Apr 27, 2014

အောင်သာငယ်နှင့် သူ၏ အပိုင်းအစများ (၉)

April 18, 2014 at 9:06pm


ကျုပ်ငယ်ငယ်က သူငယ်ချင်း အတော် နည်းတာ... လက်ချိုးရေတောင် လက်တဖက် မပြည့်ဘူး ... အဲ့သည်အထဲမှာ အုန်းတင့်-ဆိုတာ တယောက်ပါတယ်... သူတို့က ညီအကိုတွေချည့် မနည်းဘူး... အုန်းမြင့်-အုန်းဆင့်-အုန်းတင့်-အုန်းလွင်-အုန်းတင်... ကျုပ် သူတို့ ညီအကိုတွေ နံမည်အား လုံးကို မမှတ်မိတော့ဘူး... သူတို့မယ်... အမတယောက်နဲ့ ညီမတယောက်လည်း ရှိသေးတယ်... ကျုပ်တို့ လမ်းထဲမယ်တော့ သူတို့ မောင်နှမတွေက လူတိုင်းသိတယ်... ဘာလို့ဆိုတော့ မောင်နှမအုပ်စုက ၉ ယောက်ရှိတာကိုး... ကျန်တဲ့ သူတွေက ၂ ယောက် ၃ ယောက် ၄ ယောက် လောက်ပဲရှိတာ... သည်တော့ အုန်းတင့်တို့ မောင်နှမတွေက ကျုပ်တို့ လမ်းထဲမယ်... အုပ်စုအတောင့်ဆုံးပေါ့...
ခက်တာက ကျုပ်ကလည်း သူတို့ ညီအကိုတွေနဲ့ အကုန်လုံးနဲ့ တည့်တာမဟုတ်ဘူးဗျ... သူ့အကို ၂ ယောက်ဖြစ်တဲ့ အုန်းမြင့်တို့ အုန်းဆင့်တို့ဆိုရင် ကျုပ်နဲ့ရန်ဖြစ်ပြီး ထိုးကြကြိတ်ကြဖြစ်ဖူးတာ... အဲ့ကြားတည်းကမှ အုန်းတင့်နဲ့ကျုပ်က အကြောလာတည့်နေတာ... ဘယ်လိုရေစက်လည်းတော့ မသိပါဘူး...
အဲ့ဒါရဲံ ဇတ်လမ်းအစက သည်လို... တရက်တော့ ... ခုဆို ရတနာဈေးခေါ်တဲ့ ဈေးကြီးကို ကျုပ်တို့ရပ်ကွက်ထဲဆောက်ဖို့ .... ဘူဒိဇာတွေနဲ့ မြေလာထိုးပေါ့ဗျာ... တရက်တော့ မကပါဘူး ရက်ပေါင်းများစွာ ထိုးတာပေါ့... မြေရှင်းလို့ ထွက်လာတဲ့ မြေစာတွေကို ကျုပ်တို့ အိမ်ရှေ့မှာရှိတဲ့ အာသောကသီတဂူ ဘုန်းကြီးကျောင်းရှေ့က ကွက်လပ်ကြီးမှာ လာလာ ပုံတာ... ကြာလာတော့ တောင်လို ဖြစ်လာတာပေါ့... ကျုပ်တို့ ကလေးတွေက အဲ့ အပုံကြီးပေါ် တက်တက်ဆော့ကြတာပေါ့... ဂျွမ်းထိုးပြီး လှိမ့်ဆင်းတဲ့ကောင်ကဆင်း... ခုန်ချတဲ့ကောင်က ခုန်ချ... လျှောချတဲ့ကောင်က လျှောချကြပေါ့လေ...
နောက် မိုးတွင်းရောက်လာတော့ အဲ့မြေပုံကြီးက တက်ဖို့တောင် တော်ရုံမလွယ်ဘူး... မြေနီတွေနဲ့ စီးကပ်ပြီး တက်တိုင်း လျှော်ကျတယ်...
အဲံအချိန်မှာ အဲ့မြေပုံကြီးပေါ်ကို ထိပ်အထိရောက်အောင် တက်နိုင်တာ ကျုပ်နဲ့ အုန်းတင့်ပဲ ရှိတယ်... ၂ ယောက်သား အတူ တက်လိုက် ပြန်လျှောချလိုက်နဲ့ သူငယ်ချင်း ဖြစ်သွားရော... ကျုပ်ထင်တာတော့ ကျန်တဲ့ကလေးတွေက အကောင်ကြီးကြလို့လည်း ဖြစ်နိုင်တယ်... ကျုပ်တို့ ၂ ကောင်က အကောင်သေးသေးလေးတွေကိုး... ထားပါတော့ ... ကျုပ်ပြောပြနေတာက ကျုပ်နဲ့ အုန်းတင့် သူငယ်ချင်းဖြစ်သွားပုံကိုပါ...
ဒါနဲ့ ကျုပ် စာအုပ်တွေ ဖတ်မနေပဲ အပြင် ထွက်နေတဲ့အချိန်ဆို ကျုပ်ရဲ့ တဦးတည်းသော သူငယ်ချင်းက လမ်းထဲမှာဆို အုန်းတင့်ပေါ့... ခက်တာက သည်ကောင်က တော်တော် စပ်စုသလို တခြားသူတွေကိုလည်း ဘာလုပ်ကြစို့ ညာလုပ်ကြစို့ ဦးဆောင်မှု သိပ်ပေးတဲ့ကောင်...
တရက်သားမယ်တော့ သူနဲ့ကျုပ် အဖွားတို့အိမ်ထဲမယ် ဆော့နေကြရင်းသူက ကျုပ်ကို ပြောတယ်... စာကလေးသိုက် တက်နှိုက်ရအောင်တဲ့... ဟင် ဘယ်မှာ နှိုက်မှာလဲ ဆိုတော့ ဘုရားစင်မှာတဲ့... ကျုပ် အဖွားအိမ်မှာ ဘုရားစင် ရှိတယ်... ဘုရားစင်ကလည်း အိမ်ထဲမှာတ၀က် အိမ်အပြင်မှာ စုလစ်မွန်းချွန်တွေနဲ့ တ၀က်ဗျ... အဲ့ ဘုရားစင်ရဲ့ အပြင်ထွက်နေတဲ့ ခေါင်မိုးလေးက စုလစ်မွန်းချွန်တွေနဲ့ နေရာလွတ်ကလေး ဖြစ်နေတယ်... စာကလေးတွေက အဲ့သည်မှာ အသိုက်ဆောက်ထားတာ...  အောက်ကလှမ်းကြည့်ရင် မြင်နေရတယ်...
ဒါနဲ့ ကျုပ်ကအုန်းတင့်ကို မေးတာပေါ့... ဘယ်လိုတက်နှိုက်မှာလဲ-ဆိုတော့ မပူနဲ့ဆိုပြီး သူ့အိမ်ကနေလှေကား တစင်း မလာတယ်... လှေကားကို ဘုရားစင်နံရံကိုထောင်တော့... ကျုပ်က တက်ပြီး အဲ့မှာ ရှိနေတဲ့ စာကလေးသိုက်၂ ခုကို အသိုက်လိုက် ဆွဲချလာတာ... နီတာရဲစကလေးပေါက်စတွေရော... စာကလေးဥတွေရောပါတာပေါ့... ဒါပေသည့် အဲ့သည်တုန်းက သူတပါး အသိုက်ကို ဖျက်ဆီးလိုစိတ် မရှိပေမယ့်... ကျုပ်လုပ်ခဲ့မိတာက သူတပါး အသိုက်၂ ခုကို ဖျက်ဆီးခဲ့မိတာတော့အမှန်ပဲ...
အဲ့သလို လုပ်နေဆဲမှာ ကျုပ်အဖွားက အပြင်ကနေပြန်လာတော့ ကျုပ်ဆွဲချထားတဲ့ စာကလေးသိုက်တွေကို တွေ့သွားပါလေရော... ကျုပ်အဖွားက ပအို့ဝ်စစ် စစ်... ဗုဒ္ဒဘာသာဝင်စစ်စစ်... ဘာနတ်မှတောင် ကိုးကွယ် ယုံကြည်တာ မဟုတ်ဘူး... ကျုပ် ဆွဲချထားတဲ့ စာကလေးသိုက် ၂ ခုကိုတွေ့တော့... ရင်ဘတ်စည်တီးပဲ... (သားရယ်... ဘယ်လိုလုပ်လိုက်တာလဲ... သူတပါး အသိုက်အမြုံကို ဘာလို့သွားဖျက်ရတာလည်း နင်တော့ ၀ဋ်လည်တော့မှာပဲ အခု ပြန်ထားလိုက်ပါ)လို့ ပြောတာပေါ့... ဒါပေသည့် ကျုပ်က ဆွဲချပြီးတာနဲ့ အသိုက်တွေကို ဟိုဖြဲကြည့် သည်ဖြဲကြည့် လုပ်ထားပြီးပြီ... အဲ့အချိန်တုန်းက စာကလေး မလေး၂ ကောင်လည်း အနားမှာ ပကျိပကျိ လာအော်နေတယ်... သူတို့ အသိုက်တွေ ဖြစ်မှာပေါ့... ကျုပ်က စာကလေး ဥ ၂ လုံးကိုတောင် ခွဲကြည့်ထားပြီးပြီ... အဖွားပြောလို့သာ ကျန်တဲ့ စာကလေး နီတာရဲလေးတွေနဲ့ စာကလေးဥတွေကို သူတို့ အသိုက်တွေနဲ့ ဘုရားစင်ပေါ်သာ ပြန်တင်လိုက်တာ... သူတို့ အသိုက်တွေဟာ သူ့ နဂိုရ်အတိုင်း ဘယ်ဖြစ်တော့မှာလည်း...
နောက် နှစ်ပေါင်းများစွာ ကြာတော့ ကျုပ်မလည်း ကျုပ်မိသားစုနဲ့အကွဲကွဲအပြားပြားပါပဲ... ၀ဋ်လိုက်တာဖြစ်မယ်...
ဒါကိုပဲ ပြောချင်တာပါ... သူတပါးမိသားစုနဲ့ အသိုက်အမြုံကို ဖျက်ဆီးခဲ့ဖူးရင် ၀ဋ်လိုက်မှာတော့ အသေအချာပါပဲ... ဒါ ကျုပ်ကိုယ်တွေ့...
(atn)

No comments: