Mar 21, 2009

လမ်းဆုံးရောက်သွားသူများ (၂)

ပြီးခဲ့တဲ့ ၃ ရက်က ရေးခဲ့တဲ့ လမ်းဆုံးရောက်သွားသူများကို ဆက်ရေးဖို့ဟာ ဘာလို့မှန်း မသိ စာရေးရမှာ ပျင်းနေတာနဲ့ မရေးဖြစ်တာပါ။ ခုတော့ ဆက်ရေးလိုက်ပါတယ်။
------------------------------
၈၈ အရေး တော်ပုံကြီး အပြီးမှာ လက်နက်ကိုင် တော်လှန်ရေးဘ၀ထဲ ရောက်လာခဲ့တဲ့ လူငယ်တွေ ထဲမှာ ကျနော်လည်း တယောက် အပါအ၀င်ပါ။ ကရင်ပြည်နယ် ဖားအံ ခရိုင်မှာ ရှိတဲ့ သေ့ဘောဘိုးစခန်းကို ရောက်လာခဲ့တာပါ။ မြို့တွေပေါ်ကနေ တောထဲကို ရောက်လာတဲ့ လူငယ်တွေ အားလုံး ပထမဆုံး ကြုံတွေ့ ကြရတဲ့ ရန်သူ ကတော့ ငှက်ဖျားပါပဲ။ သည်ရန်သူနဲ့ ကတော့ နေ့တိုင်း တိုက်နေကြရတာပါ။ ဘူမိဗေဒမှာ ငှက်ဖျား ဧရိယာတွေကို ကွင်းဆင်း ခဲ့ဖူးတော့ ကျနော်က ငှက်ဖျားနဲ့တော့ အထိ အတွေ့ရှိနေပြီးပါပြီ။ သည်တော့ တောထဲ မ၀င်ခင်မှာကို ရန်ကုန်က ထွက်ကတည်းက ငှက်ဖျား ဆေးတွေ ကြိုတင်ပြီး သောက်လာ တာပါ။ တောထဲ ရောက်တော့လည်း ကာကွယ် ဆေးတွေကို အပတ်စဉ် ပုံမှန် သောက်တာပါပဲ။ သည်ကြားထဲ ကကို ၃ လ ကျော်တဲ့ အခါမှာ ငှက်ဖျား စဖြစ်တာပါပဲ။ စခန်းမှာ ငှက်ဖျား မဖြစ်တဲ့သူဆိုတာ တယောက်မှ မရှိပါ။ ပြင်းထန်တာ မပြင်းထန်တာပဲ ကွာကြပါတယ်။

ကျနော်တို့ စခန်းဘေးမှာ ဖြတ်စီး သွားတဲ့ ချောင်းကလေး တချောင်းရှိပါတယ်။ ကရင်လို မဲကလ ချောင်းလို့ ခေါ်ပါတယ်။ ကျနော်တို့ကတော့ ကိုယ့် ဘာသာကိုယ် ဘာသာ ပြန်ထားတယ် - မင်္ဂလာ ချောင်းပေါ့။ တရက် မှာတော့ အဲ မင်္ဂလာ ချောင်းမှာပဲ ကျနော်တို့ ရင်း (၂၀၄)က ရဲဘော် တယောက် လမ်းဆုံးကို ရောက်သွား ပါတယ်။ စခန်းမှာ ရေချိုးဆိပ်က ၂ ခု ရှိပါတယ်။ တခုကတော့ စခန်းရဲ့ မိန်းဂိတ်ကနေ ဆင်းသွားတဲ့ ရေချိုးဆိပ်နဲ့ နောက်တခုကတော့ ဆေးရုံ ရှိတဲ့ နေရာကနေ ဆင်းတဲ့ ရေချိုးဆိပ်ပါ။ နွေရောက်လာတော့ ချောင်းရေက နဂိုရ် ရှိတာထက် ကျသွားပါတယ်။ သည်တော့ ဆေးရုံကနေ ဆင်းတဲ့ ရေချိုးဆိပ်မှာ ရေတိမ်လွန်း အားကြီးလို့ ဘယ်သူမှ ရေမချိုးကြတော့ပါ။ မိန်းဂိတ်က ရေချိုးဆိပ်မှာပဲ ချိုးကြပါတယ်။ ဒါပေသည့် ဆေးရုံမှာ ငှက်ဖျားနဲ့ ဆေးရုံတက်နေကြရတဲ့ ရဲဘော်တွေကတော့ မနက်ဖက် ဆိုရင် မျက်နှာ သစ်တဲ့ အခါ ဖျားနာထားလို့ အားနည်း နေတာနဲ့ ဝေးဝေး လံလံ မသွားနိုင်တော့ အနီးဆုံး ဖြစ်တဲ့ ဆေးရုံက ရေချိုးဆိပ် မှာပဲ မျက်နှာသစ် ကြတာ များပါတယ်။ ငှက်ဖျားဖြစ်ထားတဲ့သူတွေဟာ အချိန် မရွေးလည်း တက်တတ် သတိလစ်တတ် ကြတာပါပဲ။ (Pass-out ဖြစ်တာပေါ့) တနေ့တော့ ကျနော်တို့ ရင်း (၂၀၄)က ရဲဘော် တယောက်ဟာ ဆေးရုံ ရေဆိပ်မှာ မျက်နှာ ဆင်းသစ်တုန်း ငှက်ဖျား တက်ရင်း မူးလဲသွားတာပါ။ တတောင် မပြည့်တဲ့ ရေထဲမှာ ခေါင်းစိုက်ပြီး မူးလဲသွားတဲ့ ရဲဘော်ဟာ ရေတိမ်ထဲမှာ အသက်ပါ ပါသွားတာ ပါပဲ။ ရေတိမ် နစ်တယ် ဆိုတာ တကယ်ပါပဲ။ သူ တယောက်တည်း မနက် အစောကြီး ရေချိုးဆိပ်ကို ဆင်းတာ ဆိုတော့ အနီးအနား မှာလည်း ဘယ်သူမှ မရှိကြပါဘူး။ သူ့ကို ဆေးရုံမှာ မတွေ့လို့ လိုက်ရှာကြတော့မှ ချောင်းထဲမှာ တွေ့ပါတယ်။ တွေ့တဲ့ အချိန်မှာ အသက် မရှိတော့ပါဘူး။ သည်လိုနဲ့ သူဟာ ကျနော်တို့ စခန်းရဲ့ ပထမဆုံး မြေမြုပ်ရတဲ့ ရဲဘော် တယောက် ဖြစ်ခဲ့တာပါပဲ။ ဗမာ တပြည်လုံး ပြည်သူ လူထုတွေရဲ့ လွတ်မြောက်ရေး အတွက် သူ ကိုယ်တိုင် အားထုတ်ရင်း ရေတိမ်မှာ သူနစ်ခဲ့ရတာပါ။ ကျနော် အမှတ် မမှားခဲ့ဖူး ဆိုရင် မှတ်မိနေတာကတော့ သူ့ နံမည်က ရဲဘော် မောင်ကြီးပါ။

သူ့လိုပဲ နောက်ထပ် အသက် မဆုံးသင့်ပဲ ငှက်ဖျားကြောင့် ဆုံးရတဲ့ ရဲဘော် တယောက် ရှိပါသေးတယ်။ ကျနော် တို့တွေ တောထဲမှာ စခန်း ဆောက်ကြတော့ တပ်ရင်းနဲ့ တပ်ခွဲတွေ အလိုက် ဘားတိုက်တွေ ဆောက်ကြရ ပါတယ်။ ဘားတိုက်တွေရဲ့ ကြမ်းခင်းကတော့ သစ်စက်တွေက လွှင့်ပစ်တဲ့ ပကာတွေပေါ့။ သစ်ခွဲ စက်တွေက ပကာတွေကလည်း အတို အရှည်တွေ မညီပါဘူး။ ဘားတိုက်တွေမှာ အလယ်က လူသွားလမ်း လုပ်ပြီး ဟိုဖက်သည်ဖက် ကြမ်းခင်း ၂ ခု လုပ်တဲ့အခါ ဘားတိုက်ရဲ့ နံရံ အပြင်ဘက်ကို ပကာတွေက ပိုထွက် နေပါတယ်။ အဲဒါကို ဘယ်သူကမှလည်း ညီသွားအောင် ပြန်ပြီး ဖြတ်မနေကြ တော့ပါဘူး။ သည်အတိုင်းပဲ ထားလိုက် ကြပါတယ်။ ဘားတိုက် ဘေးမှာ သည်အတိုင်းပဲ အစွန်းထွက်နေတဲ့ ပကာတွေ အပေါ်မှာ ပစ္စည်းတွေလည်း တင်ရင် တင်ထားတတ်ကြပါသေးတယ်။ တချို့နေရာတွေကတော့ အစွန်း ထွက်နေ တာက တတောင် ကျော်ကျော် လောက်ထိ ရှည်နေတဲ့ နေရာတွေမှာ တခါတခါ လူတွေ တက်အိပ် တတ်ကြပါတယ်။ အထူးသဖြင့် မနက်ပိုင်း နေပူတဲ့အခါမျိုးမှာပေါ့လေ။ တရက်မတော့ ရင်း (၂၀၄) ခွဲ(၂)က ငှက်ဖျား ဖြစ်နေတဲ့ ရဲဘော်တယောက်ဟာ ဆေးရုံကနေ လမ်းလျှောက်ရင်းနဲ့ သူ့ရဲ့ ခွဲ (၂)က ဘားတိုက်မှာ အဲပကာ အစွန်းထွက်တွေပေါ်မှာ အိပ်ရင်းနဲ့ နေပူစာ လှုံနေခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲသည်အချိန်က ကျနော်တို့ စခန်း တခုလုံးဟာ စစ်သင်တန်း တက်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ စခန်းမှာက ဆေးမှူးတချို့၊ ကော်မတီဝင် တချို့နဲ့ ဖျားနာနေတဲ့ ဂီလာနတွေပဲ ကျန်နေခဲ့တာပါ။ အားလုံးက စစ်သင်တန်းပြီးတဲ့ ညနေကြမှ ကိုယ့်ဘားတိုက်ကို ကိုယ်ပြန်ရောက်ကြတာပါ။ သည်လိုနဲ့ ညနေစောင်းတော့ ဆေးရုံမှာ သည်ရဲဘော် ပျောက်နေတယ် ဆိုတာ သိသွားတော့ ရှာကြရတာပါ။ ဘယ်မှာမှ ရှာမတွေ့ဘူး။ နောက်ဆုံးကျမှ သူ့ခွဲ (၂) ဘားတိုက်ရဲ့ ပကာအစွန်းတွေပေါ်မှာ လဲလျောင်းလျက်သား အသက် ပျောက်နေတဲ့ သူ့ကို သွားတွေ့ ကြရတာပါ။ ကြည့်ရတာ အိပ်ပျော်နေတုန်း (pass-out) ဖြစ်သွားပုံရပါတယ်။ အနားမှာ တယောက်ယောက် ရှိရင်တော့ အသက် မသေနိုင်ပါဘူး။ သူကတော့ ဒုတိယမြောက် ငှက်ဖျားနဲ့ သေဆုံးရတဲ့ ရဲဘော်ပါ။ ကျနော် မှတ်မိ သလောက် ကတော့ သူ့နံမည်က ရဲဘော် စိန်ဝင်းပါ။

ငှက်ဖျားနဲ့ တတိယမြောက် ဆုံးတဲ့ ရဲဘော်ကတော့ ရဲဘော်တင်ရွှေပါ။ စခန်းမှာ ငှက်ဖျားဖြစ်၊ အခြေအနေ ဆိုး လာတော့ မဲဆောက်ပို့၊ သည်ကြားထဲက မဲဆောက်ဆေးရုံမှာ ကုနေရင်းက ကျန်တဲ့ ရောဂါတွေပါ ၀င်လာပြီး ဆုံးတာပါ။ သူဆုံးတော့ စခန်း ကော်မီတီက ထောက်ပံရေး တာဝန်ခံ ကိုမြင့်စိုး၊ ရုံးအဖွဲ့မှူး ကိုတင်နွယ်နဲ့ ကျနော် အလောင်းကို ဆေးရုံက သွားထုတ်ပြီး ဈာပနအတွက် ရေမိုးချိုး ပြင်ဆင်ပေးရတာပါ။ ကျနော့် အတွက် တော့ ဘ၀မှာ ပထမဆုံးအကြိမ် အလောင်းပြင်ခဲ့ဖူးတာပါ။ ပြီးတော့ မဲဆောက် သင်္ချိုင်းမှာ မီး သင်္ဂြိုဟ် ခဲ့ရ တာပါ။ သူဆုံးပြီ ဆိုတော့ ကျနော်တို့ ၃ ယောက် ဆေးရုံကို သွားပြီး အလောင်း ထုတ်ရပါတယ်။ ရေခဲ သေတ္တာ အကြီးကြီးလို ဖြစ်နေတဲ့ ရေခဲတိုက် ထဲမှာ အပေါ်ထပ်မှာ သူ့ အလောင်းကို ထည့်ထားတာပါ။ ကျနော်တို့က စတီးလ်ဘန်းပေါ်တင်ထားတဲ့ သူ့အလောင်းကို အဲ ရေခဲသေတ္တာထဲကနေ ဆွဲထုတ်ပြီး အသုဘ ပြင်တဲ့ ကျောက်ကုတင်ပေါ်ကို တင်ရပါတယ်။ အသားတွေက၀ါပြီး ဖောသွပ်နေတဲ့ သူ့အလောင်းက လံကွတ်တီ လေးတခုကလွဲပြီး ဘာအ၀တ်အစားမှ မရှိပါ။ သူ့အလောင်းကို ကျနော်တို့ ၃ ယောက် ခြေနဲ့ လက်က ကိုင်ပြီး ကုတင်ပေါ်ကို တင်ရပါတယ်။ ရေချိုးပေးပြီး အ၀တ်အစားတွေ ၀တ်ပေးရပါတယ်။ အဲသည်လို လုပ်နေတဲ့ အချိန်အတွင်းမှာပဲ သူ့ အသား တွေက ညိုမည်း ပြာနှမ်းလာတာပါပဲ။ နောက်တော့ အခေါင်းထဲ ထည့်ပြီး ကားနဲ့ သင်္ချိုင်းကို သယ်ရတာပေါ့လေ။ အဲမှာတော့ မီးသင်္ဂြိုဟ်တာပါ။ အသုဘ အခမ်း အနားပြီးတော့ ကျနော်တို့ ၃ ယောက်လုံးကို အားလုံးက ပြောတာပါပဲ - ပုပ်စော်နံနေတယ်- တဲ့။ ကျနော် တို့ကတော့ ဘယ်သိမလဲလေ။ ရေခဲတိုက်ကလည်း လူသေတွေ အများကြီး မဟုတ်လား။ ဒါနဲ့ စခန်း မပြန်ခင် မဲဆောက် ဘုန်းကြီးကျောင်းနားက စားသောက်ဆိုင်မှာ ညနေစာ စားရင်း ကိုယ့်လက်ကို ကိုယ် နမ်းကြည့်တော့ - ဟုတ်ပါ့ - အနံ့တွေ နံနေတာပါပဲ။ ပြီးတော့ ရဲဘော်တင်ရွှေကို ရေချိုးပေးတုန်းက သူ့ခန္ဓာကိုယ်ကို ကိုင်ထားတဲ့ လက်တွေဟာ အဲသည် အေးစက်စက် အထိအတွေ့ကြီးကို တောက်လျှောက် ရနေတော့တာပါပဲ။

သည်ရဲဘော် ၃ ယောက်လုံးရဲ့ အဖြစ်အပျက်တွေက ၁၉၈၈နဲ့ ၈၉ အစပ်မှာပဲ ဖြစ်ပျက်ခဲ့တာပါ။ ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကပါ။ ဒါပေသည့် ကျနော့် အတွက်တော့ မနေ့တနေ့ကလိုပါပဲ။ သည်ရဲဘော် ၃ ယောက်လုံးဟာ စစ်အာဏာရှင် စနစ်ကို မကြိုက်ဘူး၊ ဒီမိုကရေစီစနစ်ကို ကြိုက်တယ်၊ ဗမာပြည်က ပြည်သူ လူထုအတွက် ဒီမိုကရေစီ ရရှိရေး တိုက်ပွဲမှာ လက်နက်ကိုင် တိုက်ပွဲကို ယုံကြည်လို့ လက်နက်ကိုင် တိုက်ပွဲတွေ ရှိရာကို လိုက်လာခဲ့သူတွေပါ။ လက်နက်ကိုင် တိုက်ပွဲတွေ ရှိရာ နယ်မြေမှာ ရှိတဲ့ ငှက်ဖျားနဲ့ ရင်ဆိုင် တိုက်ခိုက်ရင်း သူတို့ ကျဆုံးသွားခဲ့ရတာပါ။ ABSDF ရဲ့ မှတ်တမ်းထဲ မှာတော့ သူတို့ဟာ သေဆုံး သွားသူတွေပါ။ ကျဆုံးသွားသူတွေ မဟုတ်ပါဘူး။ They are not KIAs (Killed-in-action). ဒါပေသည့် ကျနော့် တဦးတည်းရဲ့ မှတ်တမ်းထဲမှာတော့ သည်ရဲဘော် ၃ ယောက်ဟာ (သို့မဟုတ်) သည် သူရဲကောင်း ၃ ယောက်ဟာ စစ်အာဏာရှင် စနစ်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားသူတွေပါ။ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်ဖို့ ကြိုးစားရင်း ကျဆုံးသွားရတဲ့ သူရဲကောင်း ရဲဘော်တွေ အဖြစ် ကျနော် မှတ်တမ်းတင် လိုက်ပါတယ်။

12 comments:

မမသီရိ said...
This comment has been removed by the author.
mama said...

စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ်
ငှက်ဖျားကတော့ ကျမ လဲ မသေလို့ ဒီနေ့ရှိနေခဲ့တယ်လို့ တောင်ပြောလို့ ရတာပါ
၂ကြိမ်လောက်ထိ သတိလစ်ပြီး သေမဲ့အဆင့်ရောက်ခဲ့ လို့ ကိုယ်ချင်းစာ နိုင်တယ်..
...
ဒါနဲ့..
လမ်းဆုံးရောက်သွား သူများ က ပြီးပြီလား..
ဖတ်ရတာ..တော့... ရေးချင်ခဲ့တာ နဲ့ ရေးဖြစ်တာက
နဲနဲ များ လွဲနေသလား လို့...
မဟုတ်ဆိုရင် တောင်းပန်ပါတယ်..
.....
သူရဲကောင်း ၃ ယောက် ကိုလဲ ဂုဏ်ပြုသွား ပါတယ

မေ့သမီး said...

အစ်ကို တိုက်ပွဲမှာကျဆုံးခဲ့တာမဟုတ်ပေမယ့် လှော်ရင်း တက်ကျိုးသွားရတဲ့ လူငယ်တွေဟာလည်း သူရဲကောင်းတွေပါပဲ။ တကယ်လို့သာ ဒီတိုက်ပွဲကို တိုက်စရာမလိုရင် ဒီလိုအဖြစ်မျိုးတွေ ကြုံခဲ့ရမှာလား။

လင်းဒီပ said...

စိတ်မကောင်းစွာ နားလည်စွာ ဖတ်သွားတယ်အစ်ကို...

မောင်မျိုး said...

အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ သူတို့အတွက် သေခြင်းကမြတ်တယ်လို့ပြောရင် တန်ပါ့မလား အသက်တစ်ချောင်း ဒီလောက်လွယ်လွယ်လေး ကျိုးပြတ်ရတာတော့ စိတ်မကောင်းစရာပါပဲ ။

BLACK DREAM said...

ရေတိမ်နစ်ခဲ့တဲ့သူတွေ ဘယ်လောက်များခဲ့ပြီလဲ...? ဘယ် လောက်များများရော ဆက်ပြီးရေတိမ်နစ်ဖို့ ရှိနေကြသေး လဲ....? ဘာကြောင့်လဲ...? ဘာအတွက်လဲ...? ဘယ်လိုလုပ်မလဲ..? ဘယ်တော့လဲ....? လဲ...လဲ..လဲ..လဲ...

Moe Cho Thinn said...

ကျောင်းစာသင်ခန်းထဲ ရောက်နေရမဲ့ အရွယ်တွေ တောထဲ တောင်ထဲ ရောက်နေရတယ်ဆိုကတည်းက သူတို့ စွန့်လွှတ်မှုကို လေးစား အသိအမှတ်ပြုရမှာပါ။
အကို့ မှတ်တမ်းကို စိတ်မကောင်းစွာ ဖတ်သွားပါတယ်။

နေညိုရင့် said...

ဖတ်ရတာ စိတ်မကောင်းပေမယ့် လေးစား ဂုဏ်ယူပါတယ်။

thetpaingthu said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ အကိုရာ။ သူတို့တွေကို ဂုဏ်ယူမိတယ်

ဒူကဘာ said...

လမ်းဆုံးဆိုတာ လူတိုင်း နိစ္စဓူဝ ဦးတည်ပြီးလျှောက်နေ ကြရတာပါပဲ၊ မသေခင်သာ ကောင်းတဲ့ မှတ်ကျောက် တင်နိုင်အောင် ပြုမူနေထိုင်ကြရတာ မဟုတ်ပါလား? .. ကိုအောင်...ဘာပဲပြောပြော နိုင်ငံ ချစ်၍ မိမိကိုယ်ကို စွန့်လွှတ်သူတွေကိုတော့ လေးစားပါတယ်။
ထားပါတော့ L.A မှာ အဆင်ပြေပြီလား? အကို....?

အောင်သာငယ် said...

မမ၊ မေ့သမီး၊ ညီ လင်းဒီပ၊ တူမောင်မျိုး၊ ညီငယ် အိပ်မက်နက်၊ ညီမ ချိုသင်း၊ နေညိုရင့်၊ သက်ပိုင်သူ၊ ဒူကဘာ လာရောက် အားပေး ဖတ်ရှုကြတဲ့အတွက် ကျေးဇူးပါနော။

Nge Naing said...

ကျွန်မတို့ တပ်ရင်းမှာတော့ ငှက်ဖျားက လူတိုင်း ဖြစ်ပေမယ့် ငှက်ဖျားဖြစ်တဲ့သူတိုင်း ဆေးရုံမှာပဲ Quinine Sulphate ကို Course ပြတ်အောင် ဆေးမှူးတွေကိုယ်တိုင် ကြပ်ကြပ်မတ်မတ် တိုက်တာကို သောက်ပြီးမှ ဆေးရုံက ပြန်ဆင်းရလို့ ငှက်ဖျားနဲ့ ဆုံးတာသိပ်မရှိဘူး။ မှတ်မိသလောက် တယောက်ပဲ ရှိတယ် ဒီတယောက်တောင်မှ ငှက်ဖျားဖြစ်ပြီး ငှက်ဖျားပိုးကြာင့်ဆုံးတာ မဟုတ်ဘူး အသည်းရောင် အသားဝါလည်းရှိတယ်၊ ပြီးတော့ Haemoglobin ( သွေးနီဥပါဝင်တဲ့ဓါတ်) တော်တော်နည်းသွားတာ သိတဲ့အချိန်မှာ သွေးသွင်းဖို့ အချိန်မမီလိုက်ဖြစ်သွားတယ်။ ကိုအောင်သာငယ် ဘလော့ဂ်ကို ၀င်လာတိုင်း အင်တာနက်ပြုတ်ကျလို့ နောက်ပိုင်း သိပ်မလာဖြစ်ခဲ့ဘူး။