Oct 8, 2008

အချစ်ဆိုသည်မှာ














အဖြူရောင် ပန်းတပွင့် ဖြစ်ပြီး
အနက်ရောင် ပန်းတပွင့်လည်း ဖြစ်သည်။

၁ + ၁ = ၁ ဖြစ်သည့် အရာ ဖြစ်ပြီး
၁ + ၁ = ၂ ဖြစ်သည့် အရာလည်း ဖြစ်သည်။

တခါတရံ ၁ + ၁ = ၀ ဖြစ်တတ်သည့် အရာ ဖြစ်ပြီး
တခါတရံ ၁ + ၁ = အဆုံးအစမဲ့ ဖြစ်တတ်သည့် အရာလည်း ဖြစ်သည်။

စီးကရက် မီးခိုးငွေ့တခုလည်း ဖြစ်ပြီး
မီးမညှိရသေးသော စီးကရက် တလိပ်လည်း ဖြစ်သည်။

ကြည့်မှသာ မြင်ရသော လရောင်အပြာ ဖြစ်ပြီး
မကြည့်ဘဲ မြင်နေရသော လရောင် မှုန်မွှားလည်း ဖြစ်သည်။

ညဥ့်အခါကျမှသာ မြင်ရသော ပိုးစုန်းကြူးတကောင် ဖြစ်ပြီး
နေ့အခါတွင် မမြင်ချင်အဆုံးသော ပျံလွှားငှက် တကောင်လည်း ဖြစ်သည်။

အနက်ရှိုင်းဆုံး အရပ်မှလာသော အတိုးတိမ်ဆုံး အသံဖြစ်ပြီး
အနိမ့်ပါးဆုံး အရပ်မှလာသော အပေါက်ကွဲဆုံး မိုးခြိမ်းသံလည်း ဖြစ်သည်။

လေဟာနယ်တကာထက် ပိုမို လစ်ဟာနေသော အရာ ဖြစ်ပြီး
အသိပ်သည်းဆုံးဒြပ်ထုများကို သယ်ဆောင်ထားသည့် တွင်းနက်တလုံးလည်း ဖြစ်သည်။

ကမ္ဘာဦးကျမ်းပါ အမှောင်တကာထက် ပိုမိုမှောင်သော အမှောင် ဖြစ်ပြီး
ဘုရားသခင် ဖန်ဆင်းသော အလင်းထက် ပိုမို တောက်ပသော အလင်းရောင်လည်း ဖြစ်သည်။

ရေသာမက အခြားအရာများကိုပါ ထည့်ယူသယ်ဆောင်နိုင်သော ရေပုံး အလွတ် တပုံး ဖြစ်ပြီး
အခြားအရာများမှလွဲ၍ မည်သည့် ရေကိုမျှ မသယ်ယူနိုင်သော ခြင်းကြားတလုံးလည်း ဖြစ်သည်။

နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို သူ့ခြေဖ၀ါးအောက်မှာ နင်းထားသူ ဖြစ်ပြီး
နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို အံ့သြဘွယ်ရာ သူ့ ဦးခေါင်းထက်မှာ တင်ထားနိုင်သူလည်း ဖြစ်သည်။

တစုံတရာများဖြင့် ဖြည့်ဆည်း ပြည့်နှက်နိုင်စေသော အခန်းလွတ် တခု ဖြစ်ပြီး
ဖြည့်ဆည်းပြီးသည့်တိုင် အမြဲတစေ လိုအပ်နေတတ်သော ထပ်မံဖြည့်စွက်နေရဦးမည့် ကွက်လပ်တခုလည်း ဖြစ်သည်။

တစုံတရာနှင့် တစုံတဦး အကြား၊ တစုံတဦးနှင့် အခြား တစုံတဦးအကြား ချည်နှောင်ထားသော ကိုယ်ပျောက်ကြိုး တချောင်း ဖြစ်ပြီး
သူ၏ အတိုင်းအဆကို အလျား x အနံ x အမြင့် = ထုထည် ဟူသော ပုံသေနည်းဖြင့် ညီမျှခြင်းချမရသည့် ကြီးမြတ်သော ကြိုးတချောင်းလည်း ဖြစ်သည်။

ဦးနှောက်ဆိုသော အရာမှ ထွက်လာပြီး နှလုံးသားဆိုသောအရာကို ကျဉ်စက်ဖြင့် သွားသွားတို့တတ်သော လျှပ်စစ်လှိုင်းများ ဖြစ်ပြီး
နှလုံးသားဆိုသော အရာမှ ထွက်လာပြီး ဦးနှောက်ဆိုသောအရာကို လက်ထိပ်ခတ်ထားလေ့ရှိသော အလင်းလှိုင်းများလည်း ဖြစ်သည်။

မသိနားမလည်ခြင်းဟူသမျှ၏ ဖခင်ဖြစ်ပြီး
သိနားလည်ခြင်းဟူသမျှ၏ မိခင်လည်းဖြစ်သည်။

အစအားလုံး၏ အဆုံးဖြစ်ပြီး
အဆုံးအားလုံး၏ အစလည်းဖြစ်သည်။

သူကိုယ်တိုင် အာဒမ်ဖြစ်ပြီး
သူကိုယ်တိုင် ဧ၀လည်း ဖြစ်လေသည်။

သူကိုယ်တိုင် တားမြစ်ထားသော ပန်းသီးတလုံးဖြစ်ပြီး
သူကိုယ်တိုင် ဖန်ဆင်းတတ်သော ဘုရားသခင်လည်း ဖြစ်လေသည်။

ATN

ကူးစက် ခံစားနိုင်ကြဖို့ရာ အောက်ပါ မိတ်ဆွေများကို TAG ပါသည်။ အချိန်ရက ရေးကြပါရန်။

mirror၊(ရေးပြီး) တူးတူးသာ၊(ရေးပြီး) ခေါင်ခေါင်၊(ရေးပြီး) လင်း၊(ရေးပြီး) သက်ဝေ၊(ရေးပြီး) ပန်ဒိုရာ၊(ရေးပြီး) တောကျောင်းဆရာ၊(ရေးပြီး) မျက်ဝန်းနက်၊(ရေးပြီး) ဇင်ယော်၊ တူမောင်မျိုး၊(ရေးပြီး)
သစ်နက်ဆူး၊(ရေးပြီး) မျိုးဝင်းဇော်၊ လင်းထက်၊(ရေးပြီး) မောင်ဖုန်းမြင့်၊ (ရေးပြီး)

13 comments:

သက်ဝေ said...

မင်္ဂလာပါ...
သတိတရ Tag ထားပေးတာကျေးဇူးပါ အကိုရေ့ .. နောက်နှစ်ရက်လောက်နေရင် ရေးပေးပါ့မယ်နော်...

အကိုရေးထားတဲ့ အချစ်အကြောင်းက ပြည့်စုံလွန်းလို့  ကိုယ်တိုင်ရေးဖို့ ကို နဲနဲတော့ လန့် သွားတယ်... ဟီး
ဒါပေမယ့် နားလည်ထားသလို ရေးကြည့်မယ်နော်...။

Anonymous said...

ရေးမယ် အန်ကယ် တူမောင်ကဒါမျိုးဆို သိပ်ရေးချင်တား) ရေးထားတာလေး နုနုလေးတွေ လှလိုက်တာ စာသားတွေနဲ့  လူပျိုလေးတောင်မရေးတက်တော့ဘူး ကော်ပီနည်းနည်းကူးမယ် ရတယ်ဟုတ်....။

Anonymous said...

ုကိုကြီးအောင်သာငယ်ရေ ခုလိုသတိတရတက် တာကျေးဇူးပါ ရှေ့ကသွားတဲ့သူကကောင်းလွန်းနေတော့ နောက်ကလိုက်မယ့် ကျွန်တော်ကနည်းနည်းတော့ တွန့်တယ်ဗျ ဒါပေမယ့် ရုပ်လုံးပေါ်လောက်အောင် မှီအောင် မလိုက်နိုင်ပေမယ့် အခိုးငွေ့လောက်တော့ လိုက်နိုင်အောင်ရေးရမှာပေါ့ ဟုတ်ဘူးလား ....:D

MANORHARY said...

လက်တမ်းပုံပြင်တွေ ဖတ်ရဦးတော့မှာပေါ့...ပျော်စရာကြီး...း)

mama said...

အသက်အရွယ်.. အချိန် အခါ
နေရာဒေသ ... ကာလတွေလဲ မရွေး
အကြိမ်ကြိမ် အထပ်ထပ် လဲ
မွေးဖွား နိုင်သေး တယ်.....

Chaos said...

အချစ်အကြောင်းလေးမှာ မိန်းမူးသွားတယ်။
ကဗျာလှလှလေးပဲ အစ်ကိုရ

Myo Win Zaw said...

မျက်ဝန်းနက်ပြောသလိုဘဲ ဦးနှောက်စားပြီဗျာ နောက်က လိုက်ရတာ

Kaung Kin Ko said...

အချစ်အကြောင်းဖွဲ့ လိုက်တဲ့ ကဗျာလေးလှလိုက်တာ အစ်ကို။

နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို သူ့ခြေဖ၀ါးအောက်မှာ နင်းထားသူ ဖြစ်ပြီး
နိုင်ငံတော် အာဏာနှင့် ကောင်းကင်နိုင်ငံတော်ကို အံ့သြဘွယ်ရာ သူ့ ဦးခေါင်းထက်မှာ တင်ထားနိုင်သူလည်း ဖြစ်သည်။

အဲဒီ့ အပိုဒ်ကိုတော့ အကြိုက်ဆုံးပဲ။

ခေါင်ခေါင် said...

အစ်ကို ရေးထားတာတွေနဲ့တင် ပြည့်စုံနေပြီပဲ..
လေးစားပါတယ်အစ်ကိုရယ်..

ရေးထားတာလေးတွေ အရမ်းလှလို့ပါ...
ကြိုးစားပြီးရေးကြည့်မယ်နော်...

Tag တဲ့အတွက်လဲ ကျေးဇူးအထူး

Moe Cho Thinn said...

တို့အကိုကြီးက အသေအချာကို လေ့လာ တွေးတော ခံစားထားတာပဲ။ ပြည့်စုံလိုက်တာ။
အချွန်နဲ့ မ ရရင် definitions ချည်း မဟုတ်ဘဲ ကိုယ်တွေ့ အဖြစ်အပျက်လေးလဲ ရေးသင့်တာပေါ့..နော်။
ဒီအကြောင်းအရာကို မ tag တဲ့ အတွက်လည်း ကျေးဇူး အထူး..။ :)

Myo Win Zaw said...

အစ်ကိုရေ ခဏတော့စောင့်ပါနော်

ဇင်ယော် said...

အစ်ကိုရေ ရေးထားချက်က လန်ထွက်နေတယ်။ ကျနော်တို့ တောင် လိုက်မမှီပဲ တရွတ်တိုက်ပါကုန်ပြီ။ သေချာတာတော့ ရေးရင် အစ်ကို့ ခြေဖျားတောင် မှီမှာမဟုတ်ဘူး။ ရေးမယ်နော် စာမေးပွဲ နီးနေလို့  ခဏစောင့်ပေး။

kay said...

အား..ဒီဘလော့မှာ.. အချစ်တွေ လျှံ ထွက်နေပါလား။ မချိုသင်းပြောသလို..ဒီအကြောင်းအရာကို မ တက်ဂ် တာ..ကျေးဇူးတင်လိုက်ပါတယ်။း)