Oct 30, 2008

အလံတလက်နဲ့ပန်းပွင့်တွေ



















သည်မှာ ဒေါန...
သူ့ကျောမှာ သယ်လာသမျှ
ပန်းရိုင်းချည်းပါ့လေ...
သမိုင်းကို ခါးကျိုးကျမတတ်
တ၀ ထမ်းပိုးခဲ့ပေတယ်...

သူနဲ့အတူ
သွေးညှီနံ့ ထူထူပြစ်ပြစ်
ကြယ်နီစစ်စစ်တွေကို
မြိုမြိုချထားခဲ့ရတဲ့ မြွေဟာ
သည်မှာပေါ့ ...
သောင်ရင်းလေ...

အဲသည် နဒီဟာ
ဒဏ်ရာတွေ ရခဲ့သမှ အတုံးအရုံး...
သို့သော်လည်း အရှုံးကို ဖတ်စာမလုပ်ခဲ့...
နေ၀န်းနီနီနဲ့
အရှေ့ဆီက အလင်းရောင်
သူ သယ်ဆောင်ထားနေတုန်း...

ဒီလိုနဲ့
နိုဝင်ဘာနှင်းတွေမှုန်တဲ့
ရင်ခုန် စိတ်စော ဆောင်းတရက်...
နှလုံးသားချင်း ကိုင်းဆက်ကူးလူး
အိပ်မက်တစုံစီ ပုံတူကူးပြီးတဲ့အခါ....
ဒေါနနဲ့ သောင်ရင်း ရင်ငွေ့မှာ
ပန်းတပွင့် တွေ့လိုက်တယ်...

ကောင်းကင် အသစ်တခု
ပြက္ခဒိန်ပေါ်မှာ ထုဆစ်ဖို့...
ပန်းပေါင်းတို့စုံရာမြေ
'သေဘောဘိုး'မှာ
ပန်းတပွင့် ပွင့်တယ်၊
ပန်းတခြင်း ပွင့်တယ်၊
ပန်းတခင်း ပွင့်တယ်။
ပန်းပင်လယ်ကြီး ပွင့်တယ်။
အလံတလက်ကို အတူတူ လွှင့်လို့ ....

သင်တို့ ယုံကြည်လိုက်ပါ....
သည်အလံဟာ
မောင်းပြန်ကို တိုက်ခဲ့...
ဒေါင်းအလံကို စိုက်ခဲ့...
သန်းခေါင်ယံကို ရိုက်ခွဲခဲ့...
တိုက်ပွဲဝင်တဲ့ အလံလေ.....

သည်အလံအောက်မှာပဲ
ပန်းတချို့ ကြွေခဲ့တယ်၊
ပန်းတချို့ ဝေခဲ့တယ်၊
ပန်းတချို့ စွင့်ခဲ့တယ်၊
ပန်းတချို့ လွင့်ခဲ့တယ်၊
ပန်းတချို့ မွှေးခဲ့တယ်၊
ပန်းတချို့ ဝေးခဲ့တယ်၊
ပန်းတချို့ ပျောက်ခဲ့တယ်၊
ပန်းတချို့ ခြောက်ခဲ့တယ်၊
သည်အလံအောက်မှာပဲ
ပန်းတွေ ပွင့်နေဆဲပါ့...

အနှစ် နှစ်ဆယ်တိုင်တိုင်
သည်အလံကို ကိုင်စွဲရင်း
အလင်းကို တူးထုတ်နေတဲ့ ပန်းတွေ
ငါ ဦးညွတ်လိုက်ပါပေရဲ့.....

မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မ.က.ဒ.တ. ဖွဲ့စည်းသည့်
အနှစ် နှစ်ဆယ်ပြည့် နိုဝင်ဘာ ၁ ရက်နေ့ အခါသမယအတွက် ဂုဏ်ယူခြင်းနှင့်အတူ
မ.က.ဒ.တ. အလံတော်အား ယနေ့တိုင်ကိုင်စွဲကာ
စစ်အာဏာရှင် စနစ်အား တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်သော မ.က.ဒ.တ ရဲဘော်များအား
လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။

(အောင်သာငယ်)

9 comments:

MaMa said...

လှ လိုက်တဲ့ကဗျာ..
.............
တော်လှန်ရေးကို..
ငြိမ်းချမ်းရေး နိမိတ်ပုံတွေနဲ့ ..
ချယ်မှုန်းတဲ့ အတတ်ပညာ...
အတုယူချင်လိုက် တာ...

ပြီးတော့......
အသက်ဝင်နေဆဲ...
ဒေါန..
သောင်ရင်း..
သွေးညှီနံ့..
ဒေါင်းအလံ..
ပွင့်လန်းနေဆဲ ပန်းပွင့်များ..
..................
အမှားအမှန် ကို ခွဲခြားနိုင်စွမ်း ရှိတဲ့..
နိုင်ငံကိုချစ်တဲ့ ကျောင်သားတွေရဲ့ ..
ယုံကြည်ချက်ဟာ... အနှစ် ၂၀ ပေမဲ့...
ခိုင်မြဲနေခဲ့တာ...
...
ထပ်တူ ဦးညွတ်လိုက်ပါတယ်...

ကောင်းကင်ကို said...

အလေးလာပြု သွားပါတယ်ဗျာ။

ffd said...

ကျွန်တော်လည်း ဦးညွတ်အလေးပြုပါတယ်။

mirror said...

ဒေါနနဲ့ သောင်းရင်းရင်ငွေ့မှာ ပွင့်ခဲ့တဲ့ပန်းတွေ......
ဒေါနနဲ့ သောင်းရင်းရင်ငွေ့မှာ လွှင့်ခဲ့တဲ့အလံ....
သိပ်ကိုလှတဲ့ ကဗျာပေါ့ အစ်ကိုကြီးရေ..


ကြွေခဲ့တဲ့ပန်းများ
ဝေခဲ့တဲ့ပန်းများ
စွင့်ခဲ့တဲ့ပန်းများ၊လွင့်ခဲ့တဲ့ပန်းများ
မွှေးခဲ့တဲ့ပန်းများ
ပျောက်ခဲ့၊ချောက်ခဲ့တဲ့ပန်းများ
ပွင့်နေဆဲပန်းများ.......အားလုံးကိုလေးစားပါတယ်..ဦးညွှတ်ပါတယ်

tharrhtoo said...

သည်မှာ ဒေါန...
သူ့ကျောမှာ သယ်လာသမျှ
ပန်းရိုင်းချည်းပါ့လေ...
သမိုင်းကို ခါးကျိုးကျမတတ်
တ၀ ထမ်းပိုးခဲ့ပေတယ်...

လှလိုက်တဲ့ ပါဒလေး ဟုတ်ပါတယ်အကို
ခါးကျိုးမတက် ကျောမှာ တ၀ကြီး
ထမ်းပိုးခဲ့/နေဆဲပါပဲ အကိုရယ်

ကိုအောင်(ပျူနိုင်ငံ) said...

အကိုကြီးရေ ကဗျာလေးက ကောင်းလိုက်တာဗျာ
လေးစားလျက်ပါ။

tututha said...

အကိုကြီးရေ
ကောင်းလိုက်တာ ဆိုတာကလွဲရင် မပြောတတ်လို့ ခွင့်လွှတ်ပါ။

Anonymous said...

သည်အလံအောက်မှာပဲ
ပန်းတချို့ ကြွေခဲ့တယ်၊
ပန်းတချို့ ဝေခဲ့တယ်၊
ပန်းတချို့ စွင့်ခဲ့တယ်၊
ပန်းတချို့ လွင့်ခဲ့တယ်၊
ပန်းတချို့ မွှေးခဲ့တယ်၊
ပန်းတချို့ ဝေးခဲ့တယ်၊
ပန်းတချို့ ပျောက်ခဲ့တယ်၊
ပန်းတချို့ ခြောက်ခဲ့တယ်၊
သည်အလံအောက်မှာပဲ
ပန်းတွေ ပွင့်နေဆဲပါ့...

အနှစ် နှစ်ဆယ်တိုင်တိုင်
သည်အလံကို ကိုင်စွဲရင်း
အလင်းကို တူးထုတ်နေတဲ့ ပန်းတွေ
ငါ ဦးညွတ်လိုက်ပါပေရဲ့.....

Nyein Chan Aung

အောင်သာငယ် said...

မမ၊ ကောင်းကင်ကို၊ ffd၊ mirror သားထူး၊ ကိုအောင်၊ တူးတူးသာ။ ငြိမ်းချမ်းအောင် - လာလည် ဖတ်ရှု အလေးပြု သွားတာ ကျေးဇူးပါ။