Oct 15, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၈)

ကဲ.... ဆက်ရေးလိုက်ပါပြီဗျား ဒိုင်ယာရီ (၈) မရေးမချင်း နားလာပူနေတော့ အားနာလို့ (လူကတော့ ခေါင်းကိုက်နေတုန်းပဲ)

ဒါမဲ့ မရေးခင်လေး နည်းနည်းတော့ ပလ္လင်ခံပါရစေဦး။ ကျနော် ခုရေးနေတဲ့ ဖလူးဆိုတဲ့ ခံတပ်ကြီးက ဘယ်မှာ ရှိတယ်ဆိုတာ မသိကြတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကြောင့် မြေပုံလေးလည်း ထည့်ပေးရင် ပို ကောင်းသွားမလား စဉ်းစားမိတာနဲ့ မြေပုံလေး (၂)ပုံလည်း Windows က Paint လေးနဲ့ ဆွဲပေးလိုက်ပါတယ်။ အနားမှာကလည်း လက်တကမ်းမှာ ဘာမြေပုံမှ မရှိဘူးဆိုတော့ ထုံးစံအတိုင်း Google ပဲ အားကိုးရတော့တာပါပဲ။

အောက်က ပုံ (၂) ပုံအနက် ပထမပုံထဲက အနီဝိုင်းကြီးက မြ၀တီမြို့ပါ။ အဲမှာ န၀တ စစ်တပ် ရှိပါတယ်။ အဲကနေပဲ ၁၂၀ မမ မော်တာ (စိန်ပြောင်း) ၁၀၅ မမ အမြောက်တွေနဲ့ ဖလူးခံတပ်ထဲကို လှမ်းပစ်တတ်ပါတယ်။ အနီဝိုင်းလေးကတော့ ဖလူးခံတပ်ပါ။















ဒုတိယပုံကတော့ ဖလူးခံတပ်ရဲ့ အနီးကပ်ပုံပါ။ ကျနော် ပြောခဲ့သလိုပါပဲ - သုံးဖက်သုံးတန်က သောင်ရင်းမြစ်ပါ။ အိုမီဂါပုံရဲ့ ပွင့်နေတဲ့ဖက်က ကျနော်တို့ တပ်တွေနဲ့ န၀တတပ်တွေ တိုက်ရိုက် ထိတွေ့ရာ ထိပ်တိုက် ဖြစ်ပါတယ်။ ဒုတိယပုံမှာ ပါတဲ့ အနီရောင်မျဉ်းတန်းက ဖလူး ခံတပ်ထဲမှာ ကျနော်တို့ ရှိစဉ်က တာဝန်ယူ တပ်စွဲခဲ့ရတဲ့ နေရာပါ။ ထိပ်တိုက်နဲ့ ကပ်လျက် ဖြစ်ပါတယ်။
















နောက်တခါ ပြောပြစရာ ရှိတာက ဖလူးခံတပ်မှာ ကျနော်တို့ တိုက်နေကြရတာက လှုပ်ရှားစစ်ကြောင်းတွေ မှာလို တိုက်ခိုက်နေကြတာမျိုး မဟုတ်ပါဘူး။ ရန်သူန၀တတပ်က ဒီဖလူးခံတပ်ကို လက်ရသိမ်းမိမှ ဒီခံတပ်ကြီးက ကာကွယ်ပေးထားတဲ့ လွတ်မြောက်နယ်မြေတွေကို စိုးမိုးနိုင်မယ်ဆိုတာ သိပါတယ်။ ဒါကြောင့်လည်း တန်ဖိုး အများကြီး ပေးပြီး လက်ရသိမ်းနိုင်ဖို့ ကြိုးစားနေတာပါပဲ။

မြေအရှင်၊ ထိုးစစ်အရှင်၊ ခံစစ်အရှင် ဖြစ်တဲ့ လှုပ်ရှား စစ်ကြောင်းတွေမှာကတော့ စိုးမိုးကုန်း (သို့မဟုတ်) မဟာဗျူဟာအရ အချက်အခြာ ကျတဲ့ နေရာ (Strategic Position) တွေကို မရရအောင် နေရာယူကြရပါတယ်။ မရရင်လည်း ရအောင် တိုက်ယူကြရပါတယ်။ အဲလို စိုးမိုးကုန်းတွေ ရတဲ့တပ်က အပေါ်စီး (Superiority) ရပြီး ပြီဆိုရင် တိုက်ပွဲရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးနိုင်တဲ့ နေရာ (Decisive Position) ကို ရောက်သွားတာပါပဲ။ ဒါကြောင့် လှုပ်ရှား စစ်ကြောင်းတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အချိန်ကာလအရ သိပ်မကြာသလို တပ်ကို ဦးစီး ကွပ်ကဲတဲ့ တပ်မှူးတွေရဲ့ စစ်ရည် ပြည့်ဝမှု အပေါ်မှာလည်း အောင်ပွဲက အများကြီး မှီခိုနေတာကို တွေ့ကြရပါတယ်။

ဒါပေမယ့် မြေအသေ၊ ခံစစ်သေမှာကတော့ အဲလို မဟုတ်တော့ပါဘူး။ ကျနော်တို့က ခံတပ်ထဲကနေနေပြီး ခံတပ်ကို ထိုးစစ်ဆင်လာမယ့် ရန်သူကို ထိုင်စောင့်နေရတာပါ။ ပြောရရင် (Defensive Position) ပါ။ ရန်သူကို ကိုယ်က မတိုက်နိုင်ပါဘူး။ ရန်သူက လာတိုက် (Offensive) နေတာကို ပြန်ပြီး ခုခံတွန်းလှန်နေရတာပါ။ ရန်သူက စိတ်ကြိုက်တိုက်ရတဲ့ အနေအထား (Offensive Position) မှာ ရှိနေတာပါ။ တကယ့်တကယ် ပြောကြကြေးဆို ခံစစ်သေ-သမားအတွက်က ပင်ပမ်းလှပါတယ်။ ရန်သူကဘယ်အချိန်၊ ဘယ်နေရာက စပြီး ထိုးမလဲဆိုတာ မသိနိုင်ဘူး။ ၂၄ နာရီလုံး (Round the Clock) နိုးကြားထကြွနေရတယ်။ အင်အား ပြုန်းတီးပါတယ်။ ရန်သူကတော့ တရေးအိပ်ပြီး တရေးနိုးမှ ထတိုက်လည်း ဖြစ်တယ်။ ဆိုတော့ အမြဲတမ်း ရန်သူက အသာစီးရနေတဲ့ (Superiority) အနေအထား ဖြစ်ပါတယ်။

နောက်တခုက ဖလူးခံတပ်ကို ကျနော်တို့ ရောက်တဲ့ အချိန်မှာတော့ န၀တတပ်တွေက နေ့စဉ်လိုပဲ ထိုးစစ်တခုကို ပုံမှန် သဘောမျိုး ထိုးလေ့ရှိပါတယ်။ နေရာတွေသာ ကွဲသွားတာပါ။ ညရောက်တာနဲ့ လက်နက်ကြီးမျိုးစုံနဲ့ စခန်းထဲကို ပစ်ခတ်ပါတယ်။ မဟာ ဗျူဟာမြောက် ပစ်ခတ်ခြင်း ဆိုတာ တချို့လည်း ကြားဖူးမှာပါ။ လက်နက်ကြီး ကျည်တွေက အတန်းလိုက်ကို ကျလာ ပေါက်ကွဲတာပါ။ ပြီးရင် သူတို့ တပ်တွေ ကပ်ချင်တဲ့ ဖက်ကိုဆိုရင် ပိုပစ်တယ်။ ပထမအချက်က သူတို့ တပ်တွေကို ပစ်ကူပေးတာပါ။ နောက်တခုကတော့ ပစ်ရှင်းတာပါပဲ။ ရှိသမျှ မိုင်းတွေရော အိုဗာဟက်တွေရောပေါ့လေ။ လက်နက်ကြီးတွေ အကျများတဲ့ နေရာတွေဟာ သူတို့ တက်ထိုးမယ့် နေရာတွေဆိုတာ သေချာနေတော့တာပါပဲ။

သည်တော့ ဖလူးခံတပ်ထဲမှာက စစ်ယဉ်ကျေးမှုတခုလည်း ဖြစ်လာနေပါတယ်။ မနက်မိုးလင်း(မနက် ၅ နာရီ) ကတည်းက ညနေ (၅နာရီ) အထိက အပစ်အခတ်ရပ်စဲသော (Cease Fire Period) အချိန် ဖြစ်နေပါတယ်။ နှစ်ဖက် သဘောတူထားတာ မဟုတ်။ ဘယ်ဖက်ကမှ မပစ်ကြတာပါ။ (ဒါမယ့် တခါတခါလည်း ပစ်ချင်တဲ့ အချိန် ပစ်တတ်ကြပါသေးတယ်)။ အဲနောက်ပိုင်းနာရီတွေကတော့ မီးကုန်ယမ်းကုန် ပစ်ခတ်သော အချိန်များပါပေ။

ဆိုတော့ အဲ အပစ်ရပ်အချိန်မှာ ကျနော်တို့ ထမင်းစားတယ်၊ ထမင်းချက်တယ်၊ ရေချိုးတယ်၊ ကိုယ့် အိုဗာဟက်တွေကို သဲအိတ်တွေနဲ့ အားဖြည့်တယ်၊ သေနတ်ပြောင်းတွေ တိုက်တယ်။ ဒါမဲ့ ကျနော်တို့ အဲဒါတွေ လုပ်နေချိန်မှာ ရန်သူ န၀တတ တပ်တွေကရော အိပ်နေမယ် ထင်ပါသလား။ ဝေးစွ။ သူတို့တွေလည်း သူတို့ အားတွေကို ဖြည့်နေတာပါပဲ။ ကတုပ်ကျင်းတွေ နက်နက် ထပ်တူးတယ်။ လျှောက်မြောင်းတွေ ပိုရှည်ရှည် ထပ်တူးတယ်၊ ကျနော်တို့နဲ့ အနီးကပ်ဆုံးဖြစ်အောင် လျှောက်မြောင်းတွေကို ထပ်တူးတယ်။ ဖြည်းဖြည်းချင်း အနားကပ်တယ်။ သူတို့ လျှောက်မြောင်းတွေ တူးနေတာကို သာမန် မျက်စေ့နဲ့တောင် မြင်နိုင်တဲ့အထိ အနားကပ်ပြီး ရှိနေပါတယ်ဗျာ။

အဲလိုနဲ့ ကျနော်တို့ ၆ ယောက် နောက်တန်းကနေ အရံကျည်တွေ သယ်ပြီး ကိုယ့်နေရာတွေဆီ ပြန်ရောက် လာပါတယ်။ ကျနော်တို့ အားလုံး ကိုယ့်နေရာ ကိုယ်ပြန်ရောက်တော့ မနက် ၁၀ နာရီ ခွဲ ကျော် နေပြီ။ ဗိုက်တွေ ကလည်း ဆာနေပြီ။ နောက်တော့ နောက်တန်း ကနေ ပို့ပေးလာတဲ့ ထမင်းထုပ်တွေကို မနက် ၁၁ နာရီလောက် မှာ စပြီး ရပါတယ်။ ဖားအံခရိုင်က ကျောင်းသူကျောင်းသားတွေ ထုပ်ပေးတဲ့ ထမင်းထုပ်တွေပဲလို့ သိရပါတယ်။ ထမင်းထုပ်တွေ အများစုကတော့ ထမင်းနဲ့ ငါးပိချက်တွေပဲ ထည့်ထားတာပါ။ နောက်တော့ စာတွေလည်း ပါပါသေးတယ်။ ဒါမဲ့ အားလုံးလိုလိုက ကရင်လိုပဲ ရေးထားတဲ့ စာတွေပါ။ ဘာပဲဖြစ်ဖြစ် အဲ ထမင်းထုပ်တွေ ကတော့ ကျနော်တို့ကို အားဖြည့်ပေးတာပါပဲ။

ဒီလိုနဲ့ ထမင်းစားပြီးတဲ့နောက် တနေ့လည်လုံး ကိုယ့်အိုဗာဟက်ပေါ်ကို သဲအိတ်တွေ ထပ်ဖြည့်၊ လျှောက်မြောင်းတွေကို နောက်ထပ် နက်သည်ထက် နက်အောင်တူးတာနဲ့ပဲ အချိန်က ကုန်သွားပါတယ်။ ညနေရောက်တော့ အားလုံးပဲ ကိုယ့် အိုဗာဟက်လေးတွေထဲ ကိုယ်ဝင်ကြပေါ့။

ကျနော်လည်း ညနေမတိုင်ခင်လေးမှာ ခဏတော့ အိပ်လိုက်ပါသေးတယ်။ နောက်တော့လည်း ပြန်နိုး လာတာပါပဲ။ ဒီလိုနဲ့ ညနေ ၅ နာရီကျော်မှာ ပထမဆုံး လက်နက်ကြီးသံ စပြီး ကြားရတော့တာပါပဲ။ လက်နက်ကြီး အများစုကတော့ မော်တာခေါ်တဲ့ စိန်ပြောင်းတွေ ကြီးပါပဲ။ ဘာလို့လဲဆိုတော့ - အဲလက်နက်ကြီး တွေ ကပဲ တောင်တွေကို ကျော်ပြီး ပစ်နိုင်တာကိုး။ အဲတော့ ဖလူးခံတပ်ထဲကို အတား အဆီးတွေ ကျော်ပြီး ပစ်လို့ အကောင်းဆုံးကတော့ မော်တာ (စိန်ပြောင်း)တွေကြီးပါပဲ။ အဲတော့ ညနေဆိုရင် ထုံ-ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံတွေကို အရင်ဆုံး စကြားရတော့တာပါပဲ။ အဲအသံတွေက မော်တာဆံတွေ မော်တာ ပြောင်းဝကနေ ခုန်ထွက်သွားတဲ့ အသံတွေပါပဲ။ နောက်တော့ ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဆိုတဲ့ အသံတွေကို ကြားရပါတော့တယ်။ မော်တာကျည်တွေ ကျကွဲတဲ့ အသံတွေပေါ့။ အထူးသဖြင့် မော်တာဆံတွေက ကိုယ့် အနားကို မကျရင်ပေါ့လေး)

အဲလိုနဲ့ တချိန်လုံး ထုံ-ထုံ-ထုံ .... ဂျိမ်း-ဂျိမ်း-ဂျိမ်း.... ဆိုတဲ့ အသံတွေကချည်းပဲ ဖလူးတခွင်လုံး စိုးမိုးနေပါတယ်။ ဒီလိုနဲ့ ညဥ့်ကစနက်လာပါတယ်။ ကျနော်တို့ တာဝန်ယူထားရတဲ့ နေရာမှာ ရှိတဲ့ ထိပ်တိုက်က ပွိုင့်ဖိုက် စက်သေနတ်ကြီး ရှိရာ အိုဗာဟက်ကြီးကို တာဝန် ယူထားရတဲ့ ကေအဲန်အဲလ်အေက ဗိုလ်ကြီးစိုးမိုးကတော့ သူ့ဆီက ပွိုင့်ဖိုက် စက်သေနတ်ကြီးကို တာဝန်ယူပစ်နေတဲ့ တပ်ကြပ်ကြီး ဆရာဇော်ခက်ကို ကျနော်တို့ဆီကို လွှတ်လိုက်ပါတယ်။

အဲငတိကတော့ ကျနော်တို့ ရောက်ကာစက ကျနော်တို့ကို သိပ် အစာကြေပုံမရပါဘူး။ နောက်တော့လည်း ကျနော်တို့နဲ့ ညီအကိုလိုကို ရင်းနှီးသွားပါတယ်။

ဟေး----ကျိုးဖိုးတွေ ---- (ကျိုးဖိုး-ဆိုတာက ကရင်လို ကျောင်းသားလို့ အဓိပ္ပါယ် ရပါတယ်) မင့်တို့ ဥက္ကဌ ဘယ်ရောက်သွားလဲကွ--သူက ကျနော်တို့ အိုဗာဟက် အ၀မှာ လာအော်နေတာပါ။

ဟိုး.... ကွန်ကရစ် အိုဗာဟက်ကြီးမှာဗျ။ ခင်ဗျားက ဘာလုပ်မလို့လဲ။ ထမင်းခေါ်ကြွေး မလို့လား--- ကျနော်က ပြန်အော်ပြီး နောက်လိုက်ပါသေးတယ်။

မဟုတ်ဘူးဟ.... ဗိုလ်ကြီးက နင်တို့ ဥက္ကဌကို တရား ဟောခိုင်းမလို့...ဟ...... သူပြန်ပြောတော့ ကျနော်လည်း စိတ်ဝင်စားသွားပါတယ်။ ဘာလို့ဆို ကျနော်တို့ စခန်း ဥက္ကဌက ကျောင်းဆရာလည်း လုပ်ဖူးတယ်။ ခရစ်ယာန် တရားဟောဆရာလည်း ဖြစ်တယ် မဟုတ်လား။

နေဦး... ကျုပ်သွားခေါ်ပေးမယ်... သူ့ကို ပြန်ပြောရင်း ကျနော်လည်း အိုဗာဟက်ထဲက တွားထွက်လာခဲ့တယ်။ နောက်တော့ ကိုထွန်းထွန်းတို့ အိုဗာဟက်ဆီကို လျှောက်မြောင်းအတိုင်း လျှောက်ပြီး ရောက်သွားပါတယ်။ သူတို့ အိုဗာဟက်ထဲရောက်တော့ -- အံမယ် ... ဆရာသမားတွေက ဘယ်ကရတယ် မသိ။ ထိုင်းက မဲခေါင် အရက် တလုံးနဲ့ ငြိမ့်နေကြပေါ့.... ဥက္ကဌကတော့ -- ဟေ့ကောင်... လာ.... ဒီမှာ တခွက်ချ....ဆိုတော့ ဘယ်ရမလဲ... တခွက်မကဘူး ၂ခွက် ၃ ခွက်လောက် ချပေးလိုက်တာပေါ့။ ပြီးမှ - ဥက္ကဌ... ဗိုလ်ကြီး စိုးမိုးက ခေါ်နေတယ်။ တရား ဟောခိုင်းမလို့တဲ့--- ကျနော်ကပြောတော့ --- အာ... ဒီလောက် ပစ်နေခတ်နေတဲ့ ကြားထဲ ဘယ့်နှယ် ငါ့ တရားလာဟောခိုင်းနေတာလဲ ဟ--လို့ ဥက္ကဌက ပြောတော့ -- ဘယ်သိမလဲဗျ။ သူ မသေခင် တရားပေါက်ချင်လို့ ဖြစ်မှာပေါ့... ကျနော်ကတောင် နောက်လိုက်ပါသေးတယ်။

ဒါနဲ့ပဲ ဥက္ကဌ ကိုစအောင်လွင်လည်း ကျနော်နဲ့ ထိပ်တိုက်ကို ပါလာပါတယ်။ ထိပ်တိုက်ရောက်တော့ ဗိုလ်ကြီးစိုးမိုးက သူ့လက်ထဲကို ဘက်ထရီသုံး လောက်စပီကာတလက် ထည့်ပေးပါတယ်။ -- ကဲ... အဲ...စစ်ခွေးတွေကို တရားလေး နည်းနည်းလောက်တော့ ဟောလိုက်ပါဦး.... ဆိုမှ --- အလိုဗျာ ... န၀တ စစ်တပ်ကို တရားဟောခိုင်းနေတာပါလား..... ဆိုပြီး သိတော့တယ်။ ဒီဆရာတွေ လုပ်လိုက်မှဖြင့် ပစ်နေ ခတ်နေတဲ့ ကြားထဲ လောက်စပီကာနဲ့ တရားဟောခိုင်းနေသေး။ ကြည့်ရတာ သူတို့လည်း မကြာခဏ တရား ဟောနေကြပုံရပါတယ်။ ဘက်ထရီသုံး လောက်စပီကာတောင် ဆောင်ထားတယ်ဆိုတော့...

ကျနော်တို့ စခန်း ဥက္ကဌကလည်း ကရင်ဆိုတော့ သူတို့ချင်း ပါကညော(ကရင်)လို -- ပုကျုပုကျု-- ပြောကြပြီး တော့ ဗိုလ်စိုးမိုး အိုဗာဟက်ဘေးနားက လျှောက်မြောင်းအစပ်မှာရှိတဲ့ ပစ်ကျင်း (Fox Hole) တခုမှာ ဥက္ကဌက လောက်စပီကာကြီး ကိုင်ပြီး သွားထိုင်တာကို ကျနော် တွေ့လိုက်ပါတယ်။အဲတာနဲ့ ကိုယ့်အိုဗာဟက ဆီကို မပြန်သေးပဲ သူဘာတွေပြောမလဲ နားထောင်ချင်သေးတာနဲ့ လျှောက်မြောင်းထဲက ကျနော် ရပ်ကြည့်နေပါ သေးတယ်။ အနားမှာလည်း ကရင်ရဲဘော် နှစ်ယောက်ကလည်း ကျနော့်လိုပဲ ရပ်ကြည့်နေပါတယ်။

နောက်တော့ လောက်စပီကာထဲက တကြီကြီ မြည်သံနဲ့အတူ ဥက္ကဌအသံကို ကြားရပါတော့တယ်။ အသေးစိပ် အတိအကျကိုတော့ ကျနော်လည်း မမှတ်မိတော့ပါဘူး။ သူပြောသမျှ အကြမ်းဖြင်းကတော့ အောက်ပါအတိုင်း ပါပဲ။

ဗမာ့တပ်မတော်က အရာရှိအရာခံ အကြပ်တပ်သားများ ခင်ဗျား။ ကျနော့်နံမည် ရဲဘော် စအောင်လွင်ပါ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) သေ့ဘောဘိုးစခန်းကပါ။ ကျနော်တို့ဟာ ၁၉၈၈ ခုနှစ် သြဂတ်စ်နဲ့ စက်တင်ဘာလများမှာ ဗမာပြည်အရပ်ရပ်က မြို့ပြ လမ်းတွေပေါ်မှာ ရဲဘော်တို့ ပစ်သတ်ခဲ့တဲ့ လူငယ်ကျောင်းသားတွေထဲက မသေကြွင်းကျန်ခဲ့တဲ့ ကျောင်းသား လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ အခုတော့ ကျနော်တို့ လက်ထဲမှာလည်း ရဲဘော်တို့လိုပဲ သေနတ်တလက်စီ ကိုင်ဆောင်ထားပြီးပါပြီ။ မြို့ပြလမ်းတွေပေါ်မှာလို ရဲဘော်တို့ ပစ်ခတ်သမျှကို လက်နက်မဲ့ ငြိမ်ခံနေကြမယ့် လူတွေ မဟုတ်တော့ပါဘူး။

မိုးက စွတ်ပက် စွတ်ပက်နဲ့ ရွာနေတဲ့ အေးစိမ့်စိမ့်ညမှာ လောက်စပီကာကထွက်လာတဲ့ ဥက္ကဌရဲ့ အသံက အတော့ကို ကျယ်လောင်ပါပေတယ်။ ထူးဆန်းစွာပဲ လက်နက်ကြီး ပစ်ခတ်သံတွေကလည်း ရပ်စဲသွားပါတယ်။ ပုဇင်းရင်ကွဲတွေ အော်နေတဲ့ တကျီကျီ အသံကလွဲပြီး အားလုံးက တိတ်ဆိတ်နေပါတယ်။ ဥက္ကဌကလည်း အရှိန်ရသွားလေတော့ ဆက်ပြောပါတော့တယ်။

အခုဆို သေ့ဘောဘိုးစခန်းက ကျောင်းသားတပ်မတော်ဟာ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အတူ လက်တွဲပြီး ရဲဘော်တို့ကို ချေမှုန်းဖို့ အခု ဖလူးခံတပ်ထဲကို ရောက်ရှိနေပါပြီ။ ကျနော်တို့ရဲ့ ကျောင်းသား တပ်မတော် တပ်ရင်း (၃) ရင်းဖြစ်တဲ့ နရာ့လေး (ဥက္ကဌက ကရင်လူမျိုးဆိုတော့ စကား မပီပါဘူး။ သူပြောတာ ကတော့ ၂၀၄ ပါ) နရာ့ငါးနဲ့ နရာ့ခြောက် ကျောင်းသားတပ်ရင်းတွေဟာ အခုဆို ရဲဘော်တို့ကို ချေမှုန်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ကျနော်တို့ဟာ ရဲဘော်တို့ကို မတိုက်ချင်ပါဘူး။ ရဲဘော်တို့ဟာ အထက်က ပေးတဲ့ အမိန့်တွေကြောင့် ဒီလို အခြေအနေကို ရောက်နေရတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အဲဒီတော့ ရဲဘော်တို့ကို ပေးနေတဲ့ မတရားတဲ့ အထက်က အမိန့်တွေကို တော်လှန်တဲ့ အနေနဲ့ အခု ကျနော်တို့ကို ချိန်ရွယ်နေတဲ့ ရဲဘော်တို့ရဲ့ သေနတ် ပြောင်းတွေကို အနောက်ကို ပြန်လှည့်ကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။ အဲလို မဟုတ် ခဲ့ရင်တော့ ရဲဘော် တို့ကို ကျနော်တို့ ကျောင်းသားတပ်မတော် တပ်ရင်း (၃) ရင်းက ချေမှုန်းရပါလိမ့်မယ်။

ဥက္ကဌရဲ့ စကားအဆုံးမှာတော့ ဗိုလ်ကြီးစိုးမိုးနဲ့ တပ်ကြပ်ကြီး ဇော်ခက် အပါအ၀င် ကျနော်တို့ ရပ်ကြည့်နေတဲ့ သူတွေ အားလုံးက လက်ခုပ်တွေတီးပြီး အားပေးလိုက်ကြပါတယ်။

ဗိုလ်ကြီးစိုးမိုးက --- ကိုအောင်လွင် ပြောနေတာကို ဒီကောင်တွေ နားထောင်နေတယ်ဗျ-- လို့ ပြောလို့ မဆုံးသေးခင်မှာပဲ တဒေါင်းဒေါင်းနဲ့ ဆွဲချလိုက်တဲ့ ဂျီဖိုး သေနတ်သံနဲ့အတူ လက်နက်ကြီး လက်နက်ငယ်တွေ အားလုံး ဥက္ကဌ တရားဟောခဲ့တဲ့ဆီကို စုပြုံ ပစ်ခတ်တော့တာပါပဲ။

ဟ--ဟ--- ဒီကောင်တွေ တကယ် ဆော်နေတာ..ဟ... မြန်မြန်ဝင်ကြ---- တပ်ကြပ်ကြီး ဇော်ခက်က ကျနော်တို့ အားလုံးကို ပြောရင်း သူ့ အိုဗာဟက်ကြီးထဲကို ပြေးဝင်သွားပါတော့တယ်။ ကျနော်လည်း -- ဥက္ကဌ - ခင်ဗျား တရားကတော့ အတော့ကို အောင်မြင် ပါပေတယ်-- လို့ ဥက္ကဌကို နောက်ပြောရင်း ကျနော်လည်း ကျနော့် အိုဗာဟက်ထဲကို အမြန်ပြေးဝင်ခဲ့ရပါတော့တယ်။ အဲနောက်တော့ ဥက္ကဌရဲ့ အောင်မြင်တဲ့ တရားတော်နဲ့ အညီ ကျနော်တို့ အားလုံး တညလုံး မအိပ်ရတော့ပါဘူး။ အဲအချိန်ကစပြီး ပစ်လိုက်တဲ့ လက်နက်ကြီးတွေက မနက် ၅ နာရီမှပဲ ရပ်ပါတော့တယ်။

အမှန်ကတော့ ခုခေတ်စကားနဲ့ ပြောရရင်တော့ -- စိုင်းစိုင်းခမ်းလှိုင်ရဲ့ - မင်းတို့ လက်တွေ လေထဲကို မြှောက်ထားလိုက် - ဆိုတဲ့ Rap သီချင်းကို ကျနော်တို့ ဥက္ကဌက နွားတွေကို သွားဆိုပြနေတာပါဗျား.....း)

(ဆက်လက် ဖော်ပြပါမည်)

9 comments:

ကောင်းကင်ကို said...

တော်သေးတာပေါ့ဗျာ။ ဟောတုန်း ခဏတော့ ဒီကောင်တွေ အပစ်ရပ်ပေးလို့ :D

Moe Cho Thinn said...

သူတို့လဲ ဘာများပြောနေပါလိမ့်ဆိုပြီး အစမှာ နားထောင်နေမှာပေါ့လေ။ :)
ဒါပေမဲ့ အခုလို ပြေရာပြေကြောင်း ပြောတာလေးတော့ သဘောကျပါတယ်။
ပြီးတော့မှ ရရင်ရ မရရင် ချ ပေါ့လေ..။ ဘယ်တတ်နိုင်မလဲ နော..။ ညှိလို့ မရတာ ကြာပြီပဲ။

thorn musem said...

ကိုအောင်....
ကိုအောင်တို့ ဥက္ကဌ ကတစ်ကယ်ဟောတော့ တစ်ကယ်ပစ်တာပေါ့ဗျ....
ဟောနေတုန်း စနိုက်ပါနဲ့ မကစ်တာ...တော်ပါသေးရဲ့ ..။
ဖတ်ပြီးရီလိုက်ရတာ...။

MaMa said...

ဟုတ်ပါ့... စနိုက်ပါနဲ့ အကစ်မခံရတာ တော်ပါသေးရဲ့..

မနေ့ထဲက စိတ်ညစ်စရာလေးရှိလို့ စိတ်ညစ်နေတာ..
ဒိုင်ယာရီ ၈ ကြောင့် .. ရီရတာနဲ့.. ရင်ထဲ အတော်ပေါ့သွားတယ်...

လွန်ခဲ့ နှစ်ပါင်း ၂၀ ဆယ်ပေမဲ့ ရေးချက်တွေ က
လတ်ဆတ်သစ်လွင်နေတာ မယုံနိုင်လောက်အောင်ပဲ ..

ပြီးခဲ့တဲ့ ဒိုင်ယာရီ ၇ တုန်းက ရေးခဲ့တဲ့ comment မှာ သာမန်လူငယ်လေးလို့ ရေးမိတာ အနူးအညွတ်တောင်ပန်ပါတယ်...
တစ်ကယ်တော့ လွန်ခဲ့ တဲ့ နှစ် ၂၀ ထဲ က သမိုင်းဝင် လူသားဖြစ်နေခဲ့ ပြီးသားဟာ ကို... တစ်ကယ် တောင်းပန်ပါတယ်.. နော်

tututha said...

စိတ်ဝင်စားစရာ အတွေ့အကြုံကို ဖတ်လို့ကောင်းအောင် ရေးထားလိုက်တာ။ လေးစားပါတယ်အစ်ကိုကြီးရေ။ ခေါင်းကိုက်မြန်မြန်ပျောက်ပြီး ၈ တွေ ၉ တွေ မြန်မြန် ရေး နိုင်ပါစေ

MyowinZaw said...

နွားသီချင်းဆိုပြတာလာဖတ်သွားတယ် နွားတွေကို အီကြာကွေးရော မကြွေးဘူးလား သိမှာမဟုတ်ပါဘူး မြက်ဘဲထင်ပြီး စမြုံပြန်နေကြမှာဘဲ

ဒူကဘာ said...

တလောကလုံး ... ဗြောင်းဆန်နေတာပဲ... စစ်ခွေးတွေကြောင့် ... ဗမာပြည်သူတွေ .. ဆင်းရဲနေရတာ ... တကယ်တော့ လုပ်ဇါတ် မဟုတ်ရပါဖူး ... နားလည်ပေးပါ .. ပရိတ်သတ်ကြီးရယ်...။ အဲလိုကော ကိုအောင်တို့ဥက္ကဋ္ဌ ဆက်မဆိုခဲ့ဖူးလား။

အောင်သာငယ် said...

ကောင်းကင်ကို - ညီမ ချိုသင်း ပြောသလိုဖြစ်မှာပါ။ ဘာများပြောနေပါလိမ့်ဆိုပြီး နားထောင်နေတာ ဖြစ်မှာ

မိုးချိုသင်း - ညှိလို့ကတော့ ရလမ်းရယ် ဘယ်မမြင်...ပေါ့ကွယ်

သစ်နက်ဆူး - စနိုက်ပါနဲ့တော့ ကစ်လို့ မရဘူးဗျ။ ညဖက်ကြီး ကောင်းကောင်း မမြင်ရဘူး။ ရုပ်ရှင်တွေထဲမှာသာ ညကြည့်မှန်ပြောင်းနဲ့ ပစ်တာ။ တကယ့်အပြင်မှာ အဲလောက် မလွယ်ဘူးဗျ။

မမ - ဘာမှတောင်းပန်နေစရာမလိုပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ က သာမန်လူငယ်လေးတယောက် ပါပဲ။
အခုတော့ သာမန် လူကြီးတယောက်ပေါ့ဗျား)

tututha - အင်း....ဆက်ရေးဖို့ ခေါင်းကိုက်အောင် ပြန်စဉ်းစားရဦးမယ်... နှစ်တွေက ကြာပြီဆိုတော့...

ကိုမျိုးဝင်းဇော် - အံမယ် မောင်ရင် မသိလို့ဗျ .. နွားတွေက သီချင်းသံသာ မသိတာ အမိန့်ပေးသံကိုတော့ သိမှသိပဲ ....း)

ဒူကဘာ - သူပြောတာတွေကတော့ အများကြီးပဲလေဗျာ အားလုံးကို မမှတ်မိတော့ဘူး

BLACK DREAM said...

သတိထားမိလို့ မေးချင်တာပြောစရာလေး တစ်ခုတော့ တွေ့တယ်...။ နောက်မှမေးတော့မယ်....။ သေချာတာကတော့ ပြီးခါနီးမှာ အူတက်နေအောင် ရယ်ရတယ်အစ်ကိုရေ :D