Mar 30, 2009

Conficker Worm

အခုတလော နံမည်ကြီးနေတဲ့ Conficker Worm အကြောင်းကို ကြားဖူးတဲ့သူတွေလည်း ရှိကြမှာပါ။ မကြားဖူးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီပို့စ်ကို ရေးလိုက်တာပါ။

Software တွေများစွာ အနက်မှာ ကွန်ပြူတာတွေကို ဒုက္ခပေးလေ့ရှိတဲ့ Software တွေလည်း ရှိပါတယ်။ Malware လို့လည်း ခေါ်ကြပါတယ်။ အဲ Malware တွေထဲမှာ Virus, Trojan, Worm, Key Logger, Adware, Spyware စသည်ဖြင့် မျိုးစုံ ပါဝင်ကြ ပါတယ်။ ခုနံမည်ကြီးနေတဲ့ Conficker ကတော့ Worm ပါ။ Worm ဆိုတာ Program တမျိုးဖြစ်ပေမယ့် Virus နဲ့တော့ မတူပါ။

Virus က အသက်ဝင် လာဖို့ တခြား file တခုခု၊ ဒါမှ မဟုတ် program တခုခုကို ချိတ်ဆက် (attach) လုပ်ရပါတယ်။ လုပ်ပြီးတာနဲ့ Virus မိထားတဲ့ file သို့မဟုတ် program ကနေတဆင့် ကွန်ပြူတာကို တိုက်ခိုက်ပါတယ်။ ကွန်ပြူတာရဲ့ setting တွေကို ပြောင်းပစ်တာမျိုး (alterring system) ကို လုပ်ပါတယ်။

Worm တွေကတော့ ချိတ်ဆက်ဖို့ file တွေ program တွေ မလိုပါ။ သူတို့ဟာ ကွန်ယက် (Network) တခုကနေ တခုကို ကူးကြပါတယ်။ အဲလိုကူးရင်းနဲ့ အဲကွန်ယက်မှာ ရှိနေသမျှ ကွန်ပြူတာတွေထဲမှာ ခိုအောင်း နေကြပါတယ်။ ဒါပေသည့် Worm တွေက ကွန်ပြူတာရဲ့ setting တွေကို ပြောင်းပစ်တာမျိုး လို သိသာတဲ့ ဘာအပြောင်းအလဲ တခုခုကိုမှ မလုပ်ပါဘူး။ သူတို့ လုပ်တာကတော့ ကွန်ပြူတာရဲ့ လုံခြုံရေးစနစ်ကို လျှို့ဝှက် ထိုးဖောက်နိုင်တဲ့ Backdoor လို့ ခေါ်တဲ့ တံခါးတွေကို Install လုပ်သွားတာပါ။ အဲလိုနဲ့ ကွန်ယက် တခုမှာ ရှိတဲ့ ကွန်ပြူတာတွေမှာ backdoor တွေ တပ်ပြီးသွားရင် အဲကွန်ယက်နဲ့ ဆက်နေတဲ့ နောက်ထပ် ကွန်ယက် တခုကို ထပ်ပြီး ကူးစက်သွားတာပါပဲ။ သည်လိုနဲ့ backdoor တွေ တပ် ဆင်ထားတဲ့ ကွန်ပြူတာတွေ အများကြီး ပါဝင်တဲ့ bot-net လို့ ခေါ်တဲ့ စက်ရုပ် ကွန်ယက်ကြီး တခုကို ရပြီ ဆိုတာနဲ့ အဲ Worm ကို ရေးသားတဲ့ Hacker ရဲ့ အမိန့်ကို စောင့်နေကြတော့တာပါပဲ။ Hacker က ဥပမာ spam mail တွေ ပို့ဖို့ command ပေးလိုက်တာနဲ့ အဲ ကွန်ပြူတာ ကွန်ယက်ကြီးက တကမ္ဘာလုံးကို သန်းနဲ့ ချီတဲ့ မေးလ်တွေ ပို့တော့တာပါပဲ။ ဥပမာ ကိုယ့်ကွန်ပြူတာမှာ Worm က ချိတ်နေပြီ ဆိုရင် ကိုယ်ကိုယ်တိုင် မသိပဲနဲ့ ကိုယ့်ကွန်ပြူတာက spam mail တွေ deliver လုပ်နေတော့တာပါပဲ။ ဒါကြောင့်မို့လည်း အဲလိုမျိုး ကွန်ပြူတာတွေပါတဲ့ ကွန်ယက်ကြီးကို Bot-net လို့ ခေါ်ကြတာပါ။

အဲတော့ ခု နံမည် ကြီးနေတဲ့ Conficker Worm က ဘာလုပ်မှာလဲ ဆိုတော့။ ဘယ်သူမှတော့ သေချာ မသိသေးပါဘူး။ ဒါပေသည့် ကျိန်းသေတာတခုကတော့ သည် Worm သာ ကိုယ့် ကွန်ပြူတာမှာ ချိတ်မိနေရင် ကိုယ့် ကွန်ပြူတာကို အဲသည် Worm ရဲ့ ပိုင်ရှင်က ထိန်းချုပ်နိုင်နေမှာပါပဲ။ ကိုယ် ဘာရိုက်ရိုက် key ကို သူက သိနေမှာပဲလို့ ဆိုပါတယ်။ ခန့်မှန်းကြတာကတော့ သည်လိုနည်းနဲ့ သည် Worm ကို သုံးပြီး ဘဏ့် အကောင့်တွေ ပါ့စ်ဒ်ဝါ့ဒ်တွေကို ယူမယ်လို့ ဆိုကြပါတယ်။ သည် Worm ကတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလကတည်းက ပေါ်လာတာမို့လို့ မျိုးကွဲ (variations) တွေလည်း အများကြီး ရှိတယ် ဆိုကြပါတယ်။ နံမည်ကြီး Anti-virus firm တွေဖြစ်တဲ့ Symentech တို့လို Kaspersky တို့လို ကုမ္ပဏီကြီးတွေက ထုတ်တဲ့ Anti-malware တွေက ခုထက် ထိတော့ သိပြီးသမျှ Conficker ရဲ့ မျိုးကွဲတွေကို ရှာနိုင်ပေမယ့် နောက်ဆုံး ထွက်လာမဲ့ မျိုးကွဲကိုတော့ အာမမခံနိုင်သေးပါဘူး။

Conficker ရဲ့ creator တွေကတော့ ခုလာမယ့် ဧပြီလ (၁)ရက်နေ့မှာ တကမ္ဘာလုံးကို တိုက်ခိုက်မယ်လို့ ရာဇသံပေးပြီးသားပါ။ အဲနေ့မှာ တိုင်းဗုံးတလုံးကွဲသလို တိုက်ခိုက်မှာပါ။ ဒါပေသည့် ကွန်ယက်လုံခြုံရေးရာ ကျွမ်းကျင်သူတွေကတော့ တကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲကြီး အဖြစ် မြင်ရလိမ့်မယ်လို့တော့ မထင်ကြောင်းလည်း ပြောထားပါတယ်။ ၂၀၀၈ စက်တင်ဘာကတည်း ပေါ်လာခဲ့တဲ့ Conficker က ကွန်ပြူတာ အလုံးပေါင်း ၁၀ သန်းကျော်ကို တိုက်ခိုက်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ လတွေအတွင်းမှာ ကုစားခဲ့ရပြီးပြီ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေသည့် နောက်ဆုံးပေါ် Conficker မျိုးကွဲကိုတော့ မသိရသေးတာမို့ ကွန်ပြူတာ ဘယ်နှလုံးမှာ ဘယ်လို ချိတ်ဆက်ပြီး တိုက်ခိုက်မှုကို စတင်ဖို့ ဘယ်လို စောင့်ဆိုင်းနေကြောင်း ကိုတော့ ဘယ်သူမှ သေချာ မသိနိုင်ကြောင်းတော့ ပြောပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကတော့ Conficker Worm ရဲ့ တိုက်ခိုက်မှုကို မခံရအောင် မိမိ ကွန်ပြူတာမှာ install လုပ်ထားတဲ့ Windows Operating System ကို Update လုပ်ရပါမယ်။ ပြီးရင် မိမိ ကွန်ပြူတာမှာ Anti-virus Software တွေ Install မလုပ်ရသေးရင် Anti-virus Software တခုခုကို Install လုပ်ဖို့၊ Firewall Software တခုခု Install မလုပ်ရသေးရင် လုပ်ဖို့။ အဲတာတွေ လုပ်ပြီးသား ရှိရင်လည်း အဲ Software တွေ အားလုံးကို Update လုပ်ဖို့။ ပြီးရင် ကိုယ့် ကွန်ပြူတာကို Anti-virus Software နဲ့ Full Scan လုပ်ထားဖို့ အကြံပေးထားပါတယ်။

သူငယ်ချင်းတွေ၊ စာဖတ်သူတွေလည်း ကိုယ့် Windows ကို Update လုပ်ကြပါ။ Anti-virus နဲ့ Firewall တွေကိုလည်း update လုပ်ကြပါ။ ပြီးရင် ဧပြီလ (၁)ရက်နေ့ မတိုင်မီမှာ ကိုယ့် ကွန်ပြူတာကို Anti-virus နဲ့ Full System Scan လုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Conficker နဲ့ ပတ်သက်လို့ အသေးစိပ်ကို သိချင်ရင်တော့ အောက်က လင့် ၂ ခုမှာ သွားဖတ်နိုင်ပါတယ်။

http://www.cbsnews.com/stories/2009/03/27/60minutes/main4897053.shtml
http://news.cnet.com/faq-conficker-time-bomb-ticks-but-dont-expect-boom/

သူငယ်ချင်းတွေ စာဖတ်သူတွေအားလုံး Conficker ဘေးမှ ကင်းဝေးကြပါစေ။

Mar 28, 2009

ကိုယ်တွေ့

ဘာမှ မဟုတ်ပါဘူး။ ကိုယ်တွေ့ ကြုံမှ သိရတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်း တင်တာပါ။ ကိုယ်တွေ့ကြုံမှ ကိုယ်ချင်း စာတတ်တယ် ဆိုတာကိုလည်း ပြောချင်တာပါ။ ခုတော့ ကိုယ်တွေ့ ကြုံရတဲ့ အဖြစ် အပျက်တွေကို ပြောပြရင်း သယ်ရင်းတွေကို အသိလေး တခုတော့ ပေးချင်တာပါပဲ။ လောကကြီးမှာ တကယ်တော့ ကိုယ်တွေ့ ကြုံ မှပဲ ကိုယ်ချင်းစာတတ်ပါတယ်... ကိုယ်ကိုယ်တိုင် မကြုံရသေးသရွေ့ကတော့ ၁၀၀ % ကိုယ်ချင်း စာနိုင်မယ် မထင်ပါ... (ဥပမာ.... ကိုယ်တိုင် သူပုန် မဖြစ်ဖူးပဲနဲ့ သူပုန်တွေကို category ခွဲနေ တာတွေကို မြင်ရတော့ ကျနော်က နာမကျန်း ဖြစ်ချင်တယ်...း) အဲလို ပြောဆိုနေတာတွေကို တွေ့ရတာ စိတ် မချမ်း သာဘူး... အဲလို ကျနော် ပြောလိုက်တဲ့ အတွက် လွတ်လပ် စွာရော... မလွတ်လပ် စွာရော သဘောထား ကွဲလွဲနိုင်ပါတယ်...း)

ငယ်တုန်းကဆို အဖိုးတွေ အဖွားတွေ ထိုင်ရာကထတဲ့အခါ ချက်ချင်း မထနိုင်ကြတာကို တွေ့ရတာ ခဏခဏပါပဲ။ ထိုင်ရာကနေ ထကြရင်လည်း ဖြည်းဖြည်းချင်း ထကြရတာပါ။ အဖွားဆို - ကျွတ်... ကျွတ်... ကျွတ်... - တောင် အော်နေရသေးတယ်။ ထိုင်နေရာက ထတိုင်း အဖွားကို အဲလို တွေ့နေရတာ စိတ် မချမ်းသာပါဘူး။ အဲတုန်းက ကိုယ်ကလည်း သူငယ်တန်းတက်ကာစ ၅ နှစ်ကျော် ဆိုတော့ အဖွား အဲလို ဖြစ်နေတာကို နားမလည်ပါဘူး။ ဒါနဲ့ တနေ့သားတော့ - ဖွား ဘာလို့ အဲလို ဖြစ်တာလဲ - မေးမိတော့ - သားရဲ့... အဖွား ဒူးဆစ်တွေ မကောင်းတော့ဘူး... ထိုင်တိုင်း... ထတိုင်း... နာနေတယ်... - အဖွားက ပြန်ပြောပါတယ်။ - သား ဒူးဆစ်တွေကတော့ မနာပါလား အဖွား - ကျနော် က လျှာရှည် ပါသေးတယ်။ - သားက... ကလေးကိုး သားရဲ့... ဒူးဆစ်တွေ ဘယ်နာမလဲ... - အဖွားက ပြောတော့ - ဒါဆို သား ဒူးဆစ်တွေက ဘယ်တော့မှ နာမလဲ... - ကျနော် မေးတော့ - သား.. လူကြီးဖြစ်မှ နာမှာ သားရဲ့... နာကိုနာမှာပဲ... - အဖွားက အဲလို ပြောခဲ့ တာပါပဲ။ ခုတော့ ကျနော့် ဒူးဆစ်တွေ နာနေပြီ။ ထိုင်တိုင်း ထတိုင်း နာတာပါပဲ။ ဒါဆို။ ကျနော်က အသက်ကြီးနေပြီပေါ့။ ဟုတ်တယ်လေ။ ကျနော်က အသက်ကြီးနေပြီ။ ပစ္စည်း တခုခုကို ယူဖို့ ဆောင့်ကြောင့် ထိုင်မိရင် ပြန်ထတဲ့အခါ ကျနော် ချက်ချင်း ပြန်မထနိုင်တော့ပါဘူး။ ဒူးဆစ် ကနေ နာနေတယ်။ မနာ အောင် ဖြည်းဖြည်း ထရတယ်။ ကျနော့် အဖွားလိုပဲ။ သည်လို ဆိုတော့ ခုတော့ ကျနော်က အဖွားပြောသလို လူကြီးဖြစ်နေပြီပေါ့။ ဘာလို့ဆို - ကျနော့် ဒူးဆစ်တွေက ထိုင်တိုင်း ထတိုင်း နာနေပြီလေ။ ဘာပဲဖြစ်ဖြစ် အဖွား ထိုင်တိုင်း ထတိုင်းမှာဘာကြောင့် ဖြည်းဖြည်း ထရတယ်... ဘာကြောင့် - ကျွတ်.. ကျွတ်... ကျွတ်... အော်နေရတယ်ဆို တာ ကျနော် သိနေပြီလေ...။ ဘာလို့လဲ ဆိုတော့။ အဲတာ ကျနော့် ကိုယ်တွေ့လေဗျာ...။


Mar 27, 2009

တက်ဂ်လို့ရေးတဲ့စာ -၆

ဝါသနာများ

ခုတလော ဘာလို့မှန်းမသိ စာရေးရတာ ပျင်းနေတယ်။ ခေါင်းထဲမှာ ရေးဖို့ စဉ်းစားနေမိတာကတော့ အများကြီး။ ဒါပေသည့် ဘာမှလည်း မရေး ဖြစ်ပါဘူး။ သယ်ရင်းတွေ စာလာဖတ်တဲ့သူတွေကို အားနာတာနဲ့။ သည်ကြားထဲက တပုဒ် ၂ ပုဒ်တော့ ဖြစ်ညှစ်ပြီး ရေးလိုက်သေးတယ်။ စာ မရေးပဲ ခဏလောက် နေဦးမလား စဉ်းစားနေတုန်း တူတော်မောင် မောင်မျိုးက Tag လာပြန်ရော။ သတိတရ Tag တဲ့ အတွက် ၀မ်းသာတယ်၊ အန်ကယ်အောင် ဘလော်ဂို စဖီးယားမှာ ရှိနေသေးကြောင်း သတိရတဲ့ မောင်မျိုးကို ကျေးဇူးတင်ပါတယ်။ ဒါပေသည့် ဘာမှ မရေးချင်တုန်း Tag တဲ့ အတွက်တော့ မောင်မျိုး ခေါင်းကို ဒေါင်ကနဲ နေအောင် တချက်လောက် ခေါက်ချင်တယ်...း) မရေး ပေးရင်လည်း - အန်ကယ်က... ဘာလို့လဲ... မသိဘူး... အခုတလော တူမောင့်ကို... စိမ်းကား နေသလိုပဲ... အဟင့်... အဟင့်... အဟင့်... - ဆိုပြီး လုပ်ဦးမယ် ...း)။ ရေးဖို့ကလည်း ပျင်းနေတယ်။ ခုတော့ ဘာပဲ ဖြစ်ဖြစ် တူမောင်မျိုး အတွက် ရေးပေးလိုက်ပါတယ်။

ရေးရမှာက ၀ါသနာဆိုတော့ ရေးစရာတွေက အများကြီးပဲ။ အဲအထဲကမှ အလျဉ်းသင့်ရာ မဖြစ်မြောက်ခဲ့တဲ့ ၀ါသနာတွေကို ရေးလိုက်ပါတယ်။ ကျေနပ်မယ် ထင်ပါရဲ့။

၁။ အင်ဂျင်နီယာ
ငယ်တုန်းက ၀ါသနာတွေထဲမှာ အပြင်းထန်ဆုံးကတော့ အင်ဂျင်နီယာ ဖြစ်ချင်တဲ့ ၀ါသနာပါပဲ။ အဲတော့ တွေ့သမျှ စက်ပစ္စည်းတွေကို ဖြုတ်ကြည့်တော့တာပါပဲ။ ငယ်ငယ် တုန်းကဆို လက်ဆောင် ရတဲ့ သံပတ် အရုပ်တွေ၊ သံပတ် ကားတွေဆို အကုန် ဖြုတ်ကြည့်တာပဲ။ ဘယ်လို တည်ဆောက် ထားသလဲပေါ့လေ... ။ လေ့လာတာ... စူးစမ်းတာပါ...း) လေ့လာ စူးစမ်းပြီးတော့ ဘာ အကျိုးအမြတ် တခုမှလည်း မရပါ ဘူးလေ။ အော... အဲတာတွေက အဲလို လုပ်ထား တာကိုး... ဒါက ဒီလို တပ်ထား တာပါလား... ဟိုဟာကတော့ ဟိုလို ကြောင့် လည်နေတာကိုး... ဆိုတဲ့ အသိတွေတော့ ရသွားပါရဲ့... အဲ နောက်တော့ reverse engineering ကို ပြန်ရောက်တာပေါ့လေ။ သံပတ်ရုပ်တွေကို ဖြုတ်တာကတော့ အရမ်း လွယ်တာပေါ့။ ဖြုတ်ပြီးတော့ ပြန်တပ် တာကတော့ အရမ်း ခက်ခဲပါ့။ သူ့ နဂိုရ်အတိုင်း ပြန် ဖြစ်အောင် မတပ် တတ်တော့ဘူး။ အဲတော့ အရမ်း လွယ်တဲ့ အဆင့်ကို လွယ်လွယ် ကူကူ ဖြတ်ကျော်ခဲ့ပြီး အရမ်း ခက်တဲ့ အဆင့်ကိုကျမှ ခက်ခက်ခဲခဲ ဖြတ်ကျော် နေရတဲ့အခါ စိတ်က မရှည်တော့ဘူး... နောက်ဆုံးတော့ အားလုံးကို အမှိုက်ပုံးထဲ ထည့်ရတော့တာပဲ။ (သည်လိုနဲ့ အင်ဂျင်နီယာတွေ ထဲမှာ မင့် အန်ကယ် တယောက် မပါတော့တာ စိတ်မကောင်း မဖြစ်ပါနဲ့တော့ တူမောင်မျိုးရယ်...း)

၂၊ စန္ဒယားဆရာ
နောက်တခုက အရွယ်လေးရောက်လာတော့ စန္ဒယားချစ်ဆွေတို့၊ စန္ဒယားလှထွတ်တို့လို စန္ဒယားဆရာ ဖြစ်ချင်တယ်။ အတော့ကို စန္ဒယား တီးချင်လာတယ်။ ဗမာ သံစဉ် သီချင်းတွေကို စန္ဒယားနဲ့ တီးချင်တာ။ ... သူ့ မျက်နှာ... ကျနော့် အသည်း... စွဲနေတယ်... သူသာ ကျနော့် ဘ၀ ... သူသာ ကျနော့်ရဲ့ ကမ္ဘာ... blah blah blah အဲလိုမျိုးပေါ့လေ။ အဲလိုမျိုး စန္ဒယားတီးပြီး ဆိုချင်တာမျိုး။ ဒါမဲ့ တကယ့် လက်တွေ့ဘ၀ကျတော့ စန္ဒယား ဆိုတာမျိုးကြီးကလည်း နေရာတကာ အလွယ် တကူ သယ်သွားလို့ မရ၊ အဲခေတ်ကလည်း စန္ဒယားက တနာရီ ၅၀ ပေးပြီး သင်ရတာဆိုတော့ ပိုက်ဆံက မတတ်နိုင်။ အဲသလိုနဲ့ အဲသည် ၀ါသနာ ကလည်း ထင်သလို မပေါက်ခဲ့ပါဘူးလေ။ သည်လိုနဲ့ ဈေးလည်း သိပ်မကြီး အလွယ်တကူလည်း သယ်သွားလို့ ရတဲ့ တူရိယာမျိုး စဉ်းစားတော့ မယ်ဒလင်တို့ တယောတို့ ဂစ်တာတို့ သွားတွေ့တယ်။ မယ်ဒလင်ကျတော့လည်း မတီးချင်ဘူး။ တယောကျတော့လည်း ဘိုးကြီးနဲ့ ထိုးနေရတာကို မကြိုက်ဘူး။ ဒါနဲ့ ဂစ်တာပဲ သင်ဖြစ် သွားတော့ တာပါပဲ။ နောက်ကျမှပဲ စန္ဒယားဆီ ကူးတာပေါ့ ဆိုပြီး သင်လိုက်တာ ခုတော့ ဂစ်တာပဲ တီးဖြစ်နေတော့တယ်။ ခုဆို keyboard တော့လည်း ဟိုနည်းနည်း သည်နည်းနည်း တီးနေတာပါပဲ။ သီချင်းတွေတောင် keyboard နဲ့ တီးနေ သေးတယ်။ ဒါပေသည့် piano နဲ့တော့ မတီးနိုင်သေးဘူးလေ။ စန္ဒယားဆရာကတော့ မဖြစ်တော့ပါဘူးလေ။

၃။ ဂစ်တာဆရာ
သည်လိုနဲ့ စန္ဒယားမတီးနိုင်တော့ တီးနိုင်တာတီးရင်းနဲ့ ဂစ်တာကို အတော်လေး ထဲထဲ ၀င်ဝင် တီးဖြစ် လာတယ်။ နုတ်တွေဘာတွေနဲ့ လေ့လာပြီး တီးဖြစ်လာတာပါပဲ။ ပဲပင်ပေါက် နုတ်ခေါ်တဲ့ နိုင်ငံတကာ ဂီတ သင်္ကေတတွေကအစ လေ့လာပြီး တီးဖြစ်လာပါတယ်။ အဲလိုနဲ့ ဂီတပိုးက အတော်လေးကို ထိုးကြွလာတော့ အဲခေတ်က နံမည်ကျော် ဂစ်တာ ဆရာတွေဖြစ်တဲ့ မဇ္ဈိမလှိုင်းက ကိုဇော်မျိုးထွဋ်တို့၊ New Wave က ကိုရေမွန် (ကိုဟန်ငွေထွန်း) ကိုချိုးတီတို့လို ဂစ်တာ ဆရာကြီးတွေ ဖြစ်ချင်လာတယ်။ သည်လိုနဲ့ ပတ်သက်ရာ သူငယ်ချင်းတွေနဲ့ စတူဒီယို တွေကိုလည်း သွားပေါ့။ အသံသွင်းတာတွေကိုလည်း သွားကြည့်။ နောက်တော့ တရက်သားမှာ လင်းစတူဒီယိုမှာ သားထွေးရဲ့ အချစ်မဲ့တဲ့သဘော အခွေကို အသံသွင်းနေတာ သွားကြည့်ရင်းနဲ့ ကိုဇော်မျိုးထွဋ်ကြီးတီးနေတာကိုသေသေချာချာ အနီးကပ် မြင်ခဲ့ရတော့ ကိုယ့်လက်နဲ့များ ဆီနဲ့ရေပဲ။ သည်ကြားထဲ ဂစ်တာတီးတဲ့အခါ သုံးတဲ့ effects တွေ Amp တွေ နောက်တခြား နားလည်စရာ စက်ပစ္စည်းတွေကလည်း အတော်များတာ တွေ့လိုက်ရတယ်။ ကိုယ့် အနေအထားနဲ့ဆို သည်လို စက်ပစ္စည်းတွေ ကိုင်တွယ်နားလည်နိုင်ဖို့ အခွင့်အရေးကလည်း အတော် နည်းတော့ စိတ်ဓါတ်လည်း ကျသွားတယ် ထင်တာပဲလေ။ ဂစ်တာဆရာ ဖြစ်ချင် စိတ်လည်း သိပ်မရှိတော့ပါဘူး။ အပျင်းပြေပဲ တီးတော့တယ်။ သည်လိုနဲ့ ဂစ်တာ ဆရာ တယောကလ်လည်း မဖြစ်ခဲ့တော့ပါဘူး။

(ကဲ... ဘလော်ဂိုစဖီးယားထဲက အန်ကယ့် ဖေးဗရစ် တူကြီးရေ့ ရေးပေးလိုက်ပြီ.. အဟင့်.. အဟင့်... တော့ ထပ် မလုပ်နဲ့တော့...း)

Mar 26, 2009

သစ္စာတိုင်


တောင်တွေကို
မရွှေ့နိုင်တာ တခုထဲနဲ့ပဲ
ငါ့အရေပြားတွေ
ပဲ့ကျသွားပေါ့....။

ညီမလေးရေ့...
ချစ်ခြင်းမေတ္တာ တခုထဲနဲ့
တကမ္ဘာလုံးကို
ပင့်မထားခဲ့တာ
ငါပေါ့... ...

ဘာပဲဖြစ်ဖြစ်
နင့်ကို ချစ်တယ်..

ATN

Mar 21, 2009

လမ်းဆုံးရောက်သွားသူများ (၂)

ပြီးခဲ့တဲ့ ၃ ရက်က ရေးခဲ့တဲ့ လမ်းဆုံးရောက်သွားသူများကို ဆက်ရေးဖို့ဟာ ဘာလို့မှန်း မသိ စာရေးရမှာ ပျင်းနေတာနဲ့ မရေးဖြစ်တာပါ။ ခုတော့ ဆက်ရေးလိုက်ပါတယ်။
------------------------------
၈၈ အရေး တော်ပုံကြီး အပြီးမှာ လက်နက်ကိုင် တော်လှန်ရေးဘ၀ထဲ ရောက်လာခဲ့တဲ့ လူငယ်တွေ ထဲမှာ ကျနော်လည်း တယောက် အပါအ၀င်ပါ။ ကရင်ပြည်နယ် ဖားအံ ခရိုင်မှာ ရှိတဲ့ သေ့ဘောဘိုးစခန်းကို ရောက်လာခဲ့တာပါ။ မြို့တွေပေါ်ကနေ တောထဲကို ရောက်လာတဲ့ လူငယ်တွေ အားလုံး ပထမဆုံး ကြုံတွေ့ ကြရတဲ့ ရန်သူ ကတော့ ငှက်ဖျားပါပဲ။ သည်ရန်သူနဲ့ ကတော့ နေ့တိုင်း တိုက်နေကြရတာပါ။ ဘူမိဗေဒမှာ ငှက်ဖျား ဧရိယာတွေကို ကွင်းဆင်း ခဲ့ဖူးတော့ ကျနော်က ငှက်ဖျားနဲ့တော့ အထိ အတွေ့ရှိနေပြီးပါပြီ။ သည်တော့ တောထဲ မ၀င်ခင်မှာကို ရန်ကုန်က ထွက်ကတည်းက ငှက်ဖျား ဆေးတွေ ကြိုတင်ပြီး သောက်လာ တာပါ။ တောထဲ ရောက်တော့လည်း ကာကွယ် ဆေးတွေကို အပတ်စဉ် ပုံမှန် သောက်တာပါပဲ။ သည်ကြားထဲ ကကို ၃ လ ကျော်တဲ့ အခါမှာ ငှက်ဖျား စဖြစ်တာပါပဲ။ စခန်းမှာ ငှက်ဖျား မဖြစ်တဲ့သူဆိုတာ တယောက်မှ မရှိပါ။ ပြင်းထန်တာ မပြင်းထန်တာပဲ ကွာကြပါတယ်။

ကျနော်တို့ စခန်းဘေးမှာ ဖြတ်စီး သွားတဲ့ ချောင်းကလေး တချောင်းရှိပါတယ်။ ကရင်လို မဲကလ ချောင်းလို့ ခေါ်ပါတယ်။ ကျနော်တို့ကတော့ ကိုယ့် ဘာသာကိုယ် ဘာသာ ပြန်ထားတယ် - မင်္ဂလာ ချောင်းပေါ့။ တရက် မှာတော့ အဲ မင်္ဂလာ ချောင်းမှာပဲ ကျနော်တို့ ရင်း (၂၀၄)က ရဲဘော် တယောက် လမ်းဆုံးကို ရောက်သွား ပါတယ်။ စခန်းမှာ ရေချိုးဆိပ်က ၂ ခု ရှိပါတယ်။ တခုကတော့ စခန်းရဲ့ မိန်းဂိတ်ကနေ ဆင်းသွားတဲ့ ရေချိုးဆိပ်နဲ့ နောက်တခုကတော့ ဆေးရုံ ရှိတဲ့ နေရာကနေ ဆင်းတဲ့ ရေချိုးဆိပ်ပါ။ နွေရောက်လာတော့ ချောင်းရေက နဂိုရ် ရှိတာထက် ကျသွားပါတယ်။ သည်တော့ ဆေးရုံကနေ ဆင်းတဲ့ ရေချိုးဆိပ်မှာ ရေတိမ်လွန်း အားကြီးလို့ ဘယ်သူမှ ရေမချိုးကြတော့ပါ။ မိန်းဂိတ်က ရေချိုးဆိပ်မှာပဲ ချိုးကြပါတယ်။ ဒါပေသည့် ဆေးရုံမှာ ငှက်ဖျားနဲ့ ဆေးရုံတက်နေကြရတဲ့ ရဲဘော်တွေကတော့ မနက်ဖက် ဆိုရင် မျက်နှာ သစ်တဲ့ အခါ ဖျားနာထားလို့ အားနည်း နေတာနဲ့ ဝေးဝေး လံလံ မသွားနိုင်တော့ အနီးဆုံး ဖြစ်တဲ့ ဆေးရုံက ရေချိုးဆိပ် မှာပဲ မျက်နှာသစ် ကြတာ များပါတယ်။ ငှက်ဖျားဖြစ်ထားတဲ့သူတွေဟာ အချိန် မရွေးလည်း တက်တတ် သတိလစ်တတ် ကြတာပါပဲ။ (Pass-out ဖြစ်တာပေါ့) တနေ့တော့ ကျနော်တို့ ရင်း (၂၀၄)က ရဲဘော် တယောက်ဟာ ဆေးရုံ ရေဆိပ်မှာ မျက်နှာ ဆင်းသစ်တုန်း ငှက်ဖျား တက်ရင်း မူးလဲသွားတာပါ။ တတောင် မပြည့်တဲ့ ရေထဲမှာ ခေါင်းစိုက်ပြီး မူးလဲသွားတဲ့ ရဲဘော်ဟာ ရေတိမ်ထဲမှာ အသက်ပါ ပါသွားတာ ပါပဲ။ ရေတိမ် နစ်တယ် ဆိုတာ တကယ်ပါပဲ။ သူ တယောက်တည်း မနက် အစောကြီး ရေချိုးဆိပ်ကို ဆင်းတာ ဆိုတော့ အနီးအနား မှာလည်း ဘယ်သူမှ မရှိကြပါဘူး။ သူ့ကို ဆေးရုံမှာ မတွေ့လို့ လိုက်ရှာကြတော့မှ ချောင်းထဲမှာ တွေ့ပါတယ်။ တွေ့တဲ့ အချိန်မှာ အသက် မရှိတော့ပါဘူး။ သည်လိုနဲ့ သူဟာ ကျနော်တို့ စခန်းရဲ့ ပထမဆုံး မြေမြုပ်ရတဲ့ ရဲဘော် တယောက် ဖြစ်ခဲ့တာပါပဲ။ ဗမာ တပြည်လုံး ပြည်သူ လူထုတွေရဲ့ လွတ်မြောက်ရေး အတွက် သူ ကိုယ်တိုင် အားထုတ်ရင်း ရေတိမ်မှာ သူနစ်ခဲ့ရတာပါ။ ကျနော် အမှတ် မမှားခဲ့ဖူး ဆိုရင် မှတ်မိနေတာကတော့ သူ့ နံမည်က ရဲဘော် မောင်ကြီးပါ။

သူ့လိုပဲ နောက်ထပ် အသက် မဆုံးသင့်ပဲ ငှက်ဖျားကြောင့် ဆုံးရတဲ့ ရဲဘော် တယောက် ရှိပါသေးတယ်။ ကျနော် တို့တွေ တောထဲမှာ စခန်း ဆောက်ကြတော့ တပ်ရင်းနဲ့ တပ်ခွဲတွေ အလိုက် ဘားတိုက်တွေ ဆောက်ကြရ ပါတယ်။ ဘားတိုက်တွေရဲ့ ကြမ်းခင်းကတော့ သစ်စက်တွေက လွှင့်ပစ်တဲ့ ပကာတွေပေါ့။ သစ်ခွဲ စက်တွေက ပကာတွေကလည်း အတို အရှည်တွေ မညီပါဘူး။ ဘားတိုက်တွေမှာ အလယ်က လူသွားလမ်း လုပ်ပြီး ဟိုဖက်သည်ဖက် ကြမ်းခင်း ၂ ခု လုပ်တဲ့အခါ ဘားတိုက်ရဲ့ နံရံ အပြင်ဘက်ကို ပကာတွေက ပိုထွက် နေပါတယ်။ အဲဒါကို ဘယ်သူကမှလည်း ညီသွားအောင် ပြန်ပြီး ဖြတ်မနေကြ တော့ပါဘူး။ သည်အတိုင်းပဲ ထားလိုက် ကြပါတယ်။ ဘားတိုက် ဘေးမှာ သည်အတိုင်းပဲ အစွန်းထွက်နေတဲ့ ပကာတွေ အပေါ်မှာ ပစ္စည်းတွေလည်း တင်ရင် တင်ထားတတ်ကြပါသေးတယ်။ တချို့နေရာတွေကတော့ အစွန်း ထွက်နေ တာက တတောင် ကျော်ကျော် လောက်ထိ ရှည်နေတဲ့ နေရာတွေမှာ တခါတခါ လူတွေ တက်အိပ် တတ်ကြပါတယ်။ အထူးသဖြင့် မနက်ပိုင်း နေပူတဲ့အခါမျိုးမှာပေါ့လေ။ တရက်မတော့ ရင်း (၂၀၄) ခွဲ(၂)က ငှက်ဖျား ဖြစ်နေတဲ့ ရဲဘော်တယောက်ဟာ ဆေးရုံကနေ လမ်းလျှောက်ရင်းနဲ့ သူ့ရဲ့ ခွဲ (၂)က ဘားတိုက်မှာ အဲပကာ အစွန်းထွက်တွေပေါ်မှာ အိပ်ရင်းနဲ့ နေပူစာ လှုံနေခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲသည်အချိန်က ကျနော်တို့ စခန်း တခုလုံးဟာ စစ်သင်တန်း တက်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ စခန်းမှာက ဆေးမှူးတချို့၊ ကော်မတီဝင် တချို့နဲ့ ဖျားနာနေတဲ့ ဂီလာနတွေပဲ ကျန်နေခဲ့တာပါ။ အားလုံးက စစ်သင်တန်းပြီးတဲ့ ညနေကြမှ ကိုယ့်ဘားတိုက်ကို ကိုယ်ပြန်ရောက်ကြတာပါ။ သည်လိုနဲ့ ညနေစောင်းတော့ ဆေးရုံမှာ သည်ရဲဘော် ပျောက်နေတယ် ဆိုတာ သိသွားတော့ ရှာကြရတာပါ။ ဘယ်မှာမှ ရှာမတွေ့ဘူး။ နောက်ဆုံးကျမှ သူ့ခွဲ (၂) ဘားတိုက်ရဲ့ ပကာအစွန်းတွေပေါ်မှာ လဲလျောင်းလျက်သား အသက် ပျောက်နေတဲ့ သူ့ကို သွားတွေ့ ကြရတာပါ။ ကြည့်ရတာ အိပ်ပျော်နေတုန်း (pass-out) ဖြစ်သွားပုံရပါတယ်။ အနားမှာ တယောက်ယောက် ရှိရင်တော့ အသက် မသေနိုင်ပါဘူး။ သူကတော့ ဒုတိယမြောက် ငှက်ဖျားနဲ့ သေဆုံးရတဲ့ ရဲဘော်ပါ။ ကျနော် မှတ်မိ သလောက် ကတော့ သူ့နံမည်က ရဲဘော် စိန်ဝင်းပါ။

ငှက်ဖျားနဲ့ တတိယမြောက် ဆုံးတဲ့ ရဲဘော်ကတော့ ရဲဘော်တင်ရွှေပါ။ စခန်းမှာ ငှက်ဖျားဖြစ်၊ အခြေအနေ ဆိုး လာတော့ မဲဆောက်ပို့၊ သည်ကြားထဲက မဲဆောက်ဆေးရုံမှာ ကုနေရင်းက ကျန်တဲ့ ရောဂါတွေပါ ၀င်လာပြီး ဆုံးတာပါ။ သူဆုံးတော့ စခန်း ကော်မီတီက ထောက်ပံရေး တာဝန်ခံ ကိုမြင့်စိုး၊ ရုံးအဖွဲ့မှူး ကိုတင်နွယ်နဲ့ ကျနော် အလောင်းကို ဆေးရုံက သွားထုတ်ပြီး ဈာပနအတွက် ရေမိုးချိုး ပြင်ဆင်ပေးရတာပါ။ ကျနော့် အတွက် တော့ ဘ၀မှာ ပထမဆုံးအကြိမ် အလောင်းပြင်ခဲ့ဖူးတာပါ။ ပြီးတော့ မဲဆောက် သင်္ချိုင်းမှာ မီး သင်္ဂြိုဟ် ခဲ့ရ တာပါ။ သူဆုံးပြီ ဆိုတော့ ကျနော်တို့ ၃ ယောက် ဆေးရုံကို သွားပြီး အလောင်း ထုတ်ရပါတယ်။ ရေခဲ သေတ္တာ အကြီးကြီးလို ဖြစ်နေတဲ့ ရေခဲတိုက် ထဲမှာ အပေါ်ထပ်မှာ သူ့ အလောင်းကို ထည့်ထားတာပါ။ ကျနော်တို့က စတီးလ်ဘန်းပေါ်တင်ထားတဲ့ သူ့အလောင်းကို အဲ ရေခဲသေတ္တာထဲကနေ ဆွဲထုတ်ပြီး အသုဘ ပြင်တဲ့ ကျောက်ကုတင်ပေါ်ကို တင်ရပါတယ်။ အသားတွေက၀ါပြီး ဖောသွပ်နေတဲ့ သူ့အလောင်းက လံကွတ်တီ လေးတခုကလွဲပြီး ဘာအ၀တ်အစားမှ မရှိပါ။ သူ့အလောင်းကို ကျနော်တို့ ၃ ယောက် ခြေနဲ့ လက်က ကိုင်ပြီး ကုတင်ပေါ်ကို တင်ရပါတယ်။ ရေချိုးပေးပြီး အ၀တ်အစားတွေ ၀တ်ပေးရပါတယ်။ အဲသည်လို လုပ်နေတဲ့ အချိန်အတွင်းမှာပဲ သူ့ အသား တွေက ညိုမည်း ပြာနှမ်းလာတာပါပဲ။ နောက်တော့ အခေါင်းထဲ ထည့်ပြီး ကားနဲ့ သင်္ချိုင်းကို သယ်ရတာပေါ့လေ။ အဲမှာတော့ မီးသင်္ဂြိုဟ်တာပါ။ အသုဘ အခမ်း အနားပြီးတော့ ကျနော်တို့ ၃ ယောက်လုံးကို အားလုံးက ပြောတာပါပဲ - ပုပ်စော်နံနေတယ်- တဲ့။ ကျနော် တို့ကတော့ ဘယ်သိမလဲလေ။ ရေခဲတိုက်ကလည်း လူသေတွေ အများကြီး မဟုတ်လား။ ဒါနဲ့ စခန်း မပြန်ခင် မဲဆောက် ဘုန်းကြီးကျောင်းနားက စားသောက်ဆိုင်မှာ ညနေစာ စားရင်း ကိုယ့်လက်ကို ကိုယ် နမ်းကြည့်တော့ - ဟုတ်ပါ့ - အနံ့တွေ နံနေတာပါပဲ။ ပြီးတော့ ရဲဘော်တင်ရွှေကို ရေချိုးပေးတုန်းက သူ့ခန္ဓာကိုယ်ကို ကိုင်ထားတဲ့ လက်တွေဟာ အဲသည် အေးစက်စက် အထိအတွေ့ကြီးကို တောက်လျှောက် ရနေတော့တာပါပဲ။

သည်ရဲဘော် ၃ ယောက်လုံးရဲ့ အဖြစ်အပျက်တွေက ၁၉၈၈နဲ့ ၈၉ အစပ်မှာပဲ ဖြစ်ပျက်ခဲ့တာပါ။ ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကပါ။ ဒါပေသည့် ကျနော့် အတွက်တော့ မနေ့တနေ့ကလိုပါပဲ။ သည်ရဲဘော် ၃ ယောက်လုံးဟာ စစ်အာဏာရှင် စနစ်ကို မကြိုက်ဘူး၊ ဒီမိုကရေစီစနစ်ကို ကြိုက်တယ်၊ ဗမာပြည်က ပြည်သူ လူထုအတွက် ဒီမိုကရေစီ ရရှိရေး တိုက်ပွဲမှာ လက်နက်ကိုင် တိုက်ပွဲကို ယုံကြည်လို့ လက်နက်ကိုင် တိုက်ပွဲတွေ ရှိရာကို လိုက်လာခဲ့သူတွေပါ။ လက်နက်ကိုင် တိုက်ပွဲတွေ ရှိရာ နယ်မြေမှာ ရှိတဲ့ ငှက်ဖျားနဲ့ ရင်ဆိုင် တိုက်ခိုက်ရင်း သူတို့ ကျဆုံးသွားခဲ့ရတာပါ။ ABSDF ရဲ့ မှတ်တမ်းထဲ မှာတော့ သူတို့ဟာ သေဆုံး သွားသူတွေပါ။ ကျဆုံးသွားသူတွေ မဟုတ်ပါဘူး။ They are not KIAs (Killed-in-action). ဒါပေသည့် ကျနော့် တဦးတည်းရဲ့ မှတ်တမ်းထဲမှာတော့ သည်ရဲဘော် ၃ ယောက်ဟာ (သို့မဟုတ်) သည် သူရဲကောင်း ၃ ယောက်ဟာ စစ်အာဏာရှင် စနစ်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားသူတွေပါ။ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်ဖို့ ကြိုးစားရင်း ကျဆုံးသွားရတဲ့ သူရဲကောင်း ရဲဘော်တွေ အဖြစ် ကျနော် မှတ်တမ်းတင် လိုက်ပါတယ်။

Mar 18, 2009

လမ်းဆုံးရောက်သွားသူများ

ဟိုးတလောက မောင်တိန် ဘလော့ကို သွားလည်ရင်း သူ့ရဲ့ လမ်းဆုံးဆိုတဲ့ ပို့စ် တခုကို ဖတ်ရတော့ အဲသည်တုန်းက ကိုယ့်စိတ်ထဲ ထင်မြင်တာလေး တခုကို ကွန်မန့်ထဲ ရေးခဲ့မိတယ်။ ခုတလောလည်း ဘာရယ်လို့တော့ မဟုတ် အဲသည် လမ်းဆုံး ဆိုတာကို စဉ်းစားနေမိတယ်။ စဉ်းစားမိရင်းနဲ့ ကျနော် ကြုံခဲ့ရတဲ့ လမ်းဆုံး ရောက်သွားခဲ့တဲ့သူတွေ အကြောင်းကို ပြန်ပြီး ပြောချင်စိတ် ပေါက်လာတယ်။

လူမှန်းသိတဲ့ အချိန်ကစပြီး မှတ်မှတ်ရရ သေဆုံးခြင်းဆိုတာကို ပထမဆုံး ကြုံတွေ့ခဲ့ဖူးတာ ကတော့ ကျနော် ၃ နှစ်သား လောက်ကပါ။ အဖွားတို့ ဘေးအိမ်က လှလှစီ ဆိုတဲ့ ကောင်မလေး တယောက်က ကျနော်ရဲ့ ကစားဖော်ပေါ့။ ကျနော်တို့က ကျောင်း မတက်ရသေးတဲ့ ကလေးတွေ ဆိုတော့ နေ့လည် နေ့ခင်းဆို ဟိုဖက်အိမ် သည်ဖက်အိမ် ကူးပြီး အတူဆော့နေကြ။ တနေ့ တော့ သူတို့ အိမ်ကို ဆော့ဖို့ ကျနော် ကူးသွားတော့ လှလှစီက - အဖိုး သေ သွားပြီဟ - တဲ့။ သူ့အဖိုးက ဟိန္ဒူ အမျိုးသားကြီးပါ။ ကျနော်တို့က မူစိန်ကြီးလို့ ခေါ်ကြတယ်။ -သေသွားပြီ- ဆိုတဲ့ သူ့စကားကို ကျနော် နားမလည်ပါဘူး။ -ဘာလဲဟ - ကျနော်မေးတော့ - လာ ငါပြမယ် - သူက ပြောရင်း ကျနော့်ကို သူတို့ အိမ်နောက်က နွားတင်းကုပ်ထဲကို ခေါ်သွားပါတယ်။ မူစိန်ကြီးက နွားတွေ မွေးထားတယ်။ ရပ်ကွက်ထဲမှာ နွားနို့လည်း လိုက်ရောင်းပါတယ်။ သူ ကိုယ်တိုင်လည်း သူ့ နွားတွေနဲ့ အတူ အဲမှာပဲ ကုတင် တလုံးနဲ့ အိပ်တာပါ။ တင်းကုပ်ထဲ ရောက်တော့ - အဲမှာ ကြည့် - လှလှစီက ပြောတော့ ကုတင် ပေါ်မှာ အိပ်နေတဲ့ မူစိန်ကြီးကို တွေ့ပါတယ်။ (ကျနော်က အိပ်နေတယ် ထင်တာပါ)။ - မူစိန်ကြီး - ခေါ်ရင်းနဲ့ ကျနော်က အ၀တ်ဖြူ အောက်က ထွက်နေတဲ့ သူ့ခြေထောက် ၀ါဝါကြီးကို ကိုင်လှုပ် ကြည့်လိုက်ပါတယ်။ အေးစက်နေတဲ့ ခြေထောက်ကြီးကို ကိုင်မိတော့ - အား - အေးစက်နေတာပဲ - ကျနော် ပြောမိတော့ - သေပြီလေဟာ နင်ခေါ်လို့ မရတော့ဘူး - လှလှစီက ကျနော့်ကို ပြောပါတယ်။ - သြော... သေတော့ ခေါ်လို့ မရတော့ဘူးပေါ့ - အဲလိုပဲ ကျနော် တွေးမိတာပါ။ အဲသည်နေ့က ကျနော်တို့ မကစားရပါဘူး။ ကျနော် လည်း အိမ်ဖက် ပြန်ကူး လာပြီး။ အဖွားကို - အဖွား မူစိန်ကြီး သေသွားပြီ - ပြောတော့ - ဟုတ်တယ်သား.. မူစိန်ကြီးက ညကတည်းက ဆုံးသွားတာ - ပြောပါတယ်။ - ဆုံးတာက ဘာလဲ အဖွား - ကျနော်က လေရှည်ပြန်ပါတယ်။ - သေတာကို ပြောတာလေ - အဖွားက ပြန်ပြောပါတယ်။ - ဘာလို့ သေတာလဲ အဖွား - ကျနော် မေးတော့ - မူစိန်ကြီးက အသက် ကြီးပြီလေသားရဲ့... ဒါကြောင့် သေတာပေါ့ - ပြောတော့ - အသက်ကြီးရင် သေရောလား - ကျနော်က ထပ်မေး ပါတယ်။ မေးရင်း - ဒါဆို ဖိုးရော ဖွားရော အသက် ကြီးရင် သေမှာပေါ့နော် - ကျနော် ပြောတော့ - ဟယ်.. ဒီကောင်လေး ပေါက်ပါက်ရှာရှာ ဘာတွေ လျှောက်ပြောနေတာလဲ - အဖိုးက ၀င်ဟန့် ပါတယ်။ - မူစိန်ကြီးကို သား ကိုင်ကြည့်တော့ သူ့ ခြေထောက်က အေးစက်နေတာပဲ - ကျနော် ပြောတော့ - အာ.. ဒီကောင် အလောင်းကို သွားကိုင် ခဲ့ပြန်ပြီ ဟုတ်လား ... - ပြောရင်း အဖိုးရဲ့ ဆေးတံကြီးက ဒေါင်ကနဲ ကျနော့် ခေါင်းပေါ် ကျလာပါတော့တယ်။ - နောက် လူသေ အလောင်းကို ဘယ်တော့ မှ မကိုင်ရဘူး ကြားလား... ကလေးက ကလေး ဘာသာ နေစမ်း - ဆိုတဲ့ အဖိုး စကား အဆုံးမှာတော့ ကျနော်လည်း လွတ်ရာ လွတ်ကြောင်း အိမ်ရှေ့ဖက် ပြေးထွက်ခဲ့ ပါတော့တယ်။ စိတ်ထဲ မှာတော့ - သေပြီ၊ အသက်ကြီးရင် သေရော၊ သေရင် ခေါ်မရတော့ဘူး - ဆိုတဲ့ စကားတွေက ပဲ့တင်သံလို တနေ့လုံး ခေါင်းထဲမှာ မြည်နေပါတော့တယ်။ နောက်တော့လည်း အဲတာတွေကို မေ့သွား ပါတော့တယ်။

ဒုတိယအကြိမ် ကြုံတွေ့ခဲ့ရတာကတော့ ကျနော် ပဉ္စမတန်းတက်နေတုန်းကပါ။ ကျနော်က တောင်ဥက္ကလာပ အ.မ.က. (၁၃) ကနေ ရန်ကင်း အ.လ.က. (၄)ကို ပြောင်းတက်ရပါတယ်။ ကျောင်းဖွင့်ကာစ ဆိုတော့ မိုးတွင်းကြီးပါ။ ဇူလိုင်လကုန်လောက်မှာ ကျနော်တို့ အတန်းထဲက ကောင်မလေးတယောက် သွေးလွန် တုပ်ကွေး ဖြစ်ပြီး ဆုံးသွား ပါတယ်။ မိုးတွေ ရွာနေတဲ့ ကြားထဲမှာ ကျနော်တို့ တတန်းလုံး အတန်းပိုင် ဆရာ ဦးလှမြင့် ဦးဆောင်ပြီး တာမွေ သင်္ချိုင်းကို သွားပြီး အဲသည် ကျောင်းသူလေးရဲ့ အသုဘကို လိုက်ပို့ရပါတယ်။ ကျနော့် ဘ၀မှာ ပထမဆုံး အကြိမ် လိုက်ပို့ခဲ့ဖူးတဲ့ အသုဘ ဖြစ်သလို၊ သင်္ချိုင်းဆိုတာကိုလည်း ပထမဆုံး အကြိမ် တွေ့ ဖူးခြင်း ပါပဲ။ ထို့အတူ လူသား တယောက်ရဲ့ လူ့လောကက ခွဲခွာရခြင်းအတွက် ကျန်ရစ်ခဲ့သူ တွေရဲ့ ၀မ်းနည်း ကြေကွဲမှုနဲ့ ပရိဒေ၀ သောကတွေကို ပထမဆုံး အကြိမ် ကြုံတွေ့ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ကောင်မလေးကို မြေမမြှုပ်ခင် အခေါင်းဖုံးကို ဖွင့်ပြတော့ ကျနော်တို့တွေ စပ်စုပြီး အတင်း တိုးဝှေ့ ကြည့်ကြ ပါတယ်။ ကောင်မလေးက မျက်စေ့မှိတ်လို့ အိပ်ပျော်နေတဲ့ ပုံပါပဲ။ မျက်နှာကတော့ ဖြူဖတ် နေပါ တယ်။ နှာခေါင်းမှာလည်း သွေးစတွေ စွန်းနေတဲ့ ဂွမ်းစ ၂ ခုကို ထိုးထည့်ထားတာ တွေ့ရပါတယ်။ သူ့ အမေက အခေါင်းမှာ မျက်နှာအပ်ပြီး အော်ငိုနေတာပါ။ ဘာကြောင့်မှန်း မသိ ကျနော်လည်း ငိုချင်လာတယ်။ ဒါနဲ့ လူအုပ်ထဲက တိုးထွက်ပြီး ဆရာ့ အနားမှာ သွားရပ်နေမိတယ်။ နောက်တော့ ဆရာက ကျောင်းအုပ် ဆရာမကြီး လက်မှတ်ထိုး ရေးပေးလိုက်တဲ့ အမိန့်စာကို ပြန်ပါတယ်။ - ဤကျောင်းနှင့် သင် မဆိုင်တော့၊ ယနေ့မှစ၍ သင်သွားလိုရာသို့ သွားနိုင်ပြီ- စသည်ဖြင့် ဆရာ အမိန့်စာ ပြန်နေတာကို ကြားနေရပါတယ်။ အဲသည်မှာ အဲကျောင်းသူနဲ့ ခုံတတန်းထဲ ထိုင်ကြတဲ့ ကောင်မလေး တချို့လည်း ငိုနေကြ ပါတယ်။ ကျောင်းကို ပြန်ရောက်တော့ ဆရာ လည်း စိတ်မကောင်း ဖြစ်နေပုံရပါတယ်။ အားလုံး ကို အိပ်ခိုင်း ထားပါတယ်။ အဲသည်နေ့က စာ မသင်ပါဘူး။ ကျနော်ကတော့ ဆရာဦးလှမြင့် ဖတ်ခဲ့တဲ့ အမိန့်စာ အကြောင်းကို တွေးနေမိပါတယ်။ ကျနော်နဲ့အတူ တခုံတည်းထိုင်ရတဲ့ ကျောင်းသား တယောက်က ကျနော့်ထက် ၄ နှစ်လောက် ကြီးပါတယ်။ ဒါနဲ့ ကျနော်က သူ့ကို - အဲ ကောင်မလေးကို ဘာလို့ အမိန့်စာ ပြန်ရတာလဲ ဟင်... - မေးမိတော့ - မပြန်ရင် သူက ကျောင်းမှာ လာပြီး သရဲခြောက်နေမှာပေါ့... ဒါကြောင့် မောင်းထုတ်လိုက်တာ... - တဲ့။ - သေပြီးရင် အဲလိုပဲ မောင်းထုတ်ရလား။ သေပြီးရင် သရဲလာ ခြောက်သလား၊ သရဲခြောက်တော့ ဘာဖြစ်လဲ - ကျနော့် ဘာသာ တွေးနေမိတော့တာပါပဲ။ မောင်းထုတ်ခံရတဲ့ အဲကောင်မလေးကိုလည်း စိတ်ထဲက သနားနေမိပါသေးတယ်။ အဲသည်နေ့ ကတော့ ကျောင်း မဆင်း မချင်း - အမိန့်စာ၊ သွားလိုရာ သွားနိုင်ပြီ၊ သရဲခြောက် - စတဲ့ စကားလုံးတွေက ကျနော့် ခေါင်းထဲ တ၀ဲလည်လည်ပါပဲ။ အဲဒါအပြင် - မူစိန်ကြီးလို အသက် မကြီးသေးပဲနဲ့ ဘာလို့ သည်ကောင်မလေးက သေသွားရတာလဲ - ဆိုတာ ကိုလည်း စဉ်းစားနေမိ ပါသေး တယ်။ ဒါပေမယ့် ကျောင်းဆင်း တော့လည်း အားလုံးကို မေ့သွားတာပါပဲလေ။

တတိယအကြိမ် ကြုံရတာကတော့ ကျနော် ရှစ်တန်းနှစ်မှာပါ။ ကျနော်တို့ ခြံထဲမှာ ကျနော်တို့ ညီအကို နေတဲ့ တဲတလုံး ရှိပါတယ်။ တဲနဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်ရဲ့ လမ်းဘေး ကပ်လျက်မှာ ထန်းပင် တပင်ရှိပါတယ်။ အသက် ၄၀ လောက် ရှိတဲ့ လူကြီးတယောက် နေ့တိုင်း ထန်းတက်လေ့ ရှိပါတယ်။ တခါတလေ ကျနော်တို့ ကျောင်းပိတ်တဲ့ ရက်တွေဆို သည်လူကြီး ထန်းတက်တာ၊ ၀ါးကျည်တောက်တွေနဲ့ ဆင်းလာတာကို ကျနော်တို့ တဲရဲ့ ပြတင်းပေါက်ကနေ တွေ့ရတတ် ပါတယ်။ တညနေ ကျနော်တို့ ကျောင်းက ပြန်လာတော့ ထန်းပင်ရင်းမှာ လူတွေ အုံနေတာနဲ့ ညီအကို ၂ ယောက် သွား ကြည့်ကြပါတယ်။ အဖေနဲ့ ကျနော်တို့ ခြံထဲမှာ အဆောက်အဦး ပြင်ဆောက်နေတဲ့ လက်သမား ဆရာကြီး အဘဦးလှကြူ ကိုပါ လူတွေ ကြားထဲ တွေ့လိုက်ရပါတယ်။ - ဘာဖြစ်တာလဲ အဖေ - မေးရင်းနဲ့ ထန်းပင်ရင်းမှာ တောင်ထန်း အရွက်တွေနဲ့ အုပ်ထားတဲ့ ထန်းတက်သမားကြီးရဲ့ အလောင်းကို မြင်လိုက်ရပါတယ်။ ထန်း တက်ရင်း ထန်းပင်ပေါ်က ပြုတ်ကျတာပါ။ ဇက်ကျိုးပြီး လည်ပင်းလိမ် နေတာကိုပါ တွေ့ရပါတယ်။ သွေးတွေလည်း အိုင်နေ တာပါပဲ။ - ရဲကို အကြောင်းကြား ထားတယ် - ရပ်ကွက် လူကြီးတယောက် ပြောတာကို ကြားရပါတယ်။ ဒါပေသည့် နောက်နေ့ မနက် ကျနော် တို့ ကျောင်းသွားတဲ့ အထိ ဘယ်ရဲ တယောက်မှ မလာပါ။ ဘယ်သူ မှလည်း အလောင်းကို လာမကောက်ကြသေးပါဘူး။ ကျနော်တို့ ကျောင်းက ပြန်လာတော့ ထန်းတက် သမားကြီးရဲ့ ညီနဲ့ ရဲတွေ ညနေဖက်ကျမှ အလောင်း လာယူ သွားတယ် ပြောပါတယ်။ သည့်နောက် မှာတော့ ရပ်ကွက်ထဲမှာ ကျနော်တို့ အိမ်ရှေ့က လမ်းက သူရဲ အရမ်း ခြောက် သတဲ့။ အဲလမ်းက ဖြတ်သွားရင် ထန်းပင် ပေါ်ကနေ မဲမဲ မဲမဲနဲ့ ဆင်းလိုက် သတဲ့။ တခါတလေ သရဲက ဆင်း မလိုက် ချင်ရင်လည်း ထန်းပင်ပေါ်ကနေ သဲတွေ ဖြူးချသတဲ့ဗျား။ နံမည် ကြီးနေလိုက်ပုံများ။ ကျနော်တို့ ညီအကို ၂ ယောက်ကတော့ ရပ်ကွက်ထဲက လူတွေ ပြောနေတဲ့ သရဲကို တခါမှကို မတွေ့ခဲ့ဖူးဘူး။ ကျနော်တို့က ထန်းပင်နဲ့ ကပ်လျက် နေနေတာ ဆိုတော့ သရဲနဲ့ အိမ်နီးချင်း ဖြစ်နေလို့ မခြောက်တာလဲ ဖြစ်ရင် ဖြစ်မှာပေါ့လေ။ ညနေဖက် ထမင်းဝိုင်း မှာတော့ အဖေက - သည်လူကွာ အဲနေ့က သူနေမကောင်းဘူး။ ခေါင်းကိုက်နေတယ်တောင် ဦးလေး ဦးလှကြူနဲ့ ငါ့ကို ပြောနေသေးတာ။ ငါတို့ ခေါင်တိုင် ထူနေတုန်း ဘုန်း...ဆို အသံကြီး ကြားရတာ။ ဦးလေးက လူ ပြုတ်ကျတယ်... လူပြုတ်ကျတယ် ... အော်ပြီး ပြေးသွား တာ။ ငါတို့ရောက်တော့ အသက် မရှိတော့ဘူး။ ပွဲချင်းပြီးပဲ။ ဇက်ကျိုး သွားတာ။ မူးပြီး ပြုတ်ကျတာပဲ ဖြစ်မှာ - ပြောနေတော့ ကျနော်လည်း ထမင်း စားနေရင်းနဲ့ - သည်လူကြီး နေမကောင်းရင်လည်း ထန်း မတက်နဲ့ ပေါ့။ တရက် မတက်ရင် ဘာ ဖြစ်မှာလဲ။ ခုတော့ မူးပြီး ကျသေတဲ့ အဖြစ်ကို ရောက်ရော။ သူသာ အဲနေ့က မတက်ရင် သေမှာ မဟုတ်ဘူး။ အို... သူ့မှာလည်း တရက် မတက်ရင် မိသားစုအတွက် တရက်စာ ငွေ မရရင် မဖြစ်လို့ မတက်ချင် တက်ချင်နဲ့ တက်ရတာ ဖြစ်မှာပေါ့ ... - စသည်ဖြင့် လျှောက် တွေးနေမိ ပါတော့တယ်။ ဆက်တွေးမိတာကတော့ သည် ထန်းတက်သမားကြီးရဲ့ အဖြစ် အပျက် ကနေ တဆင့် သေခြင်း တရားကို ရှောင်လို့ ရသလား မရဘူးလား အထိပါ တွေးမိတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် မိသားစု အတွက် အသက်နဲ့ရင်းပြီး ရှာဖွေ ကျွေးမွေးခဲ့တဲ့ လူတယောက်ကတော့ သူ့ လမ်းဆုံးကို စောစော စီးစီး ရောက်သွားတော့တာပါပဲလေ။ ကျနော့် တသက်မှာ ပထမဆုံး အကြိမ် လေးလေး နက်နက် စဉ်းစားမိတာ ကတော့ သေခြင်း တရားဆိုတာ အသက်ကြီးမှ မဟုတ်ပဲ ကြီးငယ်မရွေး အချိန် ကာလ မရွေး ရောက်လာတာ ပါလား ဆိုတာပဲ ဖြစ်ပါတော့တယ်။

စတုတ္ထအကြိမ် ကြုံရတာကတော့ ကျနော် တက္ကသိုလ် ပထမနှစ် တက်နေတဲ့ အချိန်မှာပါ။ သူငယ်ချင်း တယောက်ရဲ့ အဖေက လေယာဉ်စက်ပြင်ဆရာပါ။ တခါတလေ သူငယ်ချင်း အိမ်ကို သွားရင် အဲ ဦးလေးကို အိမ်ဦးခန်းမှာ သတင်းစာဖြစ်ဖြစ် စာအုပ် တအုပ်ဖြစ်ဖြစ် ဖတ်နေတတ်တာ တွေ့ရတတ်ပါတယ်။ အသားဖြူဖြူ ချောချောနဲ့ ကြည့်ကောင်းတဲ့ လူကြီးတဦးပါ။ ကျနော်တို့ကိုလည်း ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ ရှိပါတယ်။ တရက်မှာ လေယာဉ် စက်ပြင်ဖို့ အဲဦးလေး မြစ်ကြီးနားကို လိုက်သွားရပါတယ်။ နောက်တော့ အဲသည်မှာပဲ နမိုးနီးယားနဲ့ ဆုံးတယ် ဆိုတာ ကြားရတာပါ။ နောက်တော့ သူ့အလောင်းကို ရန်ကုန် ပြန်သယ် လာတယ်။ ကျနော်တို့ သူငယ်ချင်းတွေကတော့ စိတ်မကောင်း ဖြစ်ကြပါတယ်။သူတို့ အိမ်မှာ သွားပြီး ကိုယ်တတ်နိုင်တာတွေ ကူညီ ပေးကြပါတယ်။ သူငယ်ချင်း ကတော့ အဖေသေတာကို စိတ်မကောင်းဖြစ်ပုံ တစက်မှ မပြပါဘူး။ ဟီးဟီး ဟားဟားနဲ့ ပျော်နေပါသေးတယ်။ ဖဲဝိုင်းမှာ ပျော်ပျော် ပါးပါးကြီးကို အကောက်တွေ ကောက်လို့။ ကျနော်တို့ နားမလည်ပါ။ နောက်တော့ သူက ပြောပါတယ် - ငါ့အဖေက မြစ်ကြီးနားမှာ မယားငယ်ရှိတယ်ကွ - တဲ့။ အသုဘချတဲ့ နေ့မှာ သူ့ အမေက စလို့ ဘယ်သူမှ မငိုကြပါ။ ကျနော့် အတွက်တော့ အထူး အဆန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါဟာ သူတို့ မိသားစု အရေးကိစ္စ ဖြစ်တဲ့အတွက် ကျနော်တို့ သူငယ်ချင်းတွေက ဘာမှ စပ်စု မေးမြန်းတာ မလုပ်ကြပေမယ့် ကျနော့် အတွက်တော့ - လူတယောက် လမ်းဆုံးကို ရောက်သွားတဲ့အတွက် ၀မ်းမနည်းတဲ့ သူတွေလည်း ရှိတတ်ပါလား - လို့ စဉ်းစားမိ သွားပါတယ်။ ထို့အတူ - လမ်းဆုံးကို ရောက်သွားသူတယောက်ဟာ သူ့ရဲ့ ရှင်သန်မှုကို လိုက်လို့ ၀မ်းနည်း ကြေကွဲမယ့်သူ မရှိတာကိုလည်း ကြုံရမှာပဲ- လို့ တွေးမိသွားပါသေးတယ်။
(ဆက်ရေးပါမည်)

Mar 16, 2009

၄၅ နှစ်မြောက်မွေးနေ့

တကယ်ဆို ကျနော်က မွေးနေ့အထိမ်းအမှတ်အဖြစ် ဘာတခုမှ လုပ်လေ့ လုပ်ထ မရှိပါဘူး။ ကျနော့် မွေးနေ့မှာ ကျနော့်ကို လူသား တယောက် အဖြစ် လူ့ လောကထဲကို ခက်ခက်ခဲခဲ သယ်ဆောင်လာပေးတဲ့ အမေ့ကို ကန်တော့ပါတယ်။ ဒါပဲ လုပ်လေ့ရှိတာ။ ခုတော့ သည် ၄၅ နှစ်မြောက် မွေးနေ့မှာ ကန်တော့စရာ အမေက လူ့လောကထဲမှာ မရှိတော့ပါ။ ဒါပေသည့် အမေ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့သော တမ်းတ သော အားဖြင့် အမေ ရှိမယ့် နိဗ္ဗာန်ဘုံ (သို့) ကောင်းကင်ဘုံကို မှန်းပြီး ကန်တော့ လိုက်ပါတယ်။

ပြီးခဲ့တဲ့ ကျနော့်ရဲ့ (၄၄) နှစ်မြောက် မွေးနေ့က ဘာမှ မထူးခြားပေမယ့် ခု (၄၅)နှစ်မြောက် မွေးနေ့ကတော့ ထူးခြား ပါတယ်။ ဘာလဲ ဆိုတော့ ကျနော့် မွေးနေ့တိုင်းမှာ ကောင်းမှုကုသိုလ် လုပ်ပေးခဲ့တဲ့ အမေ မရှိတော့ တာပါပဲ။ ကျနော့် မွေးနေ့တိုင်းမှာ အမေဟာ ရွှေတိဂုံဘုရားကို သွားတယ်။ အင်္ဂါထောင့်မှာ ကျနော့် ကိုယ်စား ဆီ၊ မီး၊ ရေချမ်း လှူဒါန်းတယ်။ ပြီးခဲ့တဲ့ (၄၄) နှစ်မြောက် မွေးနေ့မှာ အမေ့ကို ဖုန်းခေါ်တော့ - သားလေးရေ ခုပဲ မာမာ ဘုရားက ပြန်လာတာ သားအတွက် ဆီ မီး ရေချမ်း လှူဒါန်းပြီးပြီ သိလား။ အခက်အခဲတွေ အားလုံး ပျောက်သွားလိမ့်မယ် သိလား - ပြောရှာပါသေးတယ်။

အမေဟာ တကယ်တော့ သာမန် မိန်းမသားတဦးပါပဲ။ ဒါပေသည့် ကျနော့်အတွက်တော့ ကြီးမြတ်နေခဲ့တယ်။ ကျနော့်ကို သူ့ ၀မ်းကြာတိုက်ထဲမှာ အမေ သယ်ဆောင်ထားချိန်မှာ အဖေက အဝေးတနေရာမှာပါ။ သည် အကြောင်းကို မဆုံးခဲ့တဲ့ကဗျာ ဆိုတဲ့ ပို့စ် တခုမှာ ကျနော် ရေးခဲ့ဖူးပါတယ်။ ပြီးတော့ ကျနော် ၃ နှစ်သားမှာ အမေ အဖမ်းခံခဲ့ရတာပါ။ နရသိရ်ထဲကနေ ကဗျာတွေရေးပြီး ကျနော်တို့ ညီအကို ၂ ယောက်ကို အမေ လွမ်းခဲ့တဲ့ အလွမ်းတွေက ခုထက်ထိ ကျနော့် ရင်ဘတ်ကို ရိုက်ခတ်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် အမေဟာ အဖေ့ အတွက် ကြင်ဖော်ကောင်းတယောက် ဖြစ်ခဲ့သလို၊ ကျနော်တို့အတွက် မိခင်ကောင်း တယောက် ဖြစ်ခဲ့ ပါတယ်။ ထို့အတူပဲ နိုင်ငံအတွက်လည်း နိုင်ငံသားကောင်းတဦး ဖြစ်ခဲ့တဲ့သူပါ။ ၁၉၈၈ မှာ ကျနော် တောခိုတော့ အမေ့ကို နှုတ်ဆက်တဲ့အခါ အမေပြောခဲ့တာက - သစ္စာဖောက်တဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်နဲ့သား - တဲ့။ အမေက အဲလို အမေပါ။

အမေ့အကြောင်းကို မွေးနေ့မှာ ပြောပြနေမိတာကို ခွင့်လွှတ်ကြပါ။

ခုတော့ မွေးနေ့မှာ ပျော်ပျော်ပါးပါး စားကြပါစို့...

အုန်းနို့ခေါက်ဆွဲနဲ့ပဲ စလိုက်ကြရင် ကောင်းမယ်။














ပြီးရင် ရှမ်းခေါက်ဆွဲစားကြပါ။













ဝက်သားပေါင်းတွေလည်း စားကြဦး












ဒါကတော့ အာလူးသုပ်၊ စမူဆာသုပ်ဗျာ။

















ဂျင်းသုပ်လည်း ရှိတယ်။ ကြိုက်သလိုသာ ထည့်စားကြပေတော့။













ပုဇွန်ခွက်ကျော်ဗျာ..














ဘယာကျော်လည်း ကောင်းမှကောင်း။















လဘက်သုပ်လည်း စားဦး... ဆိုးဆေးမပါဘူး...း)













ကြက်သွန်ကျော်လည်း စားသွားဦး။













ပြီးရင် အလွမ်းပြေ ကြံရည် သောက်ကြ...း)

















ကြံရည် မကြိုက်တဲ့သူ ထန်းရည်သောက်...း)












ခုလောလောဆယ်တော့
ဖွယ်ဖွယ်ရာရာ ဧည့် မခံနိုင်တာကိုလည်း
ခွင့်လွှတ်ကြဗျာ...။
စိတ်ထဲမှာတော့ ရှိပါတယ်။
ညီအကို မောင်နှမတွေအားလုံးကို
အကောင်းဆုံး ဧည့်ဝတ်ပြုချင်တာ။
အမိဗမာပြည်ကို ပြန်ရောက်မှပဲ
အားလုံး ဆုံကြမယ်လေ...
အဲသည်အခါကြမှပဲ
အကောင်းဆုံးတွေကို
အတူတူ စားကြတာပေါ့...

Mar 15, 2009

ဆာရီယဲလ် ကဗျာတပုဒ်ရဲ့ အတ္ထုပ္ပတ္တိ

မတ်လ (၁၇) ရက်နေ့မှာ ကျရောက်မယ့် (၄၅) နှစ်မြောက် မွေးနေ့အတွက်
ကျနော့်ရဲ့ ပြက္ခဒိန်တချို့ကို မှင်တို့ထားကြည့်တာပါ -



(၁၉၆၄)
မီးလျှံတွေ သယ်ဆောင်ထားတဲ့
အနီရောင်ဂြိုဟ်သား
လက်နက်များရဲ့ သံသတ္တု
အထိမ်းအမှတ်တခု ဖြစ်ပါသတဲ့...
“Picabia”ရဲ့ “အင်္ဂါနေ့”မှာ
ကျနော့်ကို မွေးဖွား...


(၁၉၆၅)
“Sebor”ရဲ့
“လူကျပ်နေတဲ့အခန်းလွတ်တခု”အတွင်း
ကျနော် ကြီးပျင်းခဲ့... ။
လေဟာနယ်တောင်
အမှောင်နဲ့ ကျပ်ညှပ်နေပုံမျိုး...



(၁၉၆၆)
သည်လိုနဲ့
“Klee”ရဲ့
“ရုပ်သေးရုံ”ထဲ
ပြပွဲတွေ ကြည့်ခဲ့ ...
ပြဇာတ်ရဲ့ အ၀တ်အစား
အမေ လဲလှယ် ပေးထားလို့
ကျနော့် သပ်ရပ်နေခဲ့ပုံများ...


(၁၉၆၇)
ပါးကွက်အာဏာသားတသိုက်
အမေ့ကို ဖမ်းလိုက်တဲ့နေ့
“Masson”ရဲ့“အလွမ်းဇာတ်”
ကျနော် ကြည့်တတ်သွားတယ်။



(၁၉၆၈)
“Ernst”ရဲ့“နေ့နဲ့ည”ကို နံရံမှာကပ်
အလင်းနဲ့အမှောင်ကို ဖတ်တတ်တဲ့အခါ
အမေ့ကဗျာ သံတိုင်တွေကြားထဲ လန်းဆန်းလို့...
အမေ့အနမ်းလည်း
လရောင် မှုန်မွှားထဲ အေးချမ်းလို့...



(၁၉၆၉)
“Warden”ရဲ့“ဆုတောင်း”ကို
သေကောင်ပေါင်းလဲ ကျနော် ရွတ်အံ
အမေ့အသံကို ပြန်ကြားပါရစေ...



(၁၉၇၀)
အမေ အိမ်ပြန်လာတဲ့ တနေ့မှာ
“Chagall”ရဲ့“ချိုးငှက်နဲ့ကလေးငယ်”
ကျနော် ခဏ ဖြစ်သွားသေးတယ်။
ကျနော့်ကို ထွေးထားပေးပါ မေမေ
အမေ့ ကိုယ်ငွေ့နွေးနွေးနဲ့
ကျနော် ဝေးနေခဲ့တာ
ကြာပြီမဟုတ်လား...


(၁၉၇၁)
ဖေဖေ ဘယ်မလဲ- မေးတဲ့အခါ
အမေ ပြောတယ် -အဝေးကြီးမှာ- တဲ့
ပြီးတော့ “Magritte”ရဲ့“ပြတင်းပေါက်”အနားသွားကပ်
ခဏလောက် မေမေ ရပ်ကြည့်နေသေးတယ်။
ကျနော့်ကိုလည်း ပေးကြည့်ပါ မေမေ
အဲသည် ပြတင်းပေါက်ထဲ
ဖေဖေ ရောက်နေလေသလား...



(၁၉၇၂)
အဖေ ပြန်လာတဲ့နေ့ကို
ကျနော် မေ့သွားတယ်။
ဒါပေမယ့် “Tanguy”ရဲ့ ပန်းချီကား
“မေမေရေ -
ဖေဖေ ဒဏ်ရာတွေ ရထားတယ်”
အဲသည် အဓိပ္ပါယ်
ကျနော် တကယ် သိသွားပါပြီ...


(၁၉၇၃)
“Dali”ရဲ့“ရွက်လှေ”
အဖေ ခဏ ငှားခဲ့တယ်။
တမိသားစုလုံး လက်တွေနဲ့
တဖက်ကမ်းခြေအရောက် လွှင့်ခဲ့...
ခြေထောက်တွေတော့ ပဲ့ဖြစ်
ရေထဲ နစ်လို့...



(၁၉၇၄)
အမည်တခုအတွက်
“Kush”ရဲ့ “လှိုင်းဂယက်တွေ”လို
ပွက်ပွက် ဆူကြွ
မြို့ကြီးရဲ့ တံခါးဝမှာ
အိပ်ပျော်နေသူတွေ နိုးထလာတယ်။



(၁၉၇၅)
ကျောင်းတွေ ပိတ်လို့ တိတ်ဆိတ်နေတဲ့ မြို့မှာ
ငိုရှိုက်သံတွေ ကျယ်လောင်လာကြ
“Mondrian”ရဲ့“နွေည”ထက်တောင်
ပူလောင် အိုက်စပ်နေသေးတယ်။



(၁၉၇၆)
မှိုင်းရာပြည့်က မြို့ကြီးရဲ့သမိုင်းတချို့
ရေးတို့ထားလိုက်လေတယ်။
“Bak”ရဲ့“ထိုအခါမှစ၍”
နာရီလက်တံများ
မေ့လျော့ခံသွားရချိန်
ပြက္ခဒိန်ထူထူတချို့
ခရီးရှည်သွားဖို့ ပြင်ခဲ့ပြီ။


(၁၉၇၇)
“Munch”ရဲ့“လရောင်”အောက်မှာ
ညီမလေးတယောက်ကို
ကျနော့်အတွက် အမေ ခေါ်လာခဲ့တယ်။
လရောင်ရိပ်မှာ
သူ့ကို ကျနော် သိပ်ခဲ့ရတာပေါ့။


(၁၉၇၈-၇၉)
“Nesterov”ရဲ့
“ဆောင်းဦးပေါက်” ကန်ရေပြင်လို
ကြည်လင်နေတဲ့ နေ့ရက်တွေ
ငြိမ်သက်နေတဲ့ ကာလတွေ
အစား ပြန်မရနိုင်လေဘူး။



(၁၉၈၀)
လူငယ်တယောက် ဖွက်ထားတဲ့
”Magritte”ရဲ့“စာမျက်နှာအလွတ်”ပေါ်
ဂီတ သင်္ကေတတွေ
ကျနော်လွှတ်ချလိုက်တယ်။
နှင်းတွေ ပျော်ကျ
ဂစ်တာတီးတဲ့ ညတွေ များများလာ...



(၁၉၈၁)
“Chagall”ရဲ့ “အိမ်အပြာ“
ကိုယ်တိုင် ဆောက်တတ်လာပါပြီ။
နှင်းဆီရနံ့၊ သက်တန့်၊ အပြုံး
အိပ်မက်တွေကို ဖုံးရင်း ...


(၁၉၈၂)
ကံကော်တန်းထဲ
လျှောက်လှမ်းသွားရင်း
“Matisse”ရဲ့
“အပြာရောင်ပြတင်း”မှာ
ချစ်ခြင်းမေတ္တာ တွေ့လိုက်ရပုံ...
ကြယ်တွေ စုံ ည
ရင်ခုန်သံတွေ လှပလို့...



(၁၉၈၃)
ညနေခင်း ရွှေရောင်
လိပ်ပြာတကောင်
အစိမ်းနု တောင်ပံ ခတ်
နှင်းဆီ နီနီ ပွင့်ချပ်
“Kush”ရဲ့ “ရပ်တန့်သွားတဲ့အခိုက်အတန့်”
နှလုံးသား အကန့်တခုထဲ
အေးခဲထားမိ...


(၁၉၈၄)
ကံကြမ္မာ ချော်လဲခဲ့တဲ့ လမ်းတလျှောက်
အခေါက်အတွန့်တွေချည့်...
“Munch”ရဲ့ “ခွဲခွာခြင်း”မှာ
ဒဏ်ရာတွေ နက်ကြောင်း
ကောင်းကောင်း သိလာခဲ့...



(၁၉၈၅)
နေကွယ်သွားတဲ့နေ့ခမျာ
အတိတ်ကို အမေ့ခက်ပါ့...
“Ernst”ရဲ့ “တိတ်ဆိတ်ခြင်းမျက်လုံး”လိုပဲ
တခုထဲသော ပုံရိပ်
တိတ်တဆိတ် မြင်မြင်မိ ... ။



(၁၉၈၆)
ကံ့ကော်တောနဲ့ ဝေးဝေးမှာ
“Dali”ရဲ့ “အထီးကျန်”
မီးလျှံတွေဖြစ်လာ
အဓိပတိလမ်းရေ
စိန်ပန်းပြာတွေ
ငါ့ကို ပြန်ပေးပါ့... ။



(၁၉၈၇)
ကွက်လပ်တွေ သည်လောက်များတဲ့
“မြို့ပြနေရာ”ထဲ
“Jimmy Ernst”လို
ကိုယ့်အခန်းထဲ ကိုယ့်ကိုယ်ကို
ထားသိုနေနေရ
ခက်ခဲလှချည့်...


(၁၉၈၈)
နှစ် သုံးဆယ်နီးပါး
ဖောင်းကားလာခဲ့တဲ့ ပူဖောင်းတွေ...
နေရာတကာမှာ လမ်းလျှောက်လို့
“Grosz”ရဲ့ “ပေါက်ကွဲမှု”ကိုတွေ့ရတယ်...


(၁၉၈၉)
“Ernst”ရဲ့“တောအုပ်”ထဲမှာ
ကိုယ့်ကိုယ်ကို ရှာတွေ့ခဲ့တဲ့နောက်
မြို့ပြရဲ့ မျက်စေ့အောက်က
ပျောက်ဆုံးသွားသူတချို့ကိုလည်း တွေ့တယ်
အိပ်မက်တွေကို ပွေ့လို့...



(၁၉၉၀)
တောရိပ် တောင်ရိပ်
အိပ်စက်ခြင်းမဲ့ တောင်ယာတဲ
သင်တိုင်းဖြူလေးတွေနဲ့ စပါးခင်းလည်း
“Chagall”ရဲ့ “စစ်ပွဲ”မှာ လူးလိမ့်ရင်း...



(၁၉၉၁)
သေနတ်သံတွေနဲ့
သရဲခြောက်ခံရသလိုမျိုး
အိပ်မက်ဆိုးတွေ မက်တယ်။
“Dali”ရဲ့ “စစ်မျက်နှာ”
ဒဏ်ရာတွေ ပြည့်နေပုံ ...


(၁၉၉၂)
စစ်ပွဲတွေကြားထဲ
“Munch”ရဲ့“နေမင်း”ကပဲ
အက်ကွဲလာနေလေသယောင်
နည်းနည်း မှောင်လာတယ်...



(၁၉၉၃-၉၄)
သောင်ရင်း ပွေ့ဖက်
အေကေ တလက် ခေါင်းအုံး
ငှက်ဖျား မုန်းရင်း
ဒေါန တောင်ယာခင်းတွေထဲ
“ထိုးဆင်းလာတဲ့ညရိပ်”ကို
“Dali”လို တိတ်တဆိတ် ကြည့်နေခဲ့ ...


(၁၉၉၅)
ရှင်းရှင်းလင်းလင်း ညို့အုပ်
ရှုပ်ရှုပ်ထွေးထွေး ညိုမှောင်
အရောင်ရင့်ရင့် လွင့်မျော
“Magritte”ရဲ့ “သစ်တော”ကို
ကျောခိုင်းပြီးတဲ့နောက်
ဘ၀တောအုပ်ထဲ
ရောက်သွား...


(၁၉၉၆)
ပင့်သက် သောက
ခဏ မေ့ထား
ပျားရည် ၀ိုင်ချို၊ ရင်ဖို အနမ်း
“Ernst”ရဲ့ “အချစ်ည”
နှင်းတစနဲ့
ဘ၀ အမောဖြေမိခဲ့...


(၁၉၉၇)
နေတလုံး လတမင်း
ဘ၀ ခပ်ကျဉ်းကျဉ်းထဲ
ခုန်ချဆင်းလာ
ကြယ်ပြာတစင်း
“Kush”ရဲ့ ”မနက်ခင်းပွင့်ဖူး”
သားဦးကလေး...



(၁၉၉၈)
မနက်ဖန်ဆိုတဲ့ ငါးတကောင်ကို
ချုပ်နှောင်ဖမ်းယူဖို့အတွက်
ကွန် ယက်နေဆဲပါ့...
“Sanchez”လိုပဲ
“မနေ့နဲ့မနက်ဖန်အကြား”
ဗျာများနေရ...


(၁၉၉၉)
တိမ်ခဲတွေကြားထဲမှာ နှင်း
အမှောင်မဲတွေကြားထဲမှာ အလင်း
စိတ်ထင်ရာ
ဘာသာပြန်မိရင်း
“Tanguy”ရဲ့ “မနက်ဖန်”ကို
မျိုမျိုချပစ်...



(၂၀၀၀)
တပါးမြေ ခြေအချ
“Munch”ရဲ့“ညအဖြူ”
လူသုံးယောက်ကို
မလိုတမာ စူးစိုက်ကြည့်...
နှင်းနဲ့ တွေ့လိုက်ရသည့်တိုင်
မအေးမြနိုင်ခဲ့...

(၂၀၀၁)
မနက်ဖန်ကို စိုက်ပျိုးချင်မှတော့
မနေ့ကို မျိုးစေ့ကျဲပစ်မှ ဖြစ်မယ်။
“နေ့သစ်”ကို
ကျနော် တူးဖော်ခဲ့...



(၂၀၀၂)
နေတလုံး လတမင်း ကြယ်တစင်းနဲ့
ပန်းခင်းလေးထဲ
နောက်ထပ်ကြယ်ပြာတစင်း
ဆင်းသက်လာတဲ့အခါ
“Munch”ရဲ့“ကြယ်စုံည”
တံခါးဝမှာ ရပ်လို့...



(၂၀၀၃-၄-၅-၆)
ဆေးသား မှိန်ကွက်
မှိုတက်နေတဲ့ ပြက္ခဒိန်တချို့
မြို့ပြအိပ်မက်တောမှာ
“Petrov-Vodkin”ရဲ့ “တယော”လို
အိပ်မောကျခဲ့ ...



(၂၀၀၇)
မျှော်လင့်ချက်တွေ
ဖျက်ချေချိုးဖဲ့ခံရ
“မနက်ဖန်ဆိုတာ ဘယ်တော့မှ”
ပြန်မရတော့ဘူးလား “Sage”


(၂၀၀၈)
ဝေးလွင့်ခြင်း
အနှစ် နှစ်ဆယ်...
တမ်းတခြင်း
အနှစ် နှစ်ဆယ်...
အဲသည်လေဟာနယ်မှာ
ကျနော့်“လမင်းကြီး” ကွယ်ပျောက်ခဲ့...


(၂၀၀၉)
၄၅ နှစ်မြောက် နွေဦးမှာ
အတောင်ပံပါလျက်
“Magritte”ရဲ့ “အိမ်အလွမ်း”နဲ့
မပျံသန်းနိုင်တဲ့ငှက်ဟာ
ကျနော်ပါပဲလေ
တစစီ တဖဲ့စီ
ပဲ့အက် ကြေကွဲနေခဲ့ပြီ။

ATN .


(Photo sources: http://images.google.com; http://www.abcgallery.com)