Oct 21, 2008

မြစ်
























ဟောဒီမှာ...
ခေါင်းကိုက်နေတဲ့မြစ်ပါ့
သီချင်းဟောင်းတွေကိုပဲ အသစ်လုပ်ဆိုနေရ...

မြစ်ရဲ့ရင်ကတော့ ပတ်ကြားတွေ အက်အက်
အလင်းရောင်တွေပဲ ပဲ့ပဲ့ထွက်နေပေါ့....

ပြောင်းပြန်စီးတဲ့ သွေးတွေ
နောက်ကျသွားတဲ့ ဖနောင့်တွေ
လေထီးလွယ်ထားတဲ့ သူရဲကောင်းတွေ
ကြွေအံကစားရာနေရာမှာ
မြစ်ဟာ မစီးဆင်းလေဘူး...

စိတ်.... ပျက်တယ်
သိပ်.... ခက်တယ်
အိပ်.... မက်တယ်
နှိပ်.... စက်တယ်
ကိုယ့်ဘ၀ဇာတ်ဆရာရယ်....ဆိုပြီး
ဗဒင် လို
မြစ်ဟာ..မငိုဘူး...

အက်စစ်ကို
ဖက်ဆစ်လို့
မင်းတို့ ဖတ်နေရတာဟာ
ခက်ဆစ်ကို နားမလည်လို့လား....
မြစ်က မေးတယ်။

ဒီလိုနဲ့
မင်းမသိလိုက်တဲ့နေ့မှာ
အိမ်ရှေ့က ဖြတ်မောင်းသွားတဲ့ကားတစင်းလို
အဲဒီမြစ် စီးဆင်းသွား...

အဲဒီနေ့ဟာလည်း မင့်နေ့ပဲမောင်
မြစ်ရဲ့ အရောင်ကို မောင်ရင် မသိသမျှ
လိုက်လို့လည်း မမှီရလေဘူး။

ATN

(အပြင်းစားတပုဒ်လောက်ရေးပါဦးလို့ ဆိုတဲ့ ညီငယ် ဆောင်းယွန်းလအတွက် အမှတ်တရ)

6 comments:

ဆောင်းယွန်းလ said...

ပြောင်းပြန်စီးတဲ့ သွေးတွေ
နောက်ကျသွားတဲ့ ဖနောင့်တွေ
လေထီးလွယ်ထားတဲ့ သူရဲကောင်းတွေ
ကြွေအံကစားရာနေရာမှာ
မြစ်ဟာ မစီးဆင်းလေဘူး...

အကိုရေ.ကဗျာကတကယ့်အပြင်းစားပါဘဲ..ကြိုက်တယ်
ဗျာ..အထူးသဖြင့်အထက်ပါအပိုဒ်လေးရဲ့ဆိုလိုရင်းကိုပေါ့
အကောင်းနဲ့အဆိုးတွေကတော့နေရာတကာမှာဒွန်တွဲပြီး
တွေ့နေရဦးမှာဘဲလေ..ကျနော်တို့ဖြတ်သန်းလာခဲ့တဲ့
ဖြတ်သန်းနေတဲ့..ဖြတ်သန်းရဦးမယ့်ဘဝတလျောက်မှာ
ပေါ့...သစ္စာဖောက်သူတွေ..ဒူးထောက်သူတွေ..လက်မြှောက်သူတွေအဖုံဖုံပေါ့...
ကဗျာလေးအတွက်ကျေးဇူးအထူးပါအကိုရေ.....

Kaung Kin Ko said...

ကဗျာလေး ဖတ်သွားတယ် အစ်ကို။ မြစ်ရဲ့ အရောင်ကို သိဖို့ ကြိုးစားပါ့မယ်။

သစ်နက်ဆူး said...

ကိုအောင်ရေ...
ကဗျာလာဖတ်တယ်...။
အတွေးတွေ ကောင်းလိုက်တာ ကိုအောင်ရာ..။
ကျနော် ကိုအောင့်ကဗျာတွေ အားလုံးနီးပါး ကြိုက်တယ်..
သိမ်းလိုက်ဦးမယ်ဗျာ...။

kay said...

မြစ်ရဲ့ အရောင်ကို မောင်ရင် မသိသမျှ
လိုက်လို့လည်း မမှီရလေဘူး။
----
အဲဒီ အဖွဲ့လေး ကို သဘောကျ မိတယ်။ ဒိုင်ယာရီ များလည်း စောင့်ဖတ်နေပါတယ်။း)

Nyein Chan Aung said...

ကောင်းတယ်ဗျာ..။ တခြားစကားလုံးမတွေ့လို့ ဒီတစ်လုံးတည်းပဲ ပြောတာပါ။ သိပ်ကောင်းတယ်။

ATN said...

ဆောင်းယွန်းလ - အကိုကတော့ ညီ ဖတ်ချင်တယ်ဆိုလို့ ရေးပေးတာဟေ့...
ကောင်းကင်ကို - အရောင်က အရေးကြီးတယ် ညီရေ့ ..း)
ကိုသစ် - သိမ်းပြီးရင် ထုတ်ဝေသူလည်း လုပ်ပေးဦးဗျး)
မကေ - သဘောကျတယ်ဆိုလို့ ၀မ်းသာ ပါတယ်ဗျာ။
ငြိမ်းချမ်းအောင် - ကျေးဇူး ညီရေ့...