Feb 28, 2009

ည, နင်နေတဲ့ မြို့

















မြို့က မြိုချတာခံလိုက်ရတော့
ညဟာ “ဗန်ဂိုး”ရဲ့ “နေကြာပန်း”တွေကို
ပန်ချီကားထဲက ဆွဲထုတ်ပြီး
မူးလဲနေတဲ့ လမ်းပေါ်မှာ
လှမ်းထားလိုက်တယ်...














မြို့က မြိုချတာခံလိုက်ရတော့
ညဟာ “မွန့်ခ်”ရဲ့ “အော်သံ”ကို
တုပ မအော်နိုင်ရှာလို့
အသံတိတ်နေတဲ့ သစ်ပင်တွေကို
တုံးလုံး ပက်လက်ဖြစ်အောင်
ဒေါသနဲ့ လှဲပစ်လိုက်တယ်...













မြို့က မြိုချတာခံလိုက်ရတော့
ညက “ဒါလီ”ရဲ့ “အမှတ်တရ စွဲမြဲနေခြင်း”လို
အရည်ပျော်ကျနေတဲ့
မျက်တွင်း ဟောက်ပက် အိမ်တွေထဲက
ဖယောင်းတိုင်တွေကိုလည်း
အူဟောင်းလောင်း ထားပစ်လိုက်တယ်...















မြို့က မြိုချတာခံလိုက်ရတော့
ညက “ပီကာဆို”ရဲ့ “ဂီတသမား သုံးယောက်”ကို ခေါ်ပြီး
“ခင်မောင်တိုး”ရဲ့ သီချင်းတပုဒ်ကို ဆိုခဲ့တယ်...
“အသက်တရာ မရှည်ပေမယ့်
အခက်တရာ ပွေနိုင်သေးတယ်
သည့်ထက် မကရင်လည်း တွေ့ရမယ်
မရေနိုင်တော့ပြီပဲ ” တဲ့ ...

















မြို့က မြိုချတာခံလိုက်ရတော့
ညက မီးသီးအကျွမ်းတလုံးကို
စိန်တတုံးလို ဟန်ဆောင်ပန်ထားတဲ့
ဓါတ်တိုင်တခုအောက်မှာ
တယောက်ထဲ မှောင်ရိပ်ခိုရင်း
“ဒါဗင်ချီ”ရဲ့ “မိုနာလီဇာ”လို ပြုံးနေခဲ့တယ်...

















မြို့က မြိုချတာခံလိုက်ရတော့
ညက “အောင်သာငယ်”ရဲ့
“သက်တန့်နင်နေတဲ့ ကဗျာဆရာ”ကို
မပြောမဆို မြိုချပစ်လိုက်တယ်...

ခုတော့ မြို့ခမျာလည်း
“ည” နင်နေရှာပေါ့... ...

ATN

Photo source: http://images.google.com/

အလွမ်းတောင်တန်း၊ ပန်းတပွင့် (အစအဆုံး)

ထုံ့ပိုင်းထုံ့ပိုင်း ရေးနေတဲ့ အခန်းဆက်တွေကို စိတ်ရှည်လက်ရှည် ခွင့်လွှတ် စောင့်ဖတ် ပေးနေတဲ့ သယ်ရင်းတွေ စာဖတ်သူတွေ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း။ ထို့အတူ ပင်းဒယ ဓါတ်ပုံများကို အသုံးပြုခွင့်ပေးသော ရွာသားလေး(၀ိုင်တီယူ) အားလည်း ကျေးဇူး အထူး တင်ရှိပါကြောင်း ပြောပါရစေ။

ရွာသားလေး(၀ိုင်တီယူ) ရဲ့ နောက်တကွက်အရွှေ့ ဆိုတဲ့ ပို့စ်လေးကို ဖတ်မိသည့် အခါ ပင်းဒယကို သတိရ ပါသည်။ ပင်းဒယရဲ့ ဓါတ်ပုံတွေကို ကြည့်ရင်း စိတ် စမ်းချောင်း တစင်းက လွန်ခဲ့သော ၂၅ နှစ်သို့ သူကို အလို အလျောက် သယ်ဆောင်ရင်း စီးဆင်းချသွားသည်။ ပင်းဒယကို နောက်တခေါက် ပြန်ရောက်ခဲ့ပါလေပြီ။ အချိန် ကာလက ပြောင်းလဲ ပစ်ခဲ့သော အရာတို့ကို ဟိုတချို့ သည်တချို့ တွေ့ရသည်။ သို့သော်လည်း အချိန် ကာလက မပြောင်းလဲနိုင်ခဲ့သည့် အရာတို့ကိုလည်း မပျောက် မပျက် ဆက်လက်တွေ့နေရပါသေးသည်။


မဲနယ် တောင်တန်းကြီး၏ လှပမှုကို သည်တောင်တန်းကြီးပေါ် ခြေချမိမှသာ သိနိုင် ပေမည်။ အနောက်ဖက် အခြမ်းရှိ ပုပ္ပါးတောင်နှင့် ကျယ်ပြန့်သော လွင်ပြင်များကို မဲနယ် တောင်တန်း ပေါ်မှ ရှုမျှော် ကြည့်ရှုရသည်မှာ လွမ်းစရာပင် ကောင်းသေးတော့ သည်လေ။ သည်တောင်တန်း ပေါ်မှာပဲ လွမ်းမောစရာ ပုံပြင်လေး တခု ထုဆစ်ခဲ့မိသူ တယောက် အဖို့တော့ အလွမ်း ဆိုသည် ကလည်း လှုပ်နှိုးမည့်သူ တစုံ တယောက်ကို စောင့်စား အိပ်စက် နေသော နတ်တပါး ပေပဲလား။ ခုတော့ မဲနယ် တောင်တန်းကို လွမ်းသည်၊ ရွှေဥမင်ကို လွမ်းသည်၊ ပင်းဒယကို လွမ်းသည်၊ တစုံ တယောက်ကို လွမ်းသည်။ နှလုံးသားမှာ အလွမ်းကို တက်တူး အရုပ် တခုလို မြှုပ်ထားမိ လေသည်လား။ သူ မသိပါ...

-----------------------------------------------------

သည်နေ့က သူတို့ နောက်ဆုံးနှစ် ဘူမိဗေဒကျောင်းသူ ကျောင်းသားတွေ ကွင်းဆင်း ရမည့်နေ့။ မန္တလေး ဆောင်သို့ အားလုံး ၂ နာရီအရောက် လာကြရမည်။ ပြီး ရန်ကုန် ဘူတာကြီးသို့ သွားရမည်။ သာစည် အမြန် ရထားဖြင့် ခရီးထွက်ကြ ရမည်လေ။ သို့သော်လည်း သူတို့ သူငယ်ချင်း တသိုက် မနက် ၉ နာရီ လောက် ကတည်းက ဦးချစ်ဆိုင်ကို ရောက်နေကြသည်။ ဒဂုန်ဆောင်ရှိ အောင်ကျော်မြင့် အခန်းမှာ သူတို့ ပစ္စည်းတွေကို ခဏ စုပုံ ထားရင်း လဘက်ရည် သောက်ရန် ထွက်လာကြခြင်း ဖြစ်သည်။

နောက်ဆုံးနှစ် ကွင်းဆင်းစခန်းအတွက် လူတွေခွဲတော့ သူနဲ့ တွဲနေကြ သူငယ်ချင်းတွေထဲက အောင်ကျော်မြင့် တယောက်သာ ပင်းဒယ ကွင်းဆင်း စခန်းသို့ ပါလာသည်။ ကျန်သည့် သူငယ်ချင်း တွေကတော့ ရေချမ်းစင်၊ ဟဲဟိုး၊ ကလော စသည့် စခန်းတွေကို ရောက်ကုန်သည်။ သည်နှစ်တော့ သူငယ်ချင်း အသစ်တွေနဲ့ တွဲပြီး ကွင်းဆင်း ရမည်။ ဘာပဲဖြစ်ဖြစ် ဘူမိဗေဒမှာ ကတော့ အားလုံးက ညီအကို မောင်နှမ တွေလို ချစ်ချစ် ခင်ခင်ပါပေ။ ဒါကိုကပင် ဘူမိဗေဒ ဌာနနှင့် ကျောင်းသူ ကျောင်းသားတွေရဲ့ ချစ်စရာ ထုံးတမ်းစဉ်လာ ဓလေ့လေး တခု ဖြစ်နေခဲ့သည်။

နောက်ဆုံးနှစ် ကွင်းဆင်းရာမှာတော့ ပင်းဒယစခန်းမှာ စခန်း တာဝန်ခံက ဆရာ ဦးလှကြည်၊ လက်ထောက်က ဆရာ ဦးရဲဝင်း။ သူတို့ ကျောင်းသားတွေကတော့ အားလုံး ၅ ယောက် တဖွဲ့စီ အဖွဲ့လေးတွေ ဖွဲ့ကြရသည်။ အောင်ကျော်မြင့်၊ မောင်မောင်ခိုင်၊ သန်းမြင့်၊ ကျော်စိန်နဲ့ သူက တဖွဲ့တည်း။ အားလုံး ကတော့ တတိယနှစ် ကွင်းဆင်းချိန် တုံးက စခန်းတခုစီ။ သူ့အဖွဲ့မှာ အားလုံးက သူ့ကို Group Leader လုပ်ဖို့ ဆန္ဒ ပေးကြသည်။ သည်လိုနဲ့ အဖွဲ့ ခေါင်းဆောင် အဖြစ် သူ တာဝန်ယူရသည်။

နေ့လည် ၂ နာရီရောက်တော့ တကိုယ်စာ ပစ္စည်းတွေကို သယ်ရင်း မန္တလေးဆောင်သို့ သွားကြသည်။ ပင်းဒယ စခန်း အတွက် လိုအပ်သည့် ဆန်အိပ်များ၊ ရိက္ခာ ပစ္စည်းများနဲ့ အခြား ကရိယာ တန်ဆာပလာများကို ဒေါ့ဂျစ်ကား တစီးပေါ်သို့ တင်ကြရသည်။ စခန်းအဖွဲ့ဝင် အများစုကတော့ ညနေ ၄ နာရီ မတိုင်ခင်မှာ ရန်ကုန် ဘူတာကြီးမှ စောင့်နေကြမည် ဖြစ်သည်။ အဖွဲ့ ခေါင်းဆောင်များနဲ့ တာဝန်ခံများ ကသာ လိုအပ်သည့် ပစ္စည်း ပစ္စယများကို မန္တလေးဆောင်မှ ရန်ကုန်ဘူတာကြီးသို့ သယ်ကြရခြင်း ဖြစ်သည်။

နေ့လည် ၃ နာရီခွဲလောက် ဘူတာကြီးကို သူတို့ ရောက်တော့ အတော်များများက ရောက်နှင့် နေကြပြီးပြီ။ ဆန် အိတ်တွေ ပစ္စည်းတွေ ကားပေါ်မှ ထမ်းချပြီး ရထားပေါ် တင်ပြီးသည့် အခါ သူလည်း တကိုယ်လုံး ချွေးတွေ ရွှဲနစ် နံစော် နေပြီ။ သူငယ်ချင်းတွေ ခေါ်ပြီး ရထား မထွက်ခင် ဘူတာကြီးရှိ ဘီယာဆိုင်မှာ အင်္ကျီ သွားလဲရင်း ဘီယာ တယောက် တလုံးစီ ခိုးသောက် လိုက်ကြသေးသည်။

အားလုံး ရထားပေါ်ရောက်လို့ လူစစ်ပြီးသည့် အခါမှာတော့ ညနေ ၅ နာရီ ထိုးတော့မည်။ ရထား တကယ် ထွက်တော့ ညနေ ၆ နာရီ ကျော်နေပြီ။ သူတို့ အဖွဲ့မှာ ဂစ်တာ ၂ လုံး ပါလာသည်။ သည် ရထားတွဲ ထဲမှာ ရေချမ်းစင် စခန်းသို့ ဆင်းရမည့် အဖွဲ့ကလည်း ပါလာသည်။ ရေချမ်းစင် အဖွဲ့မှာလည်း သူ့သူငယ်ချင်းဖြစ်သူ ၀င်းထိန် သယ်လာသည့် ဂစ်တာ တလုံးနှင့် သန်းနိုင် သယ်လာသည့် ဂစ်တာ တလုံး ၂ လုံး ပါသည်။ ရထားတွဲ ဟိုဖက်ထိပ် သည်ဖက်ထိပ်မှာ ၂ ဖွဲ့ အပြိုင် တီးဆိုကြရင်း သူတို့ အဖွဲ့ ဆိုရတီးရတာ မောလာသည်။ တညနေလုံး ပစ္စည်းတွေလည်း ထမ်းပိုးထားကြရသည် မဟုတ်လား။ ဒါနဲ့ပဲ ဆိုတာ တီးတာကို ရပ်လိုက်ရင်း ၀င်းထိန်တို့ တီးဝိုင်းက တီးနေသမျှကို - ဖခင် ဘုရင်ကြီးမှာ မကြားလိုပါ... မကြားလိုပါ... - ဟု ပြန်အော်ကာ နောက်ရင်း သူတို့ အနိုင် ပိုင်းလိုက်သည်။ သည်ကောင် တွေ ကတော့ သူတို့ကို စိတ်ထဲက ကျိန်ဆဲ နေမည်မှာ မုချ...။

--------------------------------------------------

သာစည်ရောက်တော့ သူတို့ ဘူမိဗေဒကျောင်းသားတွဲ ၃ တွဲကို ဖြုတ်လိုက်ပြီး ရွှေညောင် ရထားမှာ ချိတ်ရန် စောင့်နေကြရသည်။ ရွှေညောင်ရထားစထွက်တော့ မိုးလင်းနေပြီ။ နောက်တော့ အောင်ပန်းမှာ သူတို့ တွဲက ကျောင်းသားတွေ အားလုံး ဆင်းကြရသည်။ ရေချမ်းစင်နှင့် ပင်းဒယက တလမ်းထဲ။ ရေချမ်းစင်ပြီးလျှင် ပင်းဒယ။ ပင်းဒယကို ရောက်တော့ ညနေစောင်းနေပြီ။ သူတို့အားလုံး ပင်းဒယ အ.ထ.က.မှာ စခန်းချကြရသည်။ ပစ္စည်းတွေ အားလုံး နေရာချအပြီးမှာတော့ ရှမ်းပြည်ရဲ့ ဥတ္တရလေ အေးစက်စက်အောက်က ညနေခင်းမှာ ပုန်းတလုပ် ကန်ရေနဲ့ သူတို့ရဲ့ အမောတွေကို ဆေးကြောခဲ့ကြသည်လေ။


သည့်နောက်တော့ ညစာ စား အပြီးမှာ နောက်နေ့မှာ ထွက်မည့် General Traverse အတွက် အစည်းအဝေး ထိုင်ကြရသည်။ အဖွဲ့တွေအတွက် ကိုင်ဆောင်ရမည့် မြေပုံနှင့် ပစ္စည်းတွေ ထုတ်ယူပြီး နောက်တနေ့အတွက် အားလုံး အဆင်သင့် ပြင်ဆင်ပြီးနောက်မှာ အိပ်ယာ ၀င်ခဲ့ကြသည်။ ပင်းဒယ အ.ထ.က.ရဲ့ မီးရောင် မှိန်မှိန်တွေ အောက်မှာ ပထမဆုံး အကြိမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ကြရသည့် ညကလည်း ပြန်တွေးကြည့်တော့ လွမ်းစရာ...။

နောက်တနေ့မှ စတင်ပြီး ပင်းဒယ အရှေ့ဖက်ခြမ်းသို့ စတင် ကွင်းဆင်းရသည်။ သတ္တုတွင်း တွေမှာလည်း လက်တွေ့ ကွင်းဆင်းခဲ့ကြရသည်။ ဒုတိယ အပတ် မှာတော့ Individual Traverse ကို စတင်ကြရပါသည်။ သက်ဆိုင်ရာ Assigned Grid များကို ဘူမိဗေဒ ဆိုင်ရာ တိုင်းတာ မှတ်တမ်းတင်မှုများဖြင့် အဖွဲ့လိုက် လုပ်ဆောင် ကြရခြင်း ဖြစ်သည်။ သူတို့ အဖွဲ့ကတော့ ရွှေဥမင်တည်ရှိရာ မဲနယ် တောင်တန်း၏ အနောက် ဖက်ခြမ်းရှိ Grid များကို တာဝန်ကျလေသည်။ သည်လိုနဲ့ ရက်ပေါင်း ၃၀ ကျော် ရွှေဥမင်နှင့် မဲနယ် တောင်တန်းကို ဆင်းလိုက် တက်လိုက် လုပ်ခဲ့ကြရသော နေ့ရက်များမှာ အမှတ်ရစရာ စာမျက်နှာများနှင့် ပြည့်နှက် နေခဲ့လေတော့သည်။

-----------------------------------------------------

Individual Traverse ကို စတင်ကြရတော့ ဆရာတွေက ကိုယ်တွေနဲ့ အတူ မပါတော့ ကိုယ့် စိတ်ကြိုက် လုပ်လို့ ရနေကြသည်လေ။ နေ့စဉ် မနက် ၈ နာရီဆိုလျင် နေ့လည်စာကို ဟန်းကောတွေနဲ့ ထည့်ယူကာ ခရီး စထွက် ရသည်။ သူတို့ အဖွဲ့ တာဝန်ယူရသည့် Grid ကလည်း ရွှေဥမင် အနောက်ဖက်ခြမ်းမှ စတင်သည်။ သည်လိုနဲ့ နေ့တိုင်း ရွှေဥမင်ကို ဖြတ်ကျော်ပြီး မဲနယ်တောင်တန်းကို အဆင်း အတက် လုပ်နေရတော့သည်။



သူတို့ အဖွဲ့ကတော့ ရန်ကုန်က မထွက်ခင်ကတည်းက ပင်းဒယစခန်း အနီး ၀န်းကျင်ရှိ Gelogical Report တွေကို ဖတ်ထား၊ လေ့လာထား၊ မှတ်စု ထုတ်ထားခဲ့သည်။ Paleontological နဲ့ Petrological Report တွေ ကို လည်း အသေးစိတ်နီးပါး ဖတ်ထား မှတ်ထား ခဲ့တော့ Individual Traverse မှာ သိပ် အခက်အခဲ မရှိတော့။ သွားရမည့် နေရာတွေကို သွားသည်။ တိုင်းတာစရာရှိသည်တွေကို တိုင်းတာ မှတ်တမ်း ပြုပြီးသည့်အခါ သူတို့ အဖွဲ့ အတွက် အချိန်တွေက အတော့ကို ပိုလာနေသည်။

သည်လိုနဲ့ ကွင်းဆင်းကာလရဲ့ နောက်ပိုင်းရက်တွေမှာ သူတို့ရဲ့ နေ့စဉ်စခန်းချရာက ရွှေဥမင်ရဲ့ မြောက်ဖက် စောင်းတန်း ဖြစ်လာသည်။ တခါတလေ ညဖက်ကြီး ဂစ်တာတွေကို အ.ထ.က ကျောင်းမှ ခိုးထုတ်ကာ သူတို့ အရက် ခိုးသောက်လေ့ ရှိသည့် ဆိုင်မှာ သွားထား ထားသည်။ နောက်နေ့ မနက် ပင်းဒယ ဈေးဖက်မှ ရွှေဥမင် မြောက်ဖက် စောင်းတန်းကို တက်တော့မှ ထိုဆိုင်မှာ အပ်ထားသည့် ဂစ်တာတွေကို ယူကာ စောင်းတန်းက လှေကားထစ်တွေမှာ တနေ့လုံး concert လုပ်ခဲ့ကြသည်လေ။ မြောက်ဖက် စောင်းတန်းက ဧည့်သည်များ တက်လေ့ မရှိသော စောင်းတန်းလည်း ဖြစ်သည်လေ။ မြွေလိမ်မြွေကောက် ကားလမ်းဖြင့် တက်လာသည့် တောင်ဖက် စောင်းတန်းကသာ ဧည့်သည်များ တက်လာလေ့ ရှိသည် မဟုတ်လား။

တခါတခါလည်း တောင်ဖက်စောင်းတန်းမှာ သွားပြီး သူတို့ အဖွဲ့ ဘရုတ်ကျလေ့ရှိသည်။ ကြာလာတော့ ရွှေဥမင် အ၀င်ဝက ဓါတ်ပုံ ဆရာတွေနဲ့ပင် သူတို့ ခင်မင်လာင်္ပြီး ဓါတ်ပုံဆရာတွေ ကိုယ်စား ဧည့်သည်တွေ ကိုပင် သူတို့က ဓါတ်ပုံတွေ ၀င်ရိုက် ပေးကြသေး သည်လေ။ တခါတခါလည်း ဧည့်သည်တွေ လာတာတွေ့လျှင် ဧည့်ကြို သွားလုပ် ကြပြီး ရွှေဥမင် အကြောင်းတွေကို သူတို့က ရုပ်တည်ကြီးတွေနဲ့ ရှင်းလင်းပြလေ့ ရှိကြ သေးသည်။ Guide လုပ်တတ်ကြ သေးသည်။ မသိလျှင် ရွှေဥမင်ထဲမှာပဲ သူတို့ကို မွေးခဲ့သလိုလို...။

---------------------------------------------------

သည်လိုနဲ့ တနေ့သားတော့ ရွှေဥမင် အ၀င် စောင်းတန်း အစပ်မှာ သူတို့အဖွဲ့ ထိုင်နေ ကြသည်။ လူတစု စောင်းတန်း အတိုင်း တက်လာနေတာ မြင်ကြရသည်။ သည်အထဲမှာ ကောင်မလေး ၂ ယောက်ကို သီးသန့် တက်လာ နေတာ မြင်ရသည်။ - ဟေး... ဟေ့ရောင်.. ဟိုမှာတွေ့လား... - မောင်မောင်ခိုင့်ကို သူ မေးသည့် အခါ အောင်ကျော်မြင့်က - ဘာလဲ.. မင်း... Guide လုပ်ချင်နေပြန်ပြီလား... - ဟု သူ့ကို ပြန်ပြော လေသည်။ သူတို့ အဖွဲ့ထဲမှာ အောင်ကျော်မြင့် တယောက်သာ ရီးစားရှိသည်။ လူကြီးလည်း ဆန်ချင်သည်။ သန်းမြင့်နဲ့ ကျော်စိန် ကတော့ ရိုးသည်။ သူနဲ့ မောင်မောင်ခိုင်ကသာ ငနောက်တွေ လုပ်နေခြင်း ဖြစ်သည်။

- မင်း.. အသာနေစမ်းပါကွာ.. - သူက ပြောရင်း မောင်မောင်ခိုင့်ကို သွားရအောင် အချက် ပြလိုက်သည်။ မောင်မောင်ခိုင်လည်း ထိုင်ရာမှ ထလာပြီး သူနှင့် အတူ ဆင်းလျှောက် လာသည်။ စောင်းတန်း အတိုင်း တက်လာသော ကောင်မလေး ၂ ယောက် အရှေ့ ရောက်လာတော့ - ပင်းဒယမြို့ ရွှေဥမင်ဂူက ကြိုဆို ပါတယ် ခင်ဗျာ... - ရုပ်တည်နဲ့ သူ ပြောလိုက်တော့ ကောင်မလေး ၂ ယောက် ကြောင်အမ်းအမ်း ဖြစ်သွား ကြသည်။ - ရွှေဥမင်ကို အလည် လာတာဆိုရင် ကျနော်တို့ အခမဲ့ လိုက်လံပြီး ပြသ ပေးပါ့မယ်... အမလေးတို့ အနေနဲ့ စေတနာ ရှိရင် သည်မှာ အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ပြီး အလှူငွေ လေးတွေလည်း ထည့်လို့ ရပါတယ်.. - လို့ မောင်မောင်ခိုင်က ၀င်ပြောတော့ ကောင်မလေး ၂ ယောက် ပြုံးသွားသည်။

- ဓါတ်ပုံတော့ ရိုက်ချင်တယ် - မျက်နှာမှာ မိတ်ကပ် ပါးပါးလေး လူးထားပြီး မျက်ခွံမှာ အပြာရောင် ပါးပါးလေး လိမ်းခြယ် ထားတဲ့ ကောင်မလေးက အသံ ခပ်ဝဲ၀ဲနဲ့ ပြောလာတော့ - ရိုက်နိုင်ပါတယ် ခင်ဗျ... ရိုက်ချင်တဲ့ နေရာသာ ပြောပါ ကျနော်တို့ လိုက်ပြီး ရိုက်ပေးပါ့မယ်.. - သူ ပြောတော့ - ခုတော့ မရိုက် သေးဘူးလေ... ရွှေဥမင်ထဲ အရင် ၀င်ကြည့်ဦးမယ်.. အပြန် ကျမှ ရိုက်မယ်လေ... - ဟု ပြန်ပြော လေသည်။ - ဟုတ်ကဲ့ ခင်ဗျ... ဒါဆိုလည်း ကျနော်တို့ လိုက်ပြ ပေးပါ့မယ်... - သူ ပြောရင်း စောင်းတန်းကို စတင် တက်လိုက် လေသည်။ ရွှေဥမင် အ၀င်ဝ ရောက်တော့ သူတို့ကို မျက်မှောင်ကြုပ်ကာ ကြည့်နေသော အောင်ကျော်မြင့်ကိုရော၊ လေးစားစွာ ကြည့်နေသည့် သန်းမြင့်နဲ့ ကျော်စိန်ကိုရော ကောင်မလေးတွေ အလစ်မှာ မျက်စေ့ မှိတ်ပြရင်း ရွှေ ဥမင်ထဲကို ၀င်ခဲ့ကြလေသည်။


သည်လိုနဲ့ ရွှေဥမင်ထဲ ၀င်တော့ သည်ကောင်မလေးကို သူက - ဒါက ဘာ ဘုရားခင်ဗျ... ဒါကတော့ ဘာ ဘုရားပါ..- နဲ့ ရုပ်တည်ကြီးနဲ့ ရှင်းပြ။ ကောင်မလေးနဲ့ ပါလာသော တခြား မိန်းကလေးကို မောင်မောင်ခိုင်က ရှင်းပြနဲ့ ဥမင်ထဲ အတော် ရောက်လာကြသည်။ ဆက်သွားနေရင်း သူနဲ့ မောင်မောင်ခိုင်လည်း လူချင်း ကွဲသွားလေသည်။ - အမတို့လည်း ဘယ်ရောက် သွားပလဲ မသိဘူး... - ကောင်မလေးက ပြောတော့ - အော... အဲတာ အမလား... နောက်တော့ ပြန်တွေ့မှာပါပဲ... သည်ဂူထဲမှာတော့ ဘယ်သူမှ မပျောက် ပါဘူး... ကျနော် အာမခံပါတယ်... - သူပြောတော့ - တကယ်လား... - သူ့ကို ကြည့်ရင်း ပြန်ပြောနေသော ကောင်မလေးကို ရွှေဥမင်၏ မီးရောင် မှိန်မှိန်အောက်မှာ အတော် ချစ်စရာ ကောင်းမှန်းလည်း သတိပြု လိုက်မိ ပါသေးသည်။

တနေရာရောက်တော့ နတ်ရေအိုင်ကို တွေ့သည်။ - ဒါကတော့ နတ်ရေအိုင်ပါခင်ဗျာ... - သူ ပြောတော့ - နတ်ရေအိုင်က ဘာတွေ တန်ခိုးသတ္တိ ရှိလဲဟင်... - ကောင်မလေးက စကားဝဲ၀ဲနဲ့ မေးသည့် အခါ - အဲဒါတော့ မသိဘူး ခင်ဗျ... ကျနော် သိတာ ကတော့ နတ်ရေအိုင်က ရေကို သောက်ကြည့် လိုက်ရင် တခြမ်းက ချိုပြီး.. တခြမ်းက ချဉ်နေတာပဲ... သိပါတယ် ခင်ဗျ... - သူ ပြောသည့် အခါ ကောင်မလေးက မျက်လုံးလေးများ ပိတ်နေအောင် ဟက်ဟက် ပက်ပက် ရယ်မော ပါလေတော့သည်။ - အကိုက ရီစရာ အတော် ပြောတတ်တာပဲ.. - သူ့ကို ပြန်ပြောပါသည်။

သည်လိုနဲ့ ရွှေဥမင်အထဲ တနေရာရှိ ပုဂံလမ်းဆုံးကို ရောက်လာသည်။ - ဒါကတော့ ပုဂံ လမ်းဆုံး ခင်ဗျ... သည် ကနေ သွားရင် ပုဂံအထိ ရောက်တယ်လို့... ပြောကြတယ် ခင်ဗျ... - သူ ပြောတော့ - ဘယ် လောက် ကြာအောင် သွားရသလဲ ဟင်... - ကောင်မလေးက မေးပါသည်။ - ကျနော် ကိုယ်တိုင် မသွား ဖူးတော့ မသိဘူး ခင်ဗျ... ပြီးတော့ သည်လမ်း ကလည်း မသွားချင်ပါဘူး။ ကျနော့် ဘာသာ ဆိုရင်တော့ ကားနဲ့ပဲ သွားမှာပါ... - သူ ပြောတော့ ဒုတိယမ္ပိ ဟက်ဟက် ပက်ပက်ရယ်မောရင်း - အကိုက အတော် နောက်တတ်တာပဲ... - ဟု သူ့ကို ကောင်မလေးက ပြန်ပြောနေလေသည်။

သည်လိုနဲ့ ရွှေဥမင် အထွက်မှာ သူတို့ကို ထိုင်စောင့်နေသော မောင်မောင်ခိုင်နဲ့ ကောင်မလေး အမဖြစ်သူကို တွေ့လိုက် ရပါသည်။ - ဟဲ့... နင်တို့က ဘယ်ရောက်နေကြတာလဲ... - အမဖြစ်သူက မေးတော့ - ဒီ အကို ရှင်းပြ နေတာတွေ နားထောင်နေတာနဲ့ ကြာသွားတာပါ... - ဟု ကောင်မလေးက ပြန်ပြော လေသည်။ - ကဲ... ကဲ... ပြန်ကြရအောင်.. - လို့ ကောင်မလေး အမက ပြောတော့ - အမလေးတို့... မပြန်ခင် အမှတ်တရ ဓါတ်ပုံလေးတော့ ရိုက်သွားကြပါဦး... - သူပြောတော့ - မရိုက်တော့ပါဘူး... ကျမတို့က ပင်းဒယမှာပဲ နေတာ စနေ တနင်္ဂနွေနေ့တိုင်း ရွှေဥမင်လာဖူးပါတယ်... - လို့ ပြောတော့ သူလည်း စကား တခွန်းမှ ပြန်မပြောနိုင်အောင် ပါးစပ် အဟောင်းသား ဖြစ်သွားပါလေသည်။ ကောင်မလေးကတော့ - ရွှေဥမင် အကြောင်း ရှင်းပြပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်နော်... - ဟု သူ့ကို ပြောကာ တခွိခွိ ရီရင်း စောင်းတန်း အတိုင်း ဆင်းသွားခဲ့ပါသည်။

- ကဲ... သေလို့ရပြီ... ဟေ့ကောင်... - အစအဆုံး စောင့်ကြည့်နေသည့် အောင်ကျော်မြင့်က သူ့ကို ပြောရင်း - ခုတော့ မင်းတို့ ၂ ကောင် မြွေကိုက်သွားပြီ မဟုတ်လား... - ပြောလေသည်။ - အံမယ်... ငါ့ .... မကိုက်ပါဘူး.. ဟ... မောင်ခန့်ကို... ကိုက်သွားတာ... ဟိုကောင်မလေးနဲ့ ငါက အဆင်ပြေသား... ငါက ဘာမှ မပြောခင် မေးထားတာ ဘယ်ကလာလဲလို့... အဲကောင်မလေးက ပြောပြီးသား... ပင်းဒယက ပါတဲ့... ဈေးနားမှာ နေတယ်တောင် ပြောထားပြီးသား... မောင်ခန့်သာ ဘာမှန်း ညာမှန်း မသိ... စွတ် လွှတ်လို့ ခေါင်းကွဲတာ... - ဟု မောင်မောင်ခိုင်က ပြန်ပြောလေသည်။

--------------------------------------------------

သည်လိုနဲ့ သည်ကောင်မလေး ၂ ယောက်နဲ့ ပြန်ဆုံဖို့ အကြောင်းကလည်း ဖြစ်လာသည်။

တနေ့တော့ Traverse က အပြန်မှာ ရွှေဥမင် မြောက်ဖက်စောင်းတန်း အတိုင်း သူတို့ အဖွဲ့ ပြန်ဆင်း လာကြသည်။ Sample ယူလာခဲ့သော ကျောက်တုံးတွေ ကိုယ်စီနဲ့မို့ ကျောပိုးအိတ်တွေ အားလုံးက လေးလံ နေသည်။ သူတို့ကတော့ မြောက်ဖက် စောင်းတန်းအတိုင်း ပြန်ဆင်းရင်း ပင်းဒယ ဈေးထိပ်က ဆိုင်တဆိုင်မှာ ရွှေလိမ္မော် ၂ လုံး ၃ လုံးလောက် ၀င်ဝယ်မည်၊ တနေ့လုံး ပင်ပမ်းလာသမျှကို အပမ်းဖြေသည့် အနေဖြင့် ညနေစာ မစားမီ ရေချိုးဆင်းရင်းနဲ့ ပုန်းတလုပ်ကန်ဘေးမှာ ရွှေလိမ္မော်တွေ ခိုးသောက်ကြမည်။ ဘာရယ်တော့ မဟုတ်၊ လူငယ်ပီပီ အပျော်ရှာခြင်းသာပါ။


သည်လိုနဲ့ ညနေစောင်းမှာ မြောက်ဖက်စောင်းတန်းအတိုင်း ပြန်ဆင်းချလာသော သူတို့ အဖွဲ့နဲ့ သည် ကောင်မလေး ၂ ယောက် ပြန်တွေ့ရသည်။ တွေ့တွေ့ချင်းတော့ သူကလည်း မှတ်မိသလို ကောင်မလေး ကလည်း မှတ်မိလေသည်။ စောင်းတန်းမှာ ခိုကလေး တကောင်ကို ပိုက်ရင်း ထိုင်နေသော ကောင်မလေးကို သူ တွေ့တော့ - ဟော... ဒီမှာ မမျှော်လင့်ပဲ လာတွေ့နေပြီ... - သူပြောတော့ ကောင်မလေးက ငိုမဲ့မဲ့ မျက်နှာနဲ့ -ခိုကလေး သေတော့မယ်..အကို... - ဟု ပြောလေသည်။

ခိုကလေး တကောင်ကို တစုံတယောက်က လေးခွဖြင့် ပစ်သွား ပုံရသည်။ ခိုကလေးက ခြေထောက် ကျိုးသွားသည်။ မြောက်ဖက်စောင်းတန်းကနေ အိမ်ကို ပြန်ဆင်းလာသော သူတို့ ညီအမ ၂ ယောက်က သည် ခိုကလေးကို စောင်းတန်းမှာ တွေ့သွားသည်။ ဘာလုပ်ရမှန်း မသိ။ ခိုကလေးကို ရင်ခွင်ထဲ ထည့်ထားသော သူတို့ ညီအမ ၂ ယောက်နဲ့မှ သူတို့ အဖွဲ့က ဆိုက်ဆိုက် မြိုက်မြိုက်ကြီး တွေ့ခဲ့ရခြင်း သာပါ။

ကောင်မလေး လက်ထဲက ခိုလေးကို သူ ယူကြည့်လိုက်သည်။ ခိုကလေးက ငြိမ်နေ သော်လည်း နာကျင်မှု ကြောင့် တုန်နေသည်။ တကယ်တော့ ခိုကလေး၏ ညာဖက်ခြေထောက်က လေးခွ ဒဏ်ဖြင့် ကျိုးသွားခြင်းသာ။ - ခြေထောက် ကျိုးသွားတာပါ.. မသေပါဘူး... - သူပြောရင်း သူတို့ ဆောင်ထားလေ့ရှိသည့် First Aid Kid ထဲမှ ပတ်တီး တစကို ယူရင်း အနီးအနားတွင် တွေ့ရသော သစ်သား အပိုင်းအစများဖြင့် ခိုကလေး ခြေထောက်ကို ကျပ်စည်းပေးလိုက်သည်။

သည်လိုနဲ့ နမ်းခမ်းမွန် ဆိုသော ချစ်စရာ ကောင်မလေးတယောက်နဲ့ သူ သူငယ်ချင်း ဖြစ်ခဲ့ကြသည်လေ။

မြောက်ဖက် စောင်းတန်းကနေ ပြန်ဆင်းလာတော့ ခမ်းမွန်တို့ ညီအမ ၂ ယောက် လည်း သူတို့ အဖွဲ့နဲ့အတူ ပြန်ဆင်းလာသည်။ ခမ်းမွန်က ခိုကလေးကို ပိုက်ထားရင်း - ခိုကလေးကို ဆေးကုပေးတာ ကျေးဇူးတင်တယ်နော် အကို…။ ကျမ အိမ်မှာ ဒီခိုလေးကို မွေးထားမယ်… - ပြောတော့ - ကျနော့် နံမည်က မောင်ခန့်ပါ… ဟိုးနေ့က ရွှေဥမင်မှာ ကျနော်တို့ အပျော် ပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်… - သူ ပြောမိသည်။ - ကိစ္စ မရှိပါဘူး အကို…။ ကျမတို့ကတော့ သိပါတယ်…။ နှစ်တိုင်းလည်း ရန်ကုန်တက္ကသိုလ်က ဘူမိဗေဒ ကျောင်းသားတွေ ဒီမှာ ကွင်းဆင်းနေကြပါပဲ…။ ပင်းဒယက လူတိုင်းလိုလို သိပါတယ်။ ပင်းဒယနဲ့ ဘူမိဗေဒ ကျောင်းသား တွေက သူစိမ်းတွေ မဟုတ်ပါဘူး။ အကိုတို့ကို တွေ့ကတည်းကလည်း ရန်ကုန်တက္ကသိုလ်က ဘူမိဗေဒ ကျောင်းသားတွေမှန်း သိပါတယ်။ ကျမနံမည်က နန်းခမ်းမွန်ပါ..။ အမက နန်းခမ်းအီ..။ ကျမရော အမရော အကိုတို့ အခုတည်း နေတဲ့ ပင်းဒယ အ.ထ.က. မှာ ဆယ်တန်း ဖြေထားတာပါ…။ မနှစ်ကတော့ အမက ဆယ်တန်းကျတယ်လေ..။ ဒါနဲ့ ဒီနှစ် ကျမနဲ့ အတန်းတူသွားတာ… - ကောင်မလေးက တောက်လျှောက် ပြောပြနေလေသည်။

သည်လိုနဲ့ သူကလည်း သူ့တဖွဲ့လုံးကို သည် ညီအမ ၂ ယောက်နဲ့ ပြန်မိတ်ဆက်ပေးရသည်။ - မောင်မောင်ခိုင် ကတော့ သိပြီးသားပါ ဟိုနေ့က နန်းခမ်းအီကို ရွှေဥမင် လိုက်ပြပေးတာ - သူ ပြောတော့ ခမ်းအီက ရီနေ လေသည်။ ဘာစကားမှတော့ မပြော။ မောင်မောင်ခိုင်ကတော့ - ဟေ့ရောင် … သူ သိပြီးသား… ။ ငါက မင်းလို ဘလိုင်း ဖောနေတာ မဟုတ်ဘူး…။ ဘာမှ မပြောခင် အရင် မေးထားတာ… ဟ.. - ၀င်ပြောနေသေးသည်။ - အေးပါ… တော်တော့… သည်မှာ စကား အကောင်းပြောနေတာ… မင်း ပဏာ ၀င်ယူမနေနဲ့… - သူပြောရင်း - ဒါက အောင်ကျော်မြင့်… ဒါက သန်းမြင့်… ဒါက ကျော်စိန်… - ပြောရင်း သူ့ တဖွဲ့လုံးကို မိတ်ဆက် ပေးလိုက်မိသည်။

ပြောရင်း နဲ့ စောင်းတန်း အဆုံးမှ မြေနီလမ်းကို ရောက်လာခဲ့လေသည်။ - ဒါ ကျမတို့ အိမ်ရှိတဲ့ လမ်းလေ… - ခမ်းမွန် ပြောတော့ - ဒါဆို အိမ်လာလည်လို့ ရမလား… - ဘာရယ် မဟုတ် သူ့ပါးစပ်က ထွက်သွားမိသည်။ - ရပါတယ် အကို… အကိုတို့ အားလုံးလာလည်လေ… ထမင်းချက်ကျွေးပါ့မယ်… - ပြောတော့ သူ အတော် အံ့အား သင့် သွားခဲ့ သည်လေ။ - အား.. ကျနော်က အလကား နောက်တာပါ..။ ကျနော်တို့က သိပ် မအားပါဘူး.. - သူ ပြောတော့ - အကိုတို့ မပြန်ခင်တော့ အားလပ်ရက် ရမှာပေါ့…။ အဲဒီအချိန်ကျရင် လာခဲ့ပါ…။ ကျမ မဲ့နဲ့ ဖေါ့ ကို လည်း ပြောထားမှာပါ… - ပြန်ပြောတော့ သူလည်း ဘာမှ ပြန်မပြောနိုင်တော့ပါ။

သည်လိုနဲ့ လျှောက်လာရင်း ပင်းဒယ ဈေးကို ဆင်းလာသော လမ်းသို့ ရောက်လာ လေသည်။ - ဒီမှာ ကျမတို့ အိမ်ပါအကို… အချိန်မရွေး ၀င်လာလည်လို့ ရတယ်နော… - ခမ်းမွန်က ပြောရင်း သူ့ အမနှင့်အတူ အိမ်ဝင်း တခုထဲသို့ ၀င်သွားလေသည်။ သူက ခြံဝင်းထဲကို ခဏတော့ ရပ်ကြည့် လိုက်သေးသည်။ မြေနီတွေနဲ့ ပြည့်နေသော ခြံဝင်းထဲမှာ အိမ်တလုံး။ သိပ်မကြီးသလို သိပ်လည်း မငယ်သော အိမ်တလုံးပါပေ။ ပင်းဒယက အိမ် အများစုလိုပင် သည်ဒေသထွက် ထုံးအုတ်တွေနဲ့ အိမ်ကို ဆောက်ထားသည်။ လှပသပ်ရပ်သော အဖြူရောင် အိမ်ကလေး ပါပေ။

သည်လိုနဲ့ စခန်းသို့ သူတို့ ပြန်ရောက်ခဲ့လေသည်။

--------------------------------------------------

နောက် တနင်္ဂနွေမှာတော့ သူတို့ အားလုံး အနားရသည်။ - ခမ်းမွန်တို့ဆီ သွားမယ်ကွာ… - သူပြောတော့ - ဖွန်ကြောင်… … …. - အားလုံးက ၀ိုင်းအော်ကြသည်။ - အား… မင်းတို့ကလည်း ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်း လုပ်နေ ကြတာပဲ… သည်မှာ သွားလည်စရာ ဘယ်အိမ်ရှိလို့လဲ…။ သူ ကိုယ်တိုင်က ပြောထားတာ လာလည်ပါဆိုလို့… ဒါကြောင့်မို့ သွားလည်ရအောင် ပြောတာ…။ မင်းတို့ မလိုက်ချင်နေခဲ့…။ ငါ့ဘာသာ ငါ.. သွားမယ် - သူ ပြောတော့ - ငါလည်း လိုက်မယ်… - မောင်မောင် ခိုင်က ၀င်ပြောလေသည်။

သည်လိုနဲ့ တကယ် စခန်းက ထွက်ဖြစ်ကြတော့ သူ့တဖွဲ့လုံး ပါလာပါလေသည်။ - နေဦးကွ.. သည် အတိုင်းတော့ သွားလို့ မကောင်းဘူး…။ လက်ဆောင်လေး ဘာလေးတော့.. ၀ယ်သွားရင် ကောင်းမယ်ထင်တယ်… - သူပြောတော့ - ဟေ့ကောင်.. မင်း… ဖွန်ကြောင်လို့ ငါတို့ လိုက်လာတာနော်… ပိုက်ဆံတော့ ဘာ တပြားမှ အကုန်မခံနိုင်ဘူး… - အောင်ကျော်မြင့်က ပြောလေသည်။ - အေးပါ ၀န်ကြီးရယ် (ထို အချိန်က အစိုးရ ပြန်ကြားရေး ၀န်ကြီးမှာ ဦးအောင်ကျော်မြင့် ဖြစ်သည်) မင်း တပြားမှ ကုန်စရာ မလိုပါဘူး…- သူ ပြောရင်း - ဘာဝယ်သွားရင် ကောင်းမလဲကွ.. ၀ိုင်းစဉ်းစားကြပါဦး… - သူမေးလိုက်မိသည်။

အားလုံးကလည်း အိုင်ဒီယာ ကောင်းသူများဆိုတော့ - လဘက်ရည် ၀ယ်သွားမယ်ကွာ.. ဟိုရောက်တော့ ဖေါရှောလုပ်ရင်း ရောသောက်ရတာပေါ့… - ပြောသူက ပြော…။ - အီကြာကွေးတွေ ၀ယ်သွားမယ်ကွာ… သူတို့ မစားရင် တို့စားရတာပေါ့… - ပြောသူကပြော။ - သူတို့က ပဲပုပ် စားကြတာဆိုတော့ ဈေးထဲမှာ ပဲပုပ် ၀င်ဝယ်သွားရင် ကောင်းမယ် … - ပြောသူကပြော။ - အား … တော်ပြီကွာ.. အဲလောက် အိုင်ဒီယာ ကောင်းနေတာ… - သူ ပြန်ပြောရင်း မောင်မောင်ခိုင်ဖက် လှည့်ကြည့်ရင်း - ဟေ့ ရောင် ဘာဝယ်သွားရင် ကောင်းမလဲ… - သူ မေးတော့ - ဘာမှ ၀ယ်မသွားနဲ့ ဟိုရောက်မှ သူတို့ကို မေး…။ ခုက အိမ်သွားလည်တာပဲဟာ.. လက်ဆောင် မပါလည်း ကိစ္စ မရှိပါဘူး.. ။ မင်းတို့က ရန်ကုန်မှာလို ထင်နေလို့လား… - ပြန်ပြောလေသည်။

သည်လိုနဲ့ လက်ချည်း ဗလာနဲ့ သူတို့ ၅ ယောက် ပင်းဒယ ဈေးလမ်း အတိုင်း တက်သွားသော လမ်းကလေးးကို လျှောက်ရင်း ရွှေဥမင်သို့သွားသော ကတ္တရာ ကားလမ်းနဲ့ အပြိုင် ရှိနေသော မြေနီလမ်းကလေးအတိုင်း ဆက်လျှောက်လာခဲ့သည်။ သည့်နောက်မတော့ ထုံးအုတ်တွေနဲ့ ဆောက်ထားသော အိမ်ဖြူဖြူလေး အရှေ့ကို သူတို့ ရောက်လာခဲ့သည်။ ခြံဝင်းထဲမှာတော့ မည်သူ့ကိုမျှ မတွေ့ရ။ ခြံဝင်းရှေ့ သူတို့ ၅ ယောက် ခဏရပ်ရင်း - ဘယ်လို လုပ်ရမလဲ.. - သူ မေးနေမိသေးသည်။ - ခုမှတော့ မထူးပါဘူးကွာ… သည်အတိုင်းပဲ ၀င်ချသွားလိုက်တော့… - မောင်မောင်ခိုင်က ပြောလေသည်။

ခြံဝင်းထဲသို့ မ၀ံ့မရဲ ၀င်ရင်း အိမ်ပေါက်ဝကို သူတို့ တသိုက် ရောက်သွားလေသည်။ အိမ်တံခါးဝမှာ ရပ်ရင်း ဘာလုပ်ရမှန်း မသိ ရပ်နေမိကြလေသည်။ သည့်နောက်မှာတော့ အိမ်ထဲမှ အရိပ်ကလေးတခု ရွေ့လျားလာရင်း သူတို့ ရှေ့သို့ ရောက်လာလေသည်။ - ဟော... အကိုတို့ ရောက်နေတယ်.. ။ ဖေါ့... .... .... .... - ပြောရင်း အော်ရင်း သူတို့ အရှေ့ကို ရောက်လာသော ခမ်းမွန်ကို သူတို့ ၅ ယောက် အ, အ တွေလို ကြည့်နေမိ ကြလေသည်။ - သည်မှာ လာ... ထိုင်.. အကို... - ပြောရင်း အိမ်တံခါးဝ၏ ညာဖက် ရှိ ကြမ်းပြင် တခုဆီ ခမ်းမွန်က ညွှန်ပြသည်။ သစ်သားလျှာထိုးတွေနဲ့ ကွပ်ပြစ်တခု ရိုက်ထားသလို ကြမ်းပြင်တခုကို သူတို့ တွေ့လိုက်ရသည်။ အဲသည် အရှေ့မှာလည်း ၄-၅-၆ ခုရှိနေသော စဉ်းအိုးလိုလို သဏ္ဍာန်တွေကို တွေ့လိုက် ရသေးသည်။ မီးခိုးတွေလား ရေငွေ့တွေလား မသိသော အရာများက အထက်မှာ အူလို့...။ တကယ်တော့ အဲသည် အရာတွေက သနပ်ဖက်တွေကို နှပ်နေသည့် အရာတွေ။

သည့်နောက်တော့ ခမ်းမွန်နဲ့အတူ အသက်ခပ်ကြီးကြီး လူကြီးတဦးကို တွေ့ရသည်။ အနောက်မှာ အသက် အရွယ် ကြီးရင့်ပုံ ရသော်လည်း ကြည့်ကောင်းအောင် ချောမောလှပနေဆဲဖြစ်သော အမျိုးသမီးကြီး တယောက် ကိုလည်း တွေ့လိုက်ရလေသည်။ - ဖေါ့နဲ့ မဲ့ပါ...- ခမ်းမွန်က မိတ်ဆက်ပေးနေလေသည်။

သည်လိုနဲ့ စကားတွေ ပြောရင်း အားလုံးက ရင်းနှီးစွာ ဆက်ဆံပြောဆိုနေကြလေသည်။ - ခု မနက်စာ သည်မှာ စားလေ အကိုတို့... - ခမ်းမွန်ကပြောတော့ - အား.. အီး... - နဲ့ ဟန်လုပ်ငြင်းရင်း သူတို့အားလုံး ခမ်းမွန်တို့ အိမ်မှာ မနက်စာ စားကြရလေသည်။ ခမ်းအီကတော့ သနပ်ဖက် ကိစ္စတွေအတွက် အောင်ပန်း တက်သွားလို့ အိမ်မှာ မရှိ။ ခမ်းမွန်ကပဲ အစစ အရာရာကို ဧည့်ခံနေလေသည်။

ဘာပဲဖြစ်ဖြစ် လွတ်လပ်ပွင့်လင်းသော သည် ရှမ်းမိသားစုလေးက သူတို့အတွက် အဝေးရောက် မိသားစုလို ဖြစ်ခဲ့ကြတော့လေသည်။ သည်ညီအမနှစ်ယောက်နဲ့ သူတို့ က မောင်နှမအရင်း တွေလို ခင်မင်ခဲ့မိ ပါလေ တော့သည်။

--------------------------------------------------

သည်လိုနဲ့ နေ့စဉ် Field Trip မထွက်ခင် သူတို့အဖွဲ့ ထိုင်လေ့ရှိသော ပင်းဒယ ဈေးထဲမှ လဘက်ရည် ဆိုင်မှာ ခမ်းမွန်တို့ ညီအမ နှစ်ယောက်လည်း သူတို့ အဖွဲ့နဲ့အတူ မနက်တိုင်း လာထိုင်ကြလေ့ ရှိလေသည်။ လဘက်ရည် အတူ သောက်ကြ၊ တခါတရံလည်း မုန့်ဟင်းခါး အတူစားကြ၊ ရှမ်းခေါက်ဆွဲ အတူစားကြနဲ့ ရင်းနှီးမှုက ပိုလာလေသည်။ တနင်္ဂနွေ နေ့တိုင်းလည်း သူနဲ့ မောင်မောင်ခိုင်က ခမ်းမွန်တို့ အိမ်သို့ သွားလည်လေ့ ရှိလေသည်။ ခြေကျိုး သွားသော ခိုကလေးကလည်း တဖြည်းဖြည်းနဲ့ ပြန်ကောင်း လာနေပြီ ဖြစ်လေသည်။

တဖြည်းဖြည်းနဲ့ သူတို့တွေ ပြန်ရမည့်ရက်ကလည်း နီးနီးလာလေသည်။ တနင်္ဂနွေ တရက်မှာတော့ သူရယ် မောင်မောင်ခိုင်ရယ် ခမ်းမွန်တို့ ညီအမ ၂ ယောက်ရယ် ရွှေဥမင်ဖက် ထွက်ဖြစ်ခဲ့ကြသည်။ မောင်မောင်ခိုင်နဲ့ ခမ်းအီ ကတော့ သမီးရီးစား ဖြစ်နေကြပြီ ဆိုတော့ ရှေ့က သွားနှင့်သည်။ သူကတော့ ခမ်းမွန်နဲ့ မောင်နှမလို ခင်မင် နေကြဆဲ။ ခမ်းမွန်ကတော့ သည်နှစ် ဆယ်တန်းအောင်လျှင် ရန်ကုန်မှာ ကျောင်းလာတက်မည် ဖြစ်ကြောင်းလည်း တက်တက်ကြွကြွ ပြောပြနေသေးသည်။

- ရန်ကုန်မှာ အသိတွေ ရှိလို့လား... - သူမေးတော့ - ဦးလေး တယောက် ရှိတယ်လေ... ဂွတ္တလစ်မှာ နေတယ်.. - ခမ်းမွန်က ပြောပြသည်။ - သြော... ဒါဆို ကျနော်တို့နဲ့ သိပ် မဝေးဘူးပဲ... - သူပြောတော့ - အကိုက ဘယ်မှာ နေတာလဲ... - ပြန်မေးနေလေသည်။ - တောင်ဥက္ကလာ မှာပါ... ဂွတ္တလစ်မှာ ကျနော့် သူငယ်ချင်း တချို့လည်း ရှိတယ်... - သူ ပြောနေဆဲ - အကိုကလေ အမြဲပဲ ကျနော်... ကျနော်နဲ့... ပြောနေတာပဲ... ခမ်းမွန်တို့ကို သူစိမ်း ကျနေတာပဲ... - ဟု မျက်နှာလေးကို မဲ့ရွဲ့ကာ ပြောလေသည်။ - သြော်.. လေးစားသမှုနဲ့ပါ.. - သူပြန်ပြောတော့ - ဒါဆို ဟို... ရွှေဥမင်မှာ ပထမဆုံး ဆုံတုန်းက လေးစားသမှုနဲ့ လျှောက်နောက်နေတာပေါ့လေ... ဟုတ်လား... - ဟု စကားနာ ထိုးလေသည်။ - အား... အဲတုန်း ကတော့ ခမ်းမွန်တို့ကို ဧည့်သည်တွေလို့ ထင်တာကိုး... ပင်းဒယကလို့ ဘယ်ထင်မလဲ... - သူ ရယ်ကျဲကျဲနဲ့ ပြန်ပြောမိတော့ - အကိုက မစဉ်းစားတာကိုး... မိန်းကလေး ၂ ယောက်တည်း ရွှေဥမင်ကို တက်လာကတည်းက စဉ်းစားကြည့်ပေါ့... ဧည့်သည် ဘယ်လို ဖြစ်နိုင်မလဲ... - ပြောလေသည်။ - ဟုတ်သားနော်.. အဲတာကို ကျနော် မစဉ်းစားမိဘူး... - သူ ပြောနေဆဲ - ခမ်းမွန်နဲ့ စကားပြောရင် ကျနော် ကျနော်နဲ့ မပြောနဲ့လေ အကို... - လို့ ပြောလာသော ပါးမို့နီလေးနဲ့ သည် ဥတ္တရသူလေးကို သူ ငေးကြည့်နေမိလေတော့သည်။

ထိုနေ့က မဲနယ်တောင်တန်းမှာ တိုက်ခတ်ခဲ့သော ဥတ္တရလေ အေးအေးက သူ့နှလုံးသားကို မအေးမြစေနိုင် ခဲ့ပါပေ။ ရွှေဥမင် ရောက်ခါနီး အတက် စောင်းတန်းမှာ ခဏတာ ထိုင်နားရင်း သူ့ မျက်နှာချင်းဆိုင် စောင်းတန်းက တိုင်လုံး တခုကို မှီရပ်နေသော ပန်းကလေး တပွင့်ကို သူ ငေးကြည့်နေခဲ့မိသည်။ ရီးစားသနံ မထားခဲ့ဖူးသော သူ့အဖို့ အခုမှ ရင်ခုန်နေရသည့် အခြေအနေက အတော့ကို အခံရခက်နေလေသည်။ နေရာတကာ လျှောက်နောက်တတ်သော၊ ပျော်ပျော်နေတတ်ခဲ့သော သူ့အဖို့တော့ တစုံတခုကို မပျော် မရွှင် ဖြစ်နေလေတော့သည်။ ခမ်းမွန်ကို - ချစ်ပါတယ်- လို့ သူ ဘယ်လို ပြောရလေမည်လဲ။

သည်လိုနဲ့ ရွှေဥမင် ရင်ပြင်ပေါ်သို့ ရောက်ခဲ့သည်။ ဘုရားအတူ ၀တ်ပြုကြရင်း ရှေ့တပတ်မှာ ပြန်ရတော့မည် ဖြစ်ကြောင်း သူပြောမိသည်။ ညို့သွားသော မျက်နှာလေးနှင့်အတူ - ရန်ကုန်ပြန်ရောက်ရင် အကိုက ခမ်းမွန် တို့ကို မေ့သွားတော့မှာပါ... - ဆိုလာသော စကားကို ဘာပြန်ပြောရမှန်း မသိ။ ခဏတာတော့ တိတ်ဆိတ် နေမိ သေးသည်။ ပြီးမှ - အကို့ လိပ်စာ ပေးထားမယ်လေ... ခမ်းမွန် လိပ်စာလည်း ပေးထားပါ... အကို ရန်ကုန် ပြန်ရောက်ရောက်ချင်း စာရေးလိုက်ပါ့မယ်... ပြီးတော့ ခမ်းမွန် ဆယ်တန်းအောင်လို့ ကျောင်းလာ တက်ရင်လည်း အကို တတ်နိုင်တာတွေ ကူညီပေးပါ့မယ်.. နော်... - လို့ ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကို အကိုလို့ ပြောမိလေသည်။

အပြန်အလှန် လိပ်စာတွေ ဖလှယ်ကြရင်း ရွှေဥမင်က ပြန်ဆင်းခဲ့သည့် လမ်းတလျှောက်မှာတော့ ဘာစကားမှ မပြောမိကြ။ စောင်းတန်းအတိုင်း စကားမဲ့ အတူယှဉ် လျှောက်ရင်း တိုးတိတ်နေသည့် ရင်ခုန်သံများကို တယောက်နဲ့ တယောက် နားလည်နေသလို ခံစားနေရလေသည်။ သည်လိုနဲ့ စခန်းသို့ သူ ပြန်ရောက်ခဲ့ ပါသည်။ ထိုညက သူ လုံးဝ အိပ်မပျော်ခဲ့ပါ။

--------------------------------------------------

သည်လိုနဲ့ စခန်း သိမ်းသည့်နေ့သို့ ရောက်ခဲ့ပါလေသည်။ မီးပုံပွဲ လုပ်သည့်ညက ခမ်းမွန်တို့ ညီအမကို အတော် သတိရမိလေသည်။ နောက်နေ့မှာတော့ တွေ့ဖို့ အချိန် ခဏရသေးသည်။ ပင်းဒယဈေးက လဘက်ရည်ဆိုင်မှာ တွေ့ဖို့ ချိန်းထားခဲ့ကြသည် မဟုတ်လား။

ဆယ်နာရီမှာ သတ္တုတွင်းဌာနက ကားတွေလာမည်။ သည်ကားတွေဖြင့် အောင်ပန်းသို့ စခန်း တခုလုံး ဆင်းရမည်။ အချိန်က သိပ်မရှိတော့။ မောင်မောင်ခိုင်နဲ့ သူ မနက် ၆ နာရီကျော်မှာ ပင်းဒယဈေးသို့ ထွက်လာ ခဲ့သည်။ အားလုံး စုဆုံနေကြ လဘက်ရည်ဆိုင်လေးကနေ ခမ်းမွန်တို့ ညီအမကို စောင့်နေသည်။ ၇ နာရီ ကျော်ပြီး ၈ နာရီ ထိုးလာသည်အထိ ခမ်းမွန်တို့ ပေါ်မလာသေး။ -အိမ်ကို လိုက်သွားမလား - သူ မေးတော့ - ငါလည်း မသိတော့ဘူး.. တော်ကြာ လမ်းမှာ လွဲနေမှာ စိုးတယ်.. - မောင်မောင်ခိုင်က ပြန်ပြောလေသည်။ သည်လိုနဲ့ ချီတုံ ချတုံ စဉ်းစားနေရင်း ၉ နာရီထိုးခဲ့သည်။ - ပြန်မှ ဖြစ်မယ်... ပစ္စည်းတွေလည်း သိမ်းရဦးမှာ... - သူပြောရင်း ထိုင်ရာမှ ထလိုက်သည်။ မောင်မောင်ခိုင်လည်း မထချင်ထချင်နဲ့ သူ့နောက်က ပါလာလေသည်။

စခန်းကို သူတို့ ပြန်ရောက်တော့ အားလုံးက ထုပ်ပိုးသိမ်းဆည်းပြီးကြပြီ။ သူတို့လည်း ထုပ်ပိုး သိမ်းဆည်းစရာ တွေကို ကမန်းကတမ်း ထုပ်ပိုးပြီး အဆင့်သင့် ဖြစ်ချိန်မှာတော့ ကားတွေ ရောက်လာပါသည်။ ကားတွေပေါ် ပစ္စည်းတွေ စုပုံတင်ပြီးနောက် လူတွေ တက်ထိုင်ပြီး သည့်နောက်မှာတော့ သည်ကား ၂ စီးက အောင်ပန်းသို့ ဦးတည် မောင်းနှင်ခဲ့ ပါလေပြီ။

- နေရစ်ခဲ့တော့ ပင်းဒယရေ... - သူ့ စိတ်ထဲမှ နှုတ်ဆက် လိုက်မိသည်။ -မင့်ရင်ခွင်ထဲ ခဏတာ နားခိုခဲ့ရ သမျှ အတွက် ကျေးဇူးတင်ပါတယ်... -

ကျောင်းသားတချို့က ကားပေါ်မှာ သီချင်းတွေ ဆိုနေကြသည်။ ဘာတွေဆိုနေမှန်း သူမသိပါ။ သူ မကြားပါ။ သူ ကြားနေသည် ကတော့ - ရန်ကုန်ပြန်ရောက်ရင် အကိုက ခမ်းမွန် တို့ကို မေ့သွားတော့မှာပါ... - ဆိုလာသော စကား တခွန်းသာ ဖြစ်ပါသည်။

--------------------------------------------------

ရန်ကုန် ပြန်ရောက်တော့လည်း သူတို့ မအားကြပါ။ Field Report အတွက် မန္တလေးဆောင်နှင့် စာကြည့်တိုက်သို့ နေ့စဉ် သွားနေရလေသည်။ report အတွက် မြေပုံတွေလည်း ဆွဲနေကြရသေးသည်။ သည်ကြားထဲ မောင်မောင်ခိုင်က ပြည်သို့ ပြန်ရောက်လျင် ပင်းဒယသို့ တခေါက် သွားပြန်လည်မည် ဖြစ်ကြောင်း ပြောနေသေးသည်။ -အေးလေ... ငါ့ကောင်ကြီး... တောပန်းလေးတပွင့် ခူးခဲ့မိတာကိုး... - ဟု သူ ပြောလျှင် သူ့ကို အသံတိတ် ဆဲလေသည်။ တကယ်တော့ သူကတော့ရော ဘာထူးသေးလဲ...။ စဉ်းစားရင်း - ခမ်းမွန်ဆီ စာရေးဦးမှပါပဲလေ... - တွေးရင်း စာတိုလေး တစောင်ရေးကာ ပို့လိုက်သည်။

ခမ်းမွန်
သတိတရနဲ့ အကို စာရေးလိုက်တယ်။ အလုပ်တွေကတော့ ဒီမှာ ခုထိ ရှုပ်နေတုန်းပဲ။ အောင်ပန်းကို ဆင်းရမယ့် နေ့က ဈေးထဲက လဘက်ရည်ဆိုင်မှာ မနက် အစောကြီး လာစောင့်နေသေးတယ်။ ၉ နာရီကျော်မှ ပြန်ထွက်လာ ခဲ့တာ။ နှုတ်မဆက်လိုက်ရတဲ့ အတွက် စိတ်မကောင်းပါဘူး။ ခိုကလေးရော နေကောင်းရဲ့လား။ ခမ်းအီရယ်၊ မဲ့နဲ့ဖေါ့ရယ်ကိုလည်း သတိရကြောင်း ပြောပေးပါ။ စာရရင် စာပြန်ရေးပါ။ ခိုကလေးနဲ့ ခမ်းမွန်ကိုတော့ နေ့တိုင်းလို သတိရနေပါတယ်။

အကို


နောက် ၂ ပတ်လောက်ကြာတော့ ခမ်းမွန်ဆီက စာ ပြန်ရောက်လာသည်။ သူတို့ ပြန်မည့်နေ့ မတိုင်ခင် ညက ဖေါ့တယောက် မူးလဲသွားကြောင်း၊ ညတွင်းချင်း ဈေးမှ ကားတစီးဖြင့် အောင်ပန်းသို့ လိုက်ပို့ရကြောင်း၊ နောက် ၄-၅ ရက်ကြာမှ ပင်းဒယသို့ ပြန်ရောက်ကြောင်း၊ ခမ်းအီရော သူရော သတိရ အားနာနေကြောင်း စာထဲမှာ ရေးထားလေသည်။

သည်လိုနဲ့ စာတွေ အပြန်အလှန် ရေးပို့နေရင်းက တရက်မှာတော့ ခမ်းမွန်ဆီက စာတစောင် ရောက်လာ လေသည်။ ခမ်းအီရော သူရော ဆယ်တန်း အောင်သည့် အကြောင်း၊ ခမ်းအီကတော့ တောင်ကြီး ကောလိပ် ဆက်တက်မည် ဖြစ်ကြောင်း၊ သူကတော့ အရင် ပြောထားသည့် အတိုင်း ရန်ကုန်မှာ ကျောင်းလာတက်မည် ဖြစ်ကြောင်း သိရလေသည်။ သည်စာ ရအပြီးမှာတော့ သူ အတော် စိတ်လှုပ်ရှားနေမိသည်။ ဘာပဲဖြစ်ဖြစ် ခမ်းမွန်နဲ့ ပြန်တွေ့ရ တော့မည် မဟုတ်လား။

နောက်၂ ပတ်လောက်ကြာတော့ ခမ်းမွန်ဆီမှ စာတစောင် ထပ်ရောက်လာသည်။ သီတင်းကျွတ် မတိုင်မှီ ရန်ကုန်သို့ ဆင်းလာမည်။ သူ လာကြိုပါရစေ ခွင့်တောင်းတော့ - လာမကြိုပါနဲ့ ဦးလေး လာကြိုလိမ့်မယ်... - ဆိုသော စကားအရ သွားမကြိုဖြစ်တော့။ ဆက်သွယ်ရ လွယ်ကူစေဖို့ သူ့ အဒေါ် တယောက်၏ ဖုန်း နံပတ် ကိုတော့ ခမ်းမွန်ကို ပေးထားလိုက်လေသည်။ သည်လိုနဲ့ တနေ့မှာ - ခမ်းမွန်က ဖုန်းခေါ်သည် - ဂွတ္တလစ် ဈေးက ကားမှတ်တိုင်မှာ ဆုံကြဖို့ ။

ထိုနေ့က နေသာပါသည်။ ရာသီဥတုက ချစ်စရာကောင်းနေသည့် အချိန်ပါပေ။

ချိန်းထားသည့် အချိန် မတိုင်ခင် မှာ သူရောက်နေပါသည်။ ဂွတ္တလစ်ဈေး ဆိုသည် ကလည်း လူတကာ လာ၊ အ၀င် အထွက် ရှုပ်ရှက်ခပ် နေလေသည် မဟုတ်လား။ သည်လို ရှုပ်ရှက်ခပ် နေသည့် ကြားမှာ ခမ်းမွန် အလာကို စောင့်ကြည့် ရသည် ကလည်း သိပ်လွယ်ကူသော အလုပ် တခုတော့ မဟုတ်ခဲ့။ လာသမျှ ကားတွေကို ပြူးပြဲ ကြည့်ရ၊ သည်ကားတွေ အပေါ်မှ ဆင်းလာသမျှ လူတွေကို တယောက် မကျန် လိုက်ကြည့်ရနှင့် သူလည်း မူးနောက် နေခဲ့ပါလေပြီ။

လာသမျှကားတွေကို စောင့်ကြည့်ရင်း၊ ကားတွေပေါ်မှ ဆင်းလာသမျှ လူတွေကို ပြူးပြဲ ကြည့်ရင်း ဘယ်မှာလဲ ခမ်းမွန်...။ ဘယ်မှာလဲ ခမ်းမွန်...။ သည် မေးခွန်းပဲ သူ မေးနေမိလေသည်။ သည်လိုနဲ့ ကားမှတ်တိုင်မှာ ရပ်ရင်း စိတ်ညစ် နေသည့် သူ့အရှေ့မှာ ကောင်မလေး တယောက် လာရပ် လေသည်။

သူ့... ခမ်းမွန်ပါ...။ သူ့... တောပန်းလေး တပွင့်ပါ...။

-အား .... ခမ်းမွန်ကို ကားစီးလာမယ် ထင်လို့... - သူပြောတော့ - အကို့ကို ဘယ်သူက ပြောလို့တုန်း...- ပြန်မေး နေလေသည်။ - မသိဘူးလေ.. ကားမှတ်တိုင်က စောင့်ဆိုတော့ ကားစီး လာမယ်ပဲ ထင်တာပေါ့.. - သူပြောတော့ - အင်း... ခမ်းမွန် ပြောတာ မှားသွားတာပဲ ဖြစ်မှာပါ... ဦးလေး အိမ်က သည်အနားလေး မှာပဲလေ ... - ဟု ပြန်ပြောလေသည်။

သည်လိုနဲ့ ခမ်းမွန်နဲ့သူ ပြန်ဆုံခဲ့လေသည်။

သည်လိုနဲ့ ကားမှတ်တိုင်မှာရပ်ပြီး စကား ပြောနေမိသည်မှာ အတော် ကြာသွားသည်။ - ဒီလိုပဲ ကား မှတ်တိုင်မှာ စကား ပြောနေတော့မှာလား... အကို.. - ခမ်းမွန်က စပြောလာတော့ - ဒါဆို တနေ ရာရာကို သွားရ အောင်လေ... - ပြောရင်း -ဘယ်သွားရပါ့... - သူ့ဘာသာ ပြန်မေးနေမိလေသည်။ -ခမ်းမွန် အချိန် ရလို့လား... - သူမေးတော့ - ရပါတယ်... ညနေ ကျမှ အိမ်ပြန်ရောက်မယ် ပြောထားတယ်..- ဟု ပြောလေသည်။ သည်လိုနဲ့ ဂွတ္တလစ် ဈေးရှေ့မှ အမှတ် ၃၁ အမြန်ကားကို စီးပြီး မြို့ထဲသို့ သူတို့ ရောက်လာ ခဲ့လေသည်။ သည့်နောက်တော့ ဘားလမ်းက ကိုတင်အုန်း အအေးဆိုင်မှာ ခဏ ထိုင်ဖြစ်သည်။

စကားတွေ ပြောကြရင်း - ခမ်းမွန်က ရန်ကုန်ကို အတော် ရင်းနှီးနေပုံပဲ.. - သူ ပြောတော့ - ခမ်းမွန်တို့ ငယ်လေး ကတည်းက ဦးလေးတို့ဆီ နှစ်တိုင်း လာလည် နေကျလေ...၊ ကျောင်းပိတ် တာနဲ့ ရန်ကုန်ကို ဆင်းလာတာ ကျောင်းဖွင့်မှ ပြန်ကြတာ... ။ ဦးလေးတို့ ကလည်း သားသမီး မရှိတော့ ခမ်းမွန်ကို သမီး အရင်းလို ဖြစ်နေတာပဲလေ...။ အမှန်တော့ ရန်ကုန်က ခမ်းမွန်တို့အတွက် သူစိမ်း မဟုတ်ပါဘူး... သည်နှစ် ကျမှ ဖေါ့ နေမကောင်းတာနဲ့ ဘယ်မှ မသွား ဖြစ်တာ... - ဟု ပြောနေလေသည်။ - ဒါနဲ့ ခု ဆယ်တန်း အောင်တော့ ခမ်းမွန် ဘယ်ဘာသာ ယူမှာလဲ... - သူ မေးမိတော့ - အမှတ် စာရင်းတော့ မသိရ သေးဘူး။ ဒါပေမယ့် ရရင်တော့ ဘူမိဗေဒပဲ ယူမယ်... - ပြန်ပြောလေသည်။ - အာ... နောက်တာ လား... - သူပြောတော့ - မဟုတ်ဘူး အကို... ၊ ခမ်းမွန်က တောင်ပေါ်မှာ ကြီးလာတာ... မဲနယ် တောင်ကို လည်း ချစ်တယ်...၊ ပြီးတော့ ဘူမိဗေဒ ကိုလည်း စိတ်ဝင်စားတယ်လေ... - ဟု ပြောလေသည်။

--------------------------------------------------

သည်လိုနဲ့ ခမ်းမွန်က ဆယ်တန်း အမှတ် စာရင်းတွေ စောင့်နေရင်း သူလည်း နောက်ဆုံးနှစ် အောင်မြင်ခဲ့ ပါလေသည်။ ဂုဏ်ထူးတန်း တက်ရန် မှီသည့် အမှတ်များရပြီး သူ အောင်မြင် ခဲ့သော်လည်း အခြေအနေတွေ အရ ဂုဏ်ထူးတန်းသို့ မတက်ဖြစ်တော့ပါ။ ယာယီ ဘွဲ့လက်မှတ် သွားလျှောက်ပြီးနောက် ဘဓရမှာ အလုပ် လျှောက်ရင်း flat ပေးနဲ့ သူ အလုပ်ရခဲ့လေသည်။ ရမယ့်ရတော့လည်း ဘော်တွင်းမှာ အလုပ်ရသည်။ ၃ နှစ် တော့ အဲသည်မှာ နေရမည်။ ပြီးမှ Full Time ဖြစ်မည်။ Full Time ဖြစ်လျှင် ရန်ကုန်သို့ transfer ပြန်လုပ် နိုင်သည် ဆိုသည်။ - ဘာတတ်နိုင်မည်လဲ... ရရာလုပ်ရတာပေါ့လေ - သည်လိုတွေးရင်း သည် အလုပ်ကို လုပ်ဖြစ်ခဲ့သည်။

စဉ်းစားကြည့်တော့လည်း ရီစရာကောင်းသည်။ သူက ရှမ်းပြည်သို့ ပြန်သွားရမည်၊ ခမ်းမွန်က ရန်ကုန်မှာ ကျောင်းလာ တက်သည်။ ခမ်းမွန်ကိုတော့ ခရီးထွက်ရမည့် အကြောင်းနဲ့ မည်သည့်နေ့ဆိုတာကိုတော့ ပြောပြ ထားသည်။ သည်ကြားထဲ မှာတော့ သူ ဘူတာကြီးသို့ ဆင်းသည့်နေ့က သူ့မိဘတွေက လိုက်ပို့ကြသည်။ အမေ ကတော့ တဦးတည်းသော သားဆိုတော့ ရပ်ဝေးသို့ သိပ် မလွှတ်ချင်။ အဖေကတော့ - ယောက်ျားလေး ပဲကွာ ဒေါင်ကျကျ ပြားကျကျပေါ့ လုပ်သာလုပ် ဘ၀မှာ အတွေ့အကြုံအသစ်တွေ ရမှာပဲ... - ဆိုသည်။ ရထား မထွက်ခင်တော့ သူ မမျှော်လင့်ခဲ့သော ခမ်းမွန် ရောက်လာသည်။ အဖေနဲ့ အမေကလည်း အံ့သြ နေလေသည်။ အမေက သူ့ကို ကပ်မေးနေသေးသည် - သား ကောင်မလေးလား... - တဲ့။ - ဟုတ်ပါဘူး အမေရဲ့... သူငယ်ချင်းပါ... - သူ ပြောပြရသေးသည်။ ခမ်းမွန်က အထုပ်ကလေး တခုကို ပေးသွားသည်။ - ရထား ထွက်တဲ့ အထိတော့ စောင့်နေလို့ မရဘူး အကို ... အစစ အဆင်ပြေပါစေနော်... မိုင်း ရောက်တာနဲ့ စာရေးနော်... - ပြောရင်း မျက်နှာပျက်နေသည်။ - ငိုတော့ မလို့လား... မငိုပါနဲ့ကွယ်.. - စိတ်ထဲက သူ ပြောနေ မိသည်။

သည်လိုနဲ့ သာစည် အမြန်ရထားကြီး ပေါ်မှာ ခမ်းမွန် ပေးသော အထုပ် ကလေးကို ဖြည်ကြည့်မိသည်။ အနီ ရောင် လည်ပတ် မာဖလာ တထည်၊ အစိမ်းရောင် သဘက် တထည်နဲ့ မှတ်စု စာအုပ်လေး တအုပ်။

စာအုပ်လေး အစမှာတော့ -

အကို
ရန်ကုန်မှာ အကို ရှိလို့ ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့တာ... ခုတော့ အကိုက ရှမ်းပြည်မှာ တာဝန်ကျတယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး။ အခု မာဖလာ အနီက ရှမ်းပြည်မှာ အေးတဲ့ အခါ အကို လည်ပင်းမှာ ပတ်ဖို့ ထည့်ပေး လိုက်တာပါ။ သဘက်ကတော့ မနက် မျက်နှာသစ်တိုင်း ခမ်းမွန်ကို သတိရအောင်လို့... ။ စာအုပ်လေး ကတော့ အကို ခမ်းမွန်ကို သတိရတဲ့ အခါတိုင်း တခုခု ရေးဖို့ပေါ့နော်... အမြဲ သတိမရရင်လည်း ခမ်းမွန် နားလည် နေမှာပါ အကိုရယ်...။
သတိရနေမယ့်
ခမ်းမွန်

သူ့တသက်လုံးမှာ မခံစားခဲ့ဖူးဘူးသော ခံစားချက်တခုကို ခံစားလိုက်ရသည်။ ရင်ဘတ်ထဲက ဘယ်ဖက်အခြမ်း နေရာမှာ ပူသလိုလို အေးသလိုလို ဖြစ်နေသည်။ ဒါသည်ပင် အလွမ်း ဆိုသော အရာပေလား...။

--------------------------------------------------

သည့်နောက်တော့ မိုင်းသို့ သူရောက်ခဲ့သည်။ ရောက်ရောက်ချင်း တပတ်အတွင်း မှာတော့ သူလည်း အအား မရ သလောက် ဖြစ်ခဲ့သည်။ ရေသစ် မြေသစ်မှာ လူသစ်တွေနဲ့ အတွေ့အကြုံသစ်တွေက သူ့ အချိန်တွေ အားလုံးကို ယူထားခဲ့လေသည်။ နောက်တပတ်မှ ခမ်းမွန်ဆီ စာရေးဖြစ်ခဲ့သည်။ တယောက်စာ တယောက် ဖတ်ရဖို့ ကလည်း တလလောက် ကြာလေသည်။ သည်လိုနဲ့ ခမ်းမွန်လည်း ဘူမိဗေဒသို့ ၀င်ခွင့်ရသွားပြီး ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေမှာ အတန်းတွေ စတင် တက်နေပြီဖြစ်ကြောင်း သိရသည်။

တလတစောင်နှုန်းနဲ့ အပြန်အလှန်ပို့နေကြသော စာတွေမှာ တယောက်နဲ့ တယောက် သတိရ ကြောင်းက နည်းနည်း အတွေ့အကြုံသစ်တွေကို အပြန်အလှန် ပြောပြဖြစ်နေသည်က များသည်။ သူ့ စာတွေကို ယူယူ လာပေးသော ဂျီ(၀မ်း) အကိုကြီးက - မင့် ကောင်မလေးစာလား... - ဟု မေးသောအခါ - မဟုတ်ပါဘူး အကိုကြီးရဲ့... ကျနော့် ကောင်မလေး မဖြစ်သေးဘူး... - ပြောမိတော့ - မြန်မြန်ဖြစ်အောင် လုပ်လေကွာ... တော်ကြာ သူများနောက် ပါသွားဦးမယ်... ရန်ကုန်မှာက သိတဲ့ အတိုင်းပဲ... - ဟု နောက်နေ သေးသည်။ - အို... ခမ်းမွန်က သူများနောက် ပါမှာ မဟုတ်ပါဘူး... - ဟု သူ့ဘာသာ တထစ်ချ ယုံကြည်နေသေးသည်။

ခမ်းမွန်ပေးထားတဲ့ မှတ်စု စာအုပ်ကလေးရဲ့ စာမျက်နှာ တခုမှာတော့ -

ရင်နဲ့အမျှ
သတိရတယ် ခမ်းမွန်။
ပတ်ပတ်လည်မှာ
ဘယ်နေရာကြည့်ကြည့်
မြူတွေအတိ ဖုံးလွှမ်းနေတဲ့
အလွမ်း တောင်တန်း တွေချည့်ပဲ။
ပန်းကလေး တပွင့်ကို
ချစ်ခဲ့မိတဲ့ ရင်ဟာလည်း
တောင်တန်းတွေလို လေးလံပြာမှိုင်းလို့...။

--------------------------------------------------

သည်လိုနဲ့ တနှစ်ဆိုသည့် ကာလကို ကျော်လွန်လာသည်။ နောက်ထပ် လူသစ် ၂ ယောက် မိုင်းသို့ ထပ်ရောက် လာသည်။ သည်ကြားထဲမှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်သည်။ မိုင်းက အလုပ်သမားတွေလည်း တောင်ကြီး အထိ တက်ပြီး ဆန္ဒပြကြသည်။ ဂျီ(၀မ်း) အကိုကြီး ဦးဆောင်သော သမဂ္ဂမှာလည်း သူတို့ အဖွဲ့ဝင် တွေ ဖြစ်လာသည်။ သည်ကာလတွေထဲမှာတော့ အခြေအနေတွေက ရှုပ်ရှက် ခပ်နေသည်။ ရန်ကုန်ကိုလည်း အဆက် အသွယ် လုပ်၍ မရချေ။ နောက်တော့ အာဏာသိမ်းကြောင်း သိရသည်။ သည့်နောက်ပိုင်း မှာတော့ ဌာနတွေ အားလုံးမှာ ၀န်ထမ်း အားလုံး နိုင်ငံရေးတွင် ပါဝင် မပတ်သက်ရန် စာတွေ ထုတ်လာသည်။ ဖိအား ပေးပြီး လက်မှတ်ထိုးခိုင်းခြင်းတွေ ဖြစ်လာသည်။ ဂျီ(၀မ်း) အကိုကြီးကတော့ နှုတ်ထွက်သွားသည်။ သူ့ ဘာသာ ထွက်သွား သည်လား နှုတ်ထွက်ခိုင်းသည်လားတော့ သူလည်း မသိ။ ခမ်းမွန်ဆီကလည်း ကျောင်းတွေ ပိတ်ထား ကြောင်း၊ ပင်းဒယသို့ ပြန်နေမည် ဖြစ်ကြောင်း၊ ကျောင်းသားတွေ ထောင်နဲ့ချီပြီး နယ်စပ် ဒေသများသို့ တောခို သွားကြကြောင်း စာရသည်။

သည်လို့နဲ့ သူလည်း မိုင်းမှာပဲ ၂ နှစ်မြောက် ဆက်လုပ်နေရင်း တရက်သားမှာ သူငယ်ချင်း တယောက်ဖြစ်သူ ခွန်ထွန်းလွင်နဲ့ ၅ ရက်ဈေးမှာ သွားဆုံလေသည်။ သူနဲ့ ခွန်ထွန်းလွင်က ငယ်သူငယ်ချင်းတွေ၊ သူတို့ မိဘတွေချင်း ကလည်း တနယ်တည်း တရွာထဲ။ ခွန်ထွန်းလွင်က ရူပဗေဒနဲ့ ဘွဲ့ရခဲ့သည်။ သူနေသည့် အိမ်မှာ ညအိပ်တော့မှ ခွန်ထွန်းလွင်က သူ့အကြောင်း ပြောပြလေသည်။ ကျောင်းပြီး ကတည်းက PNO (Pa-o National Organization) မှာ တောခိုသွားခဲ့ပြီး ယခု တပ်ခွဲမှူး တယောက် ဖြစ်နေလေပြီ။ ရှမ်းပြည် တောင်ပိုင်းမှာ သူတို့ အခြေခံစခန်း ရှိပြီး သူတို့နယ်ထဲမှာလည်း ABSDF ခေါ် ကျောင်းသားတပ်မတော် ရှိကြောင်း၊ ကျောင်းသား တပ်မှ တပ်ရင်း တခုတွင် သူ့ သူငယ်ချင်း တယောက်ဖြစ်သော စောသာပိုးလည်း တပ်ခွဲမှူး ဖြစ်နေကြောင်း သိရ လေသည်။ ခွန်ထွန်းလွင်မှာ တောင်ကြီးသို့ မြေအောက် လှုပ်ရှားမှု ကိစ္စများနှင့် ဆက်ထွက် သွားပြီး သူ့ကို တော်လှန်ရေး လုပ်ငန်းများတွင် ပါဝင်ရန် တိုက်တွန်းသွားပြီး စောသာပိုးတို့နှင့် ဆက်သွယ်ရန် လမ်းကြောင်းများ ပေးခဲ့လေသည်။ သည်လိုနဲ့ ကျောင်းသားတပ်မတော်မှ စာရွက်စာတမ်းများကို လျှို့ဝှက်ပြီး သူဖြန့်ဝေပေးခဲ့သည်။ လူ တချို့ကို နယ်စပ်သို့ ရောက်အောင် သူပို့ပေးခဲ့သည်။

နောက်တနှစ်မှာတော့ ရန်ကုန်သို့ သူ ပြန်ပြောင်းရသည်။ သူ ရန်ကုန်ပြန်ရောက်တော့ ရွေးကောက်ပွဲ ပြီးသည့် အချိန် ဖြစ်နေသည်။ နေရာတကာမှာ စစ်တပ်ကို မြင်တွေ့နေရသည်။ သည်ကြားထဲ စောသာပိုးဆီမှ လွှတ်လိုက်သူ တယောက်က သူ့ဆီ ရောက်လာသည်။ ရန်ကုန်ရှိ အခြေအနေကို လိုက်၍ လိုအပ်လျှင် မြို့တွင်းသို့ ၀င်ရန် လက်နက်ကိုင် တပ်များအားလုံး နီးရာ မြို့တွေနားမှာ ကပ်ထားကြကြောင်း သိရှိရသည်။ သူတို့ ဆက်စပ် လုပ်နေကြသော မြေအောက် လှုပ်ရှားမှု အဖွဲ့တွေ အားလုံးကို လိုအပ်ပါက မြို့တွင် လက်နက်ကိုင် တိုက်ပွဲတွေ ဖော်နိုင်အောင် လျှို့ဝှက် လက်နက်ငယ် သင်တန်းတွေ စီစဉ်ပေးသည်။ မြို့နယ် အချို့ တွင်လည်း လက်နက်အချို့ လျှို့ဝှက် သယ်ယူ လာပြီး ၀ှက်ထားကြလေသည်။ သည်ကြားထဲမှာတော့ ခမ်းမွန်နဲ့ တကြိမ် တွေ့လိုက်ရသေးသည်။ ခမ်းမွန်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟန်းမြို့နယ် လူငယ် အဖွဲ့ဝင် ဖြစ်နေကြောင်း သူ သိလိုက်ရသည်။ သူလည်း အတော် အံြံ့သ သွားခဲ့သည်။

သည့်နောက်တော့ လွှတ်တော် ဖွဲ့ဖို့တောင်းဆိုသော ဂန္ဒီခမ်းမ ကြေငြာချက် ထွက်ပေါ် လာပြီးနောက် နိုင်ငံရေး ပါတီ အတော်များများမှ အဖွဲ့ဝင်တွေကို ဆက်တိုက် ဖမ်းဆီး လာလေသည်။ သည်ကြားထဲ ဘယ်လိုက ဘယ်လို သတင်း ပေါက်သွားသည် မသိ။ သင်္ဃန်းကျွန်း မြို့နယ်ရှိ လက်နက် အချို့နှင့် လူတချို့ အဖမ်းခံကြ ရသည်။ သူနှင့် ဆက်သွယ် လုပ်ကိုင်နေသော အဆက်အစပ်က သူ့ကို အိမ်မှာ မအိပ်ဖို့ သတိ ပေးသည်။ ဘာပဲ ဖြစ်ဖြစ် သူ အိမ်မှာ မအိပ်တော့။ အ၀တ်အစားတချို့၊ ခမ်းမွန်ပေးခဲ့သော မာဖလာ၊ သဘက်နှင့် မှတ်စု စာအုပ် ကလေးသာ သူနဲ့ အတူ ယူလာခဲ့သည်။ အဖွားတို့ အိမ်မှာ သွားအိပ်သည်။ အဲသည်ညက သူ့အိမ်က အဖွားတို့ အိမ်ကို ညဖက်ကြီး ဖုန်းလှမ်းခေါ်လေသည်။ ညသန်းခေါင်ကျော် သူ့ကို ၀င်ရှာကြောင်း အဖွားက သူ့ကို နှိုးပြီး ပြောသည်။ ပြီးတော့ ဘေးအိမ်မှာ သူ့ကို ပြောင်းရွှေ့ အိပ်ခိုင်းလေသည်။ ဘေးအိမ်သို့ ညတွင်းချင်း သူ ပြောင်းအပြီး နောက် တနာရီကျော်လောက် အကြာမှာတော့ အဖွားတို့ အိမ်ဖက်မှာ လူသံတွေ ကြားရ လေသည်။ အဖွားတို့ အိမ်ကိုလည်း ၀င်ရှာနေလေပြီ။ အိမ်ရှင် အဖိုးကြီးကတော့ - သား ဘာမှ မကြောက်နဲ့... ဒီကိုတော့ သူတို့ မလာပါဘူး... - အားပေး လေသည်။ ကြောက်သည် မဟုတ်သော်လည်း သူ ရင်တွေ တဒုံးဒုံး ခုန်နေလေသည်။ - ကံကောင်းလို့ ပါလား... - သူ လက်မတင်လေး ကပ်လွတ်ခဲ့သည်ပဲ။

သည့်နောက်တော့ စောသာပိုးပေးထားသည့် လမ်းကြောင်းအတိုင်း ထိုင်းနယ်စပ်သို့ သူလည်း ထွက်လာခဲ့ရ တော့သည်။ ကျောင်းသားတပ်မတော်မှာ သူလည်း အဖွဲ့ဝင် တယောက် ဖြစ်လာခဲ့သည်။ နောက်ပိုင်း နှစ်များတွင် မတော့ သူတို့ လက်နက်ကိုင် တပ်များရှိရာ ဒေသတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ကို ဖွဲ့စည်းခဲ့လေသည်။ ရန်ကုန်မှ ဒီ/ချုပ် အဖွဲ့ဝင်များနှင့် သူတွေ့ရသည်။ တွေ့တိုင်း ဗဟန်း ဒီ/ချုပ် လူငယ်မှ နန်းခမ်းမွန်ကို သိသလား သူ မေးလေ့ရှိသည်။ မည်သူမျှ မသိကြ။

တနေ့သားတော့ ရန်ကုန်မှ ဒီ/ချုပ် လူငယ် တသုတ် ကြာအင်းဆိပ်ကြီးဖက်မှ တက်လာသည် သတင်း ရသဖြင့် သူတို့ တပ်ခွဲက သွားကြိုပေးကြရလေသည်။ မာနယ်ပလော ဌာနချုပ်သို့ သူတို့ကို ပို့ပေးရန် စီစဉ်ရင်း စကားစမြည် ပြောဖြစ်ကြတော့ နန်းခမ်းမွန် အကြောင်း သူ သတင်း စုံစမ်းကြည့်တော့ ဗဟန်းမှ လူငယ် တယောက်က သိသည်။ ဂန္ဒီခမ်းမ ကြေငြာချက် ထုတ်အပြီး လွှတ်တော် အမတ်တွေ တောခိုသည့် ကိစ္စနှင့် အဖမ်း ခံကြရသော ဒီ/ချုပ် လူငယ်တွေထဲမှာ ခမ်းမွန် ပါသွားသည်ဟု သိရ ကြောင်း၊ အများစုမှာ ထောင်ဒဏ် ၅ နှစ် အနည်းဆုံး ကျကြကြောင်း သူ သိလိုက်ရလေသည်။ စိတ်မကောင်းစွာ ခမ်းမွန်အတွက် အစစ အဆင်ပြေ ပါစေကြောင်း စိတ်ထဲက သူ ဆုတောင်းရုံမှလွဲ၍ ဘာမှ မတတ်နိုင်။

----------------------------------------------------

ခမ်းမွန်ပေးထားခဲ့သည့် မှတ်စု စာအုပ်ကလေးရဲ့ စာမျက်နှာတခုပေါ်မှာ -

ခမ်းမွန်
ညဥ့်ကတော့ နောက်နေ့သစ် တခုကို မွေးဖွားဖို့
ရှိသမျှ အလင်းရောင်တွေကို
စုစည်းနေပုံရပါတယ်...။
နေ့ကို ရောက်ဖို့
ညဆိုတာကိုလည်း
ကျော်ဖြတ် ရတာပဲ မဟုတ်လား...။
နောက်နေ့သစ်ကတော့
တဖြည်းဖြည်း နီးလာပါပြီလေ။
ရောင်နီတွေလာတဲ့ နေ့သစ်ကျမှပဲ
တို့ ပြန်ဆုံကြတာပေါ့ကွယ်... ။
အဲသည်နေ့ကျမှပဲ
မပြောဖြစ်တဲ့ စကား တခွန်းကို
ပြောပါ့မယ်... ။

- စာတချို့ကို ရေးခြစ်ပြီး သူ့ဘားတိုက်ရှိရာ တောင်ကုန်းပေါ်မှ အောက်ရှိ စခန်းရုံးသို့ သူ ဆင်းလာခဲ့သည်။

စခန်းရုံးရှေ့က ကင်းဂိတ်ကလေးမှာတော့ ရဲဘော်တချို့ ဂစ်တာတီးနေကြသည်။ ညဥ့်ဦး၏ ကျဆင်းနေသော မြူမှုန်တွေကြားထဲမှာ ၀ိုးတ၀ါးလကို ကြယ်ရောင်တချို့နဲ့ တွေ့နေရသည်။ လရောင်ပြာကို ခေတ္တခဏ ရပ်ကြည့်ရင်း သူ ဆက်ဆင်းလာခဲ့လေသည်။ ရဲဘော် တယောက် သီဆိုနေသည့် နန်းချယ်ရီဆိုသော သီချင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် သူ့ရင်ကို ကိုင်လှုပ်နေလေသည်။ ဆွေးဆွေးမြည့်မြည့် ဆိုသော စကားလုံး တခုကို ယခုအချိန်ကျမှ သူ လေးလေးနက်နက် နားလည်နေမိလေသည်။ ခမ်းမွန်ကို သူ မတွေ့ရသည်မှာ ဆယ်စုနှစ် ကျော်နေလေပြီ မဟုတ်လား....



တောင်ပေါ်မြေမှာ မွေးသူ နန်းချယ်ရီရေ
ညတာရှည်တဲ့ ဆောင်းကို ရောက်ပြန်ပြီပေါ့လေ
နှင်းတွေ ဝေနေရော့မယ် သိနေဆဲပါကွယ်

လွင်ပြင်တွေကို မုန်းသူ နန်းချယ်ရီရေ
ကိုယ့်ရင်ခွင်မှာ အမြဲလေ ရှိနေတယ်ပေါ့ကွယ်
တွေ့လိုမြင်ချင်လွန်းလို့ တခေါက်ပြန်လာခဲ့မယ်

အနေဝေးသွားတဲ့ နှစ်တွေ ရေတွက်ကြည့်ရင်
ချယ်ရီဆယ်ကြိမ် ပွင့်ချိန် မြောက်ခဲ့ပြီ
ရှမ်းပြည် တောင်ပြာတန်းထက်
မရောက်ရောက်အောင် တက်ဦးမယ်

တောင်ယံတွေကို လွှမ်းအောင် ပန်းရောင်စုံချယ်
ပွင့်လှိုင်နေမယ့် ရက်အမှီ မှန်းမျှော်လာခဲ့မယ်
နန်းချယ်ရီကို ညွှန်းကာ တေးကဗျာဖွဲ့ဆိုမယ်

အနေဝေးသွားတဲ့ နှစ်တွေ ရေတွက်ကြည့်ရင်
ချယ်ရီဆယ်ကြိမ် ပွင့်ချိန် မြောက်ခဲ့ပြီ
ရှမ်းပြည် တောင်ပြာတန်းထက်
မရောက်ရောက်အောင် တက်ဦးမယ်

(အောင်သာငယ်)

ဓါတ်ပုံများအားလုံးကို ရွာသားလေး (၀ိုင်တီယူ)ထံမှ ခွင့်တောင်းကာ ဖော်ပြထားပါသည်။

Feb 21, 2009

ငါ မစပ်ခဲ့တဲ့ ကဗျာ


















ညဟာ
လှလှပပကြီးကို
အကျည်းတန်ပြရင်း
နေဆယ်စင်းနဲ့ ကျကျနန
ထွန်းလင်း တောက်ပ နေတော့တယ်... ။

ငါ့အတွက်
လောကကြီး ရက်ရောနေပုံများ... ...

ငါ မဖြည့်ခဲ့တဲ့ ရေ တခွက်
ပြည့်နှက်နေ...
ငါ မလျှောက်ခဲ့တဲ့ လမ်း တလမ်းမှာ
ခြေရာ တစုံ...
ငါ မ၀ယ်ခဲ့တဲ့ အရာ တရပ်အတွက်
ဖြတ်ပိုင်း တခု...
ငါ မစိုက်ခဲ့တဲ့ အပင် တပင်က
ရှင်သန်လို့...
ငါ မရေးခဲ့တဲ့ စာ တကြောင်းတော့
ကောင်းကင်မုခ်ဦးမှာ...
ငါ မတောင်းခဲ့တဲ့ ဆု တဆုလည်း
ရုပ်တု တခုနဲ့...

ဒါဟာလည်း
ငါ မဆွဲခဲ့တဲ့ ပန်းချီ တချပ်ပါ့...
ကန့်လန့်ဖြတ် မျဉ်းတွေနဲ့...

ATN

Feb 18, 2009

မိဘတယောက်ရဲ့စကား

ခု ကျနော်ရေးတဲ့စာကတော့ ဒုတိယမ္ပိရေးရတာပါ... ဘာလို့လဲဆိုတော့ ပထမ ရေးနေ တာက တပုဒ်လုံး ရေးပြီး ခါမှ မီးပျက်သွားလို့ ရေးထား သမျှ စာတွေ အကုန်လုံး ပျောက်သွား ရတာ မို့ပါ။ ပထမ ရေးထား သမျှတွေ ကိုတော့ အတွေး တွေရော အရေး တွေရော ပြန်မရနိုင် တော့ပါဘူး။ ခုကတော့ ရေးထားမိ သမျှတွေကို ပြန် စဉ်းစား ပြီး ရေးရတာပါ။ သို့သော်လည်း မရေးတော့ဘူးလို့ စဉ်းစားထားတဲ့ ကြားထဲကကိုပဲ မရေးရင် မဖြစ်လောက် အောင်ကို ရှင်းပြ စရာ ရှိလာလို့ပါ။ မရေးချင်ပဲနဲ့ ရေးသင့်တယ် ထင်လို့ ရေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဘလော့က စာတွေ ကူးယူ ဖော်ပြတာနဲ့ ပတ်သက်လို့ ကောင်းကင်ကိုနဲ့ ပန်ဒိုရာ ကလည်း နောက်ဆက်တွဲတွေ ရေးပြီးကြပါပြီ။ ကျနော် ကတော့ သည်ကိစ္စနဲ့ ပတ်သက်ပြီး မရေး တော့ဘူးလို့ ဆုံးဖြတ် ထားလိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရေးပြီးသား စာတွေက save မလုပ်ခင်မှာ အားလုံး ပျောက်သွားလို့ပါ။ နောက်တခုက ကောင်းကင်ကိုနဲ့ ပန်ဒိုရာတို့ ရေးပြီးသွားတာနဲ့ ပြည့်စုံနေပြီလို့ ယူဆတာလည်း ပါပါတယ်။

သို့သော်လည်း ကျနော်ရေးခဲ့တဲ့ နောက်ဆုံးပို့စ် မှာ လာရေးသွားတဲ့ ကွန်မန့်တခုရယ်၊ ဆီပုံးထဲမှာ လာရေး သွားတဲ့ စာတွေရယ်ကို ဖတ်ပြီးတော့ ကျနော့် သဘောထားနဲ့ အမြင် ကိုတော့ ပြောဖို့ လိုလာပြီလို့ ထင်လို့ အခု နောက်ဆက်တွဲ အနေနဲ့ ထပ်ရေးပါတယ်။

ဘလော့တွေမှာ ဖော်ပြထားတဲ့ စာတွေ၊ ကဗျာတွေကို ပြန်လည် ကူးယူ ဖော်ပြကြတာက မထူးဆန်းပါဘူး။ ကျနော် ကိုယ်တိုင်လည်း ကျနော် ကြိုက်နှစ်သက်တဲ့ စာတွေ၊ ကဗျာတွေ၊ တခြားသူတွေကို ဖြန့်ဝေပေးသင့်တဲ့ အရာတွေကို ပြန်လည် ကူးယူ ဖော်ပြပါတယ်။ ကျနော့် ဘလော့မှာ ကဏ္ဍအလိုက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြန်လည်ဖော်ပြခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲလို ပြန်လည် ကူးယူ ဖော်ပြတဲ့ စာတွေ ကဗျာတွေ ရှိပါတယ်။ ဘယ်က ရယူတယ်ဆိုတာပါ ဖော်ပြထားပါတယ်။

နောက်တခုက ပြန်ပြီးတော့ ကူးယူဖော်ပြရတာကလည်း အလုပ်ရှုပ်တော့ ကျနော့် ဘလော့ ပေါ်မှာပဲ Side-bar မှာ ဖတ်စေချင်သောစာများ ဆိုတဲ့ ခေါင်းစဉ်နဲ့ Google Reader မှာ ကျနော် Feed ယူထားတဲ့ ဘလော့တွေက စာတွေကို Share လုပ်ခဲ့ဖူးပါတယ်။ ဟိုလူ့ စာကိုတော့ Share တယ်၊ ဒီလူ့ စာကိုတော့ မ Share ဘူး ဆိုပြီး ကျနော့်ကို အငြင်းပွားစရာ လာ လုပ်တာနဲ့ ပြန်ဖြုတ်လိုက်တာပါ။ Share Item တွေနဲ့ ကျနော် စိတ်အညစ် မခံနိုင်လို့ပါ။

ပြန်လည် ကူးယူ ဖော်ပြကြတာဟာလည်း Share တာပါပဲ။ သို့သော်လည်း အဲသည်မှာ ပြောစရာ အချက်တွေ ရှိလာပါတယ်။ ကောင်းကင်ကိုနဲ့ ပန်ဒိုရာလည်း ပြောသွားကြပြီးပါပြီ။ ကိုယ်ရေးတဲ့ စာတွေ ကဗျာတွေကို ပြန်လည် ကူးယူ ဖော်ပြကြတာကို မကြိုက် မနှစ်သက်တဲ့ ဘလော်ဂါရယ်လို့ ရှိမယ် မထင်ပါဘူး။ ကျနော်လည်း ကျနော့် စာတွေ ကဗျာတွေကို ပြန်ပြီး ကူးယူဖော်ပြကြတာကို တွေ့ရတဲ့အခါ ၀မ်းသာပါတယ်။ ပြန်လည် ဖော်ပြပေးသူ တွေကိုလည်း ကျေးဇူးလည်း တင်ပါတယ်။

သို့သော်လည်း ပြန်လည် ကူးယူ ဖော်ပြကြတာကလည်း ပုံစံ အမျိုးမျိုး ရှိပါတယ်။ ကူးယူ ဖော်ပြကြသူတွေ ကလည်း ကျနော့် အမြင်အရတော့ (၂) မျိုးပဲ ရှိပါတယ်။

၁။ ရိုးရိုးသားသား ပြန်လည် ကူးယူ ဖော်ပြသူ။
၂။ မရိုးမသား ကူးယူ ဖော်ပြသူ။

၁။ အုပ်စုမှာလည်း - အမျိုးစုံ ရှိနေနိုင်ပါတယ်။
(က) မူရင်း ရေးသားသူထံမှာ ခွင့်ပြုချက်တောင်းပြီး ရေးသားသူ နံမည် ဖော်ပြသူ။
(ခ) မူရင်းရေးသားသူထံမှာ ခွင့် မတောင်းသော်လည်း ရေးသားသူနံမည် ဖော်ပြသူ။
(ဂ) မူရင်းရေးသားသူနံမည် မဖော်ပြသော်လည်း ပြန်လည် ဖော်ပြရာမှာ မိမိစာ၊ ကဗျာ မဟုတ်ကြောင်း ဖော်ပြထားသူ (သူငယ်ချင်းတယောက်ထံမှ ရသည်၊ forward mail မှ ရသည်- စသည်ဖြင့်)
(ဃ) မူရင်းရေးသားသူနံမည်လည်း မဖော်ပြ၊ ပြန်လည် ဖော်ပြရာမှာလည်း မိမိစာ၊ ကဗျာ ဟုတ် မဟုတ် ကိုလည်း မဖော်ပြထားသူ။ (သို့သော်လည်း ရိုးရိုးသားသား စိတ်ဖြင့် မဖော်ပြမိသူ)

၂။ အုပ်စုမှာလည်း - အမျိုးစုံ ရှိနေနိုင်ပါတယ်။
(က) မူရင်းရေးသားသူနံမည်လည်း မဖော်ပြ၊ ပြန်လည် ဖော်ပြရာမှာလည်း မိမိစာ၊ ကဗျာ ဟုတ် မဟုတ် ကိုလည်း မဖော်ပြထားသူ။ ( မရှင်းမရှင်းဖြင့် သူ့ဟာလိုလို ကိုယ့်ဟာလိုလို မရိုးမသား ဖော်ပြသူ)
(ခ) မူရင်းရေးသားသူ နံမည်ကို ဖျောက်ဖျက်ပြီး မိမိအမည်ကို အစားထိုးထားသူ။
(ဂ) မူရင်းရေးသားသူ နံမည်ကို ဖျောက်ဖျက်ရုံမျှသာမက မူရင်း စာများကိုပါ ပြင်ဆင် ဖြည့်စွက် ဖြတ်တောက် ဖျက်ဆီးကာ ဖော်ပြသူ။

အခု ကောင်းကင်ကို၊ ပန်ဒိုရာနဲ့ ကျနော်တို့ ပြောနေကြတာက အုပ်စု (၂) က ပြန်လည် ဖော်ပြနေမှုမျိုးကိုသာ ပြောနေကြတာ ဖြစ်ပါတယ်။ အုပ်စု (၁) ကို ကျနော်တို့ နားလည်ပါတယ်။ သူတို့ကိုလည်း ကျေးဇူး အထူး တင်ပါတယ်။ သို့သော်လည်း အုပ်စု (၂) ရဲ့ လုပ်ရပ်ကိုတော့ ကျနော်တို့ နားလည်ပေးလို့ မရပါဘူး။ ဒါဟာ ခိုးယူမှုပါ။

ခိုးတယ် - ဘာကြောင့်လဲ....

သူတပါးရေးထားတဲ့ စာတွေ ကဗျာတွေကို ခိုးတယ် --- ကိုယ့်စာလို ကိုယ့်ကဗျာလို လုပ်တယ်။
ဘာကြောင့်လဲ...။
အဲစာတွေ ကဗျာတွေက ကောင်းလို့ပါ...လို့... တချို့က ပြောပါတယ်...။

ကျနော်ကတော့ အဲလို မယူဆပါ။ စာတွေ ကဗျာတွေက ခိုးချချင်စရာ ကောင်းလောက် အောင်ကြောင့် မဟုတ်ပါ။ ခိုးတယ်ဆိုတာ စာရိတ္တ (ethic) အရ အပြစ်တခုလို့ မမြင်နိုင် လောက်အောင်ကို moral value ပျက်စီးနေပြီ ဖြစ်တဲ့ အခြေအနေတွေ ကြောင့်ပါ။ ဒါဟာ စာရိတ္တနဲ့ ဆိုင်တဲ့ ပြသနာပါ။ ethical problem ပါ။ ခိုးတဲ့သူတွေဟာ သူတို့ ခိုးချင်ရာကို ခိုးမှာပါ။

နောက်တချို့ ပြောနေတာကတော့ Internet ပေါ်မှာ အားလုံးဟာ အလွယ်တကူ ရနေတာကြောင့်ပါ။ ဘာ တပြားတချပ်မှ ပေးစရာ မလိုပဲနဲ့ ရနေတာကြောင့်ပါ။ သည်လိုပဲ ... ဘာ တပြားတချပ်မှ ပေးစရာမလိုပဲနဲ့ ရေးလို့ရနေတဲ့ blogspot.com မှာ ရေးနေသမျှ တွေ ဟာလည်း ဘာ တပြားတချပ်မှ ပေးစရာမလိုလို့ပါပဲ...

သည်မှာ တခု ပြောစရာရှိပါတယ်.. ။ အလကားရတဲ့ blogspot.com မှာ ရေးနေပေမယ့် ရေးနေတဲ့ သူတွေဟာ အလကားတော့ ရေးနေတာ မဟုတ်ပါ...။ အလကားရတဲ့ နေရာတခုမှာ ရေးနေပေမယ့် ရေးနေခဲ့တဲ့ စာတွေ ကဗျာတွေဟာ ရေးနေသူတွေရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ အစိတ်အပိုင်းတွေပါ...။ အဲ စာတွေ ကဗျာတွေကို သူတို့ဟာ အလကား ရခဲ့တာ မဟုတ်ပါဘူး...။ သူတို့ရဲ့ ဘ၀တွေ... အချိန်တွေနဲ့ ရင်းပြီး ရခဲ့တဲ့ စာတွေ ကဗျာတွေပါ...။ ဒါတွေဟာ သူတို့ရဲ့ ရင်ခုန်သံတွေပါ၊ သူတို့ရဲ့ မျက်ရည်တွေပါ၊ သူတို့ရဲ့ ကြေကွဲမှုတွေပါ၊ သူတို့ရဲ့ နှလုံးသားတွေပါ၊ သူတို့ရဲ့ သားသမီးတွေပါ။ ဒါကို သူတို့က အားလုံးကို ပြန်လည် ဝေမျှပေးနေကြတာပါ။

ပြောရရင် ဗမာပြည် ထဲမှာဆို စာစောင်တွေ မဂ္ဂဇင်းတွေမှာ အဲသလိုပဲ စာရေးဆရာတွေ ကဗျာ ဆရာ တွေက သူတို့ ဘ၀တွေ သူတို့ရင်ခုန်သံတွေ သူတို့ ခံစားချက်တွေကို ဖော်ပြခဲ့ကြတာပါပဲ။ အဲသည် အတွက်လည်း သူတို့မှာ ခံစားစရာ စာမူခဆိုတာ ရှိကြပါတယ်။

ဘလော်ဂါတွေမှာတော့ အလကား မတ်တင်း ဖော်ပြကြရတာဆိုတော့ ခံစား စရာ ဆိုလို့ ကိုယ်ရေးတဲ့ စာလေး ကဗျာလေး တပုဒ်အတွက် - ကောင်းပါတယ် - ဆိုတဲ့ မှတ်ချက်လေး တခုပဲ ရှိတာပါ
သည်ကြားထဲကမှ ကိုယ့် နှလုံးသားနဲ့ ရင်းနှီးပြီး၊ ဒါမှမဟုတ် ကိုယ့်မျက်ရည်တွေနဲ့ အိတ်စိုက်ပြီး ကဗျာ တပုဒ် စာတပုဒ် ရေးပါတယ်... သားသမီးတယောက် မွေးဖွားလိုက်ပါတယ်... ဒါကို သူတပါးက ပြန်ပေး ဆွဲသွားပြီး သူ့သားသမီးပါလို့ နံမည်တပ်လိုက်ရင်... သူတို့ ဘယ်လို ခံစားကြရမလဲ...

နောက်တခါ အဲသည် ကဗျာတွေ စာတွေကို ပြန်ပေးဆွဲသွား သူတွေက သူတို့ စိတ်ကြိုက် ပြင်ဆင်ပြီး ဖြတ်ချင်တဲ့ နေရာဖြတ် ဖျက်ချင်တဲ့နေရာဖျက် ဆိုရင်... ကိုယ့်သားသမီး တယောက်ကို ပြန်ပေးဆွဲတာ ခံရပြီး ခြေဖြတ်လက်ဖြတ် ခံရတာကို ကြည့်နေရတာနဲ့ မတူနေပေဘူးလား... စဉ်းစားလည်း ကြည့်ကြပါဦး... နှလုံးသားရှိသူတိုင်း ဒါကို စဉ်းစားနိုင်ကြမှာပါ...။

ကျနော်တို့ ဘလော်ဂါတွေဆိုတာက တကယ်တော့ ကိုယ့်စာတွေအတွက် ကိုယ်တိုင်ပဲ တည်းဖြတ်ကြရတာ ဖြစ်တဲ့ အတွက် ကိုယ်ကိုယ်တိုင် စာရေးဆရာ၊ ကိုယ်ကိုယ်တိုင် ကဗျာဆရာ၊ ကိုယ်ကိုယ်တိုင် အယ်ဒီတာဆိုတော့ ပိုပြီး တာဝန် ကြီးပါတယ်။ ကိုယ်ရေးတဲ့ စာတွေကို ကိုယ့်နံမည်နဲ့ ရင်းပြီး တာဝန်ခံနေ ရတာပါ။ သည်တော့ ကျနော်တို့ ပြောနေတာကတော့ ကိုယ့်စာတွေကို ကိုယ်တာဝန်ယူချင်လို့ပါပဲ။

သည့်အတွက်ကြောင့်မို့လို့သာ ကျနော်တို့ ရေးတဲ့ စာတွေကို ကျနော်တို့ နံမည်နဲ့တကွ တွေ့ချင်တာပါပဲ။ ပြောရရင် သားသမီး မကောင်း မိဘခေါင်း ဆိုတဲ့ အတိုင်း ကိုယ့်စာတွေ ကဗျာတွေအတွက် ကိုယ်ကိုယ်တိုင် ခေါင်းခံချင်တာပါပဲ။ ဒါကိုက ကျနော်တို့ရဲ့ စာပေအပေါ်မှာ ထားရှိတဲ့ အရိုးသားဆုံး သစ္စာစကားပါပဲ။

ဒါကြောင့်မို့လို့လည်း ကိုယ်ကိုယ်တိုင် ကျွေးမွေးပြုစုလိုက်လို့ လူလားမြောက်လာတဲ့ သားသမီး တယောက်ရဲ့ အောင်မြင်မှု ဆုံးရှုံးမှုတွေလို ကျနော်တို့ ရင်ဘတ်နဲ့ ရေးဖွဲ့ သီကုံး လိုက်တဲ့ စာတွေ ကဗျာတွေကို ကျနော်တို့က တာဝန် ယူချင်တာပါ၊ ဂုဏ်ယူ ချင်တာပါ။

ကိုယ်ကိုယ်တိုင် ပိုးမွေးသလို မွေးခဲ့ပြီးမှ လူလားမြောက်လာရတဲ့ သားသမီးတယောက်ကို တစုံ တယောက်က ပြန်ပေး ဆွဲသွားပြီး နံမည် ပြောင်းကာ သူ့ သားသမီး လုပ်တာတော့ ကျနော်တို့ မခံစားနိုင်ပါ။

ဒါလောက်ပါပဲ။

(အောင်သာငယ်)

Feb 14, 2009

ကောင်းကြသေးရဲ့လား...

ကောင်းကင်ကို ဘလော့မှာ သူ့ကဗျာကို တစုံတယောက်က ခိုးပြီး ဖော်ပြထားတဲ့ အကြောင်း ပို့စ် ကို ဖတ်ပြီးလို့ ကွန်မန့် ပေးပြီး ပြန်လာတုန်းပဲ ရှိသေးတယ် - သူပြောသလို ကိုယ့်စာတွေ ဘယ်သူက ပြန်ယူပြီး တင်ထားသလဲ သိအောင် Google မှာ ခုလို ရိုက်ထည့် ကြည့်လိုက်ပါတယ်... ဟိုက်... ဆိုပြီး အော်မိသွားသဗျာ... ။

















ကိုယ်ရံတော်-ဆိုသူရဲ့ဘလော့မှာ ကျနော့်ကဗျာကို တင်ထားတာ သွားတွေ့ပါ တော့သဗျား... ကိုယ့်ဘာသာ ကိုယ်တောင် ပြုံးနေမိတယ်။ ဘာလင် တံတိုင်းနေ့ကျမှ ကိုယ့် အချစ် ဆိုသည်မှာ ကဗျာကို သူများ ဘလော့မှာ မရှင်း မရှင်းနဲ့ တင်ထားတာ သွားတွေ့နေမိလို့ပါ...း)

ဒီမှာတော့ - ကိုယ်ရံတော်(http://koyandaw.blogspot.com)က သူ့ဘလော့မှာ တင်ထား တဲ့ ကျနော့် ကဗျာပါ။
http://koyandaw.blogspot.com/2008/12/blog-post_19.html

















ဒီမှာ ကျနော် အောက်တိုဘာ ၈၊ ၂၀၀၈ က ရေးခဲ့ပြီး ခင်မင်ရာ သူငယ်ချင်းတွေကို Tag ခဲ့တဲ့ ကဗျာပါ။
http://aungthange.blogspot.com/2008/10/blog-post_08.html


















ကိုယ်ရံတော်ကတော့ ဘာမှ ပြောထားတာ မတွေ့တော့ Forward mail ကရလို့ တင်ထား တာလည်း ဖြစ်နိုင်ပါတယ်။

ခုတော့ သူ့ ပို့စ်မှာ ကွန်မန့် ရေးခဲ့တယ်။ ဆီပုံးမှာလည်း သွားတော့ အော်ခဲ့တယ်။ မေးလ်လည်းပို့ ထားပါတယ်။ နောက်ဆုံး ဘယ်လိုနည်းနဲ့မှ အဆက်အသွယ်လုပ် အသိ ပေးလို့ မရတော့ရင်တော့ ... .... .... ....

ခုကတော့ ကောင်းကင်ကိုနဲ့ ကျနော့် ဖြစ်ပုံက တထပ်တည်း၊ ကဗျာကလည်း နံမည် တခုတည်း ဆိုတော့ ကောင်းကြသေးရဲ့လားလို့ပဲ... ငြည်းချင်ပါတော့တယ်... ဒါတောင် သူ့ကဗျာနဲ့ ကျနော့်ကဗျာက နံမည်တူမို့လို့ ရှာကြည့်မိတာ... တခြား ကဗျာတွေကိုလည်း ရှာကြည့် ရမလိုဖြစ်နေပြီ...

နှင်းဆီ


နံရံတွေ ခြားတယ်
အဆောက်အဦတွေ ခြားတယ်
မြို့တွေ ရွာတွေ ခြားတယ်
နယ်နိမိတ်တွေ ခြားတယ်
ရေခြားတယ်
မြေခြားတယ်
လေတောင် ခြားနေခဲ့တဲ့ အဆုံး
နှလုံးသားချင်းပဲ နီးနိုင်တော့တဲ့အခါ
ရင်ထဲက ပန်းတပွင့်ဟာ
ဒီနေ့မှာ
ပိုပြီးအနီရင့်လာတယ်...

ATN

(စစ်အာဏာရှင် စနစ်ကြောင့်
ကွဲကွာနေကြရသော ချစ်သူများ အားလုံး ကိုယ်စား)

Feb 12, 2009

ကွန်ပြူတာလုံခြုံရေး

ကျနော် ရေးခဲ့တဲ့ နောက်ဆုံး ပို့စ် ၂ ခုကို ဖတ်ပြီးတော့ သယ်ရင်းတွေလည်း အတော် စိတ်ညစ် သွားကြပုံ ရပါတယ်။ စိတ်ညစ်အောင် လုပ်တာတော့ မဟုတ်ပါဘူးလေ ... သိသင့် သိထိုက် တာလေးတွေ ပြောပြတာပါ။

ဒီတခါတော့ ကိုယ့်ကွန်ပြူတာ လုံခြုံရေးအတွက် အသုံးဝင်တာလေး တချို့ကို ပြောပြ ပါ့မယ်။ အွန်လိုင်း အတွက် ကတော့ FireFox ကိုပဲ အသုံးများနေတာမို့ FireFox မှာ Security အတွက် အသုံးဝင်တဲ့ Add-ons ၂ ခု အကြောင်း ပြောပြချင်ပါတယ်။

တခုကတော့ WOT (Web of Trust) ပါ။














ဒီ Add-on ကို FireFox မှာ Install လုပ်ထားရင် အန္တရာယ်ရှိတဲ့ Web Site တွေကို ကိုယ် သွားမိတဲ့ အခါ သူက သတိ ပေးပါတယ်။ လင့်တွေရဲ့ အဆုံးမှာ အစိမ်းရောင်၊ အနီရောင်၊ အ၀ါရောင် အ၀ိုင်းလေးတွေနဲ့ ပြထား ပါတယ်။ အစိမ်းရောင်ကတော့ အန္တရာယ် မရှိ၊ အနီရောင်ကတော့ အန္တရာယ်ရှိ၊ အ၀ါရောင် ဆိုရင်တော့ ဘာမှန်း မသိသေးဘူးပေါ့လေ။














Web site က ဘာအန္တရာယ်မှ မရှိရင် ဘေးမှာ အစိမ်းရောင် အ၀ိုင်းလေးနဲ့ ပြထားပါတယ်။














အန္တရာယ်ရှိတဲ့ Web Site တွေဆို အနီရောင် အ၀ိုင်းနဲ့ ပြပါတယ်။














အနီရောင် ပြထားတဲ့ လင့်ကို မတော်တဆ နှိပ်မိလို့ ရောက်သွားရင်လည်း WOT Add-on က အဲလင့်ကို ချက်ချင်း မဖွင့်ပေးပါဘူး။ အောက်မှာ ပြထားတဲ့ အတိုင်း Warning ပေးပါတယ်။

















ဘာပဲ ပြောပြော ဘာမှ မရှိတာထက် စာရင်တော့ တခုခု ရှိနေတာက ပိုကောင်းပါတယ်။

အဲ Add-on ကို install လုပ်ဖို့ ပထမဆုံး ဒီကို သွားပါ။ ပြီးရင် Add-ons မှာ All Add-ons ကို သွားပါ။ Search for Add-ons box မှာ WOT ရိုက်ထည့်လိုက်ပါ။ ပြီးရင် ဘေးမှာ တွေ့ရမယ့် Add to FireFox ဆိုတဲ့ button လေးကို click လုပ်လိုက်ပါ။ ပြီးရင် Install button ကို click လုပ်ပါ။ install လုပ်ပြီးသွားရင်တော့ အဲ Add-on အသက်ဝင်လာဖို့ FireFox ကို Restart လုပ်ရပါမယ်။ ပြီးသွားရင်တော့ Navigation Bar မှာ Address box ဘေးမှာ အ၀ိုင်းလေးကို တွေ့ရပါလိမ့်မယ်။

နောက်တခုကတော့ NoScript ပါ။










သူကလည်း Web site တွေကို ဖွင့်ရင် run လေ့ရှိတဲ့ Java script နဲ့ တခြား အန္တရာယ်ရှိတဲ့ အရာ (executable program) တွေကို ထိန်းချုပ်ပေးတဲ့ Add-on ပါ။ Web site တခုကို ဖွင့်လိုက်ရင် အန္တရာယ် ရှိနိုင်တဲ့ အရာတွေကို ဒီ Add-on က disable လုပ်ထားပါတယ်။ ကိုယ် စိတ်ချတယ်ဆိုရင်တော့ အဲ site အတွက် အမြဲတမ်း allow လုပ်လိုက်လို့ ရပါတယ်။ စိတ်မချရင်တော့ forbid လုပ်လိုက်ရုံပါပဲ။ ဒါမှမဟုတ် ယာယီ allow လုပ်လို့လည်း ရပါတယ်။














ဒီ Add-on ကို WOT ကို install လုပ်သလိုပဲ လုပ်ရမှာပါ။ search for Add-ons box မှာ NoScript ရိုက်ထည့်လိုက်ပါ။ Add to FireFox ဆိုတဲ့ button လေးကို click လုပ်လိုက်ပါ။ ပီးရင် install လုပ်ပြီး သွားရင်တော့ FireFox ရဲ့ အောက်ဆုံးက status bar မှာ S စာလုံးနဲ့ အ၀ိုင်းလေး တခုကို တွေ့ရမှာပါ။ ကိုယ့်ဘာသာ စမ်းသပ် ကြည့်ကြ ပါပေါ့လေ။

သယ်ရင်းတွေ ညီအကို မောင်နှမတွေ အကယ်၍ FireFox သုံးတယ်ဆိုရင် အထက်က ကျနော် ပြောခဲ့တဲ့ Add-on လေး ၂ ခုကိုတော့ Install လုပ်ထားကြပါလို့ တိုက်တွန်းချင်တာပါပဲ။

ဒီပို့စ်မှာတော့ သည်လောက်နဲ့ပဲ တော်ဦးမယ်။ စိတ်ညစ်ကုန်ကြမှာ စိုးလို့ပါ။ နောက်ပို့စ် တွေမှာမှ အသုံးဝင်တဲ့ တခြား ပရိုဂရမ်တွေ အကြောင်း ပြောပြပါဦးမယ်။

အားလုံးပဲ ချမ်းမြေ့ကြပါစေ။

Feb 11, 2009

ဘလော့ကာကွယ်ရေး နောက်ဆက်တွဲ

သူငယ်ချင်းတွေ ဆီပုံးမှာ လာလာ အော်နေကြတာ အားနာပါတယ်။ ဒါပေသည့် သူငယ်ချင်း တယောက်ကို ၀ိုင်း ကူညီပေး နေရလို့ပါ။ ဒါနဲ့ ပို့စ် အသစ် မတင် ဖြစ်တာပါ။ ခုတော့ တင်လိုက်ပါပြီ။ ဖတ်ကြစေသတည်း.........

ပြီးခဲ့တဲ့ နောက်ဆုံးပို့စ်ရဲ့ နောက်ဆက်တွဲလို့ပဲ ပြောရမယ် ထင်ပါတယ်။ နောက်ဆုံး ပို့စ်မှာတော့ ဂျီမေးလ်နဲ့ ပတ်သက်တာ ဘလော့နဲ့ ပတ်သက်တာလေးတွေကို ကျနော် သိသမျှ ဝေမျှ ပေးခဲ့တာပါ။ အဲပို့စ်မှာ လာရေး သွားတဲ့ ကွန်မန့်တွေ အထဲက ဖတ်သင့် တယ်လို့ ထင်တဲ့ ကွန်မန့် တချို့ကို ခုပို့စ်မှာ ဖော်ပြပေး လိုက်ပါတယ်။ မဖတ်မိ သေးသူများ ဖတ်မိအောင်ပါ။ ပြီးရင် အဲကွန်မန့်အတွက် ကျနော် ရေးတာလေး ဆက်ဖတ်ကြပါပေါ့လေ။

Anonymous, February 7, 2009 12:25 AM
ဘလော့က ဟတ်ခံထိတာ မဟုတ်ပါ။ တစုံတယောက်က စပန်ဘလော့ အဖြစ် တိုင်ကြား ထားတဲ့ အတွက် ဘလော်ဂါ ဒေါ့ကွန်းက စစ်ဆေးရန် ပိတ်လိုက်တာ သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘလော်ဂါ ဒေါ့ကွန်းကို ဘလော့ ပိုင်ရှင်မှ စာပို့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ မေငြိမ်း ဘလော့ကို အဲဒီလို ဖြေရှင်းတဲ့ အတွက် ပြန်လည် ပွင့်သွားပါပြီ။ (တိုင်ကြား သူတွေ ကတော့ ထင်တဲ့ လူတွေပဲ ဖြစ်မှာပါ)

ဒီကွန်မန့်အရ မနာလို မရှုစိမ့်တဲ့ လူတယောက်က သို့မဟုတ် လူတစုက blogspot နဲ့ ရေးနေတဲ့ ဘလော့ တခုခုကို Spam Blog ဒါမှ မဟုတ် Violation of Term of Use နဲ့ Google ကို တိုင်ကြားတာမျိုး ရှိနေကြောင်းနဲ့ အဲလို တိုင်ကြား ခံရရင် တိုင်ခံရတဲ့ ဘလော့ကို Google ကတော့ ယာယီ ပိတ်ချလိုက်မှာ ဖြစ်တယ်ဆိုတာ သိကြရပါပြီ။ ဒါဆို ဘလော့ပိုင်ရှင် ကိုယ်တိုင်က ပြန်ပြီး ဖြေရှင်းရမှသာ ကိုယ့်ဘလော့ကို ပြန်ရမယ်ဆိုတာ သိကြရပါပြီ။ အဲတော့ ကိုယ့် ဘလော့ ဖွင့်လိုက်လို့ This blog has been removed. ဆိုတာကြီး မြင်ရရင် blogspot နဲ့ ရေးတဲ့သူ အားလုံး Google ကြီးကို ဆက်သွယ်ကြရတော့မှာပေါ့နော.... မိတ်ဆွေ သယ်ရင်း ညီအကို မောင်နှမတွေ အားလုံး တိုင်ကြား ခံရခြင်းမှ အလျဉ်း ကင်းဝေးကြပါစေသတည်း...း) (ဒီကွန်မန့်အတွက် Anonymous ကို ကျေးဇူးတင်ရှိကြောင်းပါ... )

mtj February 7, 2009 2:12 AM
အလွန်ကောင်းတဲ့ အကြံပြုပါပဲခင်ဗျာ။ ဘလော့ဂ်ဂါတိုင်း မဖြစ်မနေလုပ်ထားသင့်ပါတယ်။ ဘတ်ကပ် လုပ်ရာမှာ settings / basic ထဲဝင်ပြီး export blog နဲ့ xml file ကို ဒေါင်းလုပ်ချ ထားနိုင်ပါတယ်။ ဒါဆိုရင် ရေးခဲ့ပို့စ်တွေ အပြင် ကောမန့်တွေကိုပါ ဘက်ကပ် သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ညီတော် မောင်သင်္ကြန် ပြောသလိုပါပဲ ကိုယ့်ဘလော့ကို Back-up လုပ်ထား နိုင်ပါတယ်။ နောက်ဆုံး ပို့စ်မှာ ကျနော် ပြောခဲ့ပြီးသားပါ။ ခုတော့ တလက်စတည်း ပိုပြီး ပြည့်စုံသွားအောင် ပြောပါဦးမယ်။ သို့သော်လည်း ဒါက blogspot တွေ အတွက်ပါ။ ကျန်တာတွေတော့ ကျနော်လည်း မသိပါဘူး။ blogspot မှာတော့ ကိုယ့် Dashboard ကိုသွားပါ။ Setting ကို သွားပါ။ Settings Tab ရဲ့ Basic မှာ Blog Tools ခေါင်းစဉ်ဘေးမှာ Import blog ရယ် Export blog ရယ် Delete blog ရယ် တွေ့မှာပါ။ (Delete blog ကိုတော့ သွားမနှိပ်လိုက် ကြပါနဲ့...း) အဲမှာ Export blog ကို click လုပ်ပါ။ ဒါဆို blog အတွက် back up file တခုကို ရပါလိ့မ်မယ်။ ကိုယ်ပြန်လိုချင်ရင်တော့ Import blog နဲ့ ပို့စ်တွေကို ပြန်တင်နိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ သံလုံငယ်ရဲ့ ဒီပို့စ်မှာ သွားကြည့်ကြပါ၊ သံလုံငယ်ကိုလည်း ကျေးဇူးတင်ပါကြောင်းနဲ့ (ဒီကွန်မန့်အတွက် ညီ မောင်သင်္ကြန်ကို ကျေးဇူးပါ....)


Kay, February 6, 2009 11:59 PM
-၂၂ လုံးတောင်ထားရမယ်.. ပြီးတော့ အလွတ် ကျက်ထားရမယ်.. တလ တခါလည်း ပြောင်းရမယ် ဆိုတော့ ကာ.. အင်း..
Moe Cho Thinn, February 7, 2009 8:01 AM
- သူများတွေ hack ခံထိပြီဆိုတော့ စိတ်မကောင်းလိုက်တာ။ သတင်းပေးတဲ့ လူတိုင်းက back up လုပ်ထား၊ back up လုပ်ထား ဆိုတော့ ဘာကို ဘယ်လို ပြေးလုပ်ရမယ်မှန်း မသိဘူး။ မိတ်ဆွေ မမ တယောက်ကတော့ ချိုသင်း ဘလော့ဂ်ကို သူ လုပ်ပေးထားမယ်လို့ ပြောရှာတယ်။ ကျေးဇူးတင်လိုက်တာ။ ကိုယ့်သမီးလေးက မလှပေမဲ့ ချော်လဲမှာတော့ စိုးမိသား။
- အခု အကိုပြောသလို အရင်ဆုံး password ကို ပြောင်းရမှာပေါ့နော်။ ၂၂လုံး ဆိုတော့ သိပ်ကောင်းတဲ့ မှတ်ဥာဏ် နဲ့တော့ တွေ့ကြပြီ။ a{Z:9#/$q%W~7=>@*y6X_? တွေလဲ ပါရအုံးမယ်၊ တလတခါလဲ ပြောင်းရ အုံးမယ် ရေးလဲ မှတ်မထားရဘူး ဆိုတော့ ကိုယ့်ဘလော့ဂ်ကို password မမှတ်မိတော့လို့ ၀င်လို့မရ ဖြစ်နေမဲ့ အကို့ ညီမကို မြင်ယောင်ကြည့် လိုက်ပါတော့လေ..:)

ဒီကွန်မန့်တွေမှာ ပြောသွားကြသလိုပါပဲ။ ပါ့စ်ဝါ့ဒ်ကို ၂၂လုံးနဲ့ တည်ဆောက်သည့်တိုင် အလွတ်ကျက်ဖို့နဲ့ တလ တခါ ပြောင်းဖို့ တလ တခါ အလွတ်ကျက်ဖို့ ဆိုတာ တကယ်တော့ သိပ်တော့ မလွယ်ကူတာ အမှန်ပါပဲ။ အထူးသဖြင့် keyboard ပေါ်က Symbol လို့ ခေါ်ကြတဲ့ Special Character တွေ ပါလာရင် ပိုဆိုးတာပေါ့။ ကျနော်တို့မှာက မှတ်စရာတွေကလည်း များတယ် ဟုတ်လား။ မိဘ မွေးနေ့၊ သားသမီးမွေးနေ့၊ ဇနီးမွေးနေ့၊ ခင်ပွန်းမွေးနေ့၊ ရီးစားမွေးနေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ဘာနေ့၊ ညာနေ့ - စသည်ဖြင့် မှတ်စရာတွေက များရတဲ့ အထဲ ဂျီမေးလ်ရဲ့ ပါ့စ်ဝါ့ဒ် ကိုပါ မှတ်နေရဦးမယ် ဆိုတော့.... အင်း... ကိုယ် အဆင်ပြေ သလိုသာ ကျုပ်ကျက် လိကြပါတော့... ကွယ်တို့ရေ.... လို့ပဲ ပြောချင်ပါတော့တယ်...း) (ဒီကွန်မန့်အတွက် မကေနဲ့ ညီမ ချိုသင်းကို ကျေးဇူးပါ...)

pandora, February 7, 2009 9:02 AM
ရှည်လျားတဲ့ ပတ်စ၀ပ်တွေကို မှတ်မိဖို့ဆိုရင်
- ကိုအောင်သာငယ်က ဘလော့ဂ် ကိုကာကွယ်ဖို့အကြောင်း ပြောခဲ့ပါတယ်။ ပတ်စ၀ပ် ပေးတာနဲ့ ပတ်သက်လို့ စာလုံးရေ ၂၀ ကျော်လည်း ပေးရမယ် ဆိုလို့ ညစ်ကုန်ကြတာလည်း တွေ့ရပါတယ်။
- ကိုအောင်သာငယ်ပြောသလိုပဲ တကယ် အားကောင်းတဲ့ ပတ်စ၀ပ် တစ်ခုဟာ Alphanumerical ဖြစ်ပြီး symbol တွေပါ ပါအောင် ပေးသင့်တယ်လို့ မှတ်သားဖူးပါတယ။် စာလုံး အကြီး အသေးတွေလည်း ရောနှော နေသင့်ပါတယ်။
- ကိုယ်မှတ်မိနိုင်တဲ့ sentence တခုကို ပေးပြီးမှ အထဲက စာလုံးတွေကို ဂဏန်းတွေ သင်္ကေတတွေ စာလုံး capital တွေနဲ့ ရောလိုက်လို့ရပါတယ်။
Stay away from me please.
$t@yAWAYf60m^^3pl3aze
- နောက်တမျိုးကတော့ စာလုံးတွေကို အတိုကောက်ပေါင်းလိုက်တာ ဖြစ်ပါတယ်။
Make your password handy.
m@k=yrpaswudh&y
- အဲဒီအထဲမှာပဲ ဂဏန်းတွေကို ပေါင်းထည့်ချင်ထည့်ပေါ့။
- Burglish ကလည်း အသုံးဝင်နိုင်ပါတယ်။ ကိုယ့်ဗားရှင်းနဲ့ကိုယ် စာလုံးပေါင်းပေါ့။
- ဒါပေမယ့်လည်း သူများတွေသုံးနေကျ စာလုံးနဲ့ သင်္ကေတ ဖလှယ်တာကိုလည်း အမြဲတော့ မသုံးပဲ ရှောင်သင့် ပါတယ်။ ဥပမာ.. l ကို 1 လို့သုံးတာမျိုး။ a ကို @ လို့သုံးတာမျိုး။
- ခက်လည်းခက် မှတ်လည်းမှတ်မိနိုင်သော ပတ်စ၀ပ်ရှည်ရှည်များ ဖန်တီးနိုင်ပါစေ။

Ko Paw, February 6, 2009 11:46 PM
သတိပြုစရာလေးတွေ ရေးပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
- “သေသောသူသည် သုဿန်သို့သွားသည်” ဆိုတဲ့ ကျနော့် ပါ့တ်စ်ဝါ့ဒ်ကို ဘယ်သူ့ကိုမှ ကျနော် ပြောမပြ တော့ဘူးလို့ စိတ်ကူးထားတယ်။း-)

အထက်က ကွန်မန့်တွေအရ အတော်များများက ပါ့စ်ဝါ့ဒ် အလုံး ၂၀ ကျော် ရိုက်ချင်ကြပုံ မရ ကြောင်း သိနိုင် ပါတယ်။ ။ဒါကတော့ ကိုယ့် သဘောပေါ့လေ။ ယေဘူယျကတော့ များလေ ကောင်းလေလို့ ဆိုကြတာကိုး။ သို့သော်လည်း နောက် ကွန်မန့် တခုကို ဖတ်ကြည့်တဲ့ အခါ စာလုံးရေ ဘယ်လောက် များများ ဘာမှ မထူးခြား ပါဘူးဆိုတာကိုလည်း သိလာရပါသေး တယ်။ ဘာပဲဖြစ်ဖြစ်လေ ကြိုတင် ကာကွယ်တာ ကတော့ ပိုကောင်းတာ အမှန်ပါပဲ။ အဲ အတွက် တော့ ပါ့စ်ဝါ့ဒ် တွေကို အထက်မှာ မပန်အကြံပြု ထားသလိုမျိုး တည်ဆောက် ကြည့်ကြပါ ပေါ့လေ။ နောက်တခါ ကိုပေါပြောသွားတဲ့ “သေသောသူသည် သုဿန်သို့သွားသည်” ပါ့စ်ဝါ့ဒ်လိုမျိုးလည်း ကောင်းတာပါပဲလေ...း) Burglish နဲ့ ကိုယ့်ဘာသာကိုယ် ပါ့စ်ဝါ့ဒ်လေး တွေ တည်ဆောက် ကြည့်ကြပေါ့...
ဥပမာ - ဒီကမ္ဘာမှာငါအချောဆုံး DeGaBarMarNgaAhChawZon - အားလုံး ၂၂ လုံး ရှိတယ်နော...း)
(ကွန်မန့်တွေအတွက် မပန်နဲ့ ကိုပေါကို ကျေးဇူးတင်ပါတယ်)

Anonymous, February 9, 2009 4:41 AM
- password cracking ဆိုလို့လေနည်းနည်းဝင်ပေါချင်တယ် ...အစ်ကို အောင်သာငယ်ရေ ...။
- ကျွန်တော်က Java Developer ပါ ...။ Internet security ကို လုပ်ငန်း သဘော အရ နည်းနည်းတော့ တီးမိ ခေါက်မိ ရှိပါတယ် ...။
- ပုံမှန်ကတော့ commercials မဟုတ်တဲ့ ... entertainment blogs တွေ ကို hack လေ့မရှိပါဘူး ... ။
- hacking threat တစ်ခုမှမရဘဲ hack ခံလိုက်ရတယ် ဆိုရင်တော့ ... မတော်တဆ ပါပဲ ...။ ဘယ် hackers မဆို ကိုယ် hack နိုင်တာကိုတော့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိပါတယ် ... ။ သူတို့ရဲ့ nick name ကို ရေးထား ခဲ့လေ့ ရှိပါတယ် ..။
- password ရှည်လေလေ ...ခက်လေလေတော့လည်း မဟုတ်ဘူး အစ်ကိုရေ ..
- တစ်ကယ်တမ်း ... စိတ်ရှည်တဲ့ black hacker က hack လုပ်ဖို့ကြိုးစားတာ ဆိုရင်တော့ ... တားဖို့ မလွယ် လောက်ဖူး ..။
- ပုံမှန်အားဖြင့် အစ်ကို ပြောတဲ့ key combination hack (brute-force and similar attacks)က gmail မှာ အလုပ် မဖြစ်ပါဘူး ...။ gmail ရဲ့ features တွေထဲမှာ နှစ်ခု သုံးခုက block လုပ်ထားလို့ပါ ..။
- များသောအားဖြင့် hacker တွေက hacking servers && programs ကို ၂၄ နာရီ run ထားတာပါ ...။ Multiple Threads နဲ့ concurrent run လိုက်လို့ရသွားရင် ... တစ်ရက်အတွင်းသိနိုင်ပါတယ် ...။
- နောက်ပြီးတော့ .... google servers ကို hack လုပ်တဲ့ hackers group တွေနဲ့ ဆက်သွယ် မိရင် ... gmail password က လွယ်လွယ်နဲ့ ရနိုင်ပါတယ် ...။ ဒါပေမယ့် ဒါက international hackers အဆင့်မှပါ ...။
- အခု အစ်ကိုပြောသလိုဆို ... hack လုပ်လိုက်တဲ့သူဟာ professional hackers မဟုတ်ပါဘူး ...။ လက်တဲ့ စမ်းတဲ့ တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ် ...။ သူတစ်ပါးကို ဒုက္ခပေးရမယ့် ပျော်တယ်ဆိုတာ တော်တော် နိမ့်ကျတဲ့ စိတ်ထားပါ ..။
- မြန်မာပြည်မှာလည်း မနှစ်က virus တစ်ခုရေးလိုက်တဲ့ လူငယ်တွေကြောင့် တော်တော် များများ ဒုက္ခ ရောက်လိုက် ပါသေးတယ် ..။
- ဒါပေမယ့် hacking ကို စိတ်ဝင်စားတဲ့ ရူးပေါပေါ ငနဲတွေ လက်တဲ့စမ်းတဲ့ အထဲ ပါမသွားအောင်တော့ ...backup လုပ်ထားတာ အကောင်းဆုံးပါပဲ ...
-Save is better than Sorry....

ကျေးဇူး အထူးတင်ပါတယ် ညီ Anonymous ရေ... ခုလို အားလုံး သိရအောင် ပြောပြပေးတာ။ နောက်လည်း အလျဉ်း သင့်သလို ၀င်ပြောပြပေးပါ။
Hackers ဆိုတဲ့ စာအုပ် တအုပ်လည်း ကျနော် ဖတ်လိုက်ရဖူးပါတယ်။ Hacker တွေဟာ တယောက်နဲ့ တယောက်လည်း စွမ်းရည်ချင်း ပြိုင်ကြတယ်။ ငါးမူး တမတ် အလုပ်တွေကို မလုပ်ကြဖူးပေါ့လေ။ သူတို့မှာလည်း သူတို့ သိက္ခာရှိပါတယ်။ blogspot က blog တခုကို ဟက်ပြီး ဘယ် Hacker ကမှ သိက္ခာ မတင်ကြမှာ အမှန်ပါပဲ။ ပြီးတော့ ဘယ်သူမှ မဟက်နိုင်တဲ့ server တခုကို ဟက်နိုင်ပြီဆိုရင် အဲမှာ သူ့ရဲ့ သင်္ကေတဖြစ်ဖြစ် သူ့ နံမည် ဖြစ်ဖြစ်ကို အောင်ပွဲခံ အထိမ်းအမှတ်နဲ့ ထားခဲ့တာပါပဲ။ သည်လိုမျိုးနဲ့ သူတို့ဟာ သိက္ခာတွေ တက်နေကြ တာပါပဲ။ ပြီးတော့ Hacker တွေဟာ အုပ်စုလိုက် အလုပ်လုပ်ကြတာပါပဲ။ UnderGround (UG) တွေလိုပေါ့လေ။ အဲတော့ blogspot က ဘလော့တခုလိုမျိုး၊ သာမန် ဂျီမေးလ် သုံးသူ တယောက်ရဲ့ ဂျီမေးလ်လိုမျိုးကို သူတို့က မဟက်ကြပါဘူး။ ဒါ ကျိန်းသေပါတယ်။ သို့သော်လည်း ကိုယ့်ရီးစား၊ ကိုယ့်ယောက်ျား၊ ကိုယ့်မိန်းမ၊ ကိုယ်နဲ့ မတည့်တဲ့သူ ရဲ့ ဂျီမေးလ်ကို ဟက်ချင်တဲ့သူတွေလည်း ရှိမှာပါ။ နောက်တခုက တရားဝင်ကို ထုတ်ဝေ ရောင်းချနေတဲ့ How to hack a server, How to hack a network စတဲ့ စာအုပ်တွေဟာ စာအုပ် အရောင်းဆိုင်တိုင်းမှာ ရှိပါတယ်။ မယုံရင် - သို့မဟုတ် - တစုံတခုကို ဟက်ချင်သပ ဆိုရင် နီးစပ်ရာ ကွန်ပြူတာ စာအုပ် အရောင်းဆိုင် တဆိုင်မှာ ၀င်ကြည့်ကြည့်ပါ။ အနည်းဆုံး ၂-၃ အုပ်တော့ တွေ့ရမှာပါပဲ။ ဒါ့အပြင် ဟက်လုပ်နည်းပေါင်း မြောက်များစွာကို YouTube မှာလည်း မြင်ကြရမှာပါ။ ဟက်လုပ်တဲ့ ပရိုဂရမ်တွေကိုလည်း ၀ယ်ချင်ရင် အွန်လိုင်းမှာ ရနိုင်ပါသေးတယ်။ ကျနော် ပြောတာ မယုံရင် အခု Google.com ကို သွားလိုက်ပါ။ ပြီးရင် Search box မှာ Password Cracking လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်။ အာမခံနဲ့ ရောင်းနေတဲ့ ပရိုဂရမ်တွေကိုပါ တွေ့ရမှာပါ။ ဘယ် platform (Mac, Windows, Unix, Linux စသည်) မှာ ရှိတဲ့ ဘယ်လို ပါ့စ်ဝါ့ဒ်မျိုးကို မဆို ဖော်နိုင်ပြီး ဘယ်လို အလုပ်လုပ်ကြောင်းနဲ့တကွ တွေ့ရမှာပါ။ အဲလောက် လွယ်ကူနေတဲ့ အခြေအနေမှာ အကြောင်းတစုံတရာ တိုက်ဆိုင်ရင် ကိုယ့်ဂျီမေးလ်လည်း ဟက်ခံနိုင်ရတာပဲ မဟုတ်လား။ စောစောက Anonymous ပြောခဲ့သလို တကယ့် hacker တွေက ဟက်တာ မဟုတ်ပေမယ့် အထက်မှာ ကျနော် ပြောခဲ့သလို ကိုယ့် ဂျီမေးလ်ကို ဟက်ချင်တဲ့သူတွေက ဟက်တာကို ခံရနိုင်တာပဲလေ။ သည်တော့ Anonymous ပြောခဲ့သလို Save is better than sorry ပါပဲ.... လူအချင်းချင်း လျှောက်ဟက်ခြင်း ကင်းဝေးကြပါစေ....း) (ဒီကွန်မန့်အတွက် ညီငယ် Anonymous ကို ကျေးဇူးအထူးပါ...)

Anonymous, February 7, 2009 1:27 PM
- တတ်ကျွမ်းသူ တဦးရဲ့ အဆိုအရ မိမိစက်ထဲမှာ key logger ဆိုတဲ့ spy ware ထည့်သွင်း ခံထား ရပြီဆိုရင် password တိုတို ရှည်ရှည် ကိုယ်ရိုက်တဲ့ key stroke မှန်သမျှ ခိုးခံ နေရ မှာပါတဲ့။ ကိုယ့် စက်ထဲမှာ key logger ရှိမရှိ သိရအောင် Task manager(ctrl+Alt+Del) သွားပြီး process ဆိုတဲ့ Tab ကိုနှိပ် msdts.exe ဆိုတဲ့ file run နေလားကြည့်ပါတဲ့။ Run နေရင် အမြန်သာ End process လုပ်ပေတော့။ Key logger ရှိနေခဲ့ရင်တော့ စက်ကို format ချ လိုက်တာ အကောင်းဆုံးပါပဲ။ ကိုအောင်သာငယ် ပြော သလို back up နဲ့  shadow တွေ လုပ်ထားရင် အဟက်အဖျက်ခံရအုန်းတော့ တစ်ကပြန်စလို့ လွယ်သွားမှာပါ။ KM

ညီ Anonymous ကို ကျေးဇူးတင်ပါတယ်။ သိသင့်တာလေးတွေ ပြောပြတာ။ သို့သော်လည်း key logger တွေက အများကြီး ရှိပါတယ်။ သို့သော်လည်း အဲ key logger တွေဟာ ကိုယ့် ကွန်ပြူတာထဲကို အလို အလျောက် ဘယ်တော့မှ မရောက်လာပါဘူး။ ရောက်လာရတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ malware infected site လို့ ခေါ်တဲ့ Web Site တွေကို သွားမိရင် key logger တွေကို ရတတ်တာပါပဲ။ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုး ရှင်းရှင်း ပြောရရင် Porn Site တွေဟာ Key Logger Installer တွေပါပဲ။ နောက်တခါ Free Video, Free MP3, Free blah blah ---- everything free is infected with malware- especially with Key Logger.

Feb 6, 2009

ကိုယ့်ဘလော့ကိုကိုယ် ကာကွယ်ကြ

ကျနော် ဘလော့ရေးတာ မကြာသေးပါဘူး။ ခုမှ တနှစ် ကျော်ရုံလေး ရှိပါသေးတယ်။ သို့သော်လည်း အဲသည် တနှစ် အတွင်းမှာပဲ - ကျနော့် ဘလော့လေးတော့ ဟက်ခံလိုက်ရပါပြီ၊ ကျမ ဘလော့လေးတော့ ဟက်ခံ လိုက်ရပါပြီ - ဆိုတာကို ၃-၄ ကြိမ်လောက်ရှိပြီ တွေ့လိုက်ရတာ။ ဘလော့တခုဆိုရင် ဟက်ခံထားရတာကို ကျနော် မြင်လိုက်ရတယ်။ ဟက်တဲ့သူက I am the owner of this blog ဆိုတာကို ဘလော့ ထိပ်မှာ ရေးထားတယ်။ အဲတာ တခုပဲ ပေါ်နေတယ်။ ပိုင်ရှင်ကတော့ ဘယ်လို ခံစားရမလဲ- စဉ်းစားမိပါရဲ့။

ခုလည်း လမင်းခင် (မေအိခင်-လယ်ဝေး)ရဲ့ ဘလော့လည်း အဟက်ခံရသတဲ့။ သူ့လင့်ကို သွားရင် This blog has been removed ဆိုတာပဲ တွေ့ရတော့ ဟက်တဲ့သူက delete လုပ်လိုက်ပုံရပါတယ်။ ကံကောင်းတာက ဘလော့ပေါ်မှာ ပေါက်ကရတွေ ရေးမသွားတာပါ။

သူတပါးဘလော့ကို ဘာကြောင့် ဟက်ကြသလဲ။ ကျနော် စဉ်းစားလို့ မရပါ။ ဘလော့ဆိုတာ ကျနော့် အတွက် တော့ သားသမီး တယောက်လိုပါပဲ။ ကလေး တယောက်ကို မွေးသလို ပိုးမွေးသလို ဘလော့ကို မွေးကြရ တာပါပဲ။ သူတပါး ဘလော့ကို ဟက်တယ်- ဖျက်ဆီးတယ် ဆိုတာဟာ သူတပါး သားသမီး တယောက်ကို ပြန်ပေး ဆွဲတာပဲ- သတ်ပစ်တာပဲ။ ဒါဟာ လူ့နှလုံးသား မရှိတဲ့သူတွေရဲ့ လုပ်ရပ်ပဲ။ ဒီနေရာကနေ အဲလို လုပ်ရပ်တွေကို ကျနော် အပြင်းထန်ဆုံး ရှုံ့ချလိုက်ပါတယ်။

ခုတော့ ဘလော့ရေးနေတဲ့ ညီအကို မောင်နှမတွေ အားလုံးကို လုံခြုံရေးအတွက်၊ ကြိုတင် ကာကွယ်ရေး အတွက် ကျနော် သိသလောက်လေးတွေ ပြန်လည် ဝေမျှချင်ပါတယ်။ ကျနော်က ကွန်ပြူတာ ပညာရှင် တယောက် မဟုတ် သလို၊ အိုင်တီ အိက်စ်ပါ့တ်လည်း မဟုတ်ပါ။ သို့သော်လည်း ဘလော့နဲ့ ပတ်သက်လို့ ကိုယ့်ဘာသာ ကြိုတင် ကာကွယ်မှု လေးတွေ လုပ်နိုင်အောင်လို့ နားလည် လေ့လာမိသမျှ လေးတွေကို ပြန်ပြီး ဝေမျှပေးတာပါ။ ကျနော့်ထက် ပိုပြီး သိရှိ နားလည်တဲ့သူတွေ ရှိရင်လည်း ကွန်မန့်ထဲမှာ ဖြည့်စွက်ပြီး ရေးသွားပေးကြပါ။ အားလုံး အတွက် အကျိုးရှိမယ့် သိရှိထားသင့်တဲ့ အကြောင်းတွေကို မျှဝေပေးကြပါလို့ ပြောချင်ပါတယ်။

ပထမဆုံး ကျနော် ပြောချင်တာကတော့ G-mail နဲ့ ပတ်သက်လို့ပါ။

၁။ G-Mail password ကို စာလုံးရေများများနဲ့ တည်ဆောက်ပါ

ကိုယ့် G-Mail Account အတွက် password ကို တည်ဆောက်တဲ့အခါ လူတကာက ခန့်မှန်းလို့ ရနိုင်တဲ့ ကိုယ့် နံမည်တို့ မွေးနေ့တို့ ရီးစားနံမည်တို့ မိဘနံမည်တို့လိုမျိုး တွေကို မသုံးကြပါနဲ့။ password ဟာ အဓိပ္ပါယ် လုံးဝ မရှိတဲ့ စာလုံး အစုအဝေး တခု ဖြစ်သင့်ပါတယ်။ အောက်က ဥပမာကို ကြည့်ပါ။

a{Z:9#/$q%W~7=>@*y6X_?

G-Mail မှာ password အတွက် စာလုံး ၂၂ လုံးထိ ရိုက်ထည့်လို့ရပါတယ်။ စာလုံးများလေ ဖော်ဖို့ ဟက်လုပ်ဖို့ ခက်ခဲ လေပါပဲ။ ဒါ့အပြင် password မှာ ရိုးရိုးစာလုံး (a, b, c, d....) စာလုံးကြီး (A, B, C, D.... ) ကိန်းဂဏန်း (၁, 2, 3....) တွေ အပြင် သီးသန့်စာလုံးတွေ နဲ့ သင်္ကေတတွေ (special character - >, #, *, ^, &, ~.... စသည်) အားလုံး ကို ရောထွေးပြီး တည်ဆောက်သင့်ပါတယ်။ အဲဒီနည်းနဲ့ တည်ဆောက်ထားတဲ့ password တခုကို password hacking လုပ်ဖို့ အတော် ခက်ခဲပါတယ်။ လုပ်လို့ မရဘူးလို့ မဆိုလိုပါ။ အလွယ်တကူ လုပ်ဖို့ မဖြစ် နိုင်တာကို ပြောနေတာပါ။

အထက်မှာ ဖော်ပြထားတဲ့ နမူနာ password ကို ကြည့်ကြည့်ပါ။ စာလုံးရေ ၂၂ လုံးထိ ပါပါ တယ်။ အဲသည် password ကို တော်ရုံ ဟက်လုပ်ဖို့ မလွယ်ပါဘူး။

အဲသည်တော့ ညီအကို မောင်နှမတွေအားလုံး ခု ကျနော်ရေးတဲ့ ဒီစာကို ဖတ်မိတဲ့ နေ့ကနေစပြီး ကိုယ့် password တွေကို ၂၂ လုံး ပြည့်အောင် change လိုက်ကြပါ။

၂။ password ကို အလွတ်ရအောင် ကျက်ထားပါ

အတော်များများက ကိုယ့် password ကို ကိုယ်ကိုယ်တိုင် မမှတ်မိပါဘူး။ ဒါကြောင့်မို့ တနေရာရာမှာ ရေးထား တတ်ကြပါတယ်၊ မှတ်ထားတတ်ကြပါတယ်။ အဲလိုမျိုးနဲ့ တစုံတဦးက သိသွား ရသွားနိုင်တာပါပဲ။ အဲသည် အကျင့် ရှိရင် သည်နေ့ကစပြီး ဖျောက်လိုက်ပါတော့။ ကိုယ့် password ကို ကိုယ် အလွတ်ရအောင် ကျက်ထားကြပါ။ ကိုယ့်သားသမီး နံမည်ကို ကိုယ်သိနေသလိုမျိုးပေါ့လေ။ ခင်ဗျားတို့ သားသမီးနံမည်ကို ခင်ဗျားတို့ အိမ်နံရံမှာ မှတ်စု စာအုပ်မှာ ရေးမထားဘူး မဟုတ်လား။


၃။ password ကို တလတခါ ပြောင်းပါ

အထက်မှာ ကျနော် ပြောခဲ့သလို password ကို ၂၂ လုံးထိ တည်ဆောက် ထားလည်း စိတ်ချလို့ မရနိုင်ပါဘူး။ ဒါကြောင့် မို့လို့ အပို ထပ်ဆောင်းတဲ့ အနေနဲ့ password ကို တလတခါ ပြောင်းလဲသင့်ပါတယ်။ G-Mail account မှာ Change Password ဆိုတာ ရှိပါတယ်။ တလဆခါ မပြောင်းချင်ရင်တောင် ၂လ တခါ ၃ လတခါမျိုး ပြောင်းသင့်ကြောင်းပါ။


၎။ password ကို auto save မလုပ်ပါနဲ့

password ရိုက်ထည့်ရတဲ့ Web site တွေမှာ ကျနော်တို့ password ရိုက်ထည့်တိုင်း browser အများစုဟာ မေးလေ့ရှိပါတယ် - ဒီ password ကို save လုပ်မလား။ တချို့လည်း ကိုယ်တိုင် မမှတ်ချင်တာရယ် မရိုက်ချင် တာရယ်ကြောင့် password ကို Auto Save လုပ်လိုက်ပါတယ်။ နောက်တခါ အဲ Web site တွေကို ၀င်ရင် password ရိုက်စရာ မလိုတော့ပါဘူး။ G-mail ကို ၀င်ရင် ဥပမာ FireFox မှာ မေးပါတယ်။ အဲလိုမျိုး Auto Save တွေကို ဘယ်တော့မှ မလုပ်ပါနဲ့။ အပင်ပန်းခံပြီး ကိုယ်တိုင် လက်နဲ့ password ကို ရိုက်ထည့်ပါ။ ဒါဟာ လုံခြုံရေး အတွက် စိတ်အချရဆုံးပါပဲ။ ကိုယ့် password တွေကို Auto Save လုပ်ထားရင် အဲ ကွန်ပြူတာမှာ ဘယ်သူမဆို ကိုယ်သွားတဲ့ Web Site တွေကို password မသိလည်း ၀င်လို့ ရနေပြီပေါ့။ G-Mail password ကို Auto Save လုပ်ထားမိရင် အဲကွန်ပြူတာမှာ ဘယ်သူမဆို ကိုယ့် G-Mail ကို ဖွင့်လို့ ရနေပြီလေ။ ဒါဆို G-Mail account ရှိမှ ရေးလို့ရတဲ့ blog ကတော့ ပြန်ပေးဆွဲခံရမှာ- အသတ်ခံရတော့မှာ အသေအချာပါပဲ။ အဲတော့ ဒီနေ့စပြီး password တွေကို Auto Save မလုပ်ကြပါနဲ့တော့။

ဒုတိယ ပြောချင်တာကတော့ blog နဲ့ ပတ်သက်လို့ပါ။

၁။ blog ကို backup လုပ်ပါ

ကိုယ့်ဘလော့ဟာ ကိုယ့်သားသမီးဆိုရင် ကိုယ့်သားသမီးကို တနှစ်တခါလောက် ဖြစ်ဖြစ် အမှတ်တရ ဓါတ်ပုံ ရိုက် သလိုမျိုး ကိုယ့် blog ကို ကိုယ် တလတခါလောက်တော့ backup လုပ်ပါ။ blog ကို ၀င်လိုက်ရင် setting Tab မှာ Export blog ဆိုတာ ရှိပါတယ်။ ကိုယ်ရေးထားသမျှ အားလုံးကို ကိုယ့် ကွန်ပြူတာမှာ ပြန်သိမ်းထားလို့ ရပါတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် ဘလော့ကို ပြင်ဆင်ချင်ရင်တောင် ပို့စ်တွေ ပျောက် မသွား အောင် သိမ်းထားလို့ရပါတယ်။ အထူးသဖြင့် Template တွေ ပြောင်းချင်ရင် နဂိုရ် ပို့စ်တွေကို မပျောက် မပျက် သိမ်းထားလို့ ရပါတယ်။

၂။ blog ကို shadow copy ထားပါ

အထက်မှာ ကျနော် ပြောခဲ့တဲ့ blog backup ကလည်း တကယ်တော့ ကျနော့် အတွေ့အကြုံအရ အစစ အရာရာ အားလုံး အဆင် မပြေပါဘူး။ ကျနော်ကတော့ ကျနော့်ဘလော့ တခုခု ဖြစ်သွားမှာ အမြဲ စိုးရိမ် ကြောင့်ကျတော့ တခုမှ မပျောက်ဆုံးအောင် အမြဲပဲ ရှာကြံ စဉ်းစားနေခဲ့တာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် ဘလော့က ကျနော့် သားကလေးမို့လို့ပါပဲ။ ဒါကြောင့်မို့ blog backup ကသာ တကယ်လို့ fail ဖြစ်ခဲ့ရင် ကျနော့်မှာ Plan-B ရှိရမယ်လေ။ ကျနော့်ရဲ့ Plan-B ကတော့ ရိုးရှင်းပါတယ်။ ကျနော့် ဘလော့ရဲ့ ပုံရိပ်ဘလော့တခုပါပဲ။ Address ကတော့ မတူဘူးပေါ့။ Shadow Copy လို့ ကျနော် ပြောရင် လွန်သွားမလား။ ညီအကို မောင်နှမတွေ အားလုံး အဲလို Shadow Copy Blog တခု ရှိသင့်တယ်။ ဒါမှ ကိုယ့် ဘလော့ တစုံတရာ ဖြစ်သွားရင် အသက်ကယ်လို့ ရမယ်လေ။

Shadow Copy Blog ကို ဘယ်လိုလုပ်ရမလဲ ကျနော့်ကို မမေးနဲ့နော်...း)

ဘာပဲဖြစ်ဖြစ် သိချင်တာရှိရင် ကျနော့်ဆီ မေးလ်ပို့ပြီး မေးကြပါ။
ညီအကိုမောင်နှမတွေအားလုံး လူအချင်းချင်းနှောက်ရှက်ခြင်း ကင်းဝေးကြပါစေ။