Oct 17, 2008

သူပုန်တယောက်ရဲ့ဒိုင်ယာရီ (၉)

နောက်နေ့မနက်တော့ ဆယ်နာရီကျော်မှပဲ ကျနော်တို့ နိုးပါတယ်။ နိုးတာနဲ့ ကျနော်တို့ နောက်တန်းမှာ ထမင်းထုပ် သွားသယ်ရင်းနဲ့ ရေသွားချိုးကြပါတယ်။ ယူနီဖောင်းကတော့ ပြောက်ကျားယူနီဖောင်း အပိုတစုံစီပဲ ပါကြတာဆိုတော့ ၀တ်ထားတဲ့ယူနီဖောင်းကို လျှော်ရမှာပါ။ မလျှော်လို့လည်း မဖြစ်တော့ဘူး။ စစ်ဘောင်းဘီက ရွှံ့တွေနဲ့ လူးပြီး နှစ်ရက် ကျော်လာတော့ မာတောင် ဂေါက်ဂက်ကြီး တောင် ဖြစ်နေပြီ။ ကျနော်တို့ ပြောနေတဲ့ လျှော်တယ်ဆိုတာကလည်း တကယ်တမ်းတော့ ယူနီဖောင်းကို ရေစွတ် ပြီးတော့ သောင်ရင်းမြစ် ဘေးက ကျောက်တုန်းတွေပေါ်မှာ ကိုင်ရိုက်ကြတာပါး) ဆပ်ပြာတွေ ဘာတွေ ဘယ်ပါလိမ့်မလဲ။ လူတိုက်ဖို့တောင် ဆပ်ပြာ မနည်း ရှာနေရတာ။ ယူနီဖောင်းအတွက်ကတော့ ဝေးစွ ပါပဲ။ ရေချိုး အ၀တ်လျှော်ပြီးသွားတော့ ထမင်းထုပ်တွေ သယ်ဖို့ နောက်တန်းက စားဖိုဆီ သွားရပါတယ်။ (အမှန်ကရေသွားချိုးချိန်မှာတောင် ကိုယ့်သေနတ်ကိုလည်း လွယ်ရပါသေးတယ်။ ရည်းစား ဓါတ်ပုံသာ ကိုယ်နဲ့မကွာ ဖြစ်လို့ ရချင်ရမယ်၊ ကိုယ့်သေနတ်ကတော့ ကိုယ်နဲ့ ကွာလို့ မရဘူး)

အဲဒီနေ့ကတော့ ဖလူးခံတပ်ထဲကို ကျနော်တို့ ရောက်တာ လေးရက်မြောက်တဲ့နေ့ပါ။ လေးရက်မြောက်ဆိုတော့ ပတ်ဝန်းကျင် အခြေအနေတွေ နည်းနည်း ပါးပါး သိနေပြီဆိုပါတော့လေ။ ထမင်းထုပ်သယ်ပြီး ပြန်တဲ့အခါ နောက်တန်းကနေ ထိပ်တိုက် ရောက်တဲ့အထိ လျှောက်မြောင်းတွေထဲက လျှောက်ရင် အကြာကြီး လျှောက်ရတယ်။ လျှောက်မြောင်းတွေကနေ မသွားပဲ ဖလူး အတွင်းထဲက သွားရင် လမ်းတိုပါတယ်။ ဒါမယ့် လက်နက်ကြီးတွေ ကျရင် ခိုဖို့ ကတုပ်ကျင်းတွေ လျှောက်မြောင်းတွေ မရှိပါဘူး။ အဆောက်အဦးတွေနဲ့ ကြခတ်ဝါးရုံတွေပဲ ရှိပါတယ်။ တခါတခါလည်း အဲအတွင်းလမ်းကနေ ကရင်ရဲဘော်တွေ ပြန်လာကြတာကိုလည်း တွေ့တွေ့နေရတော့ ဘာပဲဖြစ်ဖြစ် အဲလမ်းဟာ နောက်တန်းကနေ ထိပ်တိုက်ကို အတိုဆုံးလမ်းဆိုတာကိုတော့ ကျနော်တို့ သိနေကြပါတယ်။ တခါမှသာ မသွားဖူးကြတာပါ။ အဲနေ့ကတော့ ဘယ်သူက စသလဲတော့ မမှတ်မိဘူး - လျှောက်မြောင်းတွေက မသွားဘူးကွာ အတွင်းလမ်းကသွားမယ်- လို့ တယောက်ယောက်က စပြောပါတယ်။ ကျနော်ထင်တာကတော့ ဆေးမှူး ၀င်းတင့်ဟန်-ပဲ ဖြစ်မယ်။ ဒါမဲ့ သေချာတော့ မမှတ်မိတော့ဘူး။

ဘယ်သူကမှလည်း မငြင်း၊ ဘယ်သူကမှလည်း မထောက်ခံပဲ ကျနော်တို့ ၆ ယောက်လုံးထိပ်တိုက်ကို ဖလူးရဲ့ အတွင်းလမ်းထဲကနေ တက်လာခဲ့ပါတယ်။ နောက်တန်းစားဖိုက ထမင်းထုပ်တွေကို လက်နက်ကြီး ပစ်ကျင်းတွေနားကနေ ဖြတ်ပြီး သယ်လာခဲ့ပါတယ်။ နောက်တော့ လူသွားလမ်းတခုအတိုင်းကျနော်တို့ လျှောက်လာပါတယ်။ အဲမှာ အဆောက်အဦးတွေ အများကြီးပါပဲ။ ဘယ်ရော ညာရောမှာ အိမ်တွေ အဆောက်အဦးတွေ အများကြီးပါ။ အများစုကတော့ သွပ်မိုးထားပါတယ်။ ဒါမဲ့ အကောင်းပကတိရှိတဲ့ အဆောက်အဦးဆိုလို့ တခုမှ မရှိပါဘူး။ အားလုံးက အမိုးတွေမှာ နံရံတွေမှာ လက်နက်ကြီးတွေ ထိမှန်ပေါက်ကွဲ ဖောက်ထွင်းထားလို့ ပေါက်ပြဲ လန်ပြန်နေတဲ့ အိမ်တွေချည်းပါပဲ။ ကျောက်ပေါက်မာတွေနဲ့ လူတယောက်ရဲ့ မျက်နှာလိုပါပဲ။ အိမ်တိုင်း အဆောက်အဦးတိုင်းဟာ အတော့ကို အကျည်းတန်နေတာပါ။

အဲလိုနဲ့ တနေရာရောက်တော့ ကြွေအိုးအိမ်သာတွေ (ကျနော့် စိတ်ထင် လေးလုံးလောက် ရှိမယ်) ရှိတဲ့ အဆောက်အဦးတခုကို သွားတွေ့ ပါတယ်။ ရှေ့မှာလည်း အုတ်ရေကန်လေးတခု ရှိနေသေးတယ်။ ဒါနဲ့ ကျနော်က ကျနော့် ဘေးက ပါလာတဲ့ ရဲဘော် သန်းစိန်ကို - ဟေ့.. ငါ ကြုံတုန်း အိမ်သာ တက်လိုက်ဦးမယ်။ တယောက်တော့ နေခဲ့ကွာ - လို့ ပြောတော့ - ဟာ..ဗျာ... ခင်ဗျားကလည်း အရေးထဲ ... ဒီမှာ ရေချိုး အ၀တ်လျှော်ပြီးလို့ ဗိုက်ဆာရတဲ့ကြားထဲ၊ ကျုပ်တော့ မစောင့်ဘူး - လို့ ပြောတော့ - ဟ ... နင်ဗိုက်ဆာနေတာနဲ့ ငါလည်း အိမ်သာ တက်ချင်နေတာနဲ့ အတော်ပဲပေါ့ ဟ... ဟား..ဟား... - ကျနော်က သူ့ကို နောက်တော့ ရဲဘော်သန်းစိန်က မျက်နှာကြီး မဲ့ပြီး - ခင်ဗျားဗျာ....- ဆိုပြီး ဆက်ထွက်သွားပါတယ်။ ဆေးမှူး ၀င်းတင့်ဟန်ကတော့ - အကိုကြီး ကျနော်လည်း ၀ိတ်လျှော့ချင်နေတာ။ အခု အထူးတန်းရတာပေါ့။ ကျနော် အဖော်ရှိတယ် - လို့ ပြောပြီး အနားက ကြွေအိမ်သာရှိတဲ့ အခန်းတခုထဲ ၀င်သွားပါတော့တယ်။ ကျနော်လည်း အနားက အဲလို အခန်းတခုထဲဝင်ပြီး လျှော့ပေါ့ခြင်းအမှုကို ပြုရတာပေါ့လေ။

တခုပြောပြချင်တာက ကျနော်တို့တွေအတွက် ဒီဖလူးခံတပ်ထဲမှာ အဆင်မပြေ ဖြစ်နေတာက အပေါ့အလေးသွားရတဲ့ ကိစ္စပါပဲ။ တခါတခါ စားထား သောက်ထားတာတွေက တကယ့် အချိန်ကောင်း (လက်နက်ကြီးတွေ ဆက်တိုက်ကျလို့ အသက်တောင် ပြင်းပြင်း မရှူရဲတဲ့ အချိန်မျိုး) ကျမှ ဒုက္ခ ထပေးတတ်တော့ အတော့်ကို စိတ်ညစ်ဖို့ကောင်းတဲ့ ကိစ္စလည်း ဖြစ်နေတာကိုး။ အပေါ့သွားတာကတော့ သိပ် ကိစ္စ မရှိလှပေမယ့် ၊ အလေးကတော့ အတော့ကို လေးလံတဲ့ ပြသနာပါပဲ။ တူရွင်းတလက်ကို ကိုင်ပြီး လွတ်ရာ ကျွတ်ရာ တနေရာရာကို သွားရပါတယ်။ တောထဲကို သွားရတာပေါ့လေ။ သွားနေတုန်းများ - ထုံ-ထုံ-ထုံ ဆိုတဲ့ အသံ (မော်တာဆံတွေ ပြောင်းဝက ခုန်ထွက်လာတဲ့ အသံ)များ ကြားရရင် ဖင်တွန့်တယ်ဆိုတဲ့ စကားက အမှန်ပါပဲဗျာ။ ကိုယ့်ကိစ္စကို အမြန်ပြီး၊ ပြီးတဲ့ကိစ္စကိုလည်း ကိုင်လာတဲ့ တူရွင်းနဲ့ အမြန်ဖုံး။ အဲဒါတွေကို ဂျိမ်း-ဒုန်း-ဆိုတဲ့ အသံတွေ မကြားခင် ပြီးပြတ်အောင် လုပ်ရတာဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ အဲတော့ အဲလိုမျိုး အခြေအနေမှာ - ခုလို ကြွေဇလုံလေးကို တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တွေ့ရတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးတယောက်ကို လူ တယောက်မှ မရှိတဲ့ လမ်းကြားထဲ တွေ့ရသလိုပေါ့လေ။

အဲနောက်တော့ ကျနော်နဲ့ ဆေးမှူးဝင်းတင့်ဟန် နှစ်ယောက်ပဲ ကျန်ခဲ့ပါတော့တယ်။ ကိစ္စ ၀ိစ္စတွေပြီးတော့ ကျနော်လည်း ကျနော်နဲ့ နိုင်နိုင့်အတွက် ထမင်းထုပ်ကို ဆွဲ၊ ဆေးမှူး ၀င်းတင့်ဟန်လည်း သူနဲ့ ဆရာစိုးမြင့်အတွက် ထမင်းထုပ်ကိုဆွဲပြီး ဆက်ထွက် လာကြပါတယ်။ တနေရာရောက်တော့ ဘုရားကျောင်းတခု တွေ့ပါတယ်။ ထုံးစံအတိုင်းပါပဲ သေနတ်ဒဏ်ရာ လက်နက်ကြီး ဒဏ်ရာတွေနဲ့ မွစာကျဲနေတာပါပဲ။ အဲဘုရားကျောင်းကိုလည်း ကျော်လာပြီးရော နောက်ထပ် ဘာ အဆောက်အဦး တခုကိုမှ ထပ်မတွေ့ရတော့ပါဘူး။ နောက်ထပ်ကျနော်တို့ တွေ့ရတာကတော့ သဲဖြူဖြူနဲ့ မြေလမ်းကလေးတခုရယ် ဘေးဘယ်ညာက ကြခတ်ဝါးရုံတွေပါပဲ။

ဆေးမှူး ၀င်းတင့်ဟန်ကလည်း လူပုံကသာ ချာလီချက်ပလင်၊ စကားပြောလိုက်ရင်တော့ ဂန္တ၀င်တွေချည်းပဲဗျ။ သူက တကယ်တော့ အနုပညာသမား၊ ကဗျာတွေလည်း ရေးတယ်၊ စာတွေလည်း ရေးတယ်၊ ဗမာပြည်မှာ ရှိရှိသမျှ ဂီတ တူရိယာ ပစ္စည်း အားလုံးလောက် နီးနီးကိုလည်း တီးတတ်တယ်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်- အားလုံးပေါ့။ ကျနော် တကယ်ပြောနေတာပါ။ သူက Conductor လည်း လုပ်ခဲ့တယ် - လမ်းစဉ်လူငယ် ဘင်ခရာတီးဝိုင်းမှာ -း) တကယ်ပြောတာပါ။

အဲ အနုပညာသမားကြီးက ကျနော့်ကို ဘာပြောသလဲဆိုတော့ - အကိုရာ အခုလို သဲဖြူဖြူနုနုနဲ့ မြေလမ်းလေးတခုမှာ ဘေးက ကြခတ်ဝါးရုံလေးတွေကလည်း ရှိနေတာဆိုတော့ ကျနော့် ကောင်မလေးနဲ့သာ ကျနော် အတူတူ လျှောက်နေရရင် ဘာဖြစ်မယ် ထင်သလဲ - လို့ မေးပါတယ်။ ကျနော်လည်း - အင်း.... ငါထင်တာကတော့ ကောင်မလေးက မင်းကို ပါးရိုက်မှာပဲ... အဟီး.... - လို့ နောက်ပြောမိတုန်း

အဲလို ပြောနေတုန်းမှာပဲ -ထုံ-ထုံ-ဆိုပြီး အသံ နှစ် ချက် ကြားလိုက်ရပါတယ်။ - ဟ..ဟ... မော်တာသံထင်တယ် - ကျနော်က ၀င်းတင့်ဟန်ကို ပြောနေတုန်းမှာပဲ နောက်ထပ် -ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံ သုံးသံကိုလည်း ထပ်ကြားလိုက်ရပါသေးတယ်။ ဒါနဲ့ သင်တန်းမှာ လေ့လာဆည်းပူးထားတာတွေရော လက်တွေ့ အတွေ့အကြုံတွေရော အားလုံးပေါင်းပြီး ထောင့်တစ် ထောင့်နှစ် စသည်ဖြင့် စက္ကန့်တွေကို ရေတွက်ရင်း မော်တာဆံ ကျကွဲမယ့် အချိန်ကို ရေနေမိပါတယ်။ နောက်တော့ ကျနော်တို့ရဲ့ ဘယ်ဘက်ခြမ်း တော်တော် လှမ်းလှမ်းမှာ ဂျိမ်း-ဂျိမ်း-ဆိုပြီး မော်တာ ကျည် နှစ်လုံး ကျကွဲသွားတာကို ကြားလိုက်ရပါတယ်။ - ဟေ့ကောင်ရေ့ နောက် သုံးလုံး ကျန်သေးတယ် ဟ ... ပြေးမှ ဖြစ်မယ် ထင်တယ် - ကျနော်က သူ့ကို ပြောရင်း စပြေးတော့တာပါပဲ။ သူလည်း နောက်ကလိုက်ပြေးရင်း ကျနော့်ကို ကျော် တက်သွားလေရဲ့။ (တော်တော် အပြေးမြန်တဲ့ကောင်ဗျး)

အဲမှာပဲ ကျနော်တို့ ရှေ့ အတော်လှမ်းလှမ်းမှာ - ဂျိမ်း-ဂျိမ်း-ဂျိမ်း-ဆိုပြီး ကျကွဲတဲ့အသံတွေ ကြားလိုက်ရပါတယ်။ တဆက်တည်းမှာပဲ နောက်ထပ် -ထုံ-ထုံ-ထုံ-ထုံ-ဆိုတဲ့ အသံ လေးသံကို ထပ်ကြားရတာပါပဲ။ ကျနော်ထင်တာကတော့ တခါတရံမှာ ရန်သူက အိုပီ (Observation Post) ကပေးတဲ့ ညွှန်းရပ် (Six Digit Grid Direction) တွေနဲ့ မြေပုံအတိုင်း ပုံသေပစ်ကွက် (Fixed Target) ကို စမ်းသပ် ပစ်ခတ်နေတာလို့တော့ ထင်ပါတယ်။ အဲဒါမျိုးက နေ့ခင်း မြင်ရတဲ့ အချိန်မျိုးမှာ လုပ်ရတာကိုး။

ဘာပဲဖြစ်ဖြစ် ကျိန်းသေနေတာကတော့ ကျနော်နဲ့ ဆေးမှူးဝင်းတင့်ဟန်ကတော့ ပစ်ကွင်း (Target Range) ထဲ ရောက်နေတာပါပဲ။ ပထမ နှစ်လုံးက ဘယ်ဘက်ခြမ်းမှာ ကျကွဲတယ်။ ဒုတိယ သုံးလုံးက ကျနော်တို့ အရှေ့ဖက်ကို ကျကွဲတယ်ဆိုတော့ နောက်ထပ် လေးလုံးက ဘယ်ကို ကျမှာလဲ။ ကျနော်တို့ နှစ်ယောက် ရှေ့ကို ပြေးနေတုန်းမှာပဲ - ရှပ်-ရှပ်-ရှပ်-ရှပ်- ဆိုတဲ့ အသံကို ထပ်ပြီး ကြားလိုက် ရပါတယ်။ အဓိပ္ပါယ်ကတော့ မော်တာဆံက ကျနော်တို့ ခေါင်းပေါ်က ကျော်သွားလို့ပါ။ မော်တာဆံနောက်က အမြီးပိုင်းကို လေတိုး သွားတဲ့အသံပါ။ အဲနောက်တော့ -ဂျိမ်း-ဂျိမ်း-ဆိုတဲ့ အသံနှစ်သံအပြင် - ရွှပ်......ဆိုတဲ့ အသံအရှည်ကြီး တခုကိုလည်း ကြားလိုက်ရပါတယ်။ အသိထဲမှာတော့ အနားမှာ မော်တာဆံကျကွဲပြီဆိုတာ သိလိုက်ပါတယ် အဲဒါနဲ့ တဆက်တည်း ကျနော်လည်း တွေ့ရာနေရာမှာ ဒိုင်ဗင်ထိုး ၀ပ်ချလိုက်တာပါပဲ။ ကျနော့် အရှေ့မှာက ၀င်းတင့်ဟန်ဆိုတော့ သူ့ကို ကျနော်က မြင်နေရတာကိုး။ သူလည်း ၀ပ်ချလိုက်တာပါပဲ။ သူ့ရှေ့တနေရာမှာ ဖုန်တွေ ထောင်းထောင်းထသွားတယ်။

ကျနော်လည်း ပြားနေရာကနေ ရှေ့ကို ကြည့်လိုက်တယ်။ ၀င်းတင့်ဟန်လည်း ပြားနေတုန်းပဲ။ ဒါမဲ့ နောက်ထပ်လည်း ဘာသံမှ ထပ်မကြားရဘူး။ ကျနော် ကုန်းထလိုက်တယ်။ ၀င်းတင့်ဟန်လည်း ကျနော့်လိုပဲ ကုန်းထလာတယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက် ရှေ့က လမ်းကို ကြည့်မိတော့ မော်တာဆံ မြေကြီးထဲဝင်သွားတဲ့ အရာကို တွေ့နေရတယ်။ အဲ မော်တာဆံက မကွဲဘူးလေ။ မကွဲလို့ မြေကြီးထဲ ထိုးဝင်သွားတာ။ မကွဲလို့လည်း ရွှပ်...ဆိုတဲ့ အသံကြီးကို ကျနော်တို့ နှစ်ယောက် ကြားခဲ့ရတာပေါ့။ ကွဲခဲ့ရင် ကျနော်တို့ နှစ်ယောက်လုံး ဂန့်ပြီပေါ့။ ကြည့်ရတာ ၈၁ မမ (၃ လက်မ မော်တာ) ဖြစ်ပုံရပါတယ်။ ပြီးတော့ ကျနော်တို့ နှစ်ယောက် တယောက်ကိုတယောက် နားလည်တဲ့အကြည့်နဲ့ ကြည့်ပြီး ထိပ်တိုက်ရောက်အောင် အသားကုန် ပြေးခဲ့ရတော့တာပေါ့ဗျား။

အဲနောက်မှာတော့ ထမင်းထုပ်သွားယူတိုင်း လျှောက်မြောင်းများကပဲ ကျနော်တို့ လျှောက်ခဲ့ပါကြောင်း။ (ဘာလို့ဆို အမေ့ကို ကျနော် ပြန်တွေ့ချင်သေးတယ်လေ)

(ဆက်လက်ဖော်ပြပါမည်)

10 comments:

ခင်မင်းဇော် said...

အဲဒီဝင်းတင့်ဟန်ဆိုတာ ခုအေဘီမှာ ရှိနေသေးတဲ့ တယောက်မဟုတ်လား။ သူ အလယ်ပိုင်းတုန်းကလဲ ပါလာသေးတယ်။ မျက်မှန်နဲ့ ပိန်ပိန်လေ ။ အဲဒီတယောက်ပဲလား။

MaMa said...

ခုလို ကြွေဇလုံလေးကို တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တွေ့ရတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးတယောက်ကို လူ တယောက်မှ မရှိတဲ့ လမ်းကြားထဲ တွေ့ရသလိုပေါ့လေ။

ဟွန်း... ဥပမာကလဲ.. မနိပ်လိုက်တာ
အဲဒါ Gender Violence နော်.. သတိထားဦး...

အမေကို ရော တစ်ကယ် ပြန်တွေ့ခွင့် ရခဲ့ရဲ့လား...။

tututha said...

အမယ်လေး မသေလို့ ဖတ်ရတာပါလား ကလူ .. ကလူ ..

ကြွေဇလုံလေးတွေ့တဲ့နေရာကတော့ ရေလည်မိုက်တယ် အကိုကြီးရေ ... စကားမစပ် ခေါင်းကိုက်ပျောက်သွားပြီလား ... ၁၀ ကို မျှော်နေမယ်နော် :)

အောင်သာငယ် said...

မခင်မင်းဇော် - ဟုတ်ပါ့ဗျား အဲတယောက်ပေါ့ ခုထက်ထိလည်း ဆေးကုနေတုန်းပါ့

မမ - ရီစရာပြောတာပါဗျာ။ နောက်တခါ ဆင်ခြင်ပါ့မယ်။ သတိပေးတာ ကျေးဇူးပါ။
အမေကတော့ သွားနှင့် ပြီလေဗျာ။ ထွက်လာကတည်းက တခါမှ ပြန်မတွေ့ခဲ့ရပါဘူး။

tututha - ဟုတ်ပါ့ဗျား မသေကောင်းမပျောက်ကောင်း။ ခုပြန်တွေးမိရင်တောင် ရင်တုန်တယ်း)

MaMa said...

အော် အမေ့ ကို မတွေ့ခဲ့ရဘူး ပဲ ကို..
ဆောရီး နော်...
တစ်ကယ် စိတ်မကောင်းပါဘူး...

အဲဒီအတွက် တရားခံ တွေ..
တစ်နေ့ သူတို့ ကောင်းကောင်းပေးဆပ်ရမှာ ပါ...

MyowinZaw said...

ကြွေဇလုံခန်းထဲဝင်သွားတုန်း ထုံထုံလို့မကြားလိုက်တာ ကံကောင်းတာ အဲလိုဆို အစ်ကိုကြီးကိုအောင်သာငယ် ဟတ်ကော့ကြီးဖြစ်မှာ မြင်ယောင်တယ်

ဒူကဘာ said...

အဝေးက သားများကတော့ အမေကို တွေ့နိုင်ခွင့် မရှိတာလောက် ရင်မချိတာ ဘာရှိမလဲဗျာ...ထပ်တူ ခံစားရပါတယ်။ လေးစားပါတယ် ရဲဘော်ကြီး ခင်ဗျား.... မှတ်ကျောက်တွေပေါ့ ... မဟုတ်လား?

Moe Cho Thinn said...

ကွန်မန့်မှာတော့ မရေးတော့ပါဘူး။ rate 5 ပဲ ပေးခဲ့ပါတယ်။

BLACK DREAM said...

(အမှန်ကရေသွားချိုးချိန်မှာတောင် ကိုယ့်သေနတ်ကိုလည်း လွယ်ရပါသေးတယ်။ ရည်းစား ဓါတ်ပုံသာ ကိုယ်နဲ့မကွာ ဖြစ်လို့ ရချင်ရမယ်၊ ကိုယ့်သေနတ်ကတော့ ကိုယ်နဲ့ ကွာလို့ မရဘူး)

ဟုတ်ပါ့အစ်ကိုရာ...အစစ်ပေါ့။ ခက်တာက အဲ့ဒီတုန်းက အိပ်ထဲထည့်ထားစရာ ဓာတ်ပုံကိုမရှိတာ :D

အောင်သာငယ် said...

Ma Ma - တခုခုကိုလိုချင်တော့ တခုခုကို စွန့်လွှတ်ရတာမျိုးပေါ့နော။
Mပo Win Zaw - မောင်ရင်က အဲလိုပဲ ဟတ်ကော့တွေ တွေးနေပုံရတယ်
ဒူကဘာ - ရင်ဘတ်ချင်းတူလို့ ပိုခင်တယ်ဗျာ...း)
Moe Cho Thinn - ညီမရေ အမြဲ 5 ပေးဗျား။ မုန့်ဝယ်ကြွေးပါ့မယ်း)
Black Dream - ခုတော့ ဓါတ်ပုံတွေ အများကြီး ရှိနေပြီ မဟုတ်လား... သိနေတယ်နော...