Mar 18, 2009

လမ်းဆုံးရောက်သွားသူများ

ဟိုးတလောက မောင်တိန် ဘလော့ကို သွားလည်ရင်း သူ့ရဲ့ လမ်းဆုံးဆိုတဲ့ ပို့စ် တခုကို ဖတ်ရတော့ အဲသည်တုန်းက ကိုယ့်စိတ်ထဲ ထင်မြင်တာလေး တခုကို ကွန်မန့်ထဲ ရေးခဲ့မိတယ်။ ခုတလောလည်း ဘာရယ်လို့တော့ မဟုတ် အဲသည် လမ်းဆုံး ဆိုတာကို စဉ်းစားနေမိတယ်။ စဉ်းစားမိရင်းနဲ့ ကျနော် ကြုံခဲ့ရတဲ့ လမ်းဆုံး ရောက်သွားခဲ့တဲ့သူတွေ အကြောင်းကို ပြန်ပြီး ပြောချင်စိတ် ပေါက်လာတယ်။

လူမှန်းသိတဲ့ အချိန်ကစပြီး မှတ်မှတ်ရရ သေဆုံးခြင်းဆိုတာကို ပထမဆုံး ကြုံတွေ့ခဲ့ဖူးတာ ကတော့ ကျနော် ၃ နှစ်သား လောက်ကပါ။ အဖွားတို့ ဘေးအိမ်က လှလှစီ ဆိုတဲ့ ကောင်မလေး တယောက်က ကျနော်ရဲ့ ကစားဖော်ပေါ့။ ကျနော်တို့က ကျောင်း မတက်ရသေးတဲ့ ကလေးတွေ ဆိုတော့ နေ့လည် နေ့ခင်းဆို ဟိုဖက်အိမ် သည်ဖက်အိမ် ကူးပြီး အတူဆော့နေကြ။ တနေ့ တော့ သူတို့ အိမ်ကို ဆော့ဖို့ ကျနော် ကူးသွားတော့ လှလှစီက - အဖိုး သေ သွားပြီဟ - တဲ့။ သူ့အဖိုးက ဟိန္ဒူ အမျိုးသားကြီးပါ။ ကျနော်တို့က မူစိန်ကြီးလို့ ခေါ်ကြတယ်။ -သေသွားပြီ- ဆိုတဲ့ သူ့စကားကို ကျနော် နားမလည်ပါဘူး။ -ဘာလဲဟ - ကျနော်မေးတော့ - လာ ငါပြမယ် - သူက ပြောရင်း ကျနော့်ကို သူတို့ အိမ်နောက်က နွားတင်းကုပ်ထဲကို ခေါ်သွားပါတယ်။ မူစိန်ကြီးက နွားတွေ မွေးထားတယ်။ ရပ်ကွက်ထဲမှာ နွားနို့လည်း လိုက်ရောင်းပါတယ်။ သူ ကိုယ်တိုင်လည်း သူ့ နွားတွေနဲ့ အတူ အဲမှာပဲ ကုတင် တလုံးနဲ့ အိပ်တာပါ။ တင်းကုပ်ထဲ ရောက်တော့ - အဲမှာ ကြည့် - လှလှစီက ပြောတော့ ကုတင် ပေါ်မှာ အိပ်နေတဲ့ မူစိန်ကြီးကို တွေ့ပါတယ်။ (ကျနော်က အိပ်နေတယ် ထင်တာပါ)။ - မူစိန်ကြီး - ခေါ်ရင်းနဲ့ ကျနော်က အ၀တ်ဖြူ အောက်က ထွက်နေတဲ့ သူ့ခြေထောက် ၀ါဝါကြီးကို ကိုင်လှုပ် ကြည့်လိုက်ပါတယ်။ အေးစက်နေတဲ့ ခြေထောက်ကြီးကို ကိုင်မိတော့ - အား - အေးစက်နေတာပဲ - ကျနော် ပြောမိတော့ - သေပြီလေဟာ နင်ခေါ်လို့ မရတော့ဘူး - လှလှစီက ကျနော့်ကို ပြောပါတယ်။ - သြော... သေတော့ ခေါ်လို့ မရတော့ဘူးပေါ့ - အဲလိုပဲ ကျနော် တွေးမိတာပါ။ အဲသည်နေ့က ကျနော်တို့ မကစားရပါဘူး။ ကျနော် လည်း အိမ်ဖက် ပြန်ကူး လာပြီး။ အဖွားကို - အဖွား မူစိန်ကြီး သေသွားပြီ - ပြောတော့ - ဟုတ်တယ်သား.. မူစိန်ကြီးက ညကတည်းက ဆုံးသွားတာ - ပြောပါတယ်။ - ဆုံးတာက ဘာလဲ အဖွား - ကျနော်က လေရှည်ပြန်ပါတယ်။ - သေတာကို ပြောတာလေ - အဖွားက ပြန်ပြောပါတယ်။ - ဘာလို့ သေတာလဲ အဖွား - ကျနော် မေးတော့ - မူစိန်ကြီးက အသက် ကြီးပြီလေသားရဲ့... ဒါကြောင့် သေတာပေါ့ - ပြောတော့ - အသက်ကြီးရင် သေရောလား - ကျနော်က ထပ်မေး ပါတယ်။ မေးရင်း - ဒါဆို ဖိုးရော ဖွားရော အသက် ကြီးရင် သေမှာပေါ့နော် - ကျနော် ပြောတော့ - ဟယ်.. ဒီကောင်လေး ပေါက်ပါက်ရှာရှာ ဘာတွေ လျှောက်ပြောနေတာလဲ - အဖိုးက ၀င်ဟန့် ပါတယ်။ - မူစိန်ကြီးကို သား ကိုင်ကြည့်တော့ သူ့ ခြေထောက်က အေးစက်နေတာပဲ - ကျနော် ပြောတော့ - အာ.. ဒီကောင် အလောင်းကို သွားကိုင် ခဲ့ပြန်ပြီ ဟုတ်လား ... - ပြောရင်း အဖိုးရဲ့ ဆေးတံကြီးက ဒေါင်ကနဲ ကျနော့် ခေါင်းပေါ် ကျလာပါတော့တယ်။ - နောက် လူသေ အလောင်းကို ဘယ်တော့ မှ မကိုင်ရဘူး ကြားလား... ကလေးက ကလေး ဘာသာ နေစမ်း - ဆိုတဲ့ အဖိုး စကား အဆုံးမှာတော့ ကျနော်လည်း လွတ်ရာ လွတ်ကြောင်း အိမ်ရှေ့ဖက် ပြေးထွက်ခဲ့ ပါတော့တယ်။ စိတ်ထဲ မှာတော့ - သေပြီ၊ အသက်ကြီးရင် သေရော၊ သေရင် ခေါ်မရတော့ဘူး - ဆိုတဲ့ စကားတွေက ပဲ့တင်သံလို တနေ့လုံး ခေါင်းထဲမှာ မြည်နေပါတော့တယ်။ နောက်တော့လည်း အဲတာတွေကို မေ့သွား ပါတော့တယ်။

ဒုတိယအကြိမ် ကြုံတွေ့ခဲ့ရတာကတော့ ကျနော် ပဉ္စမတန်းတက်နေတုန်းကပါ။ ကျနော်က တောင်ဥက္ကလာပ အ.မ.က. (၁၃) ကနေ ရန်ကင်း အ.လ.က. (၄)ကို ပြောင်းတက်ရပါတယ်။ ကျောင်းဖွင့်ကာစ ဆိုတော့ မိုးတွင်းကြီးပါ။ ဇူလိုင်လကုန်လောက်မှာ ကျနော်တို့ အတန်းထဲက ကောင်မလေးတယောက် သွေးလွန် တုပ်ကွေး ဖြစ်ပြီး ဆုံးသွား ပါတယ်။ မိုးတွေ ရွာနေတဲ့ ကြားထဲမှာ ကျနော်တို့ တတန်းလုံး အတန်းပိုင် ဆရာ ဦးလှမြင့် ဦးဆောင်ပြီး တာမွေ သင်္ချိုင်းကို သွားပြီး အဲသည် ကျောင်းသူလေးရဲ့ အသုဘကို လိုက်ပို့ရပါတယ်။ ကျနော့် ဘ၀မှာ ပထမဆုံး အကြိမ် လိုက်ပို့ခဲ့ဖူးတဲ့ အသုဘ ဖြစ်သလို၊ သင်္ချိုင်းဆိုတာကိုလည်း ပထမဆုံး အကြိမ် တွေ့ ဖူးခြင်း ပါပဲ။ ထို့အတူ လူသား တယောက်ရဲ့ လူ့လောကက ခွဲခွာရခြင်းအတွက် ကျန်ရစ်ခဲ့သူ တွေရဲ့ ၀မ်းနည်း ကြေကွဲမှုနဲ့ ပရိဒေ၀ သောကတွေကို ပထမဆုံး အကြိမ် ကြုံတွေ့ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ကောင်မလေးကို မြေမမြှုပ်ခင် အခေါင်းဖုံးကို ဖွင့်ပြတော့ ကျနော်တို့တွေ စပ်စုပြီး အတင်း တိုးဝှေ့ ကြည့်ကြ ပါတယ်။ ကောင်မလေးက မျက်စေ့မှိတ်လို့ အိပ်ပျော်နေတဲ့ ပုံပါပဲ။ မျက်နှာကတော့ ဖြူဖတ် နေပါ တယ်။ နှာခေါင်းမှာလည်း သွေးစတွေ စွန်းနေတဲ့ ဂွမ်းစ ၂ ခုကို ထိုးထည့်ထားတာ တွေ့ရပါတယ်။ သူ့ အမေက အခေါင်းမှာ မျက်နှာအပ်ပြီး အော်ငိုနေတာပါ။ ဘာကြောင့်မှန်း မသိ ကျနော်လည်း ငိုချင်လာတယ်။ ဒါနဲ့ လူအုပ်ထဲက တိုးထွက်ပြီး ဆရာ့ အနားမှာ သွားရပ်နေမိတယ်။ နောက်တော့ ဆရာက ကျောင်းအုပ် ဆရာမကြီး လက်မှတ်ထိုး ရေးပေးလိုက်တဲ့ အမိန့်စာကို ပြန်ပါတယ်။ - ဤကျောင်းနှင့် သင် မဆိုင်တော့၊ ယနေ့မှစ၍ သင်သွားလိုရာသို့ သွားနိုင်ပြီ- စသည်ဖြင့် ဆရာ အမိန့်စာ ပြန်နေတာကို ကြားနေရပါတယ်။ အဲသည်မှာ အဲကျောင်းသူနဲ့ ခုံတတန်းထဲ ထိုင်ကြတဲ့ ကောင်မလေး တချို့လည်း ငိုနေကြ ပါတယ်။ ကျောင်းကို ပြန်ရောက်တော့ ဆရာ လည်း စိတ်မကောင်း ဖြစ်နေပုံရပါတယ်။ အားလုံး ကို အိပ်ခိုင်း ထားပါတယ်။ အဲသည်နေ့က စာ မသင်ပါဘူး။ ကျနော်ကတော့ ဆရာဦးလှမြင့် ဖတ်ခဲ့တဲ့ အမိန့်စာ အကြောင်းကို တွေးနေမိပါတယ်။ ကျနော်နဲ့အတူ တခုံတည်းထိုင်ရတဲ့ ကျောင်းသား တယောက်က ကျနော့်ထက် ၄ နှစ်လောက် ကြီးပါတယ်။ ဒါနဲ့ ကျနော်က သူ့ကို - အဲ ကောင်မလေးကို ဘာလို့ အမိန့်စာ ပြန်ရတာလဲ ဟင်... - မေးမိတော့ - မပြန်ရင် သူက ကျောင်းမှာ လာပြီး သရဲခြောက်နေမှာပေါ့... ဒါကြောင့် မောင်းထုတ်လိုက်တာ... - တဲ့။ - သေပြီးရင် အဲလိုပဲ မောင်းထုတ်ရလား။ သေပြီးရင် သရဲလာ ခြောက်သလား၊ သရဲခြောက်တော့ ဘာဖြစ်လဲ - ကျနော့် ဘာသာ တွေးနေမိတော့တာပါပဲ။ မောင်းထုတ်ခံရတဲ့ အဲကောင်မလေးကိုလည်း စိတ်ထဲက သနားနေမိပါသေးတယ်။ အဲသည်နေ့ ကတော့ ကျောင်း မဆင်း မချင်း - အမိန့်စာ၊ သွားလိုရာ သွားနိုင်ပြီ၊ သရဲခြောက် - စတဲ့ စကားလုံးတွေက ကျနော့် ခေါင်းထဲ တ၀ဲလည်လည်ပါပဲ။ အဲဒါအပြင် - မူစိန်ကြီးလို အသက် မကြီးသေးပဲနဲ့ ဘာလို့ သည်ကောင်မလေးက သေသွားရတာလဲ - ဆိုတာ ကိုလည်း စဉ်းစားနေမိ ပါသေး တယ်။ ဒါပေမယ့် ကျောင်းဆင်း တော့လည်း အားလုံးကို မေ့သွားတာပါပဲလေ။

တတိယအကြိမ် ကြုံရတာကတော့ ကျနော် ရှစ်တန်းနှစ်မှာပါ။ ကျနော်တို့ ခြံထဲမှာ ကျနော်တို့ ညီအကို နေတဲ့ တဲတလုံး ရှိပါတယ်။ တဲနဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်ရဲ့ လမ်းဘေး ကပ်လျက်မှာ ထန်းပင် တပင်ရှိပါတယ်။ အသက် ၄၀ လောက် ရှိတဲ့ လူကြီးတယောက် နေ့တိုင်း ထန်းတက်လေ့ ရှိပါတယ်။ တခါတလေ ကျနော်တို့ ကျောင်းပိတ်တဲ့ ရက်တွေဆို သည်လူကြီး ထန်းတက်တာ၊ ၀ါးကျည်တောက်တွေနဲ့ ဆင်းလာတာကို ကျနော်တို့ တဲရဲ့ ပြတင်းပေါက်ကနေ တွေ့ရတတ် ပါတယ်။ တညနေ ကျနော်တို့ ကျောင်းက ပြန်လာတော့ ထန်းပင်ရင်းမှာ လူတွေ အုံနေတာနဲ့ ညီအကို ၂ ယောက် သွား ကြည့်ကြပါတယ်။ အဖေနဲ့ ကျနော်တို့ ခြံထဲမှာ အဆောက်အဦး ပြင်ဆောက်နေတဲ့ လက်သမား ဆရာကြီး အဘဦးလှကြူ ကိုပါ လူတွေ ကြားထဲ တွေ့လိုက်ရပါတယ်။ - ဘာဖြစ်တာလဲ အဖေ - မေးရင်းနဲ့ ထန်းပင်ရင်းမှာ တောင်ထန်း အရွက်တွေနဲ့ အုပ်ထားတဲ့ ထန်းတက်သမားကြီးရဲ့ အလောင်းကို မြင်လိုက်ရပါတယ်။ ထန်း တက်ရင်း ထန်းပင်ပေါ်က ပြုတ်ကျတာပါ။ ဇက်ကျိုးပြီး လည်ပင်းလိမ် နေတာကိုပါ တွေ့ရပါတယ်။ သွေးတွေလည်း အိုင်နေ တာပါပဲ။ - ရဲကို အကြောင်းကြား ထားတယ် - ရပ်ကွက် လူကြီးတယောက် ပြောတာကို ကြားရပါတယ်။ ဒါပေသည့် နောက်နေ့ မနက် ကျနော် တို့ ကျောင်းသွားတဲ့ အထိ ဘယ်ရဲ တယောက်မှ မလာပါ။ ဘယ်သူ မှလည်း အလောင်းကို လာမကောက်ကြသေးပါဘူး။ ကျနော်တို့ ကျောင်းက ပြန်လာတော့ ထန်းတက် သမားကြီးရဲ့ ညီနဲ့ ရဲတွေ ညနေဖက်ကျမှ အလောင်း လာယူ သွားတယ် ပြောပါတယ်။ သည့်နောက် မှာတော့ ရပ်ကွက်ထဲမှာ ကျနော်တို့ အိမ်ရှေ့က လမ်းက သူရဲ အရမ်း ခြောက် သတဲ့။ အဲလမ်းက ဖြတ်သွားရင် ထန်းပင် ပေါ်ကနေ မဲမဲ မဲမဲနဲ့ ဆင်းလိုက် သတဲ့။ တခါတလေ သရဲက ဆင်း မလိုက် ချင်ရင်လည်း ထန်းပင်ပေါ်ကနေ သဲတွေ ဖြူးချသတဲ့ဗျား။ နံမည် ကြီးနေလိုက်ပုံများ။ ကျနော်တို့ ညီအကို ၂ ယောက်ကတော့ ရပ်ကွက်ထဲက လူတွေ ပြောနေတဲ့ သရဲကို တခါမှကို မတွေ့ခဲ့ဖူးဘူး။ ကျနော်တို့က ထန်းပင်နဲ့ ကပ်လျက် နေနေတာ ဆိုတော့ သရဲနဲ့ အိမ်နီးချင်း ဖြစ်နေလို့ မခြောက်တာလဲ ဖြစ်ရင် ဖြစ်မှာပေါ့လေ။ ညနေဖက် ထမင်းဝိုင်း မှာတော့ အဖေက - သည်လူကွာ အဲနေ့က သူနေမကောင်းဘူး။ ခေါင်းကိုက်နေတယ်တောင် ဦးလေး ဦးလှကြူနဲ့ ငါ့ကို ပြောနေသေးတာ။ ငါတို့ ခေါင်တိုင် ထူနေတုန်း ဘုန်း...ဆို အသံကြီး ကြားရတာ။ ဦးလေးက လူ ပြုတ်ကျတယ်... လူပြုတ်ကျတယ် ... အော်ပြီး ပြေးသွား တာ။ ငါတို့ရောက်တော့ အသက် မရှိတော့ဘူး။ ပွဲချင်းပြီးပဲ။ ဇက်ကျိုး သွားတာ။ မူးပြီး ပြုတ်ကျတာပဲ ဖြစ်မှာ - ပြောနေတော့ ကျနော်လည်း ထမင်း စားနေရင်းနဲ့ - သည်လူကြီး နေမကောင်းရင်လည်း ထန်း မတက်နဲ့ ပေါ့။ တရက် မတက်ရင် ဘာ ဖြစ်မှာလဲ။ ခုတော့ မူးပြီး ကျသေတဲ့ အဖြစ်ကို ရောက်ရော။ သူသာ အဲနေ့က မတက်ရင် သေမှာ မဟုတ်ဘူး။ အို... သူ့မှာလည်း တရက် မတက်ရင် မိသားစုအတွက် တရက်စာ ငွေ မရရင် မဖြစ်လို့ မတက်ချင် တက်ချင်နဲ့ တက်ရတာ ဖြစ်မှာပေါ့ ... - စသည်ဖြင့် လျှောက် တွေးနေမိ ပါတော့တယ်။ ဆက်တွေးမိတာကတော့ သည် ထန်းတက်သမားကြီးရဲ့ အဖြစ် အပျက် ကနေ တဆင့် သေခြင်း တရားကို ရှောင်လို့ ရသလား မရဘူးလား အထိပါ တွေးမိတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် မိသားစု အတွက် အသက်နဲ့ရင်းပြီး ရှာဖွေ ကျွေးမွေးခဲ့တဲ့ လူတယောက်ကတော့ သူ့ လမ်းဆုံးကို စောစော စီးစီး ရောက်သွားတော့တာပါပဲလေ။ ကျနော့် တသက်မှာ ပထမဆုံး အကြိမ် လေးလေး နက်နက် စဉ်းစားမိတာ ကတော့ သေခြင်း တရားဆိုတာ အသက်ကြီးမှ မဟုတ်ပဲ ကြီးငယ်မရွေး အချိန် ကာလ မရွေး ရောက်လာတာ ပါလား ဆိုတာပဲ ဖြစ်ပါတော့တယ်။

စတုတ္ထအကြိမ် ကြုံရတာကတော့ ကျနော် တက္ကသိုလ် ပထမနှစ် တက်နေတဲ့ အချိန်မှာပါ။ သူငယ်ချင်း တယောက်ရဲ့ အဖေက လေယာဉ်စက်ပြင်ဆရာပါ။ တခါတလေ သူငယ်ချင်း အိမ်ကို သွားရင် အဲ ဦးလေးကို အိမ်ဦးခန်းမှာ သတင်းစာဖြစ်ဖြစ် စာအုပ် တအုပ်ဖြစ်ဖြစ် ဖတ်နေတတ်တာ တွေ့ရတတ်ပါတယ်။ အသားဖြူဖြူ ချောချောနဲ့ ကြည့်ကောင်းတဲ့ လူကြီးတဦးပါ။ ကျနော်တို့ကိုလည်း ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ ရှိပါတယ်။ တရက်မှာ လေယာဉ် စက်ပြင်ဖို့ အဲဦးလေး မြစ်ကြီးနားကို လိုက်သွားရပါတယ်။ နောက်တော့ အဲသည်မှာပဲ နမိုးနီးယားနဲ့ ဆုံးတယ် ဆိုတာ ကြားရတာပါ။ နောက်တော့ သူ့အလောင်းကို ရန်ကုန် ပြန်သယ် လာတယ်။ ကျနော်တို့ သူငယ်ချင်းတွေကတော့ စိတ်မကောင်း ဖြစ်ကြပါတယ်။သူတို့ အိမ်မှာ သွားပြီး ကိုယ်တတ်နိုင်တာတွေ ကူညီ ပေးကြပါတယ်။ သူငယ်ချင်း ကတော့ အဖေသေတာကို စိတ်မကောင်းဖြစ်ပုံ တစက်မှ မပြပါဘူး။ ဟီးဟီး ဟားဟားနဲ့ ပျော်နေပါသေးတယ်။ ဖဲဝိုင်းမှာ ပျော်ပျော် ပါးပါးကြီးကို အကောက်တွေ ကောက်လို့။ ကျနော်တို့ နားမလည်ပါ။ နောက်တော့ သူက ပြောပါတယ် - ငါ့အဖေက မြစ်ကြီးနားမှာ မယားငယ်ရှိတယ်ကွ - တဲ့။ အသုဘချတဲ့ နေ့မှာ သူ့ အမေက စလို့ ဘယ်သူမှ မငိုကြပါ။ ကျနော့် အတွက်တော့ အထူး အဆန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါဟာ သူတို့ မိသားစု အရေးကိစ္စ ဖြစ်တဲ့အတွက် ကျနော်တို့ သူငယ်ချင်းတွေက ဘာမှ စပ်စု မေးမြန်းတာ မလုပ်ကြပေမယ့် ကျနော့် အတွက်တော့ - လူတယောက် လမ်းဆုံးကို ရောက်သွားတဲ့အတွက် ၀မ်းမနည်းတဲ့ သူတွေလည်း ရှိတတ်ပါလား - လို့ စဉ်းစားမိ သွားပါတယ်။ ထို့အတူ - လမ်းဆုံးကို ရောက်သွားသူတယောက်ဟာ သူ့ရဲ့ ရှင်သန်မှုကို လိုက်လို့ ၀မ်းနည်း ကြေကွဲမယ့်သူ မရှိတာကိုလည်း ကြုံရမှာပဲ- လို့ တွေးမိသွားပါသေးတယ်။
(ဆက်ရေးပါမည်)

23 comments:

တောင်ပေါ်သား said...

အကိုရေ အကိုရဲ့ အတွေးလေးတွေ ကောင်းတယ်ဗျ လေးစားတယ်။ လမ်းဆုံးဆိုတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိတိုင်း တနေ့မဟုတ် တနေ့ သွားရမှာပါပဲ ကျနော်တို့ အပါအ၀င်ပေါ့လေ ကောင်းတာထက် ဆိုးတာမဖြစ်ဖို့ပဲ လိုတယ်လို့ ကျနော်ကတော့ ခံယူတယ်...

လေးစားလျက်
တောင်ပေါ်သား

mama said...

ကိုယ့်ကို ကိုယ်သေတာ ကို တောင် သေမှန်း သိခွင့် မရနိုငသူတွေ လဲရှိသေးတယ်လေ
ဥပမာ ဆို နာဂစ် ထဲ မှာ မမျှော်လင့် ပဲ အသက်ပျောက်ခဲ့တဲ့ ဘ၀တွေ..
တနေ့နေ့ သေမှာပဲ သိထား ခဲ့ရင် .. ကိုယ့်လမ်းဆုံး လဲ ရှိနေမှာ ပဲ လို့ သိထားရင် အနည်းဆုံးတော့ လူတွေ ကို စိတ်မညစ် စေမိတော့ဘူး ထင်တာပဲနော်.. နေရတဲ့ ဘ၀ ခဏလေးကို အကောင်း ဖြတ်သန်းနိုင်ဖို့ ကြိုးစား ကြရမယ်

Zephyr said...

လမ်းမဆုံးခင်ကြိုတင်ပြင်ဆင်ထားဖို့ တပ်လှန့်ပေးသလို ခံစားရတယ် ...။ ကျေးဇူးတင်ပါတယ်...
ဆက်ရေးပါ ကို အောင်သာငယ်ရေ ..။

မောင်မျိုး said...

ကျနော်လည်း အငယ်ကအကြောင်းလေးတွေပြန်သတိရသွားတယ်။
အမေ့ကိုမေးတော့ လူဆိုတာ တနေ့သေရမှာပဲတဲ့ အဲ့တုန်းကကြောက်လို့ အမေသေရင် သားလည်းလိုက်သေမယ်လို့ပြောဖူးတယ် ။ တကယ်တွေးကြည့်တော့လည်း ကြောက်သလိုလိုနဲ့မကြောက်တော့ဘူး တစ်ခါခါတော့လည်း ကြောက်တယ် သေဖို့အတွက် ဘာမှလည်းမပြင်ရသေး ဘယ်သူ့အတွက်မှလည်း ဘာအကျိုးမှမပြုရသေးနဲ့ အင်းး.......မေ့နေတာတွေကို အန်ကယ်က သတိပေးလိုက်တာပဲ သေခြင်းတရားကို မေ့မထားဖို့ သတိပေးတဲ့ ဒီပို့စ်လေးအတွက်ကျေးဇူးဗျ ။

နွေးနေခြည် said...

သေခြင်းတရားက ဆန်းကြယ်ပါတယ် ဦးလေးရယ်...

အမရာ said...

ဆက်ရန်ကိုစောင့်မျှော်နေပါတယ်.....

ကိုရင်နော်ခင်လေးငယ် said...

အကိုကြီးအောင်သာရေ....

အတွေးတွေ အများကြီးတွေးမိရင်း...
နောက်ထပ်ဆက်ရေးမဲ့ စာတွေကိုမျှော်နေမိပါတယ်...

လေးစားချစ်ခင်ခြင်းများစွာဖြင့်...

အိန္ဒြာ said...

အင်း...ဒါကြောင့်ပြောခဲ့တာပေါ့ အစ်ကိုရ..
မွေးနေ့ဆိုတာ..သေနေ့ရဲ့ နိဒါန်းစာမျက်နှာ..
ဒါ့ထက်ပိုပြီး..
ရင်ခုန်ကြည်မွေ့စရာမရှိလို့...

သေဖို့..မေ့များနေခဲ့ကြမိကြသလား...

အင်း...

ဘယ်တော့မှ မသေတော့ဘူးထင်နေတဲ့လူတွေတော့ ရှိနေတယ်......အစ်ကိုရေ....

khin oo may said...

သေချာခံစားရေးတတ်တယ်။

ညီအကိုများ said...

အတွေးကောင်းအရေးကောင်းပါပဲဗျာ..
အတွေးတွေအများကြီးရလိုက်ပါတယ်..
ဆက်ရန်မျှော်နေကြောင်းပါ..

မိုးကြယ်

Mhu Darye said...

ရောက်ဖြစ် ဖတ်ဖြစ်တယ် အစ်ကို။

Moe Cho Thinn said...

လူဆိုတာ သေမျိုးချည်း ဆိုပေမဲ့ လူသေပေမဲ့ ဘယ်တော့မှ နံမည် မသေတဲ့ အာဇာနည် သူရဲကောင်းတွေ ရှိသလို၊ လူမသေသေးပေမဲ့ နံမည်သေနှင့်နေတဲ့ မိုက်ခဲတွေလဲ ရှိသေးတယ် အကိုရေ..

Kay said...

ကျမကတော့..ငယ်ငယ်တုန်းကဆို..ညနေစောင်းလာရင်.. သေရမှာ ကြောက်လို့..ရင်ဘတ်ထဲ အောင့်အောင့်လာတဲ့ ကလေး စိတ်ရောဂါတောင် ရှိခဲ့ဘူးတာ။ အခုထက်ထိ..ညနေ ဆို ခံစားချက် မကောင်းဘူး..ညနေတွေကို မုန်းနေတတ်တယ်

မေ့သမီး said...

အစ်ကိုရေ ဖတ်သွားပါတယ်။ ငယ်ငယ်တုန်းကဆို ကျောင်းဘုတ်မှာကတ်ထားတဲ့ အမိန့်ပြန်စာကိုဘယ်လို ကြောက်မှန်းမသိဘူး။ သင်သွားလိုရာသွားနိုင်ပြီဆိုတာကို အပြင်မှာတခါမှမကြားဖူးပဲ ရုပ်ရှင်တွေထဲမှာပဲ ကြည့်ဖူးတာ။ အရမ်းကြောက်တယ်။ ကိုယ်လဲတနေ့ကြုံ ရမယ့်လမ်းပေမယ့် ကြောက်တာပဲ။

သီဟသစ် said...

အကိုကြီးအောင်သာငယ်ရေ
သေခြင်းတရားအကြောင်းဖတ်သွားပါတယ်။
ကျွန်တော်တို့ မရှာဖွေလည်း သူကတစ်နေ့တော့ ရောက်လာမှာပဲနော်။

တန်ခူး said...

ကိုအောင်သာငယ်ရေ… ဆက်ရန်မျှော်နေပါတယ်… သားကလဲ မေးတတ်ပါတယ်… လမ်းကူးရင် ကားရှင်းမှကူး မကူးရင် ကားတိုက်တတ်တယ်လို့  ကျွန်မက ပြောရင် ကားတိုက်တော့ဘာဖြစ်လဲ မေမေတဲ့… သေတတ်တာပေါ့ဆိုတော့… သေတော့ဘာဖြစ်လဲမေမေတဲ့…. ရင့်ကျက်လာတဲ့ အရွယ်အလိုက် အတွေးအခေါ်တွေ ပြောင်းလဲလာပုံကို ရေးပြသွားတာ အတော်ကောင်းပါတယ်…

sandar said...

မျက်လုံးချင်းတုပေမယ့် တွေးမိပုံချင်းမတူကြပါဘူး တွေမိပုံချင်း တူပေမယ့် ခံစားမှု ပမာဏမတူကြပါဘူး ခံစားမှုတူပေမယ့် ရေးဖွဲပုံချင်းမတူနိုင်ကြပါဘူး အဖြစ်ပျက်တွေက တူပေမယ့် ဖတ်ရသူရင်ထဲကို ရောက်တာချင်းမတူကြပါဘူး ။ စောင့်ဖတ်နေပါတယ်

mgngal said...

ဒီခရီး နီးသလား မုချ သေကြရမည် ။ (ချစ်စံဝင်း )
အဲလိုပါပဲဗျာ ။

ကမာနီလာ said...

အရေးအသားနဲ့အတွေးလေးကို ကြိုက်တယ်ကိုအောင်၊ လူတွေကလာကြတယ်...ပြီးတော့လည်း ထွက်သွားကြရတာဘဲလေ ၊လာတုန်းကလည်းဘာမှမပါ ပြန်တော့လည်းဘာမှယူမသွားနိုင်တာမို့ နေရတဲ့ ခဏလေးမှာကိုဘဲ အကောင်းဆုံးတွေ ကမ္ဘာမြေကိုလုပ်ပေးခဲ့ကြတာ အကောင်းဆုံးပါ။
တချို့ကြပြန်တော့လည်း အသက်သာကြီးတယ် လောဘမာန်မာနတွေနဲ့ ငါတကောကောပြီးအတ္တကြီးသူတွေလည်း ရှိနေသပ(နအဖစစ်ဗိုလ်ချုပ်ကြီးတွေများပြောပါတယ်)
ဓမ္မနဲ့ အဓမ္မခွဲခြားမမြင်နိုင်သေးတာလို့ဘဲ မှတ်ယူရလိုဖြစ်နေပြီ။
အသက်ရှင်သန်နေထိုင်နေရတဲ့ ခဏတာအတွင်းမှာ ကမ္ဘာမြေအတွက် အကောင်းဆုံးတွေလုပ်ပေးနိုင်အောင် ကြိုးစားရင်း ရှင်သန်နိုင်အောင် ကြိုးစားကြတာပေါ့ဗျာ။

မီယာ said...

သေခြင်းဆိုတာကို အဖေဆုံးကတည်းက သိခဲ့တာ... ၇နှစ်မှာ။ ကျန်ရစ်သူတွေအတွက် တနည်း မဟုတ်တနည်း ထိခိုက်ပါတယ်။ အမေဆို ဘုရားကျောင်း တက်တိုင်း ငိုငိုနေတယ်။ ကလေးတွေကပါ အမေငိုတော့ လိုက်ငိုတာပဲ။ သွားလေသူတွေကတော့ ငြိမ်းချမ်းတာပဲ။

သက်ဝေ said...

သက်ပြင်းချရင်းနဲ့ဖတ်...
ဖတ်ရင်းနဲ့ သက်ပြင်းချ...
ရှောင်လွှဲမရတတ်တာ သိနေပေမယ့် ကြောက်တယ်...

BLACK DREAM said...

တော်တော်ဖတ်လို့ကောင်းတယ်အစ်ကို..။ ဘေးနားမှာ လာထိုင်ပြီး ပြောပြနေသလိုပဲ...။ အပိုင် ၂ ဆက်ဖတ်လိုက် ဦးမယ်..။

အောင်သာငယ် said...

တောင်ပေါ်သား၊ မမ၊ Zephyr ၊ တူမောင်မျိုး၊ နွေးနေခြည်၊ အမရာ၊ ကိုရင်နဲ့ မခင်လေး၊ အိန္ဒြာ၊ မခင်ဦးမေ၊ မိုးကြယ်၊ မှူးဒါရီ၊ ညီမ ချိုသင်း၊ ညီမ မကေ၊ မေ့သမီး၊ သီဟသစ်၊ မတန်ခူး၊ စန္ဒာ၊ ညီ မောင်ငယ်၊ ကမာနီလာ၊ မီယာ၊ သက်ဝေ၊ြိငယ် အိပ်မက်နက် - လာရောက် အားပေးဖတ်ရှုသွားကြတဲ့အတွက် ကျေးဇူးပါ။