit Medley တွေ ကျနေတာပဲ...း)) (စားဖို့ သစ်သီးတွေ မဟုတ်ဘူးနော်... လက်ပစ်ဗုံးတွေ... အရွယ်စုံ... အမျိုးအစားစုံ... ) ကဲ... သေရောဗျာ... သည်တခါမှ ကိုယ်မသေရင် နောက် ဘယ်တော့မှ သေဖြစ်မှာ မဟုတ်ဘူး...
ကင်းအတူ အိပ်တဲ့ ရဲဘော်ကိုကြည့်လိုက်တော့လည်း မျက်နှာလေး ရှုံ့မဲ့လို့... သူ့ ပုံးထဲမလဲ ကိုယ်နဲ့ သိပ်ကွာပုံမရပါဘူး...

ကဲ... ၀ီစီသံ စကြားတာနဲ့ ကျောပိုးအိတ်တနင့်တပိုးကြီးကို လွယ်ထားတဲ့ ကိုယ်ခန္ဓာက လက်နှစ်ဖက်နဲ့ သံပုံး ၂ ပုံးကို စမလိုက်တာနဲ့ လူတကိုယ်လုံးက ကိုင်း ညွှတ်ကျသွားတော့တာ... ဟိုအကောင်တွေနဲ့တောင် တူသွားမယ် ထင်တယ်... (လမ်းလျှောက်ရင် ခြေထောက်နဲ့ လျှောက်ပေမယ့်... ကိုယ်ခန္ဓာက ကိုင်းကိုင်း... အကောင်က မဲမဲ... လက် ၂ ဖက်ကလည်း မြေကြီးကို လက်ခုံနဲ့ ထောက်ထောက် ထားတတ်တဲ့ အကောင်ကွာ... ကိုယ် မေ့နေလို့... သူ့နံမည်က... ချန်ပီယံ-ဆိုလား ဘာလား...း))

ထားပါတော့... အဲသလိုနဲ့ ၂ ယောက်သား ပြေးကြရတော့တာပဲ... တာဝန်မှူးကလည်း တချိန်လုံး ၀ီစီ တရွှီးရွှီး မှုတ်ပြီး အားပေးနေသေးတယ်...း((
အမှန်က ကိုယ်တွေက ပြေးနေတာမဟုတ်ဘူး... စစ်ရေးပြကွင်းက သဲတွေကို ခြေထောက် ၂ ချောင်းနဲ့ ယက်ထုတ်ပြီး ရှေ့ကို သွားနေရတာ... ယက်ကန်ယက်ကန်နဲ့ ပြေးသလိုဖြစ်နေရတာ... ၁၅ မိနစ် ပြည့်သွားတော့... မျက်လုံးတွေလည်း ပြာနေပြီ... လက်တွေလည်း နာနေပြီ...ခန္ဓာကိုယ်ထဲမှာလည်း အသက်က ရှိနေရုံလေးပဲ ရှိတော့တယ်... အလံတိုင်နားမှာ ၂ ယောက်သား ပစ်လဲ-လို့...

အို... အဲသည်ညကတော့ ထမင်းစားလို့ ကောင်းသလားတော့ မေးမနေနဲ့.... နှင်းရေ့...

(ကင်းအတူ အိပ်ခဲ့ဖူးသော ရဲဘော်-ဇော်ဝင်း-သို့ ရှစ်လေးလုံး အရေးတော်ပုံ ၂၃ နှစ်မြောက် အမှတ်တရ)

atn

Jul 27, 2011

မာရီယာနှင့် နောက်ဆုံး ညစာ...





















အစကတည်းကိုက တောင်တွေကို ဖြိုချလို့ မရမှန်း သိခဲ့ရင်
ခါချဉ်ကောင် မာန်ကြီးပါ့မလား... မာရီယာ...

ဖြစ်ချင်လာပါတော့လည်း... ငါက ခါချဉ်ကောင် မဟုတ်...
နင်ကလည်း တောင် တလုံး မဟုတ်ပေါ့... မာရီယာ...

နင့် အမည်ကိုတောင်
မာယာ တထောင် သိမ်းဆောင်ထားတာကို ငါက ရီချင်လွန်းလို့
မာရီယာ-လို့ အမည်ပေး...

ရှိသမျှလေးနဲ့ ရောင့်ရဲလိုက်ပါ မာရီယာ...
လူတကာရဲ့ အထင်ကြီးမှု-သေးမှုများထဲမှာ
ဆက်လက် ကူးခပ်သွားပါ မာရီယာ...
မသေမချင်း... အခက်ဒမစ်-မင်း များနဲ့ ဆက်ချစ်သွားပါ မာရီယာ...
စကော်လာများနဲ့ ဘလော်ဂါ ဒေါ့ကွန်းမှာ အလွမ်းသင့်ပါ မာရီယာ...
ဗမာကဗျာကို ဘိုလိုရေးသူများအား အားပေးပါ မာရီယာ...
ဗမာ့ကဗျာ ကမ္ဘာကျော်စေရမည်လို့ အော်ချင်ရင်အော်ပါ...
ငါကတော့ ဘယ်သော အခါမျှ... ကိုယ်က ချစ်ရတဲ့သူ မဖြစ်ချင်ပါ...
ကဗျာတွေကို ပြောပါတယ်... မာရီယာ...
နင့်ကို ငါ မချစ်ပါဘူး... ကဗျာတွေကိုပဲ ချစ်တာပါ...
နင်ကသာ ငါ့ တယောက်တည်းကိုပဲ ချစ်တာပါ...
သည် အချစ်စစ်ပွဲမှာ ... ငါနိုင်တယ် မာရီယာ...
အချစ်စစ်ပွဲ ဆိုတာ...
ချစ်တဲ့သူက ရှုံးကြေးပဲ... အဲလို... အဲလို...
နင် အော်ငိုပါ... မာရီယာ...

တခုပဲ ပြောစရာရှိတယ်... မာရီယာ...
ကိုယ့်ကိုယ်ကို မသိမှုထဲမှာ အနုပဋိလောမကို ဒေါသ ထွက်နေစရာမလို...
ယုံကြည်ကိုးကွယ်မှု တခုအတွက် ဗုဒ္ဓကို ရှုတ်ချစရာမလို...
ခရစ်ယာန်တွေကို အပြစ်တင်ရန်မလို....
ညည်း သိပါတယ် မာရီယာ...

ဟောသည့် လောကကြီးကိုက
ကိုယ်တယောက်ကလွဲရင်
သူတပါး သန်းထောင်ချီနဲ့ အတူ
လိုက်ပါ ငိုကြွေး ရီမောနေရသော
လောဘ ဒေါသ သောက မောဟ အဟောဝတ ပြောပြမဆုံးသော ကမ္ဘာ...

ဘုရားသခင်ဟာ နင့်ကို ကယ်တင်မှာ မဟုတ်ဘူး...
နင်ဘာသာ နင့်ကိုယ်ကို နင် ကယ်တင်ရမှာ... မာရီယာ...

ဟောသည့် ညမှာ...
ငါဟာ...
ဒါ...
နင်နဲ့ နောက်ဆုံး ညစာ စားခြင်းပဲ... မာရီယာ...

နင်ဟာ... အစကတည်းကိုက ငါ့ညီမလေးပဲ...
အဆုံးသပ်နိဂုံးမှာလည်း နင်ဟာ ငါ့ ညီမကလေးပဲ ဖြစ်နေတယ်...

နင့်ကို ငါ မကယ်တင်နိုင်ခြင်း တခုကိုပဲ
ငါ ၀မ်းနည်းပါတယ် မာရီယာ...

နင့် ဘုရားသခင်
နင့်ကို ကယ်တင်ပါစေ...
အာမင်...

atn

Jul 24, 2011

မေမေ့ကိုပဲ သတင်းကောင်းပါးလိုက်ပါရဲ့...











စာမျက်နှာ တခု လွင့်ထွက်ကျသွားသလို နေ့တရွက် ဘ၀စာအုပ်ထဲက ပြုတ်ထွက်ကျ...
ကျနော်ကလည်း စိတ်လိုလက်ရ လိုက်ကောက်မနေချင်တော့ဘူး...
ကျပျောက်ချင်သလောက်သာ ကျပျောက်ကြပေတော့...
ကျနော့် စာအုပ်ထဲက စာမျက်နှာတချို့...
ကျနော်ကိုယ်တိုင် ဖြဲဆုတ်လွှင့်ပစ် မီးရှို့ပစ်ချင်နေ...
သူ့ မျက်လုံးနဲ့ အပြုံးတွေကို စာအုပ်အဖုံး မလုပ်နိုင်သေးသမျှ ကျနော် ရှုံးနေသေးတာပဲ...
မေမေ့ကို ပြောပြစရာ စကားလုံးတချို့ ရှိခဲ့တယ်...
အချစ်-ဆိုတာ အစာအိမ်ထဲမှာ မနေဘူး...
အချစ်-ဆိုတာ သူနဲ့ ကျနော့် နှလုံးသားထဲမှာပဲနေတယ်...
ဟုတ်ပါသလား မေမေ...
မဖြေချင်ရင်လည်း မဖြေပါနဲ့...
သူနဲ့ ကျနော်ကတော့ ကမ်းခြေတလျောက် လမ်းလျှောက်ထွက်ခဲ့ပြီ...
ဒုက္ခနဲ့သုခ အမည်ရသော ခရုခွံများကိုသာ ကျနော်တို့ နှစ်ယောက် လိုက်ကောက်ကြမလို့ပါ...
ကျနော်တို့ ပျော်ကြပါတယ် မေမေ...
အခြားအရာတွေကို ကျနော်တို့ နှစ်ယောက် ပြုမူဆောင်ရွက်မှာ မဟုတ်ဘူး...
ကျနော့်ကို သူ့ချစ်ခြင်းမှာ လိပ်ပြာရောင်စုံပျံသန်းနေတဲ့ ပန်းချီကားတချပ် ကျနော်ရတယ် မေမေ...
သူ့ကို ကျနော့် ချစ်ခြင်းမှာ သီချင်းတပုဒ်... သူကတော့ ခပ် အုပ်အုပ်ကလေး ရီမောလို့...
သက်တံ တစင်းကို ကျနော်တို့ ချစ်ခြင်းနဲ့ပဲ ချော့သိပ်လိုက်တယ်...
သဲမြေမွမွပေါ်မှာ နှစ်ယောက်အတူ ခြေရာ မချရသေးတဲ့ သောင်ကမ်းကို
ကျနော်တို့ နှစ်ယောက်အတူ ထမ်းထားတယ် မေမေ...
သူ့လက်သူကြွယ်မှာ လက်စွပ်တကွင်း ကျနော်ကိုယ်တိုင် အပ်နှင်းပြီးတဲ့အခါ
အဲသည် သောင်ကမ်းမှာ ကျနော်တို့ ဟန်းနီးမွန်းထွက်မယ်...
ကြယ်တွေ စုံလက်... လထွက်ည... ပက်ပက်စက်စက် လှပနေမှာပေါ့... မေမေ...
အဲသည့်ညမှာ သူပြုံးနေမယ့်အကြောင်း... မေမေ့ကိုပဲ သတင်းကောင်းပါးလိုက်ပါရဲ့...

atn

Jul 12, 2011

ထိုးစစ်ဆင်ရဦးမည့် မြို့...


သူနှင့်ကျနော်... နှစ်ယောက်သာ... ပျော်ရွှင် နေထိုင်နိုင်သော... မြို့ကလေးတမြို့ကို ...
ကျနော်တို့ နှစ်ယောက်... သိမ်းပိုက်ရပါဦးမည်...
ထိုမြို့ကို... သွေးထွက် သံယို အမှုများ... မရှိပဲ... အေးချမ်း ငြိမ်သက်စွာ... သိမ်းပိုက်ပြီးသောအခါ...
ပြာလဲ့ညိုရီနေသော... မိုးကောင်းကင်ကို... နောက်ခံထားလျင်... ကောင်းမည်လား....
ကျနော်ကတော့... သိပ်ပြီး... ၀ီစိကိစ္စ... မများမြောင်လှသူပါ...
သူကလည်း သိပ်... စိတ်ရှည်သူ... မဟုတ်ပါ...
ထိုအခါ... ကျနော်တို့ နှစ်ယောက်... အောင်မြေနင်းသောနေ့တွင်... တံပိုး ခရာများ... တီးမှုတ်မည် မဟုတ်ပါ...
ထိုနေ့တွင်... မနက်ခင်း နေရောင် နွေးနွေးအောက်မှာ... သူ့ပါးပြင်အား... ကျနော် နမ်းပါမည်...
ချစ်ခြင်းအားဖြင့်... ဖြေးညှင်းငြင်သာစွာ... သူ့ ပန်းနုရောင်လေးများကို... မြို့ရိုးတံတိုင်းမှာ... ချိတ်ဆွဲထားရမည်...
သူ ပျော်ရွှင် ရီမောနေသည်ကို... ကျနော်က... မြင်ချင် တွေ့ချင် နေသူ မဟုတ်လား...
မေတ္တာတရားသည်... လေပြေရူးလို... ကျနော်တို့ နှစ်ဦးအကြား... လှည့်ပတ်သွားလာနေသော မြို့ကလေးမှာ... ကျနော်တို့ ပျော်ရွှင်ပါမည်...
နေသာနေသော... နေ့ကလေး တနေ့မှာ... စွယ်တော်ရွက်ကလေး တရွက်လို... သူနှင့်ကျနော်သည်... ကမ္ဘာပေါ်မှာ... မရှိဖူးသေးသော... သစ်ရွက်ကလေး တရွက်... ဖြစ်ကြဦးမည်မှာ... သေချာနေပေသည်... ...
ထိုနေ့ရက်ကို... သင်တို့က အမည် ပေးချင်သလိုသာ ပေးကြပါ...
ကျနော်တို့ နှစ်ယောက် ပျော်ရွှင်နေကြပါမည်...
လမ်း-ဆိုသည်မှာ လျှောက်လှမ်းကြဖို့ပင် မဟုတ်လား....
ကျနော့် နှလုံးသားကတော့ သူ့လက်ဖျားလေးများကို ဆုပ်ကိုင်ထားချင်ပါသည်...
ကျနော်တို့ နှစ်ယောက် ရှေ့မှ လမ်းများကို လျှောက်လှမ်းဖို့ရာ... မည်သည့် အင်အားမျှ မလိုအပ်တော့ပါ...
ကျနော့် ရင်မှာ... သူ့ အပြုံးလေးများစွာကို... ချိတ်ဆွဲထားနှင့်ခဲ့ပြီးပြီ မဟုတ်လား...
ကျနော်တို့ နှစ်ယောက်သား... ထိုမြို့ကို ထိုးစစ်ဆင်နေပါသည်...

atn

Jul 10, 2011

အရေးပေါ် ကြေးနန်း...

















မျှော်လင့်ခြင်း-ဆိုသောစကားလုံးကို ထမင်းစားပွဲပေါ်မှ... ခါချပစ်မိသွားကြောင်း... ...
စန္ဒယားပေါ် ကြောင်လျှောက်နေသလိုမျိုး နေ့ရက်တရက်... ကျွန်ုပ်ကိုယ်ပေါ်ကို ကုပ်ကပ် တွယ်တက်နေကြောင်း...
အအေးပတ်ပြီး အသံဝင်သွားသော မြို့တမြို့သည် ကျွန်ုပ်အမည်ကို အလံပေါ်မှာတင်ပြီး မြို့တော်ခန်းမရှေ့ လွှင့်ပလိုက်ပါကြောင်း...
ချောင်းဆိုးပျောက်ဆေးရည်ပေါင်းများစွာကို အသည်းအသန် သတိရနေမိပြန်ပြီ... ဆိုသည့် အကြောင်း...
ဖန်ဆီဒိုင်း... ဖန်ဆီဒိုင်း... ဖန်ဆီဒိုင်း... စွဲနေပြီပေါ့လေ... ဆိုသော သီချင်းတပုဒ်က နားဝမှာ ပူလောင် ဆူကျယ် နေကြောင်း...
ယခုတော့... အဲသည် သုံးမရသည့် ပင်လယ်ကြီး တခုလုံးကို ၀က်သားတုတ်ထိုး လုပ်ပစ်လိုက်ရတော့မည်... (ပုပ်သွားမှာ... စိုး... လို့... ပါ...) ဖြစ်ကြောင်း...
ကြိုက်ကြိုက်- မကြိုက်ကြိုက် နေ စကြ၀ဠာမှာ ဂြိုဟ်ကြီး ၉ လုံး တန်းစီနေဦးမှာပဲ...ဆိုသော မိုက်မဲမှုများ... ရှိနေကြောင်း...
သတင်းခေါင်းစဉ်တွေကို မဖတ်ချင်ရင်လည်း သီချင်းတွေပဲ နားထောင်ပါ...ဟု... သန်းပေါင်းများစွာက ပြောဆိုနေကြောင်း...
ကဗျာများကို ချက်-ပြုတ်-ကျော်-လှော်-ဖုတ်-ကင်-စား-သောက်ခြင်း မပြုရ-ဆိုသော ဆိုင်းဘုတ် တခုတလေများ တွေ့မိလျင် ရက်ပ် သီချင်းများအား ချက်ချင်း အကြောင်းကြားကြပါရန်... သတင်း ပေးပို့အပ်...
တနှစ်မှာ ၃၆၅ ရက် ရပ်တန့်နေသော ဗီးနပ်စ် ရုပ်ထုအား... လှုပ်ရှားသွားလာခွင့် မပြုကြပါရန်... တောင်းပန်အပ်...
ညဥ့်အရပ်သည်... နက်နေလေပြီ... အမှောင်ကို... အူကြောင်ကျား မလုပ်အပ်ကြောင်း... တောင်းပန်အပ်...
မိတ္တူ အရပ်ရပ်ကို... ရှိရှိသမျှ သေနတ်ပြောင်းဝများမှာ... ကောင်းစွာ မွန်စွာ ထိုးထားအပ်ကြောင်း....
ကောင်းကောင်း မွန်မွန် အကြောင်းကြားအပ်...
(ဆုံး)

atn

စာမျက်နှာ (အချစ်)





















ကျနော် ဖွင့်ဖတ်လိုက်မိသော စာမျက်နှာ တခုမှာ... သူ့ နံနက်ခင်းလေး တခု ဖြစ်ပါသည်...
ထိုစာမျက်နှာပေါ် ကျနော့် အရိပ်များ မကျရောက်စေခဲ့ပါ...
အရှေ့အရပ်သို့ ဦးတည်ကာ... အနောက်အရပ်သို့ လျှောက်လှမ်းခဲ့သော ခရီးသွား ကျနော်သည်... အမှားအယွင်း တခုသာ ဖြစ်ပါသည်...
ကျနော့် နာရီများကို... သူ့ ရီမောသံများဖြင့်သာ... သံပတ်ပေးချင်ပါသည်...
မည်၍ မည်မျှ ချစ်ကြောင်းကို သူ့အားပြောပြရန်.. ခေတ်ကောင်းကောင်းတခုကို ကျနော် ထုဆစ်ရပါဦးမည်...
သူ့ ခြေရင်းမှာ... ကျနော် ချခင်းထားလိုက်ချင်သည့် အနာဂတ်သည်... ကျနော့် နှလုံးသားသာ ဖြစ်ပါသည်... ထိုနေ့မှာ... တော်မလဲရ... လေမတိုက်ရ... တောင် မပြိုရ... ပန်းများ မငိုရ...
မည်သို့သော အကြောင်းနှင့်မျှ... ဆုနာမိများ... မထရ...
မီးတောင်များ... ထူးခြားသော အကြောင်း တစုံတရာ မရှိပဲ မပေါက်ကွဲရ...
ကမ္ဘာကြီးသည်... လေ... မတိုက်ရ... မိုး... မရွာရ... နေ... မပူရ...
ပင်လယ်များ... အော်ဟစ်ပြီး မငိုရ...
ရှိရှိသမျှသော ခြေသွားလမ်းကလေးများ.... ဖြောင့်တန်းနေရမည်...
ထို တဒင်္ဂမှာ... မည်သည့် အကြောင်းနှင့်မျှ... မကွေ့ကောက်ရ...
သူ့ကို... ကျနော် ချစ်သော နှလုံးသားနှင့်အမျှ... လမ်းကလေးများ အားလုံး ဖြောင့်တန်းကြပါစေ...
ရှိရှိသမျှသော မြစ်နဒီများ... သူနှင့် ကျနော့်အားဖြင့်... ရီမော ပျော်ရွှင်သွားနိုင်ကြပါစေ...
တောပန်းအရိုင်းလေးများ အမျိုးစုံ ပွင့်လန်းနေသော... ခြေသွားလမ်းကောက်ကောက်လေးတခုမှာ...
သူ့လက်ကို ဆွဲယူဆုပ်ကိုင်ကာ... ကျနော် လျှောက်ပါဦးမည်...
သူ့အပြုံးလေး တပွင့်အား... ကျနော့် ပခုံးထက်မှာ ပန်ဆင်ထားခွင့်... ပေးပါဦး... ဘုရားသခင်...

အာမင်...

atn

Jul 9, 2011

ခုရက်တွေထဲမှာ... ကျနော်... ဘာမှ လုပ်လို့ မရဘူး... မေမေ... မေးခွန်းလေး တခုပဲ... အတွေးထဲ ရောက်ရောက်နေတယ်...


ယခုရက်များထဲ... ကံဆိုးမှု တိမ်တိုက်များ... ဝေးလွင့်သွားသည့် အကြောင်း... ချစ်သူ-မုန်းသူများကို ကျနော် ပြောကြားရဦးမည်...
သူ့ အပြုံးလေး မျိုးစုံကို... တနေကုန်အောင် ထိုင်ကြည့်နေမိသော ရက်များ... ပန်းနုရောင် ပန်းချီကားတချပ်လို... ချိုမြစွာ... ကျနော့် ရင်မှာ... တုန်ခါနေတော့သည်...
ကျနော် ခေါက်သိမ်းခဲ့သော... နေ့ရက်ဆိုး ညနက်ဆိုးများကို... အဖြူနုရောင် နံနက်ခင်းမှာ... ကမ္ဘာ့ ပြတင်းပေါက် တခုခုမှတဆင့်... အဝေးလွင့်ဆုံးအရပ်ဆီ... သူနှင့်ကျနော်... အတူ... ပစ်ချလိုက်ပါမည်...
အရိုးသားဆုံး... သူ့ကို ကျနော် ချစ်ခဲ့သည့် အကြောင်း... ဟောင်းနွမ်း ဆွေးမြေ့နေသော စကားလုံး များစွာကို... ဖယ်ရှားပစ်ပြီး... သစ်လွင် လန်းဆန်းနေသော ပန်းပွင့်ကလေးများဖြင့်သာ... အချစ် ကဗျာ တပုဒ်... ကျနော်... ယက်လုပ် ရွတ်ဆိုဖြစ်ပါပြီ...
ချစ်သူ... ကြား... သိ... ခံစား... နား... လည်... ပါ... လိမ့်... မည်... လား...

atn